“ဝဋ်မှာအမြဲ”

“ဝဋ်မှာအမြဲ”

“မိန်းမရေ့..မိန်းမ” ဇနီးဖြစ်သူကိုတကြော်ကြော်ခေါ်ရင်းအိမ်ပေါ်သို့တက် လာသောကိုနိုင်အောင်ပုံစံကယိုင်တိုင်တိုင်။လက်ထဲမှာလည်းအရက်ပုလင်းတစ်လုံးကိုကိုင်ထားသေးသည်။မနီမာအိမ်ထဲမှပြေးထွက်လာသည်။ “ဪ.အစ်ကို.ဒီနေ့နောက်ကျတယ်နော်.ည၈နာရီတောင်ထိုးနေပြီ” “ဟုတ်တယ်ကွာ.နောက်ဆုံးအခေါက်ပို့ရတာနည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိတွေရောထမင်းစားပြီးကြပြီလား.” “အစ်ကိုပြန်လာနိုး.ပြန်လာနိုးနဲ့နီမာတို့သားအမိတတွေစောင့်နေကြသေးတယ်.နောက်ဆုံးသားတွေဗိုက်ဆာလို့မစောင့်နိုင်တာနဲ့ကျွေးလိုက်ရတယ်.နီမာလည်းသားတွေကိုကျွေးရင်းနဲ့တခါတည်းစားလိုက်တယ်” “ကဲ.ထားတော့အိမ်မှာအခုဘာဟင်းကျန်သေးလဲငါဒီနေ့အရက်သောက်ချင်လို့အမြည်းလုပ်ပေးအုံး.နေ့လည်ကကြက်သားကြော်ကျန်သေးတယ်.မဟုတ်လား.အဲဒါယူလာခဲ့” အိမ်ထဲသို့ဝင်ကာမနီမာယူလာပေးသောကြက်သားကြော်ပန်းကန်ကိုကြည့်ကာကိုနိုင်အောင်မျက်ခုံးတွန့်သွားရသည်။

“ဟာ.ကြက်သားက ဒါပဲလားကွ.မနက်ကစျေးသွားပြီးမင်းဝယ်လာတာအများကြီးပါ.ငါတွေ့လိုက်ပါတယ်” “ဟို.အမေ့အတွက်အားရှိအောင်ကြက်သားစွပ်ပြုတ်လေးလုပ်ပေးလိုက်တာပါအစ်ကို.အမေဖျားနေတာနှစ်ရက်ရှိပြီလေ” “ဘာမှမစားချင်.မသောက်ချင်ဖြစ်နေတာနဲ့အားရှိအောင်ဆိုပြီးနီမာလုပ်ပေးလိုက်တာပါ” “နီမာနဲ့သားတွေတောင်ကြက်ဥကြော်.ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငပိရည်တို့စရာပဲစားကြတာပါ.ကြက်သားကအမေနဲ့အစ်ကို့အတွက်ပဲ” မနီမာစကားတောင်ဆုံးအောင်မပြောလိုက်ရသေးကို နိုင်အောင်ဒေါသချောင်းချောင်းထွက်လေပြီ။ “တော်စမ်းပါကွာ.ထစ်ကနဲရှိအမေ.အမေနဲ့ဒီမှာဒီအိမ်မှာငါကအိမ်ထောင်ဦးစီး.အိမ်ဦးနတ်ကွ.မင်းအမေကအရေးကြီးသလား.ငါကအရေးကြီးသလား” “တနေကုန်အပြင်ထွက်ပြီးတအိမ်လုံးအတွက်အလုပ်လုပ်နေရတာပင်ပန်းတယ်ကွ” “တခါတလေအမြည်းကောင်းကောင်းဖွယ်ဖွယ်ရာရာလေးနဲ့အရက်ကလေးများအားရပါးရဇိမ်ရှိရှိသောက်ရမလားအောက်မေ့ပါတယ်.ဒီကြက်သားလောက်နဲ့ဘာလုပ်ရမှာလဲ..ကဲကွာ..သွား..တောက်..ထွီး” “ခွမ်း..ချလွမ်း” ကိုနိုင်အောင်ကကြက်သားကြော်ပန်းကန်ကိုကိုင်ကာနံရံကိုပစ်ပေါက်လိုက်သည်။ ကြက်သားကြော်တွေနဲ့ပန်းကန်အကွဲစများကကြမ်းပြင်ပေါ်မှာဖရိုဖရဲ။

မြင်မကောင်း၊ရှုမကောင်း။ “ငါကြည့်နေတာကြာပြီနော်.မပြောချင်လို့.တဆိတ်ရှိဟင်းကောင်းချက်ရင်မင်းအမေအတွက်ချည်းပဲ.အလုပ်မရှိအကိုင်မရှိပဲ.သူများအိမ်ပေါ်လည်နေသေး” “အခန့်သားထိုင်ပြီးတထီးတနန်းနဲ့ခယပူဇော်ခံပြီးပွဲတော် တည်လို့ရမလား.တကယ့်အပြင်မှာပင်ပင်ပန်းပန်းနဲ့ငွေရှာရတာက ငါကွ.ငါ..တောက်” “ရှင်နော်.တိုးတိုး.ပြောစမ်းပါ.အမေကြားသွားရင်စိတ်မကောင်းဖြစ်နေအုံးမယ်.အမေကနေလို့လည်းကောင်းတာမဟုတ်ဘူး.ပြီးတော့ဘေးလူတွေကြားသွားရင်လည်းမကောင်းဘူး” “ကြားကြားကွာ.ပြောတော့ဘာဖြစ်သလဲ..တဆိတ်ရှိမင်းအမေဘက်ကချည်းကာဆီးကာဆီးနဲ့မင်းလည်းကြပ်ကြပ်သတိထား..တောက်” ကိုနိုင်အောင်က​တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက် သည်။ ထို့နောက်အရက်ပုလင်းကိုလက်မှာကိုင်ပြီးဒေါသဖြစ်ဖြစ်ခြေသံပြင်းပြင်းဖြင့်အိမ်ပေါ်မှဆင်းသွားလေသည်။

********************************************* အပြင်မှဆူဆူညံညံအသံတွေကြောင့်သမီးဖြစ်သူမနီမာစောစောကလာချပေးထားသောကြက်သားစွပ်ပြုတ်ပန်းကန်ကိုကိုင်ကာသောက်ရန်ဟန်ပြင်နေသောဒေါ်ထားမေလက်များရပ်တန့်သွားရသည်။လက်ကဇွန်းကိုကိုင်ထားရင်းဆတ်ဆတ်တုန်လာသည်။ အပြင်မှသမက်ဖြစ်သူရဲ့မကျေမနပ်ပြောဆိုနေသံများကိုမိမိအတိုင်းသားကြားနေရသည်။သူ့မျက်ဝန်းမှမျက် ရည်များရစ်ဝိုင်းလာရသည်။ သူ့ပါးပြင်မှမျက်ရည်တစ်စက်ဖျာပေါ်သို့ပေါက်ကနဲကျသွားသည်ကိုပင်သူသတိမထားမိ။သူ့အတွေးများကဟိုးလွန်ခဲ့သောအတိတ်ကာလဖြစ်ရပ်တစ်ခုဆီသို့… “ထားမေရေ့..ထားမေ” “ဪ.ကိုထွန်းပြန်လာပြီလား.ကိုထွန်းဒီနေ့နောက်ကျတယ်နော်.ထားမေဖြင့်စိတ်ပူလိုက်ရတာ” “အေးကွာ.အလုပ်ကမပြီးပြတ်သေးတာနဲ့လက်စသတ်နေရတာ.နည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိ.ထမင်းရောစားပြီးကြပြီလား..အဖေရော” “အားလုံးစားပြီးကြပြီ.ကိုထွန်း..ကိုထွန်းနောက်ကျနေတာနဲ့သမီးလေးဗိုက်ဆာတယ်ဆိုလို့စောစောကပဲကျွေးလိုက်ရတာ.ထားမေလည်းသမီးနဲ့အတူစားလိုက်တယ် အဖေလည်း.စားပြီးပြီ” “အေးပါကွာ.ရပါတယ်.ကဲ.ကိုထွန်းရေချိုးလိုက်အုံးမယ်.ပြီးရင်.ထမင်းစားမယ်..ထမင်းပွဲအဆင်သင့်ပြင်ထားလိုက်..မိန်းမ” “ဟုတ်ကဲ့.ကိုထွန်း” ********************************************** ဦးထွန်းမောင်ကထမင်းစားပွဲပေါ်ရှိဇနီးဖြစ်သူဒေါ်ထားမေပြင်ဆင်ပေးထားသောဟင်းခွက်များကိုကြည့်ရင်းအံ့ဩနေသည်။ ကြက်သားကင်၊ကန်စွန်းရွက်ကြော်၊ချဉ်ပေါင်ရွက်ဟင်းချို၊ငပိရည်နဲ့တို့စရာ။

ဇနီးဖြစ်သူဒေါ်ထားမေကိုမျက်မှောင်တွန့်ကာလှမ်းကြည့်လိုက်ရင်း…. “ထားမေ.မနက်ကကိုယ်ဝယ်လာတဲ့ကြက်သားကအဖေ့ကိုချက်မကျွေးဘူးလား..ကြက်စွပ်ပြုတ်လုပ်ပြီးအဖေ့ကိုကျွေးပါလို့ကိုယ်မှာထားခဲ့တာလေ” “အဖေမနေ့ကပဲဝမ်းတွေပျက်လို့ဆေးခန်းသွားထားရတာ.အဖေအားမရှိလို့အားရှိအောင်ဆိုပြီးကြက်သားကင်လေးနဲ့ကြက်သားစွပ်ပြုတ်လေးလုပ်ကျွေးဖို့.ကိုမှာထားခဲ့တာလေ.အဲဒါမင်းမကျွေးဘူးလား” “ဟို.အဖေက.မစားချင်ဘူး.ညှီတယ်ဆိုလို့.ငါးနီတူးခြောက်ကြော်လေးနဲ့ပဲကျွေးလိုက်ရတာ” တကယ်တော့ဒေါ်ထားမေလိမ်လိုက်ခြင်းပါ။မနက်ကဦးထွန်းမောင်ဝယ်လာခဲ့တဲ့ကြက်သားကိုယောက္ခမဖြစ်သူဦးထွန်းကြိုင်ကိုစွပ်ပြုတ်လုပ်ပြီးကျွေးဖို့အစီအစဉ်မရှိခဲ့ပါ။ “အဖေ.ကြက်သားစွပ်ပြုတ်လုပ်ပေးရမလား..အဖေဘယ်လိုပုံစံကြိုက်သလဲ.သမီးဘယ်လိုလုပ်ပေးရလဲ”လို့တစ်ခွန်းမှလည်းမမေး။အသိလည်းမပေးခဲ့ပါ။

ခင်ပွန်းဖြစ်သူကတော့မနက်စောစောစျေးသွားကြက်သားဝယ်ပြီးသူ့အဖေ့အတွက်စွပ်ပြုတ်လုပ်ပြီးကျွေးဖို့အတန်တန်မှာခဲ့ရှာပါသည်။ သို့သော်မိမိကတော့ထိုကြက်သားကိုတဝက်ကြော်၊တဝက်ကင်ပြီးခင်ပွန်းဖြစ်သူနဲ့မိမိတို့သားအမိအတွက်စားရန်သာစီစဉ်ခဲ့လေသည်။ မိမိတို့သားအမိကတော့ကြက်သားကြော်ဝင်းဝင်းအိအိကလေးနှင့်စောစောကပဲအားရပါးရစားလို့ပြီးခဲ့ပြီ။နေမကောင်းဖြစ်ပြီးအားပြတ်နေသည့်လူမမာသည်ယောက္ခမကြီးအတွက်မပါခဲ့ပါ။ထည့်ပြီးမစဉ်းစားပေးခဲ့ပါ။ “မင်းကလည်းကွာ..အဖေမစားချင်လည်းစားချင်အောင် မရမကချော့မော့ကျွေးမှာပေါ့ကွ..ငါအတန်တန်မှာထားရဲ့သားနဲ့..” “လူငယ်တွေကဘာနဲ့စားစား.စားလို့ရတယ်.အဆင်ပြေတယ်.လူကြီးတွေက.ပိုပြီးအရေးကြီးတာလေ” “ပြီးတော့အဖေကအခုအချိန်ကျန်းမာရေးမကောင်းတဲ့သူ.ပိုပြီးဂရုစိုက်ပေးရမဲ့အချိန်.အဖေ့မှာအားကိုးစရာသသားသမီးဆိုလို့ပြေးကြည့်မှငါတစ်ယောက်ပဲရှိတာ.တ ခြားအားကိုးစရာသားသမီးလည်းမရှိရှာဘူး. “ငါကလည်းအိမ်မှာအချိန်ပြည့်မရှိနိုင်ဘူး.ဝမ်းရေးအတွက်အပြင်ထွက်ပြီးအလုပ်လုပ်နေရတယ်.ဒီတော့အိမ်မှာရှိတဲ့မင်းကိုပဲအားကိုးရမှာ” “အဖေ့ကိုအိမ်မှာကိုယ်မရှိတုန်းဂရုစိုက်ပေးစမ်းပါထားမေရာ.မနေ့ကတည်းကအဖေဝမ်းလျောပြီးအားပြတ်နေတာ.အားရှိဖို့လိုတယ်လေ..” “မဖြစ်သေးပါဘူး..အဖေ့ကိုငါကိုယ်တိုင်ကျွေးမှာပဲရမယ်.ဒီအတိုင်းဘာမှမစားမသောက်ပဲနေရင်တော့အဖေနလန်ထူနိုင်မှာမဟုတ်ဘူး.အဖေ့ကိုဂရုတစိုက်ကျွေးမှရမယ်” “သမီရေ့..နီမာ” “ရှင်.အဖေ” “လာအုံး.အဖေ့ဆီကို” “ဟုတ်ကဲ့.အဖေ” အိပ်ခန်းထဲမှအသက်၁၀နှစ်အရွယ်သမီးဖြစ်သူနီမာကပြေးထွက်လာသည်။ဦးထွန်းမောင်ကအင်္ကျီအိပ်ထဲမှပိုက်ဆံတချို့ကိုထုတ်ယူလိုက်သည်။

ထို့နောက်နီမာလက်ထဲသို့ထည့်ပေးလိုက်ရင်း “ရော့.သမီး.ဟိုလမ်းထိပ်က မစောတို့ဆိုင်မှာကြက်ဥသုံးလုံးသွားဝယ်လာခဲ့” “ဟုတ်ကဲ့..အဖေ” နီမာကဖခင်လက်ထဲမှပိုက်ဆံလေးကိုယူကာအိမ်ပေါ်မှပြေးဆင်းသွားသည်။ “ထားမေ.သမီးပြန်လာရင်.ငါ့အတွက်ကြက်ဥမွှေကြော် လေးကြော်ပေးပါ..ငါဒီကြက်သားကင်လေးအဖေ့ကိုသွားကျွေးလိုက်အုံးမယ်” ကြက်သားကင်ပန်းကန်ကိုကိုင်ကာလှမ်းထွက်သွားသောခင်ပွန်းဖြစ်သူဦးထွန်းမောင်ရဲ့ကျောပြင်ကြီးကိုကြည့်ကာဒေါ်ထားမေကမကျေမနပ်မျက်စောင်းထိုးလိုက်ရင်းပါးစပ်ကလည်းပွစိပွစိရေရွတ်နေခဲ့ပါသေးသည်။

********************************************* ဒေါ်ထားမေကအတိတ်ကဖြစ်ရပ်များ၊အတွေးစများကိုဖြတ်ကာပါးပြင်ပေါ်မှစီးကျနေသောမျက်ရည်စများကို သုတ်ပစ်လိုက်သည်။ဪ.အခုတော့မိမိတဖန်ဝဋ်လည်လေပြီထင်။ ကိုယ်ကတချိန်ကချွေးမကောင်းတစ်ယောက်မဖြစ်ခဲသလိုကိုယ့်အလှည့်ကျတော့ရောသမက်ကောင်းတစ်ယောက်ရဖို့ဖြစ်နိုင်ပါ့မလား။”ဝဋ်မှာအမြဲ၊ငရဲမှာအတဲ့”စကားပုံလည်းရှိခဲ့တာပဲလေ။အခုမိမိဒီဝဋ်ကြွေးကိုပေးဆပ်ရဖို့အလှည့်၊ပေးဆပ်ရမဲ့အချိန်တန်လေပြီထင်။ တချိန်ကမိမိလုပ်ရပ်၊မိမိအမှားအတွက်သတိသံဝေဂနောင်တတရားများလည်းရမိပါရဲ့။ဒါပေမဲ့အချိန်နှောင်းခဲ့လေပြီ။ ဒေါ်ထားမေသက်ပြင်းကိုလေးတွဲစွာချလိုက်သည်။ပါးပြင်ပေါ်မှမျက်ရည်စများကိုအင်္ကျီလက်စဖြင့်ကုန်စင်အောင်ထပ်မံသုတ်ပစ်လိုက်ပြန်သည်။သမီးလေးကိုမမြင်စေလိုပါ။သမီးလေးမြင်ပြီးစိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲမဖြစ်စေချင်တော့ပါဘူးလေ။ ထို့နောက်ကြက်စွပ်ပြုတ်ပန်းကန်ကိုကိုင်ကာအခန်းအပြင်သို့ထွက်လိုက်သည်။ငိုနေသောသမီးဖြစ်သူနီမာရဲ့ရှေ့သို့သွာကာ… “သမီးအမေ.ကြက်စွပ်ပြုတ်မသောက်ချင်တော့ဘူးကွယ်.သောက်လိုက်ရင်ကြက်သားအနံ့ကညှီစော်နံလို့ ရင်ထဲပျို့ပျို့တက်လာတာ.ဘယ်လိုမှအဆင်မပြေဘူးကွယ်” “ရော့.မောင်နိုင်အောင်ပြန်လာရင်သူ့ကိုပဲကျွေးလိုက်ပါ. အမေ့ကိုကြောင်အိမ်ထဲကငါးနီတူးခြောက်ကြော်လေးပဲယူပေးပါလား.အမေ့အဲဟာလေးနဲ့ပဲစားချင်လို့ပါ”

***************************************** အားပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်……. ဆက်လက်ကြိုးစားပါအုံးမည်။

Leave a Reply

Your email address will not be published. Required fields are marked *