မိန်းမလှအငြိုး(စ/ဆုံး)
ဒီနေ့ငယ်သူငယ်ချင်းတွေ တွေ့ဖို့ချိန်းထားတယ်။အားလုံးထဲမှာ ငါအချမ်းသာဆုံး အလှဆုံးပြင်သွားရမယ်လို့ စိတ်ထဲတွေးရင်း သီရိအလှပြင်နေလိုက်တာ ချိန်းထားတဲ့အချိန်တောင်နီးပြီ။ နောက်ဆုံးအနေနဲ့ မှန်ရှေ့ကိုယ်ကိုတစ်ပတ်လှည့်ကြည့်ပြီး ကားသော့ယူ အောက်ထပ်ဆင်းလာခဲ့တယ်။ “မာမီ.ဘယ်သွားမလို့လဲ” “မာမီ့သူငယ်ချင်းတွေနဲ့သွားတွေ့မလို့၊ အပြန်မုန့်ဝယ်ခဲ့မယ်နော်၊ လှစိန် သမီးကို ထမင်းကျွေးရင် ငါးနဲ့မကျွေးနဲ့၊ ကြက်သားနဲ့ကျွေး၊ အရိုးစူးလိမ့်မယ်” “ဟုတ်ကဲ့ပါမမ” စားသောက်ဆိုင်ရောက်တော့ အားလုံးနီးပါးရောက်နေပြီ။ “ဒီနေ့လာမယ့် ဘုန်းမြတ်သူရကို နင်မှတ်မိလားသီရိ” “လူမြင်မှပဲသိမှာသူဇာ ၊ နင်ရော မှတ်မိလား” “မှတ်မိတာပေါ့ဟယ်၊ငယ်ငယ်ထဲက ကြွေနေတာ၊ခုထိ လူပျိုကြီးတဲ့ ဟီ…ဟိ” “မိန်းမ .ကဲမနေနဲ့၊ ကိုမျိုးသန့်ကို ငါပြန်တိုင်မှာနော်၊ဒါနဲ့ အရင် ငါတို့ဆုံကြတော့ သူကဘာလို့မလာတာလဲ” “ခုမှ နယ်ကပြောင်းလာတာ၊ ဟော..သူလာနေပြီ” သီးသန့်အခန်းဆီလျှောက်လာနေတဲ့ သူ့ကို မှန်ထဲကနေ မြင်နေရတယ်။ခုထိမမှတ်မိသေးဘူး။ “sorry ပါသူငယ်ချင်းတို့၊ နည်းနည်းနောက်ကျသွားတယ်။ကိုယ်က ဘုန်းမြတ်သူရပါ” “ဟယ်..မှတ်မိတယ်၊နင် Cခန်းကနော်” လို့ သီတာကပြောလိုက်တယ်။
“ဟုတ်တယ် ၊ ငါ Aခန်း တစ်ခါမှမနေဖူးဘူး၊ငါက စာညံ့တယ်” “ခု နင်ကနာမည်ကြီးကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးလေ၊ “ခုချိန်မှာတော့ စတိတ်တုန်းက စာတော်တာ၊ စာညံ့တာ အရေးမကြီးတော့ပါဘူးဟယ်၊ နင့်ကျောင်းက ဘယ်မှာလဲ” “…..ကျောင်း၊ရောက်ရင်ဝင်လည်ကြပါ” “သမီးလေးက အဲဒီကျောင်းမှာတက်နေတာ” “ဟုတ်လား၊ သမီး ဘယ်နှစ်တန်းရောက်ပြီလဲ” “လေးတန်း Aမှာ ” “နင်နဲ့တူလို့ စာတော်တာ၊ကိစ္စရှိရင် ငါ့ကိုပြော၊ ငါ့ဖုန်းနံပါတ်ပေးထားမယ်” “ကျေးဇူးပဲသူငယ်ချင်း၊ငါအမှန်အတိုင်းပြောမယ်နော်၊ခုထိ နင့်ကိုမမှတ်မိဘူး။နင်ကောငါ့ကိုမှတ်မိလား” “Aခန်းက ကွင်း၊ သူဌေးသမီးကို မမှတ်မိပဲနေမလား..ဟား..ဟား..ဟား” အားလုံးဝိုင်းရယ်ကြရော၊ “ခုတော့သူဌေးသမီးက သူဌေးကတော် ဖြစ်နေပြီ သူရရေ ” “ပိုအဆင့်မြင့်လာတာ ဝမ်းသာပါတယ်” အမြဲ ဆုံနေကြ သူငယ်ချင်းတွေ သူ့ကို တစ်ယောက်ပြီး တစ်ယောက်မိတ်ဆက် ကြတယ်။
“သေချာကြည့်တော့ ငါတို့သူငယ်ချင်းတွေငယ်ရုပ်မပျောက်ဘူး၊ ငါအားလုံးကို မှတ်မိတယ်” အဲဒီနေ့က စားသောက် စကားပြောပြီး လမ်းခွဲခဲ့ကြတယ်။ ✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️ အဲဒီလိုနဲ့ အလှူအတန်း၊မင်္ဂလာဆောင်၊ သူ့မွေးနေ့ ငါ့မွေးနေ့ ခဏ ခဏဆုံရင်း ပြောမနာ ဆိုမနာ ခင်လာခဲ့ကြတာပါ။ မူလတန်းထဲက သူငယ်ချင်းတွေ ခုတော့ အသက်တွေ လေးဆယ်နားကပ်နေကြပြီ။ တစ်ရက် သီရိတို့ငယ်သူငယ်ချင်းတွေ ထပ်ဆုံကြတယ်။ ဒီတစ်ခါတော့ တစ်နေ့လုံးနီးပါး စားသောက်၊သီချင်းတွေဆိုလို့ပေါ့။ ယောက်ျားလေးတွေက နည်းနည်းပါးပါးသောက်ကြတယ်လေ။ မူးလာတော့ရစ်ကြပြီ။ “သီရိ ငါနဲ့ ငယ်ကျွမ်းဆွေသီချင်း ဆိုရအောင်” “မဆိုချင်ပါဘူး” “ဘာလဲ၊နင်နဲ့ငါက အဆင့်မတူဘူးဆိုတဲ့သဘောလား” “ဇော်ဇော် နင်မရစ်နဲ့နော်” “ငါသိတယ်၊နင်က သူရနဲ့ဆိုချင်တာမို့လား” “ဟေ့..ဟေ့ ငါ့ကိုဆွဲမထည့်နဲ့” “နင်တို့သောင်းကျန်းနေရင် ငါပြန်တော့မယ်” “သီရိ မပြန်ပါနဲ့ဟာ၊ငယ်သူငယ်ချင်းတွေ ခင်လို့စနေကြတာပါ” သူရက ပြန်မလို့လုပ်နေတဲ့ သီရိအိတ်ကို လှမ်းဆွဲထားလိုက်တယ်။
သီရိ ဆောင့်အဆွဲမှာ စလင်းဘက်ကြိုး ပြုတ်ထွက်သွားရော၊ “ငါ့စလင်းဘက်ကြိုး ပြတ်သွားပြီလားမသိဘူး၊ ဒီအိတ်ဘယ်လောက်တန်တယ်ထင်လဲ၊ သူရ ပြန်လျော်ပေးဟာ” “နင်ကလေ ငယ်ငယ်ကလိုပဲ၊ ဘဝင်လည်းမြင့်တယ်နော်၊ နင့်အိတ်ကကြိုးပြုတ်ရုံပါ၊ကဲ.ငါလျော်ပေးမယ်၊ဘယ်လောက်လဲပြော” “နင့်လစာနဲ့လျော်နိုင်မယ်ထင်လို့လား၊ ငါ့အိတ်က သိန်းငါးဆယ်ကျော်ပေးရတာ” “အေးလေ၊ ဒီလောက်စျေးကြီးတာ နင်တို့လို လူတန်းစားတွေပဲ ကိုင်နိုင်တာပါ၊ ငါတို့လို ချွေးနည်းစာသမား ဘယ်လျော်နိုင် ပါ့မလဲ” “တော်ကြပါတော့ဟယ်၊ ပျော်ချင်လို့ဆုံကြပါတယ်ဆိုမှ၊ သီရိ ငါ ကြားထဲက တောင်းပန်တယ်နော်” “တော်ပြီ သက်လျာ၊ ငါပြန်ပြီ” အားလုံး ဝိုင်းတားတဲ့ကြားက သီရိစိတ်ဆိုးပြီး ပြန်သွားပါတော့တယ်။ ကျန်သူငယ်ချင်းတွေလည်း မကြာခင် ပြန်လာကြတယ်လေ။ သီရ ပြန်လာတဲ့လမ်းမှာ သူရပြောတဲ့ စကားတွေကိုပြန်တွေးရင်း ဒေါသတွေထွက်လိုက်တာ ဆိုတာ။
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️ ဒီနေ့ သီရိသမီးလေး ဒေလီယာ ကျောင်းသွားတော့ ဒေါက်သေးသေးလေးပါတဲ့ ဖိနပ်အသစ်စီးသွားတယ်။ နေ့လည် မုန့်စားဆင်းချိန် မုန့်စျေးတန်းက ပြန်လာပြီး အောင်အောင့်ရှေ့က အဖြတ်မှာ “ဒေလီယာ၊ နင်ကမော်ဒယ်လား” “ဘာဖြစ်လို့လဲ” “ကျောင်းမှာ ဒေါက်ဖိနပ်မစီးရဘူးလို့ ဆရာမမှာထားတယ်လေ” “ငါ့ဖာသာစီးလာတာ၊ နင့်အပူပါလို့လား” “အေး.ငါဆရာမနဲ့တိုင်မယ်” ဒေလီယာ ဒေါသထွက်ပြီး ဖိနပ်ကုန်းချွတ် အောင်အောင် ခေါင်းကိုရိုက်ထည့်လိုက်တာ၊ အောင်အောင်က ရှောင်လိုက်တော့ ခေါင်းကိုမထိပဲ ရင်ဘတ်ကို ခြစ်မိပြီး အနီရောင်အစင်းကြောင်းကြီးဖြစ်သွားရော၊ နာလည်းနာ စပ်လည်းစပ်တော့ ဆရာမနဲ့ပြေးတိုင်တာပေါ့။ ဆရာမက ဒေလီယာ့လက်ဝါးကို သစ်သားပေတံနဲ့ သုံးချက်ရိုက်လိုက်ပြီး ဆုံးမလိုက်တယ်။ ဒေလီယာ ငိုပြီ၊ ဆရာမအလစ်မှာ လွယ်အိတ်ထဲ ခိုးထည့်လာတဲ့ ဖုန်းနဲ့ ခုံအောက်ထဲဝင် သီရိကို ငိုပြီး တိုင်တယ်။ ခဏအကြာ သီရိကိုယ်တိုင် ကားမောင်းပြီး ကျောင်းကိုလိုက်လာပါလေရော၊ ရုံးခန်းထဲတန်းဝင်ပြီး သူရနဲ့သွားတွေ့တယ်။
“သီရိပါလား၊လာထိုင်သူငယ်ချင်း၊ ဘာကိစ္စရှိလဲ ပြော” “သမီးဖုန်းဆက်လို့ ငါလာတာ၊ သူ့အတန်းပိုင်က သူ့ကိုရိုက်တယ်ပြောလို့” “အတန်းပိုင်က အပြစ်မရှိပဲတော့ မရိုက်ပါဘူး၊ ငါခေါ်မေးပေးမယ်” အနားမှာရှိတဲ့ အထွေထွေလုပ်သားကို လေးတန်းA အတန်းပိုင်နဲ့ ဒေလီယာ့ကို ခေါ်ခိုင်းလိုက်တယ်။ ရုံးခန်းထဲရောက်ရောက်ချင်း မာမီဆိုပြီး ဒေလီယာကပြေးဖက်တယ်။ “ဆရာမ ၊ ဒေလီယာဘာလုပ်လို့ ရိုက်တာလဲ” “အောင်အောင့်ကို ဖိနပ်နဲ့ရိုက်တာ ရင်ဘတ်မှာ ဒဏ်ရာရသွားလို့ပါ ဆရာကြီး” “အောင်အောင့်ကို သွားခေါ်လာခဲ့” အောင်အောင်ရောက်လာတော့ ရှပ်ကြယ်သီးဖြုတ်ပြီး ရင်ဘတ်ကဒဏ်ရာကို သီရိမြင်အောင်ပြလိုက်တယ်။ “အောင်အောင် သားအတန်းထဲပြန်တော့” ခေါင်းလေးညိမ့်၊ လက်လေးပိုက်ပြီး ရုံးခန်းထဲက အောင်အောင်ထွက်သွားတော့မှ “တွေ့လား၊ ဒေလီယာ အပြစ်ရှိလို့ ဆရာမက ဆုံးမတာ၊ ကျောင်းကို ဖုန်းမယူလာရဘူးလို့ စည်းကမ်းထုတ်ထားတယ်၊သမီး ဖုန်းယူလာတာ မသိဘူးလား” “ငါထည့်ပေးထားတာလေ၊ ကျောင်းမှာလိုအပ်တာရှိရင် ဆက်လို့ရအောင်ပါ” “ငါ့သမီးကို ငါ ပြန်ခေါ်သွားတော့မယ်၊ သူ့အတွက် ခွင့်တစ်ပတ် ယူမယ်နော် သူရ ၊သမီးလေး စိတ်ဒဏ်ရာရသွားပြီ” “ဆရာမ ၊ သမီးလေးကျောင်းပျက်တဲ့ရက်တွေအတွက် စာတွေကူးထားပေးပါနော်၊ လွယ်အိတ်ထားခဲ့မယ်၊ သူရ ငါပြန်တော့မယ်” “နေဦး၊ ပြန်လို့မရသေးဘူး၊ ဆရာမ ဒေလီယာ့လွယ်အိတ် သွားယူပေးပါလား” ဆရာမပြန်လာတော့ လက်ထဲက လွယ်အိတ်ယူပြီး သီရိလက်ထဲ ထည့်လိုက်တယ်။
“ဆရာ၊ဆရာမဆိုတာ တပည့်တွေကို စာတတ်အောင်၊လိမ္မာယဥ်ကျေးအောင် သင်ပေး ၊ ဖျားနာပြီး ကျောင်းမတက်နိုင်တဲ့ ကလေးအတွက် စာပြန်သင်ပေးဖို့ စာကူးပေးဖို့ ဆရာမတွေ လုပ်ပေးနိုင်တယ်။ အကြောင်းမရှိပဲ ခွင့်ယူတဲ့ ကလေးရဲ့ စာတွေကို ကူးပေးဖို့တာဝန်မရှိဘူး” သူရမျက်နှာကို ဒေါသမျက်လုံးနဲ့ စေ့စေ့ကြည့်ပြီး သမီးလက်ကိုဆွဲ ရုံးခန်းထဲက သီရိထွက်သွားပါပြီ။ ✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️ သီရိနဲ့ ပြဿနာတက်ပြီး သုံးလအကြာမှာ ဘုန်းမြတ်သူရဆီဖုန်းဝင်လာတယ်။ဖုန်းနံပါတ်က သီရိ သြော်.သူစိတ်ဆိုးပြေသွားပြီတွေးရင်း ပြုံးလိုက်မိတယ်။ “ပြော သူငယ်ချင်း” “ငါ KTVမှာ ၊သူငယ်ချင်းတွေပြန်သွားပြီ၊ ခု ငါမထနိုင်တော့လို့ နင်လာခေါ်ဟာ” “နင့်အမျိုးသားကို လာခေါ်ခိုင်းလေဟာ၊ခု မိုးချုပ်နေပြီ” ” အမျိုးသားခရီးထွက်သွားတယ်၊ငါ ကားမမောင်းနိုင်တော့လို့ပါ” ပြောပြောဆိုဆို ဖုန်းချသွားတယ်။
သူပြောတဲ့ KTV ရောက်တော့ မေးစမ်းပြီး သီရိကို ရှာရတယ်။ အခန်းထဲက နှစ်ယောက်ထိုင်ဆိုဖာပေါ်မှာ တုံးလုံးလှဲနေတဲ့ သီရိပုခုံးကို အသာလှုပ်ပြီး “သီရိ.ထ ပြန်ရအောင်” မနိုးတာနဲ့ သီရိကို ဆွဲထူလိုက်တယ်။ အဲဒီအချိန်မှာပဲ တံခါးပွင့်သွားပြီး “ငါ့မိန်းမကို နှောင့်ယှက်နေတာ မင်းလားကွ” သူရ ကြောင်ကြည့်နေတုန်း မျက်နှာကို လက်သီးနဲ့ထိုးလို့ ပထမတစ်ချက်ထိသွားတယ်။ မူးနေပုံရတဲ့ သူ့ယောက်ျားက နောက်ထပ်ထိုးတဲ့ လက်သီးတွေ သူ့ဆီမရောက်လာခင် KTVထဲကနေပြေးထွက်လာခဲ့တယ်။ သူ့ဘဝမှာ ပထမဦးဆုံးကြုံရတာပါ။ ရှက်ဒေါသနဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက် ပြောပြလိုက်တယ်။ သူငယ်ချင်းတွေက သူ့ဘက်ကနေ သီရိကို စိတ်ဆိုးကြတာပေါ့။တမင်လုပ်တာလို့လည်း ပြောကြတယ်။ နောက်နှစ်ရက်အကြာမှာတော့ သူ သီရိပုခုံးကိုကိုင်ပြီးနှိုးတာ၊ ဆွဲထူလိုက်တာ ချည်း သီးသန့်ပုံတွေ လိုင်းပေါ်တက်လာပြီ။ သီရိမျက်နှာမပါ၊
သူ့ယောက်ျားထိုးတာတွေမပါ ၊သူ့မျက်နှာက အထင်းသား ၊ သူရ လုပ်ကြံခံလိုက်ရပြီ။ ပညာရေးဌာနက သီးသန့်ခံရုံးဖွဲ့ပြီး စစ်ဆေးတယ်။သူအမှန်အတိုင်း ပြောပြပေမယ့် သက်သေ KTV က CCTVတွေ ပျက်နေသတဲ့။ ဘာများတတ်နိုင်မှာလဲ။ ပြောင်းရွှေ့မိန့်နဲ့ မြန်မာပြည်အစွန် အဝေးကြီးကို လွင့်ခဲ့ရတယ်။ တချို့သူတွေရဲ့ တွေ့ဆုံမှုက ရေစက်ပါလို့၊ တချို့သူတွေရဲ့ တွေ့ဆုံမှုတွေက ဝဋ်ကြွေးပါလို့ ဆိုတာ သူရ ကောင်းကောင်းသိသွားပါပြီ။ အတိတ်ကာလ ဖြစ်ရပ်မှန်ကို အခြေခံ ရေးထားတာပါ။
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️





