**သူ့သားနှင့် ငါ့သား**

**သူ့သားနှင့် ငါ့သား**

#တင်ညွန့်

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

စီတီးမတ် ကုန်တိုက်ကြီး၏ မျက်နှာစာရှေ့တွင် အမျိုးသမီးကြီးတစ်ယောက် ရပ်နေသည်။ သူ့ပုံက အဝေးကပင် သိသာသည်။ ရွှေတွဲလဲနှင့် ချမ်းသာမည့်ပုံပင်။ သူက အရှေ့ကြည့် အနောက်ကြည့်နှင့်မျှော်နေသည်။ တက္ကစီသမား တစ်ယောက်က “အန်တီ … ကားငှားမလို့လား” “မဟုတ်ပါဘူးကွယ် … အိမ်ကကား လာမယ်” ထိုအချိန်တွင် ရွှေမပါ၊ သာမန်သာ ဝတ်ဆင်ထားသော အမျိုးသမီးကြီး တစ်ဦးကလည်း ကုန်တိုက်ထဲမှ အပြင်ကို ထွက်လာသည်။ သူက ချမ်းသာပုံပေါက်သည့် အမျိုးသမီးကြီးကို ကြည့်လိုက်ပြီး “ဟယ် … စိန်စိန် မဟုတ်လား” သူကလည်း ပြန်ကြည့်ပြီး အံ့အားသင့်ကာ “ဟာ … ကြည်ရေ … ဝမ်းသာလိုက်တာ ပြန်တွေ့ရတာ” ဟု ပြန်ပြောသည် . သူတို့သည် တစ်ချိန်က အိမ်နီးချင်းများ ဖြစ်ခဲ့ကြသည်။

ဒေါ်စိန်စိန်တို့က ရပ်ကွက်လေးထဲက အိမ်ကိုရောင်းပြီး ကွန်ဒိုကို ပြောင်းသွားသည်။ တစ်ချိန်က နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြသော သူငယ်ချင်းနှစ်ယောက် ယခုမှ ပြန်တွေ့ရသဖြင့် ပျော်ကြသည်။ ဒေါ်ကြည်က “စိန်စိန်ရေ ကွဲသွားလိုက်တာ နှစ် ၂၀ လောက်ရှိပြီထင်တယ်နော် … သားကြီး မင်းသန့်ရော” “သားကြီးက အင်္ဂျင်နီယာဘွဲ့ရတယ်ကြည် … ကြည့်သားကြီး ကိုထက်ရော” “ကိုထက်ကတော့ ဘွဲ့မရဘူး” “ဟုတ်လား … ဆယ်တန်းတောင် မအောင်ဘူးလား .. ကြည်ရယ် ကလေးကို ဘွဲ့လေးဘာလေးများ ရအောင် မထားဘူးလား” “သူ့အဖေကလည်းဆုံး … ကျွန်မကလည်း မမာတော့ သားကြီးက စောစောစီးစီး ကျောင်းထွက်ပြီး အလုပ်ဝင် လုပ်ရတယ်လေ … ခုဆိုရင် သူက တက္ကစီမောင်းပြီး ကျွန်မကို ရှာကျွေးနေတာလေ … မင်းသန့်ရော … ဘယ်မှာ အလုပ်တွေရနေသလဲ” “နိုင်ငံခြား သင်္ဘောကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေတယ်မကြည်ရဲ့ … ဒေါ်လာစားပေါ့” “အို ကောင်းလိုက်တာ … ကံလည်းကောင်းတာပဲ … အိမ်ထောင်ရော ကျသွားပြီလား” “ကျတော့မယ် … နောက်လကုန်ရင် မင်္ဂလာဆောင်တော့မှာ။

သူ့ ကောင်မလေးကလည်း ကုမ္ပဏီတစ်ခုမှာ မန်နေဂျာပဲ … အတော်ပဲ ကြည့်ကိုလည်း ဖိတ်ရဦးမယ်” “စိန်စိန်တို့ကတော့ ကံကောင်းပြီးရင်း ကံကောင်းနေတော့တာပဲ” ထိုစဉ် တက္ကစီကားတစ်စီးက သူတို့ရှေ့ကို ထိုးရပ်လိုက်သည်။ “မေမေ … သားနောက်ကျသွားတယ် … လမ်းတွေ ပိတ်နေလို့” “ရပါတယ် … မေမေက ဒီမှာ နင့်ကြီးကြီးစိန်နဲ့ ပြန်တွေ့ပြီး စကားကောင်းနေတာ … သားမှတ်မိလား … သေသေချာချာကြည့်စမ်း” “အို မှတ်မိတာပေါ့ … ကြီးကြီးစိန်ပဲ … ကိုမင်းသန့်ရော … မတွေ့တာကြာပြီ” “ မင်းကိုကိုက ဘွဲ့တွေလည်းရ၊ အလုပ်အကိုင်ကလည်းကောင်း၊ သူဌေးဖြစ်နေတယ်ကွ … ကိုထက်လည်း လူကြီးကြီးဖြစ်လာပြီပဲ … ဒါ သားမောင်းတဲ့ကားလား … ကိုယ်ပိုင်လား အငှားလား” “စိန်စိန်ရေ … ဒါ သားကြီးက စုဆောင်းပြီးဝယ်ထားတာ …ခုလည်း ကြည့်ကို ချပေးထားခဲ့ပြီး လူရလို့ မောင်းပို့ပေးပြီးမှ ပြန်လာတာ” “ဟုတ်တယ်ကြီးကြီး … သားတို့နဲ့ တစ်ခါတည်း လိုက်ခဲ့ပါလား …

ကြီးကြီး ဘယ်သွားချင်သလဲ … သားလိုက်ပို့ ပေးမယ်လေ” “ရပါတယ် သားရယ် … မင်းကိုကို … မင်းသန့်လာကြိုလိမ့်မယ်” “ဒါဆိုလည်း ကြီးကြီးနဲ့မေမေ စကားပြောကြလေ … မေမေ ကားလာတဲ့အထိ စောင့်ပေးလိုက်နော် ကြီးကြီးတစ်ယောက်တည်း ဖြစ်နေမယ် … သား ဟိုတံတားအောက်မှာ ကားထိုးပြီး စောင့်နေမယ်” “သွားပါကြည်ရယ် ရပါတယ်” “အို စိန်စိန်ရယ် တွေ့တုန်းလေး … သားလာတဲ့အထိ စောင့်ပေးပါ့မယ်” သူငယ်ချင်းနှစ်ယောက် စကားလက်ဆုံ ပြောမကုန်အောင် ဖြစ်နေချိန်တွင် ကားအကောင်းစားကြီးတစ်စီးက သူတို့ရှေ့ ထိုးဆိုက်လာသည်။ “ဟော … သား မင်းသန့်လာပြီ … ကြည်ရေ … ဒါသားကြီးပဲ” “အလို မောင်မင်းသန့် … ထွားလာလိုက်တာ … လူချောပဲ … သူ့ဘေးက” “ဪ … သမီးလည်း ပါလာတာကိုး … ကြည်ရေ … အဲဒါ သားကြီးနဲ့ လက်ထပ်မယ့် သူ့ဇနီးလောင်း” “မေမေ သိပ်စကားကြော ရှည်မနေနဲ့ … နောက်ကျနေရတဲ့အထဲ … မြန်မြန်တက် …

ဒီမှာ ပို့စရာရှိနေတာကို” “သားရယ် ပို့စရာရှိတာ သွားပို့ရောပေါ့ … မေမေ့ကို ဘာလို့ လာကြိုနေသေးလဲ” “မေမေတို့ကတစ်မျိုး … လာကြိုဆိုပြီး ဖုန်းနဲ့ တဂျီဂျီပြော … မလာရင် ချက်ချင်းကြီးပဲ လဲသေတော့မလို” “အို ဘယ်လိုပြောလိုက်တာလဲ” ဒေါ်ကြည်က အံ့အားသင့်သွားသည်။ ဒေါ်စိန်စိန်က “သားတို့ အရေးကြီးနေရင်လည်း သွားပါတော့ကွယ်” “အဲဒါဆို အစကတည်းက ဘာဖြစ်လို့ ဖုန်းနဲ့လှမ်းပြီးတော့ ပြဿနာရှာနေသေးလဲ … မလိုက်ဘူးလား … လိုက်မလား” “မလိုက်တော့ဘူး … သွားတော့” “ဒါဆိုလဲ သွားမယ် … ပြန်ချင်တဲ့ အချိန် တက္ကစီငှားပြီး ပြန်ခဲ့ … စောစောကတည်း တက္ကစီနဲ့ ပြန်မယ်ဆိုလည်း ပြီးတာပဲ” သူက ကားကို မောင်းထွက်သွားသည်။ ဒေါ်စိန်စိန်၏ မျက်လုံးတွေက မျက်ရည်တွေနှင့် ဝဲနေသည်။

“စိန်စိန် … လာ … လာ … ကြည်တို့နဲ့ လိုက်ခဲ့” “နေပါစေကြည်ရယ် … သွားတော့” “အို မဟုတ်တာ … လာပါ” ဒေါ်ကြည်က ဒေါ်စိန်စိန်ကိုတွဲကာ ခေါ်သွားသည်။ တံတားအောက်ရှိ ရပ်ထားသော ကားဘေးသို့အရောက်တွင် ကိုထက်က ကားပေါ်မှ ဆင်းလိုက်ပြီး “ဪ … ကြီးကြီး လိုက်လာတာပဲ … ဖြည်းဖြည်းတက် …လက်ထဲကအထုပ် သားကိုပေး … သား နောက်ခန်းထဲ သွားထည့်ပေးမယ် … မေမေ့ အထုပ်လည်း ပေးလေ” သူက ကားနောက်ခန်းထဲတွင် အထုပ်တွေကို သွားထည့်သည်။ သူတို့ကားပေါ်တက်ကြသည် “ကြီးကြီး သားဘယ်ကို လိုက်မောင်းပို့ပေးရမလဲပြော” “မောင်းချင်ရာသာ မောင်းပါတော့ သားလေးရယ်”

#တင်ညွန့် ၂၂.၁၂.၂၀၂၀ Credit post 🙏 31/1/2026

Leave a Reply

Your email address will not be published. Required fields are marked *