မီးတစ်လုံးနှင့် အသက်ဆက်ခြင်း

မီးတစ်လုံးနှင့် အသက်ဆက်ခြင်း

မီးသီးတစ်လုံး ပျက်နေတာကြောင့် ကျွန်တော် မိုင် ၄၀ ခရီးကို အရှိန်နှုန်းကျော်ပြီး မောင်းလာခဲ့မိတယ်။ ကျွန်တော့်ဖခင်ဟာ လျှပ်စစ်မီးဖိုးနဲ့ နှလုံးသောက်ဆေး ကြားထဲမှာ တစ်ခုခုကို ရွေးချယ်ရင်း မှောင်မည်းနေတဲ့ အိမ်ထဲမှာ ထိုင်နေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်တော် အိမ်ရှေ့က ဝက်သစ်ချသားတံခါးဟောင်းကြီးကို လက်ဆစ်တွေ ကွဲသွားတဲ့အထိ အတင်းထုလိုက်မိတယ်။ “အဖေ၊အမေ” အိမ်ထဲက တိတ်ဆိတ်မှုဟာ ကျွန်တော့်နားထဲမှာ မြည်ဟည်းနေတုန်းဖြစ်တဲ့ ကားလမ်းမပေါ်က ဆူညံသံတွေထက်တောင် ပိုကျယ်လောင်နေသလိုပဲ။ လွန်ခဲ့တဲ့ ၅ မိနစ်က ကျွန်တော် အဝေးပြေးလမ်းပေါ်မှာ။ ကားဒိုင်ခွက်ပေါ်က နာရီက ကျွန်တော့်ကို လှောင်ပြောင်နေသလို ခံစားရပြီး ကားကြီးတွေကို အတင်းကျော်တက်ပြီး မောင်းလာခဲ့တာ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဘေးအိမ်က မစ္စစ်ဟစ်ဂင်က ည ၈:၄၅ မှာ ကျွန်တော့်ဆီ စာပို့လိုက်တာ။ “သားရေ၊ အိမ်ရှေ့က ဝရန်တာမီး မှောင်နေတယ်။ သူတို့က ဘယ်ညမှ မပိတ်ဘဲ မနေဖူးဘူး။ အန်တီသွားခေါက်ကြည့်တာလည်း ဘာသံမှ မကြားရဘူး။” အဲဒီမီးသီးလေးက သူတို့ရဲ့ ထုံးစံပဲ။ စီးပွားရေးပျက်ကပ်တွေ၊ မုန်တိုင်းတွေ၊ တင်ပါးဆုံရိုးခွဲစိတ်မှုတွေ ကြုံခဲ့ရပေမဲ့ နေဝင်တာနဲ့ အဲဒီမီးက အမြဲလင်းနေကျ။ အဲဒါက ဒီရပ်ကွက်ရဲ့ မီးပြတိုက်ပဲ။ အဲဒီမီးသာ မှောင်နေရင် တစ်ခုခုတော့ မှားနေပြီ။ ကျွန်တော် တုန်ရင်နေတဲ့ လက်တွေနဲ့ သော့ကို အတင်းနှိုက်ရင်း အိမ်ရှေ့က သစ်ရွက်ခြောက်တွေပေါ် သော့တွဲ ပြုတ်ကျသွားခဲ့တယ်။ လေထုက အေးစက်နေတယ်။ နိုဝင်ဘာလရဲ့ အေးစက်တဲ့လေက ကျွန်တော်ဝတ်ထားတဲ့ ရုံးဝတ်စုံ အပေါ်အင်္ကျီကို ဖောက်ပြီး အရိုးထဲထိ အေးစေတယ်။

နောက်ဆုံးတော့ တံခါးကို ဖွင့်နိုင်ခဲ့ပြီး ဧည့်ခန်းထဲကို အတင်းပြေးဝင်သွားမိတယ်။ “အဖေ” အိမ်ထဲမှာ ပိတ်မှောင်နေတာပဲ။ ပြီးတော့ အရမ်းအေးတယ်။ ရိုးရိုးအေးတာမဟုတ်ဘဲ အရိုးထဲထိ စိမ့်နေအောင် အေးတာ။ လမ်းမပေါ်က ဓာတ်တိုင်မီးဟာ ပြတင်းပေါက် လိုက်ကာပါးလေးကို ဖြတ်ပြီး အခန်းထဲကို အလင်းအနည်းငယ် ပေးထားတယ်။ အဲဒီအလင်းထဲမှာ ဆိုဖာခုံစွန်းမှာ ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။ “မီးမဖွင့်နဲ့ဦး” တိုးတိတ်ပြီး အက်ရှနေတဲ့ အသံထွက်လာတယ်။ အဖေပဲ။ ဒါပေမဲ့ ကျွန်တော် မီးခလုတ်ကို ဖွင့်လိုက်မိတယ်။ အဖေက သူ့မျက်လုံးတွေကို ကာကွယ်ဖို့ တုန်ရင်နေတဲ့ လက်ကို မြှောက်လိုက်ရင်း မျက်စိကို မှေးထားရှာတယ်။ အဖေဟာ အိမ်ထဲမှာတောင် ဆောင်းတွင်းဝတ် အင်္ကျီအထူကြီး ဝတ်ထားပြီး နားရွက်တွေကို ဖုံးထားတဲ့ သိုးမွှေးဦးထုပ်ကို ဆောင်းထားတယ်။ အမေကတော့ နောက်မှီခုံပေါ်မှာ စောင် ၃ ထည်လောက်နဲ့ ပတ်ထားပြီး အိပ်ပျော်နေတာလား၊ သတိလစ်နေတာလား မသိရဘူး။ “အဖေ ဘာဖြစ်တာလဲ။အိမ်ထဲမှာ ဘာလို့ ဒီလောက်အေးနေရတာလဲ။

ဝရန်တာမီးကကော ဘာလို့ ပိတ်ထားတာလဲ” ကျွန်တော် အဖေ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။ ကျွန်တော် မှတ်မိနေတာထက် အဖေက ပိုပြီး ပိန်လှီသွားသလိုပဲ။ ကျွန်တော့်ကို ပုခုံးပေါ်တင်ပြီး ချီခဲ့တဲ့ လူတစ်ယောက်ဟာ အခုတော့ လေတိုက်ရင်တောင် ပါသွားမယ့်ပုံမျိုး ဖြစ်နေတယ်။ အဖေက အကြည့်လွှဲသွားတယ်။ ချမ်းလို့ နီမြန်းနေတာထက် အရှက်ရလို့ နီမြန်းနေတဲ့ မျက်နှာက ပိုထင်ရှားနေတယ်။ “မနေ့က ဘေလ် (Bill) လာတယ်လေ” အဖေက တိုးတိတ်စွာ ပြောရှာတယ်။ “ဘာဘေလ်လဲ” “လျှပ်စစ်ဘေလ်ပေါ့။ ဈေးနှုန်းတွေ ထပ်တိုးလိုက် ပြန်ပြီ။ ပြီးတော့ မီးသုံးစရိတ်တွေကလည်း… အဖေက အခန်းထဲက အပူပေးစက်ဘက်ကို ညွှန်ပြတယ်။ “ငါတို့က မီးတွေပိတ်ထားရင်… နေ့ဘက်မှာ အပူပေးစက်ကို လျှော့သုံးရင်… အဆင်ပြေမယ် ထင်လို့ပါ။” ကျွန်တော့် ရင်ထဲမှာ မကောင်းတော့ဘူး။ ကော်ဖီစားပွဲပေါ်က စာရွက်စာတမ်းတွေကို ကြည့်လိုက်မိတယ်။

အဲဒီမှာ အမှန်တရား ရှိနေတယ်။ အဖေ့ရဲ့ ဆေးဘူးလေးက ပွင့်နေတယ်။ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့အတွက် ဆေးအကန့်လေးတွေက အလွတ်ဖြစ်နေတယ်။ ဒါပေမဲ့ သေချာကြည့်လိုက်တော့ တနင်္လာနေ့ အကန့်ထဲမှာ ရှိနေတဲ့ ဆေးလုံးလေးတွေကို တစ်ဝက်စီ ဖြတ်ထားတယ်။ “အဖေ…” ကျွန်တော် အသံတွေ တုန်ပြီး ဆေးဘူးကို ကောက် ကိုင်လိုက်တယ်။ “ဒါတွေက ဘာလို့ တစ်ဝက်စီ ဖြစ်နေရတာလဲ။အဖေ ဆေးအပြည့်သောက်ရမယ်လေ။ ဆရာဝန်က အပြည့်သောက်ဖို့ ပြောထားတာကို။” အဖေက သူ့လက်ကို ကျွန်တော့်လက်ထဲကနေ ပြန်ရုန်းလိုက်တယ်။ “အဲဒီဆေးက ဇန်နဝါရီလကျမှ အာမခံထဲကနေ အလကားရမှာ။ အခုက ဈေးနှုန်းကွာဟချက်ကြောင့် ဒေါ်လာ ၄၀၀ တောင် ပေးရတာ သားရဲ့။ ငါတို့ ရွေးချယ်ခဲ့ရတယ်။ အပူပေးစက်သုံးမလား၊ စားဖို့ဝယ်မလား၊ ဒါမှမဟုတ် နှလုံးဆေး ဝယ်မလားဆိုတာ။” အဖေက မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်တယ်။

“တစ်ဝက်စီ သောက်လိုက်ရင် နောက်အပတ် လူမှုဖူလုံရေးချက် (Check) ရတဲ့အထိ ခံမယ်လို့ ငါတွက်လိုက်တာပါ။” ကျွန်တော် မတ်တတ်ရပ်လိုက်မိတယ်။ ရင်ထဲ နေလို့ မကောင်းသလို ခံစားရတယ်။ ကျွန်တော်က တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၆ လုံးတန်း (သိန်းချီ) ရတဲ့လူ။ အစည်းအဝေးတွေမှာ စီးပွားရေး တိုးတက်ဖို့တွေ အကြီးအကျယ် ဆွေးနွေးနေတဲ့လူ။ ကျွန်တော် သောက်တဲ့ ကော်ဖီလေး နည်းနည်းအေးသွားရင်တောင် ညည်းညူတတ်တဲ့လူ။ အဲဒီအချိန်မှာ ကျွန်တော့်ကို လမ်းလျှောက်သင်ပေးခဲ့တဲ့ လူနှစ်ယောက်ဟာ မိုင် ၄၀ အကွာမှာ အမှောင်ထဲမှာ အေးစက်တုန်ရင်နေပြီး၊ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ဆေးကို တစ်ဝက်စီ ခြစ်ခြုတ်သောက်နေရတယ်။ အသက်ရှင်ဖို့ တွက်ချက်မှုတွေက လက်တွေ့မှာ အဖြေမထွက်တော့လို့ပေါ့။ သူတို့ ကျွန်တော့်ကို ဖုန်းမဆက်ကြဘူး။ အကူအညီ မတောင်းကြဘူး။ ကျွန်တော့်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့တဲ့။ “ငါ အိမ်ရှေ့က မီးသီးကို သွားလဲဖို့ ကြိုးစားပါသေးတယ်” အဖေက သူ့အင်္ကျီပေါ်က သိုးမွှေးစလေးတွေကို ပွတ်ရင်း ပြောရှာတယ်။ “ဒါပေမဲ့ ခေါင်းမူးသွားတယ်။ ဆေးကို တစ်ဝက်ပဲ သောက်လို့ ထင်ပါရဲ့။ ဒါနဲ့ ခဏနားမယ်ဆိုပြီး ထိုင်လိုက်တာ… ပြန်မထနိုင်တော့ဘူး။” ကျွန်တော် အပူပေးစက် ခလုတ်ဆီ သွားလိုက်တယ်။ ၅၈ ဒီဂရီပဲ ထားထားတာကို တွေ့ရတယ်။ ကျွန်တော် ၇၂ ဒီဂရီအထိ တင်လိုက်တယ်။

ပြီးတော့ မီးဖိုချောင်ထဲ သွားကြည့်တော့ ရေခဲသေတ္တာထဲမှာ ဘာမှမရှိသလောက်ပဲ။ နွားနို့ဘူးလေးတစ်ခု၊ ပေါင်မုန့်တစ်ဝက်နဲ့ လျှော့ဈေးစတစ်ကာ ကပ်ထားတဲ့ ကြက်ဥတစ်ကတ်။ ကျွန်တော် ဖုန်းကို ထုတ်လိုက်တယ်။ “သား ဘာလုပ်မလို့လဲ” အဖေက စိုးရိမ်တကြီး မေးတယ်။ “ငါတို့ အပြင်က ဝန်ဆောင်မှုခတွေ မပေးနိုင်ဘူးနော်။” “ကျွန်တော် စားစရာတွေ မှာနေတာပါ အဖေ” ကျွန်တော် အသံကို ထိန်းရင်း ပြောလိုက်တယ်။ “လျှပ်စစ်ဘေလ်တွေလည်း ကျွန်တော် အကုန်ပေးလိုက်မယ်။ မနက်ဖြန်ကျရင် ဆေးဆိုင်ကို သွားမယ်။” “သား… မလုပ်ပါနဲ့။ ငါတို့မှာ အသုံးစရိတ် သတ်သတ်မှတ်မှတ် ရှိပြီးသား။ ငါတို့ဘာသာ ရပ်တည်နိုင်ပါတယ်။” “မဟုတ်ဘူး အဖေ” ကျွန်တော် အဖေ့ဘေးမှာ ထိုင်လိုက်ပြီး သူ့ပုခုံးကို ဖက်ထားလိုက်တယ်။

“အဖေတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နေတာ မဟုတ်ဘူး။ အဖေတို့ ခံစားနေရတာ။ ကျွန်တော်က ကိုယ့်ဘဝ တိုးတက်ဖို့ လှေကားပေါ် တက်နေရင်းနဲ့၊ လှေကားရဲ့ အောက်ဆုံးထစ်ကနေ အဖေတို့ ပြုတ်ကျနေတာကို သတိမထားမိခဲ့ဘူး။” အဲဒီညက ကျွန်တော် အိမ်မှာပဲ အိပ်ခဲ့တယ်။ အဖေနဲ့အမေ အတွက် ကြက်ဥကြော်နဲ့ ပေါင်မုန့်ကင် လုပ်ပေးတယ်။ နွေးထွေးတဲ့ အစားအစာ မစားရတာ ကြာပြီဖြစ်တဲ့ လူတွေလို စားနေကြတာကို ကျွန်တော် ကြည့်နေခဲ့မိတယ်။ ကောင်တာပေါ်က စာအိတ်တွေကို ကျွန်တော် စစ် ကြည့်လိုက်တယ်။ “နောက်ဆုံး သတိပေးချက်”၊ “စည်းကမ်းပြောင်းလဲမှု”၊ “ဈေးနှုန်းတိုးမြှင့်မှု”။ အသက်ကြီးတဲ့သူတွေကို အထိနာအောင် ညှစ်ထုတ်နေတဲ့ စနစ်ဆိုးရဲ့ သက်သေတွေပဲ။ ကျွန်တော် ဧည့်ခန်းက ဆိုဖာပေါ်မှာ မျက်စိတစ်ဖက် ဖွင့်ပြီး အိပ်ခဲ့တယ်။ အပူပေးစက် လည်ပတ်သံနဲ့ သူတို့ရဲ့ အသက်ရှူသံ မှန်မမှန်ကို နားထောင်ရင်းပေါ့။ နောက်တစ်နေ့မနက်မှာ ကျွန်တော် အလုပ်က အထက်လူကြီးကို ဖုန်းဆက်လိုက်တယ်။ “ကျွန်တော် ဒီနေ့ အလုပ်မလာတော့ဘူး။” “ဒီနေ့ ဖောက်သည်တွေနဲ့ တွေ့ဖို့ရှိတယ်လေ” သူက စိတ်တိုတိုနဲ့ ပြန်ပြောတယ်။ “ဖောက်သည်က စောင့်လို့ရတယ်။ ကျွန်တော့် မိဘတွေက စောင့်လို့မရဘူး။

” ကျွန်တော် ဖုန်းချလိုက်တယ်။ အဲဒီနေ့ တစ်နေ့လုံး ပြတင်းပေါက်တွေကို လေမဝင်အောင် ပြင်တယ်။ လျှပ်စစ်ဘေလ်တွေကို ကျွန်တော့်ကတ်ထဲကနေ အလိုအလျောက် ဖြတ်ဖို့ လုပ်ပေးခဲ့တယ်။ အာမခံကုမ္ပဏီနဲ့ ဖုန်းထဲမှာ ၃ နာရီလောက် ရန်ဖြစ်ပြီးမှ ဆေးဖိုးအတွက် လျှော့ဈေးကတ် တစ်ခုကို သူတို့ ‘ရှာပေး’ ခဲ့တယ်။ နေမဝင်ခင်မှာ ကျွန်တော် အိမ်ရှေ့ဝရန်တာကို ထွက်ခဲ့တယ်။ မီးသီးအဟောင်းကို ဖြုတ်ပြီး LED မီးသီးအသစ်တစ်လုံး တပ်လိုက်တယ်။ ခလုတ်ဖွင့်လိုက်တဲ့အခါ အလင်းရောင်က အိမ်ရှေ့လမ်းအထိ လင်းထိန်သွားတယ်။ အဲဒါက မီးသီးတစ်လုံးတင် မဟုတ်တော့ဘူး။ အဲဒါက အချက်ပြမှုတစ်ခုပဲ။ သူတို့ ဘေးကင်းပြီ၊ သူတို့ နွေးထွေးပြီဆိုတဲ့ အချက်ပြမှုပေါ့။ ဒါပေမဲ့ ညနေပိုင်း ကျွန်တော် ကားမောင်းပြီး ပြန်ထွက်လာတဲ့အခါ၊ ကားနောက်ကြည့်မှန်ထဲကနေ လင်းနေတဲ့ အဲဒီမီးအိမ်လေးကို ကြည့်ရင်း ကြောက်စရာကောင်းတဲ့ အသိတစ်ခု ဝင်လာတယ်။

ဒီညမှာ တခြား ဘယ်နှအိမ်က ဝရန်တာမီးတွေ မှောင်နေဦးမလဲ။ ဘယ်နှယောက်သော မိဘတွေဟာ အိမ်ထဲမှာ အင်္ကျီအထူကြီးတွေ ဝတ်ပြီး၊ အကူအညီတောင်းဖို့ ဝန်လေးနေရင်း ဆေးလုံးတွေကို တစ်ဝက်စီ ခြစ်ခြုတ် သောက်နေရမလဲ။ သူတို့ ဘာမှ မညည်းညူတိုင်း အဆင်ပြေနေတယ်လို့ မထင်လိုက်ပါနဲ့။ ဆေးဘူးကို စစ်ကြည့်ပါ။ အပူပေးစက်ကို စစ်ကြည့်ပါ။ ရေခဲသေတ္တာကို ကြည့်ပါ။ တချို့တွေအတွက် ‘ရွှေရောင်နေ့ရက်များ’ ဆိုတာ ဒဏ္ဍာရီတစ်ခုပါပဲ။ တစ်ခါတစ်ရံမှာ မေတ္တာဆိုတာ ဖက်ထားတာ ဒါမှမဟုတ် ဖုန်းဆက်တာတင် မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ မေတ္တာဆိုတာ သင့်ဖခင်အနေနဲ့ ‘နွေးထွေးတဲ့အိမ်’ နဲ့ ‘ခုန်နေတဲ့ နှလုံးသား’ ကြားထဲမှာ တစ်ခုခုကို ရွေးချယ်စရာ မလိုအောင် လျှပ်စစ်ဘေလ် သွားပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း) ဘာသာပြန် Daily’s Story

Leave a Reply

Your email address will not be published. Required fields are marked *