မီးနေသည်မ(စ/ဆုံး)
သာယာလှတဲ့မြိုင်သာယာရွာလေးမှာ ရွာသူရွာသားများသည် ရိုးသားအေးဆေးစွာ ဘာသာတရားကိုင်းရှိုင်းမှုနဲ့အတူ အေးချမ်းစွာနေထိုင်နေကြလျှက်ရှိလေသည်။ တစ်ကောင်ကြွက် မိမရှိ ဖမရှိ ကိုသာဝတစ်ယောက် ဘုန်းကြီးကျောင်းမှာကပ်နေရင်းနဲ့ အရွယ်ရောက်လာသဖြင့် ရွာထဲမှ လယ်ရှင်ကြေးရှင်းတွေရဲ့လယ်တွေမှာ သူရင်းငှားအဖြစ်ဆရာတော်ရဲ့အကူညီနဲ့ အလုပ်ပင်လုပ်နေရသော လူငယ်တစ်ယောက်ပင်ဖြစ်လာချေပြီ။ ” ဟေ့ကောင် သာဝငေးလှချည်လားဟ ” ” ဟာ ချက်စူရာမင်းကလဲ ” ” မင်းကြည့်နေတာ ငါသိပါတယ်ကွာ “ဟုပြောပြောဆိုဆို ချက်စူရဲ့မျက်လုံးက ကောက်စိုက်နေကြသော လယ်သူမလေးများဆီသို့ရောက်ရှိသွားလေသည်။ ထိုအထဲမှ အသားညိုညို ပါးကွက်ကြားလေးနဲ့ မိန်းကလေးတစ်ယောက်ကို သာဝကြည့်နေခြင်းကို အသိပေးလိုက်လေသည်။ အသားညိုညို အသက် ၂၀ ကျော်အရွယ်မိန်းခလေးတစ်ယောက်မှာ မည်သူကိုမျှ မကြည့်အားပဲ ကောက်စိုက်လျှက်ရှိနေသည်။
” ဟဲ့ ဂျမ်းဘုံ နင့်ကို ကိုသာဝကြည့်နေတာ မျက်စိကျွတ်ကျမတတ်နော် ” ” ဟွန်း မအေးမြနော် ” ” အံမာ ညည်းကရော စိတ်မဝင်စားလို့လားအေ့ ” ” အမလေး အစ်မရယ် ဂျမ်းဘုံတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာပါနော် အာ့မျိုးတွေစိတ်မစားပေါင်တော် ” ” ညည်းလဲ မိဘ ရှိတာမဟုတ် ဟိုကလဲမိဘရှိတာမဟုတ်တော့ ငါတို့ကသဘောတူတယ်အေ ” ” အစ်မနော် ဟွန်းး ” ” အစ်မနော်မနေနဲ့အေ့ အလံမရှိတဲ့ ရထား တံခွန်မရှိတဲ့ဘုရား ၊ လင်မရှိတဲ့မိန်းမ မတင့်တယ်ဘူးတဲ့နော် ” ” ကဲပါ အစ်မရယ် စိုက်စိုက် နေပူလာပြီနော် ” ” အေးပါအေ အေးပါ ” နေလဲအတော်မြင့်တော့ ကောက်စိုက်သမများထမင်းစားနားကြလေပြီ။ သူတို့ထမင်းစားနားနေတဲ့နေရာနား မယောင်မလည်နဲ့ ကိုသာဝတစ်ယောက် ရစ်သီရစ်သီလုပ်နေလေရာ ” ကိုသာဝ ထမင်းစားပါဦးလားတော့ ” ” စားပါဗျာ စားပါ ” ” ဒါဖြင့် ဘာလာလုပ်နေတာတုန်း ” ” ဟိုလေ ဟို ပေါက်တူးဘယ်နားထားမိမှန်မသ်ိလို့ပါ ” ” ဟားဟား ဟားး ဟီးဟီးး ” လယ်သူမတစ်အုပ်လုံးဝိုင်းရီကြသဖြင့် ကိုသာဝလဲ ရှက်ရှက်ဖြင့်ထွက်သွားလေတော့သည်။
ဒီလိုနဲ့ အပျိုတစ်သိုက်နဲ့ကာလသားတစ်သိုက်၏စောင်မ ပံ့ပိုးမှုကြောင့် ကိုသာဝနဲ့ဂျမ်းဘုံတို့လူငယ်သဘာဝချစ်ကြိုက်မိလေကြတော့သည်။ ထိုအကြောင်းကိုရွာလူကြီးများသိသွားသောအခါ သူတို့၂ယောက်အား မေးစမ်း၍ ဆရာတော်ကျောင်းတွင်မင်္ဂလာဆွမ်းကပ်ပီးပေးစားလိုက်ကာ မွေးစားသားကို ဆရာတော်မှ လယ်၂ကွက်ဝယ်၍လုပ်ကိုင်စားသောက်ရန်စွန့်ကြဲလေသည်။ ရွာလူကြီးမှလည်း တမာပင်တန်းနားက နေရာလေးမှာသာဝတို့လင်မယားနေထိုင်နိူင်ရန် ရွာကာလသားများကိုတာဝန်ပေး၍ တဲအိမ်လေးဆောက်ကာပေးလေသည်။ လင်မယား၂ယောက် ညားကာစမို့ပျော်၍မဆုံးတပြုံးပြုံးပင်။ ကိုသာဝတစ်ယောက် ကိုယ်ပိုင်လယ်လေးနဲ့ ဆိုပေမဲ့ အားရင် ဖားရှာ ငါးရှာလုပ်သဖြင့်ပြေလည်ကြလေသည်။ ရက်တွေ လပြောင်း လတွေ ကြာလာတော့ ဂျမ်းဘုံတစ်ယောက် သားဦးကိုယ်ဝန်လေးပင်ရလာလေတော့သည်။ “ညီမ ရေတွေဆွဲမနေနဲ့လေ အစ်ကိုလုပ်ပါ့မယ် ” ” ရပါသေးတယ် အစ်ကိုရယ် ” ” ဟာ မလုပ်နဲ့မလုပ်နဲ့ အစ်ကိုပဲလုပ်မယ် ” ” ဒါဆိုလဲ ပီးရောတော် ” ကိုယ်ဝန်ရခါစထဲက မိန်းမကိုဘာမှမလုပ်ခိုင်းတော့ပေ။ ၉ လ လွယ်ဆယ် ၁၀ လဖွားပေမို့ တစ်လပီးတစ်လ ကုန်လွန်လာရာ မွေးဖို့အချိန်ပင် သိပ်မလိုတော့ပြီ။
တန်ဆောင်မုန်းလပြည့်နေ့ည ၁၀ နာရီ ” အမေ အမေ အားးးးးဗိုက်နာလိုက်တာ ” ” အစ်ကို အစ်ကို အရီးဒွေးလှကိုခေါ်ပေးပါ ” ” အေးညီမ အစ်ကိုအခုသွားခေါ်ပေးမယ် အားတင်းထားနော် ” ကိုသာဝရွာထဲသို့ပြေးအသွား ဘေးနားမှလူရ်ိပ်တစ်ရိပ်ဖြတ်ခနဲ့ ဝင်တိုက်လိုက်သလိုမျိုး လှည့်ကြည့်တော့လဲ ဘာမှမရှိ။ ဒါနဲ့ဆက်ပြေးလေသည်။ ” အရီး အရီး ” ” ဟဲ့ ဘယ်သူတုန်း ညကြီးမင်းကြီး ” ” ကျွန်တော်ပါ အရီးဒွေးလှ သာဝပါဗျ ” ” ဟဲ့အေး ဘာတုန်း နင့်မိန်းမ ဗိုက်နာနေပြီလား ” ” ဟုတ်ကဲ့ အရီးအာ့လာခေါ်တာ မြန်မြန်လေးလုပ်ပါအရီးရယ် ” ” ဟဲ့အကောင် ငါမွေးပေးလာတာအံတိုနေပြီ အားလုံးနင့်လိုတွေချည်းပဲ ” ပြောပြောဆိုဆိုအရီးဒွေးလှ လိုက်လာလေတော့သည်။ ” အားးး အမေ အမေရေ ” ” ညှစ်ထားသမီး ညှစ်ထား အားမလျှော့နဲ့ ” ” မရဘူး အရီးရယ် မရဘူးထင်တယ် နော် အီးဟီးဟီး ” ” ဒီလိုပဲကွဲ့ စိတ်မလျှော့နဲ့သမီးလေး ညှစ် ညှစ် ” ” ဟုတ်ပီး ဟုတ်ပီ ထွက်တော့မယ် အားတင်းထား ” ” အီးးအင်းအင်းးးးးအမလေးနော် ” ” အူဝဲ အူဝဲ ” ” မွေးပြီဟေ့ မွေးပြီ ” ” ဘာလေးလဲ အရီး ဘာလေးလဲဟင် ” ” ယောကျာင်္းလေးဟေ့ ယောကျာင်္းလေး ” ” ဟဲ့အကောင်ဝင်မလာနဲ့ဦး သွားသွား တယ်ခက်တာပဲ ” ” အရီး သားလေးကချောလားဟင် ” ” အေးကွဲ့ သမီးရဲ့ ” ” အင်းးးအင်းးး ” ” ဟဲ့ ဂျမ်းဘုံ ဂျမ်းဘုံ ” ” သတိထားလေ သမီး သတိထား ” ” ဟင် ကိုယ်ကျိုးတော့နည်းပြီထင်ပါရဲ့ ” ” သမီး သမီး “ “ဟဲ့ လာကြပါဦး လာကြပဦးဟဲ့ ” ” အရီး အရီး ဘာဖြစ်လို့လဲဗျ ” ဝရုန်းသုန်းကား အိမ်ပေါ်ပြေးတက်လာတဲ့ ကိုသာဝရဲ့မေးသံနဲ့အတူ ” မောင်သာဝရေ မင့်မိန်းမ ဆုံးဘီကွယ် ” “ဗျာ ” ” ဂျမ်းဘုံ ဂျမ်းဘုံ ညီမရယ် အစ်ကို့ကိုပစ်ထားခဲ့ပြီလားကွာ အီးဟီးဟီးးးး ” ” ကဲ မောင်သာဝရေ တရားနဲ့သာဖြေပါ လူလေးရယ် ” ” ဟိုမှာ ရွာလူကြီးတွေလဲလာနေပြီ ” ” ကျွန်တော်ဘယ်လိုဖြေရမှာလဲ အရီးရယ် ” ထိုစဉ်ရွာလူကြီးမှ ” မောင်သာဝရေ ယောကျာင်္းဖောင်စီး မိန်းမ မီးနေတဲ့ကွ ” ” တို့များ ဘယ်တတ်နိူင်တော့မလဲကွာ ” ” လုပ်ဆောင်ဖွယ်ကိစ္စတွေကိုပဲ ဆက်လုပ်ကြစို့ ငါ့တူရီး ” သေသည့်ညမှစ၍ ဂျမ်းဘုံအလောင်းနားမှ ကိုသာဝမခွာတော့ပါလေ။
ရွာရှိလူငယ်များအားလုံး နာရေးကိုဝိုင်းဝန်းလုပ်ဆောင်နေကြပါသော်လည်း ကိုသာဝတစ်ချက်လေးမျှပင်စောင်းငဲ့မကြည်ချေ။ ၃ ရက်မြောက်နေ့ ” ကဲ ဂျမ်းဘုံနဲ့ကလေးကိုလိပ်ပြာခွဲမယ် ” ” မြရင်တို့ ထွေးညိုတို့ လာကြဟေ့ ” ရွာမှအသက်ကြီးဆုံးအဖွားစော စကားကြောင့် ဘေးလူများပါစိတ်ဝင်တစား လာကြည့်ကြလေသည်။ ဂျမ်းဘုံနဲ့ မမြရင်တို့ ၂ယောက်ကြား ချိန်ခွင်လေးတစ်ခုချထားသည်က လူအများကိုပို၍စိတ်ဝင်စားစေသည်ထင်။ တိတ်ဆိတ်ငြိမ်သက်နေသည် အိမ်လေးထဲမှာ ငြိမ်သက်မှုကိုဖြိုခွင်းလိုက်သည်က မမြရင် ” ကဲ ဂျမ်းဘုံ ညီမလေး ညီမလေးရဲ့သားလေးကို အစ်မထိန်းသိမ်းစောင့်ရှောက်ပါ့မယ် ” ” ဒါကြောင့် အစ်မကိုပေးဖို့သဘောတူတယ်ဆိုရင် အစ်မဖက်ကိုချိန်ခွင်အလေးသာပေးနော် ” မမြရင် စကားသံအဆုံး၌ ချိန်ခွင်လျှာသည် မမြရင်ဖက်ကို နဲနဲလေးအစွန်းထွက်လာကာ ဆတ်ခနဲ အလောင်းဖက်သို့ စောင်းကျသွားလေသည်။ ” ဟာ ” လူအုပ်ကြီးမှဝိုင်း၍အော်လိုက်သောအသံကြောင့် လာကြည့်နေသော ကလေးများပင် မိဘဆီသို့ကြောက်လန့်တကြားပြေးသွားကြလေတော့သည်။ ” အမလေး ဂျမ်းပုံရယ်အစ်မနဲ့တောင် စိတ်မချဘူးလားညီမရယ် အီးဟီးဟီးးးးးး ” “ကဲ သမီးမြရင် နောက်ဆုတ်တော့ ” ” သမီးထွေးညို ရှေ့တို့ကွဲ့ ” ထွေးညိရှေ့ရောက်လာပီး တောင်းရာ အလောင်းဖက်သို့ပင် ချိန်ခွင်စောင်းလေသည်။
” ကဲ နောက်ဆုံး မောင်သာဝလာဟေ့ ” ကိုသာဝလဲ ဂျမ်းဘုံအနားကိုလာပီး ” ညီမရယ် သားလေးကို အစ်ကိုနဲ့စိတ်ချနော် ” ” အစ်ကိုပြုစုပျိုးထောင်ပါ့မယ် ” ” ညီမလဲစိတ်ဖြောင့်ဖြောင့်နဲ့သွားတော့နော် ” ” အစ်ကို့ကို ယုံတယ်မဟုတ်လားဟင် ” ကိုသာဝ ကလေးတောင်းနေသည်မှာ လွန်စွာဝမ်းနည်းစရာကောင်းလှသဖြင့် ဝိုင်းကြည့်နေကြသော ရွာသူရွာသားများမှာ မျက်ရည် မဆည်နိူင်ဖြစ်နေရပေသည်။ ချိန်ခွင်လျှာမှာစောနကလိုမဟုတ် လှုပ်ရမ်းနေသဖြင့် ” အစ်ကို့ဖက်သာ အလေးသာလိုက်ပါတော့ညီမရယ် ” ချိန်ခွင်လျှာမှာ ကိုသာဝဖက်ကိုရောက်မလို ရောက်မလိုနဲ့ နောက်ဆုံးဂျမ်းဘုံအလောင်းဆီသို့သာ စောင်းကျသွားသဖြင့် အဖွားစောသည် ထိုင်ရာမှထကာ ” သတ္တဝါတစ်ခု ကံတစ်ခုပေါ့လေ ” ဆိုပီးအိမ်ပေါ်မှ မျက်ရည်ဝဲကာဆင်းသွားလေတော့သည်။ ” ဟင် လုပ်ကြပါဦး လုပ်ကြပါဦး ” ကလေးချီလိုက်သောထွေးညိုအသံကြောင့် ” ဘာဖြစ်တာလဲဟ အလန့်တကြား ” ” ဒီမှာ ကလေးကပြာနှမ်းလာပီး အသားတွေအေးစက်နေလို့တော့ ” ” သား သားလေး သားလေး ” ကိုသာဝမှာ ထွေးညိုဆီမှ ကလေးကိုလှမ်းပွေ့လိုက်သော်လည်း ကလေးမှာငြိမ်သက်လျှက် ခဏတာရောက်လာသော လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားလေပြီ။ ကိုသာဝတစ်ယောက်မှာလဲ အရူးမီးဝိုင်းသည့်နှယ် မယားရော သားပါဆုံးပါးသဖြင့် ဘေးလူများဆွဲမနိူင်အောင် မဏ္ဏပ်စင်ကို ခေါင်းနဲ့ပြေးဆောင့်နေလေသည်။
အံကိုကြိတ်လျှက် လက်သီးဆုပ်ကာ ရင်ဖတ်ကြီးက ဖားဖိုသဖွယ် နိမ့်လိုက်မြင့်လိုက်ဖြင့် မြင်ရသူအပေါင်း ရဲ့စိတ်ဝယ် ကိုသာဝတစ်ယောက် ဘီလူးစီးနေသည့်နှယ်ပင်။ ရွာရဲ့ထုံးစံအတိုင်း မိခင်ရောကလေးအလောင်းပါရော၍ မီးသဂြုင်္ိလ်ပြီးနောက် လူကြီးများက ကိုသာဝကိုဝိုင်းဝန်းဖြောင်းဖြပြောဆိုနေကြလေသည်။ ထိုမှအစဉ်အတိုင်းရေသော် ( ၇ )ရက်မြောက် ရက်လည်လေသည်။ ရက်လည်ပြီးသည့်ညနေ၌ပင် လူကြီးများတားသည့်ကြားက ကိုသာဝတစ်ယောက် မိန်းမမရှိသည့်ရွာတွင်မနေလိုတော့ဟုဆိုကာ အဝတ်စားများယူ၍ ရွာမှထွက်ခွာသွားလေတော့သည်။ ရက်လည်ပီး ၂ ပါတ်ခန့်ကြာသော် ညနေညီကိုမသိတသ်အချိန် ” အူဝဲ အူဝဲ အူဝဲ ” ” ဟဲ့ မောင်တင်လှ ကလေးငိုသံကြားတယ် သွားကြည့်စမ်း ” ” ဟုတ်ကဲ့အမေ ” ကိုတင်လှ ကလးငိုသံကြားရသဖြင့်လိုက်ရှာရာ ကိုသာဝတို့အိမ်နား သို့ရောက်လေသည်။ ” အူဝဲ အူဝဲ ” ” ဟင် အသံက တမာပင်တန်းတွေနားကပဲ ” ” အူဝဲ အူဝဲ ” တမာပင်တန်းနားရောက်သော် ကလေးအသံက အပေါ်မှလာနေ၍ မော့ကြည့်လိုက်ရာ ” ဟမ် ဂျမ်း ဂျမ်း ဂျမ်းပုံ ” စကားတွေအထစ်ထစ် အငေါ့ငေါ့ဖြင့် အပင်ပေါ်မှ ကလေးချီကာ မိမိကိုစိုက်ကြည့်နေသော ဂျမ်းပုံကိုတော့သဖြင့် ကြောက်လန့်တကြားထွက်းပြေးလေသည်။
” အမေ အမေ အစ် အစ် ” ” ဟဲ့အကောင် ဘာဖြစ်လာတာလဲ ” ” အမေ အမေ ဂျမ်းပုံ သ သ သရဲ သရဲ ” ” ဟဲ့ ဘယ်ကသရဲတုန်း ” အမေကိုပြန်မဖြေအားပဲ ဘုရားစင်မှ ဘုရားသောက်တော်ရေကို ဂွတ်ခနဲမော့ချလိုက်ပီး နောက်တစ်ခွက်ကို ခေါင်းပေါ်ကလောင်းချလိုက်ပြီးနောက် အတန်ငယ်တည်ငြိမ်သွားဟန်ဖြင့် ” အမေ ဂျမ်းပုံ မကျွတ်ဘူး ” ” သူ့ကလေးချီပီး ကျွန်တော့်ကိုစိုက်ကြည့်နေတာများ အမေရယ် လိပ်ပြာလွင့်မတတ်ပဲ ” ” အခုထိမျက်လုံးထဲပြန်မြင်ယောင်နေသေးတယ် ဘုရား ဘုရား ” ” ဟုတ်ရော ဟုတ်ရဲ့လား သားရယ် ” ” အာ အမေ့ကိုလိမ်စရာလားဗျ ” ထိုသတင်းကနောက်နေ့ တစ်ရွာလုံးပြန့်သွားတော့သည်။ ♬ ♪ ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီးလာပြီ ♪ ♬ ♬ ကိုအောင်သူတို့ သူငယ်ချင်း ၂ယောက် ကိစ္စဖြင့်ဒီရွာရောက်ပီး ရွာခံတွေက ပြုစုသဖြင့်ရွာသို့ပြန်ရန်အချိန်အတော်ပင်လင့်သွားသောကြောင့် မူးမူးဖြင့် တမာပင်တန်းက ဖြတ်ပြန်လာကြသည်။လက်ထဲတွင်လဲ ကန်ဖော်လို့ပေးလိုက်သော ငါးရံ့ ၃ ကောင်ကိုဆွဲလာကြစဉ် ” အောင်သူ ငါ့နှာခေါင်းထဲ ဆနွင်းနံ့ရသလိုပဲ ” ” ငါမရပါဘူးကွာ မင်းကလဲ ဒီချိန်ကြီး ဘယ်က ဆနွင်းကရှိမှာလဲဟ ” တမင်ပင်တန်းကိုကျော်လာစဉ် ငါးတွဲကိုဆတ်ခနဲဆွဲလိုက်သဖြင့် နောက်ပြန်လှည့်ကြည့်ရာ ကလေးချီထားသောမိန်းမတစ်ယောက် လက်တစ်ဖက်ဖြင့် ငါးတွေကို အစိမ်းလိုက်စားနေလေရာ ” ဘာလုပ်တာလဲ ကောင်မ ပြန်ပေးစမ်း ” ” ဟီး ဟီးး ဟီးးးး ” ခြောက်ခြားဖွယ်ရာရီသံကြီးနဲ့အတူ ထိုမိန်းမသည် တမာပင်ပေါ်သို့ မတ်တတ်ကြီး လမ်းလျှောက်တက်သွားသဖြင့် ” ဟေ့ရောင် ပြေးပြေး သရဲကွ သရဲ ” ဟုဆိုကာသောက်ထားသောအရက်ရှိန်တွေပင် ဘယ်ပျောက်ကုန်သည်မသိ ခွေးပြေးဝက်ပြေး ပြေးတော့သည်။
ထိုအချိန်မှစ၍ တမာပင်းတန်းဆီသို့ နေ့ရော ညပါ မည်သူမျှ ယောင်လို့ပင်မသွားကြတော့ချေ။ တစ်နေ့ မြို့ကဧည့်သည်တွေရွာမှာ ရဟန်းခံရှင်ပြု အလှူလာလုပ်ကြလေရာ တစ်ရွာလုံးပျော်မဆုံး မီးခိုးတိတ် အလှူမှာကြိတ်ကြတော့သည်။ ” အောက် အီး အီးအွတ် ” မြို့ကရဟန်းလာဝတ်သော ကိုယ်တော် ၃ ပါး ကိုရင်ငယ် ၂ ပါးတို့သည် ကျောင်းသားနဲ့အတူ အာရုံဆွမ်းခံကြွကြသဖြင့် အရီးဒေါ်မယ်မြက ကြက်သားဟင်းလောင်းလိုက်လေသည်။ ဦးဇင်းတို့ဆွမ်းတန် း တမာပင်တန်းနားမရောက်တစ်ယောက်တွင် ရှေ့မှကလေးချီထားသော မိန်းမတစ်ယောက်ရပ်နေသဖြင့် ဆွမ်းလောင်းမည်အထင်နဲ့ ဆက်သွားရာ အနားသို့အရောက်တွင် ” ဟင်းပေးးး ” ” ဒကာမကြီးက ဆွမ်းဟင်းလောင်းမလို့ထင်တယ် ” ” ကျောင်းသား ကျောင်းသား ရှေ့ကိုလာကွဲ့ ” ဆွမ်းဟင်းချိုင့်သယ်သောကျောင်းသားလဲ နောက်ဆုံးမှရှေ့သို့ တက်လာရာ အနားအရောက်တွင် ” အမေရေ ကယ်ကြပါဦး ” ဟုအော်ကာ ဟင်းချိုင့်ကိုပစ်ချလျှက် ထွက်ပြေးလေတော့သည်။
မြေကြီးပေါ်ပစ်ချသွားသော ဟင်းချိုင့်မှ ကြက်သားများကို ကောက်စားနေသော မိန်းမအားကြည့်ကာ ကိုယ်တော်များအံ့သြနေစဉ် ကောက်စားနေသော မိန်းမက မော့ကြည့်သဖြင့် ” အားးးးးး လာကှပါဦး လာကှပါဦး ” ” သရဲ သရဲ “ဟုအော်ကာ အာဂန္တုကိုယ်တော်တို့လဲ နောက်ကျတဲ့ခြေထောက်သစ္စာဖောက် အလားးး။ မိုးလင်းသော် မြို့မှာပြန်သီတင်းသုံးမယ်ဟုဆိုကာဆွေမျိုးများကိုခေါ်၍ ပြန်ကြွကြလေတော့သည်။ အကြောင်းရင်းကို သိသွားသောဆရာတော်ကြီးသည် နောက်တစ်နေ့နံနက်ပိုင်း တစ်ပါးထဲတမာပင်တန်းဖက်သို့ ဆွမ်းခံကြွလေသည်။ အကျင့်သီလ နှင့်ပြည့်စုံပီး သုဿာန်ဓူတင် ကျင့်ဆောင်အပ်ဖူးသောဆရာတော်ကြီး၏ ခြေလှမ်းများကတည်ငြိမ်စွာ တမာပင်တန်းဆီသို့ တစ်လှမ်းချင်းလှမ်းလျှက် ———– ။ ” ဟင်းပေးပါ ” အသံနဲ့အတူ ထွက်ပေါ်လာသော ဂျမ်းဘုံ ” ဟင်းပေးပါ ” ထပ်မံတောင်းဆိုသံနဲ့အတူ ” ဒကာမလေး အလိုရှိအပ်သရွေ့ ယူပါလေ ” ဆရာတော်ရဲ့စကားအဆုံး သရဲမလဲ သပိတ်ထဲလက်နှိုက်ရာ နှိုက်မရချေ။ ” ဟင်းးးဟင်းးးးး ” နှိုက်မရ၍ ဒေါသထွက်နေသော သရဲမအားကြည့်ကာ ဆရာတော်မှ ” ကဲ ဒကာမလေးစားပါလေ ဘုန်းဘုန်းစွန့်ပါတယ် ” ဟုဆိုကာ ဟင်းများကိုပေးလေသည်။
” အီိးးးဟီးးးးးဟီးးးးး တပည့်တော်မကို ကယ်တင်ပါဘုရားးးးးအီးးးး ” ” အိမ်းးးးးးကောင်းပြီ ဒကာမလေး ” ” တပည့်တော်မ တပည့်တော်မရဲ့ အိမ်အိမ်အောက်ခြေက ဝါးလုံးထဲမှာ ကလေးမီးဖွားဖို့ ပိုက်ဆံစုထားပါတယ် အဲ့ဒါကိုထုတ်ပီး လှူတန်းအမျှဝေပေးပါ ဆရာတော်ဘုရား ” ” ဖြစ်ရပါစေ့မယ် သာဓုခေါ်ဆိုရန်သာ အာရုံပြ၍ နေရစ်ပေတော့ ” တည်ငြိမ်စွာ ကြွလှမ်းသွားသော ဆရာတော်ဘုရား၏နောက်ဝယ် သံသရာခရီးသည် တစ်ယောက်ဖြစ်သော ဂျမ်းဘုံသရဲမသည် တွေဝေငေးမောစွာ – – – – – –။ အာရုံကျင်းအလင်းရောက်သော် ရွာရှိလူကြီးများကိုခေါ်ကာ ဆရာတော်မှ ဂျမ်းပုံပြောပြသောအကြောင်းရာများကို မိန့်မှာလေသည်။ ရွာသားများမှာ တမာပင်တန်းသို့ မသွားရဲကြချေ။ အုပ်စုလိုက်သွား၍ရှာရာ ဆရာတော်မိန့်ကြားသည့်အတိုင်း ဝါးလုံးထဲမှ ပိုက်ဆံများကိုတွေ့ကြရလေတောသည်။
၎င်းပိုက်ဆံဖြင့် လိုအပ်သည်များဝယ်ဆောင်ကာ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား လှူဒါန်းဆက်ကပ်ကြပြီးနောက် ရေစက်သွန်းချအမျှဝေလေရာ ” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ အပေါင်း အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ” ” သာဓု သာဓု သာဓု ” ” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ အပေါင်း အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ” ” သာဓု သာဓု သာဓု ” ” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ အပေါင်း အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ” ” သာဓု သာဓု သာဓု ” ပြီးပါပြီ ရွှင်လန်းချမ်းမြေ့ကြပါစေ။
pageလေးကိုlike&followလုပ်ပေးချင်းဖြင့်ကူညီပါ





