
ကျုပ်ဖြင့် တစ်ဖက်တစ်လမ်းက စာသင်လိုက်၊ ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေလုပ်ကိုင်ပေးလိုက်နဲ့ တစ်ဖက်တစ်လမ်းကလည်း ရတဲ့အချိန်မှာ ဦးလူနီဆီသွားသွားပြီးတော့ ကူညီနေရသေးတယ်၊ ဦးလူနီဆီ ကပ်နေရတာကလည်း အကြောင်းရှိတယ်ဗျ၊ ဦးလူနီဆီက ဆေးတွေစွမ်းတယ်မဟုတ်လားဗျာ၊ အခုဆိုကျုပ်ဖြင့် ခွေးတွေကိုတောင် ပြောနိုင်ဆိုနိုင်နေပြီဆိုတော့ သူ့ဆီမှာ စုန်းတွေ၊ ကဝေတွေနိုင်တဲ့ ဆေးကောင်းဝါးကောင်းတွေ ရှိမယ့်ပုံပဲဗျ၊ ကျုပ်က ဆရာတော်တွေ၊ ဦးဇင်းတွေကို စုန်းတွေ၊ ကဝေတွေ နိုင်တဲ့ပညာမျိုးကို သင်ချင်တယ်လို့ တဖွဖွပြောပေမယ့် ဦးဇင်းတွေက ကျုပ်ကို စာတွေချည်းလှိမ့်သင်တာ၊ အခုဆိုရင် ကျုပ် ပရိတ်ကြီးဆယ့်တစ်သုတ်မှာ ကိုးမျိုးလောက် အလွတ်ရပြီဗျ၊ အာဋာနာဋိယသုတ်နဲ့ ဓဇဂ္ဂသုတ်ကတော့ ခပ်မေ့မေ့ပဲ၊ ဘေးကထောက်ပေးတဲ့သူရှိရင်ရပါတယ်၊ စာလုံးတွေလည်း ရေးတတ်နေပြီဗျ၊ ဖတ်တာလည်း အတော်ဖတ်တတ်နေပြီ၊ တစ်ခါတလေ ကျုပ်ပျင်းရင် ဘုန်းကြီးကျောင်းဆောင်တွေရဲ့ ထုတ်တန်းတွေ၊ ခါးပန်းတွေမှာ ရေးထားတဲ့ စာတွေကိုပေါင်းဖတ်တတ်နေပြီ။
ဘုန်းကြီးကျောင်းမှာလည်း အုပ်ချုပ်ပုံရှိသေးသဗျ၊ အစကတော့ ဘာမှန်းမသိပေမယ့် နောက်ပိုင်းမှ သိလာရတာ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အာဏာအရှိဆုံးကတော့ ကျောင်းထိုင်ဆရာတော်ပေါ့ဗျာ၊ ကျုပ်တို့ကျောင်းထိုင်ဆရာတော်ဘွဲ့က ဦးသြဘာသတဲ့ဗျ၊ ဒါပေမယ့် အားလုံးက ဆရာတော်ကြီးပဲခေါ်တာ၊ ဒီမြို့မှာတော့ တော်တော်လေးအရာရောက်တဲ့ ဆရာတော်ကြီးပေါ့ဗျာ၊ ကျောင်းထိုင်ရဲ့အောက်မှာ တိုက်အုပ်ဆရာတော်ဆိုတာ ရှိသဗျ၊ တိုက်အုပ်ဆရာတော်က ကျုပ်ဘကြီး ဦးရေဝတပေါ့ဗျာ၊ တိုက်အုပ်ဆိုတော့ ကျောင်းတိုက်တစ်ခုလုံးနဲ့ ပတ်သက်သမျှကိစ္စတွေမှာ ဟိုစပ်စပ်၊ ဒီစပ်စပ်လုပ်ကိုင်ရတာပေါ့။ တိုက်အုပ်ရဲ့အောက်မှာကျတော့ တိုက်ကြပ်ဆရာတော်ရှိတယ်၊ ဦးဇင်းတေဇက တိုက်ကြပ်ပေါ့ဗျာ၊ ပြီးတော့သူက လေသာကျောင်းကို အုပ်ချုပ်ရတယ်၊ လေသာကျောင်းမှာကလည်း ကျောင်းသားတွေ၊ ကိုရင်တွေ မတစ်ရာသားတွေဆိုတော့ ခပ်ကြမ်းကြမ်းမှ တော်ကာကျတာဗျ၊
စာချဆရာတော်ကတော့ ဦးပညာပေါ့ဗျာ၊ ကျောင်းမှာရှိတဲ့ စာသင်သား ရဟန်းတွေ၊ ကိုရင်တွေနဲ့ ကျုပ်တို့ကျောင်းသားတွေကို စာသင်၊ စာချပေးတာပေါ့ဗျာ၊ ဦးပညာကလည်း နှယ်နှယ်ရရမဟုတ်ဘူးတဲ့ဗျ၊ ပညာအလွန်တော်တာဆိုပဲ၊ မန္တလေးက စာပြန်ပွဲမှာ တော်လွန်းလို့ ဆုတောင်ရတယ်ဆိုပဲဗျ၊ ဟိုကရွာတွေက ဦးပညာကို သူတို့ကျောင်းမှာကျောင်းထိုင်လုပ်ပါဆိုပြီး ပင့်ဖိတ်ကြပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာမှာ သာသနာစည်ကားစေလိုတဲ့သဘောနဲ့ ဒီကျောင်းတိုက်ကို ပြန်လာတာတဲ့ဗျာ။ တစ်ချို့ဒကာတွေ၊ စာတတ်ပုဂ္ဂိုလ်တွေက သူတို့မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေ၊ နောက်ပြီး တရားဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင် ဦးပညာဆီကို လာမေးလျှောက်ကြရသတဲ့၊ ဦးပညာကလည်း ဒီဒကာတွေ ကျေနပ်လောက်တဲ့အထိ ပြန်ဖြေနိုင်တယ်တဲ့ဗျာ။
ကျုပ်တို့ကျောင်းမှာက မှန်ကူကျောင်း၊ လေသာကျောင်းဆိုပြီး ကျောင်းဆောင်ကြီးက နှစ်ဆောင်တည်းရှိပေမယ့် ကျောင်းဝင်းထဲမှာ တောထွက်ရဟန်းတွေက တစ်ပါးကျောင်းလေးတွေဆောက်ပြီး နေကြတာရှိတယ်၊ ရဟန်းအခေါ်အရ တောထွက်ဆိုတာက အိမ်ထောင်ရက်သားကျပြီးတော့မှ တရားအားထုတ်ချင်လို့ ရဟန်းပြုတဲ့ ဦးဇင်းတွေကိုခေါ်တာပါ၊ ငယ်ငယ်ကတည်းက ကိုရင်ဝတ်ပြီး ကြီးလာတော့ ရဟန်းဖြစ်သွားတဲ့ ဦးဇင်းတွေကိုတော့ ငယ်ဖြူလို့ခေါ်တယ်မဟုတ်လား။ ဆရာတော်ကြီးကတော့ ငယ်ဖြူပဲထင်ပါတယ်၊ ဦးတေဇနဲ့ ဦးပညာလည်း ငယ်ဖြူပဲဗျ၊ ကျုပ်ဘကြီး ဦးရေဝတကတော့ တောထွက်ပေါ့၊ သူ့သားသမီးတွေက ကျုပ်တို့ရွာတစ်ဖက်ကမ်းက ကျောရွာမှာနေကြတယ်။ တစ်ခါတလေကျတော့ တရားအားထုတ်မယ့် လူတွေက ယောဂီဝတ်ပြီးတော့ တဲထိုးပြီးလာနေတာတွေရှိတယ်။
ကျုပ်တို့ကျောင်းသားတွေ ကိုကျတော့ ကျောင်းသားကြီးတွေက ဦးစီးရတယ်ဗျ၊ အရင်ကဆိုရင်တော့ ကျောင်းသားကြီးလေးယောက်ရှိတယ်၊ အခုတော့ သုံးယောက်ပဲရှိတော့တာပေါ့ဗျာ၊ ကျောင်းသားကြီးကိုမှန်က သရဲခြောက်ခံရပြီးတော့ ကျောင်းထွက်သွားပြီမဟုတ်လား၊ ကျောင်းသားကြီးဆိုတဲ့အတိုင်း သူတို့အသက်တွေက ဆယ့်လေးငါးနှစ်ရှိပြီဗျ၊ ကျောင်းသားကြီးထဲမှာ ကိုထိန်ရယ်၊ ကိုထူးရယ်၊ ကိုထင်ရယ် သုံးယောက်ဗျ၊ ထူးဆန်းတာကတော့ သုံးယောက်စလုံးစနေသား၊ သုံးယောက်စလုံးလည်း နာမည်က ထဆင်ထူးတွေကြီးပဲ၊ ဒါကြောင့် ဦးတေဇက သူတို့သုံးယောက်ကို “ထသုံးလုံး” လို့ခေါ်တတ်သေးတယ်။
ကျောင်းသားတွေကြားမှာ ဖြစ်သမျှကိစ္စကို ကျောင်းသားကြီးတွေက ဖြေရှင်းပေးတယ်၊ ကျောင်းသားတွေလည်း များသောအားဖြင့် ကျောင်းသားကြီးတွေဖြေရှင်းပေးတာကို နာခံကြတာပါပဲ၊ ကျောင်းသားကြီးတွေကို ကျော်ပြီး အထက်ကိုဆက်တက်မယ်ဆိုရင်တော့ ဦးတေဇနဲ့တွေ့တော့မှာကိုးဗျ၊ ဦးတေဇနဲ့တွေ့ရင် တော်ရုံပြဿနာ ပါးစပ်နဲ့မပြီးဘူးဗျာ၊ ကျောင်းသားတွေ နောင်ကြဉ်အောင်ဆိုပြီး ဒဏ်တပ်သေးတာဗျ။
ဘုန်းကြီးကျောင်းမှာက တော်ရုံတန်ရုံ စာရေးတတ်ဖတ်တတ်ပြီဆိုရင် ကျောင်းပြန်နှုတ်သွားကြတာများတယ်၊ ကျောင်းထွက်ပြီးတဲ့သူက မိဘလက်ငုပ်လက်ရင်း ယာတွေ၊ ကိုင်းတွေပြန်လုပ်ရတာပေါ့၊ ဒီလိုမှမဟုတ်ဘဲ စာပေမှာ ပါရမီပါတယ်ဆိုရင်တော့ ကိုရင်ဝတ်ပြီး ဘုန်းကြီးစာဆက်သင်၊ စာမေးပွဲဆက်ဖြေပေါ့ဗျာ၊ အလွန်ဆုံး ဆယ်နှစ်၊ ဆယ့်သုံးနှစ်လောက်ဆိုရင် ကျောင်းပြန်နှုတ်သွားကြတာပဲ၊ အခုကျန်နေတဲ့ ကျောင်းသားကြီးသုံးယောက်ကတော့ ကူရာကယ်ရာမဲ့တွေတဲ့ဗျ၊ ကိုထိန်က မိဘမဲ့တဲ့ဗျ၊ ဦးတေဇနဲ့ ဆွေမျိုးမကင်းတော်တယ်၊ မိဘနှစ်ပါးစလုံး ဓါးပြတိုက်ခံရပြီး သေသွားတယ်ဆိုတော့ ဦးတေဇက ကျောင်းမှာခိုင်းရအောင်ဆိုပြီး ခေါ်ထားတာ၊ ကိုထူးကတော့ ဟိုးချင်းတောင်ခြေနားက ရွာကလေးကလာတာဗျ၊ မိဘက မကျွေးမမွေးနိုင်တော့လို့ဆိုပြီး ကျောင်းလာအပ်ထားခဲ့တာပဲ၊ လူက ချင်းစပ်တယ်ဆိုတော့ သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းပဲ၊ ဒါပေမယ့် စာပေအရာမှာတော့ မထူးချွန်ဘူးဗျို့၊ ကိုထင်ကတော့ ထူးခြားတယ်ဗျ၊ သူ့မိဘတွေ ကုန်ဝယ်လာရင်း ပျောက်ခဲ့တာဆိုပဲ၊ တစ်ချို့ကလည်း ပစ်ခဲ့တာလို့ပြောတယ်၊ ဈေးထဲမှာ တဝဲလည်လည်ဖြစ်နေတာနဲ့ ကျောင်းမှာခေါ်ထားတာ၊ လေးနှစ်သားလောက်ကတည်းက ကျောင်းရောက်လာတယ်ဆိုပဲ၊ အခုထိ သူ့မိဘဘယ်သူလဲဆိုတာ စုံစမ်းမရသေးဘူးတဲ့ဗျာ။
ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့ဆိုရင်တော့ စာရေးစာအံမလုပ်ရဘူး၊ စာမသင်ရဘူးပေါ့ဗျာ၊ အဲဒီနေ့မျိုးဆိုရင်တော့ ကျုပ်တို့အပြတ်ကဲတာပေါ့၊ ကျောင်းမှာ ဥပုသ်သည်တွေ၊ ယောဂီတွေရှိနေတာဆိုတော့ ကျောင်းအနားမှာမဆော့ဘဲ ကျောင်းတောင်ဘက် ယာခင်း၊ ကိုင်းခင်းတွေအနားမှာ ထွက်ဆော့ကြတာပေါ့ဗျာ၊ ကျုပ်တို့ဆော့တဲ့ကစားနည်းကတော့ ကလိန်စေ့ရိုက်တာပဲဗျ။
မကြားဖူးတဲ့သူတွေကို ရှင်းပြရအုံးမယ်၊ ကလိန်စေ့ဆိုတာ ပြောင်ချောချောနဲ့အစေ့ကြီးပေါ့ဗျာ၊ အဲဒီကလိန်စေ့ကိုရိုက်ဖို့ တစ်တောင်လောက်ရှိတဲ့တုတ်တစ်ချောင်းလိုတယ်ဗျ၊ အဲဒီတုတ်ကိုတော့ ကလိန်တံလို့ခေါ်တာပေါ့၊ အဲဒီကလိန်တံကို လက်ကကိုင်ပြီးတော့ ကလိန်စေ့ကို မြေကြီးမှာချတယ်ဗျ၊ ပြီးရင် ကလိန်စေ့တစ်ဖက်စွန်းကို ကလိန်တံနဲ့အားပြင်းပြင်းထောက်လိုက်ရင် ကလိန်စေ့က မိုးပေါ်ထောင်တက်လာတယ်၊ အဲဒီမိုးပေါ်ထောင်တက်လာတဲ့ ကလိန်စေ့ကို လေပေါ်မှာပဲ ကလိန်တံနဲ့ရိုက်ထုတ်ရတဲ့ကစားနည်းပါ၊ ရိုက်တဲ့လူ လေးငါးယောက်ရှိရင် အဝေးကြီးရောက်တဲ့လူက အနိုင်ပေါ့ဗျာ၊ ဒါပေမယ့် ထင်သလောက်တော့ မလွယ်ဘူးဗျ၊ ကလိန်စေ့ကလည်း ထောက်တတ်မှ လေပေါ်ကိုထောင်တက်တာ၊ မထောက်တတ်ရင် လေပေါ်မတက်ဘဲ မြေကြီးပေါ် လျှောတိုက်ထွက်သွားရော၊ အဲဒီလိုဆိုရင် ရှုံးတယ်ပေါ့ဗျာ၊ ပြီးတော့ လေပေါ်ထောင်တက်လာတဲ့ ကလိန်စေ့ကို တုတ်နဲ့ရိုက်ဖို့ကလည်း တော်တော်လက်မှန်းတည့်မှဗျ၊ မဟုတ်ရင် ချော်ချော်ထွက်နေလို့ ရိုက်မရဘူးပေါ့။
“ဟေ့၊ ငါတို့လည်းပါမယ်”
ကျုပ်တို့ဆော့နေရင်း ကျောင်းသားကြီးတွေဝင်လာတယ်၊ ကိုထင်က ကျုပ်တို့လက်ထဲက ကလိန်တံကိုလှမ်းလုတယ်ဗျ၊ ကျောင်းသားကြီးတွေပါလာရင် ပွဲကဆော့မကောင်းတော့ဘူး၊ သူတို့က အသက်ကြီးတော့ အားပိုရှိတယ်မဟုတ်လား၊ ကျုပ်တို့ ကလိန်စေ့ရိုက်ရင် အလွန်ဆုံးရောက်ရင် လေးငါးလံပေါ့ဗျာ၊ ကျောင်းသားကြီးတွေကျတော့ ကျုပ်တို့ထက်အရင်ဆော့လာတာဆိုတော့ တော်တော်ဆော့တတ်နေပြီ၊ တစ်ခါရိုက်ရင် အလံနှစ်ဆယ်၊ သုံးဆယ်လောက်တော့ ရောက်တယ်။
“ဟေ့ကောင်ငထင်၊ မင်းကလေးတွေကို အနိုင်မကျင့်ချင်နဲ့၊ မင်းသတ္တိရှိရင် ငါနဲ့ပြိုင်ရိုက်မလား”
ကစားဝိုင်းထဲ ဝင်လာတဲ့လူကတော့ ကိုထူးဗျ၊ ဒါနဲ့ ကျုပ်တို့လည်း ဖယ်ပေးလိုက်တာပေါ့၊ ပွဲကအခုမှ လက်ရည်ညီသွားတာဗျ၊ နှစ်ယောက်စလုံးက ကျောင်းသားကြီးတွေမဟုတ်လား။ အရင်ဆုံး ကိုထင်က ရိုက်မယ်တဲ့ဗျာ၊ ကလိန်တံကိုင်ပြီးတော့ မြေပေါ်က ကလိန်စေ့ကိုလှမ်းထောက်လိုက်တာ ထောက်ခနဲအသံမြည်ပြီး ကလိန်စေ့က ပျံတက်လာတာဗျာ၊ အဲဒါကို လက်အားနဲ့ အသားကုန်လွှဲပြီးရိုက်လိုက်ပြန်ရောဗျို့၊ ထောင်းခနဲ အသံခပ်ကျယ်ကျယ်ထွက်လာပြီးတော့ ကလိန်စေ့က လေပေါ်ပျံတက်သွားတာ၊ ဟိုးကိုင်းခင်းအစပ်ကိုသွားကျတယ်ဗျာ။
ကိုထူးက ခပ်ပြုံးပြုံးနဲ့
“ငထင်ရာ၊ မင်းအသက်ကြီးပြီး အားလည်းမရှိပါဘူးကွာ၊ မင်းလောက်တော့ ကလေးတောင်ရိုက်တတ်တယ်၊ ဖယ်ဖယ်၊ ကလိန်စေ့ဘယ်လိုရိုက်ရတယ်ဆိုတာ ငါရိုက်ပြမယ်”
ကိုထူးက ကလိန်တံယူပြီး ကလိန်စေ့ကိုလှမ်းထောက်တယ်၊ ပြီးတာနဲ့ အားကုန်လွှဲပြီး ရိုက်ထည့်လိုက်တာပါပဲ၊ သူရိုက်တာ အားပိုပြင်းတယ်ဗျ၊ ကလိန်စေ့က လေပေါ်ပျံတက်သွားပြီးတော့ ပျောက်သွားပါရောဗျာ၊ ကျုပ်တို့ဆို မိုးပေါ်လိုက်ကြည့်ပြီး အတော်ရှာရတာ၊ နောက်တော့မှ ဟိုးကိုင်းခင်းထဲကို ကျသွားတယ်ဗျ။
“တွေ့လားငထင်၊ မင်းရှုံးပြီနော်”
ကိုထင်ကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကိုထူးက ကျုပ်တို့ကိုကြည့်ပြီးတော့
“ကဲ ကျောင်းသားလေးတွေ၊ ကိုင်းခင်းထဲက ကလိန်စေ့သွားပြန်ကောက်ခဲ့ကြ”
ဒီတော့ ဗိုက်ပူက ခေါင်းခါတယ်။
“မသွားဘူး၊ ကိုထူးရိုက်တာ ကိုထူးဖာသာကောက်”
သခေါကလည်း
“ဟုတ်တယ်၊ အဲဒီကိုင်းခင်းက ဒေါ်ဖွားရှင်ရဲ့ ကိုင်းခင်းကြီး၊ ကျုပ်တို့မဝင်ရဲဘူး”
ကိုထူးက ခေါင်းကုပ်ရင်း
“မင်းတို့ကွာ၊ ဘုန်းကြီးကျောင်းသားတွေဖြစ်ပြီး ဘာတွေကြောက်နေတာလဲကွ၊ ကဲ မောင်ရှိန်၊ မင်းသွားကောက်စမ်းကွာ”
ကျုပ်လည်း ဘုမသိဘမသိနဲ့ ကိုင်းခင်းထဲကိုဆင်းလာခဲ့တာပေါ့ဗျာ၊ ကိုင်းခင်းဆိုတော့ ခြံတွေဘာတွေ ခတ်မထားပါဘူး၊ ကိုင်းခင်းဘေးနားမှာ ကပ်ပေါက်နေတဲ့ ချုံပင်တွေကို ဖြဲပြီးဝင်ခဲ့တာပဲ၊ အထဲမှာတော့ ငှက်ပျောပင်တွေပတ်ပတ်လည်စိုက်ထားတယ်၊ ပြီးတော့ ခရမ်းသီးပင်တွေလည်းရှိသဗျ၊ ခရမ်းသီးကောက်ကောက်ကြီးတွေဆိုရင် မြေကြီးကိုတောင်ထိနေတာဗျ၊ နောက်တော့ ငရုတ်သီးတွေစိုက်ထားတယ်၊ ငရုတ်သီးစိမ်းစိမ်းနီနီတွေဆိုရင် မိုးပေါ်ကို တထောင်ထောင်နဲ့သီးနေတာပဲဗျာ၊ ကျုပ်လည်း ကိုင်းခင်းထဲဆင်းပြီးတော့ ကလိန်စေ့ရှာရတယ်၊ တော်တော်နဲ့ရှာမတွေ့ဘူးဗျ၊ နောက်တော့မှ ခရမ်းသီးပင်တစ်ပင်အောက်ခြေနားမှာကျနေတာဗျ၊ ကျုပ်လည်း ကလိန်စေ့ကိုလှမ်းကောက်လိုက်ရော ကျုပ်ဇက်ပိုးကို လူတစ်ယောက်က ဆွဲလိုက်ပါရော။
“ဟယ်၊ သူခိုးလေး၊ ငါ့ကိုင်းခင်းထဲ ဘာဝင်ခိုးတာလဲ”
အဘွားကြီးတစ်ယောက်က ကျုပ်ဂုတ်ကိုဖမ်းဆွဲထားတာဗျ၊ ကျုပ်လည်း ပျာပျာသလဲနဲ့
“ဟာဗျာ၊ ကျုပ်ဘုန်းကြီးကျောင်းသားဗျ၊ သူများပစ္စည်းမခိုးဘူး၊ ကျုပ်တို့ဆော့ရင်း ကလိန်စေ့ကျသွားလို့ ဝင်ကောက်တာ”
ကျုပ်လက်ထဲက ကလိန်စေ့ကိုမြင်သာအောင်ပြလိုက်သေးတယ်၊ အဘွားကြီးက အပြင်ကိုတစ်ချက်ကြည့်ပြီး
“ဟဲ့ကောင်လေး၊ ဗလောင်းဗလဲမပြောနဲ့၊ နင်တို့ဟိုးမှာ ကလိန်စေ့ရိုက်နေတာ၊ ဒီအထိ ကလိန်စေ့က ကျမလား၊ နင်သူခိုး၊ နင်ခရမ်းသီးတွေခိုးချင်လို့ ငါ့ကိုင်းထဲဆင်းလာတာမဟုတ်လား၊ အခုလူမိတော့မှ ကလိန်စေ့ကောက်သလိုလုပ်တာ နင်မညာနဲ့”
“မညာပါဘူးဗျာ၊ ကျုပ်ခိုးဖို့လည်း စိတ်မရှိပါဘူး၊ ကလိန်စေ့ကလည်း ကျုပ်ရိုက်တာမဟုတ်ဘူး၊ ဟိုးက ကျောင်းသားကြီးတွေရိုက်တာ”
အဘွားကြီးက ဒီတော့မှ ကျုပ်ကိုသေချာကြည့်ရင်း
“အေး၊ နင်လိမ်သလား မလိမ်ဘူးလားဆိုတာ ငါစိတ်မဝင်စားဘူး၊ သွား၊ နောက်ဆို ငါ့ခြံထဲမလာနဲ့”
အဘွားကြီးက ကျုပ်ဇက်ပိုးကို အားနဲ့ရိုက်ထည့်လိုက်တယ်၊ ကျုပ်လည်း သူ့လက်ကလွတ်တာနဲ့ ခပ်မြန်မြန်ပြေးထွက်လာခဲ့တာပဲဗျာ၊ ကိုင်းခြံအစပ်နားမှာ စောင့်နေတဲ့ သခေါနဲ့ ဗိုက်ပူက ကျုပ်ထွက်လာတော့ ဝိုင်းဆွဲကြတယ်ဗျ။
“လာ မြန်မြန်လာမောင်ရှိန်၊ မင်းတွေ့ခဲ့တာ ဒေါ်ဖွားရှင်ကြီးကွ”
ကျုပ်လည်း သူတို့ဆွဲခေါ်ရာကိုလိုက်ခဲ့ရင်း ခပ်လှမ်းလှမ်းရောက်တော့မှ
“နေပါအုံး အဲဒီအဘွားကြီးက ဘာဖြစ်လို့လဲကွ”
“ဘာဖြစ်ရမှာလဲကွာ၊ အဲဒီအဘွားကြီးက စုန်းမကြီးကွ”
ကျုပ်ဖြင့် တော်တော်လန့်သွားတယ်။
“ဘာ၊ စုန်းမကြီးတဲ့လား”
“ဒါပေါ့ကွ၊ သူ့ကိုင်းခင်းထဲကို တခြားလူတွေဝင်တာမကြိုက်ဘူးကွ၊ ဘာလို့လဲဆိုတော့ သူ့ကိုင်းခင်းထဲမှာ သရဲကြီးတွေမွေးထားတာကိုး”
သူတို့ပြောမှ ကျုပ်ကျောချမ်းလာတယ်ဗျာ။ သခေါကဆက်ပြီးတော့
“သူ့သီးနှံတွေကောင်းနေတာ သရဲကြီးတွေက ပြုစုပျိုးထောင်နေလို့ကွ၊ တစ်ခါကလည်း ရွာသားတစ်ယောက် သူ့ကိုင်းခင်းအနားကိုသွားချောင်းကြည့်တော့ သရဲကြီးတွေက သူ့ကိုင်းထဲအပင်စိုက်ဖို့အတွက် ပေါက်တူးတွေနဲ့ မြေတွေပေါက်ပေး ဆွပေးနေတယ်ဆိုပဲ”
“ဟုတ်ရဲ့လားကွာ”
ဗိုက်ပူက ထောက်ခံတယ်။
“ဟုတ်တယ်၊ ပြီးတော့ တို့ကျောင်းသားတွေ သူ့ကိုင်းခင်းထဲလာရင် သူက ပညာစက်တွေနဲ့ ပြုစားလွှတ်တယ်ကွ၊ ကျိန်စာတွေတိုက်လွှတ်တယ်၊ သူ့ခြံထဲကပြန်လာပြီးတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်သတဲ့ကွ၊ မောင်ရှိန် မင်းကိုရော စုန်းမကြီးက ဘာလုပ်လိုက်သလဲကွ”
ကျုပ်လည်းခေါင်းခါလိုက်တယ်၊ ခေါင်းခါပြီးတော့မှ ဇက်ပိုးအရိုက်ခံရတာကို သတိရသွားတယ်ဗျ။
“ကိုထူးကသိပ်လွန်တာပေါ့ကွာ၊ သူပဲရိုက်ထုတ်ပြီးတောာ့ မင်းကိုသွားကောက်ခိုင်းရတယ်လိ့”
ကျုပ်တို့သုံးယောက်လည်း ပြောပြောဆိုဆိုနဲ့ ကျောင်းထဲကိုဝင်လာခဲ့ကြတယ်၊ ကျောင်းဝန်းထဲရောက်မှ ကျုပ်ဇက်ပိုးက နာလိုက်တာ ပြောမနေပါနဲ့ဗျာ၊ နာရင်းနဲ့ တဖြည်းဖြည်းထုံလာတယ်ဗျ။ ထမင်းစားကြတော့ ကျုပ်ဖြင့်အခြေအနေမကောင်းတော့ဘူးဗျာ၊ တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ ကိုက်လာပြီးတော့ ထမင်းစားတောင်မဝင်ဘူးဗျ၊ ဟိုကောင်တွေပြောသလို ဒေါ်ဖွားရှင်ကြီးက ကျုပ်များ စုန်းပညာနဲ့ ပြုစားလိုက်သလားမသိပါဘူးဗျာ။
(၂)
လူက လုံးဝနေလို့မကောင်းတာနဲ့ ကျုပ်လည်း ထမင်းစားသောက်ပြီးတော့ ကျောင်းအနောက်ဘက်က ဦးလူနီတဲကိုလာခဲ့တာပဲဗျာ၊ ဦးလူနီဆီမှာ ဆေးတွေဝါးတွေစုံတယ်ဆိုတော့ ဦးလူနီက ကျုပ်ကိုကုပေးနိုင်မှာသေချာတယ်မဟုတ်လား၊ ဦးဇင်းတွေပြောပြန်ရင်လည်း ကျုပ်တို့ကိုဒဏ်ချနေအုံးမယ်မဟုတ်လား။
ဇက်ပိုးက ထုံလာပြီးတော့ တော်တော်နာတာနဲ့ လက်နဲ့အုပ်ရင်း ဦးလူနီတဲပေါ်ပြေးတက်ခဲ့တာပေါ့ဗျာ။
“ဦးလူနီ၊ ဗျို့ ဦးလူနီ”
“ဟေ မောင်ရှိန်လား”
အိမ်ခန်းထဲကနေ ဦးလူနီထွက်လာတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး
“မျက်နှာလည်းမကောင်းပါလားကွ၊ မင်းဘာဖြစ်လာပြန်တာတုန်း”
“လုပ်ပါအုံးဗျာ၊ ကျုပ်ကိုစုန်းမကြီးက ပြုစားလိုက်တာ၊ ကျုပ်ဇက်ပိုးတွေ ပူလောင်နေပြီးတော့ တစ်ကိုယ်လုံးလည်း နေလို့မကောင်းတော့ဘူးဗျို့”
ဦးလူနီက ကျုပ်ကိုစမ်းကြည့်ပြီးတော့ မျက်မှောင်ကြုတ်တယ်။
“နေစမ်းပါအုံး၊ ဘာတွေဖြစ်လာတယ်ဆိုတာ ငါ့ကိုပြောပြပါအုံးကွ”
“ကျုပ်တို့ ကလိန်စေ့ရိုက်နေရင်း ကိုထူးက ဝင်ရိုက်တယ်ဗျာ၊ သူရိုက်လိုက်တဲ့ ကလိန်စေ့က သူများကိုင်းခင်းထဲရောက်လို့ ကျုပ်သွားကောက်တော့ ကိုင်းပိုင်ရှင် ဒေါ်ဖွားရှင်ဆိုတဲ့ အဘွားကြီးက ကျုပ်ကို ကိုင်းထဲသစ်သီးဝင်ခိုးပါတယ်ဆိုပြီး ဖမ်းပါရောဗျာ”
“မင်းက မခိုးဘူးမဟုတ်လား”
“ဘယ်ကလာခိုးရမှာလဲဗျာ၊ ဦးဇင်းတွေက နေ့တိုင်းသင်တယ်မဟုတ်လား၊ ကံငါးပါးလုံရမယ်၊ သူများပစ္စည်းမခိုးရဘူးလို့ သင်တယ်ဗျ၊ ကျုပ်ဖြင့်် ကလိန်စေ့ဝင်ကောက်ရုံကောက်တာပါဗျာ၊ သူ့ အသီးဝင်မခိုးပါဘူး”
ဦးလူနီက ခေါင်းညိတ်ရင်း
“အေးလေ၊ မင်းလိမ်မပြောတတ်ဘူးဆိုတာ ငါသိပါတယ်၊ ကဲ လာစမ်း၊ မင်းဖြူစင်ကြောင်း ပြရတာပေါ့”
ဦးလူနီက ကျုပ်ဇက်ပိုးကို အုပ်ကိုင်ပြီးတော့ တစ်ခုခုရေရွတ်နေတယ်ဗျ၊ ပြီးတော့ သူ့လက်ဝါးထဲကို ဖြူဖြူအမှုန့်တွေဖြူးလိုက်ပြီးတော့ ဇက်ပိုးကိုခပ်ဖွဖွအုပ်တယ်၊ ခဏကြာလို့ လက်ကိုဖွင့်ကြည့်လိုက်တော့ ဖြူဖြူအမှုန့်တွေက ကတ္တရာစေးလို မည်းမည်းနက်နက်အစေးတွေဖြစ်သွားတယ်။ ကျုပ်ကိုအဲဒီအစေးတွေပြရင်း
“တွေ့လားမောင်ရှိန်၊ အဲဒါ မင်းကို အစိမ်းတိုက်ကိုင်ထားတာကွ”
“အစိမ်းဆိုပေမယ့် အခုကြည့်တော့ အနက်ရောင်တွေပါလား ဦးလူနီ”
“အိုကွာ၊ အစိမ်းဆိုတာ ဟိုအစိမ်းရောင်ကိုပြောတာမဟုတ်ဘူးကွ၊ အစိမ်းသေ သေထားတဲ့ အစိမ်းသရဲနဲ့ လုပ်ခိုင်းထားတာကိုပြောတာ၊ မင်းအခု ဘယ်လိုနေသေးလဲ”
ဦးလူနီပြောမှ ကျုပ်လည်းသတိထားမိတယ်၊ ကျုပ်ဇက်ပိုးတွေ မနာတော့သလို၊ ပူစပ်ပူလောင်လည်း မဖြစ်တော့ဘူးဗျ၊ အားလုံးအကောင်းအတိုင်းပြန်ဖြစ်သွားပါရော။
“ဟာ၊ အားလုံးကောင်းသွားပြီ ဦးလူနီ”
“အေးအေး၊ မင်းကောင်းသွားတယ်ဆိုပေမယ့် ဒီအတိုင်းထားလို့တော့မဖြစ်သေးဘူး၊ ဒီလောက်ဟော့ရမ်းတဲ့စုန်းမကို ခေါ်ပြီး မှတ်လောက်သားလောက်အောင် ပြောမှဖြစ်တော့မယ်”
ဦးလူနီက ပြောဆိုရင်း သူ့လက်ထဲက အနက်ရောင်အစေးတွေကို တဲအရှေ့မြေပြင်ကို လှမ်းပက်ထည့်လိုက်ပါရောဗျာ၊ အနက်ရောင်ပျစ်ချွဲချွဲအစေးက မြေပြင်ပေါ်ကိုကျပြီးတော့ သူ့အလိုလိုလှုပ်လာသဗျ၊ ကျုပ်ဖြင့် မျက်လုံးတွေကိုပြူးသွားတာပဲဗျာ၊ အရည်လေးတွေက သူ့ဖာသာထသွားပြီး တွန့်လိမ်၊ တွန့်လိမ်နဲ့ ပြေးဖို့လုပ်နေပါရော၊ ဦးလူနီက အဲဒီအရည်တွေကိုကြည့်ရင်း
“ကဲ ဆေးစောင့်၊ ဝါးစောင့်တွေ၊ ဒီသရဲကိုချုပ်ထားစမ်း”
အစေးတွေက ဆက်မသွားနိုင်တော့ဘူးဗျ၊ ဒါပေမယ့်် သူ့ဖာသာသူတော့ လှုပ်နေသေးတယ်၊ တစ်ချက်တစ်ချက် မြေပေါ်ကိုကြွကြွတက်လာသေးတယ်။ ဦးလူနီက တဲပေါ်ကနေလှမ်းကြည့်ရင်း
“ခေါ်စမ်း၊ နင့််သခင်ကို ဒီကိုရောက်အောင်ခေါ်စမ်း”
ဦးလူနီက တစ်ယောက်တည်းပြောနေတာဗျ၊ ကျုပ်ဖြင့် ဆေးစောင့်ဆိုတာတွေကို မြင်လည်းမမြင်ရဘူး၊ နောက်ပြီး အစိမ်းသရဲက သူ့သခင်ကိုခေါ်တယ်ဆိုတာကိုလည်း မတွေ့ရဘူးဗျ၊ ဦးလူနီပြောပြီး မကြာပါဘူးဗျာ၊ ဘေးနားက ချုံတွေကိုတိုးသံကြားတယ်ဗျ၊ ပြီးတော့ တဲအိမ်ကလေးအရှေ့ကို ဒေါ်ဖွားရှင်ကြီးရောက်လာတာပါပဲ၊ ကျုပ်တို့ကိုလည်း မျက်ထောင့်နီကြီးနဲ့ ကြည့်လို့ဗျ။ ဦးလူနီက ကျုပ်ကိုကြည့်ရင်း
“ဟေ့ မောင်ရှိန်၊ မင်းနဲ့တွေ့တာ သူဟုတ်ရဲ့လား”
“ဟုတ်ပါတယ်၊ သူပါပဲ”
ဒေါ်ဖွားရှင်က ဦးလူနီကိုကြည့်ရင်း
“ဟေ့လူကြီး၊ ကျုပ်လူကို ပြန်လွှတ်ပေးစမ်းပါ၊ ချုပ်မထားစမ်းနဲ့”
“အောင်မာ၊ နင်ကများ လာစွာနေရသေးတယ်၊ ငါမေးမယ်၊ သူက နင့်ကိုင်းထဲက အသီးအနှံမခိုးဘဲနဲ့ နင်ကဘာလို့ သူ့ကိုလုပ်တာလဲ”
ဒေါ်ဖွားရှင်က ကျုပ်ကိုလှမ်းကြည့်ပြီး မျက်နှာတိမျက်နှာထားနဲ့
“သူခိုးကတော့ ခိုးတယ်လို့ပြောပါ့မလားတော့၊ ကျုပ်ကိုင်းထဲက သီးနှံတွေပျောက်ပျောက်နေတာ ဒင်းလက်ချက်ပဲနေမှာ”
“မောင်ရှိန်၊ မင်း သူ့ကိုင်းခင်းထဲက သီးနှံတွေခိုးသလား”
“မခိုးပါဘူးဗျာ၊ ကျုပ်ခိုးဖို့နေနေသာသာ ကိုင်းခင်းဘက်ကိုတောင် တစ်ခါမှမရောက်ဖူးပါဘူး”
“အိုတော်၊ ကျုပ်ကတော့ ဒီကောင်လေးပြောတာမယုံဘူး၊ ဒင်းတို့ကျောင်းသားတွေက အကုန်သူခိုးတွေချည်းပဲ”
ဦးလူနီက တော်တော်ဒေါသထွက်သွားပုံရတယ်။ ဒေါ်ဖွားရှင်ကိုလက်ညှိုးထိုးပြီး
“အောင်မယ်၊ နင့်ကိုင်းကို သူများခိုးတာဖြစ်မှာပေါ့၊ ဘယ်သူခိုးတယ်မှန်းမသိဘဲနဲ့ ကိုင်းခင်းထဲဝင်တဲ့သူတိုင်းကို သူခိုးလို့ ယိုးစွပ်စရာလား”
ဒေါ်ဖွားရှင်ကြီးတစ်ယောက် မျက်နှာပျက်သွားတယ်ဗျ၊ ပြီးတော့ မတ်တပ်ရပ်ရင်း တဆတ်ဆတ်တုန်လာတယ်၊ နဖူးကနေလည်း ချွေးသီးချွေးပေါက်တွေ ကျလာတယ်။
“ဟေ့လူကြီး၊ ရှင်ကျုပ်ကိုလက်ညှိုးမထိုးနဲ့နော်၊ ကျုပ်မခံနိုင်ဘူး”
ဦးလူနီက သတိရသွားပြီးတော့ လက်ညှိုးကိုပြန်ရုတ်သိမ်းလိုက်တယ်ဗျ၊ ပြီးတော့ အိမ်ထဲက ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်လိုက်တယ်၊ ရေခွက်က ထန်းသီးနဲ့လုပ်ထားတဲ့ ရေမှုတ်ပေါ့ဗျာ၊ ပြီးတော့ ကျုပ်အရှေ့မှာချပေးရင်း
“ကဲ အဘွားကြီး၊ ဘယ်သူခိုးသလဲ မှန်သလဲသိရအောင်လို့ စမ်းကြည့်ကြတာပေါ့၊ ကဲ မောင်ရှိန်၊ ရေမှုတ်ကို မင်းနဖူးမှာကပ်လိုက်ပြီး လိုက်ဆိုစမ်း”
ကျုပ်လည်း ဦးလူနီပြောတဲ့အတိုင်းလုပ်ရတာပေါ့ဗျာ။ ဦးလူနီက အရှေ့ကတိုင်ပေးတယ်။
“ကျွန်နု်ပ်သည် ဒေါ်ဖွားရှင်ပိုင်တဲ့ ကိုင်းခင်းထံမှ မည်သည့်သီးနှံကိုမှ ခိုးယူခဲ့ခြင်းမရှိပါ၊ ဤစကားသည် မှန်သောသစ္စာစကားဖြစ်ပါသည်။ ဤသစ္စာမှန်ပါက ဤရေသည် အရှိအတိုင်းသာ ရှိပါစေသား၊ သစ္စာမမှန် လိမ်လည်မိပါက ဤရေသည် ပွက်ပွက်ဆူပါစေသား”
ကျုပ်လည်း ဦးလူနီပြောတဲ့အတိုင်း လိုက်ပြောရတာပေါ့ဗျာ၊ ပြောပြီးတဲ့အထိ ရေက ဒီအတိုင်းပဲရှိနေတုန်းပဲဗျ၊ ဦးလူနီက ဒေါ်ဖွားရှင်ကိုကြည့်လိုက်ပြီး
“ခင်ဗျားလည်း သစ္စာဆိုစမ်းပါ၊ ခင်ဗျားသာ ဒီကလေးမခိုးဘဲ သူခိုးလို့ ယိုးစွပ်မိတယ်ဆိုရင် ခင်ဗျားရဲ့ ပညာတွေအကုန်ကွယ်ပျောက်ပြီး ရူးနှမ်းရပါစေသားလို့ ဆိုဗျာ”
ဒီတော့မှ ဒေါ်ဖွားရှင်က ရှုံ့မဲ့မဲ့နဲ့
“မ၊ မဆိုပါရစေနဲ့ ဆရာကြီးရှင့်”
“ဘာလဲ ခင်ဗျားမမှန်တော့ ခင်ဗျားကြောက်တယ်မဟုတ်လား၊ ကလေးတောင် သစ္စာဆိုရဲတာပဲ ခင်ဗျားလိုသေခါနီးက ဘာကြောက်စရာရှိသလဲ”
ဒေါ်ဖွားရှင်ထိုင်ချသွားပြီးတော့
“ကျုပ်မှားပါတယ် ဆရာကြီး၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်မစဉ်းစား မဆင်ခြင်ဘဲ လုပ်မိပါတယ်”
ဦးလူနီက မျက်နှာတိမျက်နှာထားနဲ့
“သူများကို လုပ်ချင်တိုင်းလုပ်ပြီးတော့မှ၊ မှားပါတယ်ဆိုပြီး တောင်းပန်ရုံနဲ့ ရရိုးလား၊ ကဲ မောင်ရှိန်၊ မင်းသူ့ကိုဘယ်လိုလုပ်ချင်သလဲ၊ မင်းလုပ်ချင်တဲ့အတိုင်းသာပြော သူခံရလိမ့်မယ်ကွ”
ကျုပ်လည်း လက်အုပ်ချီပြီးထိုင်ငိုနေတဲ့ ဒေါ်ဖွားရှင်ကို သနားတော့ သနားမိသွားတယ်ဗျ၊ ဒေါ်ဖွားရှင်က အသက်အတော်ကြီးနေပါပြီဗျာ၊ ငယ်ငယ်ရွယ်ရွယ်ကျုပ်တို့ကို ကန်တော့နေတာနဲ့တင် ကျုပ်တို့ရှိန်နေပါပြီ။
“ထားလိုက်ပါတော့ ဦးလူနီရာ၊ ကျုပ်လည်း အခုကောင်းသွားပြီပဲ၊ ဒေါ်ဖွားရှင်ကြီးကလည်း မသိလို့လုပ်မိတာပဲဗျာ၊ အခုကျုပ်မလုပ်ဘူးဆိုတာ သူသိသွားပြီဆိုတော့ တခြားမလိုတော့ပါဘူး၊ သူ့ကိုလွတ်ပေးလိုက်ပါ”
ဦးလူနီက ပြုံးရင်း
“ကြားတယ်နော်အဘွားကြီး၊ မောင်ရှိန်က ငယ်ပေမယ့် ခင်ဗျားတို့ သေခါနီးတွေနဲ့ စိတ်ထားအရမ်းကွာတယ်၊ ကဲ ကာယကံရှင်က ကျေနပ်နေပြီဆိုမှတော့ ကျုပ်ကြားက ဘာမှဝင်လုပ်စရာအကြောင်းမရှိတော့ဘူး၊ သွားတော့၊ ခင်ဗျားသွားတော့၊ ခင်ဗျားလူလည်း ပြန်ခေါ်သွားတော့၊ နောက်နောင် ခင်ဗျားပညာထုတ်သုံးမယ်ဆိုရင် ဆင်ဆင်ခြင်ခြင်လုပ်ပါ”
“ဟုတ်ကဲ့ပါဆရာကြီးရယ်၊ နောက်ပြီးတော့ ကျုပ် ဒီက သူငယ်ကလေးကို ကန်တော့ပါရစေ”
ကျုပ်လည်း ပျာပျာသလဲနဲ့
“ဟာ၊ မလုပ်ပါနဲ့၊ အဘွားက အသက်ကြီးတာပဲ ကျုပ်ငရဲကြီးနေပါအုံးမယ်”
“မောင်ရှိန်၊ မင်းမတားနဲ့၊ သူက မင်းကိုမကန်တော့လို့မရဘူးကွ၊ သူက မင်းလိုကိုယ်ကျင့်တရားကောင်းတဲ့လူကို စော်ကားထားတာ၊ မင်းက ခွင့်လွတ်ပေမယ့် နတ်ကောင်းနတ်မြတ်တွေ၊ ပုဂ္ဂိုလ်တွေက သူ့ကိုခွင့်မလွတ်ဘူး၊ သူသာ မင်းကိုမကန်တော့ရင် သူဒဏ်ခတ်တာခံရလိမ့်မယ်”
“ဟောဗျာ၊ ဒါဆိုရင်လည်း ကန်တော့ပါဗျာ”
အဘွားကြီးက ကျုပ်ကိုသုံးကြိမ်ကန်တော့ပြီးတော့မှ မြေကြီးပေါ်က အနက်ရောင်အစေးတွေကို လက်နဲ့ကောက်ယူပြီး ချုံထဲပြန်တိုးဝင်သွားတာပဲဗျာ၊ လူကြီးက ကန်တော့တယ်ဆိုတော့ ကျုပ်ဖြင့်မနေတတ်ဘူးဗျ။
“သူကန်တော့လို့ ကျုပ်အပြစ်မဖြစ်ဘူးမဟုတ်လား ဦးလူနီ”
“ဒီလို မောင်ရှိန်ရ၊ တို့ထုံးတမ်းစဉ်လာအရ ကြည့်မယ်ဆိုရင် အသက်ကြီးတဲ့သူက ငယ်တဲ့သူကို ကန်တော့လို့မရဘူးလို့ထင်ကြပေမယ့်၊ တို့ဗုဒ္ဓဘာသာမှတော့ သီလ၊ သမာဓိ၊ ပညာ ပိုများတဲ့လူကို ကန်တော့ရတာထုံးစံပဲ၊ ဟိုက ဘုရားတရားတစ်လုံးမှ မသိတဲ့ မိစာဒိဌိစုန်းမကွ၊ မင်းက ငါးပါးသီလကို လုံအောင်စောင့်ထိန်းတဲ့သူ၊ သီလခြင်းယှဉ်ရင် မင်းက သူ့ထက် အဆထောင်သောင်းချီပြီး ကွာတာပေါ့ကွ၊ ငါးပါးသီလမြဲတဲ့လူ၊ မိဘလုပ်ကျွေးတဲ့လူဆိုရင် သာမန်လူတွေမပြောနဲ့ နတ်သိကြားတွေ၊ ဒေဝတာတွေတောင်မှ ကန်တော့ကြသတဲ့ကွ”
ကျုပ်လည်း ဒီတော့မှ စိတ်ထဲဟင်းခနဲချနိုင်လိုက်တော့တယ်ဗျာ။
(၃)
တစ်ရက်တော့ လေသာကျောင်းအနောက်မှာ ကျောင်းသားတွေ၊ ကိုရင်တွေ တကျိတ်ကျိတ်နဲ့ဗျ၊ ကျုပ်နဲ့ ဗိုက်ပူလည်း သိချင်လို့ဝင်သွားတော့ ကျောင်းသားကြီးတွေက တိုးတိုးတိတ်တိတ်နဲ့တိုင်ပင်နေကြတယ်၊ ပြီးတော့ ဖျင်စအစုတ်ကြီးကိုဖွင့်လိုက်တော့ အောက်မှာ ငှက်ပျောခိုင်ကြီးထွက်လာတာဗျ၊ ရွှေငှက်ပျောခိုင်ကြီးဆိုတော့ နီရဲပြီးတော့ မှည့်ဝင်းနေတာပေါ့ဗျာ၊ ငှက်ပျောခိုင်ကြီးမှာ ငှက်ပျောဖီး ငါးဖီး၊ ခြောက်ဖီးလောက်တော့ ပါမယ်ထင်တယ်။
“ရော့၊ မင်းတို့တွေအတွက် ငါတို့ခွဲပေးမယ်၊ တစ်ယောက်ကို နှစ်လုံးစားကြ”
ကိုထူးက ကျုပ်တို့ကို ငှက်ပျောသီးတစ်ယောက်နှစ်လုံးစီပေးတယ်၊ လက်ဖျားဖီးက ငှက်ပျောသီးတွေဆိုတော့ အလုံးတော့နည်းနည်းသေးတာပေါ့ဗျာ၊ ဒါပေမယ့် ရွှေငှက်ပျောဆိုတော့လည်း အနံ့ကထူးထူးခြားခြားမွှေးနေပါရော၊ ကျုပ်လည်း ငှက်ပျောသီးအခွံခွှာရင်း ခေါင်းထဲအတွေးတစ်ခုရောက်လာတယ်ဗျ။
ငှက်ပျောသီးဆိုတာ အဖီးလိုက်ဘုရားတင်၊ ဆွမ်းကပ်ပြီး ဆရာတော်တွေပြန်စွန့်မှ ကျုပ်တို့စားရတာကလား၊ အခုကတော့ အခိုင်လိုက်ကြီးဗျ၊ ဒကာတစ်ယောက်ယောက်က အခိုင်လိုက်လှူတယ်ဆိုရင်တောင် ဦးဇင်းတွေက လှူတဲ့ဒကာ ကုသိုလ်ရအောင်ဆိုပြီးတော့ ဘုရားဆွမ်းကပ်ပေးမှာပဲဗျ၊ အခုက အခိုင်က ပုံမပျက်သေးတာရယ်၊ လေသာကျောင်းအနောက်မှာ ခိုးကြောင်ခိုးဝှက် အုပ်ထားတာရယ်ဆိုတော့ ဧကန္တ ခိုးလာ၊ ဝှက်လာတာများလားလို့ တွေးမိတယ်၊ ခိုးတာဝှက်တာဆိုရင်တော့ ကျုပ်မစားချင်ဘူးဗျာ။
“မောင်ရှိန်၊ မင်းမစားဘူးလား”
ဗိုက်ပူက ကျုပ်အနားကပ်လာတယ်၊ ကျုပ်လည်း မစားချင်တာနဲ့ လက်ထဲက ငှက်ပျောသီးနှစ်လုံးကို ဗိုက်ပူကိုပေးလိုက်တော့တာပါပဲ၊ ငှက်ပျောသီးနှစ်လုံးလောက်နဲ့ ဗိုက်ပူနံမကပ်တာ ကျုပ်သိပါတယ်၊ ကျောင်းသားကြီးတွေကတော့ လက်ရင်းဖီးက ငှက်ပျောသီးထွားထွားကြီးတွေကို အဖီးလိုက်ချပြီး မြိန်ရေယှက်ရေ အားရပါးရ စားသောက်နေကြရဲ့ဗျာ။
ဘာမှမထူးခြားပေမယ့် ညနေစာအံချိန်ရောက်တော့မှ ထူးတာပဲဗျာ၊ ဦးတေဇ စာအံခိုင်းတော့မှ ကျောင်းသားတွေအကုန်လုံး ဗိုက်တွေနာလို့ဆိုပြီး လူးလှိမ့်နေကြပါရော၊ ကိုရင်တွေတောင် ပါသေးတယ်ဗျာ၊ ဦးတေဇကလည်း အစပိုင်းကတော့ စာမအံချင်လို့ တမင်ဉာဏ်များနေတယ်ထင်တာ၊ နောက်တော့ကျောင်းသားတွေ အကုန်ဗိုက်တွေနှိပ်ပြီး တအင်းအင်းနဲ့အော်နေတော့မှ ဦးဇင်းရေဝတကိုပြေးခေါ်တာပဲ။
“ဟာ၊ မင်းတို့ဘာတွေဖြစ်ကြတာလဲ၊ ဘာတွေအစားမှားလို့လည်း”
ကိုထူးက ဗိုက်ကိုလက်နဲ့နှိပ်ရင်း
“မှန်ပါ၊ တပည့်တော်တို့ ဘာမှထူးထူးခြားခြားမစားပါဘူးဘုရား၊ ဘာကြောင့်မှန်းမသိ ဗိုက်တွေရစ်နာနေတာ”
ကျုပ်က မနာဘဲ ကြောင်တောင်တောင်နဲ့ထိုင်နေတာနဲ့။
“မောင်ရှိန်၊ မင်းရော ဘာမှမဖြစ်ဘူးလား”
“တပည့်တော်ကတော့ ဘာမှမဖြစ်ပါဘူး”
ဦးဇင်းရေဝတက ခေါင်းကုပ်ပြီးတော့
“တစ်ခုခုထူးနေပြီ၊ ဆရာတော်ကြီးကို သွားလျှောက်တင်အုံးမှ”
နောက်တော့ ဆရာတော်ကြီးရောက်လာပြီး ကြည့်ရှုတယ်ဗျ၊ လေဆန်တယ်ထင်လို့ ဗိုက်ကို မုန်ညင်းဆီတွေ၊ နှမ်းဆီတွေလူူးပေးတယ်၊ ဒါလည်း မထူးပါဘူးဗျာ၊ ဦးပညာက အခြေအနေကိုကြည့်ရင်း
“အရှင်ဘုရား၊ ဒီအခြေအနေက ထူးခြားပါတယ်ဘုရား၊ အစားမှားတာ၊ လေဆန်တာနဲ့ မတူပါဘူးဘုရား၊ တပည့်တော်အထင် လူလုပ်တာဖြစ်ပါလိမ့်မယ်၊ ပညာသည်တစ်ယောက်ယောက် ပညာကြိုးနဲ့ဖမ်းစားတာဖြစ်ပါလိမ့်မယ်”
“ဟေ၊ တို့ကျောင်းသားတွေကို ဘယ်လိုလူက လုပ်မှာလဲ ဦးပညာရဲ့”
ဦးပညာက တွေးတောရင်း
“မောင်ရှိန်တစ်ယောက် ဘာမှမဖြစ်ပုံထောက်တော့ သူတို့စားတဲ့အရာတစ်ခုကို မင်းမစားတာပဲဖြစ်မယ်မောင်ရှိန်”
ကျုပ်လည်း သတိရသွားပြီးတော့
“တင်ပါ့၊ တပည့်တော် ထင်နေတာတစ်ခုရှိပါတယ်ဘုရား”
“ဘာများလဲမောင်ရှိန်”
“နေ့ခင်းက ကျောင်းသားကြီးတွေ တပည့်တော်တို့ကို ရွှေငှက်ပျောသီးမှည့် တစ်ယောက်နှစ်လုံးကျွေးပါတယ်၊ ရွှေငှက်ပျောသီးခိုင်ကြီးကိုလည်း တွေ့လိုက်ပါတယ်ဘုရား”
ဦးဇင်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
“တို့ကျောင်းကို ဘယ်သူမှ ငှက်ပျောခိုင်မလှူထားပါဘူး၊ ဒီငှက်ပျောခိုင် ဘယ်ကရသလဲ”
ဦးတေဇက စစ်ဆေးဖို့အတွက် ကျောင်းအနောက်ကိုဆင်းကြည့်တော့ ငှက်ပျောခွံတွေတွေ့ပါရောဗျာ၊ ငှက်ပျောခိုင်ကတော့ မရှိတော့ပါဘူး၊ ဒါနဲ့ ဦးတေဇက ကျောင်းသားကြီးတွေကိုမေးတာပေါ့။
“ဟေ့ကောင်တွေ၊ မှန်မှန်ပြောစမ်း၊ ဒီငှက်ပျောခိုင်ကို မင်းတို့ဘယ်ကရသလဲ”
နောက်ဆုံးတော့ ကိုထင်က
“မှန်ပါ၊ အဲဒီငှက်ပျောခိုင်ကို တပည့်တော်တို့ ခိုးထားတာပါဘုရား”
“ဟာ၊ ဘယ်ကနေသွားခိုးတာလဲ”
“တပည့်တော်တို့ သုံးယောက် ဒေါ်ဖွားရှင်ကိုင်းထဲက ငှက်ပျောပင်က သွားခိုးပြီး ကျောင်းနောက်မှာ အုပ်ထားတာပါဘုရား၊ တစ်ပတ်လောက်တော့ရှိပါပြီ”
“တောက်၊ ထသုံးလုံးကတော့ လုပ်လိုက်ရင် အဆန်းချည်းပဲ”
ဆရာတော်ကြီးက ကျုပ်ကိုကြည့်ပြီး
“မောင်ရှိန်၊ သွားစမ်း၊ ကိုင်းတဲထဲက ဒေါ်ဖွားရှင်ကို သွားခေါ်ခဲ့စမ်း”
ဆရာတော်အမိန့်နဲ့ ကျုပ်လည်း ကျောင်းပေါ်ကဆင်းလာခဲ့တာပေါ့ဗျာ၊ ညဘက်ဆိုတော့ ကျောင်းဝန်းကြီးတစ်ခုလုံးက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကြောက်စရာကောင်းသဗျ၊ ဒါနဲ့ကျုပ်လည်း လေသာကျောင်းလှေကားအောက်မှာ ဝပ်နေတဲ့ မဲလုံးကြီးကိုကြည့်ရင်း
“မဲလုံးကြီး၊ ငါအဖော်မရှိလို့ လိုက်ခဲ့စမ်းကွာ”
မဲလုံးကြီးက ငေါက်ခနဲထလိုက်လာတယ်ဗျ၊ မဲလုံးကြီးက ကျုပ်အရှေ့မနီးမဝေးကနေ ဦးဆောင်သွားတယ်၊ သိပ်အားကိုးရတဲ့ကောင်ကြီးဗျာ၊ ကျုပ်လည်း မဲလုံးကြီးအနောက်ကနေ လိုက်ခဲ့တာပေါ့ဗျာ၊ တောင်ဘက်စည်းရိုးကနေထွက်လိုက်ပြီး ဒေါ်ဖွားရှင် ကိုင်းအနားကနေဖြတ်ခဲ့တော့ မဲလုံးကြီးက ကိုင်းခင်းထဲကိုကြည့်ပြီး ထိုးဟောင်သဗျ၊ ကျုပ်လည်း ကိုင်းခင်းထဲအမှတ်မထင်ကြည့်လိုက်မိတော့ ကိုင်းခင်းထဲမှာ ကုန်းကုန်း ကုန်းကုန်းနဲ့ မည်းမည်းအကောင်ကြီးတွေဗျာ၊ ဒီအကောင်ကြီးတွေ သခေါတို့ပြောဖူးတဲ့ သရဲကြီးတွေပဲနေမှာဗျ။
“မဲလုံးကြီး၊ သွားမဟောင်နဲ့ ဆက်သွားကြစို့”
မဲလုံးကြီးက မဟောင်တော့ပေမယ့် တအီအီနဲ့ဗျ၊ ဒေါ်ဖွားရှင်တို့က ကိုင်းခင်းတစ်ဖက်အစပ်မှာ တဲကလေးထိုးပြီး သားအမိနှစ်ယောက်နေကြတယ်၊ ကျုပ်တို့ တဲအနားက မြောင်းကူးတံတားလည်းရောက်ရော တံတားပေါ်မှာ လမ်းဘက်ကိုနောက်ပြန်ထိုင်နေတဲ့ လူကြီးတစ်ယောက်ကိုတွေ့ရသဗျ၊ လူကြီးရဲ့အဝတ်အစားတွေက စုတ်ပြတ်နေတာပဲဗျာ။
“ဟေ့ ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ”
“ဆရာတော်က ဒေါ်ဖွားရှင်ကြီးကို ခေါ်ခိုင်းလိုက်လို့ လာခေါ်တာပါ”
ကျုပ်ပြောပြီးရော အဲဒီလူကြီးက ကျုပ်တို့မျက်စိရှေ့တင်ပဲ ဖြတ်ခနဲပျောက်သွားရောဗျို့၊ အဲဒီတော့မှ ဒါလူမဟုတ်ဘဲ သရဲကြီးမှန်းသိလိုက်ရတာ၊ ကျုပ်အံ့သြနေတုန်းမှာပဲ ကိုင်းတဲထဲက ဒေါ်ဖွားရှင်တစ်ယောက်ထွက်လာတယ်၊ ကျုပ်ကိုတွေ့တော့
“သြော်၊ သူငယ်ကလေးပါလား၊ ဘာကိစ္စတုန်းကွဲ့”
“ဆရာတော် ခေါ်ခိုင်းလိုက်လို့ပါ”
ဒေါ်ဖွားရှင်က ကျုပ်အနောက်ကနေလိုက်လာရင်း
“ဘာလဲ မင်းတို့ကျောင်းမှာ တစ်ခုခုထူးနေပြီမဟုတ်လား”
“ဟုတ်ပါတယ်၊ ကျောင်းသားတွေ ဗိုက်တွေရစ်ပြီး အောင့်နေကြလို့ပါ”
“သူခိုးလေးတွေတော့ ငါ့လက်ချက်မိပြီ ဟီဟိ”
ရယ်မောရင်း လိုက်လာတာပဲဗျာ၊ ကျောင်းရောက်တော့ ဦးဇင်းတွေက တောင်းပန်ရတော့တာပေါ့။
“ဒေါ်ဖွားရှင်၊ ကျောင်းသားတွေ မိုက်မဲပြီး ဒေါ်ဖွားရှင်ဆီကနေ ခိုးယူခဲ့မိပါတယ်၊ ဒီအတွက် ကျုပ်တို့ကပဲ တောင်းပန်ပါတယ်၊ ကျောင်းသားတွေကို ဗွေမယူပါနဲ့ ကျုပ်တို့လျှော်ပေးဆိုလည်း လျှော်ပေးပါ့မယ်”
ဒေါ်ဖွားရှင်က ခေါင်းခါပြီးတော့
“မလိုပါဘူး၊ ဘုန်းဘုန်းတို့၊ ကျုပ် အလျှော်မလိုချင်ပါဘူး၊ ဒါထက် ဒီကျောင်းသားတွေ နောက်ဆိုခြေဆော့လက်ဆော့မဖြစ်အောင်ကိုပဲ ကြပ်ကြပ်မတ်မတ်လုပ်ပေးပါ”
“ကောင်းပါပြီ၊ ကျောင်းသားတွေကိုပြန်ဖြေပေးပါတော့ဗျာ၊ ဒီကောင်တွေကို ကျုပ်တို့သေသေချာချာဆုံးမပါ့မယ်”
“ကျုပ်ဘာမှ လွန်လွန်ကဲကဲမလုပ်ထားပါဘူး၊ သူတို့ဝမ်းရစ်အောင်ပဲလုပ်ထားတာပါ၊ နှမ်းဆီတစ်ဇွန်းတိုက်လိုက်ရင် ဝမ်းသွားပြီး ကောင်းသွားပါလိမ့်မယ်”
ဒေါ်ဖွားရှင်က ပြောဆိုပြီးတော့ ကျောင်းထဲကနေ ဘောက်ဆတ် ဘောက်ဆတ်ထွက်သွားတော့တယ်။ ဦးတေဇကတော့ ကြိမ်လုံးကြီး တရွယ်ရွယ်နဲ့ပေါ့ဗျာ။ ဦးဇင်းတွေဘက်က ပြန်တွေးကြည့်မိရင် သိပ်ရှက်ဖို့ကောင်းတာပေါ့၊ ဘုန်းကြီးကျောင်းသားက ခိုးဝှက်စားပြီး စုန်းလုပ်တာခံရတယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ကောင်းသလဲဗျာ၊ အရင်ဆုံးတော့ ဒေါ်ဖွားရှင်ပြောသွားတဲ့အတိုင်းကျောင်းသားတွေကို နှမ်းဆီတစ်ယောက်တစ်ဇွန်းတိုက်ပြီးတော့ သိပ်မကြာပါဘူး သူတို့တွေ အိမ်သာကိုတန်းပြေးကြတယ်၊ အိမ်သာကဆင်းလာတော့ ကောင်းသွားကြတာပါပဲ။
“မင်းတို့ကောင်တွေကွာ၊ ဘုန်းကြီးကျောင်းသားဖြစ်ပြီး ခိုးဝှက်စားရတယ်လို့၊ မင်းတို့တွေအကုန်လုံးကို ရေဒဏ်၊ သဲဒဏ် တပ်မယ်၊ လောလောဆယ်တော့ ကြိမ်ဒဏ်ပေါ့ကွာ၊ ကဲ ခိုးတဲ့ကောင်အရင်လာ၊ ကျောင်းတိုင်ကိုဖက်စမ်း”
ဦးတေဇက ကျောင်းသားကြီးတွေကို ကျောင်းတိုက်ဖက်ခိုင်းပြီး တရွှမ်းရွှမ်းနဲ့ ဆော်တော့တာပဲဗျာ၊ ဦးတေဇလက်ချက်နဲ့ အဲဒီညက ကျောင်းသားကြီးတွေမှာ အော်လိုက်ဟစ်လိုက်ကြနဲ့ ဆူညံနေတော့တာပေါ့ဗျာ။ အဲဒီနောက်ပိုင်းကတည်းက ကျောင်းသားတွေ နှောင်ကြဉ်သွားတာပဲဗျာ၊ ခိုးဖို့နေနေသာသာ ကျောင်းသားကြီးတွေက မုန့်တွေဘာတွေ ဝေပေးရင်တောင်မှ ခိုးထားတာလား၊ ဘယ်သူပေးတာလဲဆိုပြီး မေးမြန်းပြီးတော့မှ စားရဲကြတော့တာပဲ၊ ဦးတေဇရဲ့လက်သံကို ကြောက်တာထက်၊ စုန်းပြုစားခံရမှာ ကြောက်တာလည်း ပါတာပေါ့ဗျာ။
ပြီးပါပြီ။
Leave a Reply