ကတိသစ္စာ(စ/ဆုံး)

ကတိသစ္စာ(စ/ဆုံး)

အချိန်ကာလက မြန်မာနိုင်ငံကိုအင်္ဂလိပ်များ အုပ်စိုးစဉ်အချိန်။ဇွဲကပင်တောင်ခြေရှိ ရွာတစ် ရွာမှာ စိတ်ကောင်းရှိ၍ ရိုးသားသော မောင်ဘညာဏ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိလေသည်။ မောင်ဘဉာဏ်မှာ မိဘများက ဆင်များပင်ပိုင်အောင် ချမ်းသာပြီး တစ်ဦးတည်းသော သားဖြစ်ပေမဲ့ သောက်စား ရမ်းကားခြင်းမရှိ။စိတ်ကောင်းစေတနာလဲရှိပြီး ရွာထဲရှိ မရှိဆင်းရဲသားများ အပေါ်တွင်လဲ ပေးကမ်းထောက်ပံ့သ ဖြင့် တစ်ရွာလုံးက ချစ်ခင်ကြ၏။

တစ်နေ့မှာတော့ မောင်ဘဉာဏ်ဟာ ဇွဲကပင်တောင်ဘုရားကို ဖူးချင်စိတ်ဖြစ်ပေါ်လာ၍ မိဘများကို ခွင့်တောင်းပြီး ရေဘူးနှင့် လမ်းတွင်စားရန် ထမင်း တစ်ထုပ်ထုပ်ယူ၍ မြင်းစီးကာ နံနက်စောစောတွင် တစ်ယောက်ထဲ ထွက်လာခဲ့သည်။ဇွဲကပင်တောင်ခြေရောက်တဲ့ အခါ မြင်းကို တောင်ခြေမှာထားခဲ့ပြီး တောင်ပေါ်သို့ ခြေလျင်တက်ခဲ့သည်။ထိုအချိန်က တောင်တက်လမ်းမှာ ယခုကဲ့သို့ ကောင်းမွန်ခြင်းမရှိသေး။မတ်စောက်သောတောင်ဖြစ်ပြီး လူသွားလမ်းလေးသာရှိ၍ ဖြည်းဖြည်းချင်း တက်လာခဲ့၏။လမ်းတစ်ဝက်လောက်ရောက်တဲ့ အခါမှာ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသော ရသေ့ကြီးတစ်ပါးကို တွေ့လိုက်ရသည်။

ဒါနဲ့ မောင်ဘဉာဏ်ဟာ ရသေ့ကြီးကို ဦးချပြီး ပါလာတဲ့ရေဘူးလေးကို ကပ်လိုက်ပါသည်။ပြီးတော့ နေကိုကြည့်လိုက်တော့ နေကအတော်မြင့်နေပြီ။ဒါ့ကြောင့် ရသေ့ကြီးကို လျောက်လိုက်ပါသည်။ “အရှင်ဘုရား ဆွမ်းကိစ္စ ပြီးစီးခဲ့ပါပြီလားဘုရား” “မပီးခဲ့သေးပါဘူး ဒါယကာလေး” မောင်ဘဉာဏ်က သူလမ်းမှာစားဖို့ ထုတ်ယူ လာတဲ့ ထမင်းထုပ်ကို ရသေ့ကြီးကို ကပ်လှူ လိုက်ပါသည်။ရသေ့ကြီးလဲ လက်ခံပြီး ကျောက်တုံးပေါ်မှာပဲ သုံးဆောင်လိုက်လေသည်။ မောင်ဘဉာဏ်လဲ ဝမ်းသာပီတိဖြစ်နေပါသည်။ဆွမ်းစားပြီးတဲ့ အခါမှာ ရသေ့ကြီးက သူ၏ လွယ်အိပ်ထဲမှ လက်နှစ်သစ်ခန့်ရှိတဲ့ ဆေးခဲ မဲမဲလေးကို ထုတ်ယူလိုက်ပြီး “ဒကာလေးဟာ အင်မတန် စိတ်ကောင်းစေတ နာ ရှိပေတယ်….ဒါ့ကြောင့် ဘရသေ့က ချီးမြှင့် ခဲ့ မယ်….ဟောဒီဆေးခဲလေးကို ရသလောက် ဖဲ့ယူထားလိုက်ပေတော့…. လို့ မိန့်ပြီး မောင်ဘဉာဏ်ကို ပေးလိုက်၏။ မောင်ဘညာဏ်လဲ ဆေးခဲလေးကို ယူပြီး လက် နဲ့ ဖဲ့ ကြည့်သည်။

မရဘူး။ပါးစပ်နဲ့ကိုက်ဖဲ့သည်။ မရပြန်ဘူး။ဒါနဲ့ ကျောက်တုံးကြီး တစ်တုံးပေါ်တင် အပေါ်က ကျောက်တုံးတစ်တုံးနဲ့ ထုချလိုက်သည်။ကျောက်တုံးတွေသာ ကြေမွသွားပြီး ဆေးခဲလေးက အရာပင်မထင်သေး။သူလုပ်သမျှကို ရသေ့ကြီးက ပြုံးပြီး ကြည့်နေပါသည်။ ” ကဲ ဒကာလေး….ဒကာလေး တနေကုန် ကြိုးစားထုရင်တောင် ဆေးခဲလေးက နှမ်းတစ်စိ စာမှ ပဲ့မှာမဟုတ်ဖူး….အချိန်နက္ခတ်မကျသေး လို့ ဒကာလေးကို စမ်းသပ်ခိုင်းနေတာပါ…. ခုအချိန်ကျပြီ ဘရသေ့ကို ဆေးခဲလေး ပြန်ပေး တော့…. လို့ မိန့်တာနဲ့ မောင်ဘဉာဏ်လဲ ပြန်ပေးလိုက်သည်။ “ဒကာလေး….သူတစ်ပါး သားမယားရယ်…. အရက်သေစာရယ်….ယုတ်ညံ့တဲ့ ခွေးသားရယ် အဲ့ဒီသုံးခုကို တစ်သက်လုံး မသောက်စား မကျူးလွန်ပါဘူးလို့ ကတိသစ္စာ ဆိုနိုင်မလား… ကတိသစ္စာ ဆိုနိုင်မယ်ဆိုရင် ဘရသေ့ စွမ်း သလောက် ချီးမြှင့်ခဲ့မယ်….သေချာစဉ်းစားပါ… “တင်ပါ့ ကတိသစ္စာ ဆိုနိုင်ပါတယ်ဘုရား… လို့ မောင်ဘဉာဏ် ပြန်လျောက်တော့ ရသေ့ ကြီးဟာ သူ့လွယ်အိပ်ထဲက ဗူးသေးသေးလေးတစ်ခုကို ထုတ်ယူ လိုက်ပါတယ်။ဗူးလေးကို ဖွင့်ပြီး စောစောက ဆေးခဲလေးကို လက်သည်းနဲ့ ခြစ်ချလိုက်တယ်။

မောင်ဘဉာဏ် မျက်လုံးပြူးသွားရပါတော့တယ်။သူ ပင်ပင်ပန်းပန်း ကိုက်ဖဲ့ ထုချေတုန်းက ဘာမှမဖြစ်ခဲ့တဲ့ ဆေးခဲလေးဟာ ရသေ့ကြီး လက်သည်းနဲ့ အသာအယာခြစ်လိုက်တဲ့အခါမှာ ဆေးမှုန်းမဲမဲလေးတွေ ကျလာကိုး။ရသေ့ ကြီးဟာ ဆေးမှုန့်တွေခြစ်ချထားတဲ့ ဗူးလေးထဲ ကို ရေနဲနဲထည့်လိုက်ပြီးတော့ ကောင်း ကင်ကို မော့ကြည့်ရင်း တစ်စုံတစ်ရာကို တီးတိုး ရွတ်ဆိုနေပါတယ်။ပြီးတဲ့အခါ လွယ်အိတ်ထဲက စုတ်ချွန်သေးသေးလေးကို ယူပြီး မွှေလိုက်တယ်။ပြီးရင် မောင်ဘဉာဏ်ကို တင်ပျင်ခွေထိုင် ခိုင်းလိုက်ပါတယ်။ “ဒကာလေး စောနက ဘရသေ့ပြောခဲ့တဲ့ ကတိ သစ္စာ သုံးခုကို အသက်နဲ့လဲပြီး စောင့်ထိန်းပါ… တိုင်းပြည်နဲ့ လူမျိုး ဘာသာသာနာကို စောင့်ရှောက်ပါ….သစ္စာပျက်ခဲ့ရင်တော့ ဒကာလေးဟာ ဘေးဒုက္ခ အမျိုးမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်…. လို့ မိန့်ပြီး မောင်ဘဉာဏ်ရဲ့ ခက်မငါးဖြာမှာ စုတ်လေးနဲ့ ဆေးပေါက်ပေးလိုက်ပါတော့တယ်။ဆေးပေါက်လိုက်တယ် ဆိရင်ပဲ မောင်ဘဉာဏ်ဟာ တစ်ကိုယ်လုံးပေါ့ပါး သွားပြီးခုန်ချင် ပျံချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။

ရသေ့ ကြီးက မောင်ဘဉာဏ်ကို ထပ်ပြီးမှာတယ်။ “ဒကာလေး….ဘရသေ့မှာခဲ့တဲ့ သူတစ်ပါး သားမယားရယ်….အရက်သေစာရယ်….ယုတ် ညံ့တဲ့ ခွေးသားရယ်….အဲ့ဒီသုံးခုကို အသက်ထက်ဆုံး ရှောင်ကျဉ်ပါလေ….ဘရသေ့လဲ တောင် အောက်ကို ဆင်းတော့မယ်…. လို့ မိန့်ပြီး တောင်အောက်ကို ဆင်းသွားပါတော့ တယ်။ရသေ့ကြီး ဆင်းသွားတာဟာ မြေပြင်နဲ့ ခြေဖဝါး မထိသလို မြန်ဆန်လွန်းလှလို့ မောင် ဘညာဏ်ဟာ အံ့သြတစ်ကြီး ငေးကြည့်နေမိတယ်။ရသေ့ကြီး မြင်ကွင်းကပျောက်သွားမှ မောင်ဘဉာဏ်လဲ တောင်ပေါ်ကိုဆက်တက်ခဲ့ ပါတယ်။အဲ့ဒီမှာ သူဟာ မောပန်းခြင်းမရှိတော့ တာကို သတိထားမိလိုက်တယ်။တောင်ထိပ်ကို ရောက်တော့ စေတီရှေ့မှာ ထိုင်ပြီးဦးချ ဝတ်ပြု လိုက်တယ်။ပြီးတော့ စေတီတော်ရင်ပြင်မှာထိုင် ပြီး ရသေ့ကြီးအကြောင်း တွေးနေမိတယ်။ရသေ့ကြီးဟာ ဘယ်ကလာလို့ ဘယ်ကိုသွားမှန်းလဲ မသိ။ဘွဲ့အမည်နာမ လဲ သူမမေးလိုက်မိ။

ဒီလိုနဲ့ ခဏကြာတော့ သူတောင်အောက်ကို ပြန်ဆင်းခဲ့တယ်။တောင်ခြေရောက်တော့ ချည် ထားခဲ့တဲ့ မြင်းကိုစီးပြီး ရွာကိုပြန်လာခဲ့တယ်။ ရွာထိပ်ကိုရောက်တဲ့အခါမှာ သူဟာမြင်းကိုဖြေး ဖြေးချင်းပဲ စီးပြီးဝင်လာခဲ့တယ်။အဲ့ဒီမှာပဲ ရွာစည်းရိုးဘေးက ဒူးရင်းပင်ကြီးပေါ်က ဒူးရင်းသီး ကြီးတစ်လုံးဟာ သူ့အပေါ်ကို တည့်တည့်ကြွေ ကျလာပါတယ်။မြင်းပေါ်မှာဆိုတော့ သူမရှောင် နိုင်။သူ့ခေါင်းပေါ်ကို ‘အုန်း’ဆို တည့်တည့်ထိမှန်ပါတော့တယ်။ဒါပေမဲ့ သူဟာ အနည်းငယ်မျှ ပင် နာကျဉ်ခြင်းမရှိပေ။ဒီအချိန်မှာသူ့ခေါင်းပေါ် ကို ဒူးရင်းသီးကြီးပြုတ်ကျတာကို မြင်လိုက်ကြတဲ့ ရွာသားများ ပြေးလာကြပါတယ်။အနားရောက်တဲ့အခါမှာ သူ ဘာမှမဖြစ်တာတွေ့ကြရတော့ အံ့ သြနေကြပါတယ်။

“ဟေ့…မောင်ဘဉာဏ် မင်းခေါင်းပေါ်ကို ဒီဒူးရင်းသီးကြီး ပြုတ်ကျတာ မင်းဘာမှမဖြစ်ဖူးလား” “ဟုတ်ကဲ့ ဦးကြီး… ကျွန်တော် ဘာမှမဖြစ်ပါဘူးဗျ…ကျွန်တော် အိမ်ပြန်တော့မယ်” လို့ ပြောပြီး အေးအေးဆေးဆေးပဲ ပြန်လာခဲ့ပါ တော့တယ်။ရွာသားများကတော့ အံ့ သြတစ် ကြီးနဲ့ ကျန်နေခဲ့ကြတာပေါ့။သူတို့ရွာမှာ ဒူးရင်းသီး ခေါင်းပေါ်ပြုတ်ကျလို့ သေတဲ့သူက နှစ်ယောက်ရှိနေပြီလေ။မောင်ဘဉာဏ် ကျမှ ဘာမှ မဖြစ်ဖူးဆိုတော့ မအံ့ သြပဲ နေနိုင်ရိုးလား။ဒီရွာသားတွေရဲ့ သတင်းဖြန့်မှုကြောင့် မောင်ဘဉာဏ်ရဲ့ သတင်းဟာ ရွာထဲမှာ ပျံ့သွားပါတော့တယ်။အဲ့ဒီအထိ မောင်ဘညာဏ်ဟာ သူ့ကိုယ် သူ သတိမထားမိသေးပါဘူး။

ဒီလိုနဲ့ လပြည့်နေ့ ညရောက်တဲ့အခါမှာတော့ သူဟာ ခုန်ချင်ပျံချင် စိတ်တွေ မနေနိုင်နိုင်အောင် ဖြစ်လာတာမလို့ အိမ်ရှေ့ ကွင်းပြင်ကြီးမှာ ထွက်ပြီး ဓားနှစ်လက်နဲ့ သိုင်းကစားပါတယ်။ပြီးတော့ ဓားနှစ်လက် ကို လေပေါ်မြောက်တင်ပြီး ပြန်ကျလာတဲ့အခါ ဓားသွားကို ခြေနဲ့ ခတ်တင်လိုက်ပါတယ်။ပြန်ကျလာလိုက် ခတ်တင်လိုက်နဲ့ အချိန်အတော် ကြာတဲ့ထိ လုပ်နေပေမဲ့ သူ့ခြေထောက်မှာ ခြစ် ရာတောင်မထင်ဘူး။ နောက်နေ့ရောက်တော့ ရွာဦးကျောင်းဆရာတော်က သူ့ကို ခေါ်ပြီးမေးတယ်။သူက အကြောင်းစုံလျောက်တင်လိုက်တော့ “ဒကာဘဉာဏ်…ဒကာ့ကို ရသေ့ကြီးပေါက် ပေးလိုက်တဲ့ ဆေးဟာရိုးရိုးဆေး မဟုတ်ဖူးကွဲ့ ကာယသိဒ္ဓိပြီးစီးစေတဲ့ဆေးပဲ…အလွန်ကံထူးလို့ ပေါက်ခွင့်ရတာ…ရသေ့ကြီးမှာခဲ့တဲ့ သစ္စာသုံးချက်ကိုလဲ မမေ့နဲ့…အမျိုး ဘာသာ သာသနာကိုလဲ စောင့်ရှောက်ပါ” လို့ မိန့်ကြားတယ်။မောင်ဘဉာဏ်လဲ ဆရာတော်ကို ရှိခိုးပြီးပြန်လာခဲ့တယ်။

နောက်ပိုင်း လပြည့်ညတိုင်းမှာ မောင်ဘဉာဏ် ဆေးထပြီး ဓားကစားတယ်။လရောင်အောက်မှာ ဓားသွား တွေက ဖွေးဖွေးလက်နေတာပေါ့။ဒါကို လာကြည့်တဲ့ သူတွေဟာလဲ ပွဲဈေးတမျှ စည်ပါတယ်။ သူ့ရဲ့ဓားနှစ်လက်ဟာ အလွန်ထက်ပါတယ်။ဘယ်လောက်ထိ ထက်သလဲဆိုရင် ဓားသွားပေါ် ကို မိန်းမဆံပင်တင်ပြီး လေနဲ့မှုတ်လိုက်တာနဲ့ ပြတ်ကျသွားပါတယ်။ဆင်စီးတဲ့ အခါမှာလဲ အရင်ကလို ဆင်ကို မဝပ်ခိုင်းတော့ပဲ လူနှစ်ယောက်ကို လှံတစ်ချောင်းစီနဲ့ ချိုင်းက ထိုးမြှောက် ပြီး ဆင်ပေါ်ကို တင်ပေးခိုင်းပါတယ်။ ဒီလိုနဲ့ မောင်ဘဉာဏ်ဟာ နံမည် အလွန်ကြီး လာပါတယ်။ မိဘက ပိုက်ဆံလဲရှိ သူကိုယ်တိုင် ကလဲ စွမ်းတော့ တပည့် တပန်းတွေလဲ ပေါများ လာပါတယ်။ရွာသူအပျိုချောတွေရဲ့ အိမ်မက်ထဲက မင်းသားလေးပေါ့။

ဒါပေမဲ့ သူဟာ ရသေ့ကြီး ကိုပေးခဲ့တဲ့လကတိသစ္စာကို စောင့်ထိန်းတယ်။ နောက်တော့ ရွာထဲက ကွမ်းတောင်ကိုင်အပျို ချောလေး မရင်မေနဲ့ အကြောင်းပါခဲ့တယ်။ မောင်ဘဉာဏ်ကို ပိုပြီး နံမည်ကြီးစေခဲ့တာ ကတော့ ဘားအံမြို့က လက်ဝှေ့ပွဲမှာပါ။အဲ့ဒီလက်ဝှေ့ပွဲမှာ နံမည်ကြီး တရုတ်လက်ဝှေ့သမား တစ်ယောက်ကို အနိုင်ထိုးနိုင်ရင် ဆုငွေ(500) ချီးမြှင့်မယ်လို့ကြေငြာထားပါတယ်။(အင်္ဂလိပ်ခောတ်က ငွေ(500)မှာ မနည်းလှပေ)။တရုတ်လက်ဝှေ့သမားကလဲ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ပြိုင်ဘက် သုံးလေးယောက်ကို ဝိုင်းထဲတွင် အသေထိုးသတ်ထားဖူးတယ်။ဒါကို ကြားတဲ့ မောင်ဘဉာဏ်ရဲ့ တပည့်တွေဟာ မောင်ဘဉာဏ်ကို တက်ထိုးဖို့ လာခေါ်ကြတယ်။ပထမတော့ ငြင်းသေးတယ်။နောက် တပည့်တွေက အတင်းခေါ်ကြလို့ ထိုးမယ်ဆိုပြီး လိုက်သွားပါတယ်။ဟိုရောက်တော့ တရုတ်လက်ဝှေ့သမား နဲ့ ထိုးဖို့ စာရင်းပေးလိုက်တယ်။လက်ဝှေ့ဝိုင်းက သဲပြင်ပေါ်မှာ စည်းဝိုင်းပြီး ထိုးရတာပါ။

ထိုးဖို့ အချိန်ရောက်တော့ စည်းဝိုင်းထဲကို ဝင်ဖို့ ဒိုင်လုပ်သူ ခေါ်လို့ ဝိုင်းထဲဝင်သွားလိုက်ပါတယ်။ပြိုင် ဘက်တရုတ် လက်ဝှေ့သမားလဲ ဝင်လာပါတယ်။နှစ်ယောက် ယှဉ်ရပ်လိုက်တော့ တရုတ်လက်ဝှေ့သမားက အလုံးအထည်ရော အရပ်အမောင်းပါ သာနေပါတယ်။ဒိုင်က “ထိုး”ဆိုပြီး ပထမအချီကို စတင်ထိုးပါတော့တယ်။စတယ် ဆိုရင်ပဲ တရုတ်လက်ဝှေ့ သမားက အတင်းလိုက်ထိုးပါတယ်။မောင်ဘဉာဏ်က ခံစစ်ပေါ့။သူ့ကို မထိအောင်ပဲ ကာကွယ်နေရတယ်။ပြန်မ ထိုးနိုင်ဘူး။အဲ့ဒီအချိန်မှာ မိုးကအုံ့နေပါတယ်။ ပထမ အချီပြီးတော့ ခဏနားကြပါတယ်။သူ့ တပည့်တွေက “ဆရာ..အခြေအနေကောင်းလား” လို့မေးတော့ မောင်ဘဉာဏ်က “အေး..သူကလဲ ငါ့လို ကာယသိဒ္ဓပီးတဲ့သူပဲ.. ဒါကြောင့် သူထိုးရင်လဲ ငါနာတယ် ငါထိုးရင်လဲ သူနာတယ်…မပူနဲ့..ငါ အခြေအနေကြည့်လုပ်မယ်” လို့ ပြန်ပြောလိုက်တယ်။

ဒုတိယအချီစတင်ထိုး တဲ့ အချိန်မှာ နေပွင့်လာပါတယ်။နေပူလာတော့ တရုတ်လက်ဝှေ့သမားရဲ့ အရိပ်က သဲပြင်မှာ ပေါ်နေတာပေါ့။မောင်ဘဉာဏ်က တရုတ်လက် ဝှေ့သမား အရိပ်ရဲ့ ခေါင်းကို ဖနောင့်နဲ့ပေါက်ပြီး “ဟိတ်”လို့ အော်လိုက်တယ်။တရုတ်လက်ဝှေ့ သမားဟာ မတ်တတ်ရပ်ကြီး သတိလစ်သလို ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာ မောင်ဘဉာဏ် က မေးရိုးကို ညာလက်သီးနဲ့ အားကုန်ကျုံးပြီး ထိုးချလိုက်တယ်။ပြင်းထန် အားပါတဲ့ လက်သီး ချက်ကြောင့် တရုတ်လက်ဝှေ့သမားက လဲကျ သွားပါတော့တယ်။ပြန်မထနိုင်တော့တဲ့အတွက် မောင်ဘဉာဏ်ကို အနိုင်ပေးလိုက်ကြပါတယ်။

သူ့တပည့်တွေက “ဆရာ..အရမ်းတော်တာပဲ…ဟိုလက်ဝှေ့သမား ကို မတ်တတ်သတိလစ်အောင် ဘယ်လိုလုပ် လိုက်တာလဲ ဆရာ” လို့ ဝိုင်းမေးကြတော့ မောင်ဘဉာဏ်က “သူကလဲ ကာယသိဒ္ဓိပီးတဲ့လူပဲကွ…ရိုးရိုးထိုး နေရင် ငါမနိုင်နိုင်ဘူး…ဒါကြောင့် သူ့အရိပ်ရဲ့ ခေါင်းကိုနင်းပြီး အဟန့်ပညာနဲ့ လုပ်လိုက်တာ” လို့ ပြန်ဖြေပါတယ်။ဆုငွေ(500)ရလို့ တပည့်တွေဟာ အရက်သောက်စားကြတယ်။မောင်ဘ ဉာဏ်ကိုလဲ အတင်းတိုက်ကြတယ်။ပထမတော့ ငြင်းသေးတယ်။နောက် တပည့်တွေက အတင်းမြှောက်ပင့် ပြောဆိုပြီးတိုက်ကြတော့ “တစ်ခါတစ်လေသောက်တာ ဘာမှ မဖြစ်နိုင်ပါဘူးလေ” ဆိုပြီး သောက်လိုက်မိတယ်။လက်ဝှေ့ပွဲကပြန် လာတော့ သူ့နံမည်အရမ်းကြီးလာလို့ တပည့် ခံသူတွေလဲများလာတယ်။ဒီမှာပဲ မောင်ဘဉာဏ်က ကိုယ့်ကိုကိုယ် အထင်ကြီးလာပြီး တပည့်တွေရဲ့ မြှောက်ပင့်ပေးတဲ့ စကားတွေကို အဟုတ်မှတ်ထင်လာတယ်။အရက်ကိုလဲ နေ့တိုင်း လိုလိုသောက်ပါတော့တယ်။ဒီအချိန်မှာပဲ သူ့ရဲ့ မိဘနှစ်ပါးကလဲ ဆုံးပါးသွားကြတော့ ပြောဆို ဆုံးမမဲ့သူ မရှိပဲ ထင်ရာစိုင်းနေပါတော့တယ်။

နောက်တော့ သူ့တပည့်တစ်ယောက်ရဲ့ မိန်းမနဲ့ ဖေါက်ပြန်ပါတော့တယ်။ရသေ့ကြီးမှာခဲ့တဲ့ စကားတွေကိုလဲ အမှတ်မရတော့ဘူး။သူ့တပည့် ကသိတော့ မကျေနပ်ဖူး။ဒါပေမဲ့ ဘာမှ မလုပ်ရဲ ဘူး။ဒါ့ကြောင့် မသိသလိုပဲ အချိုသတ်ပေါင်းနေတယ်။နောက်ပိုင်းမှာတော့ မောင်ဘဉာဏ်ဟာ တပည့်တွေရဲ့ မိန်းမတွေနဲ့ သိအောင် တစ်မျိုး မသိအောင်တစ်မျိုး ဖေါက်ပြန်ပါတော့တယ်။ ရွာထဲမှာလဲ မကျေနပ်သူတွေ များလာပါတယ်။ နောက်ဆုံးတော့ မကျေနပ်တဲ့ သူတွေစုပြီး သတ်ဖို့ကြံကြတယ်။အချိန်ကလဲ အင်္ဂလိပ်အပြေး ဂျပန်အဝင် အုပ်ချုပ်ရေးမရှိတဲ့ အချိန်လေ။ ဒါကို ကြားတဲ့ ဆွေမျိုးတွေက သူ့ကို လာပြော ကြတယ်။ဒါနဲ့ မောင်ဘဉာဏ်က သူ့မိန်းမကို ဆွေမျိုးတွေ အိမ်ပို့ထားလိုက်ပြီး သူကတော့ သူ့အိမ်မှာပဲ ဓားနှစ်လက်ဘေးချလို့ အရက်သောက်ရင်းစောင့်နေပါတယ်။

တစ်ည နှစ်ည ဘယ်သူမှ မလာပါဘူး။တတိယည(12)နာရီ လောက်ရောက်တဲ့အချိန်မှာတော့ သူ့ကို သတ်မဲ့သူတွေဟာ မီးတုတ်တွေကိုင်ပြီးဓားတွေ လှံတွေနဲ့ ရောက်လာပါတော့တယ်။အယောက် (30)ကျော်လောက်ရှိတယ်။ “ဟေ့ ဘဉာဏ်…တံခါးဖွင့်စမ်း…မင်းနဲ့ ငါတို့ စာရင်းရှင်းစရာရှိတယ်” မောင်ဘဉာဏ်က မလှုပ်ပါဘူး။ဒါနဲ့ တံခါးကိုဖျက်ပြီး ဝင်ကြတယ်။အထဲမှာ ဓားနှစ်လက်ဘေး ချပြီး အရက်သောက်နေတဲ့ မောင်ဘဉာဏ်ကို တွေ့တော့ ဓားတွေနဲ့ ဝိုင်းပြီးထိုးကြ ခုတ်ကြတယ်။မောင်ဘဉာဏ်ဝတ်ထားတဲ့ အင်္ကျီဟာ မွမွ ကျေသွားတယ်။ခန္ဓာကိုယ်က ဘာမှမဖြစ်ပေ။ လှံသမားနှစ်ယောက်က လှံကိုစုံကိုင်ပြီး ပြိုင်တူ ထိုးချလိုက်သည်။

ရော်ဘာတုံးကြီးထိုးလိုက်သလို ‘ဒုန်’ခနဲပြန်ကန်တက်သွား၏။ “ကဲ…မင်းတို့စိတ်ကြိုက် ခုတ်ကြ ထိုးကြစမ်း မင်းတို့ အလှည့်ပြီးရင်တော့ ငါ့အလှည့်ပေါ့” လို့ ဘေးနားမှာချထားတဲ့ ဓားနှစ်ချောင်းကို မေးငေါ့ပြပြီး မောင်ဘဉာဏ်က ပြောလိုက်ရာ ဓားနဲ့ဝိုင်းခုတ်နေကြတဲ့သူတွေလဲ အခြေအနေမကောင်းမှန်း ရိပ်မိလိုက်ကြသည်။ ဒါကြောင့် “ဆရာဘဉာဏ်ရယ်…ကျွန်တော်တို့ကို စိတ်မဆိုးပါနဲ့…ဆရာ့ကို သတ်ချင်လို့ မဟုတ်ပါဘူး ခောတ်ကာလကကြီးကလဲ မကောင်းတော့ တစ်ကယ်မှ ဆရာတင်ထိုက်ရဲ့လားလို့ စမ်းသပ် ကြည့်တာပါ…ကျွန်တော်တို့ကို ခွင့်လွှတ်ပါ” လို့ အချိုသပ်ပြီးပြောရင်း အနားကို မသိမသာ ကပ်လာကြ၏။

အရက်မူးနေတဲ့ မောင်ဘဉာဏ်က သူ့တပည့်တွေရဲ့ စကားကို ယုံကြည်မိ သွားပြီး “အေးပါကွာ… ငါ့တပည့်တွေကို စိတ်မဆိုးပါဘူး…ကဲ..လာ အတူတူ အရက်သောက်ကြ တာပေါ့” ဟု ပြောလိုက်၏။တစ်ဖြည်းဖြည်းနဲ့ အနား ကပ်လာတဲ့ သူတွေဟာ မောင်ဘဉာဏ်ရဲ့ အနားကိုရောက်လာပြီး ဝိုင်းဝန်း ဖမ်းချုပ်လိုက် ကြပါတော့သည်။ဒီတော့မှ မောင်ဘဉာဏ်က လန့်ဖျန့်သွားပြီး “ဟေ့ကောင်တွေ..ဘာလုပ်တာလဲ…ငါ့ကိုလွှတ်” လို့ ပြောရင်း အော်ဟစ်ရုန်းကန်ပါတော့သည်။

ဒါပေမဲ့ သူ့တစ်ယောက်အားနဲ့ အများအားနဲ့ ဆိုတော့ ဘယ်လိုမှ ရုန်းလို့မရတော့ပါဘူး။ အဖမ်းခံလိုက်ရတော့သည်။သတ်မဲ့သူတွေဟာ မောင်ဘဉာဏ်ကို ကြိုးတွေနဲ့ အထပ်ထပ်တုတ် လိုက်ကြပြီးတော့ နည်းမျိုးစုံ လက်နက်မျိုးစုံနဲ့ သတ်ကြလေသည်။ဘယ်လက်နက်ကမှ မောင်ဘဉာဏ်ကို မထိခိုက်စေနိုင်ပါဘူး။ ဘယ်လိုမှ သတ်မရတဲ့ အဆုံးမှာတော့ ရွာထိပ် က ရေတွင်းပျက်ကြီးဆီ ခေါ်သွားပြီး ထီးကိုင်းကို အဖျားကွေး၍ စအိုထဲကို သွင်းကာမွှေလိုက်ပါသည်။ဒီအခါမှာတော့ ဘာလက်နက်မှ မတိုးတဲ့ မောင်ဘဉာဏ်မှာ အူတွေပြုတ်ထွက်ကုန်လို့ သေလုမတတ် ခံစားရပါတော့သည်။

“ငါ တောင်းပန်ပါတယ်ကွာ…ငါ့ကို ခွင့်လွှတ်ကြပါ…မသတ်ပါနဲ့” လို့ တောင်းပန်လိုက်တယ်။ဒါပေမဲ့ နာကျည်း နေတဲ့ သူတွေဟာ မောင်ဘဉာဏ်ကို ခွင့်မလွှတ်ကြပဲ စအိုထဲသွင်းပြီး မွှေထားတဲ့ ထီးကိုင်းကို ခပ်ကြမ်းကြမ်းဆွဲထုတ်လိုက်တော့ အူတွေပါ ပြတ်ပါလာပါတော့၏။ တုတ်ပီး ဓားပီး လူအယောက်(30)ကျော် ဝိုင်းခုတ်လို့ ဘာမှမဖြစ်တဲ့ မောင်ဘဉာဏ်ဟာ မြော့မြော့ပဲ ကျန်ပါတော့သည်။ “သူတစ်ပါး သားမယားရယ်…အရက်သေစာရယ်…ယုတ်ညံ့တဲ့ ခွေးသားရယ်…ဒီသုံးချက်ကို အသက်နဲ့လဲပြီး စောင့်ထိန်းပါ…သစ္စာပျက်ခဲ့ရင်တော့ ဘေးဒုက္ခ အမျိုးမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်” သေအံ့မူးမူးအချိန်ကျမှ ရသေ့ကြီးမှာခဲ့တဲ့ စကားတွေကို ပြန်လယ်ကြားယောင်လာမိပါတော့သည်။ဒါပေမဲ့ အရာရာ နောက်ကျခဲ့လေပြီ။ ခဏနေတော့ ကတိသစ္စာမတည်ခဲ့တဲ့ ကာယသိဒ္ဓိပီးတဲ့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီး မောင်ဘဉာဏ်ဟာ လောကကြီးကို ကျောခိုင်းပြီး ဘဝ နိဂုံးချုပ်သွားခဲ့လေတော့သည်။ **********

(ငယ်စဉ်က ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို မှတ်မိသမျှ ပြန်ရေးထားတာပါ) ပြီးပါပြီ။ ကိုဖြိုး(ကျိုက်လတ်)

Be the first to comment

Leave a Reply

Your email address will not be published.


*