ရုန်းမဖယ်သာ ”(ဖြစ်ရပ်မှန်) စ/ဆုံး

ရုန်းမဖယ်သာ ”(ဖြစ်ရပ်မှန်) စ/ဆုံး

အောင်ထူးကလည်း နေ့စဉ် ပြန်ပြောနေကျအတိုင်း စိတ်မပါ့တပါ လေသံနဲ့ ပြန်ပြောရင်းက အိမ်က ထွက်သွားတယ်။ ဒေါ်သန်းမြင့် အောင်ထူး ကျောပြင်ကို နောက်ကနေ ကြည့်ရင်းက ကျန်ခဲ့တယ်။ အောင်ထူး သူ့မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ငေးကြည့်နေမိတာပါ။ ဒါလည်း ဒေါ်သန်းမြင့်အတွက် နေ့စဉ်လုပ်မိနေကျ အလုပ်တစ်ခုလိုပါပဲ။ အမေတစ်ခု သားတစ်ခုဘဝမှာ ဒေါ်သန်းမြင့်ဟာ အောင်ထူးအတွက် အမြဲတမ်း စိတ်ပူပင်နေရတယ်။ အောင်ထူးအလုပ်က ကားမောင်းတဲ့အလုပ်ဆိုတော့ စိတ်မြန်လက်မြန်ရှိတတ်တဲ့ သူ့သားအကျင့်ကို သိထားလို့ ဒေါ်သန်းမြင့် ပူပင်မယ်ဆိုလည်း ပူပန္စရာပါ။

တစ်နေ့တစ်နေ့ ဒေါ်သန်းမြင့်မှာ အောင်ထူးမောင်းတဲ့ကား ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရတာအမော အောင်ထူးက မြို့သစ်နဲ့မြို့တွင်းကို ပြေးတဲ့ “စစ်သည်မောင်”ဘတ်စ်ကားယာဉ်လိုင်းမှာ ကားမောင်းတဲ့ ဒရိုင်ဘာပါ။ သူမောင်းတဲ့ကားက ဒိုင်နာကား။ကားအုံနာက ဒီမြို့သစ်မှာပဲနေတယ်။ အစောကြီးထပြီး ခြောက်နာရီအရောက် ကားအုံနာအိမ်ကို သွားရတယ်။ ကားကိုစပယ်ယာမောင်နီနဲ့ အတူ စစ်ဆေးယူပြီး မြို့သစ်ဂိတ်မှာ ဂိတ်သွားထိုးရတယ်။တစ်နေ့လုံး မြို့သစ်နဲ့မြို့ထဲက မြို့မစျေးကို အခေါက်ခေါက် ကူးသန်းမောင်နှင်နေရတာပါ။ ယာဉ်လိုင်းက ည(၈)နာရီလောက်မှ သိမ်းလို့ အပြန်မိုးချုပ်တတ်ပါတယ်။

တစ်နေ့လုံး သားအတွက် စိတ်ပူပန်နေရတတ်တဲ့ ဒေါ်သန်းမြင့်ဟာ ကားသိမ်းပြီးတာနဲ့ အိမ်ကို အရောက်ပြန်လာစေချင်တယ် အောင်ထူးက ဒီလိုမဟုတ်ဘူး။ကားသိမ်းပြီးမှ လမ်းထိပ်က အရက်ဆိုင်မှာ အရက်သောက်နေ တတ်တယ်။မူးမှ အိမ်ပြန်လာတယ်။မူးနေတော့ ညစာထမင်းကို ကောင်းကောင်းမစားဝင်တော့ဘူး။ ဒေါ်သန်းမြင့်က အမြဲသတိထားနေရတဲ့ကားမောင်းတဲ့ အလုပ်ကို လုပ်နေရလို့ အစားကို ကောင်းကောင်း စားစေချင်တယ်။ဝဝလင်လင် အားပြည့်အောင် စားစေချင်တယ်။ဒါပေမယ့် အောင်ထူးက ညတိုင်း အရက်မသောက်ရင် မနေနိုင်ဘူး။ ညစဉ် သောက်လာတာပဲ။ မြို့သစ်ဂိတ်ကို ပြန်ရောက်ပြီးမှ ကားကို အုံနာအိမ်မှာပြန်အပ်ပြီးမှ လမ်းထိပ်ဆိုင်မှာ သောက်တာမျိုးဆိုရင် တော်ပါသေးတယ်။ တစ်ခါတစ်လေကျ မြို့ထဲမှာ ခရီးသည်စောင့်ရင်း ကားအကြာကြီး ရပ်ထားရရင် ကားဂိတ်နဲ့ နီးရာ ဆိုင်မှာ ဝင်သောက်လာတတ်တယ်။ ညပိုင်းဆိုရင် ခရီးသည်နည်းတော့ တစ်ခါတစ်လေကျ လူပြည့်အောင် စောင့်ရတာမျိုး ရှိတာကိုး။

ကားကို အုံနာဆီပြန်မအပ်ခင် လမ်းမှာ သောက်လာတာမျိုးကို ဒေါ်သန်းမြင့်က ပိုပြီးစိုးရိမ်မိပါသေးတယ်။အဲဒါကြောင့်လည်း အိမ်ကထွက်တိုင်း အောင်ထူးကို မှာနေရတာပါ။ ယောင်္ကျားလေးမို့ အရက်သောက်တာမျိုးကို ဒေါ်သန်းမြင့်က အပြစ်မပြောချင်ပါဘူး။ အများကြီး တရားလွန်သောက်မှာကိုသာ စိုးရိမ်မိတာပါ။အဲဒါကြောင့် သောက်ချင်ရင် အိမ်ကို ဝယ်လာပါ။ထမင်းမစားခင် အိမ်မှာပဲ သောက်ပါ။တန်ရုံသင့်ရုံသောက်ပြီး ထမင်းကို ဝင်အောင်စားပါလို့ ဒေါ်သန်းမြင့်က အောင်ထူးကို အမြဲပြောတယ်။ အောင်ထူးက အိမ်မှာ တစ်ယောက်တည်း သောက်ရတာ ပျင်းစရာ ကောင်းတယ်တဲ့။ ဆိုင်မှာမှ အပေါင်းအသင်းအစုံနဲ့ ရယ်စရာ မောစရာပြောရင်း သောက်ရတာ ဖီလင်လာတတ်တဲ့။ မခက်ဘူးလား။ဒေါ်သန်းမြင့်က အမေဆိုတော့ ပူပန်တာပါပဲ။

အဲဒါကြောင့်လည်း … “သား…အပြန်မိုးမချုပ်စေနဲ့နော် ။ အရက်တွေကိုလည်း မူးအောင် သောက်မလာနဲ့။ အပြင်ကဝယ်လာပြီး မှာနေကျ စကားစုတစ်ခု ဖြစ်နေတော့တာလေ။ ဒါပေမယ့် မှာတာက မှာတာပါပဲ။အောင်ထူးကတော့ အိမ်ပြင်ရောက်ရင် မူးနေပြီ။ထမင်းကို စားတယ်ဆိုရုံစားပြီး အိပ်တော့တာပဲ။ အောင်ထူးအတွက်အန္တရာယ်ကင်းရှင်းအောင် ဒေါ်သန်းမြင့်မှာ တစ်နေ့လုံးရှိခိုး ပုတီးစိပ် မေတ္တာပို့နဲ့ လုပ်နေရတော့တယ်။ အမေနဲ့ သား နှစ်ယောက်တည်းရှိတဲ့ သူတို့အိမ်ကလေးမှာ ဒီလိုပဲ တစ်နေ့ တစ်နေ့ လည်ပတ်နေတော့တာပါပဲ။ အောင်ထူးထွက်သွားတာနဲ့ ဒေါ်သန်းမြင့် အိမ်တံခါးကို သော့ခတ်ပြီး စျေးကို ထွက်ခဲ့တယ်။သားအတွက် ညစာ ဖွယ်ဖွယ်ရာရာလေး ချက်ဖို့ပါ။ အောင်ထူးကို ထမင်းချိုင့်ထည့်ပေးစရာ မလိုဘူး။

နေ့လယ်စာကိုတော့ ဂိတ်မှာပဲ ဝယ်စားတတ်တယ်။ အဲဒါကြောင့် အိမ်မှာတစ်နပ်တည်း စားတဲ့ညစာကို ဒေါ်သန်းမြင့်က ကောင်းကောင်းစားစေချင်တာလေ။ သူက ဖွယ်ဖွယ်ရာရာ ချက်ထားပေမယ့် မူးလာတဲ့ အောင်ထူးက ဖိတ်တစ်ဝက် စဉ်တစ်ဝက်နဲ့ စားတယ်ဆိုရုံစားတာကိုမြရရင် ဒေါ်သန်းမြင့် စိတ်မကောင်းဘူး။ ဒါပေမယ့် အမေဆိုတော့ကာ အမှတ်မရှိပါဘူး။ ဒီညတော့ ငါ့သားလေး စောစောပြန်လာကောင်းရဲ့။ အမေချက်ထားတဲ့ ဟင်းကလေး စားကောင်းပါရဲ့လို့ တွေးပြီး နေ့တိုင်း စျေးသွား ကောင်းကောင်းမွန်မွန် ချက်ပြုတ်ထားတတ်တာချည်းပဲ။ ဒီနေ့တော့ အောင်ထူး ကြိုက်တတ်တဲ့ ငရုတ်သီးများများနဲ့ ခပ်စပ်စပ်လေး ချက်မယ်လေ။ ဒေါ်သန်းမြင့် အိမ်လည်း ပြန်ရောက်ရော အိမ်ရှေ့မှာ ရပ်နေတဲ့ ရွာက ညီမဝမ်းကွဲ မအေးမာကို တွေ့လိုက်ရတယ်။

“ဟဲ့ အေးမာ အကြောင်းမကြာ ဘာမကြားနဲ့ပါလား” “မကြားဆို ချက်ချင်းကြီး ထွက်လာတာ မမသန်းမြင့်ရေ ရွာထိပ်က ကိုရင်ညိုနဲ့ မဖြူတုတ် တို့လင်မယားက မမသန်းမြင့်ကိုလည်း အလှူလာဖို့ ဖိတ်လိုက်တယ်” “လာနိုင်ပေါင်အေ။ငါလာရင် အောင်ထူးတစ်ယောက်တည်း ဘယ့်နှယ့် ဖြစ်မလဲအေ့” “မမသန်းမြင့်တို့ကတော့ လုပ်ပြီ ။ သူ့မှာ ဒီသားအတွက်ပဲ အချိန်ပေးနေရတယ် ။ တကတဲ…” “အောင်ထူးကို ငါမကြည့်လို့ ဘယ်သူကြည့်မလဲအေ။ ညီးကလဲ…” ညီအမနှစ်ယောက်သား အိမ်တံခါးဖွင့်ဝင်ပြီး မနက်စာ ချက်ကြပြုတ်ကြတယ်။ “ထမင်းစားပြီးရင် မြို့မစျေးထဲသွားပြီး သင်္ကန်းဝယ်မယ်နော် မမသန်းမြင့်။ အလှူအတွက် တခြားဝယ်စရာလေးတွေလည်း ရှိသေးတယ်။အိမ်က ကလေးတွေ အလှူမှာဝတ်ရမယ် မမသန်းမြင့် လိုက်ခဲ့ဦး” “မနက်မှ သွားပါလားအေ့ မြို့ထဲအသွား အောင်ထူးကားနဲ့ လိုက်သွားရုံပဲ” “အချိန်မရဘူး ကျမ နက်ဖြန်နေ့ခင်းပြန်မှာ” “ညည်းတို့ကလည်း လာလိုက်ရင် ဖုတ်ပူမီးတိုက်ချည်းပဲ။

ငါ့ကို အဖော်ရအောင် သုံးလေးညအိပ်မယ်တော့ မရှိဘူး။ တတကဲ …ငါမှာ တစ်ယောက်တည်း ပျင်းနေရတာအေ့” “လယ်သိမ်းပြီးရင် တစ်လကိုးသီးတင်း လာနေပေးပါမယ် မမသန်းမြင့်ရယ်” XXXXXX ဒီလိုနဲ့ ထမင်းစားသောက်ပြီးမှာ ညီအစ်မနှစ်ယောက်သား မြို့ထဲကို ထွက်ခဲ့ကြတယ်။စျေးထဲမှာ စျေးဝယ်ရုံ ဆိုပေမယ့် ဝယ်တာခြမ်းတာ တော်တော်နဲ့ မပြီးပါဘူး။ သင်္ကန်းဝယ်တာ။အဝတ်အစားဝယ်တာ။ တခြားတိုလီမိုလီတွေ ဝယ်တာနဲ့ချည်း နေ့လယ်နှစ်နာရီ ထိုးသွားတယ်။ရွာက လူကြုံလို့ ပေးလိုက်တဲ့စာကိုလည်း သွားပေးရသေးတယ်။ဟိုရောက်တော့ ကိုယ့် ရွာသားအချင်းချင်းဆိုတော့ မပြန်ပါနဲ့ဦး။ ညစာ စားသောက်ပြီးမှ ပြန်ပါဆိုလို့ နေ,နေရသေးတယ်။ ဒေါ်သန်းမြင့်နဲ့ သူတို့နဲ့ကလည်း တစ်မြို့တည်းနေတယ် ဆိုပေမယ့် မြို့သစ်နဲ့ မြို့ထဲဆိုတော့ တွေ့ရခဲတယ်လေ။

ရွာကလူလာတုန်း ဆုံရတာဆိုတော့ စကားတွေက ပြောမကုန်ဘူး။ရှေးဟောင်းနှောင်းဖြစ်တွေရော။ လက်ငင်းစီးပွားရေး အခြေအနေတွေရော ပြောလိုက်ကြတာ ညနေစောင်းရော။ ညစာရော စားပြီးမှ အဲဒီအိမ်က ပြန်ထွက်ဖြစ်ပါတော့တယ်။ မအေးမာ ဝယ်ထားတဲ့ ပစ္စည်းခြင်းကိုလည်း အဲဒီအိမ်မှာပဲ ထားပစ်ခဲ့လိုက်တယ်။ရွာပြန်ရင် ကားကို မြို့ထဲ လာစီးရမှာကိုး။ မနက်ဖြန်မှ ကားဂိတ်ဆင်းရင် ဝင်ယူတော့မယ်။ အလေးခံ မသယ်တော့ဘူးဆိုပြီး ထားခဲ့လိုက်တာပါ။

“သွားကြစို့ …မအေးမာရေ ငါတို့ အောင်ထူးကားကို မီနိုင်သေးတယ်။ဒီအချိန်ဆို နောက်ဆုံးအခေါက်သိမ်းပြီ” “မသန်းမြင့်မလဲနော် ဒီသားပဲ သူ့စိတ်ထဲရှိနေတယ် အသက်ကြီးပြီ သံယောဇဉ်တွေကို လျှော့ဦး” အိမ်ရှင် သူငယ်ချင်းက ပြောတယ်။ “အို…မတင်မိရယ် ငါ့မှာ ညည်းတို့လို သားသမီးသုံးလေးယောက် ရှိတာ မဟုတ်ဘူးအေ့ အောင်ထူးအတွက် ပူပန်ရတယ်တော်” “အေးဟေ့ …ညည်းသားက ပူလည်းပူစရာပဲ ကြုံတုန်းမို့ ပြောရဦးမယ်။တစ်လောက အောင်ထူးနဲ့ တွေ့တော့ နေ့လယ်ခင်းကြီး သူ့ဆီက အရက်နံ့ရတယ်အေ့ ငါလည်း ဆုံးမလိုက်ပါတယ်။ညည်းလည်း ကိုယ့်သားကိုယ့် ဆုံးမဦး” ဒေါ်တင်မိစကားကြောင့် ဒေါ်သန်းမြင့် မျက်နှာကလေးငယ်သွားရှာပါတယ်။ “ငါ့လဲ ဒါအတွက်ပဲ တစ်နေ့ တစ်နေ့ ပူနေရတာပါ မတင်မိရယ်” XXXXX ဒီနေ့ည အောင်ထူး ကားကို စောစောသိမ်းခဲ့တယ်။

နောက်ဆုံးအခေါက်အနေနဲ့ မြို့သစ်ကို ပြန်မယ့်ကားက ဂိတ်မှာထိုးထားတာ လေးစီးရှိတယ်။လေးစီးထဲမှာ သူ့ကားမှ အလှည့်ကျမှာ ညပိုင်းဆိုတော့ ခရီးသည် ဆယ်ယောက်ပြည့်အောင်တောင် တော်,တော်စောင့်ရဦးမှာလေ။ အောင်ထူး စိတ်မရှည်ဘူး။အရက်ကလည်း သောက်ချင်နေပြီ။ဒါနဲ့ စပယ်ယာမောင်နီကို… “ငါဒို့ ပြန်ကြစို့ကွာ အလှည့်ကျအောင် စောင့်နေရင် မိုးချုပ်လိမ့်မယ်” လို့ပြောလိုက်တယ်။ ဂိတ်မှူးကိုလည်း သူ့ကား သိမ်းတော့မယ်အကြောင်း ပြောခဲ့ပြီး ဂိတ်ကနေ ကားကို မောင်းထွက်လာခဲ့တယ်။ ကားပေါ်မှာ ခရီးသည် တစ်ယောက်မျှ မပါဘူး။ ဒီတော့လည်း လွတ်လွတ်လပ်လပ် မြို့ထဲမှာ အရက်သောက်ပြီးမှ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ အောင်ထူးက ကားကို အရက်ဆိုင်တန်းမောင်းလိုက်တယ် မောင်နီက “ကိုကြီးအောင်ထူး မြို့သစ်ပြန်ရောက်မှ သောက်မှာ မဟုတ်ဘူးလား” လို့မေးသေးတယ်။သူက မသောက်တတ်တော့ အောင်ထူးဘေးမှာ ထိုင်စောင့်နေရမှာမို့ မေးတာပါ။

“မင်းဟာမင်း အအေးသောက်ရင်း စောင့်နေပါကွာ။ တစ်ခါတစ်လေ မြို့ထဲမှာ သောက်ပါရစေ” လို့ အောင်ထူးက ပြန်ပြောတယ်။ဒီလိုနဲ့ အရက်ဆိုင် အရောက်မှာ မောင်နီအတွက် အအေးတစ်လုံးမှာပေးပြီး သူ့အတွက်တော့ ဝီစကီတစ်ပိုင်း မှာလိုက်ပါတယ်။ XXXXX ဒေါ်သန်းမြင့်နဲ့ မအေးမာ ကားဂိတ်ကိုရောက်တော့ အောင်ထူး ကားကို မတွေ့ရဘူး။ဂိတ်မှူးကို မေးကြည့်တော့ … “အဒေါ့်သား အလှည့်ကျမှာကို မစောင့်နိုင်လို့ ကားသိမ်းသွားပြီ” လို့ပြောတယ်။ ဂိတ်မှူးက ဒေါ်သန်းမြင့်ကို အောင်ထူးအမေမှန်း သိနေပြီးသားပါ။ ဒေါ်သန်းမြင့်နဲ့ မအေးမာလည်း မြို့သစ်ပြန်ဖို့ တန်းစီထားတဲ့ကားတွေထဲက ရှေ့ဆုံးကားပေါ် တက်ထိုင်လိုက်တယ်။ကားကတော့ တော်တော်နဲ့ ထွက်ဦးမှာ မဟုတ်ဘူး။ ကားပေါ်မှာ သူတို့ နဲ့ မှ ခရီးသည်ငါးယောက်ပဲ ရှိသေးတာလေ။

XXXX အောင်ထူး အရက်သောက်ပြီးတော့ မှောင်ရီပျိုးနေပြီ။ ထုံးစံအတိုင်း အောင်ထူးက အရက်မူးရင် သွေးကြွကြွနဲ့ အမြန်မောင်းတယ်။ မောင်နီကတောင်… “ဖြည်းဖြည်းလုပ်ပါ …ကိုကြီးအောင်ထူးရ” လို့ပြောယူရတယ်။ “ကားပေါ်မှာ လူပါတာမှ မဟုတ်ပါကွာ။လမ်းမှာလည်း လူစောင့်တင်စရာ မလိုဘူး။ လွတ်လွတ်လပ်လပ်ရှိတုန်း အမြန်မောင်းပါရစေ။ဒါမှဖီလင်လာတာကွ” အောင်ထူးက ကားကို အရှိန်ကို ပိုတောင်မြှင့်လိုက်သေးတယ်။ ဒီလိုနဲ့ “ဂတ်တဲကွေ့”ဆိုတဲ့ နေရာကို ရောက်လာတယ်။ ဂတ်တဲကွေ့ဆိုတာ အနီးမှာ ရဲစခန်းရှိတဲ့ အကွေ့မို့ ခေါ်တာပါ။ရဲစခန်းကို အရင်က “ဂတ်တဲ”လို့ပဲ သုံးကြနှုန်းကြတာကိုး။ရှေးကအခေါ်အဝေါ်အတိုင်းပဲ ဂတ်တဲကွေ့ကို ခေါ်နေကြတုန်းပါပဲ။ကွေ့အလွန်က ကားဂိတ်ကိုလည်း “ဂတ်တဲဂိတ်”လို့ပဲ ခေါ်ကြတယ်။ ဂတ်တဲကွေ့နေရာက ယာဉ်မောင်းသူတိုင်း သတိထားရတဲ့ နေရာပါ။လမ်းကွေ့က လေးဆယ့်ငါး ဒီဂရီစွေ့ပြီး ကွေ့သွားတယ်။

ကွေ့နားမှာ ကန့်သတ် ဖြတ်လမ်းတွေ ရှိသေးတယ်။ အဲဒီလမ်းတွေထဲကလည်း ကားတွေ ဆိုက်ကယ်တွေ စက်ဘီးတွေ ထွက်လာတတ်တယ်။ဒါကြောင့် ကွေ့နား ရောက်ရင် ဟွန်းကို သံရှည်ဆွဲပြီး တီးရမြဲပါ။ အောင်ထူးကတော့ မှောင်ကလည်း မှောင်နေပြီ။ ကားလမ်းတစ်လျှောက်လည်းအသွားရှင်းလင်းနေတယ် မျက်နှာချင်းဆိုင်ကလာတဲ့ ကားလည်းမတွေ့တာနဲ့ ဟွန်းလည်း မတီးဖြစ်ဘူး။အရှိန်လည်း မလျော့ဖြစ်ဘူး။ ဒီနှုန်းအတိုင်းပဲ ဆက်မောင်းလာခဲ့တယ်။ ကွေ့မလွန်မီ လမ်းဖြတ်တစ်ခုနဲ့ တည့်တည့်အရောက် ညဘက်လမ်းဖြတ်ထဲက အရှိန်နဲ့ မောင်းချလာတဲ့ မော်တော်ဆိုက်ကယ်တစ်စင်းကိုလည်း အနားရောက်မှ မြင်တော့တယ်။ အောင်ထူးကားရော မော်တော်ဆိုင်ကယ်ရော အရှိန်ကို မထိန်းနိုင်ကြတော့ပါဘူး။ဆိုက်ကယ်ကို အောင်ထူး ကားခေါင်းက ဘေးစောင်းတိုက်ဝင် တိုက်မိတယ်။ဆိုက်ကယ်ရဲ့ အလယ်တည့်တည့်ကို တိုက်လိုက်မိတာမို့ ယာဉ်ငယ်ဖြစ်တဲ့ ဆိုင်ကယ်ဟာ လွင့်စဉ်ထွက်သွားပါတယ်။

ဆိုင်ကယ်က သူထွက် လာတဲ့ဘက်ကို ပြန်လည်ပြီး လွင့်စဉ်ထွက်သွားတာမှာ လူပါ ပါသွားတယ်။ပလက်ဖောင်းရောက်တော့ လူတခြား ဆိုက်ကယ် တခြား ဖြစ်သွားပြီး ဆိုက်ကယ်ပေါ်က လူရဲ့ ခေါင်းက ပလက်ဖောင်းနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိပါတော့တယ်။ “ဟင်” “ဟာ … ကိုကြီးအောင်ထူး” အောင်ထူးဟာ ကားဘရိတ်ကိုမှေးနင်းရင်း ရပ်မလို့ လုပ်လိုက်ပါသေးတယ်။စဉ်းစားကြည့်တော့ ဒီနားမှာ လူတစ်ယောက်မျှ မရှိဘူးလေ။ ကားတိုက်မှုကို ဘယ်သူမျှ မမြင်လိုက်ကြဘူး။ တိုက်မိတဲ့လူကို ဆင်းကြည့်ရင် မတော်တဆ သေကြေနေရင် ပြသာနာက ရှည်မယ်။ ထောင်တန်းကျတဲ့အထိ ဖြစ်မယ်ဆိုတာတွေ တွေးမိပြီး မရပ်တော့ဘူး။ ရပ်မလို လုပ်ပြီးမှ အရှိန်မြှင့်ပြီး ဆက်မောင်းလာမိတော့ တယ်။ “ကိုကြီးအောင်ထူး ကိုကြီးအောင်ထူး ဟိုလူ သေသွားပြီလား မသိဘူး” “မတတ်နိုင်ဘူးကွာ ဆင်းရှင်းနေရင် ပြသာနာရှုပ်လိမ့်မယ် ဘယ်သူမျှ မြင်တာမှ မဟုတ်ဘဲ” “ဒါပေမယ့်” “မောင်နီ …မင်း နှုတ်လုံပစေနော် ပြသာနာတက်လာရင် မင်းပါ ပါမှာ” နဂိုကတည်းက အောင်ထူးကို ကြောက်ရတဲ့ မောင်နီလည်း ငြိမ်သွားပါတယ်။

အောင်ထူးကျေးဇူးတွေကလည်း သူ့အပေါ်မှာရှိထားတာ မဟုတ်လား ။ဒီစပယ်ယာအလုပ်ကို အောင်ထူးခေါ်လို့ သူလုပ်နေရတာလေ။မောင်နီလည်း ရေငုံနှုတ်ပိတ် နေလိုက်ပါတော့တယ်။ XXXXX ည(၇)နာရီကျော်မှ ဒေါ်သန်းမြင့်တို့ တက်ထိုင်နေတဲ့ ကားက ဂိတ်က ထွက်လာတယ်။ဆောင်းတွင်းမို့ ည(၇)နာရီဆိုတာ အတော် မှောင်နေပါပြီ။ “အောင်ထူးများ အိမ်ပြန်ရောက်နေပြီလား မသိဘူး အိမ်တံခါး သော့ခတ်ခဲ့တာ ဝင်ရခက်နေရင် ဒုက္ခ” ဒေါ်သန်းမြင့်က သူ့သားကို သတိရပြီး တစ်ချက်ငြီးငြူ လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့ စီးလာတဲ့ ဘတ်စ်ကား ဟာ ဂတ်တဲကွေ့နားကို ရောက်လာတယ်။ ဂတ်တဲဂိတ်မရောက်ခင်မှာ လမ်းပေါ်မှာ လူစုလူဝေးနဲ့ ရုန်းစုရုန်းစု ဖြစ်နေလို့ ကားက နှေးသွားတယ်။ လူအုပ်စုကို တိမ်းဖယ်ပြီး ဘေးက ပတ်မောင်းရတယ် လူအုပ်စုထဲမှာ ရဲတွေလည်းတွေ့ရလို့ ကားပေါ်က လူတွေက ဘာပါလိမ့်ဆိုပြီး စိတ်ဝင်တစား ငဲ့စောင်း ကြည့်ကြတယ်… အဲဒီနေရာက လွန်လာတော့ ကားစပယ်ယာက… “လူကို ကားတိုက်သွားလို့တဲ့ဗျာ။အတိုက်အခံရတဲ့ လူကတော့ ပွဲချင်းပြီးပဲတဲ့။ကားကိုတော့ မမိလိုက်တော့ဘူးပြောတယ်” စပယ်ယာက သူ အပြေးအလွှားစုံစမ်းရင်းသိလာတဲ့ သတင်းကို တစ်ကားလုံးကြားအောင် အော်ပြောလိုက် တာပါ။

ကားတိုက်မှုဖြစ်တဲ့ ဂတ်တဲကွေ့ကို အလွန်မှာ ဂတ်တဲဂိတ်မှမှတ်တိုင်ရှိတယ်။လူတစ်ယောက် ဆင်းမယ်ဆိုလို့ ကားရပ်ပေးတယ်။တက်တဲ့လူ မရှိပါဘူး။ စပယ်ယာက “မောင်း ဆရာရေ့”လို့ အော်လိုက်လို့ ကားက ဂိတ်ကနေ စထွက်နေပါပြီ။မအေးမာဟာ သူ့ဘေးမှာ ထိုင်နေတဲ့ ဒေါ်သန်းမြင့် အမူအရာ ထူးခြားတာကြောင့် လှည့်ကြည့်လိုက်တယ်။ ဒေါ်သန်းမြင့်အသားတွေက အဖျားတက်တဲ့လူကို တဆတ်ဆတ်တုန်နေတယ်။ “မသန်းမြင့် …ဘာဖြစ်လို့လဲ” မအေးမာ မေးလိုက်တာကို ပြန်ကြည့်လိုက်တဲ့ ဒေါ်သန်းမြင့်မျက်လုံးတွေက တစ်မျိုးပဲ။ နီရဲလို့ ကြောက်စရာကြီး။မအေးမာကိုလည်း သူမသိတဲ့ သူစိမ်းတစ်ယောက်လို ခပ်စောင်စောင်ကြည့်နေတယ်။ “မမသန်းမြင့် …နေမကောင်းဘူးလား” “ကားရပ်ပေးပါ …ကားရပ်ပေးပါ” ဒေါ်သန်းမြင့်က မအေးမာအမေးကို ပြန်မဖြေဘဲ ကားခေါင်းခန်းဘက်ဆီကို လှမ်းအော်လိုက်တယ်။ “ကားရပ်ပေး။ကျနော်ဆင်းမယ်။

ကျနော့်ကို တိုက်သတ်သွားတဲ့ ကားနံပါတ်ကို ကျနော် မှတ်မိတယ် ရဲစခန်းမှာ ဆင်းတိုင်မယ်။ကားရပ်ပေးပါ” “မမသန်းမြင့် …ဘာတွေပြောနေတာလဲ သတိထားပါ” “ကားရပ်ပေးပါ ကားရပ်ပေးပါ” ဒေါ်သန်းမြင့်အပြုအမှုကို တစ်ကားလုံးကလည်း တအံ့တသြနဲ့ ဝိုင်းကြည့်နေကြပြီ။ “မမသန်းမြင့် မရောက်သေးဘူးလေ ကျမတို့က ဂိတ်ဆုံးအထိ စီးရမှာလေ” “ကားရပ်ပေးပါ” ဒေါ်သန်းမြင့် အော်သံကျယ်လွန်းလို့ ရှေ့ခန်းက ဒရိုင်ဘာ ကြားသွားပြီး ကားကိုရပ်လိုက်တယ်။ ဒေါ်သန်းမြင့်က ဆတ်ခနဲ ထရပ်ရင်း ကားနောက်ပေါက်ကနေ ဆင်းဖို့ပြင်တယ်။ “ဒီအဘွားကြီး ကားရပ်တုန်းကတော့ မဆင်းဘဲ ဘယ်လိုဖြစ်တာလဲ” ဒရိုင်ဘာက အော်မေးလိုက်တယ်။ “ကျနော်ကို တိုက်သွားတဲ့ ကားနံပါတ်ကို ကျနော် သိတယ်။ ရဲစခန်းကို ဝင်တိုင်မလို့” ဒေါ်သန်းမြင့်က နှုတ်ကပြောရင်း ကားပေါ်က လွှားခနဲ ခုန်ချလိုက်ပါတယ်။မအေးမာလည်း မနေသာတော့ဘဲ ကားပေါ်က လိုက်ဆင်းရတော့တယ် “မမသန်းမြင့် …နေရင်းထိုင်ရင်းက ဘာဖြစ်တာလဲ” ရှေ့က မြန်မြန်လျှောက်သွားနေတဲ့ ဒေါ်သန်းမြင့်နောက်ကို အပြေးလိုက်ရင်းက မအေးမာမေးပေမယ့် ဒေါ်သန်းမြင့်က လှည့်တောင်မကြည့်ပါဘူး မအေးမာ ဒေါ်သန်းမြင့်ကို မီအောင် မနည်းလိုက်ခဲ့ရတယ် ဒီလိုနဲ့ မလှမ်းမကမ်းက ရဲစခန်းကို ရောက်သွားတယ်။

ဒေါ်သန်းမြင့်က ရဲစခန်းထဲကို မကြောက်မရွံ့ ဝင်ချသွားတာမို့ မအေးမာလည်း လိုက်ဝင်ရပါတယ် စခန်းထဲရောက်တော့ တာဝန်ကျရဲတစ်ယောက်က… “ဘာကိစ္စရှိလို့ပါလဲ” လို့ မေးတယ်။ “တိုင်ချက်ဖွင့်ချင်လို့ပါ” “သြော်” “ကျနော်က စောစောက ဟောဟိုနားမှာ ကားတိုက်ခံရလို့ သေသွားတဲ့လူပါ။ ကျနော့်နာမည် ကျော်နိုင်ဝင်းလို့ ခေါ်ပါတယ်။ ကျနော့်ကို တိုက်သွားတဲ့ ကားနံပါတ်ကို ကျနော် မှတ်မိတယ်။အဲဒါ တိုင်ချက်ဖွင့်မလို့” အဘွားကြီး နှုတ်က ထွက်လာတဲ့ စကားတွေက အထူးအဆန်းမို့ ရဲလည်း ကြောင်သွားပါတယ်။ မအေးမာကတော့ တောသူပီပီ ရဲစခန်းထဲအထိ ဝင်လာရတာကို လန့်နေပြီ။ပြီးတော့ … ဒေါ်သန်းမြင့်ပါးစပ်က ပြောလိုက်တဲ့စကားကြောင့် တုန်လှုပ်သွားမိတယ်။အလို မမသန်းမြင့်ကို ကားတိုက်သေတဲ့ လူရဲ့ ဝိညာဉ်က ဝင်ပူးနေတာပါလား ရဲစခန်းတစ်ခုလုံးလည်း အလုပ်များ သွားရပါတော့တယ်။ စခန်းမှူး ကိုယ်တိုင် ထွက်လာတယ်။

စခန်းမှူး မေးတော့လည်း ဒေါ်သန်းမြင့် ပြန်ဖြေတဲ့ အဖြေက ဒါပဲ။ သူ့ကိုယ်သူ ကားတိုက်သေတဲ့ ကျော်နိုင်ဝင်းဆိုတဲ့ ကောင်လေးတဲ့။ သူ့ကို တိုက်သွားတဲ့ ကားနံပါတ်ကိုလည်း ရွတ်ပြတယ်။သူ ကားတိုက်ခံရလို့ သေတဲ့နေရာကိုလည်း ရဲစခန်းထဲကနေ လှမ်းပြီး လက်ညှိုးထိုးပြတယ်။ “အရေးယူပေးပါ။ အဲဒီကား ဒရိုင်ဘာကို အရေးယူပေးပါ။ သူ့ကြောင့် ကျနော် သေရပြီ။ ကျနော် သေရပြီ။ ကားနံပါတ် xxxxနော်။ စစ်သည်မောင် ဘတ်စ်ကားပါ။ အရေးယူပေးပါဗျာ။ကျနော်ကို သေအောင် တိုက်သတ် သွားတဲ့လူကို ရအောင်ဖမ်းပြီး အပြစ်ပေး ပေးပါ။ ကျနော်ကတော့ …ကျနော်ကတော့ သူကြောင့် သေပြီ… ဟီ ..ဟီး …ဟီး” ဒေါ်သန်းမြင့်က ပြောရင်း ငိုချလိုက်ပါတယ်။ ပြီးတော့ ဒေါ်သန်းမြင့်ကိုယ်ဟာ တဆတ်ဆတ်တုန်လာပြီ တစ်ချက်ဝါးခနဲ သမ်းလိုက်တယ်။ယိုင်လဲတော့မလို ဖြစ်သွားလို့ မအေးမာက ဖက်ထားလိုက်ရပါတယ် အနီးမှာရှိတဲ့ ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့် လက်မောင်းကို ကိုင်ပြီး ဖမ်းထိန်းပေးလိုက်တယ်။ ဒေါ်သန်းမြင့်ကို ဝင်ပူးနေတဲ့ ဝိညာဉ်ဟာ ထွက်ခွါသွားပါပြီ။ပုံမှန် ပြန်ဖြစ်သွားတဲ့ ဒေါ်သန်းမြင့်က သူ ရောက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေပုံမျိုးပါပဲ။ သူ့ကို ဖက်ထားတဲ့ မအေးမာကို မေးလိုက်တယ်။

“အေးမာ …ငါတို့ ဘယ်ရောက်နေတာလဲ ဒီနေရာကို ဘာလို့ ရောက်နေတာလဲ ငါ ဘာဖြစ်သွားတာလဲ” “ပြန်ကြစို့ မမသန်းမြင့် ပြန်ကြရအောင် အပြင်ရောက်မှ ကျမပြောပြမယ်” မအေးမာက ဒေါ်သန်းမြင့်ကို ဆွဲခေါ်လာခဲ့ပါတော့တယ်။ စခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ ရဲအမှုထမ်းတွေလည်း အဖြစ်အပျက်ကို တအံ့တသြပြောဆိုရင်း ကျန်ခဲ့တယ်။ “အဘွားကြီး ပြောသွားတာကို ဘယ်လိုသဘောရသလဲ ဆရာ” ရဲတစ်ယောက်က စခန်းမှူးကို မေးတယ်။ “သရဲက ပူးပြောတဲ့စကားဟာ တရားဥပဒေအရ ဘောင်မဝင်ဘူးကွ” “ဒါပေမယ့် …ဆရာ” နောက်ရဲတစ်ယောက်က မဝံ့မရဲ ဝင်ပြောလိုက်ပါတယ်။ သူက ယာဉ်တိုက်ဖြစ်တဲ့နေရာမှ စစ်ဆေးပြီး အခုပဲ ပြန်ရောက်လာတဲ့သူပါ။ “အဘွားကြီး ပြောသွားတဲ့ စကားထဲက ကားတိုက်သေတဲ့ ကောင်လေးနာမည်ကတော့ အမှန်ပဲ ဆရာ။ သေသွားတဲ့ကောင်လေးက ကျော်နိုင်ဝင်းတဲ့” အဖြစ်အပျက်အပေါ်မှာ စဉ်းစားတွေးတောရင်း စခန်းမှူးရဲ့ မျက်ခုံးနှစ်ဖက်ဟာ တွန့်ကွေးနေပါတယ်။ XXXXXX မအေးမာ ပြန်ပြောလို့ ဒေါ်သန်းမြင့်ဟာ သူ့ကို ကားတိုက်သေတဲ့ ကောင်လေးရဲ့ဝိညာဉ် ဝင်ပူးတယ်ဆိုတာကို သိလိုက်ရပါတယ်။ သရဲဝင်ပူးနေတုန်းက သူ ဘာတွေပြောခဲ့တယ် ဆိုတာတော့ မမှတ်မိတော့ဘူး။ဒေါ်သန်းမြင့်ရဲ့ နဂိုအသိစိတ်ပျောက်နေတဲ့ အချိန်ကိုး။ အဲဒီအဖြစ်ကြောင့် ဒေါ်သန်းမြင့်တို့ နာရီဝက်လောက် အိမ်အပြန်နောက်ကျသွားရပါတယ်။

ဂတ်တဲဂိတ်မှာ ကားပြန်စောင့် နောက်ဆုံးကားလာမှ တက်စီးလာလိုက်တာ ညရှစ်နာရီခွဲမှပဲ အိမ်ပြန် ရောက်ပါတော့တယ်။ သရဲပူးခဲ့တဲ့ အဖြစ်ကိုတော့ ဒေါ်သန်းမြင့်ရော မအေးမာပါ သိပ်အရေး မထားမိတော့ဘူး ဒေါ်သန်းမြင့်နှုတ်က အောင်ထူး မောင်းတဲ့ကား နံပါတ်ငို ထုတ်ဖော်ပြောခဲ့ပေမယ့် သူ့အသိစိတ်နဲ့ ပြောတာ မဟုတ်လို့ အဲဒီကားနံပါတ်ကို သူ မမှတ်မိဘူး။ မအေးမာကလည်း တစ်ခါတလေမှ မြို့ကို တက်လာတဲ့ သူဆိုတော့ ဒေါ်သန်းမြင့် သရဲပူးရင် ရွတ်ပြခဲ့တဲ့ ကားနံပါတ်ဟာ သူ့တူအောင်ထူးမောင်းတဲ့ ကားဖြစ်နေမှန်း မသိဘူး။ အိမ်ပြန်နောက်ကျတာနဲ့ပဲ အဲဒီအဖြစ်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ ဒေါ်သန်းမြင့်က ကားဂိတ်ဆုံးကနေ အိမ်ကို လမ်းလျှောက်အပြန်မှာ ကားအုံနာအိမ်ကို လှမ်းကြည့်လိုက်တော့ အောင်ထူးမောင်းတဲ့ ဒိုင်နာကား အိမ်ဝင်းထဲမှာ ရပ်ထားတာ တွေ့လိုက်တယ်။ အောင်ထူး ပြန်ရောက်နေပြီမို့ စိတ်အေးသွားရပါတယ်။ အရက်များ ဝင်သောက်နေသလား ။ အိမ်ပြန်ရောက်နေရင်တော့ အဝမှာ ထိုင်စောင့် နေရတော့မှာပဲတွေးပြီး အိမ်ကိုရောက်အောင် မြန်မြန်လျှောက်လာကြပါတယ်။

XXXXXXX အိမ်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ အောင်ထူးက ရောက်နှင့်နေပြီ။ တံခါးသော့ခတ်ထားလို့ အိမ်ရှေ့က လှေကားခုံမှာ ဆောင့်ကြောင့်ထိုင်ရင်း စောင့်နေတယ်။ “အမေ ဘယ်သွားနေတာလဲ ။ ဟင် ဒေါ်လေး မအေးမာ ရောက်နေတယ်” “ဟုတ်တယ်…သား ။ အေးမာ …အလှူအတွက် စျေးလာဝယ်တာ။အမေလိုက်ပို့နေလို့ မိုးချုပ်သွားတာ။ သား ရောက်နေတာ ကြာပြီလား” “ကြာပြီ” “ကဲ…လာ လာ အထဲဝင် ။ ပြီးရင် ထမင်းစား ရေတော့ မချိုးနဲ့တော့။ အေးတယ်” “ထမင်း မစားတော့ဘူး အမေ အိပ်တော့မယ်” “ဟဲ့ …ဘယ်လိုဖြစ်တာလဲ” အောင်ထူးကတော့ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် စိတ်မလုံလို့ စားချင်စိတ် မရှိတော့တာပါ။ “နေကောင်းရဲ့လား…ငါ့သား မှန်း…” ဒေါ်သန်းမြင့်က အမူအရာ ထူးခြားနေတဲ့ အောင်ထူးကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ နဖူးကို စမ်းကြည့်တယ်။ “နေကောင်းပါတယ်…အမေရာ” “ဒါဖြင့် ထမင်းစားလေ တစ်နေ့လုံး ပင်ပန်းလာတာကို ဘယ့်နှယ် အိပ်ရမှာတုံး။အမေတို့က မတင်မိတို့ အိမ်မှာစားခဲ့လို့ မစားတော့ဘူး။ မင်းကြိုက်တဲ့တဲ့ ပုဇွန်စိတ်ကလေးကို ခပ်စပ်စပ် ချက်ထားတယ် ငါ့သား ။

စားလိုက် …စားလိုက်” ဒေါ်သန်းမြင့်က ပြောပြောဆိုဆို မီးဖိုခန်းထဲ ဝင်သွားတယ်။အောင်ထူးက ကိုယ့်အပူနဲ့ကိုယ်မို့ အိမ်ရှေ့ခန်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ ထမင်းဟင်းခူးခပ်ပြီးတာနဲ့ ဒေါ်သန်းမြင့်က မီးဖိုးခန်းထဲကနေ လှမ်းခေါ်လိုက်တယ်။ “ဟဲ့ …အောင်ထူး ငါ့သား လာလေ ထမင်းစားလှည့် ဒီမယ် အမေက မင်းကြိုက်တတ်လို့ ပုဇွန်ဆိတ်ကလေး ရအောင်ဝယ်ချက်ထားတာ။ငရုတ်သီးစပ်စပ်နဲ့ လာ စားလိုက်ပါဦး” “မစားချင်ဘူး အမေရာ” အောင်ထူးက အိပ်ရှေ့ခန်းကနေ ပြန်အော်ပြောတယ်။ “သွားစမ်းလိုက်စမ်းပါ အောင်ထူးရယ် မအေလုပ်တဲ့လူက စားစေချင်လို့ ချက်ထားတဲ့ဟာကို သွား …တစ်လုတ်နှစ်လုတ်ဝင်,ဝင် စားလိုက်” မအေးမာကလည်း ဝင်တိုက်တွန်းတယ်။ “ထမင်းမစားချင်ရအောင် နင်ဘာတွေ စားလာလို့လဲဟဲ့” ဒေါ်သန်းမြင့်အသံက မီးဖိုခန်းထဲကနေ ထပ်ထွက်လာတယ်။ အဲဒီတုန်းမှာပဲ အိမ်ရှေ့ကနေ အော်ခေါ်လိုကတဲ့ အသံတစ်သံ ကြားလိုက်ရပါတယ်။ “ဒေါ်သန်းမြင့် ဒေါ်သန်းမြင့် ရှိသလား ။အောင်ထူးရော ရှိသလား” အော်မေးလိုက်တဲ့အသံက ရပ်ကွက်ကောင်စီရုံးက ရာအိမ်မှူး ဦးကျော်အောင်ရဲ့ အသံပါ။

ဦးကျော်အောင် ခေါ်သံကြောင့် ဒေါ်သန်းမြင့် မီဖိုခန်းထဲက ထွက်ခဲ့ပြီး အိမ်ရှေ့ကို လျှောက်လာတယ်။ ပထမတော့ မအေးမာရောက်နေတာ ဧည့်စာရင်းတိုင်ဖို့ သတိလာပေးတယ်လို့ ထင်လိုက်မိသေးတယ်။ အိမ်ရှေ့ရောက်လို့ ကြည့်လိုက်တော့ ဦးကျော်အောင် တစ်ယောက်တည်း မဟုတ်ဘူး။အောင်ထူးရဲ့ကားအုံနာ ဦးစံပိုင်ပါ ပါလာတယ်။ပြီးတော့ အောင်ထူးကားက စပယ်ယာမောင်နီ။အောင်ထူးကလည်း အိမ်ကိုရောက်လာတဲ့ လူတွေကို ကြည့်လိုက်တာနဲ့ အခြေအနေကို နားလည်လိုက်ပါပြီ။ ဒေါ်သန်းမြင့်က အိမ်ရှေ့မှာ ရပ်ထားတဲ့ ရဲကားကိုလည်း တွေ့လိုက်ပါတယ် ရဲတစ်ချို့ ဦးကျော်အောင်နဲ့ဦးစံပိုင် နောက်ကနေ အိမ်ထဲဝင်လာကြတယ်။ “အို…ဘာဖြစ်လို့လဲ ဘာကိစ္စရှိလို့လဲ …ဦးကျော်အောင်” ဒေါ်သန်းမြင့် မေးခွန်းအဆုံးမှာပဲ အိမ်ထဲကနေ အောင်ထူးရဲ့ငိုသံ ထွက်ပေါ်လာပါတယ် “အဟီး…ဟီး…အမေ…အမေ…အဲဒါ ကျနော့်ကို လာဖမ်းတာဗျ။ကျနော့်ကို လာဖမ်းတာ အဟီး ဟီး ဟီး” “ဘာတဲ့” “ကဲ ဒေါ်သန်းမြင့် အောင်ထူးကိုယ်တိုင် လွယ်လွယ်ကူကူ ဝန်ခံနေတော့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့ ခင်ဗျာသား အောင်ထူး လူတစ်ယောက်ကို ကားနဲ့ တိုက်ခဲ့တာ ပွဲချင်းပြီး သေသွားတယ်ဗျ အဲဒါကြောင့် အောင်ထူးကို ဖမ်းဖို့ ရဲတွေလိုက်လာတာပဲ” “ဟုတ်တယ် ဒေါ်သန်းမြင့် ကားကိုလည်း စစ်ဆေးပြီးပါပြီ မောင်နီကို စစ်ဆေးတော့လည်း မောင်နီက ဝန်ခံတယ် အဲဒါကြောင့်…” “မောင်နီ မောင်နီ …မင်းဖော်ပြလိုက်တော့ပေါ့လေ မင်းကွာ” “မဟုတ်ဘူး ကျနော့်ကို အထင်မမှားပါနဲ့ ကိုကြီးအောင်ထူးရယ် ရဲတွေ အိမ်အထိလိုက်လာပြီး စစ်ဆေးလို့ အမှန်အတိုင်းပြောလိုက်ရတာပါ။

ကျနော်ဖော်ကောင် လုပ်တာ မဟုတ်ပါဘူး” မအေးမာက အိမ်ကိုလိုက်လာတဲ့ရဲတွေကိုကြည့်ပြီး မျက်နှာပျက်သွားတယ်။ “မမသန်းမြင့် ဒီရဲတွေက မမသန်းမြင့် ဟိုဟာဖြစ်ပြီး ဝင်ခဲ့တဲ့ ရဲစခန်းက ရဲတွေလေ” ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့်နဲ့ မအေးမာကို အမြင်မှာ လွှတ်ခနဲ ပြောလိုက်တယ်။ “ဟာ…သရဲပူးပြီး စခန်းမှာ တိုက်ချက်ဖွင့်တဲ့ အဒေါ်ကြီးပါလား” အဲဒါရဲက ဒေါ်သန်းမြင့် လဲကျမလိုဖြစ်တော့ ဖမ်းထိန်းပေးခဲ့တဲ့ ရဲပါ ဒေါ်သန်းမြင့် ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံသဘော ပေါက်လိုက်ပြီ။ “အောင်မလေး …ကိုယ်ကျိုးနည်းပါပေါ့လား” ဒေါ်သန်းမြင့်က ရင်ဘတ်ကိုပုတ်ပြီး အော်ငိုလိုက်တယ်။ ရဲတွေက သရဲပူးပြီးတိုက်ချက်ဖွင့်တာဟာ တရားမဝင်ပေမဲ့ ဒေါ်သန်းမြင့် ပြောသွားတဲ့ စကားထဲမှာ သေသူနာမည်က အမှန်ဖြစ်နေတဲ့အတွက် လိုအပ်တဲ့စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ စစ်သည်မောင်ဂိတ်ကို လှမ်းမေးတော့ ဒေါ်သန်းမြင့်ပြောသွားတဲ့ ကားနံပါတ်ဟာ စစ်သည်မောင်ကားဂိတ်မှာ အမှန်တကယ် ရှိနေတယ် ။

ဂိတ်မှူးက xXXX ကားဟာ လူမတင်ဘဲ ခြောက်နာရီလောက်မှာ ကားသိမ်းသွားကြောင်း ကားမောင်းသူက အောင်ထူးဖြစ်ကြောင်း အစစ်ခံတယ်။ ရဲတွေဟာ ကားအုံနာလိပ်စာအတိုင်း လိုက်လာ။ ကားကို စစ်ဆေးတော့ ကားနံပါတ် မှန်နေတာ တွေ့တယ်။ကားရှေ့ဖုံးမှာ တိုက်မိတဲ့ အပွန်းအပဲ့တွေလည်း တွေ့တယ်။စပယ်ရာမောင်နီကို ခေါ်စစ်ကြည့်တော့ မောင်နီက ကြောက်ကြောက်နဲ့ ဝန်ခံလိုက်လို့ ကျော်နိုင်ဝင်းဆိုသူကို တိုက်သွားတဲ့ နံပါတ်မသိလိုက်တဲ့ကားဟာ အောင်ထူးမောင်းတဲ့ ကားဆိုတာ သေချာသွားပါတော့တယ်။ ရဲတွေလည်း သေသူကျော်နိုင်ဝင်း ဝင်ပူးပြီး တရားခံအစစ်ကို ဖော်ထုတ်ပေးခဲ့တဲ့ မိန်းမကြီးဟာ တရားခံရဲ့ အမေဖြစ်နေတာတွေ့ရလို့ အံ့သြမဆုံး ဖြစ်နေကြပါတော့တယ်။ရဲတွေက တာဝန်အရ အောင်ထူးကို လက်ထိတ်ခတ်ပြီး ခေါ်သွားပါပြီ။

“အောင်မလေး …သား …သား…မင်းကို ထောင်ထဲရောက်အောင်လုပ်တဲ့သူက မင်းအမေ ငါကိုယ်တိုင်နေပါပေါ့လား။ရင်နာလှချည်ရဲ့သားရယ်” ဒေါ်သန်းမြင့် အော်ငိုရင်း ကျန်ခဲ့တယ်။ ဒေါ်သန်းမြင့် ဆိုလိုရင်းကို အောင်ထူး မသိသေးပါဘူး။ အောင်ထူးလိုပဲ ဦးကျော်အောင်တို့ ဦးစံပိုင်တို့ မောင်နီတို့လည်း မသိကြဘူး။ရဲတွေနဲ့ မအေးမာပဲ သိကြတယ်။ “အို …အဖြစ်ဆိုးလှချည်လား ငါ့သားလေး သူကြိုက်တဲ့ ပုစွန်ဆိတ်ဟင်းလေးနဲ့တောင် ထမင်းစားမသွားရရှာပါလား။သားရေ…ကိုယ်သားကို အချုပ်ထဲရောက်အောင် လုပ်မိတဲ့ မင်းအမေကို ခွင့်လွှတ်ပါတော့ ငါ့ သားရယ်။ အမယ်လေး…ငါ့အဖြစ်က တော်ကိုဆိုးလှချည်လား အမေ ဘယ်လို ဖြေရတော့မှာလဲ သားရေ ဟီ ဟီး ဟီ” “မမသန်းမြင့် …မမသန်းမြင့်…သတိထားပါ တရားနဲ့ဖြေပါ မမသန်းမြင့်ရယ်” “အေးမာ ငါတရားမရှိလို့ မဟုတ်ဘူး။ လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဒဏ်ကို တန်ပြန်ခံစားရမယ်ဆိုတာ ငါလက်ခံတယ်။

အောင်ထူး မိုက်မှားခဲ့တဲ့အတွက် သူ အပြစ်ဒဏ် ခံရတော့မယ် ဒါကို ငါလက်ခံတယ် အေးမာ။ ငါ ယူကြုံးမရဖြစ်တာက ငါ့သားလေးရဲ့ ပြစ်ဒဏ်ကို ငါကိုယ်တိုင် ဖော်ထုတ်ပေးသလို ဖြစ်သွားတာကိုပါအေ။ ငါ့ အဖြစ်က သားကို ထောင်ထဲရောက်အောင် တွန်းပို့တဲ့ အမေဖြစ်ရပြီဟဲ့ ငါ ဘယ်လို ဖြေရမလဲ။ ငါ ဘယ်လို ဖြေရပါတော့မလဲ အောင်မယ်လေး…အမေ အဖြစ်က ဆိုးလှချည်လား သားရေ ဟီ …ဟီး … ဟီး …” ဒေါ်သန်းမြင့်ရဲ့ အော်ငိုသံဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့လွင့်သွားပါတော့တယ်။ မူရင်းရေးသူ၏ ဝန်ခံချက် (2009ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင် ဖြစ်ခဲ့သော ယာဉ်တိုက်မှု ဖြစ်ရပ်မှန်မှုခင်း တစ်ခုအား မှီငြမ်းရေးသားပါသည်) မူရင်းရေးသူ ဆရာ နွေတမာန် ပြီးပါပြီ စာဖတ်သူများစိတ်ရွှင်လန်းပါစေ

Be the first to comment

Leave a Reply

Your email address will not be published.


*