အကြွေး(စ/ဆုံး)
“ကိုမူတူးနှင့်သားများ အုတ်သဲကျောက် ရောင်းဝယ်ရေး” အဘိုးအိုတစ်ယောက်က ဆိုင်းဘုတ်ကို မော့ကြည့်ကာဖတ်သည်။ နေရောင်က မျက်စိကိုထိုးသဖြင့် သူက လက်လေးနှင့်ကာပြီး ကြည့်ရင်းက တဲထဲကို ဝင်လိုက်သည်။ တဲထဲတွင် စားပွဲခုံတစ်လုံး၌ လူငယ်တစ်ယောက်ထိုင်ကာ စာရင်းတွေ လုပ်နေသည်။ အဘိုးအိုက ခုံတစ်လုံးကို ဆွဲထိုင်လိုက်သည်။ လူငယ်က မော့ကြည့်လိုက်ပြီး “အဘိုး ဘာများအလိုရှိပါသလဲခင်ဗျာ” ဟု မေးလိုက်သည်။ “အုတ်လိုချင်လို့ပါကွယ်” “အုတ်ဘယ်လောက်များ လိုချင်လို့ပါလဲအဘိုး” “အုတ်တစ်သောင်း” “ဟုတ်ကဲ့ လာယူမှာလား … ပို့ပေးရမှာလားခင်ဗျာ” အဘိုးအိုက စကားဆက်မပြော။
သူ့တိုက်ပုံအင်္ကျီအိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး လူငယ်၏ စားပွဲပေါ် တင်ပေးလိုက်ကာ “ဒီမှာ ဘောင်ချာ” လူငယ်က စာရွက်ကိုယူကြည့်ပြီး “ဒါဘာလဲအဘိုးရယ်” “ဖတ်ကြည့်လေကွယ်” “အုတ်တစ်သောင်းအတွက် ပြေစာလေ” “အေးလေ … ဒါဆို အုတ်တစ်သောင်းပေးပေါ့” “ဒါပေမဲ့ ဒီဘောင်ချာက ကြာပြီအဘိုး” “ကြာတာ မကြာတာထက် … မင်းတို့ဆိုင်က ဘောင်ချာ ဟုတ်မဟုတ် ငါ့ကို အရင်ပြော” “ဟုတ်တော့ ဟုတ်ပါတယ် … ဘောင်ချာက ဒီဆိုင်က ဘောင်ချာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကဘောင်ချာကြီး အဘိုးရယ်” “ဘာဖြစ်ဖြစ်ပါကွယ် … မင်းတို့ရေးပေးထားတဲ့ မှတ်ချက်မှာ ပစ္စည်းမယူရသေးဆိုတာပါတယ်မဟုတ်လား။ ပြီးတော့ အောက်မှာ လက်မှတ်လည်း ပါသေးတယ်နော်” “ပါပါးလက်မှတ်ကတော့ ဟုတ်ပါတယ်။
ဒါပေမဲ့ အဘိုးရယ် လွန်ခဲ့တဲ့ ၅ နှစ်က အုတ်တစ်လုံးဈေးက ၁၅၀ ပဲရှိတာလေ။ ခုပေါက်ဈေးက အုတ်တစ်လုံး ၆၀၀ တောင်ရှိတာ။ လွန်ခဲ့တဲ့ ၅ နှစ်ကဈေးနဲ့ အုတ်တစ်သောင်းမှ ၁၅ သိန်းပဲရှိတာ။ ခုခေတ်ဈေးနဲ့ဆိုရင် အုတ်တစ်သောင်းကို သိန်း ၆၀ လောက်ဖြစ်နေတာလေ။ ဈေးတွေ အရမ်း ကွာနေပြီ။ ခု ငါးနှစ်လောက်ကြာမှ အဘိုးက အုတ်လာထုတ်တော့ ဈေးက ၄၅ သိန်းလောက် ကွာနေပြီ။ ကျွန်တော်တို့ လုပ်ပေးလို့ မဖြစ်ပါဘူး” “ဒါဆိုလည်း အဲဒီဘောင်ချာကို ဖြတ်ပေးလိုက်တဲ့ မူတူးဘယ်မှာလဲ။ သူ့ကို ခေါ်လိုက် … သူနဲ့ငါရှင်းမယ်” လူငယ်လေးက ဖုန်းဆက်သည်။ “ပါပါး ခုလာမှဖြစ်မယ်” မကြာမီ ဆိုင်ရှေ့ကို ကားတစ်စီးဆိုက်လာသည်။ ကားပေါ်က အဘိုးအိုနှင့်ရွယ်တူလောက်ရှိမည့် ခပ်ဝဝလူကြီး တစ်ယောက်ဆင်းလာသည်။
သူက ဆိုင်ထဲဝင်လိုက်ပြီး “သား ဘာဖြစ်လို့လဲ” “ဒီမှာ ပါပါး … လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဝယ်ထားတဲ့ ဘောင်ချာနဲ့ ခုမှအုတ်လာထုတ်နေလို့။ ဘယ်လိုလုပ်ပြီး ပေးရမှာလဲ။ ဈေးတွေက အရမ်းကွာနေပြီ။ ဒီဘောင်ချာ ပါပါးလုပ်ထားတာလား ကြည့်” လူဝကြီးက ဘောင်ချာကိုကြည့်ပြီး တဲတစ်နေရာတွင် ထိုင်နေသော လူကြီးကို ကြည့်လိုက်ပြီးမှ “ဟာ ဦးမောင်ကလေး … ဦးမောင်ကလေး ဟုတ်ပါတယ်နော်” “ဟုတ်ပါ့ကွာ … ကဲ မူတူး … ဘယ်လိုလဲ ငါ့ကို ဝယ်ထားတဲ့ အုတ်တွေပေးတော့” လူဝကြီးက သူ့သားဘက်ကို လှည့်လိုက်ပြီး “သားရေ … သူလိုချင်တဲ့ အုတ်တွေ ပေးလိုက်ပါကွာ။ အရောက်သာပို့ပေးလိုက်” “ပါပါး ဘယ်ဖြစ်မလဲ ဈေးက ၄၅ သိန်းလောက် ကွာနေပြီလေ။ လွန်ခဲ့တဲ့ ငါးနှစ်ကဟာကို ခုမှ လာဝယ်တာ ဘယ်လိုလုပ်ပေးလို့ ဖြစ်မလဲ” “ဖြစ်အောင်လုပ်ပေးလိုက်ပါသား။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒီအစ်ကိုကြီးက ပါပါးကို ငွေ ၁၅ သိန်း ထုတ်ပေးပြီး လုပ်ငန်းတစ်ခု လုပ်နိုင်အောင် ထူထောင်ပေးခဲ့တာ။ ပါပါးက အလကားမလိုချင်ဘူးဆိုလို့ သူက မင်းဆီက အုတ်ဝယ်မယ် ဆိုပြီး ဝယ်သွားတာ။
ငါတို့မှာ သူ့ကျေးဇူးအများကြီးရှိတယ်။ သူ့ကြောင့် ပါပါးတို့ လုပ်ငန်းတွေ ဆက်လုပ်နိုင်ပြီး ခုလိုဖြစ်လာရတာ” လူဝကြီးက ဦးမောင်ကလေးဘက်လှည့်ပြီး “အစ်ကိုကြီး … သားပြောမှားဆိုမှား ရှိရင်ခွင့်လွှတ်ပါနော်။ လူငယ်ဆိုတော့ မသိနားမလည်လို့ပါ။ အစ်ကိုကြီး တိုက်ဆောက်နေလို့လား။ အုတ်ပဲမလုပ်ပါနဲ့။ ကျွန်တော် သဲကျောက်ကအစ အကုန်လုံး တာဝန်ယူပါရစေ” “မူတူး … ငါဘာမှ မလိုဘူး။ မင်းဆီက ကတိသစ္စာပဲလိုတာ။ ငါ့မှာ ဘာတိုက်မှဆောက်စရာလည်း မရှိဘူး။ ငါပိုင်ဆိုင်တာတွေအားလုံး ထားခဲ့ပြီး ခုထွက်လာတာ။ မင်းဆိုင်ရှေ့ရောက်တော့ ငါမင်းကို သတိရတာနဲ့ ဝင်ပြီး စုံစမ်းတာ။ ငါ့မှာ ဘာမှတွယ်တာစရာ အဆောက်အအုံတွေ ထပ်ဆောက်စရာမလိုဘူး။ မိတ်ဆွေစစ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကိုပဲ လိုတယ်။
ငါ အဲဒါတွေကို လိုက်ရှာနေတာ။ ခု မင်းဆီကိုရောက်မှ တွေ့ရ တော့တယ်။ အဲဒီဘောင်ချာကို ယူသားထားလိုက်။ နောက်ဘယ်တော့မှလည်း လာမတောင်းတော့ဘူး။ ငါသွားတော့မယ်” “အစ်ကိုကြီးရယ် ကျွန်တော်လိုက်ပို့ပေးပါ့မယ် … ဘယ်သွားမှာလဲခင်ဗျာ” “ငါသွားချင်တဲ့နေရာကို သွားမယ်။ ငါ့ကိုလိုက်ပို့စရာ မလိုပါဘူးကွာ။ သံသရာအကြွေး ထပ်အတင် မခံချင်ပါဘူး။ သွားတော့မယ်။ မသွားခင် နောက်ဆုံး ဖြတ်စရာရှိတာကို ဝင်ဖြတ်ပေးခဲ့တာ။ ကိုင်း သွားမယ်” အဘိုးအိုက မတ်တတ်ရပ်လိုက်သည်။ ထို့နောက် တဲလေးထဲက ခေါင်းငုံ့ကာ ထွက်သွားသည်။ မူတူးနှင့်သားက နားမလည်စွာဖြင့် ငေးကြည့်ကာ ကျန်ခဲ့သည်။
တင်ညွန့် ၄.၁၂.၂၀၂၅