နှစ်ပတ်လည်(စ-ဆုံး)

နှစ်ပတ်လည်(စ-ဆုံး)

သော်တာလမင်းစန္ဒာ

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ခုရက်ပိုင်း ထူးပိုင် ရင်ထဲနေလို့မကောင်း‌ေချ။ ရင်ဘတ် တစ်ခုလုံးမီးမြိုက်ထားသလို ပူလောင်နေသည်။ စိတ်နှင့် ကိုယ်လည်းကပ်မရခဲ့။ မတင်မကျဖြစ်နေသောစိတ်ကကြီးစိုးနေပြီး အကြောင်း အရင်းမသိသောတစုံတရာကိုလည်း စိတ်ပူမိသည်။ ထို့ ကြောင့် အလုပ်ဆင်းသည့်အခါ အိမ်တန်းမပြန်ဖြစ်ဘဲ တိုက်ခန်းတစ်ခုဆီသို့ ကားကိုဦးတည်မောင်းနှင်လာခဲ့ မိတော့သည်။ ယနေ့အဖို့ ထိုတိုက်ခန်းသို့ရောက်ခဲ့သည်မှာ ( ၃ )ကြိမ် ရှိနေပြီ။ တွေ့ဆုံလိုသော သူကို အရိပ်အယောင်မျှ မတွေ့ ရပေ။ ကားမောင်းနေရင်း ဖုန်းကိုလက်ထဲမှမချနိုင်ဘဲ ဖြစ်နေ ပြန်၏။ သူခေါ်ဆိုနေသောဖုန်းနံပါတ်ပိုင်ရှင်နှင့်အဆက် အသွယ်မရသည်မှာ ( ၂ ) ရက်ခန့်ရှိခဲ့ပြီ။ ” ဟူး … ဘယ်သွားမယ်… ဘယ်လာမယ်လည်းမပြော သွား … စိတ်ကောက်ပြန်ပြီလား မသိဘူး “ တကိုယ်တည်းငြီးရင်း စိတ်မောလူမော ဖြစ်နေလေတော့ သည်။ မကြာခင်မှာပင် သူအမြဲတစေရောက်ဖြစ်နေကြတိုက်ခန်းဆီသို့ ဆိုက်ရောက်လာလေသည်။ ထိုတိုက်ခန်း သို့ လာလာရှာကြည့်သည်မှာလည်း ( ၂ )ရက်ဆက်တိုက် ရှိနေပြီ။ ရောက်လာတိုင်း သော့ခတ်ထားသော တိုက်ခန်းကသာ ဆီးကြိုနေခဲ့သည်။ သော့အပိုနှင့် ဖွင့်ဝင်ပြီး အခန်းထဲဝင် ရှာသော်လည်းပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်း များက အရာမယွင်းသလို လူလည်းမတွေ့ခဲ့ရ။ ဆိုဖာပေါ်မှီထိုင်လိုက်ပြီး ဖုန်းထပ်ခေါ်ကြည့်သည်။

ဖုန်း ပိတ်ထားသည်က ( ၂ ) ရက်၊ ခုထိပြန်မဖွင့်သေး။ စားပွဲ ပေါ်မှ လက်တော့ပ်ကိုယူပြီးဖွင့်လိုက်သည့်အခါ သူတို့ နှစ်ယောက်တွဲရိုက်ထားသည့်ပုံက screen ပေါ်မှ ခပ်ပြုံး ပြုံးပြန်ကြည့်နေသလိုလို ခံစားလိုက်ရသည်။ ထိုချိန်မှာပင် ဖုန်းဝင်လာသဖြင့် ဝမ်းသာအားရကြည့် လိုက်သည့်အခါ သူ၏ဇနီး ယုယသွင် ဖြစ်နေ၍ စိတ် ပျက်မိသွားတော့၏။ ” အင်း “ ထူးပိုင်မှာ စိတ်မပါသလိုပြန်ဖြေလိုက်သည်။ ” ယောကျာ်းရေ … ဒီနေ့စောစောပြန်လာမယ်မလားဟင် “ တစ်ဖက်မှ ဇနီးသည်၏အသံမှာ မျှော်လင့်တကြီး ပြော နေသည့်အသံမှန်းသူသိသည်။ ” ခဏနေပြန်လာမယ် “ ” ဒါဆို ညစာချက်ထားတော့မယ်နော် “ ” အင်း “ တစ်လုံးတည်းပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်‌ေလသည်။ အမှန်အတိုင်းဆိုလျှင် မိန်းမဖြစ်သူကို စိတ်ကုန်နေသည် မှာကြာခဲ့ပြီ။ အဆီအခေါက်များစုဝေးနေသော ဗိုက် ခေါက်ကြီး တလှုပ်လှုပ်နှင့် သူ့ရှေ့ဖြတ်သွားတိုင်း ထိုပုံ ရိပ်ကို ထပ်မကြည့်ချင်သည့်အတွေးက မကြာမကြာ ပေါ်လာတတ်သည်။ ကိုရီးယားကားကြည့်ပြီး တဟားဟားအော်ရယ်နေသော အသံကိုလည်းသူမုန်းမိသည်။ ထမင်းလက်ဆုံစားသည့်အခါတိုင်း သူမပါးစပ်ထဲသို့ ထမင်းလုတ်သွတ်သွင်းနေ ဟန်ကိုလည်း ဆက်မကြည့်ချင်တော့ချေ။ ညအိပ်သည့်အခါ၌လည်း သူ့‌ကိုယ်ပေါ် ခြေသလုံးကြီး တင်ပြီး တခေါခေါဟောက်နေသံကိုလည်း မခံစားနိုင် ခဲ့။ ရသမျှပိုက်ဆံ အကုန်သိမ်းပြီး ပြန်ထွက်မလာသည် ကိုလည်း ဒေါသထွက်သည်။ အနှီမိန်းမ၏ဒဏ်ကို ကြာရှည်မခံနိုင်လာတော့‌ေချ။အိမ် ထောင်သက်ကြာလာသဖြင့်လည်း ထိုသို့ဖြစ်ပေါ်လာ သည်လား ထူးပိုင်မဆိုတတ်။ ထိုသို့ ငြီးငွေ့လာသည့်အချိန် တွင် ” အိမ့် ” ဟူသော မိန်းကလေးနှင့် တွေ့ဆုံခဲ့ရသည်။

အိမ့် ကလှသည်။ sexy ကျသည်။ ချိုသာသည့်အသံရှိ သည်။ ယုယတတ်သည်။ ထူးပိုင်အဖို့ အိမ့် ၏လှုပ်ရှား မှုတိုင်းက စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။ အိမ့်နှင့် ချစ်ကြိုက်ခဲ့ပြီး ယခုတိုက်ခန်းကို ငှားကာ အတူနေထိုင်ခဲ့သည်က ( ၁ ) နှစ်ပြည့်တော့မည်။ ထို ကာလအတွင်း ကတောက်ကဆ တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ဖူးသည်မှ လွဲ၍ ကြီးကြီးမားမား ရန်မဖြစ်ဖူးခဲ့ပေ။ ယခုအခါတွင်မူ အိမ့်က မပြောမဆိုနှင့် အဆက်အသွယ် ဖြတ်ထားသည်မှာ ( ၂ ) ရက်ရှိသွားပြီဖြစ်၏။ မည်သည့် အကြောင်းအရင်းမှန်းလဲ ထူးပိုင် မတွေးတတ်တော့ချေ။ စိတ်ပင်ပန်းစွာဖြင့် ဆိုဖာပေါ်မှီရင်း မှေးခနဲ အိပ်ပျော် သွားခဲ့သည်။ သူ၏နားထဲ ရေသံကြားလိုက်ရသဖြင့် နားစွင့်ကြည့် မိသည်။ ဟုတ်သည်။ ရေချိုးခန်းထဲ ရေချိုးနေသံအစစ်။ အိမ့် ပြန်ရောက်နေပြီဟု တွေးမိသည့်အခါ ဝမ်းသာမိ သွားသဖြင့် ရေချိုးခန်းဆီသို့ အပြေးသွားကြည့်လိုက် တော့သည်။ ‌တံခါးဖွင့်လိုက်သည့်အခါ ရေပန်းမှ ရေပွင့်ကျ နေခြင်းသာ ဖြစ်ပြီး အိမ့် မဟုတ်နေပေ။ ရေပန်းပြန်ပိတ်ပြီး သက်ပြင်း ချကာ လှည့်ထွက်လာခဲ့ရသည်။

ထိုအခါမှ ဇနီးသည်ဖုန်း ဆက်ထားသည်ကို သတိရမိကာအိမ်သို့ပြန်လာခဲ့လေသည်။ အိမ်တံခါးဖွင့်လိုက်သည်နှင့် ဟင်းချက်ကောင်းသော ယုယသွင်၏ လက်ရာဟင်းရနံ့မှာ မွှေးပျံ့ကာ ထွက် ပေါ်လာခဲ့သည်။ ထိုတစ်ချက်ကိုတော့ ထူးပိုင် ချီးမွှမ်း မိသည်။ ယုယသွင်အား မနှစ်သက်လှသော်လည်း သူမချက်ကျွေး သည့် ထမင်းဝိုင်းလေးက အမြဲစိုပြေသည် ကတော့ အမှန် ပင်။ ” ယောကျာ်း … ဖုန်းဆက်ထားတာကို ဘာလို့နောက် ကျရတာလဲ “ ယုယသွင် မှာ အနီရောင်ဂါဝန်ဝတ်ထားပြီး နှုတ်ခမ်းနီ အနီရဲရဲကို ဆိုးထားလေသည်။ မပြင်မဆင်ဘဲနေတတ် သည့် ဇနီးသည်မှာ ယခုလို မိတ်ကပ်မခြယ်တတ်ဘဲ ပြင် ဆင်ထားသဖြင့် လိုက်ဖက်မှု မရှိလှပေ။ လူကသပ်သပ်၊ မိတ်ကပ်ကသပ်သပ် ကဲ့သို့ဖြစ်နေသည်။ ” ခုရောက်ပြီပဲကွာ … ဒါနဲ့ … ဒီအဆင်က ဘာဖြစ် တာတုန်း … “ ထူးပိုင်က အဆီများပြည့်ဖုံးနေသော ယုယသွင်၏ ခန္ဓာ ကိုယ်ပေါ်မှ အနီရောင်ဂါဝန်အား ညွှန်ပြကာမေးလိုက် သည်။ ” ယောကျာ်းမေ့နေပြီမလား … ဒီနေ့က ယုနဲ့ ယောကျာ်း နဲ့ အိမ်ထောင်သက် ဆယ်နှစ်ပြည့်တဲ့ နေ့… မှတ်မိလား” ယုယသွင် ပြောမှ ဟုတ်နိုးနိုး ပြန်တွေးနေမိသည်။ မင်္ဂလာ နှစ်ပတ်လည် မဆိုထားဘိ ပြက္ခဒိန်ရက်စွဲကိုတောင် ထူးပိုင် ဂရုမစိုက်မိသည်မှာ ကြာလှပြီ။

” ရေချိုးပြီး အဝတ်လဲလိုက်ဦး … ဒင်နာစားရအောင်… နော်ယောကျာ်း “ ထူးပိုင်ကစိတ်မပါလှဘဲ ခေါင်းသာညိမ့်ပြလိုက်တော့၏။ စားပွဲပေါ်တွင် အသားပြားကြီးကို ဆလပ်ရွက်၊ မုန်လာဥနီ တို့ဖြင့် အလှဆင်ထားသည်။ ယုယသွင် အနည်းငယ် မူပြောင်းနေသည်ကို ထူးပိုင် သတိထားမိသည်မှာသိပ် မကြာသေးချေ။ အနောက်တိုင်းအစားအစာဆိုလျှင် မကြိုက်တတ်သည့် သူမက ယခုအခါတွင်မူ အနောက်တိုင်းပုံစံပြင်ဆင်ကာ ဒင်နာ ဟူ၍ပင် သုံးနှုန်းသွားသေးသည်။ ယုယသွင်မှာ ယခုအတောအတွင်း သူမအပေါ် အေး စက်လာမှန်း ခံစားမိ၍ အိမ်ထောင်ရေးအပေါ် ပျားရည် လောင်းဖို့ ကြိုးစားနေလေပြီဟု ထူးပိုင် သိနေ၏။ ယုယသွင်၏ ပြောင်းလဲမှုကို တဒင်္ဂသာ စိတ်ဝင်တစား ကြည့်မိပြီး မူရင်းစိတ်က အိမ့် ဆီသို့ ရောက်သွားပြန် သည်။ ဇနီးသည်နှင့် ကွာရှင်းဖို့ နှောင့်နှေးနေခြင်းကြောင့် စိတ် ဆိုးကာ အဆက်အသွယ်ဖြတ်သွားသည်လားဟု ရုတ် တရက်သတိရမိသည့်အခါ ရင်ထဲပူလာပြန်၏။ တို့ကနန်း ဆိတ်ကနန်း သာစားရင်း မည်သို့လုပ်ရမည်ကိုသာတွေး နေမိတော့သည်။ ” စားမကောင်းဘူးလားယောကျာ်းရဲ့ … စားစမ်းပါ “ ” ကောင်းပါတယ် … ညနေက အလုပ်ထဲမုန့်စားလာလို့ သိပ်မဆာဘူးဖြစ်နေတာ “ ” ဒါဆိုလည်း ဖြည်းဖြည်းစား … ရော့ … အသားတွေ ရှယ်နော် … စားကြည့်ဦး “ ယုယသွင်က အသားပြားချပ်ကြီးနောက်တစ်ချပ်ကို ပန်းကန်ထဲ ထပ်ထည့်ပေးပြန်သည်။ ” ရပြီ … အများကြီးစားလို့မရဘူး … ဗိုက်ပြည့်နေတယ် “ ” အဲ့ဒါကြောင့် ဖြည်းဖြည်းစားလို့ “ ယုယသွင်မှာတော့ စကားတွေဖောင်ဖွဲ့ပြောရင်း အသားပြားများကို ဓါးဖြင့် လှီးလိုက် ပါးစပ်ထဲသွတ်သွင်းလိုက် ဖြင့် အလုပ်ရှုပ်နေရှာလေသည်။

အနီရဲရဲ ဆိုးထားသည့် နှုတ်ခမ်းများ ဟကာ အားရပါးရ စားနေဟန်က ထူးပိုင်အတွက် စိတ်ပျက်စရာသာကောင်းနေ ခဲ့သည်။ စားလက်စ ရပ်လိုက်ပြီး ဝိုင်ကိုမော့သောက်လိုက် တော့၏။ ” ဟင် … တော်ပြီလား … နည်းလိုက်တာရော “ ” တော်ပြီ … ပင်ပန်းလာလို့ ခဏနားလိုက်ဦးမယ် “ ထူးပိုင်မှာ ထိုနေရာ၌ ဆက်မနေချင်တော့ပေ။ အကြောင်း ပြကာ ထွက်လာပြီး အိမ်အပေါ်ထပ်သို့ တက်သွားတော့ သည်။ ယုယသွင်မှာတော့ ထူးပိုင်၏ကျောပြင်ကို ငေး မောရင်းကျန်ရစ်ခဲ့ရှာလေသည်။ Toilet ထဲဝင်ကာ အိမ့်ထံဖုန်းခေါ်ကြည့်ပြန်သည်။ ထူး ပိုင်အတွက် toilet က လုံခြုံစိတ်ချရသည့်နေရာဟုထင် မိ၏။ ဆက်သွယ်မရတော့သည့် ဖုန်းကို ထပ်ခါထပ်ခါ ခေါ်ဆိုရင်း ခေါင်းထဲမူးနောက်နောက်ဖြစ်လာသဖြင့် အန်ချပစ်မိလေသည်။ တဝေါ့ဝေါ့ အန်ထုတ်ပစ်မှ သက်သာသွားသလိုရှိသည်။ Toilet အပြင်ဘက်မှ တဒုန်းဒုန်း ထုနေသံကို ကြားသော် လည်း ပြန်မဖြေနိုင်ခဲ့။ ” ယောကျာ်း … ဘာဖြစ်တာလဲ … တံခါးဖွင့်ပါဦး “ ခေတ္တအမောဖြေလိုက်ပြီးမှ တံခါးဖွင့်ကာ ထွက်လာ လိုက်၏။ ” အစာမကြေလို့ထင်တယ် … နေလို့မကောင်းဘူး “ ” ဘယ်လိုဖြစ်ရတာလဲယောကျာ်းရယ် … ဆေးခန်း သွားမလား … ဟင် “ ” နေတော့ … မသွားတော့ဘူး … ခဏနားလိုက်ဦးမယ် “ ယုယသွင်ဘက် ကျောပေးကာ တစ်ဖက်သို့လှဲချလိုက် တော့သည်။ ယုယသွင်ကလည်း ထူးပိုင်ကို စောင်ပါး လေးခြုံပေးကာ ပြန်ထွက်သွား၏။

ထို့နောက်သိပ်မကြာ၊ ပြန်ဝင်လာသည်။ ” ဖြေဆေးလေးနဲ့ ရေနွေးပူပူလေးသောက်လိုက် … ပထမဆုံးဆိုတော့ ဒီလိုပဲ … နောက်တော့ ပြန်ကောင်း သွားလိမ့်မယ် “ ယုယသွင် ဘာပြောသည်ကို ထူးပိုင်နားမလည်။ သို့ သော် ဖြေဆေးတော့သောက်လိုက်လေသည်။ ” အိပ်တော့မယ် … “ ထူးပိုင်က စောင်ခြုံပြီး ပြန်လှဲလိုက်၏။ ယုယသွင်လည်း ပြန်ထွက်လာခဲ့လိုက်တော့သည်။ စားပွဲပေါ်ရှိပန်းကန်တချို့ ကို ဆေးကြောသန့်စင်ရင်း သူမ၏မျက်ဝန်းထဲ မျက်ရည် များ ဝဲတက်လာခဲ့၏။ ယခုကဲ့သို့ အေးစက်နေသော အိမ်ထောင်ရေးမျိုးမဖြစ် ‌ေစချင်တော့ပေ။ ခင်ပွန်းဖြစ်သူ အချိုးပြောင်းနေမှန်း သိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယုယသွင်က ရင်ထဲခံစားရသမျှ ထုတ်ဖော်ပြောပြတတ် သူမဟုတ်။ သိုဝှက်ကာသိမ်းထားတတ်သည်။ ထို့ကြောင့် လည်း သူမတစ်ယောက်တည်း ရှိချိန်မျိုးတွင် ကြိတ်ငို ခဲ့သည်က အခါခါပင်။ မြိုသိပ်ရင်း ကာလကြာလာသောအခါ သူမ၏ စိတ်ကို သူမကိုယ်၌ကပင် နားမလည်လာတော့ပေ။ ထို့ကြောင့် လည်း ယခုကဲ့သို့ မပြုလုပ်ဖူးသော မင်္ဂလာနှစ်ပတ်လည် ဒင်နာကို ပြုလုပ်ခဲ့မိသည်။ အိမ်ထောင်သက် ဆယ်နှစ်အတွင်း သမီးတစ်ယောက် ရခဲ့သော်လည်း လသားအရွယ်မှာပင် ဆုံးပါးသွားခဲ့ လေသည်။

သားဦးသမီးကို ဆုံးရှုံးခဲ့ရပြီး အရူးတစ် ပိုင်းဖြစ်ခဲ့ရသည်။ မပြင်မဆင်တော့ဘဲ စိတ်ချမ်းသာသလိုသာနေဖြစ်ခဲ့ သည်။ ခန္ဓာကိုယ်အလေးချိန်တိုးလာသည့်အတွက် ကြောင့်လား၊ တခြားအကြောင်းကြောင့်လား သေချာ မသိသော်လည်း ၎င်းတို့ဇနီးမောင်နှံတွင် သားသမီးထပ် မရလာတော့။ ဆုံးရှုံးခဲ့ရသည့် သမီးဦးကိုသာ အချိန်တိုင်း တမ်းတရင်း မိမိကိုယ်ကိုယ် ဂရုမစိုက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။ ယုယသွင်ဘဝတွင် မိဘနှစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရပြီးပြီ၊ သားသမီးလည်းဆုံးရှုံးပြီးပြီ၊ ယခုတွင်မူ အချိုးပြောင်း လာသော ခင်ပွန်းသည်ကို ထပ်မံ ဆုံးရှုံးရမည်ကို တွေး ကြောက်လာခဲ့တော့သည်။ ထို့ကြောင့် ခင်ပွန်းသည်စိတ်ပြန်လည်လာစေရန် မပြင် ဆင်တတ်သည့်မိတ်ကပ်များလိမ်းခြယ်ခဲ့သည်။ ဝတ် လေ့မရှိသည့် ဂါဝန်များ၊ စကပ်များ ဝတ်ဆင်မိသည်။ သူမမည်သို့ပင်ကြိုးစားစေကာမူ ထူးပိုင်၏ စိတ်က ပြန်လှည့်မလာခဲ့။ ဤသည်ကိုသူမသိသည်။ ထို့ကြောင့်လည်း သူမအတွက်စွန့်စားမှုကြီးတစ်ရပ်ကို ပြုလုပ်ဖို့အကြောင်းဖန်လာရခြင်းပင်ဖြစ်လေသည်။ ပါးပြင်ထက်မှမျက်ရည်များကို သုတ်ပြီး အခန်းထဲပြန် လာကာ အဝတ်လဲလိုက်သည်။ ထူးပိုင်မှာတော့ မည်မျှ စိတ်ပင်ပန်းခဲ့သည်မသိ၊ အိပ်မောကျနေပြီ။ ခင်ပွန်း သည်ကို တစ်ချက်ကြည့်ပြီး ကားသော့ယူလာကာ အ ပြင်သို့မောင်းထွက်သွားလေတော့၏။ သူမသွားနေကြနေရာ၊ ထိုနေရာသို့ရောက်လျှင် သူမ စိတ်အေးချမ်းသွားစမြဲ။

ထိုနေရာကား သူမ၏ မိဘ နှစ်ပါးနှင့် သမီးဦး တို့၏အရိုးပြာများကို မြုပ်နှံထား သည့်နေရာ၊ သူမပိုင်ဆိုင်သော ခြံဖြစ်သည်။ ခြံထဲမောင်းဝင်ပြီး သစ်ပင်ကြီးအောက် ပြေးသွားလိုက် သည်။ ထိုသစ်ပင်ဘေးပတ်ပတ်လည်တွင် အရိုးပြာများ မြုပ်နှံထား၏။ သစ်ပင်အိုကြီး၏ သစ်မြစ်ကြီးတစ်ခု ပေါ်မှီရင်း အားရပါးရ ငိုရှိုက်ပစ်လိုက်လေတော့သည်။ သူမရင်ထဲဆို့နစ်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး နွမ်း လျနေသည်။ သူမဆုံးဖြတ်ချက်တစ်ခုချခဲ့ပြီဖြစ်သည်။ ” ဒါကျွန်မရဲ့ ကလဲ့စားပဲ … ရှင်တစ်သက်လုံး ရင် ကွဲပြီး နေပေတော့ … ဟား … ဟား … ဟား “ ယုယသွင်မှာ မျက်ရည်များကြားမှ တဟားဟားအော် ရယ်ပစ် လိုက်၏။ သူမ၏ အသံမှာ အေးစက်စက်နိုင် လွန်းလှသည်။ ” ဝုန်းခနဲ ” အသံကျယ်ကြီးကြောင့် ထူးပိုင်လန့်နိုးသွား ခဲ့သည်။ အိပ်ခန်ထဲမှထွက်ထွက်ချင်း သူ့ကို တစ်ယောက် ယောက်က ချုပ်လိုက်သည်ကိုခံလိုက်ရသည်။ သူ့မျက်လုံးများပြာဝေသွားရပြီ။

သူအိမ်ထဲတွင် ရဲများ နှင့် ရပ်ကွက်လူကြီး၊ လူတော်တော်များများရောက်နေ ကွ၏။ အိမ်အောက်ထပ်ဆင်းလိုက်သည်နှင့် ခေါင်းကို မိုးကြိုး ပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်သွားရလေသည်။ ယုယသွင် နှင့် ညစာအတူစားခဲ့သော စားပွဲပေါ်တွင် အိမ့်၏ခေါင်း ပြတ်ကို ပန်းကန်ပြားပေါ်တင်ထားသောကြောင့်ပင်။ ” အိမ့် “ ထူးပိုင် ထိတ်လန့်တကြားအော်ဟစ်ပစ်လိုက်သည်။ ” မလှုပ်နဲ့ … ငြိမ်ငြိမ်နေ “ သူ၏လက်နှစ်ကို အနောက်သို့ဆွဲယူသွားပြီး လက် ထိပ်ခတ်ခံလိုက်ရပြီ။ စားပွဲပေါ်သေချာကြည့်လိုက်သည့်အခါမှ ညကသူစား ခဲ့‌‌ေသာ ပန်းကန်၊ ခရင်း၊ ဓါး ၊ ဝိုင်ခွက် အားလုံးကလက် ရာခြေရာမပျက် ရှိနေသည်။ ယုယသွင်၏ ပန်းကန်နေ ရာတွင်မူ အိမ့်၏ခေါင်းပြတ်တင်ထားသော ပန်းကန်သာ ရှိသည်။ ” ကျွန်တော် သတ်တာမဟုတ်ဘူး … ကျွန်တော်မသတ် ဘူး “ ထူးပိုင် အားကုန်အော်ကာ ငြင်းဆန်နေရင်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိလိုက်သည့်အခါ အလွန် ထိတ်လန့်သွားမိတော့ ၏။ သူ၏ ရင်ဘတ်တစ်ခုလုံး သွေးများ ပေကျံနေသော ကြောင့်ဖြစ်သည်။

” သူ့ကုတင်ဘေးမှာ … သက်သေခံဓါးတွေ့တယ်ဆရာ “ ထူးပိုင်လည်း အတင်းရုန်းကာ အော်ဟစ်ငြင်းဆန်သော် လည်း ကံကြမ္မာကသူ့အား မျက်နှာသာပေးဖို့ရန် ခဲယဉ်း ပေလိမ့်မည်။ ယုယသွင်၏ အစီအစဉ်တကျ စီစဉ်ခဲ့သော ကလဲ့စား ချေမှုကို ထူးပိုင် ငြင်းဆန်ဖို့ သက်သေမရှိတော့ပေ။ အိမ်ထဲမှ ထွက်ထွက်လာခြင်း သူကြားလိုက်သည်မှာ ” လူသတ်ပြီး …စားတာဟုတ်လား …ဟယ် … ရက်စက် လိုက်တာ “ ” စိတ်ရောဂါနေမှာပေါ့ဗျာ “ ထိုစကားကို နားစွန်နားဖျားကြားလိုက်သည်နှင့် ထူးပိုင် ခေါင်းထဲ ချာချာလည်အောင်မူးသွားပြီး မေ့မျောသွားခဲ့တော့လေတည်း။

သော်တာလမင်းစန္ဒာ

Leave a Reply

Your email address will not be published. Required fields are marked *