
*လွမ်းတယ်မေမေ*(စ/ဆုံး)
“မောင် ကျောင်းပြီးရင် သဇင်တို့လက်ထပ်ကြရအောင်နော်” သဇင်ချစ်သူဖြစ်သူကိုပြောလိုက်တော့…. “သဇင်ရယ် မောင်တို့ကခုမှကျောင်းပြီးတာလေကွာ ဘယ်လိုလုပ်လက်ထပ်လို့ရဦးမလဲ.. ” သဇင် သက်ပြင်းသဲ့သဲ့ချမိသည်။ ချစ်သူ ကျော်စိုးနှင့်ချစ်သူသက်တမ်းသုံးနှစ်ရှိခဲ့ပြီဖြစ်သည်။ သဇင်က အလုပ်တစ်ဖက်နှင့်အဝေးသင်တတ်နေခြင်းပင်ဖြစ်သည်။ သူမအလုပ်ကလည်း သူများဆိုင်တွင်လခစားအလုပ်သာဖြစ်သည်။ သူမ ဖခင်ကသူမငယ်စဉ်ကတည်းကဆုံးပါးသွားပြီးမိခင်ဖြစ်သူနှင့်အတူနေထိုင်းရင်း မိခင်ဖြစ်သူ ကနောက်အိမ်ထောင်ပြုလိုက်သည်။
မိခင်နှင့်အတူနေထိုင်စဉ်ကအဆင်ပြေခဲ့သော်လည်းပထွေးဖြစ်သူရှိလာတော့ စားသောက်ရတာပင် မဝံမရဲဖြစ်နေရသည်။ မိခင်ဖြစ်သူရဲ့ရှေ့မှာလည်း… “အလကား ငါ့လုပ်စာထိုင်စားနေတဲ့ဟာတွေ အပူပင်မရှိဘူး” သူမကိုအမြဲစောင်းမြောင်းပြောဆိုတတ်သည်။ မိခင်ကလည်း ပထွေးဖြစ်သူ လုပ်စာကြောင့် သူမကိုဘာမှကူမပြောပေးနိုင်။ နောက်ဆုံးသူမဘဝသူမသာရုန်းကန်ဖို့ အိမ်ကထွက်လာကာအရောင်းစာရေးလေးဝင်လုပ်ပြီး အဆောင်ဌားနေခဲ့ရသည်။ ကျော်စိုးနှင့်ချစ်သူဖြစ်နေရပင်မယ့် ကျော်စိုးဆွေမျိုးမိဘတွေက သဇင်ကို့မကြည်ဖြူကြပေ။ သူမလိုကိုယ့်ဘဝကိုယ်ရုန်းကန်နေသူကိုမကြည်ဖြူကြတာမဆန်းပေ။
ယခုလည်းကျော်စိုး သဇင်ကို လက်ထပ်ဖို့အရေးရှောင်ဖယ်နေလေသည်။ သူမ ကျော်စိုးနှင့် ချစ်သူအဆင့်ထက်ကျော်လွန်ခဲ့လေပြီ။ မိမိ မှာရင်သွေးလွယ်ထားရသည်ကို ကျော်စိုးသိအောင်ပြောပြ မှရတော့မည်ဖြစ်သည်။ “မောင်…ကျွန်မ မှာမောင့်ရင်သွေးလေး လွယ်ထားရပြီ” သဇင်ပြောလိုက်တော့ ကျော်စိုးထိတ်လန့် သွားဟန်ဖြင့်.. “ဟာ…သဇင်ရာ မောင်တို့လက်ထပ်ဖို့တောင်အဆင်မပြ သေးတာ ကလေးယူဖို့ မဖြစ်နိုင်သေးဘူးလေကွာ” သဇင် ငြင်းဆန်နေသော ကျော်စိုးကိုသေချာစိုက်ကြည့်ပြီး.. “သဇင်ဘာလုပ်ရမလဲမောင် ကိုယ်ဝန်ကရှိလာပြီလေမောင်ရယ် သဇင်တို့မိသားစုလေး ကြိုးစားပြီးအတူနေလို့ရပါတယ် သဇင်တို့ ရုံးတက် လက်မှတ်ထိုးရအောင်နော်” သူမ အသနားခံပြောတဲ့စကားကို… “မောင် ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး သဇင် မောင့်မိဘတွေပြောပေးမယ် သူတို့ဆုံးဖြတ်တာ တို့နာခံကြတာပေါ့” ဖြစ်မလာနိုင်သည့်အရာကို ကျော်စိုးပြောတော့ သဇင် စိတ်မကောင်းဖြစ်မိသည်။
*************************************** “အို….ငါ့သားက ခုမှ မိဘအုပ်ထိန်းမှုအောက်မှာနေနေတုန်းရှိသေးတာ မိန်းမတော့ မပေးစားနိုင်ဘူး ညည်းကလေးကို ငါတို့တာဝန်ယူတယ် ” ကျော်စိုးမိခင်ကပြောတော့.. “အန်တီက ဘယ်လိုတာဝန်ယူတာလဲ” သဇင်၏စကားကို ကျော်စိုးမိခင်က… “ဒီကလေးကို ဖျက်ချပစ်ရမယ် အဲ့အတွက် ညည်းကိုလည်း ထိုက်သင့်တဲ့ပိုက်ဆံပေးမယ်..” သဇင် ကျော်စိုးမိခင်စကားကြောင့်ထိတ်လန့်သွားကာ.. “ဟင့် အင်း…ကျွန်မ ကျွန်မ ရင်သွေးကို မဖျက်နိုင်ဘူး” သဇင် ရဲ့ငြင်းဆန်နေမှုကို…. “ဟုတ်တယ် ဖျက်ချလိုက်ပါ သဇင် မေမေပြောတာမှန်ပါတယ် မောင်ကလေးအဖေ မဖြစ်ချင်သေးဘူး နော် မေမေပြောတဲ့အတိုင်းလုပ်လိုက်ပါ” သဇင် သူမကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ သူမ ကျော်စိုးတို့အိမ်က ပြန်ထွက်လာခဲ့သည်။ သူမ နားအစုံသည် မည်သူပြောတာမှ မကြားတော့အောင် သူမစိတ်တို့ အားအင်ကုန်ဆုံးနေလေသည်။
သူမ မိခင်ဆီပြန်သွားဖို့လည်းမဖြစ်နိုင်ပေ။ သူမကျော်စိုးမိခင်ပြောတာလက်ခံရမလား။ ဟင့်အင်း သူမလက်မခံပါ သူမကလေးလေးသည်သူမအသက်ပင်ဖြစ်သည်။ သူမ ကျောင်းမှထွက်လိုက်တော့သည်။ ကျော်စိုးနှင့်လည်းမပတ်သတ်တော့။ ကျော်စိုးကတော့ သူမကို လိုက်ရှာနေလေသည်။ သူမ သူငယ်ချင်းတစ်ယောက်အကူညီဖြင့် နယ်မြို့လေးတစ်ခုမှာနေထိုင်ခဲ့သည်။ သူမ စားဝတ်နေရေးနှင့် ကလေးမွေးဖွားစရိတ်အတွက် ဈေးထဲမှာကုန်စိမ်းလေးအနည်းငယ်တင်ရောင်းသည်။ အမြတ်နည်းပင်မယ့် သူမစားဖို့တွက်ပြည့်စုံပေသည်။ ညနေခင်းဆို သူမတွန်းလှဲလေးဖြင့် အသုတ်စုံလှည့်ရောင်းသည်။ ကလေးလေးမွေးဖွားလာဖို့ သူမကြိုးစားနေပေသည်။ သူမမြို့ငယ်လေးမှာနေထိုင်ရင်းသုံးလအကြာ မိခင်ဖြစ်သူလိုက်လာသည်။ ပထွေးဖြစ်သူနှင့်မနေတော့ဘဲ သူမနှင့်သာအတူနေထိုင်ဖို့ ရောက်ရှိလာခြင်းဖြစ်သည်။ မိခင်ဖြစ်သူရှိသဖြင့်သူမအနည်းငယ်သက်သာရသည်။ ကလေးလေးမွေးဖွားဖို့ရက်ကို ရောက်လာသည်။
အရပ်ထဲမှ လက်သည်ဖြင့်သာမွေးဖွားဖို့စီစဉ်ထားသည်။ မီးနေခန်းထဲတွင် လက်သည်နှင့်သူမအမေ ဘေးတွင်ရှိနေသည်။ “အမလေးးးးးးအမေရေ..အမေ..” “အမေရှိတယ်သမီး အားတင်းထားနော် ကြိုးစား…” “ကဲ ကလေးလေးမွေးတော့မယ် ကြိုးစားညစ်ထား ဟုတ်ပြီ ဟုတ်ပြီ….” နောက်ဆုံးသူမ ကလေးလေးကိုမွေးဖွားနိုင်ခဲ့သည်။ ကလေးမှာ ယောက်ျားလေးဖြစ်သည်။ အမေဖြစ်သူရဲ့လက်ထဲမှ ဖြူဖွေးဝကစ်နေသည့် ကလေးလေးကိုကြည့်ရင်း သူမ မျက်လုံးတို့ ဝေဝါးသွားတော့သည်။ “ဟဲ့.သဇင်….သဇင်.သဇင်….” “အမလေးးးးးးးးးသမီးရေ အမေတို့မြေးအဖွားကိုထားခဲ့ပြီလား” သဇင်ကလေးမီးဖွားရင်းသေဆုံးသွားခဲ့သည်။ သမီးဖြစ်သူရဲ့ရင်သွေးလေးကို ကိုယ်တိုင်ပြုစုရင်း ဈေးထဲတွင် ကုန်စိမ်းရောင်းနေသည်။
“အမေ…အမေ….အမေရေ…” သမီးဖြစ်သူရဲ့ခေါ်သံကိုကြားနေသည်။ အိပ်ပျော်နေရင်းမှ လန့်နိုးလာကာ ဘေးမှ မြေးလေးကိုကြည့်တော့ အိပ်ပျော်နေသည်။ မြေးလေးရဲ့ နဖူးကိုစမ်းကြည့်တော့ ကိုယ်ပူနေသည်။ ကလေးနေမကောင်းဖြစ်နေသည်ကိုသိလိုက်တော့ ချက်ချင်းဆေးခန်းပြေးပြရသည်။ သမီးဖြစ်သူ ကလေးကိုစွဲပြီးမကျွတ်လွတ်သေးတာကိုသိသည်။
တစ်ခါတစ်လေ ကလေးပုခတ်လေးသည် လူမရှိဘဲ လှုပ်ရမ်းနေတတ်သည်။ လူမမယ်ကလေးလေးသည် တစ်ခါတစ်ရံ ချော့မြူပေးသူမရှိဘဲ တစ်ခစ်ခစ်အော်ရယ်နေတတ်သည်။ ကလေးလေးစကားပြောတတ်စမှာ.. “မေမေ…. မေမေ…မေမေ…” သူ့အလိုလို ခေါ်တတ်နေလေသည်။ နေလာရင်း ကလေးသုံးနှစ်အရွယ်ရောက်လာတော့… “ဖွားဖွား သားညတိုင်အိမ်မက်မက်ရင် မေမေက ပုံပြင်ပြောပြတယ်သိလား” မြေးဖြစ်သူပြောတော့ စိတ်မကောင်းပေ။
သမီးဖြစ်သူကိုလည်းကျွတ်လွတ်စေချင်သည်။ သဇင်ကိုယ်တိုင် သားဖြစ်သူအနီးမှာနေချင်သေးရဲ့ အမျှပေးဝေတာကိုသာဓုမခေါ်ပေ။ နှစ်တွေကြာမှ ကျော်စိုးတို့သားအမိသဇင်တို့အိမ်လေးကိုရောက်လာသည်။သူတို့အမှားကိုတောင်းပန်ပြီး ကလေးကိုတောင်းသည်။ ထိုအချိန်… “ဘုန်း….ခွမ်း….ချလွမ်..ဘုန်းးးးးးးးး” ပစ္စည်းကျကွဲသံတွေဆူညံလာသည်။အိမ်ကြီးသည်လည်းလှုပ်ရမ်းခါနေသည်။ ကျော်စိုးတို့သားအမိလန့်နေသည်။ “တွေ့ လား.သမီးက လက်မခံဘူး ရှင်တို့သွားတော့….” ကျော်စိုးတို့လည်း သဇင်ထပ်ခြောက်လန့်မှာကြောက်၍ အိမ်ကိုပြန်သွားကြတော့သည်။ ကလေးလေးခြောက်နှစ်အရွယ်ရောက်တော့အဖွားဖြစ်သူကစုဆောင်းထားတဲ့ပိုက်ဆံလေးနှင့် ရှင်ပြုပေးဖို့စီစဉ်သည်။
အများသူဌာလို အလှူကြီးမလုပ်နိုင်ပေ။ သက်န်းလေးတစ်စုံဖြင့်ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်ခါရှင်ပြုပေးခြင်းဖြစ်သည်။ “မေမေ သာဓုခေါ်ပြီးကောင်းရာမွန်ရာသွားပါ သားကိုလည်းစိတ်ချပါတော့နော်မေမေ…..” သားဖြစ်သူကပြော၍ သဇင် သာဓုခေါ်ဖို့ လက်ခံလိုက်သည်။ ရှင်မပြုခင် ညတွင်….. “ဟီး ဟီး ဟီးးးးးးးးးးးးးးးးးး” ငိုသံကြီးကို မြေးအဖွားတွေကြားနေရသည်။
မြေးအဖွားလည်းစိတ်မကောင်းပေ။မျက်နှာမှာလည်းမျက်ရည်တွေဖြင့်သာ။ နောက်ရက် ရှင်ပြု အမျှပေးဝေကြပြီးနောက် သဇင်ကို သားဖြစ်သူ မတွေ့ရတော့ပေ။ သဇင်ကျွတ်လွတ်သွားခြင်းပင်ဖြစ်သည်။ သားဖြစ်သူရင်ထဲမှာတော့ မိခင်ဖြစ်သူ အမြဲရှိနေပေသည်။
Leave a Reply