အိမ်တွင်းတိုက်ပွဲ

အိမ်တွင်းတိုက်ပွဲ

မောင်ကျော်စွာ ကျွန်တော့်အိမ်တွင် အမှိုက်များ လာရှင်းပေးနေသည်။ ကျွန်တော့်အိမ်တွင် အမှိုက်အဖွဆုံး သတ္တဝါလေးတွေမှာ စာကလေးတွေဖြစ်သည်။ ကျွန်တော်က မနက်ခင်း လမ်းလျှောက်ထွက်လျှင် စာကြည့်ခန်း ပြတင်းတံခါးတွေကို ဖွင့်သွားလေ့ရှိသည်။ အိမ်တွင်း အနံ့အသက်ကောင်းစေရန် ဖြစ်သည်။ ကျွန်တော်အိမ်တွင် မရှိသည့် မနက် ၂ နာရီ ၃ နာရီ ကာလ အတွင်း ကိုရွှေစာတို့က အစွမ်းကုန် သောင်းကျန်းတော့သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

အိမ်ထဲကိုဝင်ကြသည်။ အမှိုက်အမျှင်တွေ သယ်လာကြသည်။ မျက်နှာကျက် မီးလုံးထားသည့် နေရာတွေမှာ အသိုက်ဖွဲ့ကြရန်ဖြစ်သည်။ ကျွန်တော်က အမြင့်ကိုမတက်နိုင်ပါ။ မတော် ပြုတ်ကျ၍ ပေါင်၊ ခြေထောက်ကျိုးလျှင် ဒုက္ခများမည်။ ထို့ကြောင့် မောင်ကျော်စွာကို အကူအညီတောင်းရသည်။ သူက တစ်ပတ်တစ်ခါလောက် မျက်နှာကျက်ထဲကိုနှိုက်ပြီး အမှိုက်တွေကို လာရှင်းပေးတတ်သည်။ ကျွန်တော်တို့အိမ်ရှင်းနေစဉ်တွင် ကျယ်လောင်သော အော်ဟစ်သံတွေကြားရသည်။ အိမ်အနောက်ဘက်မှ လင်မယားတွေ ရန်ဖြစ်နေကြသည်။ ထိုလင်မယားကား အလွန်ဆိုးလှသည်။

နေ့ညမရွေး ရန်ဖြစ်နိုင်ကြသည်။ ဆဲဆိုအော်ဟစ်ကြသည်မှာ မကြားဝံ့ မနာသာ စကားလုံးတွေနှင့်ဖြစ်သည်။ ကျွန်တော်တို့လည်း သန့်ရှင်းရေးပြီးသွားသဖြင့် အိမ်ရှေ့တွင်ထိုင်နားရင်း လက်ဖက်သုပ်၊ ထန်းလျက်၊ ရေနွေးကြမ်းတို့ဖြင့် အပန်းဖြေကြသည်။ ယခုတစ်လော ကျွန်တော့်အိမ်တွင် ထန်းလျက် အလွန်ပေါနေသည်။ ကျွန်တော့်မိတ်ဆွေများက ကျွန်တော့်ထံ နည်းမျိုးစုံနှင့် ပေးပို့နေကြသောကြောင့်ဖြစ်သည်။ ကျွန်တော့်မှာ တစ်ခုခုကို မညည်းရဲလောက်အောင်ပင်။ အသံကြားလိုက်သည်နှင့် ကိုယ့်ကိုချစ်သူခင်သူများက ဖြည့်ဆည်းပေး ကြသည်။ ဪ ကံထူးလှပေတော့သည်။

“ဆရာ ဘာတွေပြုံးနေတာတုန်းဗျ” “ဒီလိုပါပဲကွာ … မင်းစားနေတဲ့ ထန်းလျက်က ပဲခူးက မိတ်ဆွေတွေ ပို့လိုက်တာကွ။ ဟိုမှာ တစ်ထုပ်ရှိ သေးတယ် စာအုပ်လက်မှတ်ထိုးတဲ့နေ့က လာပို့ထားတာ။ စားသာစားကွ” “ထန်းလျက်တွေက ကောင်းလိုက်တာဆရာ … ဟာ ဒီလင်မယားကလည်း ညစ်ပတ်လိုက်တာ” “မောင်ကျော်စွာ ငါလည်း ဒီရပ်ကွက်ကို ရောက်စက အဲဒီစကားလုံးကြီးတွေအတွက် အတော်လေး စိတ်ပျက် မိတယ်ကွ။ ခုတော့ ရိုးသလိုတောင်ဖြစ်သွားပြီကွ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလင်မယားကလည်း ရန်မဖြစ်တဲ့ နေ့ဆိုလို့ တစ်နေ့မှ မရှိဘူး” “ဆရာ ရန်ဖြစ်ရင် လူတွေဟာ လက်တစ်ကမ်းအကွာလေးမှာ ရှိသားနဲ့ ဘာဖြစ်လို့ အသံတွေ အကျယ်ကြီး အော်ကြတာလဲဆရာ” “တော်တော်မေးတတ်တဲ့အကောင်ပဲကွယ်။ ဒေါသထွက်လို့ ရန်ဖြစ်ကြရင် အသံတွေကျယ်လာတာဟာ တိုက်မလား ပြေးမလားဆိုတဲ့ တုံ့ပြန်မှုနဲ့ ဆက်စပ်နေ တာကွ” “ဘာကြီးလဲဆရာ နားမလည်ပါဘူး” “Fight or Flight ကိုပြောတာကွ။

ရန်တွေဖြစ်၊ ဒေါသတွေထွက်လာရင် ဦးနှောက်ကနေ Adrenaline လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေ ထုတ်လွှတ်တတ်တယ်လို့ ဖတ်ဖူးတယ်။ အဲဒီ ဟော်မုန်းဓာတ်တွေကြောင့် နှလုံးခုန်ကို မြန်စေပြီး ကြွက်သားတွေတောင့်တင်းလာတတ်တယ်။ လူတွေကို အားအင်တွေ ပိုပြီးဖြစ်လာစေတယ်လို့ ဆိုတာပဲ” “အားတွေပြည့်လာလို့ အော်ကြတာလားဆရာ” “စွမ်းအားတွေတက်လာတော့ လူဟာ ရန်လိုမှုတွေပြချင်လာပြီး ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးတွေ လုပ်ဖို့ အသင့်ဖြစ်လာကြတယ်။ အသံကျယ်ကျယ် အော်ကြတယ်ဆိုတာလည်း အဲဒီစွမ်းအင်တွေထုတ်ဖော်ပြ ချင်တာရယ် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီဆိုတာကို ပြသကြတာပေါ့” “ရန်ဖြစ်တာတွေကို ဗီဒီယိုရိုက်ထားပြီး အဲဒီလင်မယားတွေ ပလူးပလဲလုပ်နေချိန်မှာ ပြန်ပြလိုက်ရရင် တော်တော်ရှက်စရာ ကောင်းမှာနော်ဆရာ” “အရှက်အကြောက် ရှိတဲ့သူတွေဟာ စကတည်းက ရန်ဖြစ်ရမှာကို ကြောက်မှာပါကွာ။

အရှက်အကြောက် မရှိ ကြလို့ ဒီလိုတွေဖြစ်နေကြတာပေါ့။ ဒေါသထွက်ရင် ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားရှိတဲ့ အစိတ်အပိုင်းတွေဟာ ထိန်းချုပ်မှုလျော့နည်းသွားတတ်တယ်။ ဒါကြောင့် အသံမကျယ်မိအောင် ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ မေ့သွား တတ်တယ်” “ကျွန်တော်ကတော့ဆရာ … ရန်ဖြစ်တဲ့လူတွေကိုကြည့်ပြီးတော့ သိပ်ရယ်ချင်တာ” “ဘာဖြစ်လို့လဲကွ” “သူတို့ ဒေါသတွေထွက် အော်ဟစ်ဆဲဆိုနေပုံတွေကို ကြည့်လိုက်ရင်တကယ့် အရူးတွေလိုဖြစ်နေလို့ပေါ့ဆရာ။ ဒေါသထွက်လည်း ရိုက်လိုက်ကြပေါ့။ သေသွားအေးတာပဲ။ အဲဒီလိုလည်း မဟုတ်ဘူး စကားနိုင်လုနေလိုက် ကြတာများ ရယ်စရာ” “ရန်ဖြစ်ရင် အော်ဟစ်ကြတာဟာ ငါတော့ ဘယ်လောက်ဒေါသထွက်နေပြီနော်၊ ငါဘယ်လောက် ခံစားနေရ သလဲဆိုတာကို ပြင်းပြင်းထန်ထန်ဖော်ပြတဲ့ နည်းလမ်းပဲကွ။

ပြောချင်တဲ့စကားလုံးတွေဟာ ထိရောက်မှု မရှိဘူးလို့ ခံစားရလေ အသံပြင်းအားကို အသုံးပြုပြီး ကိုယ့်ခံစားချက်ကို သူ့ထဲထိုးဖောက်ဖို့ ကြိုးစားကြတာပေါ့။ ဒါကဘာလို့လဲဆိုတော့ လွှမ်းမိုးချုပ်ကိုင်လိုစိတ်ပဲကွ။ လက်နဲ့ မတိုက်ခိုက်ချင်လို့ စကားနဲ့တိုက်ခိုက်ပြီး စကား ပြောခွင့်ကို ရုပ်သိမ်းဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တာပဲ” “ဟော ဆရာ … သတ်ကုန်ပြီနဲ့တူတယ် … မိန်းမက အသားကုန်အော်နေပြီ” “မစိုးရိမ်ပါနဲ့ကွာ … ထုံးစံပါ။ မိန်းမက သေလောက်အော င် အော်နေကျပါ။ ဘာကြောင့်အော်ကြလဲ သိလား” “မသိလို့ ဆရာ့ကို မေးနေတာလေ” “ဟား … ဟား အဲဒါ ရည်ရွယ်ချက်ရှိရှိနဲ့ အပြင်လူတွေ ဝင်ပေးကြပါလို့ အကူအညီတောင်းနေတာကွ။ ဒါပေမဲ့ အရပ်ထဲကလည်း သိနေတယ်လေ။ ဝင်ဆွဲရင် ပိုပြီးကဲတယ်ဆိုတာသိလို့ ဝင်ကိုမဆွဲတာ။

နောက် ဘာဖြစ်လို့ အသံကုန်အော်ပြီး ရန်ဖြစ်ကြတာလဲဆိုတော့ သူ့ဘက်ကမှန်တယ်ဆိုတာ လူသိရှင်ကြား ကြေညာချင်လို့ကွ။ ဒါကြောင့် ရန်ဖြစ်နေကြတာ။ မှတ်ထား ဘယ်လင်မယား ရန်ဖြစ်တဲ့ကြားမှ မဝင်နဲ့ကွ။ ဝင်လိုက်ရင် ကိုယ့်ဘက်ကို မြားဦးကအလိုလိုရောက်လာတတ်တယ်။ ငါ့မိတ်ဆွေကိုချစ်ခိုင်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သိလား။ လင်မယားရန်ဖြစ်တာ ဝင်ဆွဲလို့ ဓားထိုးခံရပြီး သေသွားတာ။ သေတဲ့လူကသေပြီ ထောင်ထဲ သူ့ကိုဓားနဲ့ ထိုးသူကဝင်ပြီး လေးနှစ်လောက်ကျတော့လွတ်လာ။ ရန်ဖြစ်တဲ့လင်မယားကပြန်တည့်ပြီးပေါင်း ကလေးတွေတောင် အများကြီးရနေပြီ။ ကဲ ဘယ်မှာကောင်းလို့လဲ။

နောက်ဘယ်သူ ရန်ဖြစ်ဖြစ် နားပိတ်ထားလိုက်ကြားလား” “နားပိတ်ထားလည်း ကြားနေရတာပဲဆရာ” “မင်းဟိုသီချင်း မကြားဖူးဘူးလား” “ဘယ်သီချင်းလဲဆရာ” “မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါဆိုတာလေ။ အေး အဲဒီလိုပဲ နားဖွင့်ထားရင် မစွင့်မိစေနဲ့။ တစ်ခုခုမှာ အာရုံ ထည့်ထားပြီး အားလုံးမကြားသလိုနေတတ်အောင်လေ့ကျင့်ထားကွ၊ ခုချိန်က လူတွေ အလွန်အကဲဆတ်နေ ကြတဲ့အချိန်ပဲ။

ရှာရဖွေရတာလည်းအဆင်မပြေ။ ကုန်ဈေးနှုန်းတွေကတက်။ ဝင်ငွေနဲ့ ထွက်ငွေကမမျှ၊ ဟိုကြောက်ရ၊ သည်ကြောက်ရတာတွေလည်းရှိသေး၊ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ ဆိုတာ တွေဟာ သာမန်လူတန်းစားတွေအတွက် ဖိစီးမှုတွေပဲ။ အဲဒီဖိစီးမှုတွေကို ထွက်ပေါက်တွေ ရှာနေကြတာ။ မရှိ ရှိတဲ့ထွက်ပေါက်ကိုရှာရင်း အိမ်တွင်းတိုက်ပွဲတွေဖြစ်နေကြရတာ၊ ဒီတော့ သတိထားကွ” “ဟုတ်ကဲ့ပါဆရာ”

တင်ညွန့် ၁၄.၁၀.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *