
* အချိန်လွန်နောင်တ*(စ/ဆုံး)
“သမီးရေ သမီး လာပါဦးကွယ် အမေ့ကို အပ်လေးတပ်ပေးပါဦးကွယ် အမေ့မျက်စိက အပ်ပေါက်ကိုမမြင်ရလို့ပါ” “လုပ်ပြီအမေတို့ကတော့ ဒီမှမအားရတဲ့ကြားထဲ တော်တော့်ကိုရှုပ်တယ် ပေး အပ်ချည်နဲ့အပ်” ဆောင့်အောင့်ပြီးမလုပ်ချင်လုပ်ချင်ဖြင့် လုပ်နေသောသမီးဖြစ်သူအားကြည့်ရင်း ဒေါ်ခင်မေ ပြုံးနေမိသည်။ “ရော့ရပြီ ဖုန်းကိုအေးဆေးမကြည့်ရဘူး အမေ့မြေးအင်္ကျီအပြဲတွေချုပ်ပြီးရင် နောက်ဖေးကလှန်းထားတဲ့အဝတ်တွေ ရုတ်လိုက်ဦးအမေ” “အေးပါ အမေသိပါတယ် ဒီအပြဲလေးတွေ ချုပ်ပြီးရင်အမေရုတ်လိုက်မယ် စိတ်ချ” “ပြောတာပဲ နောက်ပြီးကြ ဒီလူပဲနောက်က လိုက်လုပ်နေရတယ်” ဒေါ်ခင်မေ၏ဘဝကအင်မတန်မှ သနားဖို့ကောင်း ရှာပေသည်။ အိမ်ထောင်အသီးသီးကျသွားသည့် သားသမီးတွေ အိမ်မှာမျက်နှာငယ်ဖြင့်ခိုကပ်နေရသည့်ဘဝ ယခုလည်းသမီးကြီးတင်မေ အိမ်မှာ နေနေရပြီး ထမင်းတစ်လုတ်အတွက် အသက်အရွယ်နှင့်မမျှမနားမနေလုပ်ကိုင်ပေးရ လေသည်။
ထမင်းဟင်းချက်ပေးရ အဝတ်လျှော်ပေးရ အိမ်သန့်ရှင်းရေးကအစအကုန်နီးပါး လုပ်ကိုင်ပေးတာတောင် သမီးဖြစ်သူ၏ အကောင်းမြင်ခြင်းကိုမခံရပေ ။ ဒါကိုပင်ဒေါ်ခင်မေတစ်ယောက်သာယာနေမိသည် အဆိုးထဲကအကောင်းဟုပြောရမလားပင် ဒေါ်ခင်မေရဲ့သားမက်ဖြစ်သူကိုစိုးခင်က ဒေါ်ခင်မေအားမိခင်အရင်းတစ်ယောက်ကဲ့သို့ ကောင်းရှာပေသည်။ ဒါကြောင့်သမီးဖြစ်သူ မတင်မေကို ပတ်ဝန်းကျင်က ကဲ့ရဲ့ကြလေသည်။ သမီးအရင်းကသားမက်၏ခြေဖျားကိုတောင် မမှီဘူးလူမှဟုတ်ရဲ့လားဟူ၍တောင် အမြဲပြစ်တင်ခံရပေသည်။
………………………………… “မိန်းမရေ ကိုယ်ပြန်လာပြီ” “သြော် ယောင်္ကျားပြန်လာပြီလား” “အေးပြန်လာပြီ ဒါနဲ့သားလေးနဲ့အမေရော မတွေ့ပါလား ဘယ်သွားကြလဲ ဒီမြေးအဖွား ၂ယောက်” “ရှင့်သားက ချိုချဉ်စားချင်တယ်ဆိုလို့ လမ်းထိပ်မှာသွားဝယ်နေကြလေရဲ့ ရှင်ရေချိုးပြီးမှထမင်းစားမှာမလား” “အင်း ဟုတ်တယ်လေ ဘာလို့လဲ” “သြော် အဲ့ဒါဆို အမေပြန်လာတာနဲ့ကွက်တိပဲ အမေပြန်လာမှထမင်းခူးခိုင်းလိုက်မယ်” “ဟာမိန်းမကလည်း ထမင်းလေးတော့ ကိုယ့်ဘာသာခူးစမ်းပါ လူကြီးကို ဘာလို့ခိုင်းနေမှာလဲ” “ထမင်းခူးတာလောက်ကတော့ ဘာပင်ပန်းလို့လဲ ဒီလောက်တော့အမေခူးနိုင်ပါတယ်” “မင်းကဘာလုပ်နေလို့လည်း” “ကျွန်မမအားဘူးရှင့် ည၇နာရီကား လာတော့မယ်လွတ်သွားလို့မဖြစ်ဘူး” “မင်းဇာတ်လမ်းကတော်တော်အရေးကြီး တယ်ပေါ့ နေနေငါ့ဘာသာငါခူးစားလို့ရတယ်” ကိုစိုးခင် ကမိန်းမဖြစ်သူ မတင်မေ၏ စိတ်ကိုသိ၍ဘာမှပြန်မပြောဘဲ အိမ်နောက်ဘက်သွားကာရေချိုးနေလိုက်သည်။
၁၅မိနစ်ခန့်ကြာတော့ ဒေါ်ခင်မေနှင့်မြေးလေး လမ်းထိပ်မှပြန်လာကြသည်။ “သြော် သားတောင်ပြန်ရောက်နေပြီလား “ဟုတ်တယ် အမေအခုလေးမှရေချိုးပြီးတယ်” “ထမင်းစားမယ်မလား အမေခူးထားလိုက်မယ်” “ဟာ နေပါစေ အမေ ကျွန်တော့်ဘာသာ ကျွန်တော်ခူးပါ့မယ်” “ဘယ်ဟုတ်မလဲ ခဏလေးစောင့်နော် အမေခူးပေးမှာပေါ့” “အင်းပါ အမေ့သဘောပါ အမေကစားပြီးပြီလား” “မစားရသေးပါဘူးသားရယ် ” “ဒါဖြင့်တစ်ခါတည်းဝင်စားလေအမေကလည်း “နေပါ သားပြီးမှစားပါ့မယ် “ဘယ်ဟုတ်မလဲ လူကြီးကနောက်ဆုံးမှစားလို့ ဘယ်သင့်တော်ပါ့မလဲ လာတစ်ခါထဲဝင်လိုက်အမေ” “အေးအေး” ကိုစိုးခင် ကငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရသူမို့ မိခင်မေတ္တာငတ်နေသူဆိုလည်း မမှားပေဒါ့ကြောင့် ဒေါ်ခင်မေအား အစစအရာရာဂရုစိုက်ပေးရှာသည်။
“အမေ ဟင်းတွေထည့်စားလေ ” “စားတယ် သားရဲ့ စားစား” ……………………………… နောက်တစ်နေ့ မနက် ဒေါ်ခင်မေနှင့်သမီးမတင်မေ တို့ဈေးသို့သွား၍ ဝယ်စရာရှိတာဝယ်ခြမ်းပြီး ဈေးမှပြန်မည်အလုပ် ဈေးအဝင်ဝတွင်ရောင်းနေသော မုန့်သည်ကို ဒေါ်ခင်မေတွေ့ကာ စိတ်ထဲမှစားချင်စိတ်တဖွားဖွား ဖြစ်ပေါ်လာမိကာ သူ့လက်ထဲမှာငွေနှင့်တူသည်မှာတစ်ကျပ်တလေ တောင်မရှိလေတော့သမီးကြီးတင်မေအား မဝံ့မရဲပြောရရှာသည်။ “သမီး အမေ့ကိုလေ ဟိုဈေးသည်ဆီက အချိုမုန့်လေးဝယ်ပေးပါလား အမေစားချင်လွန်းလို့ပါ ” “ဟာ အမေကလည်း ကလေးမဟုတ်ဘာမဟုတ်နဲ့ ပိုက်ဆံမကျန်တော့ဘူးအမေရဲ့ ပြီးတော့ အဲ့အချိုမုန့်တွေကြောင့်အမေဆီးချိုဖြစ်ရင် သမီးပဲပိုက်ဆံထပ်ကုန်ရမှာ တော်ပါအမေရာ နောက်မှစား ပိုက်ဆံလည်းပါသမျှကုန်ပြီ” တကယ်တော့မတင်မေလက်ထဲတွင် ငွေ၁၀၀၀ကျော်ကြီးတောင်ရှိနေပါသေးသည် မိခင်မမြင်အောင် လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။
ထိုလုပ်ရပ်ကို မိခင်ဖြစ်သူဒေါ်ခင်မေ မြင်ပါသည် တွေ့ပါသည် သို့ပေမယ့် သမီးဖြစ်သူ၏ စာနာမှုကင်းမဲ့သောအပြုအမူကြောင့် ဝမ်းနည်းစိတ်များထိန်းမရသိမ်းမရဖြစ်ကာ မျက်ဝန်းအိမ်မျက်ရည်များပါဝဲတက်လာခဲ့လေ သည်။ ငယ်စဉ်အခါက သားသမီးတွေအားလုံးအား လိုချင်တာဟူသမျှစားချင်တာမှန်သမျှ မတွန့်တိုပဲ အရာအားလုံးကိုမညည်းမညူ ဖြည့်ဆည်းပေးခဲ့သမျှ မိခင်ကြီးအလှည့်ရောက်မှ ဒီဘာမဟုတ်သော ငွေလေးအတွက်နဲ့ မိခင်ကြီးအပေါ်လုပ်ရက်ပြောရက် နှာမြောရက်ကြလေသည်။
ဘယ်မိခင်မဆို ဘယ်ဖခင်မဆို ဝမ်းနည်းမိမှာ အမှန်ပင်ဖြစ်သည်။ ဒေါ်ခင်မေ ကျလာသည့်မျက်ရည်စက်ကို လူမမြင်အောင်သုတ်ကာအိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့လည်းနားမနေရ ချက်ရပြုတ်ရ ကလေးထိန်းရနှင့်အသက်အရွယ်နှင့်မမျှအောင် လုပ်ကိုင်ပေးရပြန်သည်။ မတင်မေကတနေကုန်အားနေပြီး ဘာအလုပ်မှမရှိပေ သူ့အလုပ်ကဖုန်းပွတ်ကာ လိုင်းသုံး ပျင်းလာရင်အိပ် TVကြည့်ဒါနဲ့ပဲ အချိန်ကုန်ပေသည်။ မိခင်နှင့်လည်းစကားတစ်ခွန်းတစ်လေမျှ ကောင်းကောင်းမွန်မွန်မပြော ဒေါ်ခင်မေ ခင်မျာမှာတော့ သားသမီးမေတ္တာ ငတ်နေရရှာသည်။
မြေးလေးကတော့အဖွားအပေါ်ခင်တွယ်ရှာသည် ================== ညနေစောင်း သားမက်ဖြစ်သူ ကိုစိုးခင်ပြန်လာသည်။ “မိန်းမ အမေရောမတွေ့ပါလား” “နေမကောင်းလို့တဲ့ အိပ်ရာထဲခွေနေလေရဲ့” “နေမကောင်းရင် ဆေးလေးဘာလေးမတိုက်ဖူးလား” “ပါရာစီတမော တစ်ပြားတော့သောက်ထားတယ်တဲ့ ဘာမှမဖြစ်ပါဘူးသာမာန်နေမကောင်းတာလောက်ပါ” ကိုစိုးခင်လည်း ဒေါ်ခင်မေအနားသို့ရောက်လာကာ “အမေ နေမကောင်းဘူးဆို ဆေးခန်းသွားရအောင်လေ” “နေနေ သားရေ ခေါင်းနည်းနည်းပဲကိုက်တာပါ ဆေးသောက်ထားတယ်အိပ်လိုက်ရင် သက်သာသွားမှာပါကွယ်” “အမေ ဘာစားချင်လဲပြော ကျွန်တော် အမေ့သမီးကိုသွားဝယ်ခိုင်းလိုက်မယ်လေ ကျွန်တော်ကရေချိုးရဦးမှာမလို့ ” “တော်ပါပြီသားရယ် အမေမစားချင်ပါဘူး” “အင်းပါ အဲ့ဒါဆိုအမေနားလိုက်ဦးနော် မနက်မှမသက်သာရင် ဆေးခန်းလိုက်ပို့မယ်” ===================
ကိုစိုးခင်လည်းအခန်းထဲမှထွက်လာပြီး “မိန်းမ အမေစားချင်တာလေးကို လုပ်ကျွေးလိုက်ဦး” “ရှင့်ယောက္ခမကြီးစားချင်တာ မုန့်အချိုတဲ့ မနက်ကဈေးသွားတုန်းကတည်းက ကျွန်မကဝယ်မကျွေးလို့ စိတ်ကောက်တော်မူနေတာလေ” “ဟာ မင်းဘာလို့ဝယ်မကျွေးလိုက်တာလဲ” “သြော် ကျွန်မလည်းဝယ်မကျွေးချင်ပဲ နေပ့ါမလား လက်ထဲမှာပိုက်ဆံမှမကျန်တော့တာ “ဒီမယ် မင်းအကြောင်းငါမသိရင်ခက်မယ်နော် မင်းလူစိတ်မှရှိသေးရဲ့လားဟင် အဲ့ဒါမင်းကိုမွေးထားတဲ့မအေ အရင်းကြီးနော် မင်းဒီဘာမဟုတ်တဲ့ငွေလောက်နဲ့ကိုယ့်အမေ အပေါ်ကို ဒီလောက်လေးတောင် မသထာဘူး မင်းတစ်နေ့နောင်တရလိမ့်မယ် မတင်မေ” “ဟုတ်ပါပြီရှင် ရှင်ပဲသူတော်ကောင်း ရှင်ပဲလူလိမ္မာကြီး ဟုတ်ပြီလား” ကိုစိုးခင်လည်းမိန်းမဖြစ်သူ၏စိတ်ဓာတ်ကို အချိန်ကြာလေပိုသိလာလေဖြစ်ပြီး ခေါင်းတရမ်းရမ်းဖြင့်သာကြည့်နေလိုက်သည်။
မနက်လင်းသည့်အချိန်ရောက်တော့ “မိန်းမ အမေ မနိုးသေးဘူးလား ခါတိုင်းဒီအချိန်ထပါပြီသွားကြည့်လိုက်ပါဦး မသက်သာသေးဘူးထင်တယ်” မတင်မေလည်း ဒီကနေ့မှ မိခင်အပေါ် စိတ်ကောင်းဝင်နေမိကာ ချိုသာသည့် အသံကလေးနှင့်မိခင်ဖြစ်သူအခန်းထဲဝင်သွားပြီး “အမေ အမေ မသက်သာဘူးလားဟင် ဆေးခန်းသွားရအောင်လာနိုးတာအမေ” ကုတင်လေးပေါ်တွင် မတင်မေအားနောက်ကျော ပေးလျက်အနေအထားဖြင့်မလှုပ်မရှားပဲ ငြိမ်သက်နေသည်။ “အမေ အမေ့ ဟောတော် ကိုစိုးခင် လာပါဦး အမေ့ကိုခေါ်လို့လည်းမရတော့ဘူး” “ဟင် ဟုတ်လား အေးအေးလာပြီ အေမ အေမ့ ” ကိုစိုးခင်လည်းပျာပျာသလဲဖြစ်သွားရသည် ခေါ်လို့လည်းမရသည့်နောက်ဆုံး ကိုစိုးခင် ဒေါ်ခင်မေ၏အသက်ရှူသံအား နှာခေါင်းပေါက်လေးအားစမ်းကြည့်လိုက်သည်။
မတင်မေကလည်း စိုးရိမ်တကြီးဖြင့်ကိုစိုးခင်အား ကြည့်နေသည်။ ကိုစိုးခင် ခေါင်းခါပြလိုက်ရသည်။ “အမေ အသက်မရှိတော့ဘူး မတင်မေ” “ရှင် အ အမေအသက်မရှိတော့ဘူးဟုတ်လား အမေ အမေ သမီးမိုက်ကိုထားခဲ့ပြီလားအမေရဲ့ အမေစားချင်တဲ့မုန့်လေးကိုတောင် မသထာတဲ့ဟောဒီကောင်မကို အမေခွင့်မလွှတ်ပါနဲ့ အေမ” “ငါ့မိန်းမ မင်းနောင်တတွေက နောက်ကျခဲ့ပြီ အမေမကြားနိုင်တော့ဘူး သူနောက်ဆုံးလိုအင်ဆန္ဒလေးကိုတောင်မင်း ဖြည့်မပေးခဲ့ဘူး မင်းဟာလူဖြစ်ပြီးလူမပီသတဲ့ မိန်းမပဲ” “ကျွန်မမှားပါပြီတော့် ကျွန်မလေ လက်ထဲမှာပိုက်ဆံရှိလျက်နဲ့ သူစားချင်တဲ့ မုန့်ကို သိသိလျက်နဲ့မကျွေးခဲ့မိဘူး သူမသေခင်ကလည်းကျွန်မအမေ့အပေါ်ကို မကောင်းခဲ့ဘူး အမေရေ သမီးနောင်တရပါပြီ အမေရဲ့ ဟီးဟီး ဟီး အီးဟီး” ………………………………
“ဒေါ်ခင်မေကြီးဆုံးပြီတဲ့ ” “ကောင်းပါတယ်လေ သူဒီလိုဆုံးသွားတာ မဟုတ်ရင်ဝဋ်ခံနေရဦးမှာအေ့” “ဟုတ်ပါ့ သမီးအိမ်မှာစားချင်တာမစားရ လုပ်ချင်တာမလုပ်ရနဲ့ ဟော မအေကြီးသေမှ အသံကောင်းဟစ်ပြီးအော်ငိုနေလေရဲ့” “ငါကြားတာကတော့ ဒေါ်ခင်မေကြီး မဆုံးခင်က သူစားချင်တာကိုတောင် ဝယ်မကျွေးးဘူးတဲ့အေ တော်တော်ရိုင်းတဲ့ မိန်းမပါ အခုမအေသေမှနောင်တတွေရနေလေရဲ့ “သေမှနောင်တရလည်း ဟိုကရှင်လာမှာ မဟုတ်တော့ဘူး မသေခင်က မအေအတွက် ဘာမှလုပ်ပေးခဲ့တဲ့သူမဟုတ်ဘးး ဒီလိုကောင်မမျိုးဝဋ်လည်ဦးမယ်ကြည့်နေကြည့်နေ” အိမ်နီးချင်းများ၏ပြစ်တင်ဝေဖန်သံတွေကို မတင်မေအလူးအလဲခံရပြန်သည်။
“သြော် အမေရယ် အမေမရှိတော့မှ အမေ့မေတ္တာအမေ့စေတနာတွေကို သမီးနားလည်ပါပြီ အမေ့ကိုသမီးပြန်လိုချင်တယ်အမေ အမေ့ကိုသမီးပြန်ပြီးပြုစုချင်တယ် အမေစားချင်တာမှန်သမျှကိုသမီးဝယ်ကျွေးချင်သေးတယ်အမေ ဟီး ဟီး ဟင့် ဟင့် အမေ့အတွက် ဟောဒီကုသိုလ်တွေကိုလည်းသမီး အမျှဝေပါတယ်အမေ အမေနောက်ဘဝမှာ သမီးလိုမကောင်းတဲ့သူမျိုးနဲ့ထပ်မဆုံပါစေ နဲ့လိုသမီးဆုတောင်းပါတယ်” မတင်မေ နောင်တအင်မတန်ကြီးစွာရကာ မိခင်ဖြစ်သူအားပြန်လိုချင်နေသည်။
မိခင်ဖြစ်သူ၏မေတ္တာကိုမရှိတော့မှပြန်တောင့်တနေမိသည်။ မိခင်ကိုအကောင်းဆုံးဆိုသည့်မုန့်များကို ကျွေးချင်နေမိသည်။ သို့ပေမယ့် နောင်တတွေကနောက်ကျခဲ့ပြီ အချိန်တွေလွန်ခဲ့ပြီဖြစ်သည်။ သူမ၏တစ်ဘဝလုံးနောင်တတွေနဲ့သာ ဖြတ်သန်းရပေဦးတော့မည်။ ကျွန်တော်တို့ အမြဲကြားနေကြစကားလေး လိုပေါ့ မိဘကိုမသေခင်မှာကျွေးထား မသေခင်မှာပြုစုထား မရှိမှကျွေးချင်လို့ မရှိမှပြုစုချင်လို့မရဘူးတဲ့ သိပ်မှန်တဲ့စကားတွေပေါ့ဗျာ ခင်ဗျားတို့လည်းမိဘကိုမသေခင်မှာ ပြုစုလုပ်ကိုင်ပေးနိုင်ကြပါစေလို့ ဆုတောင်းရင်း……
ပြီးပါပြီ
Leave a Reply