
*ထူးဆန်းသောရေတွင်းကြီး* *
ယွန်းနှင်ဆီခိုင် ကျမတို့ရပ်ကွက်မှာ ရေဘုံဘိုင်၊ အဝီစိတွင်း ၊ဖူးကြီးရေပိုက် ၊ ဂျိုးဖြုရေပိုက် တွေ ခောတ်မရှိခင်၊ အဝီစိတွင်းတွေရှိပေမယ့် နည်းပါးနေတဲ့အချိန်ကာလ တစ်ခုက အုတ်ရေတွင်းကြီးတွေ အသုံးပြုခဲ့တယ်။ အဲ့လို ရေတွင်းတွေဟာ ရပ်ကွက်ထဲမှာ ဆယ်တွင်းအထက်မက ရှိခဲ့တယ်။ အချို့တွင်းတွေဆိုရင် တွင်းဟောင်း တွင်းပျက်တွေ ဖြစ်ကုန်ပြီး၊ အချို့တွင်းတွေကိုကျ မြေဖို့ခြင်း၊ အမိူက်များပစ်ထည့်ခြင်း အစသဖြင့် ဖုံးပြီး တွင်းကို ပျောက်ပစ်လိုက်တယ်။
ရှေးလူကြီးတွေရဲ့အယူအဆ အချို့အရ ရေတွင်းတွေကို မပိတ်ပစ်ကောင်းဘူးလို့ အယူကြီးကြပြီး၊ ရေတွင်းများမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်တဲ့အခါမှာ သိုက်နန်းလိုလို ဖြစ်နေတယ်လို့ ပြောတာကြားဘူးခဲ့တယ်။ တချို့ရေတွင်းကြီးများဆိုရင် တစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ ရေတွင်းထဲ လူကျပြီး အသေအပျောက်ဖြစ်တတ်တဲ့အထိ ကြားဘူး၊ ကြုံဘူးခဲ့ပါတယ်။ ဒါဟာ အယူသီးခြင်း မဟုတ်ပဲ ကြားခဲ့ဘူး၊ ကြုံခဲ့ဘူးသည်ကို ပြန်လည် ရေးပြခြင်းသာဖြစ်ပါတယ်။
အချို့ နှစ်ချို့ ရေတွင်းများတွင် မမျှော်လင့်ပဲ အမှိုက်သရိုက်အချို့၊ ကြွက်သေကောင်၊ အကောင်ပလောင်ငယ်လေးများ ကျ၍ သေနေပါက ရေတွင်းမှ ရေများကို ခပ်ထုတ်ခြင်း ပြုလုပ်ကြသည်။ ရေအထွက်နည်းခြင်း ၊ ရေကောခြင်းများဖြစ်ပါက ရေတွင်းဆယ်ခြင်းများလည်း ပြုလုပ်တတ်ကြသည်။ ထိုအခါမျိုးတွင် မမျှော်လင့်ပဲ ရေတွင်း၏ ပေအနက်ပေါ်မူတည်၍ အောက်ခြေရှိ ဓာတ်ငွေ့အချို့ကြောင့် ရေတွင်းဆယ်သူများ အသက်သေဆုံးသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။ အချို့ နားလည်သူများက ရေတွင်းထဲသို့ မဆင်းမှီ ဖယောင်းတိုင်ကို ထွန်းညီု့၍ တွင်းအခြေသို့ ချကြည့်ရာ ဖယောင်းတိုင်မီးငြိမ်းသွားပါက တွင်းအောက်ခြေ၌ အသက်အန္တရာယ်ရှိသည်ဟု နားလည်ကြပါသည်။ ကျမတို့ရပ်ကွက်မှာ တောင်ပေါ်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
တောင်ခြေမှာ ဘုန်းကြီးလှူထားတဲ့မြေနေရာမှာ အမက ကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်းဝိုင်းအဝင်ဝမှာ ရေတွင်းကြီးတစ်တွင်းရှိတယ်။ ပစ်ထားတာ အတော်လေးကို အမှိုက်တွေပါ ပြည့်နှက်နေခဲ့ပြီ။ နွေရာသီမှာ မီးပြတ် ရေမလာတဲ့ ဒုက္ခကြောင့် ဘုန်းကြီးက ရေတွင်းကို ပြန်ဆယ်တယ်။ အသေအချာ အကျအန ရေတွင်း အုတ်ဘောင်နဲ့ စည်းရိုးနဲ့ လုပ်ပေးထားတယ်။ ရပ်ကွက်က လူအတော်များများ ရေတွင်းကို အားထားပြီးနွေရာသီကိုကျော်ဖြတ် ကြတယ်။ ညဘက်တွေမှာ အနီးဝန်းကျင်က လူငယ်အချို့ ရေတွင်းအနီးဝန်းကျင်နဲ့ အုတ်ဘောင်မှာ စကားပြောကြ၊ ဂစ်တာတီးကြ၊ သီချင်းဆိုကြနဲ့ နေကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အမျိုးမကင်းတဲ့ အကိုတစ်ယောက်ဟာ ညဘက်တရေးနိူးလာရင်း လမ်းထွက်လျှောက်တယ်။
ရေတွင်းဆီကနေ လူငယ်တွေရဲ့ သီချင်းသံကို ကြားတော့ သူဟာ ရေတွင်းဆီကိုလျှောက်သွားတယ်။ ရေတွင်းဆီရောက်တော့ ရေတွင်းအုတ်ဘောင်ပေါ်မှာ သူထိုင်ပြီး လူငယ်တွေရဲ့သီချင်းကို နားထောင်နေတယ်။ အဲ့အချိန်မှာ သူက အသက်အားဖြင့် သုံးဆယ်ကျော်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ချုချာသူဖြစ်နေတယ်။ မကြာခဏလည်း ခေါင်းမူးပြီး လမ်းမှာပစ်လဲကျနေတတ်တဲ့သူပေါ့။ သူက အုတ်ဘောင်လေးမှာထိုင်နေရင်းကနေ အမှတ်တမဲ့ လက်ထောက်လိုက်တာ (သူစိတ်ထဲ ရေတွင်းဘောင်ရှိတဲ့နေရာအမှတ်နဲ့) ရေတွင်းထဲ ပြုတ်ကျသွားပါတော့တယ်။ အများသုံးရေတွင်းမို့ ကြိုးတန်းလန်းနဲ့ ရေပုံးတွေ. အသင့်ရှိနေပါတယ်။ ချက်ချင်းဆိုသလို လူငယ်တွေက ပစ်ချပေးကြတယ်။ နဂိုအခံက ကျန်းမာရေးမကောင်းသူမို့ ပစ်ချပေးတဲ့ရေပုံးကို ကိုင်ပြီး အပေါ်က ဆွဲတင်ပေးကြပေမယ့်သူမတက်နိူင်ရှာပဲ ဆယ်မိနစ်ခန့်အကြာမှာ ရေအောက်ကိုဆုံးဆုံးမြုပ်သွားတယ်။
အပေါ်က လူတွေ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ မိသားစုဝင်တွေလည်းအပြေးအလွှားရောက်လာပြီး ငိုကြယိုကြနဲ့ တကယ့်ကို စိတ်မကောင်းစရာပေါ့။ ရေတွင်းထဲမမျှော်လင့်ပဲ ပြုတ်ကျတာ ဖြစ်ပေမယ့် သေမူ့သေခင်းဖြစ်သွားတဲ့အတွက် ရဲ တွေရောက်လာတယ်။ သေဆုံးသူကို ဆယ်ဖို့ကြိုးစားကြတယ်။ ညဆယ်တစ်နာရီကျော်နေပြီမို့ ဘယ်သူမှ မဆင်းရဲကြဘူး။ အဲ့အချိန်မှာ နယ်ထိန်းရဲက ရပ်ကွက်ထဲ မှာ တစ်ခုခု အကြောင်းရှိရင် မကြောက်မရွံလုပ်တတ်တဲ့ “”မောင်ကောက်””ကိုသွားရှာခိုင်းတယ်။ မောင်ကောက်ရောက်လာတော့ သေဆုံးသူက သူရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတယ်။ မောင်ကောက် ရေတွင်းဘောင်မှာ ဘုရားတရား အာရုံပြုပြီး တွင်းထဲ ကြိုးသိုင်းပြီးဆင်းတယ်။ ရေအောက်ကိုငုပ်လျှိုးပြီး အလောင်းကိုရှာတယ်။
တွင်းအခြေကနေအပေါ်ကို ရေအနက်ဟာ ဆယ်ပေကျော်ခန့်ရှိနေတယ်။ ထူးဆန်းတာက ရေအောက်ကိုရောက်တဲ့အခါမှာ မီးချောင်းထွန်းထားသည့်အလား လင်းထိန်နေတယ်။ ရေတွင်းတစ်ခုနဲ့ မတူညီတော့ပဲ လေဟာပြင် အခန်းကျယ်ကြီးကို ရောက်နေသလို ခံစားရတယ်။ အလောင်းကိုရှာမတွေ့ဘူးဖြစ်နေတယ်။ အသက်ရှုမဝဖြစ်လာတော့ ရေပေါ် ပေါ်ပြီး အသက်ဝအောင်ရှုလိုက်တယ်။ တွင်းအပေါ်ကနေ ဓာတ်မီးတွေ မီးဆိုင်းတွေ လှမ်းပြနေကြတယ်။ အပေါ်ကအလင်းထက် ရေတွင်းထဲက အလင်းက ပိုလင်းနေတာ မောင်ကောက် ခံစားရတယ်။ စိတ်ထဲမှာ ကြောက်စိတ်တွေဝင်လာတယ်။
ပြန်တက်ရင်ကောင်းမယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် သူငယ်ချင်းရဲ့မျက်နှာကိုမြင်ယောင်ရင်း ဒုတိယအကြိမ် ရေအောက်ကို ငုပ်လျှိုးလိုက်ပြန်တယ်။ ဒုတိယအကြိမ်မှာ ပိုပြီးလင်းထိန်နေတယ်။ ဆယ်ပေအဝလောက်ကျယ်တဲ့ရေတွင်းထဲမှာ မောင်ကောက်တစ်ယောက် ကူးဂလန့်ခတ်အောင် အလောင်းကိုရှာနေစဥ်မှာ မမျှော်လင့်ပဲ ဝတ်ဖြုစင်ကြယ်နဲ့ အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ “”မင်း…မသေချင်ရင် အပေါ်ပြန်တက်စမ်း”” အမိန့်ဆန်ဆန် စကားနဲ့ မောင်ကောက်ကို ပြောတယ်။ မောင်ကောက်က တောင်းပန်တိုးလျိုးပြီး သူငယ်ချင်းရဲ့အလောင်းကို လာရှာကြောင်း ပြောပြတယ်။
အစပိုင်းမှာ လက်မခံဘူး။ နောက်တော့ “”အေး….အခုလောက်ဆိုရင်တော့ မင်းသူငယ်ချင်း အလောင်းကို ပြန်ပေးမယ်။ မင်းကိုပါ ရေအောက်ကိုအပြီးခေါ်ထားလို့ရတယ်။ ဒါပေမယ့် မင်းရဲ့အစောင့်အရှောက်က ပိုပြီး ငါတို့ထက်မြင့်လို့ မင်းကိုတော့ချမ်းသာပေးလိုက်မယ်။ ပြီးတော့ မင်းဟာသေနေ့မစေ့သေးတဲ့အတွက် မင်းကိုငါတို့ ဘာမှမလုပ်နိူင်ဘူး။ ဟိုးမှာ မင်းသူငယ်ချင်း””……………..ဆိုပြီး လက်ညိုးထိုးပြလိုက်ရာ ရေတွင်းအခြေ သားမွေးလေးအား လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားသော သူငယ်ချင်းကိုတွေ့လိုက်ရသည်။ ဝမ်းသာမိသလို မောင်ကောက်ကိုယ်တိုင်လည်း အသက်ရှုရခက်လာပါသည်။ သူငယ်ချင်း၏ ခါးကို ကြိုးချည်၍ ဆွဲမရာ လက်နှစ်ဘက်က သားမွေးတွင် ကိုင်လျှက် က မလွှတ်နိူင်ပဲ ဖြစ်နေသည်။
အသက်ရှုရပိုပြီးမွန်းကြပ်လာသောအခါ အားကုန်သုံး၍ ဆောင့်ဆွဲလိုက်ရာ အလောင်းမှာ ပါလာတော့သည်။ မိမိ၏ ခါးကြိုးကို လူပ်ရမ်းလိုက်၍ အပေါ်မှ လည်း ဆွဲတင်ကြပါတော့သည်။ ဝမ်းနည်းစွာ သူငယ်ချင်း၏အလောင်းကို အပေါ်သို့ အောင်မြင်စွာ တင်လိုက်နိူင်ပါတော့သည်။ ရေအောက်မှ အဖြစ်အပျက်အချို့ကို ပြောပြရာ ယုံသူရှိသလို မယုံကြည်သူများလည်းရှိကြသည်။ မည်သူကိုမှ အတိုက်အခံလုပ်ပြီး ရှင်းပြမနေပဲ လူနာတင်ယာဥ်ပေါ်သို့ တင်နေသည့် သူငယ်ချင်းကို နူတ်ဆက်လိုက်ပါသည်။
“”သူငယ်ချင်း ရေ နောက်ဘဝ ဒီလို သေခြင်းတရားက လွတ်ပါစေ အသက်ရှည်ရှည် နေရတဲ့ လူ့ဘဝတစ်ခု ပြန်ရပါစေကွာ””………..ဟု မောင်ကောက်တစ်ယောက် ဆုတောင်းနေမိပါသည်။ ချမ်းလည်းချမ်းနေပြီမို့ အိမ်အမြန်ပြန်ရန် ဆိုင်ကယ်ပေါ်သို့တတ်လိုက်ရာ ရေတွင်းဘောင်နူတ်ခမ်းမှ သေဆုံးသွားသော သူငယ်ချင်းဖြစ်သူမှ လှမ်း၍လက်ပြနူတ်ဆက်နေသည်ကို အသေအချာမြင်တွေ့လိုက်ပါတော့သည်။ မည်။ တချို့သောအဖြစ်တို့သည် ယုံကြည်ရန်ပင်ခက်ခဲနေသောအကြောင်းအရာများသာဖြစ်မေပါတော့သည်။
ယွန်းနှင်းဆီခိုင်
Leave a Reply