နောင်ဘဝများရှိခဲ့ရင်(စ/ဆုံး)
“ဒုန်း” “ဟာ…သွားပြီ” ကျွန်တော် ဘရိတ်အမြန်နင်းလိုက်ပေမယ့် မမှီတော့ပါဘူး။ “ဆိုဖီယာ..သမီးလေး” အိမ်ထဲကပြေးထွက်လာတဲ့ ကောင်မလေး ပွေ့ချီလိုက်ချိန်မှာ သူ့ခွေးလေး အသက်မရှိတော့ပါဘူး။ကောင်မလေးငိုနေတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီအချိန်မှာ အိမ်ထဲက အန်တီကြီးတစ်ယောက်ထွက်လာပါတယ်။ “ဖြစ်မှဖြစ်ရလေ၊ တံခါးဖွင့်တာနဲ့ ပြေး..ပြေး ထွက်တာ၊ ခုတော့ ကားတိုက်ခံရပြီပေါ့” “တောင်းပန်ပါတယ်အန်တီ၊ ကျွန်တော်တကယ်မမြင်လို့ပါ” “ရပါတယ်ကွယ်၊ ကဲ..သမီး…ထ..ထ ၊ အင်္ကျီမှာသွေးတွေပေကုန်ပြီ၊သွားလဲရအောင်” “ဟင့်အင်း..ဆိုဖီယာကို မခွဲနိုင်ဘူးမာမီ” “အသက်မှမရှိတော့တာ ညီမ၊ အစ်ကို အကောင်းဆုံးလုပ်ပေးပါ့မယ်၊ အိမ်ထဲဝင်ကြရအောင်” မနည်းချော့ပြီး အိမ်ထဲဝင်ခိုင်းလိုက်ရတယ်။သူငိုလေ ကျွန်တော့မှာအပြစ်ရှိသလို ခံစားရတယ်။ အိမ်ထဲရောက်မှ တဟီးဟီးနဲ့ ငိုတော့တာပါ။
“အန်တီ၊ ကျွန်တော့်နာမည် ကျော်ဇေယျ၊ ဒီလမ်းထဲက သူငယ်ချင်းတစ်ယောက်ကို လာရှာတာပါ။ အိမ်နံပါတ်တွေဖတ်ရင်း ခွေးလေးကိုမမြင်လိုက်မိဘူး၊အန်တီ့ကိုရော ညီမလေးကိုပါတောင်းပန်ပါတယ်၊ခွေးလေး သင်္ဂြိုဟ်ဖို့လဲ အကောင်းဆုံးလုပ်ပေးပါ့မယ်” “အေးပါကွယ်၊သားဘဲ ကောင်းသလိုလုပ်လိုက်ပါ” ကျွန်တော့် သူငယ်ချင်းဆီ ဖုန်းခေါ်လိုက်တယ်။ “ပိုင်ခန့် ငါပါ၊ ဟိုတလောက မင်းတို့ခွေးကြီးသင်္ဂြိုဟ်ပေးတဲ့လူရဲ့ ဖုန်းနံပါတ်လေးလိုချင်လို့” “အေး..အေး..ပြောသူငယ်ချင်း၊ 09……. ရပြီ၊ ကျေးဇူးဘဲ” သူပေးတဲ့ဖုန်းနံပါတ်ကို ကျွန်တော်ခေါ်လိုက်တယ်။ “ဟလို၊ ကျွန်တော် ခွေးလေးတစ်ကောင်သင်္ဂြိုဟ်ချင်လို့၊ခုပေးတဲ့လိပ်စာအတိုင်း လာခဲ့ပေးပါ” ကျွန်တော် လိပ်စာရွတ်ပြတော့ နီးတယ် ၊ နာရီဝက်အတွင်းရောက်အောင်လာခဲ့မယ်တဲ့။ “ကျေးဇူးပါသားရယ်၊ကော်ဖီလေးသောက်လိုက်ပါဦး ဒါနဲ့..ဒီလမ်းထဲက သားသူငယ်ချင်းက ဘယ်သူလဲ” “မျိုးသန့်ပါခင်ဗျ၊ ငယ်ငယ်ကကျောင်းနေဘက်သူငယ်ချင်း၊ လိုင်းပေါ်မှာပြန်တွေ့တာနဲ့ သူပေးတဲ့လိပ်စာအတိုင်း လာရှာတာပါ” “မောင်မျိုးသန့်တို့အိမ်က အန်တီတို့အိမ်နဲ့ လေးအိမ်ခြားမှာ” “ဟုတ်ကဲ့ပါအန်တီ၊ ပြီးမှဝင်လိုက်ပါ့မယ်” အန်တီနဲ့စကားပြောနေတုန်း ကောင်မလေး အထဲဝင်သွားတာ ပြန်ထွက်မလာတော့ဘူး။ “အန်တီတို့က သားအမိနှစ်ယောက်ထဲလား” “ဟုတ်ပါတယ်ကွယ်၊ဟို ..ဓါတ်ပုံက အန်တီ့အမျိုးသား၊ ဆုံးသွားတာ လေးနှစ်လောက်ရှိပြီ၊ ဘေးကပုံက သားကြီးမိသားစု၊ ခု..အမေရိကမှာ၊ သမီးလေးက အငယ်ဆုံး၊ပြီးခဲ့တဲ့လကမှ ဘွဲ့ယူထားတာ” အန်တီကြီးပြတဲ့ ဧည့်ခန်းထဲက ဓါတ်ပုံတွေ ကျွန်တော်ကြည့်လိုက်တယ်။မိသားစုအားလုံး ချောကြတယ်။ စကားပြောနေတုန်းဖုန်းဝင်လာတယ်။
“ဟဲလို..ဟုတ်ကဲ့ ၊ လမ်းထဲဝင်လာပြီလား၊ ကျွန်တော် အိမ်ရှေ့က ထွက်စောင့်နေမယ်” “သင်္ဂြိုဟ်ပေးမယ့်သူတွေ လာနေပြီ အန်တီ” “အေး..သားရေ၊အဆင်ပြေသလိုလုပ်ပေးပါနော်” ကျွန်တော်ထွက်စောင့်ရင်း သူတို့ရောက်လာတော့ အိမ်ထဲ ခေါ်ခဲ့လိုက်တယ်။ “ထိုင်ပါခင်ဗျ၊ အိမ်ရှေ့က ခွေးလေးသင်္ဂြိုဟ်ချင်လို့ပါ” “ဟုတ်ကဲ့ပါ၊ မြေမြှုပ်မှာလား၊မီးရှို့ပေးရမလား” “မီးသင်္ဂြိုဟ်ပေးပါသားတို့ရယ်” အဲဒီအချိန် ကောင်မလေး အိမ်ရှေ့ပြေးထွက်လာတယ်၊ “ဟင့်အင်း..ဆိုဖီယာ့ကို မီးမရှို့ဘူး၊ မြေမြှုပ်ပေးပါ” “ကောင်းပါပြီခင်ဗျ၊ မြေမြှုပ်ရင် တစ်သိန်းခွဲပါ၊ မီးရှို့ရင် တစ်သိန်း၊ ကိုယ်တိုင်လိုက်ကြည့်လို့ရပါတယ်” “လိုက်မယ်၊မာမီ သမီးတို့လိုက်သွားရအောင်” “အေး..အေး..၊အင်္ကျီလဲလိုက်ဦးမယ်” ခဏနေတော့ ခွေးကိုသေချာထုတ်ပိုးပြီး သယ်သွားတဲ့ ရှေ့ကကားနောက် ကျွန်တော်တို့လိုက်ခဲ့ကြတယ်။ တောင်ဒဂုံ အမိုးနီ သုသာန်နားမှာ သူတို့လူတွေ အဆင်သင့် ကျင်းတူးထားပြီး စောင့်နေတယ်၊ ခွေးလေးကို မြေဖို့တော့ ကောင်မလေးငိုလိုက်တာ၊ သူငိုတာကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ သူတို့ကိုအိမ်ပြန်ပို့ ကျွန်တော်ခဏဘဲနေပြီး မျိုးသန့်အိမ်ဘက် ကူးခဲ့တယ်။ မျိုးသန့်အိမ်က သစ်သားနှစ်ထပ်အိမ်လေး၊ အပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ နေချင်စရာ။ ခြံဝက ခေါင်းလောင်းလေးကိုလှုပ်လိုက်တယ်။ထွက်လာပါပြီ ကျွန်တော့်သူငယ်ချင်း၊ ငယ်ရုပ်မပျောက်သေးဘူး၊ ဗိုက်ကတော့ ဘီယာဗိုက်။ “မင်းကွာ၊လာမယ်ဖုန်းဆက်ပြီး ကြာနေလို့ အိမ်ရှာမတွေ့ဘူး ထင်နေတာ၊ လာ..အိမ်ပေါ်သွားရအောင်” ဧည့်ခန်းထဲထိုင်ပြီးချိန် သူ့အမျိုးသမီးကို ခေါ်လိုက်တယ်။
“မျိုးရေ၊ စားစရာတွေယူလာခဲ့တော့” “လာပြီကိုရေ” ပြောပြောဆိုဆို စားစရာထည့်ထားတဲ့ဘန်းနဲ့ သူ့မိန်းမရောက်လာတယ်။ “သုံးဆောင်ပါဦးရှင့်” “ကျေးဇူးပါခင်ဗျ” “မျိုး..ဒါ ကို့ငယ်သူငယ်ချင်း၊ကျော်ဇေယျတဲ့၊ သင်္ဘောအရာရှိ လူပျိုကြီး” “သူငယ်ချင်း၊ဒါ ငါ့ရဲ့မဟေသီ ” “မင်းတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ” “နှစ်နှစ်လောက်ရှိပြီ၊နှစ်ယောက်လုံး ရုံးသမားဆိုတော့ ကလေးမယူဖြစ်သေးဘူး” “ယူတော့လေကွာ၊ခုပဲ တို့အသက်တွေ သုံးဆယ့်ငါးပြည့်တော့မယ်” “အေးကွာ၊ အသက်ကြီးမှ ကလေးယူလို့ မဖြစ်သေးဘူး၊ မျိုးရေ ကလေးယူကြရအောင်” “ယူချင်တာပေါ့ကိုရယ်၊ ထိန်းပေးမယ့်သူရှာရဦးမယ်” “ကိုကျော်ဇေယျ. .စားပါဦးရှင့်” ငါးရံ့ခြောက်ဖုတ်၊ လက်ဘက်သုပ်၊ကော်ဖီ၊ကျောက်ကျော စားပြီး စကားပြောကြတယ်၊ ကျွန်တော်အိမ်ပြန်တော့ မျိုးသန့် ခြံဝထိ လိုက်ပို့တယ်။ “ရုံးဝန်ထမ်းတွေဆိုတော့ အဆင်ပြေရဲ့လားသူငယ်ချင်း” “ကလေးမရှိသေးတော့ အဆင်ပြေနေတယ်ပြောရမယ်၊ စုတော့မစုမိဘူး” “ရော့..ဒါ မင်းဖို့လက်ဆောင်မဝယ်လာဖြစ်လို့ မင်းကြိုက်တာဝယ်” ကျွန်တော်အိမ်ကနေ ငွေနှစ်သိန်း ထည့်လာတဲ့စာအိတ်ကို ပေးလိုက်တယ်။ “မယူပါဘူးကွာ၊ မင်းကိုပြန်တွေ့ရတာဘဲ ပြည့်စုံနေပါပြီ” “ငါ့ကိုခင်ရင်ယူထားလိုက်ပါကွာ၊ သင်္ဘောမတက်ခင် ထမင်းလာစားမယ်” “မင်း..ဘယ်တော့တက်ရမှာလဲ” “ရှေ့လကုန်လောက်” ” “မင်း..အားတဲ့နေ့ပြော၊ ကျွေးမယ်” “အေး..သွားပြီသူငယ်ချင်း” ကျွန်တော် ပြန်လာတော့ ညနေ ငါးနာရီကျော်ပြီ။ နောင်ဘဝများရှိခဲ့ရင်..(အပိုင်း-၂) “မျိုးသန့်…မင်းဘယ်အချိန်ရုံးဆင်းလဲ၊တွေ့ရအောင်” “ငါးနာရီသူငယ်ချင်း၊ငါဘယ်ကိုလာခဲ့ရမလဲ” “ငါလာခေါ်မယ်၊မင်းမိန်းမကိုကြိုပြောထားဦး” “အေးပါကွာ၊ ငါစောင့်နေမယ်” ညနေငါးနာရီအမှီ သူ့ရုံးရှေ့သွားစောင့်နေလိုက်တယ်။
သူထွက်လာတော့ ကျွန်တော်တို့နှစ်ယောက် Thai 47မှာ သွားထိုင်ကြတယ်၊ “မင်းစားချင်တာမှာကွာ” Menu ကဒ်ကြည့် ဟင်းပွဲတွေမှာပြီး မရောက်လာခင် ဘီယာသောက် စကားပြောကြတယ်။ “မင်း..ဘာလို့မိန်းမ မယူသေးတာလဲ၊ရည်းစားရောရှိလား” “ငါ အရာရှိဖြစ်ကာစက ရည်းစားထားဘူးသေးတယ်။မွေးနေ့ပွဲတစ်ခုမှာ မွေးနေ့ရှင်မိတ်ဆက်ပေးလို့ သူနဲ့ငါသိသွားပြီး မကြာခင် ချစ်သူတွေဖြစ်သွားတယ်၊ သိပ်လှတယ်။ သင်္ဘောကပြန်လာရင် လျှောက်လည် ၊ သူလိုချင်တာတွေဝယ်ပေးနဲ့ ငါအတော်ထိသွားတာကွ၊ သူကလက်ဝတ်လက်စားတွေချည်းပူဆာတာကိုး။ ၊ ဟိုတယ်မှာ နှစ်ခါလောက်အိပ်ဘူးတယ်၊သူကချည်းဦးဆောင်သွားတော့ မဟုတ်သေးဘူးလို့ထင်သား၊ ငါလည်း လူပျိုမစစ်ပါဘူး၊ တို့ယောက်ျားလေးတွေက ကိုယ်ဘယ်လောက်ပွေပွေ ကိုယ်ယူမယ့်မိန်းကလေးကိုတော့ ဖြူစင်စေချင်တယ်၊ သုံးနှစ်လောက်တွဲခဲ့ကြတယ်၊ငါယူဖို့ထိ စဥ်းစားထားတာပါ။ ငါ ရေကြောင်းသိပ္ပံမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူတို့စုံတွဲနဲ့ ဧည့်ခံပွဲတစ်ခုမှာ ဆုံဖူးတော့ သူ့ကို ငါ့ချစ်သူလို့သိထားကြတယ်၊ သင်္ဘောတစ်ခေါက်တက်နေတုန်း သူ့အမျိုးသမီးရိုက်ထားတဲ့ video တွေ ငါ့ဆီပို့တယ်၊ အတော်အခြေအနေဆိုးတာကွ၊ ငါမရှိရင် သူကနေချင်သလို နေနေတယ်ဆိုတာ သိလိုက်ရတယ်၊ သူနဲ့စရိုက်တူတဲ့ သူငယ်ချင်းတွေနဲ့ clubတက်တယ်၊ ဘားသွား ၊KTVသွားပေါ့ကွာ၊ အဲဒီအထိ ရသေးတယ်၊ သူငယ်ချင်းတစ်ယောက်အိမ်မှာစုပြီး ဖဲရိုက်ကြတယ်၊ကောင်လေးတွေခေါ် တစ်ယောက်ပြီး တစ်ယောက်ကဲကြတာ၊ ငါအတော် လန့်သွားတယ်၊ ပြန်လာတော့ သူ့ကို အဲဒီ video တွေပြ ဖြတ်လိုက်ရတယ်၊ငါလည်း မိန်းမယူဖို့ အတော်ကြောက်သွားတာကွ” “မိန်းကလေးတိုင်းတော့ မဟုတ်ပါဘူးကွာ” “ငါသိပါတယ်၊ဒါပေမယ့် မိန်းမတွေအတွက် ပိုက်ဆံအကုန်မခံတော့ဘူး။
ငါပြန်လာတိုင်း လှူတယ် ဆေးရုံတွေနဲ့ချိတ် ဆင်းရဲပြီး ခွဲမွေးဖို့လို့သူတွေ လှူတယ်၊ လုပ်ကျွေးမယ့်သားသမီးမရှိတဲ့ အဘိုး ၊အဘွားတွေလှူတယ်၊ ပြိုကျတော့မယ့်အိမ်တွေ ပြင်ဆောက်ပေးတယ်” “ဟာ..ငါ့သူငယ်ချင်း တော်လှချည်လား၊သာဓုခေါ်ပါတယ်ကွာ” “ငါ့မိဘတွေပြည့်စုံလို့ စိတ်တိုင်းကျလုပ်နိုင်တာပါ၊ဒါနဲ့မင်းကို မေးစရာရှိလို့၊ မင်းတို့လမ်းထိပ် အိမ်နံပါတ်(၄)က ကောင်မလေးအကြောင်း ပြောပြပါဦး” “ဟင်..မင်းက ရွှေရေးခြယ်ကို ဘယ်လိုသိတာလဲ” “သူ့နာမည်က ရွှေရေးခြယ်တဲ့လား၊ ဒီလိုကွ…. @#^&@#^*&@#%^*& #@%^&*” “သြော်..ဒီလိုကိုး၊ ငါ့သူငယ်ချင်း တကယ့်အဖိုးတန် ရတနာလေးနဲ့ တွေ့တာဘဲ၊အတော်လှတာ၊မာနလည်းကြီးတယ်” “သူ့မှာရည်းစားတွေ ဘာတွေများရှိလား” “ဟား….ဟား…ဟား..လူပျိုကြီးစျန်လျောသွားပြီကိုး၊ တခါတလေ ကောင်လေးတစ်ယောက်လာ..လာနေတာတွေ့တာဘဲ” “သူ့ကိုခွေးလေးတစ်ကောင်ဝယ်ပေးချင်လို့၊မနက်ဖြန် စနေနေ့ ငါနဲ့လိုက်ပေးမလား” “ရတယ်လေ၊ လိုက်ပေးမယ်၊မင်းကိုကြည့်ရင် bossဆိုပြီး စျေးတင်မှာ၊ ငါပါမှဖြစ်မယ်” “OK..မနက်ဖြန်ဆယ်နာရီလောက် ငါလာခေါ်မယ်” သူ့မိန်းမအတွက် ဘဲကင်ဝယ်ပေးပြီး အိမ်ပြန်ပို့ပေးလိုက်တယ်။ နောက်နေ့ ကျွန်တော်တို့နှစ်ယောက် ခွေးရောင်းတဲ့ဆိုင်သွားကြတယ်။ “မင်္ဂလာပါခင်ဗျာ၊ အစ်ကိုတို့ ဘာအမျိုးအစားလိုချင်လဲ” “ကြည့်လိုက်ဦးမယ်ကွာ” “ကြွပါ၊ကျွန်တော်လိုက်ပြပါ့မယ်” တကယ်တော့ ကျွန်တော်ရော မျိုးသန့်ပါ ခွေးမချစ်ဘူး၊ ဘာအမျိုးအစားကောင်းလဲလည်း မသိဘူး။စျေးတအားခေါ်မှာ စိုးလို့သိချင်ယောင်ဆောင်နေရတယ်၊ မျိုးသန့်က မှာထားပြီးသား၊ စျေးကို ထက်ဝက်ဆစ်ကြမယ်တဲ့။ နောက်ဆုံးတော့ POM ဆိုတဲ့ ဖြူဖြူဖွေးဖွေး ခွေးမလေးတစ်ကောင်ကို သုံးသိန်းနဲ့ ဝယ်ဖြစ်သွားတယ်၊ခွေးလှောင်အိမ်၊ခွေးစာ၊ သူ့ တကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းတွေ လက်ဆောင်ရတယ်။ ကျွန်တော် မျိုးသန့်တို့အိမ်ဘက် ပြန်မောင်းခဲ့တယ်၊ သူ့အိမ်မှာထမင်းစားဖို့ ဖိတ်ထားတာနဲ့ အတော်ဘဲ။
ရွှေရေးခြယ်တို့အိမ်ရှေ့မှာ ကားရပ်တော့ မျိုးသန့်က သူ့အိမ်ဘက် လျှောက်သွားပါပြီ၊ ကျွန်တော် အိမ်အဝရပ်ပြီး ဘဲလ်တီးသေးတယ်၊ မီးမလာလို့လားမသိ ဘဲလ်က မမြည်တာနဲ့ သံပန်းထဲက သစ်သားတံခါးကိုခေါက်လိုက်တယ်။တံခါးပွင့်လာတော့ မြင်လိုက်ရပါပြီ၊ ချစ်နှမရဲ့ မျက်နှာလှလှလေး “သြော်….အစ်ကိုပါလား၊ဝင်ပါရှင့်” ကျွန်တော် အိမ်ထဲဝင် ဧည့်ခန်းမှာထိုင်နေချိန် သူ့အမေကို သွားခေါ်တယ်။ “မောင်ကျော်ဇေယျ ရောက်နေတာကိုး၊ အန်တီက သတိရနေတာ” “ဟုတ်ကဲ့ အန်တီ၊ ဒီကညီမကို လက်ဆောင်လာပေးတာပါ၊ခဏနော်” ကျွန်တော် ကားထဲက ခွေးလေးနဲ့ သူ့ပစ္စည်းတွေ သွားသယ်လိုက်တယ်။ “အန်တီ..ညီမလေးမျက်လုံးကို ခဏပိတ်ထားပေးပါလား” “အေး..အေး” ခွေးလှောင်အိမ်လေး ကြမ်းပြင်ပေါ်ချ အထဲကခွေးလေးလွှတ်ပေးလိုက်တယ်။ လုံးလုံး..လုံးလုံးနဲ့ ရွှေရေးခြယ်နားတန်းသွားတယ်၊ဒါ့ကြောင့် ခွေးတွေက သူတို့ကိုချစ်တဲ့သူ၊မချစ်တဲ့သူကို ခွဲခြားသိတယ် ပြောကြတာကိုး။ “မျက်လုံးဖွင့်လို့ရပါပြီ” “အို..ချစ်ဖို့ကောင်းလိုက်တာ၊ ဒါညီမအတွက်လား” ပြောလည်းပြော ခွေးလေးကို ကောက်ပွေ့လိုက်တယ်၊ ဟေ့..ဟေ့..နေဦး၊ဆိုင်ကခေါ်လာတာ၊သန်းရှင်းရေးလုပ်ဖို့ လိုမယ် ဟုတ်ကဲ့အစ်ကို၊ ရေသွားချိုးပေးလိုက်ဦးမယ် ခွေးပစ္စည်းတွေယူ၊ ခွေးလေးသယ်ပြီးအိမ်ထဲဝင်သွားပါပြီ၊ကျွန်တော်သိတယ်၊ ပြန်တဲ့ထိ ခွေးလေးနဲ့အလုပ်ရှုပ်နေတော့မှာ၊ သူ့ရဲ့ ဂရုစိုက်မှုကိုရဖို့ သူ့ခွေးလေးထက် ကျွန်တော်က ပိုချစ်ဖို့ကောင်းနေရမယ် ဆိုတာ မဆီမဆိုင်တွေးရင်း ပြုံးလိုက်မိတယ်။ နောင်ဘဝများရှိခဲ့ရင်(အပိုင်း-၃) “မျိုးသန့် ငါမနက်ဖြန် သင်္ဘောတက်ဖို့ သွားရတော့မယ်၊ညနေလာမလို့၊ရုံးဆင်းရင် သွားစရာရှိလား” “မရှိဘူး၊ လာခဲ့သူငယ်ချင်း” ညနေ လေးနာရီလောက် အိမ်က ထွက်လာခဲ့တယ်။ရွှေရေးခြယ်တို့အိမ် အရင်ဝင်နှုတ်ဆက်မယ်။ အိမ်ရှေ့ရောက်တော့ တံခါးလာဖွင့်ပေးတာအန်တီ၊ “လာ..လာ..သား” အိမ်ထဲဝင်ပြီး ဧည့်ခန်းမှာထိုင် မျက်လုံးက ရွှေရေးခြယ်ကိုရှာနေမိတယ်။ကိုယ့်အကြည့်ကို အန်တီသိသွားတယ်ထင်ပါရဲ့။
“မင်းညီမ လမ်းထိပ်ခဏသွားတယ်သား” “ဟုတ်ကဲ့ပါ၊ကျွန်တော် မနက်ဖြန် ခရီးထွက်ရတော့မှာမို့လာနှုတ်ဆက်တာပါ” “ဟုတ်လားသား၊ ထမင်းလေးတောင် ဖိတ်မကျွေးလိုက်ရဘူး” “ရပါတယ်အန်တီ” “ခဏနော်၊ အန်တီ သမီးဆီ ဖုန်းဆက်လိုက်ဦးမယ်” အန်တီအထဲဝင်သွားတော့ ရွှေရေးခြယ်ရဲ့ ဘွဲ့ဓါတ်ပုံကို ဖုန်းနဲ့ရိုက်လိုက်တယ်။ “သားရေ၊ ကော်ဖီသောက်၊မုန့်လေးစားလိုက်ပါဦး၊သမီးခဏနေပြန်လာမယ်တဲ့၊ သားတို့ သင်္ဘောသားဘဝ အန္တရာယ်များတယ်နော်၊ ကမ်းမမြင် လမ်းမမြင်ပင်လယ်ကြီးထဲ သွားနေရတာ၊ ဘုရားမှန်မှန်ရှိခိုး၊ သရဏဂုံ အမြဲရွတ် အန္တရာယ်ကင်းတယ်၊ကျန်းမာရေးလည်းဂရုစိုက်ပါကွယ်” “ဟုတ်ကဲ့ပါခင်ဗျ” စကားကောင်းနေတုန်း ရွှေရေးခြယ်ပြန်လာတယ်။ “ရော့ အစ်ကို သင်္ဘောပေါ်မှာစားဖို့ စားစရာတွေ၊ ဒါက ဆရာခိုလိမ်းဆေး” “ကျေးဇူးပါညီမ၊ ဆေးတော့မယူတော့ဘူး” “ဗမာဆေးဆိုပြီး အထင်မသေးနဲ့အစ်ကိုရေ၊ ကွဲတာ ရှတာလိမ်းရတယ်၊ ဇက်ကြောတက်ရင် လိမ်းရတယ်၊ လိုလိုမယ်မယ်ဝယ်လာတာ” “ဟုတ်လားညီမ၊ဆောင်ထားမှဘဲ၊ဇက်ကြောတက်တတ်လို့” “ကျွန်တော် အန်တီ့ကို ကန်တော့ပြီး သွားတော့မယ်၊မျိုးသန့်တို့ကို သွားနှုတ်ဆက်လိုက်ဦးမယ်” ကားပေါ်က မုန့်ပုံး၊အိုဗာတင်း ၊ကော်ဖီမစ် ဝယ်လာတာတွေ သွားယူ ကန်တော့တော့ မျက်ရည်တွေဝဲပြီး ဆုတွေတသီကြီးပေးပါတယ်၊ ရွှေရေးခြယ်လည်း မျက်နှာမကောင်းဘူး။ ခဏနေနှုတ်ဆက်ပြီး မျိုးသန့်အိမ်ဘက် ကူးခဲ့လိုက်တယ်။ “ဘာကိစ္စရှိရှိငါ့ဆီ viber ကနေစာပို့ သူငယ်ချင်း၊ငါဂျူတီဝင်နေရင် ဖုန်းကိုင်လို့မရဘူး” “အေးပါကွာ၊ မင်းလည်း ဂရုစိုက်နော်” ကျွန်တော်ပြန်လာတဲ့လမ်းမှာ ရင်ထဲ တစ်ခုခုကျန်ခဲ့သလို ခံစားရတယ်။ဒါ..အချစ်လား။
+++++++ +++++++ ++++++ +++++++ +++ လေယာဥ်သုံးဆင့်ပြောင်းစီးပြီး သင်္ဘောတက်ရမယ့် ချီကာဂို ကိုရောက်တော့ နှစ်ရက်လောက်စောင့်လိုက်ရတယ်။ ဟိုတယ်မှာနားနေတုန်း ရွှေရေးခြယ်နံမည်နဲ့ fb အကောင့်ကိုရှာတာ မတွေ့ပါဘူး။ ခွေးဒီလောက်ချစ်တာ ခွေးချစ်သူများထဲရှာမတွေ့၊ ဖုန်းနံပါတ်မတောင်းမိတာ နောင်တရလိုက်တာ။ အဲဒီလိုနဲ့ သင်္ဘောကြီးပေါ်ရောက်တော့ တာဝန်တွေနဲ့ မအားတော့ဘူး။ သင်္ဘောပေါ်မှာ ကျွန်တော်ရယ်၊ ရိုးရိုးသင်္ဘောသား မောင်ရဲနောင်ဆိုတဲ့ကောင်လေးတစ်ယောက်ရယ် မြန်မာနှစ်ယောက်ပဲ ရှိတယ်။ “အစ်ကိုနဲ့ခုမှပဲ ဆုံရတော့တယ်” “ညီက အစ်ကို့ကိုသိလို့လား” “သင်္ဘောသားမြန်မာ အတော်များများ အစ်ကို့ကောင်းကြောင်း ပြောပြောနေလို့၊ ဓါတ်ပုံထဲတော့တွေ့ဘူးတယ်” “ဟုတ်လား ၊ ကိုယ်တောင်မသိဘူး” “အစ်ကိုကတော့ ဘယ်သိပါ့မလဲ၊ အစ်ကိုနဲ့တွေ့ရတာ ကျွန်တော် အားရှိသွားပြီ” “လိုအပ်တာပြောကွာ၊ ဂျူတီနားတာတူရင် ငါ့အခန်းထဲ အချိန်မရွေးလာခဲ့၊ စကားပြောရအောင်” “ဟုတ်ကဲ့အစ်ကို” အဲဒီနောက်ပိုင်း ကျွန်တော့အခန်းမှာ အတူတူသောက်ရင်း မကြာ မကြာဆုံကြတယ်။ သူ့အကြောင်းတွေ ပြောပြတော့ သနားစရာပါ။ငယ်ငယ်ထဲက မိဘတွေ အိမ်ထောင်ကွဲပြီး ရန်ကုန်က ဦးလေးအိမ်မှာကပ်နေ၊ အဒေါ်နဲ့ ဦးလေးသားသမီးတွေရဲ့အနှိမ်ခံဘဝနဲ့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး စာပေးစာယူနဲ့ဘွဲ့ရ၊ သင်္ဘောတက်ခဲ့တာတဲ့။ နဂိုထဲက သနားတတ်တဲ့ကျွန်တော် သူ့ကိုဂရုဏာသက်မိတယ်။ သူ့ဘဝလေး တိုးတက်အောင် ဘယ်လိုလုပ်ပေးရမလဲစဥ်းစားနေရပါပြီ။ သူက ရှေ့လဆို သင်္ဘောဆင်းရတော့မယ်။ သင်္ဘောတစ်ခေါက်နဲ့ တစ်ခေါက်နားချိန်မှာ ရာထူးတိုးစာမေးပွဲတွေ ဝင်ဖြေဖို့ တိုက်တွန်းတယ်။
ဝင်ငွေမရှိတဲ့ အချိန်မှာ သူ့အမေကို လစဥ်ထောက်ပံ့နေရတဲ့ ငွေရေးကြေးရေးကူညီမယ်လို့ ပြောတော့ ဝမ်းသာနေရှာတာပါ။ တစ်ရက် viberမှာ နေကောင်းရဲ့လားသူငယ်ချင်းလို့ မျိုးသန့် စာပို့ထားတယ်နဲ့ သူလိုင်းပေါ်မှာရှိတုန်း ဖုန်းခေါ်လိုက်တယ်။ “မျိုးသန့် မင်းတို့ရော နေကောင်းကြလား” “နေကောင်းတယ်သူငယ်ချင်း၊မင်းအခု ဘယ်ရောက်နေလဲ” “ကိုရီးယားမှာ၊မင်းတို့အဆင်ပြေကြလား” “ပြေပါတယ်၊ငါတို့တွက်ပူမနေနဲ့” “အတော်ဘဲ၊ မင်းကိုအကူအညီတောင်းရဦးမယ်” “အေး..ပြော” “ငါရွှေရေးခြယ်ရဲ့ fb အကောင့်လေးသိချင်တယ်” “ဒါဆို ငါ့မိန်းမကို ပြောပေးမယ်၊ သူမေးတာပိုသင့်တော်မယ်ထင်တယ်” “အေးကွာ၊ အဆင်ပြေသလိုလုပ်ပါ” “မင်းသွားတာ သုံးလကျော်ပြီ၊ လွမ်းနေပြီလား” “လွမ်းတဲ့အဆင့်တော့မရောက်သေးပါဘူး၊ တခါ တခါ သတိရတာ၊ ငါဂျူတီဝင်ရတော့မယ်သူငယ်ချင်း အားတဲ့နေ့ထပ်ခေါ်မယ်ကွာ” “အေး..အေး..သူငယ်ချင်း၊ငါသိတာနဲ့ စာပို့ထားမယ်” နောက်လေးငါးရက်ကြာတော့ မျိုးသန့် စာပို့ထားတယ်။ “ငါ့မိန်းမ မုန့်ဟင်းခါးချက်တာ သွားပို့ရင်း မေးလာခဲ့ပြီ၊သူ့ acc က ရွှေခြယ်တဲ့၊ ရှာကြည့်ပေတော့ သူငယ်ချင်းရေ” ည မအိပ်ခင် ကျွန်တော် သူ့ accကိုရှာကြည့်တာ တွေ့ပါပြီ၊ သူ့ဓါတ်ပုံနဲ့မဟုတ်လို့ မနည်းရှာလိုက်ရတယ်။
ကျွန်တော်ဝယ်ပေးတဲ့ ခွေးပုံလေးနဲ့မို့ ရှာတွေ့တာပါ။ တင်ထားသမျှ post တွေက ခွေးအကြောင်းတွေချည်းဘဲ။ ခွေးလေးကို ပေးထားတဲ့နံမည်က ဇေဇေမတဲ့။ ကြည့်စမ်း၊ ရာရာစစ ခွေးကို ငါ့နာမည် ဇေသုံးပြီးမှည့်ထားတာပါလား။ ပြန်လာမှသိမယ် မိခြယ်ရေ… နောင်ဘဝများရှိခဲ့ရင်..(အပိုင်း-၄) “ကျွန်တော်..အစ်ကို့ကို လာကန်တော့တာပါ” “အေး..အေး..၊ မင်း အစစ အဆင်ပြေပါစေကွာ ၊တို့ပြန်ဆုံကြသေးတာပေါ့၊ ကိစ္စရှိရင် စာပို့ထားလိုက်၊ငါဖုန်းပြန်ဆက်ပေးမယ်” “ကျေးဇူးပါအစ်ကိုရယ်” မောင်ရဲနောင် မနက်ဖြန်.ကမ်းဆင်းတော့မှာပါ။ ဒီကလေး သိပ်လိမ္မာတယ်၊ အလုပ်ကို ကြိုးစားလုပ်တယ်၊ လပိုင်းလေးပဲ ဆုံခဲ့ကြပေမယ့် ကိုယ့်ညီလေးလို ချစ်ခဲ့ရတယ်။ မောင်ရဲနောင်ပြန်သွားတော့ ရင်ထဲ ဟာတာတာကြီး၊ ညတိုင်း ကျွန်တော် မိခြယ်နဲ့ cbမှာ စာပို့ကြတယ်။ ချယ်ရီဆိုတဲ့ accတုနဲ့၊ သူ့ရဲ့စိတ်နေသဘောထားကို သိချင်ရုံသက်သက်ပါ။တခြားဘာရည်ရွယ်ချက်မှ မရှိဘူး။ သူတင်တဲ့ postတွေဆို ❤️ လေးတွေပေး၊ comment လေးတွေ ရေးနဲ့ လိုင်းပေါ်မှာရင်းနှီးကြတယ်။ ရိုးသားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်မို့ သူ့ကို ကျွန်တော့်ရဲ့ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ရင် ကောင်းမလားဆိုတဲ့စိတ်ကူးနဲ့ပါ။ ခုတော့ လိုင်းပေါ်မှာပဲ 1 ချစ်လိုက်တာညီမ၊ အချစ်တုံးလေး၊ အသည်းလေး၊ ချစ်ဆုံးနဲ့ မန့်နေတာ၊ သူက ကျေးဇူးပါမရေ ၊ချစ်တယ်နော်နဲ့ reply ပြန်တယ်။ ဒါဟာ တကယ်တော့ မလုပ်သင့်ဘူး၊ယောက်ျားမပီသဘူးလို့ ခံစားရတဲ့အတွက် အဲဒီ accကို ဖျက်လိုက်တယ်။ ကျွန်တော့်acc အစစ်နဲ့ request လုပ်တော့ သူ ချက်ချင်းလက်ခံတယ်။ အဲဒီနေ့က စလို့ ညတိုင်း cbမှာစကားပြောကြတယ်။နေကောင်းလား…စားပြီးပြီလား…ဘာလုပ်နေလဲ….ပေါ့၊ ####### ###### ###### ###### #### “မျိုးသန့် ..ငါပြန်ရောက်ပြီ၊ မင်းတို့အိမ်မှာရှိကြလား” ” ဘယ်မှမသွားဘူး၊ရှိတယ်” “အေး..ငါထွက်လာရင် ဖုန်းဆက်လိုက်မယ်” ပြီးတော့ ကျွန်တော် ဖုန်းနောက်တစ်လုံးခေါ်လိုက်တယ်။
“မောင်ရဲနောင်၊ အစ်ကိုပါ” “ဟာ..အစ်ကို၊ ပြန်ရောက်ပြီလား” “သုံးရက်ရှိပြီညီ၊ ခု မင်းဘယ်မှာလဲ၊တွေ့ရအောင်” “တောင်ဥက္ကလာမှာအစ်ကို” “ငါလည်း အဲဒီဘက်လာမလို့၊ ဘယ်နားတွေ့ရင်ကောင်းမလဲ” “ကျွန်တော်က…လမ်းထဲက အသိအိမ်မှာအစ်ကို” “ဟုတ်လား ၊ငါလာခဲ့မယ်၊ ငါ့သူငယ်ချင်းက အဲဒီလမ်းထဲမှာနေတာ ၊ မင်းဘယ်အိမ်မှာလဲ၊ လိပ်စာပြော” “အိမ်နံပါတ် -၄မှာအစ်ကို” ကျွန်တော်ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားတယ်။ “အစ်ကို..အစ်ကို..ဟာလိုင်းကျသွားပြီ” “မကျဘူးညီ၊ အစ်ကို ကြားတယ်၊ခုလာခဲ့မယ်” “ဟုတ်ကဲ့အစ်ကို၊စောင့်နေမယ်” ကျွန်တော်ကားမောင်းလာရင်း စိတ်တွေလေးနေတယ်၊ တိုက်တိုက်ဆိုင်ဆိုင် မိခြယ်တို့အိမ်တဲ့လား၊ဒါဆို.. ကျွန်တော်အိမ်ရှေ့ရောက်တော့ မိခြယ်တံခါးလာဖွင့်ပေးတယ်။ဘေးမှာ မောင်ရဲနောင်.. “လာ..အစ်ကို” ဧည့်ခန်းထဲထိုင် လက်ထဲက လက်ဆောင်ထုပ်တွေ စားပွဲပေါ်တင်လိုက်တယ်။ “သားတို့နှစ်ယောက်က သိနေကြတာလား” “ဟုတ်ပါတယ် ၊ သင်္ဘောတစ်စီးထဲပါ” “ဆုံမှ ဆုံတတ်တယ်ကွယ်” “ဒါ..အန်တီနဲ့ ညီမအတွက် လက်ဆောင်တွေပါ” “ကျေးဇူးပါသားရယ်” “ကျေးဇူးတင်ပါတယ်အစ်ကို” “အစ်ကိုနဲ့ ရွှေရေးတို့က အသိတွေကိုး” “နောက်မှပြောပြမယ်၊ညီ..အခုဘာလုပ်နေလဲ” “နောက်တစ်ခေါက်ထွက်ဖို့ လုပ်နေတယ်အစ်ကို၊မနက်ဖြန် အမေ့ရွာ ခဏပြန်မလို့” “ဟုတ်လား ၊ ဘယ်မှာလဲ” “ပန်းတောင်းပါ၊ အစ်ကို လိုက်ခဲ့ပါလား” “သဘက်ခါမှသွားပါလား၊ လိုက်ခဲ့မယ်” “ရတယ်၊အစ်ကိုနဲ့သွားရမှာ ပျော်လိုက်တာ” မိခြယ်တို့အိမ်မှာ စကားပြောပြီး ခဏနေ မျိုးသန့်အိမ်ကူး လက်ဆောင်ပေး အပြန်မှာ မောင်ရဲနောင်နဲ့ ဆိုင်ထိုင်ကြတယ်။ “မိခြယ်နဲ့ညီက ချစ်သူတွေလား” “ဟုတ်တယ်အစ်ကို” “ဘယ်လိုစတွေ့တာလဲ” “ဓါတ်ခွဲခန်းတစ်ခုမှာပါ၊ ကျွန်တော် သင်္ဘောတက်ဖို့ ဆေးသွားစစ်တာ၊ အန်တီ့ကို သွေးဖောက်နေတုန်းမူးသွားလို့ ကျွန်တော် ကူညီရင်းခင်သွားကြတာအစ်ကို” “ကြာပြီလား” “နှစ်နှစ်လောက်ရှိပြီ၊ အစ်ကိုနဲ့ရော..ဘယ်လိုသိကြတာလဲ” “ငါက သူ့ခွေးလေးကို ကားနဲ့တိုက်မိလို့ ခင်သွားကြတာကွ၊ မိခြယ်က မိန်းမကောင်းလေးပါ၊ညီကံကောင်းတယ်” “သိပ်ရှက်တတ်တာအစ်ကိုရေ၊ အပြင်ခေါ်ရင် မလိုက်ချင်ဘူး” “ကောင်းတာပေါ့ကွ၊ ဘယ်တော့လောက်ယူကြမလဲ” “ကျွန်တော်အရာရှိဖြစ်မှ ယူဖြစ်မယ်အစ်ကို၊ဒါမှ သူလည်း ဂုဏ်ရှိမှာ” “ဒါနဲ့ ညီ အခုဘယ်မှာနေလဲ” “ကမာရွတ်က အဆောင်မှာပါ” သူ့ကိုပြန်ပို့ပေးပြီး ကျွန်တော်အိမ်ပြန်လာခဲ့တယ်။ အဲဒီညက ကျွန်တော် အိပ်မပျော်ဘူး။
မိန်းမနဲ့ ပတ်သက်လာရင် ကံမကောင်းပါလား။ ****** ***** ****** ******* ******* ******* ဒီနေ့ ကျွန်တော်နဲ့ မောင်ရဲနောင် ပန်းတောင်းကို ခရီးထွက်ခဲ့ကြတယ်။ ပန်းတောင်းရောက်လို့ လေးငါးမိုင်လောက် ဆက်သွားတော့မှ သူတို့ရွာကိုရောက်တယ်။ ရွာကိုရောက် သူတို့အိမ်ရှေ့အရောက်မှာ အိမ်လေးကိုကြည့်ပြီး ကျွန်တော့် ရင်ထဲဆို့သွားတယ်။ “အမေ ” “သားလေး..အမေကလွမ်းနေတာ” “သားလည်းပြန်လာချင်တာကြာပြီ၊ အလုပ်တွေမပြီးသေးလို့” “အမေ၊ ဒါ သားရဲ့ သင်္ဘောပေါ်က အရာရှိအစ်ကို၊အလည်လိုက်လာတာ” “အမေ့သားလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါသားရယ်၊ သားအကြောင်း သူပြောပြတယ်” “ဟုတ်ကဲ့ပါအမေ” “လာကြ..အိမ်ပေါ်သွားရအောင်” အိမ်ပေါ်ရောက်တော့ ကြမ်းတွေက တကျွီ…ကျွီ..နဲ့ မြည်လို့ သတိထားနင်းရတယ်။ “အိမ်ကမကောင်းတော့ အားနာတယ်သားရေ” “ကိစ္စမရှိပါဘူးအမေ” “အမေ ၊ညီမလေး ကျောင်းသွားတာလား” “ဟုတ်တယ်သား၊ဒီနှစ်ဆယ်တန်းဆိုတော့ အရေးကြီးနေပြီ၊ သားတို့ ထမင်းစားကြမလား၊အမေချက်လိုက်မယ်” “ကားထဲမှာ စားစရာတွေဝယ်လာတယ်၊ အမေမချက်နဲ့တော့၊ သားတို့ ဘုန်းကြီးကျောင်းဘက် သွားရဦးမှာ” ကားပေါ်က ပစ္စည်းတွေချ၊ စားစရာတွေ မီးဖိုချောင်လေးထဲပို့နဲ့ မောင်ရဲနောင်တို့ သားအမိ အလုပ်ရှုပ်နေတုန်း အိမ်လေးကို လှည့်ပတ်ကြည့်နေမိတယ်။ မောင်ရဲနောင်ပြောပြပုံဆို သူတို့ငယ်ငယ်က စီးပွားရေးကောင်းပုံပါဘဲ။ သူ့အဖေနောက်မိန်းမယူ ပစ်သွားတော့ သားအမိသုံးယောက်ဘဝ ဖရိုဖရဲဖြစ်ကြသတဲ့။
အိမ်လေးလည်း ခုတော့ ပျက်စီးယိုယွင်းနေပြီ။သူ့အမေလည်း အသက်ထက်မက အိုစာနေရှာပြီ။ ခဏနေ ကျွန်တော်တို့ ဘုန်းကြီးကျောင်းဘက်သွားကြတယ်။ ညကျရင် ဒီမှာအိပ်ရမှာ.. ကျောင်းကြီးပေါ်ရောက်တော့ ဘုန်းတော်ကြီးကို ဦးချပြီး လှူဖွယ်တွေကပ် ဘုန်းဘုန်းနဲ့ စကားပြောကြတယ်။ “ဘုန်းဘုန်း. .ဒါ တပည့်တော်ရဲ့ အရာရှိပါဘုရား” “အေး..မယ်ငြိမ်းပြောပြထားတယ်၊မောင်ရဲနောင်ကံကောင်းတာပေါ့” “တကာကြီးလည်း ဒိထက် ကြီးပွားဦးမှာပါ၊ ကိုယ်ချင်းစာစိတ်ရှိပြီး မေတ္တာတရားကြီးတဲ့သူကို နတ်တွေစောင့်ရှောက်တယ်” “တင်ပါ့ဘုရား” မောင်ရဲနောင်တို့ရွာမှာ သုံးရက်ကြာခဲ့တယ်၊ လောလောဆယ် သူ့အိမ်လေးပြင်ဖို့ စီစဥ်ပြီး ပြင်ဆင်စရိတ် ပေးခဲ့လိုက်တယ်။သူလည်းရွာမှာ ခဏနေခဲ့တယ်။ နောင်ဘဝများရှိခဲ့ရင်(အပိုင်း..၅) “ငါ့သူငယ်ချင်းလေးကို သနားလိုက်တာကွာ၊မင်းဒီတစ်ခါတော့ စွံပြီထင်တာ” “ဘယ်တတ်နိုင်မလဲ၊ ကိုယ်က အတွေ့နောက်ကျတာကိုး” “သူ့အမေကြီးကတော့ မင်းကိုသိပ် သဘောကျတာနော်၊ ဒါနဲ့ မင်း..ဒီတစ်ခေါက်ကြာမယ်ဆို” “အေး..ငါ ရာထူးတိုးဖြေမလို့၊နည်းနည်းကြာမယ်” “ငါဘာကူညီရမလဲ” “စာဝိုင်းကျက်ပေး” “ဟာကွာ..နောက်ပြီ၊ငါက မင်းလို ဥာဏ်မကောင်းဘူး၊ ဟား…ဟား…ဟား..” “မနက်ဖြန် ငါတို့ ဆိုင်ထိုင်ဖို့ချိန်းထားတယ်၊မင်းပါလိုက်ခဲ့” “အေး..လိုက်မယ်” မောင်ရဲနောင် သင်္ဘောတက်တော့မယ်၊ မသွားခင် တွေ့ကြမလို့ပါ။ နောက်တနေ့ ဘောက်ထော်ထဲက ကျွန်တော့်သူငယ်ချင်းဆိုင်မှာ ထိုင်ကြတယ်။ သူ့ဆိုင်က ဆို တီးလို့ပါ ရတယ်လေ၊ ဧည့်သည်တွေထဲက ဝါသနာပါ တဲ့သူတွေအတွက်ပါ စီစဥ်ပေးထားတာပါ။ ကျွန်တော်ရယ်၊ မောင်ရဲနောင်တို့စုံတွဲရယ်၊ မျိုးသန့်ရယ် အားလုံးလေးယောက်၊ မျိုးသန့်မိန်းမတော့ ပါမလာဘူး။
စားစရာတွေမလာခင် ကျွန်တော်တို့ တစ်ခွက်တဖလားမော့၊ စကားတွေပြောပေါ့။ “အစ်ကိုရေ..ကျွန်တော့်ကို ဆိုင်ရောက်ရင် မသောက်နဲ့လို့ သူကမှာထားတာ” မိခြယ်က မောင်ရဲနောင်ကို ချစ်စဖွယ် မျက်စောင်းထိုးရင်း “သူက သင်္ဘောပေါ်မှာ မသောက်ဘူးတဲ့၊ဟုတ်လားအစ်ကို” “သောက်ပါတယ်.. .ရေ..” “ဟယ်..အစ်ကိုက နောက်ပြီ” “သင်္ဘောပေါ်မှာ နိုင်ငံခြားသားတွေများတယ်ညီမ၊ ခရစ်စမတ်တို့၊ နယူးရီးယားတို့၊ သူ့မွေးနေ့..ကိုယ့်မွေးနေ့ ..တွေမှာ သောက်ကြ၊ စားကြတယ်၊ တစ်ခွက်လောက်ပါညီမ၊ အစ်ကိုတို့လည်း သိပ်မသောက်နိုင်ပါဘူး” “မောင်ရဲနောင် မင်းဒီတစ်ခါ သင်္ဘောတက်ပြီးရင် စာမေးပွဲဖြေတော့” “ဟုတ်ကဲ့အစ်ကို” စားစရာရောက်လာတော့ စကားပြောတာရပ်ပြီး စားကြတယ်၊ ပြီးတော့ ကျွန်တော်က ဂစ်တာတီးပြီး မောင်ရဲနောင်နဲ့မျိုးသန့် သီချင်းတွေ တလှည့်စီဆိုကြတယ်။ ကျွန်တော့်အလှည့်မှာ” ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ “သီချင်း ဂစ်တာတီးပြီး ဆိုတာ ဧည့်သည်တွေ သိပ် သဘောကျကြတယ်။ ဆိုင်ရှင်သူငယ်ချင်းက ကျွန်တော်တို့ဝိုင်းအတွက် မယူဘူးဆိုလို့ အတင်းပေးတော့ တစ်ဝက်ပဲယူတယ်။ “မင်း..ငါ့ဆိုင်မှာ ညတိုင်း လာဆိုပါလား၊ ဧည့်သည်တွေ request လုပ်တာ” တဲ့။ “အေး..အားတဲ့နေ့တွေ လာခဲ့မယ်ကွာ၊ သွားပြီနော်” ******* ****** ******** ****** ****** ******** မောင်ရဲနောင်မရှိကတည်းက ကျွန်တော် မိခြယ်တို့အိမ်ဘက်မရောက်တော့ဘူး။
တမင်မသွားတာပါ၊ မျိုးသန့်ကို ရုံးအဆင်း သွားတွေ့တယ်၊ သူတို့လင်မယားနဲ့ ဆိုင်ထိုင်ပြီးရင် လမ်းထိပ်ထိဘဲ ပို့ပြီးပြန်တယ်။ တစ်ရက်တော့ မိခြယ်ဆီက ဖုန်းဝင်လာတယ်။ “အစ်ကို..လုပ်ပါဦး၊ မာမီ သွေးတွေတိုးပြီး ခေါင်းမထူနိုင်တော့လို့” “ခုလာခဲ့မယ်ညီမ၊ ဆရာဝန်ပါ ခေါ်ခဲ့မယ်” ကျွန်တော့အိမ်နားက အငြိမ်းစားဆရာဝန်ကြီးက ဆေးခန်းမဖွင့်တော့ဘူး၊ ရင်းနှီးတဲ့သူတွေ ပင့်ရင် အိမ်လိုက်ကုပေးတယ်။ ဆရာဝန်ကြီးကိုပင့်ပြီး အမြန်ဆုံးသွားရတယ်။ ဟိုရောက်တော့ သွေးချိန်တာ ၁၆၈၊ ၁၀၀ ပါ။ “ကံကောင်းလို့ ၊ လေဖြတ်တတ်တယ်” လို့ ဆရာဝန်ကြီးကပြောပါတယ်။ ဆရာဝန်ကြီးကိုပြန်ပို့ပြီး ကျွန်တော်နောက်တခေါက်သွားကြည့်တော့ အတော်လေး သက်သာသွားလို့တော်ပါသေးရဲ့။ “သားရှိလို့တော်ပါသေးရဲ့၊ ကျေးဇူးပါသားရယ်” “ရပါတယ်အန်တီ၊ ကျွန်တော်ပြန်လိုက်ပါဦးမယ်” နောက်နေ့ ဖုန်းဆက်တော့ ကောင်းသွားပြီတဲ့၊ တော်ပါသေးရဲ့။ မောင်ရဲနောင်မရှိတုန်း ဆင်ဆင်ခြင်ခြင် နေရမယ်။ ဒါ..ဘယ်သူကမှ တားဆီးတာမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင် တားထားတဲ့စည်းပါ။ နောက်ရက်တွေ စာမေးပွဲဖြေဖို့ စာတွေကျက်၊ သင်တန်းတွေတက်နဲ့ မအားရဘူး။
တစ်ရက်တော့ မိုးမိပြီးဖျားပါလေရော၊ မျိုးသန့်တို့ လင်မယား အိမ်ကို သတင်းမေးလာတော့ မိခြယ်ပါလာတယ်။ မေမေနဲ့မိတ်ဆက်ပေးလိုက်တယ်၊ သူတို့ပြန်သွားတော့ မေမေက မေးတယ်။ “သားကောင်မလေးလား၊ချောလိုက်တာ” “မဟုတ်ဘူးမေမေ၊ မိတ်ဆွေတွေပါ” “အဲဒီလို ချွေးမလေးတစ်ယောက်လောက်ရှာပါလား၊ သားလည်း အိမ်ထောင်ပြုသင့်နေပြီ” “လူပျိုကြီးလုပ်တာ မကောင်းဘူးလားမေမေ” “ဟုတ်ပါတယ်လေ၊ လူမှုရေးတွေနဲ့ အိမ်မကပ်တဲ့ သားကို နားလည်ပေးနိုင်မယ့်သူရှားတယ်” ဟော..ကြည့်၊ မေမေတောင် သူ့ကို အိမ်ထောင်ပြုဖို့ စိတ်လျော့သွားပြီ။ အဲဒီလိုနဲ့ ရာထူးတိုးစာမေးပွဲကို ကြိုးစားဖြေလိုက်တာ တစ်ကြိမ်ထဲနဲ့ အောင်သွားတယ်။ “မင်းကွာ၊တော်လိုက်တာ..ငါသိသလောက် သူများတွေ ခဏ၊ ခဏ ပြန်ဖြေရတယ်” “ငါ့အဖေကျေးဇူးကြောင့်ကွ၊ ဖေဖေက အသက်ကြီးလို့သာ သင်္ဘောမလိုက်တော့တာ။ ငါ့ကို စာသင်ပေးတာ တကယ် good တယ်” “မင်းတို့ညီအစ်ကိုကို အားကျတယ်၊ ငါလည်း မင်းလို သင်္ဘောသားလုပ်ခဲ့မိရင် ကောင်းမှာ” “မင်းလည်း ရာထူးတွေ တိုး ညွှန်ချုပ်တွေ..ဝန်ကြီးတွေ ဖြစ်နိုင်တာဘဲ” “ဘာလဲ ၊ဇာတ်ထဲက ဝန်ကြီးလား..သူများကို စိတ်ချမ်းသာအောင် အတော်ပြောတတ်တဲ့ကောင်” “မဟုတ်လို့လား၊မင်းသာ ဝန်ကြီးဖြစ်ရင် ငါ့ကိုမေ့မသွားနဲ့” “ဟား…ဟား….ဟား…ဟား..” နောင်ဘဝများရှိခဲ့ရင် (အပိုင်း-၆) ကျွန်တော် သင်္ဘောပြန်တက်တော့ မောင်ရဲနောင် စာမေးပွဲဖြေဖို့ သင်တန်းတက်နေပြီ။ သူစာကျက်ရတာ အဆင်ပြေအောင် ကျွန်တော့်အိမ်မှာ ခေါ်ထားလိုက်တယ်။ စာသင်ပေးမယ့် ဖေဖေလည်း ရှိတယ်။
ကျွန်တော့်မမကြီးနဲ့ အစ်ကိုလတ်က သူတို့အိမ်နဲ့သူတို့နေကြတော့ အိမ်မှာ ဖေဖေ၊မေမေနဲ့ ကောင်မလေးဘဲ ရှိတယ်။ သင်္ဘောတက်ပြီး တစ်ပတ်ကြာတော့ အဆင်ပြေရဲ့လား သိချင်တာနဲ့ မေမေ့ဆီဖုန်းဆက်လိုက်တယ်။ “မေမေ နေကောင်းလား” “ကောင်းတယ်သား” “ဖေဖေရော” “ကောင်းပါတယ်၊ သားဖေဖေ စကားပြောဖော်ရနေပြီ၊မောင်ရဲနောင်နဲ့ အဖွဲ့ကျနေတာသားရေ မေမေလည်းသူ့ကိုချစ်ပါတယ်၊ အလိုက်သိတော့ စိတ်ချမ်းသာရတယ် ” “တော်သေးတာပေါ့၊ ကျန်းမာရေးဂရုစိုက်နော်” “မေမေတို့ကိုစိတ်ချ၊ သားသာနေကောင်းအောင်နေ” “ဟုတ်ကဲ့ပါမေမေ” မောင်ရဲနောင် အိမ်ရောက်ပြီး တစ်လလောက်ကြာတော့ အိမ်က ကောင်မလေးရွာပြန်သွားတယ်တဲ့။ မောင်ရဲနောင် အမေနဲ့ ဆယ်တန်းအောင်ထားတဲ့ သူ့ညီမလေးကိုပါ အိမ်မှာခေါ်ထားလိုက်တော့တယ်။ “အစ်ကိုရယ် ကျေးဇူးတင်လိုက်တာ၊ ကျွန်တော်တို့ သားအမိတွေ အတူနေခွင့်ရလို့ အမေ တအားပျော်နေတာပါ။ အစ်ကို့ ဖေဖေနဲ့မေမေကို ကျွန်တော့်မိဘတွေလို စောင့်ရှောက်ပါ့မယ် ” လို့ viber မှာ စာပို့ထားတယ်။ ဒီကလေးပေါင်းသင်းဆက်ဆံရေးလည်း ကောင်းပါ့၊ စနေ၊ တနင်္ဂနွေဆို မိခြယ်တို့အိမ်သွား မျိုးသန့်တို့ လင်မယားက ထမင်းခေါ်ကျွေးနဲ့၊ လိမ္မာလိုက်တာလို့ မျိုးသန့်က ချီးကျူးတယ်။ ကျွန်တော်က ခုမှ လိမ္မာတာ၊ သင်္ဘောသားဖြစ်ကာစကဆို ပျော်ပါးသုံးဖြုန်းနေတာပါ။ ဘဝမနာတော့ ငွေကို တန်ဘိုးထားရမှန်း နားမလည်ခဲ့ဘူး။
သင်္ဘောပေါ်က နိုင်ငံခြားသားအများစုက အသုံးသမားတွေ၊ သင်္ဘောတစ်ခေါက်လိုက်ပြီး ရသမျှသုံးပစ်တာပါ။ မစုဘူးလားလို့ ကျွန်တော်မေးဘူးတယ်၊ ရှာနေတာက သုံးဖို့မဟုတ်ဘူးလားတဲ့။ သူတို့နိုင်ငံတွေက အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်ရင် ငတ်မလား ပူစရာမလိုဘူးတဲ့။ သားသမီးရှိရှိ၊ မရှိရှိ အစိုးရက ထောက်ပံ့ကြေးပေးတယ်တဲ့။ သူတို့နဲ့တွဲ ရောက်တဲ့နေရာ လျှောက်လည်၊ အဖြူမတွေ ကပ္ပလီမတွေနဲ့ကဲ ၊အတော်ကို လွတ်သွားသေးတယ်။ သင်္ဘော သုံးခေါက်မြောက် တက်တဲ့အချိန်မှာ မြန်မာသင်္ဘောသားလေးတစ်ယောက်နဲ့ သင်္ဘောတစ်စီးထဲ။ သူကလည်း ရသမျှ သုံးဖြုန်းနေတဲ့ကောင်၊ သူ့အဖေ သေကောင်ပေါင်းလဲဖြစ် ဆေးရုံရောက်တော့ သူ့ဆီက ပိုက်ဆံလှမ်းတောင်းတယ်။ သူ့မှာ ပေးစရာမရှိတော့ဘူး။ သူနဲ့အခင်ဆုံး ဖိလစ်ပိုင်တစ်ယောက်ကို ငိုပြီး နောင်တရတဲ့အကြောင်း ရင်ဖွင့်တယ်။ အဖေကိုသိပ်ချစ်သတဲ့ ၊သူ့ကြောင့် သူ့အဖေ သေရတော့မယ်ပေါ့၊ သူရင်ဖွင့်တဲ့ ဖိလစ်ပိုင်က သူနဲ့ ကဲဖော်ကဲဘက်၊ မကူညီနိုင်ဘူး။ ကျွန်တော်တို့သိရင် စုပြီးကူညီလို့ ရတယ်။မသိလိုက်ဘူး။ နောက်တစ်နေ့ သူသင်္ဘောပေါ်ကနေ ခုန်ချသွားတယ်။ ကျွန်တော်တို့အားလုံး သူ့အတွက် စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျရတယ်။ကျွန်တော် နောင်တရသွားပြီ။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ သက်စွန့်ဆံဖျားရှာထားရတဲ့ ပိုက်ဆံတွေ သုံးဖြုန်းသင့်သလား။ အဲဒီကတည်းက နောက်ပိုင်း ကျွန်တော်နဲ့သင်္ဘောတစ်စီးတည်း မြန်မာတွေပါလာရင် ကူညီတယ်၊ အနှိမ်မခံရအောင် ကာကွယ်ပေးတယ်၊ ဘဝမှာ ရယူတာထက် ပေးဆပ်ရတာက ပိုပြီး စိတ်ချမ်းသာစေတယ် ဆိုတာသိလာရပြီ။ တစ်ရက်တော့ သင်္ဘောပေါ်မှာ အင်ဒိုနီးရှားသင်္ဘောသားတစ်ယောက် သံပြားအစွန်းနဲ့ ရှပြီး ခြေထောက်မှာ ဟက်တက်ကြီး ကွဲသွားပါလေရော၊ သူ့ဒဏ်ရာကို ရေဆေးခိုင်းပြီး မိခြယ်ပေးလိုက်တဲ့ ဆရာခိုလိမ်းဆေးသိပ် ပတ်တီးစည်းခိုင်းထားလိုက်တယ်။
နောက်နေ့ ပတ်တီးဖြည်ကြည့်တော့ ဒဏ်ရာက အတော့်ကို ကောင်းသွားပါပြီ။ အားတက်ပြီး ဆရာခို ဆက်လိမ်းလိုက်တာ တစ်ပတ် ဆယ်ရက်ကြာတော့ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။ ***** ***** ***** ***** ***** ***** ********* ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ မောင်ရဲနောင် စာမေးပွဲ ဖြေပြီးပြီ၊ ကျွန်တော်တို့အားလုံး Hijet ဆယ့်နှစ်ယောက်စီး ကားတစ်စီးငှားပြီး ငွေဆောင်ကို သွားကြတယ်။ ကျွန်တော်တို့မိသားစုသုံးယောက် ၊ မျိုးသန့်တို့လင်မယား၊ မောင်ရဲနောင်တို့ သားအမိသုံးယောက်၊မိခြယ်တို့ သားအမိ အားလုံးပါတယ်။ မောင်ရဲနောင်တို့စုံတွဲ လက်တွဲပြီးလျှောက်သွားတာ ကြည့်ပြီး မျိုးသန့်က ကျွန်တော့်ကိုပြောတယ်။ “တကယ်လို့ မင်း ..မိခြယ်ကို သဘောကျနေတာ ကောင်လေးသိရင်နောက်ဆုတ်ပေးမှာ၊ သူက မင်းကို သူ့အစ်ကိုရင်းလို ချစ်တာကွ” “မဟုတ်တာတွေ မပြောစမ်းပါနဲ့ကွာ၊ အချစ်ဆိုတာလုပ်ယူလို့မရဘူး၊ ငါ့စိတ်ထဲမှာ သူတို့ကို ညီလေး ၊ ညီမလေးလို သဘောထားနိုင်သွားပြီ” “ငါက မင်းခံစားနေရတယ်ထင်လို့ပါ” ကျွန်တော်တို့ ငွေဆောင်မှာ သုံးရက်နေပြီး ပြန်လာကြတယ်။ မောင်ရဲနောင် စာမေးပွဲအောင်တော့ မိခြယ်နဲ့ လက်ထပ်ချင်တယ်တဲ့၊မိခြယ်ကို မေးတော့ လက်ခံတယ်။ သူတို့နှစ်ယောက် တရားရုံးတက် လက်မှတ်ထိုး အိမ်မှာ ဘုန်းကြီးဆွမ်းကပ်တယ်။ လက်ထပ်ပြီး သုံးလလောက်နေတော့ မောင်ရဲနောင် သင်္ဘောတက်သွားပြီ၊.တခြားသင်္ဘောတစ်စီးမှာပါ။
မိခြယ်က ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် ဝင်လုပ်တယ်၊ သူက Eco နဲ့ ကျောင်းပြီးထားတာ၊ ကျွန်တော် သင်္ဘောပြန်တက်ပြီး မကြာခင် မိခြယ်အမေဆုံးသွားတယ်။သွေးတွေတအားတိုးသွားတယ်တဲ့။ မောင်ရဲနောင် အမေနဲ့ ညီမကို သူ့အိမ်မှာ လာနေဖို့ခေါ်တယ်။ သူတို့က ကျွန်တော်တို့အိမ်မှာဘဲ နေချင်တယ်လို့ပြောတယ်။ မိခြယ်က ကောင်မလေးတစ်ယောက်ခေါ်ထားလိုက်တယ်။ မောင်ရဲနောင်လည်း သူ့အမေကို နားချလို့မရဘူး။အမေတို့က တောသူတောင်သားပုံ ပေါက်တော့ ချွေးမမျက်နှာငယ်မှာစိုးတယ်တဲ့လေ။ တစ်ရက်တော့ ပြောစရာတွေရှိတယ်သူငယ်ချင်း၊အားရင်ဖုန်းခေါ်ကွာလို့ မျိုးသန့်စာပို့ထားတော့ စိတ်ထဲထိတ်ကနဲ ဖြစ်သွားတယ်။ ညဘက် သူလိုင်းပေါ်မှာရှိတာနဲ့ ဖုန်းခေါ်လိုက်တယ်။ “ပြောစရာရှိတယ်ဆို .ဘာကိစ္စရှိလို့လဲ” “အေးကွာ..မိခြယ် အလုပ်လုပ်တဲ့ ကုမ္ပဏီပိုင်ရှင်က သူ့အိမ်ကို ဝင်ထွက်နေတာ ငါသဘောမကျဘူး” “ဟ..သူတို့ယူထားတာမှ မကြာသေးဘူး၊ မဟုတ်ဘူးထင်တယ်နော်” “မဟုတ်ပါစေနဲ့လို့ ငါလည်း ဆုတောင်းပါတယ်၊ကောင်လေး သင်္ဘောဆင်းကာနီးပြီလား” “နီးပြီသူငယ်ချင်း၊စိတ်မပူနဲ့” သူ့သာစိတ်မပူနဲ့ပြောရတာ၊ ကျွန်တော့စိတ်ထဲ ထင့်နေတယ်။ မောင်ရဲနောင်ကို ဖုန်းဆက်တော့ ဒီလကုန်ဆင်းရတော့မယ်အစ်ကို ဆိုမှ ကျွန်တော် ရင်အေးသွားရတယ်။ နောင်ဘဝများရှိခဲ့ရင်( ဇာတ်သိမ်း) မောင်ရဲနောင်ပြန်ရောက်တော့ သူတို့အိမ်ထောင်ရေးသာသာယာယာဘဲ လို့ မျိုးသန့်ပြောတယ်။ ကျွန်တော်ပြန်ရောက်တော့ တပျော်တပါး ခရီးထွက်ကြတယ်။ ရန်ကုန်ကနေ မန္တလေးအရင်သွားတယ်။
မန္တလေးရောက်တော့ မေမြို့တန်းသွားပြီးလျှောက်လည်ကြတယ် ၊ဒီဇင်ဘာလမို့ ပန်းပွဲတော်နဲ့ကြုံလို့ ပိုပျော်စရာကောင်းတယ်။ မေမြို့မှာ တစ်ညအိပ်ပြီး မိုးကုတ်မှာနှစ်ညနေဖြစ် ၊ ချစ်စရာအေးချမ်းတဲ့မြို့လေးပါ၊ ပြန်တောင်မပြန်ချင်ဘူး။ မန္တလေးပြန်ဆင်းပြီး စစ်ကိုင်း တစ်ရက်လည် ၊ မုံရွာသွား မန္တလေးပြန်အိပ်နဲ့ ငါးညအိပ် ခြောက်ရက်လောက်ကြာသွားတယ်။ မျိုးသန့်တို့ လင်မယားနဲ့ မိခြယ်က ခွင့်ယူလာရတာ။ ခရီးက ပြန်လာတော့ မောင်ရဲနောင် သင်္ဘောတက်ဖို့ လုပ်ရပြီ၊ဆေးစစ်တော့ တီဘီပိုးတွေ့တယ်တဲ့၊ အဲဒီမှာ ပြဿနာ စတက်တော့တာပါဘဲ၊ တီဘီရှိတော့ သူ့အသုံးအဆောင်တွေ သီးသန့် ၊အိပ်ရာသီးသန့် နေရပြီ၊ ဆေးတွေသောက်ရပြီ။ မောင်ရဲနောင်က ဘာဖြစ်မှန်းမသိ ဆေးမှန်မှန်မသောက်ဘူး၊ တီဘီက ဆေးယဥ်ပြီး ပိုဆိုးလာတယ်။ “မိခြယ်…ဆေး သေချာတိုက်လေ” “ညီမ ဒီရက်ထဲ အလုပ်အပြန်နောက်ကျတယ်အစ်ကို၊ သူ့ကိုမေးရင် သောက်တယ် ပြောလို့” “ညီ..မင်းဘာဖြစ်နေတာလဲ၊ တီဘီပျောက်မှ သင်္ဘောပြန်လိုက်လို့ရမှာ” “ရမှာမဟုတ်တော့ပါဘူးအစ်ကိုရယ်၊ သင်္ဘောပြန်လိုက်ဖို့ စိတ်လျှော့လိုက်ပြီ” “မင်း..ယောက်ျားမဟုတ်ဘူးလား၊ တကယ်လို့ ပြန်တက်လို့မရလည်း လုပ်စရာအလုပ်တွေ တပုံကြီး” ဒီကလေး ဘာဖြစ်နေပါလိမ့်၊ အိပ်ရာထဲ တခွေခွေနဲ့ မိခြယ်ရုံးလွှတ်ရင် သွားမကြိုတော့ဘူးပြောတယ်။ အိမ်ထောင်ရေး အဆင်မပြေဘူးလား၊ သိချင်လာတယ်။ မျိုးသန့်နဲ့ တိုင်ပင်ပြီး မိခြယ်အခြေအနေ သိရအောင် သူ အလုပ်ဆင်းချိန် သွားကြည့်ကြတယ်။ သူမမြင်အောင်ပေါ့။ ညနေ ခြောက်နာရီလောက်မှာ ရုံးခန်းထဲက ထွက်လာတယ်၊ သူ့ဘေးမှာ ချောချော ဖြောင့်ဖြောင့် တောင့်တောင့် ငနဲနဲ့ ရီလို့ မောလို့.. မိခြယ်ကို ကားတံခါးသေချာဖွင့်ပေး ပိတ်ပေးတယ်၊ တအားကိုကြင်နာပြနေပုံဘဲ။
“အဲဒါ သူ့အိမ်လာ..လာနေတဲ့ ကုမ္ပဏီပိုင်ရှင်” “ဒါဆို မောင်ရဲနောင် စိတ်ဓါတ်ကျနေတာဖြစ်မယ်၊ သူ့မိန်းမကို နေ့တိုင်းသွားကြိုနေတော့ သူတို့နှစ်ယောက် အခြေအနေ တွေ့မှာပေါ့ကွာ ၊ ငါ ပြောမှဖြစ်မယ်” ကျွန်တော် မျိုးသန့်နဲ့ ပြန်လာတာ အိမ်ရောက်တဲ့ထိ မိခြယ်မရောက်သေးဘူး။ ကျွန်တော်ထိုင်စောင့်နေလိုက်တယ်၊ နာရီဝက်ကျော်ကျော် ကြာတော့မှ သူ့ကိုအိမ်ရှေ့ထိ လိုက်ပို့တယ်။ အိမ်ထဲအရောက် ကျွန်တော့်ကို တွေ့တော့ မျက်နှာပျက်သွားတယ်။ “နောက်ကျလှချည်လားညီမ” “ဟုတ်တယ်အစ်ကို၊ ပစ္စည်းသစ်တွေရောက်လာတာနဲ့ အလုပ်တွေရှုပ်သွားလို့” “ထိုင်ပါဦး” ကျွန်တော့်ရှေ့ခုံမှာဝင်ထိုင်လိုက်တဲ့ မိခြယ်က အရင်မိခြယ်မှ မဟုတ်တော့ဘဲ။ မပြင်မဆင်လှပြီးသားမျက်နှာမှာ မိတ်ကပ်နှုတ်ခမ်းနီ နဲ့၊ တစ်ကိုယ်လုံးလည်း မွှေးကြိုင်လို့..ပြင်ထားလိုက်တာ မင်းသမီးလို.. “ညီမ..မောင်ရဲနောင်ကို သေချာဂရုစိုက်မှ ရတော့မယ်။ သူ စိတ်ဓါတ်ကျနေပြီ” “ညီမလည်း အတတ်နိုင်ဆုံးပြုစုနေတာဘဲအစ်ကို” “အေး..ဒါပေမယ့်..ခု အနီးကပ် အချိန်ပြည့်ပြုစုမှ ရတော့မယ်၊ ညီမ အလုပ်ထွက်လိုက်တော့ ၊ အသုံးစရိတ်အားလုံး အစ်ကိုပေးမယ်” “အလုပ်တော့ မထွက်ပါရစေနဲ့၊ သိပ်အနေဆိုးရင် ခွင့်ယူပါ့မယ်” “မရဘူး ၊ညီမ မပြုစုနိုင်ရင် သူ့အမေနဲ့ ညီမလေးကို ဒီမှာ နေခိုင်းလိုက်၊ ညီမအိမ်က ကောင်မလေးကို အိမ်ကိုပို့ထား ၊ အဲဒီလိုလုပ်ကြရအောင်” နောက်နေ့ ကျွန်တော်ပြောတဲ့ အတိုင်းလုပ်တော့ သူဘာမှ မပြောသာဘူး။ မောင်ရဲနောင်လည်း အမေ့ရဲ့ အပြုအစုကြောင့် အတော်လေးနေပြန်ကောင်းလာတယ်။
ကျွန်တော့်အိမ်ကိုရောက်လာတဲ့ ကောင်မလေးကို မသိမသာ အစ်အောက်မေးကြည့်လိုက်တယ်။ “ညည်း..ဒီအိမ်မှာ အဆင်ပြေရဲ့လား” “ဟုတ်ကဲ့ပြေပါတယ်” “မေမေက သဘောကောင်းတော့ ညည်းစိတ်ချမ်းသာမှာပါ” “ဟုတ်တယ်အစ်ကိုကြီး၊ မေမေကြီးက ပျော်တတ်တယ်၊ ဟိုအိမ်မှာ အလုပ်ပြီးရင် TVကြည့် ညဘက်မိုးချုပ်မှ မမလေးကပြန်လာတာ၊ ကိုကိုလေးက လိုအပ်မှ ခေါ်ခိုင်းတာပါ၊ သူ့မိန်းမ အလုပ်လုပ်နေတော့ ကိုကိုလေးကို ပြုစုမယ့်သူမရှိဘူး၊ သနားစရာ” “ညဘက် သူ့ကို ဘယ်သူလိုက်ပို့လဲ” “ဟို..ကားလှလှကြီးနဲ့ အစ်ကို လိုက်ပို့တယ်၊တခါတလေ ပိတ်ရက်ပါ လာ..လာခေါ်တာ” အင်း..အခြေအနေကတော့ မလွယ်ဘူး၊ငါ့ကို မောင်ရဲနောင် ဘာမှမပြောရှာဘူး၊ စိတ်တော့ အတော်ဆင်းရဲနေမှာဘဲ။ ကျွန်တော်သင်္ဘောပြန်တက်တော့ မျိုးသန့်ကို အားလုံးအတွက်သုံးဖို့ ပိုက်ဆံပေးထားခဲ့တယ်။ အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာ စာပို့ထား၊ ငါလည်း မကြာမကြာဖုန်းခေါ်မယ်လို့ မှာခဲ့လိုက်တယ်။ မျိုးသန့် စာပို့ထားတာ ဖတ်ကြည့်တော့ မောင်ရဲနောင် အတော်နေကောင်းလာပြီဆိုလို့ ကျွန်တော် ဝမ်းသာလိုက်တာ။ “မိခြယ်က ယောက္ခမတွေရှိတော့ ဟိုဘဲကို အိမ်မလာခိုင်းတော့ဘူး၊ စနေ၊ တနင်္ဂနွေ အကြောင်းတခုခုပြ အမြဲထွက်နေတော့တာကွ၊ငါတော့ ဟိုဘဲနဲ့ မရိုးတော့ဘူးထင်တာဘဲ” “အဲဒီကောင်မလေး ခုလိုလုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ၊မင်းရော..ဘယ်လိုသဘောရလဲ” “ခုခေတ်က ဘာမှပြောလို့မရဘူးကွ၊ တကယ်တော့ သာယာနေကြတာ ” “မိန်းမ၊ ယောက်ျားအတူတူဘဲ..” “အဲဒီဘဲ အကြောင်းတခုခုနဲ့မွဲသွားတာတို့ ၊ ထောင်ကျတာတို့ ဖြစ်ကြည့်ပါလား..မိခြယ်က ခွာသွားမှာဘဲ” “အချစ်မှမပါဘဲ၊ တဏှာသက်သက်လေကွာ.” ကြားရတာတွေကတော့ စိတ်ချမ်းသာစရာ မရှိဘူး။ ********* ******* ****** ****** ******** **** ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ မောင်ရဲနောင် အတော် နေကောင်းနေပြီ၊ ကျွန်တော်ရယ်၊မျိုးသန့်ရယ်၊ သူရယ် ငပလီကို ခရီးထွက်ခဲ့ကြတယ်၊ သူ့ရောဂါကြောင့် ပင်လယ်လေရှူရအောင်ပါ။
“မောင်ရဲနောင်..ဘယ်လိုနေလဲ” “ကောင်းသလောက်ဖြစ်နေပါပြီအစ်ကို၊အဲဒါ အစ်ကို့ကျေးဇူးကြောင့်” “တော်သေးတာပေါ့၊ ပြန်ကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ ဆေးတွေမှန်မှန်သောက်ကွာ” “ဒါပေမယ့်..” “ညီ..ဘာပြောချင်လဲ၊ ပွင့်ပွင့်လင်းလင်းပြော..” “ကျွန်တော်..မိခြယ်ကို ကွာပေးချင်တယ်” “မင်းချစ်လို့ယူထားတာလေ၊ ဘာလို့ကွာချင်တာလဲ” “သူ..ကျွန်တော့်ကို စိတ်ကုန်နေပြီ အစ်ကိုရဲ့..” ပြောလည်းပြော ငိုတော့တာပါ၊ သူ့ကို ကျွန်တော်ဖက်ပြီး အားပေးရတယ်၊ “နေမကောင်းနေလို့ အားငယ်နေတာပါကွာ၊ သူ မင်းကိုချစ်ပါတယ်” “မဟုတ်ဘူးအစ်ကို. မဟုတ်ဘူး..အစ်ကိုမသိတာတွေ အများကြီး..” “အေးပါ၊ အစ်ကို ရန်ကုန်မှာ နေဦးမှာဘဲ၊ ဘာမှ အားမငယ်နဲ့” သူဘာပြောချင်လဲ..ကျွန်တော်သိတာပေါ့၊ သူ့မိန်းမ သိက္ခာကျမှာစိုးပြီး မပြောရက်ဘူးဖြစ်နေတယ်။ ရန်ကုန်မှာရှိတုန်း နေ့တိုင်းနီးပါး သူ့ကို အပြင်ခေါ် အရင်လို ပြန်ဖြစ်အောင် အားပေးတယ်။ ကျွန်တော် သင်္ဘောပြန်တက်ကာနီး တစ်ရက် မောင်ရဲနောင် ဝမ်းလျှောနေတယ်ဆိုလို့ ဆရာဝန်ကြီးပင့်ပြီး သွားလိုက်တယ်၊ ဝမ်းသွားထားတော့ မျက်ကွင်းလေးချောင် လူကပျော့နေပြီ၊ မှိန်းနေရှာတယ်။မိခြယ်က အလုပ်မှာ.. “ဝမ်းသွားတာ ဘယ်နှစ်ခါရှိပြီလဲ” “ဆယ်ခါလောက်ရှိပြီ ဆရာကြီး” လို့ သူ့အမေက ဖြေတယ်။ “ဘာသွားစားလိုက်လို့လဲ” “ကြက်သားဟင်းနဲ့ ထမင်းစားတာပါ၊ ဘာမှ ထွေထွေထူးထူး မစားပါဘူး ဆရာကြီးရယ်” ဆရာကြီးက အကြောဆေးသွင်းပေးပြီး သောက်ဆေးတွေ ပေးခဲ့တယ်။ ကျွန်တော် ဆရာကြီးကို ပြန်ပို့ရင်း မိခြယ်ကို ဝင်ခေါ်လိုက်တယ်။
မောင်ရဲနောင်ကို စောင့်ကြည့်ရင်း နှစ်ယောက်သားစကားပြောနေလိုက်တာ ကျွန်တော်ပြန်လာတော့ ညကိုးနာရီကျော်ပြီ၊ ဝမ်းက နည်းနည်းသွားနေသေးတယ်၊ မပြန်ခင် မိခြယ် ဆေးတိုက်တော့ တချက်ကြည့်လိုက်သေးတယ်၊ မောင်ရဲနောင်နဲ့ စကားပြောနေလို့ အမှတ်တမဲ့ ဖြစ်သွားတယ်၊ မနက် ငါးနာရီလောက်မှာ မောင်ရဲနောင် အမောဖောက်ပြီး ဆုံးသွားပြီလို့ ဖုန်းဆက်တယ်၊ ကျွန်တော် အပြေးအလွှားရောက်သွားတယ်။ သူ့မျက်နှာလေးက ဘာဝေဒနာမှ မခံစားလိုက်ရသလို အေးချမ်းနေလိုက်တာ၊ ကျွန်တော့်မျက်ရည်တွေက သူ့အပေါ် တပေါက်ပေါက်ကျနေတာပါ။ ဖြစ်မှ ဖြစ်ရလေညီရာ လို့ ရင်ထဲမှာ အကြိမ်ကြိမ်အော်ဟစ်ငို နေမိတယ်၊ ဘာဖြစ်သွားလဲ ကျွန်တော်စဥ်းစားလိုက်တော့ သူနဲ့ စကားပြောနေရင်း သူ့လက်ထဲ မိခြယ် သောက်ဖို့ ဆေးတွေ ပေးတော့ ဆင်တူ နှစ်လုံးဖြစ်နေတာ သတိရသွားတယ်။ သူ့ဆေးခြင်းထဲက သောက်လက်စဆေးတွေ ကျွန်တော့်အိတ်ထဲ ကောက်ထည့်လိုက်တယ်။ သူမြေကျတဲ့ထိ မျိုးသန့်နဲ့ နှစ်ယောက်သား လိုလေသေးမရှိလုပ်ပေးလိုက်တယ်။ သူ့အမေ၊ သူ့ညီမလေး၊ ကျွန်တော် ၊မျိုးသန့်တို့လင်မယား ငိုလိုက်ရတာဗျာ၊ မိခြယ်လည်းငိုတယ် ၊ အလှမပျက်ရုံ.. သူ့ရဲ့ ဟိုငနဲနဲ့ အလုပ်ကလူတွေ လာပို့ကြတယ်။ သူ့ကို သင်္ဂြိုဟ်ပြီးတဲ့နေ့ ဆရာဝန်ကြီးဆီ ကျွန်တော်ရောက်သွားပါပြီ၊ သောက်ဆေးတွေ ပေးခဲ့တုန်းက ကျွန်တော်ရှိနေတာပါ။
သူမသောက်သွားသေးတဲ့ ဆေးတွေစစ်ကြည့်တယ်၊ဝမ်းပိတ်ဆေး တစ်လုံးလိုနေတယ်၊ဒါဆို တစ်လုံးထဲ တိုက်ရမှာကို နှစ်လုံးတိုက်လိုက်လို့ပေါ့၊ ဘာဖြစ်တတ်သလဲလို့ ဆရာကြီးကို မေးကြည့်တော့ သူက ရောဂါအခံရှိတော့ မောပြီးကြပ်သွားတာတဲ့ ၊အဲဒီအချိန် အောက်ဆီဂျင်ပေးရမယ်တဲ့လေ၊ အရာရာဟာ ပြီးဆုံးသွားပါပြီ။ ကျွန်တော်သိတာကို ဘယ်သူ့ကိုမှ မပြောဘူး၊.မိခြယ်ကိုတော့ ကြည့်တောင် မကြည့်ချင်တော့လောက်အောင် စိတ်နာသွားတာ၊ အတော်ရက်စက်တဲ့ မိန်းကလေး၊ဒီဘဝ ဒီမျှပါဘဲ၊ မိခြယ်အလုပ်က နာရေးအတွက်လှူမှာတွေ လုံးဝ လက်မခံဘူးလို့ ပြောထားလိုက်တယ်။ မောင်ရဲနောင်အမေနဲ့ ညီမလေးကို ကျွန်တော့်အိမ် ပြန်ခေါ်ထားလိုက်တယ်။ သူ့အမေလည်း သားအတွက်စိတ်ထိခိုက်လို့ အိပ်ရာထဲလဲသွားတယ်။ မေမေနဲ့ သူ့သမီးဂရုတစိုက် ပြုစုလိုက်တာ ကျွန်တော် သင်္ဘောပြန်တက်တော့ နေကောင်းသွားပါပြီ။ ဒီည ..လပြည့်ည.. ရာသီဥတုသာယာတာနဲ့ ကုန်းပတ်ပေါ်တက်ပြီး လရောင်အောက်က ပင်လယ်ကြီးကို ကြည့်ရင်း တစ်ယောက်ထဲ စကားပြောနေမိတယ်။ မျက်ရည်တွေလည်း ကျလို့ပေါ့…. “ညီရေ…မင်းကို သိပ်လွမ်းတယ်ကွာ၊ နောင်ဘဝများရှိခဲ့ရင် တို့ ညီအစ်ကို အရင်းဘဲ ဖြစ်ချင်တယ်၊ မင်းဘယ်ဘဝရာက်နေပြီလဲ..ငါ့ကို အိပ်မက်လေး ဘာလေး ပေးပါကွာ..ငါ..မခံစားနိုင်လို့ပါ”
ပြီးပါပြီ…





