
*ကျားငတ်နှင့် မုဆိုး*📖📖📖 **
ကျွန်တော် ကျားပစ်ဖူး ရဖူးသည်မှာ မနည်းပါ။ သို့သော် ကျွန်တော် ပစ်ဖူး ရဖူးသော ကျားများနှင့်ပတ်သက်၍ ခက်ခဲမှုများနှင့် စွန့်စားရမှုများ အထူးမပါလှသည်ကို တွေ့ခဲ့ရပါသည်။ ကျွန်တော့်အတွေ့အကြုံတွင် ကျားပစ်ရသည်မှာ မခက်ခဲ၊ ကျားကို တွေ့အောင်ရှာရဖို့သာ အလွန်ခက်ခဲကြောင်း တွေ့ ရပါသည်။ ကျွန်တော့်အား လှည့်ပတ်ချောင်းမြောင်းသည့်ကျားကို လုံးဝမတွေ့ ရဘဲ လူမှန်းသိသည်နှင့် တိမ်းရှောင်ထွက်ပြေးသွားသည့် ကျားများကိုသာ တွေ့ခဲ့ရပါသည်။ ကျွန်တော်နှင့် ကျွန်တော်၏ကိုယ်တွေ့ တကယ့်ဖြစ်ရပ်များကိုသာ တင်ပြနေသည်ဖြစ်ရာ ထိုဖြစ်ရပ်များ တန်ဖိုးယုတ်လျော့သွားစေမည့် ချဲ့ကားတင်ပြမှုမျိုးကို ကျွန်တော်မလုပ်လိုပါ။ထို့ကြောင့် ဆတ်ပစ်ရရန်အတွက် ဒုက္ခခံခဲ့ရသလောက်၊ ကျားကိုမူ ၂ လုံးပြူးသေနတ်နှင့်ပင် အလွယ်တကူပစ်ခတ်ရရှိခဲ့သော ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို တင်ပြလိုက်ရပါကြောင်း။
တကောင်းနယ်က ယာခင်းတဲ တစ်တောလုံး တစ်တောင်လုံးမှာ နှင်းများ အုပ်ဆိုင်း၍နေသည်။ အရပ် ၄ မျက်နှာသို့ မျှော်ကြည့်လိုက်တိုင်း ၁ လံသာသာထက် ပို၍မမြင်ရဘဲ ဖြူဖွေးသောနှင်းထုက နံရံကြီးကာရံထားသကဲ့သို့သာ တွေ့နေရသည်။ ရာသီမှာ အလွန်ချမ်းအေးသော ဇန်နဝါရီလဆန်း ဖြစ်သည်။ လက်ဝဲသုန္ဒရ၏ မဲဇာနှင့် မိုင် ၂ဝ မျှသာ ဝေးကွာလှသော တကောင်းနယ်ရှိ မကျီးကုန်းရွာ၏ တောင်ဘက်တွင်ရှိသော ကျွန်တော်၏ယာတဲတံစက်မြိတ်က နှင်းရေတို့သည် မိုးရွာသကဲ့သို့ တပေါက်ပေါက်ဖြင့် အဆက်မပြတ် ယိုစီးကျဆင်းလျက်ရှိသည်။ တဲအတွင်းရှိ မီးဖိုကြီး၏ဘေးတွင်မူ ကျွန်တော် အောင်ရွှေ ညိုကြီးနှင့် စံအေးတို့ ၄ ဦးသားမှာ အအေးဓာတ်၏တိုက်ခိုက်မှုကို တရှိန်ရှိန်တောက်လောင်လျက်ရှိသော မီးပူရှိန်ဖြင့် ခုခံကာကွယ်တိုက်ထုတ်လျက် ရှိကြသည်။ စံအေးနှင့် အောင်ရွှေတို့မှာ အောက်ပိုင်းများ ရွှဲရွှဲစိုကာ တဟီး ဟီး တရှီးရှီးမြည်တမ်းရင်း မတ်တတ်ရပ်လျက်ပင် ကိုယ်ကို ရှေ့နောက်ဝဲယာလှည့်ပတ်၍ မီးကင်နေကြသည်။
ကျွန်တော်၏ယာခင်းတွင် ပဲကြီးများကသီးပွင့်ကာ အနံ့များ ထွက်စပြုလာပြီဖြစ်၍ ပြောင်းဖူးများကလည်း ဆံမြိတ်များ ခြောက်စပြု၍နေပေပြီ။ ပဲကြီးအနံ့ထွက်လာလျှင် ဆတ်တို့သည် တစ်တိုင်ခရီးမှပင် အနံ့ရကာ လာရောက်ကြသည်ဟု ဆိုကြသည်။ ပြောင်းဖူးမှာကား အကောင်မျိုးစုံကြိုက်သော သီးနှံပင် ဖြစ်တော့သည်။ ကြက်တူရွေး ကျီးကန်း ရှဉ့် မျောက် ခွေးတူဝက်တူ ခွေးအ ဂျီ ဒရယ် ဆတ် ဝက် စိုင် စသည့်အန္တရာယ်က များလှသည်။ ထို့ကြောင့် အဝေးသို့တောပစ်မထွက်နိုင်ဘဲ ကိုယ့်ယာခင်း ကိုယ် ပြန်စောင့်နေရခြင်းဖြစ်သည်။ ညဦးပိုင်းက ကျွန်တော်နှင့်ညိုကြီးတို့ သေနတ်တစ်လက်စီ လက်နှိပ်ဓာတ်မီးတစ်လက်စီဖြင့် လှည့်ပတ်စောင့်ခဲ့ရသည်။ ကျွန်တော်တို့အလှည့် ပြီးသောအခါ ည ၁၁ နာရီမှစ၍ အောင်ရွှေနှင့်စံအေးတို့ တစ်လှည့် တာဝန်ယူကြရပြန်သည်။ ၎င်းတို့တဲသို့ ပြန်ရောက်သော အခါတွင်မူ ပုဆိုးများရွဲရွဲစိုကာ လူများမှာ ခိုက်ခိုက်တုန်၍နေကြပေသည်။
လက်ကနာရီကို ကြည့်လိုက်သောအခါ သန်းခေါင်ကျော်၍ ၁၂ နာရီပင် ခွဲ၍နေပြီ။ “ဒီမယ် ဦးလေးဝင်း။ သေနတ် ၂ လက် ခွဲလိုက်ရင် မကောင်းဘူးလား” ညိုကြီးက ရုတ်တရက် ကောက်ခါငင်ခါပြောလိုက်သည်။ “ဘယ်လိုခွဲရမှာလဲ။ ပြောစမ်းပါဦး” သူ့ဆိုလိုချက်ကို ကျွန်တော်ကနားမလည်၍ ပြန်မေးရတော့သည်။ “အဲ … အဲ ဟုတ်ပါလား။ ကျွန်တော့်စိတ်ကူးကိုမှ အရင်မပြောရသေးဘဲကိုး။ ဒီလိုဗျ၊ ယာခင်းကိုစောင့်တာက သေနတ်တစ်လက်နှင့် လုံလောက်ပါတယ်။ ဒီတော့ တစ်လက်က အပိုဖြစ်နေတယ်။ ဒါကြောင့် ကျစ်ကြီးကို တစ်လက်ခွဲပြီး သွားစောင့်ရင်ကောင်း မလားလို့” ညိုကြီးက သူ့အကြံအစည်ကို အကုန်ဖွင့်ပြောမှ ကျွန်တော်လည်း ရိပ်မိတော့သည်။ “ကောင်းသားပဲ။ ဒီလိုဆိုရင် နက်ဖြန်မနက် လင့်သွားထိုးမှဖြစ်မှာပေါ့” ဟု ကျွန်တော်ကပြောလိုက်သည်နှင့် “မနက်စောစော ကျွန်တော်နှင့်စံအေး သွားပြီး လင့်ထိုးမယ်လေ။ ညစောင့်ရင်တော့ ဦးလေးဝင်း ပါမှဖြစ်မယ်” ကျစ်စောင့်လျှင် တောချောက်တတ်သည်ဟူသော အစွဲကြောင့် ကျွန်တော်ပါမှဖြစ်မည်ဟု ပြောခြင်းဖြစ်သည်။
“ကဲ…ကဲ ဒီလိုဆို အိပ်ကြစို့။ အောင်ရွှေပဲ တစ်ညလုံး ၂ လုံးပြူးတစ်လက်နှင့် အခင်းကိုစောင့်ပေတော့” ဟု ကျွန်တော်က ပြောလိုက်ကာ ၃ ယောက်သား အိပ်ရာသို့ ဝင်လိုက်ကြတော့သည်။ နာမည်ကျော် ကျစ်ကြီး “ကျစ်” ဆိုသည်မှာ သားကောင်များ လာ၍ လျက်ကာ စားကြသော မြေငံပင်ဖြစ်သည်။ အချို့အရပ်တွင်မူ “ကျပ်” ဟုလည်း ခေါ် ကြသည်။ တိရစ္ဆာန်များအဖို့ လိုအပ်သောဆားဓာတ်အတွက် ဆားငန်မြေကို လျက်ခြင်း စားခြင်းဖြင့် ဖြည့်တင်းတတ်ကြရာ တောသတ္တဝါများသာမက အိမ်မွေးတိရစ္ဆာန် ကျွဲ နွားများလည်း ဆားငန်မြေကို လျက်ကြစားကြလေသည်။
သို့ဖြစ်ရာ လူသူဝေးသော တောတွင်းမြေငန်များကို မျောက် ဂျီ မှစ၍ ဆင်အထိ အနီးတစ်ဝိုက်တွင်ရှိသမျှသော သတ္တဝါမျိုးစုံ လာရောက်ကာ လျက်ကြ, စားကြလေ့ ရှိသည်။ ထို့ကြောင့်ပင် ကျစ်တွင်း သို့မဟုတ် ကျပ်တွင်း၊ တစ်နည်းအားဖြင့် ဆားငန်တွင်းမှ စောင့်၍ သားကောင်များကိုပစ်ခတ်ရသော အလေ့အထမှာ လေးနှင့်မြားခေတ်မှပင် အစပြုခဲ့ရသည်။ ထိုသို့စောင့်ရာတွင် အကောင်မျိုးစုံ လာတတ်သည်ဖြစ်ရာ လေးနှင့်မြားခေတ်ကဆိုလျှင် ကျားများ, ဝံများ, ဆင်များနှင့်တိုးမိကာ မုဆိုးများ အသက်ဆုံးရှုံးခဲ့ကြဖူးပုံ ရပေသည်။ ထို့ကြောင့် ကျစ်စောင့်လျှင် တောချောက်တတ်သည်ဟူသော အစွဲအလမ်းများ ယနေ့တိုင် ရှိနေပုံရသည်။ ကျွန်တော်တို့သွား၍ စောင့်ရန်စီစဉ်သောကျစ်မှာကား တကောင်းနယ်တွင် နာမည်ကြီးကျစ်တစ်ခု ဖြစ်နေသည်။
“ဆံညှပ်ကုန်းကျစ်ကြီ” ဟုဆိုလျှင် မသိသူရှားပေသည်။ ညိုကြီးနှင့် စံအေးတို့သည် မနက်စောစော လက်ဖက်ရည်သောက်ပြီးကြသော် ဓားမတစ်ချောင်းစီဆွဲကာ ထွက်သွားကြသည်။ ထို့နောက် နံနက် ၁၁ နာရီခန့်တွင် ပြန်ရောက်လာကြကာ လင့်ထိုးပြီးခဲ့ကြောင်း ပြောကြတော့သည်။ ညနေ ၃ နာရီထိုးသည်နှင့် ညိုကြီးနှင့် ကျွန်တော်တို့ ထမင်းစားကြရတော့သည်။ လင့်စောင့်ရာတွင် နေမဝင်မီ စောနိုင်သမျှစောကာ လင့်ပေါ်ရောက်အောင်တက်နေပါမှ တော်ခါကျသည်။ သို့မဟုတ်ပါက လူနံ့ရကာ ကျစ်တွင်းသို့မဝင်တော့ဘဲ တစ်ချိုးတည်း သုတ်ခြေတင်လေ့ရှိသည်။ ထမင်းစားပြီးသည်နှင့် ကျောပိုးအိတ်ကိုယ်စီတွင် ဂုန်နီအိတ်တစ်ထည်စီ စစ်စောင်တစ်ထည်စီ ထည့်လိုက်ကြသည်။ ညိုကြီးကမူ တဘက်တစ်ထည် လုံချည်အပိုတစ်ထည်နှင့် သူ၏ကုတ်အင်္ကျီအဟောင်းကြီးတစ်ထည်ကိုပါ ထိုးသိပ်ထည့်လိုက်သည်။ ကျွန်တော်ကလည်း စစ်ဆွယ်တာတစ်ထည်, ဂျာကင်တစ်ထည်နှင့် ခေါင်းစွပ်, လက်အိတ်တို့ကို ထည့်လိုက်သည်။ ထို့နောက် ဖလန်ထည် အတွင်းခံဘောင်းဘီကိုဝတ်၍ သက္ကလပ်ဘောင်းဘီရှည်ကို အပေါ်မှစွပ်လိုက်သည်။
သိုးမွေးခြေအိတ်အရှည်နှင့် တောစီးဖိနပ်တို့ကိုလည်း စီးလိုက်ပြန်သည်။ ညိုကြီးက ရေဘူး ၂ လုံးတွင် ရေနွေး များထည့်လိုက်သည်။ “ဘယ်သေနတ် ယူသွားမလဲ” အောင်ရွှေက မေးလိုက်သည်။ “၂ လုံးပြူးပဲ ယူမယ်ဟေ့။ ယမ်းတောင့်ခါးပတ်ထဲမှာ ကျည်မ ၅ တောင့်ထည့်လိုက်။ ကျန်တာ အယ်လ်ဂျီ ၆ လုံးကျည်ချည်းပဲ အကုန်ထည့်” ကျွန်တော်က ပြန်ပြောလိုက်သည်။ ဆင်နှင့်ပြောင်များသည် လူနှင့်နီးနေလျှင် ကျစ်ကြီးသို့ လာလေ့မရှိသောကြောင့် ၂ လုံးပြူးကိုသာ ယူသွားခြင်းဖြစ်၏။ တစ်ခါတစ်ရံ စိုင်များလာတတ်သဖြင့် ကျည်မ ၅ တောင့် အထည့်ခိုင်းခြင်းဖြစ်ပြီး အကောင်ငယ်များကိုမပစ်ဘဲ ဆတ်နှင့်ဝက်သာ ပစ်မည်ဖြစ်ရာ LG အယ်လ်ဂျီ ၆ လုံးကျည်များသာ သုံးရမည်ဖြစ်သည်။ အားလုံးပြင်ဆင်ပြီးသောအခါ ညနေ ၃ နာရီခွဲ၍ နေပေပြီ။ ထို့ကြောင့် ညိုကြီးနှင့် ၂ ယောက်သား ခပ်သုတ်သုတ်လှမ်းခဲ့ကြရတော့သည်။ ကျွန်တော်၏ယာတဲမှ မကျီးကုန်းရွာသို့သွားကြပြီး ထိုမှ အင်းကိုဖြတ်ကာ အရှေ့မြောက်ယွန်းယွန်းသို့ ၂ မိုင်ခန့်လျှောက် ခဲ့ကြရာ ကျစ်ကြီးနယ်နိမိတ်သို့ ချဉ်းကပ်မိကြတော့သည်။
ကျစ်ကြီးမရောက်မီ ၂ ဖာလုံခန့်အလိုတွင် ကျင်ငယ်စွန့်ခဲ့ကြသည်။ ကျစ်သို့ရောက်လျှင်မူ တောကောင်များက အနံ့ရမသွားစေရန် တံတွေးပင်ထွေး၍ ဖြစ်တော့မည်မဟုတ်ပေ။ ကျွန်တော်တို့ လင့်ပေါ်ရောက်၍ ဂုန်နီအိတ်များကိုခင်းကာပစ္စည်းများနေရာတကျထားသိုပြီးသောအခါတွင်မူ ၄နာရီခွဲ၍နေပေပြီ။ ကျစ်ကြီးမှာ နွေရောမိုးပါ ၁၂ ရာသီမပြတ် စီးဆင်းနေသော ချောင်းငယ်တစ်ခု၏ဘေးတွင် တည်ရှိနေခြင်းဖြစ်ရာ ပတ်ဝန်းကျင်တောတစ်ခုလုံး ရှောက်ခါး ကြံစာ သမွတ်သိန် စသော အမြဲတမ်းစိမ်းစိုနေသည့် သစ်ပင်များဖြင့် အုပ်ဆိုင်းနေတော့သည်။ မွန်းတည့် ချိန်တွင်ပင် နေပြောက်မထိုးအောင်မိုက်နေသော တောဖြစ်ရာ နေဝင်လုဆဲဆဲ အချိန်တွင်မူကား နေရောင်ကို မြင်ရဖို့မဆိုထားနှင့် အလင်းရောင်ပင် ကောင်းစွာမရှိတော့ပေ။ တောအောက်ခြေတွင် မှောင်ရီပျိုးနေပြီဖြစ်သော်လည်း သစ်ပင်အဖျားများမှာမူ နေရောင်ဖြင့် ဝင်းလက်နေသေး၍ နေမဝင်သေးကြောင်းကား သိနိုင်ပေသည်။
နေရာများပြင်ဆင်ပြီး၍ ၂ ယောက်သား ငြိမ်ငြိမ်ကလေး ထိုင်လိုက်ကြသည်နှင့် ချိုး, ငူ, ခါ ကြက်, ရစ် စသော ငှက်ပေါင်းစုံက အတောင်များ တဖြူးဖြူးတဖျန်းဖျန်းရိုက်ခတ်ကာ ရေလာသောက်ကြတော့သည်။ ချိုးနှင့် ငူ အမျိုးအစားများကိုကား အစုံဆုံး အများဆုံး တွေ့နေရသည်။ ချိုးပိန်းတူး, ချိုးလင်းပြာ, ချိုးလည်ပြောက်, ချိုးနီပုအစိမ်း ခေါ် ချိုးဂရ ချိုးစိမ်း အမျိုးမျိုးမှာ အချို့ကတစ်ကောင်လုံး အစိမ်းရောင်ဖြင့် ပြောင်လက်ကာဖိတ်ဖိတ်တောက်နေပြီး၊ ခြေထောက် နှုတ်သီးနှင့် မျက်လုံးများက နီနေသည်။ အချို့က ခြေထောက်နက်, နှုတ်သီးနက် ဖြစ်၍ အချို့မှာမူ အတောင်နှင့်ခေါင်းကစိမ်း၍ ကျောက နီကြောင်ကြောင်, ဗိုက်က ဖြူပြာပြာဖြစ်ပြီး၊ အချို့မှာကား ခေါင်းနှင့်ကျောက စိမ်း၍ အတောင်က နီမွဲမွဲဖြစ်တော့သည်။
ငူများမှာလည်း ငူအဝါကြီးမျိုး, ချိုးအရွယ်မျှသာရှိသောငူအစိမ်းမျိုးနှင့် အနီ အဝါ အစိမ်း ရောင်စုံခြယ်ထားသော ချိုးနီပုခန့်မျှသာရှိသည့် ငူအငယ်စား ကလေးများ စသည်တို့မှာ အုပ်လိုက်အုပ်လိုက်ချီ၍ ရေဆင်းသောက်လိုက် ပျံသွားလိုက် မြေငန်ခဲကလေးများကိုကောက်စားလိုက်ဖြင့် သောသောညံ၍ နေတော့သည်။ ၂ ယောက်သား ငှက်များလာနားကြပုံ ရန်သူရှိ မရှိ လေ့လာပုံ စိတ်ချလက်ချဖြစ်သွားသောအခါ ရေသောက်လိုက် မြေငန်စားလိုက်လုပ်နေကြပုံ တစ်ကောင်နှင့်တစ်ကောင် ကြင်နာယုယကြပုံနှင့် ငှက်မျိုးပေါင်းစုံလှပုံတို့ကိုကြည့်ကာ ကျေနပ်နှစ်သိမ့် ကြည်နူးမိနေကြသည်။ ထိုစဉ်တွင်ပင် ငှက်အားလုံးသည် လေကြမ်းကြီးတိုက်လိုက်သော အသံကဲ့သို့ ဝုန်းခနဲထပျံလိုက်ကြရာ သေနတ်ကိုလှမ်းကိုင်လိုက်မိသည်။ ထိုအခါကျမှ သေနတ်တွင် ယမ်းတောင့်မထိုးရသေးကြောင်းသတိရကာ ယမ်းတောင့်ခါးပတ်မှ ၃ လက်မမတ်တင်း အယ်လ်ဖာမက်စ် အယ်လ်ဂျီ ၆ လုံးကျည် ၂ တောင့်ကို အသာထုတ်ယူကာ သေနတ်ကိုချိုး၍ ယမ်းတောင့်များကို ထိုးထည့်လိုက်ရသည်။
သေနတ်ကို အသင့်ကိုင်ရင်း အသာစောင့်ကြည့်နေရာ ချောင်းအောက်ပိုင်းမှ တကွိကွိနှင့် ဆူညံစွာဆန်တက်လာသော ဖျံတစ်အုပ်ကို ငှက်များလန့်၍ ပျံသွားခြင်းဖြစ်ကြောင်း သိရတော့သည်။ ဖျံမျက်မည်း အကောင် ၂ဝ ခန့်ရှိကာ အချို့က ရေထဲမှလည်းကောင်း အချို့က ကုန်းပေါ်ကမ်းစပ်မှလည်းကောင်း တကွိကွိဖြင့် အဆက်မပြတ်အော်ရင်း ရှေ့နောက်တန်းစီဆန်တက်လာကြသည်။ နောက်ဆုံးမှ ခွေး ခပ်ငယ်ငယ်ခန့်ရှိသော အကြီးဆုံးအကောင်ကြီး လိုက်ပါလာသည်ကို တွေ့ ရသည်။၎င်းတို့မှာ အပြေးဆန်ထွက်သွားကြရာ ခဏအတွင်၌ပင် အကောင်များရော အသံများပါ ပျောက်ကွယ်သွားတော့သည်။ ဖျံများ ပျောက်ကွယ်သွားသောအခါတွင် ဝရူးရူး ဝရူးရူးနှင့် ရစ်အဖိုအမတစ်တွဲ ဆင်းလာပြန်သည်။ ရစ်များနှင့်အတူ နီရဲနေသော ကြက်မကြီးတစ်ကောင် ခေါင်းဆောင်သော ကြက်မ ၆ ကောင်ပါဝင်သည့် တောကြက်အုပ်တစ်အုပ် ဆင်းလာပြန်သည်။ ရစ်နှင့်ကြက်များ ရေစပ်တွင်ရောက်၍ ရေမျှမသောက်ရသေးမီပင် အလန့်တကြားဖြင့် ဆူညံစွာအော်ဟစ်ကာ သစ်ပင်ပေါ်သို့ ပျံတက်သွားကြပြန်သည်။
သေနတ်ကို အသင့်ကိုင်ကာ ဂရုတစိုက်ရှာဖွေကြည့်မိသည်။ နားလည်းစွင့်၍ ထောင်မိသည်။ ဘာကောင်ကိုများ ရစ်နှင့်ကြက်များ လန့်၍သွားကြပါလိမ့်။ မည်သည့်အသံမျှမကြားရဘဲ ရေစပ်တွင် နီရဲရဲသတ္တဝါ ၃ ကောင်ကို ရုတ်တရက်တွေ့လိုက်ရသည်။ သေချာစွာကြည့်လိုက်သောအခါ တောခွေး ခေါ် ခွေးဝံပုလွေ ခေါ်, ဝံပုလွေများ ဖြစ်နေသည်ကို တွေ့ ရတော့သည်။ သေနတ်မောင်းထိန်းကို ရှေ့သို့ ထိန်း၍ သေနတ်ဒင်ကို ပခုံးတွင်ထောက်လိုက်ရာ “မလုပ်ပါနှင့်၊ မလုပ်ပါနှင့်” ဟု ပြောရင်း ညိုကြီးက သေနတ်ကိုဆွဲထားလိုက်သည်။ ဝံပုလွေများမှာ လူသံကြားကာ လင့်ပေါ်မှကျွန်တော်တို့အား မော်ကြည့်၍ ထွက်ပြေးသွားကြပါတော့သည်။ “မလုပ်ပါနှင့်ဗျာ။ တောလန့်ကုန်ပါဦးမယ်” ဟု ညိုကြီးက ဆက်ပြောလိုက်သည်။
“ဘာလို့ တားရသလဲ။ ဒီအကောင်တွေက ရန်သူတွေကွ။ ဒီအကောင်တွေရှိတဲ့တောမှာ ဘာကောင်မှ ရှာလို့တွေ့တာမဟုတ်ဘူး။မုဆိုး မုဆိုးချင်း ရှောင်ရမယ်ဆိုပေမယ့် ကျုပ်ကတော့ ကျားနှင့်ဝံပုလွေသာဆိုရင် တွေ့ မရှောင်ဘဲ။ ဒီကောင်တွေက နိမိတ်ဆိုးတွေ အမင်္ဂလာကောင်တွေ။ ကျားခြေရာရှုပ်တဲ့တော, ဝံပုလွေခြေရာရှုပ်တဲ့တောများမှာ ဘာကောင်ရဖူးလို့လဲ။ သူတို့ရှိနေတာကို သေနတ်သံကြားရတာထက် အမဲတွေက ပိုကြောက်တယ်မဟုတ်လား” ဟု ဝံပုလွေများကို မပစ်လိုက်ရသဖြင့် ဒေါပွပြီး ညိုကြီးအား ကြိမ်းမောင်းမိပါတော့သည်။ စိတ်တွင်လည်း “ဒီညတော့ ဘာကောင်မျှ လာမှာမဟုတ်တော့ဘူး။ အအေးမိ အညောင်းမိရုံပဲ” ဟု တွေးမိကာ မသက်မသာဖြစ်နေတော့သည်။ ဝံပုလွေများ ပျောက်ကွယ်သွားသောအခါ နေလုံးလည်း ပျောက်ကွယ်သွားပုံရသည်။ သစ်ပင်ပေါ်သို့ ကြက်များ ရစ်များ ပျံတက်သည့်အသံ အတောင်တဖျန်းဖျန်းရိုက်ကာ တွန်ကြူးသည့်အသံများမှာ တစ်တောလုံး ဆူညံနေတော့သည်။
နာရီဝက်ခန့်အကြာတွင် တစ်တောလုံး အမှောင်ထုကြီးက ဖုံးလွှမ်းသွားပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ တော၏တိတ်ဆိတ်ပုံမှာ အပ်ကျသံကို ကြားရ, မကြားရ မပြောနိုင်စေကာမူ၊ သေးငယ်လှသော ခြကောင်ကလေးများ၏ သစ်ရွက်ခြောက်များကို ကိုက်ဝါးစားသောက်သံများမှာမူ “ရှဲ” ခနဲ “ရှဲ” ခနဲ ကြားနေရသည်မှာ အလွန်ကျယ်လောင်လှသည်ဟု ထင်ရ ပြီး သတ္တဝါကြီးတစ်ကောင် သစ်ရွက်ခြောက်များအတွင်း လျှောက်သွားနေသကဲ့သို့ ဖြစ်နေတော့သည်။ ထိုအသံများသည် အတွေ့အကြုံမရှိသူတို့အဖို့ ကြီးမားသော သတ္တဝါကြီးတစ်ကောင်၏ ခြေသံဟု ထင်မှတ်ကာ မီးနှင့်ထိုး၍ ရှာသော်လည်း ဘာမျှမတွေ့ ဘဲဖြစ်၍ မကောင်းဆိုးဝါးများ ချောက်လှန့်သည်ဟု ထင်မိမည်အမှန်ပင်ဖြစ်တော့သည်။
ပုရစ်ခုန်သံများ, လက်မခန့်မျှပင်မရှိသော ကြွယ်ငယ်ကလေးများ၏ ပြေးလွှားသံများကား ပို၍ဆိုးတော့သည်။ အကြောင်းမသိလျှင် အသံကြားတိုင်း မီးထိုးကြည့်မိကာ ချဉ်းကပ်လာသည့် အမဲကောင်များကို ချောက်လှန့်ပစ်သကဲ့သို့သာ ရှိချေတော့မည်။ အတွေ့အကြုံရှိသူများအဖို့မူကား အသံ၏ အလေးအပေါ့ အတို အရှည်နှင့် နောက်ဆက်တွဲပေါ်လာသောအသံများကိုနားထောင်၍ မည်သည့်သတ္တဝါများဖြစ်ကြောင်း ပိုင်းဖြတ်နိုင်ကြပေသည်။ အမှောင်ထုက သိပ်သည်းလာသည်နှင့်အမျှ အအေးဓာတ်ကလည်း ပိုလာတော့သည်။ ထို့ကြောင့် ၂ ယောက်သား ပါလာသမျှအနွေးထည်များကို ဝတ်လိုက်ကြရတော့သည်။ မကြာမီပင် တစ်တောလုံး မည်းမှောင်နေရာမှ တစ်တောလုံးဖြူဖွေးသွားကာ နှင်းဝတ်မှုန်များက အုပ်မိုးသွားတော့သည်။
သစ်ပင်အရွက်များမှ နှင်းပေါက်များကလည်း မိုးရွာသကဲ့သို့ တဖြောက်ဖြောက်ကျဆင်းလာရာ ထိုအခါတွင်မှ မိုးကာပလတ်စတစ်တစ်စ မယူခဲ့မိကြောင်း သတိရကြ ကာ၊ စောင်ကိုခြုံ၍ နှင်းပေါက်များဒဏ်မှ ကာကွယ်ကြရတော့သည်။ ညဉ့်နက်လေ အအေးဓာတ်ကပိုလာလေဖြစ်ကာ ရိုးတွင်းချဉ်ဆီအထိ ခိုက်ခိုက်တုန် အေးချမ်းလာတော့သည်။ ညနေက ဝံပုလွေများကြောင့် ယနေ့ည မည်သည့်တောကောင်မျှ မလာတော့ဟု ထင်မှတ်ကာ လင့်ပေါ်တွင်စောင်နှင့်ကွေး၍ အိပ်တော့မည်ဟု စိတ်ကူးထားသော်လည်း အအေးဓာတ်ကြောင့် အိပ်၍မရတော့။ တဖြည်းဖြည်းနှင့် စောင်များမှာ နှင်းရေများစိုရွှဲလာရာ အခြေအနေမှာ ဆိုးဝါးလာပြီး လင့်ပေါ်မှဆင်း၍ပြန်ရန်ပင် စဉ်းစားလိုက်မိတော့သည်။
ဆတ်လာပြီ “ဂလောင်း”ဟူသော ကျယ်လောင်သည့် ဝါးလုံးခြောက်ကို တိုက်ခိုက်မိသည့်အသံက ခိုက်ခိုက်တုန်နေမှုကို ချက်ချင်းရပ်တန့်သွားစေတော့သည်။ နှင်းရွှဲနေသောစောင်ကို ကိုယ်မှခွာချလိုက်ကာ သေနတ်ကို အသင့်ကိုင်ပြီးဖြစ်၍ ညိုကြီးကလည်း လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်လိုက်ပြီး ဖြစ်နေတော့သည်။ အသံမှာ အရှေ့မြောက်ဘက်ကုန်းမြင့်ပေါ်ရှိ ဝါးတောတွင်း ကိုက် ၅ဝဝ ခန့်အကွာမှ ကြားရခြင်းဖြစ်သည်။ အသံမှာ ပြင်းထန်လှရကား ချက်ချင်းပင် ဆတ်တစ်ကောင်၏ ဝါးလုံးခြောက်ကို တိုက်ခိုက်သံမှန်း သိလိုက်ကြသည်။ ညအခါတွင် ကျစ်တွင်း ရေသောက်အိုင် ရွှံ့လူးအိုင်နှင့် စားကျက်တို့ကိုဝင်ရာတွင် ဆတ်သတ္တဝါတစ်မျိုးသာလျှင် ဤမျှပြင်းထန်စွာ ဝါးလုံးခြောက်များကို တိုက်ခိုက်လေ့ ရှိသည်။ ဆင်ကြီး ပြောင်ကြီး စိုင်ကြီးများပင် ဤမျှပြင်းထန်သောအသံကို ပြုကြသည်မဟုတ်။ ထို့ကြောင့် ညအခါ လင့်စီးရင်း ဆတ်များလာသည့်အသံကို အဝေးမှပင် ခွဲခြားသိနိုင်သည်။ သို့သော် ဆတ်တို့သည်ပင်လျှင် အဝေးမှအသံပြင်းပြင်းပေးတတ်သလောက် အနီးသို့ကပ်လာလေလေ အသံမှာ ညင်သာလာလေလေဖြစ်ကာ နောက်ဆုံးတွင် လုံးဝအသံမမြည်အောင်ပင် ချဉ်းကပ်နိုင်ကြပေသည်။ ပထမအသံကြားပြီးနောက် အတန်ကြာအောင်ပင် ဘာသံမျှ မကြားရဘဲ ငြိမ်သက်၍နေပြန်သည်။ လက်တွင်ပတ်ထားသည့် နာရီမှ ညကြည့်ဒိုင်ခွက်က ၁၂ နာရီကို ညွှန်ပြနေပေပြီ။
အတန်ကြာမှ “ဂလောင်း” ဟူသောအသံ ထပ်မံကြားရကာ နောက်ဆက်တွဲအဖြစ် ကလောက် … ကလောက်ဟူသော ဝါးကိုင်းငယ်နှင့် ဆတ်ချိုတိုက်မိသည့်အသံကို ကြားလိုက်ရပြန်သည်။ အသံမှာ ပို၍နီးလာချေပြီ။ “ဆတ်ဖားကြီးဗျ” ညိုကြီးက လေသံကလေးဖြင့် ကပ်၍ပြောလိုက်သည်။ ဝါးကိုင်းနှင့် ဆတ်ချို ရိုက်မိသံပေါ်လာသောကြောင့် ဆတ်ဖား၊ တစ်နည်းအားဖြင့် ဆတ်ထီးကြီးဟု အတပ်ပြောနိုင်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် အသံကြားလိုက် ပျောက်သွားလိုက်ဖြင့် ကိုက် ၁ဝဝ ခန့်အကွာသို့ ရောက်သောအခါတွင်မူ အသံမှာ ရှေ့သို့ လုံးဝတိုးမလာတော့ပေ။ နာရီဝက်ခန့် လုံးဝငြိမ်သက်သွားရာ အအေးဓာတ်၏ဖိစီးမှုဒဏ်ကို ခံစားရမှန်းသိလာပြန်ကာ ၂ ယောက်လုံး တခိုက်ခိုက် ဖြစ်ကုန်လာကြပြန်သည်။ ထိုအချိန်တွင်ပင် အရှေ့ဘက်ဆီမှ ရှောခနဲ လေတိုးသံတစ်ချက် ကြားလိုက်ရပြန်ကြသည်။ တစ်ဖန် ပြန်၍ငြိမ်သက်သွားကာ ခဏအကြာတွင် အသံမှာ အရှေ့တောင်ဆီမှ ထပ်၍ကြားရပြန်သည်။
အသံမှာ တဖြည်းဖြည်းနှင့် တောင်ဘက်သို့ရောက်သွားပြီး အနောက်တောင်မှ ထပ်၍ကြားရပြန်သည်။ ထို့နောက် အနောက်ဘက်သို့ရောက်သွားကာ အနောက်မြောက်ဆီသို့ ဆက်လက်ရွေ့လျားသွားပြန်တော့သည်။ “တို့အနံ့ နည်းနည်းရတယ်ထင်တယ်။ မသင်္ကာလို့ လှည့်ပတ်နေတဲ့ပုံပဲ” ဟု ညိုကြီးကို လေသံနှင့်ပြောလိုက်မိသည်။ မကြာမီပင် မူလကြားရသည့်နေရာသို့ အသံက ပြန်ရောက်သွားကာ လုံးဝငြိမ်သက်သွားပြန်သည်။ လက်မှနာရီကား ၁နာရီခွဲကို ပြနေလေပြီ။ ဆတ်က သင်္ကာယနမကင်း ဖြစ်နေမှန်းသိရ၍ ကျွန်တော်တို့လည်း တုတ်တုတ်မျှမလှုပ်ရဲကြ။ နားကိုသာစွင့်၍ ထောင်နေမိသည်။ ၁၅မိနစ် နာရီဝက် စသည်ဖြင့် အချိန်မှာ တရွေ့ရွေ့ကုန်လာခဲ့သည်။ တစ်တောလုံးကား လုံးဝတိတ်ဆိတ်လျက်သာ ရှိနေတော့သည်။
၂ ယောက်လုံးမှာ အချမ်းဒဏ်ကို မခံမရပ်နိုင်အောင် ဖြစ်လာကြပြီ။ အသံတစ်ချက်ကြားတိုင်း အနွေးဓာတ်ကလေး ဝင်လာခဲ့သော်လည်း နာရီဝက် ကျော်ကျော် မည်သည့်အသံမျှ မကြားရသောအခါတွင်မူ ချမ်းရမှန်းသိလာကြပြန်သည်။ ထူပိန်းနေသော သစ်ပင်များအကြားတွင် မြေနိမ့်ပိုင်းဖြစ်နေ၍ မြောက်လေအေး၏ ပြင်းထန်သောသုတ်ဖြူးမှုဒဏ်ကို မခံရငြားသော်လည်း သစ်ရွက်ကလေးများ လှုပ်ရုံမျှဝင်လာသော လေညှင်းကလေးကပင် ရေခဲရေနှင့် ပက်ဖျန်းလိုက်သကဲ့သို့ မခံမရပ်နိုင်ဖြစ်ကာ အူများထဲမှ လှိုက်၍လှိုက်၍ တုန်လာတော့သည်။ သွားများမှာ တကိုက်ကိုက်ရိုက်ခတ်လာကာ လက်များကလည်း ထုံကျင်ကိုက်ခဲလာတော့သည်။ သို့ကြောင့် အသံမမြည်စေရန်ဂရုစိုက်၍ အပူဓာတ်ရရန်အတွက် လက်ချင်းပွတ်တိုက်ပြီး မေးရိုးကိုလည်း ပွတ်တိုက်ပေးနေရသည်။
“ထွက်သွားပြီ ထင်တယ်” နောက်ဆုံးတွင် ညိုကြီးမှာ မအောင့်နိုင်တော့ဘဲ လေသံနှင့်ပြောလာသဖြင့် ကျွန်တော်က တံတောင်နှင့်တွက်ကာ အသံမပြုရန်သတိပေးလိုက်ရသည်။ တစ်နာရီနီးပါး ကြာသောအခါတွင်မှ ချောက် ဟူ၍ သစ်ကိုင်းခြောက်ပေါ်တွင်နင်းလိုက်သည့် ခပ်ပြင်းပြင်းအသံတစ်သံ ပေါ်လာတော့သည်။ ၎င်းနှင့် တစ်ဆက်တည်းပင် ဗြီးခနဲ … ဗြီးခနဲအသံများ ဆက်တိုက်ထွက်ပေါ်လာရာ ရုတ်တရက်ဆိုလျှင် သူရဲချောက်သည်ဟုပင် ထင်ရလောက်သည်။ “ဘာသံတွေလဲ” ညိုကြီးက လေသံနှင့်မေးလိုက်သဖြင့် “ဆတ်ပွတ်တဲ့အသံ မီးပြင်ထား” ဟု လေသံနှင့် ပြန်ပြောလိုက်ရသည်။
ဆတ်များသည် မသင်္ကာလျှင် လှည့်ပတ်လေ့လာ၏။ ပို၍ သင်္ကာဖြစ်လာလျှင် အသံမပေးဘဲ ထွက်ခွာသွားတတ်၏။ တစ်စုံတထူးဆန်းမှုကိုတွေ့ရလျှင် နေရာတွင်ရပ်ကာ တစ်ခြင်း ခွာပေါက်ခြင်း တဒီးဒီးနှင့် ဝမ်းရုတ်သံပေးခြင်းတို့ကို ပြုလုပ်နေတတ်၏။ အန္တရာယ်ဟုသိလိုက်လျှင် ‘တိန်’ ခနဲတစ်ကာ တအုန်းအုန်းနှင့် ကဆုန်စိုင်း၍ ထွက်ပြေးတော့သည်။ လှည့်ပတ်လေ့လာ၍ စိတ်ချရသောအခါတွင်မူ ကိုယ်ကို သစ်ပင်လုံးနှင့်ပွတ်ကာ တဖြီးဖြီးအသံများကို ထွက်ပေါ်လာစေပေတော့သည်။ အထူးသဖြင့် လူးအိုင်များကို ဝင်ခါနီးတွင် စိတ်ချလက်ချဖြစ်သွားသောအခါ ဤသို့ပင် ကိုယ်လုံးနှင့်သစ်ပင် ပွတ်တတ်ကြသည်။ အယားဖျောက်ခြင်းနှင့် ရွှံ့ခြောက်ရွှံ့ဟောင်းများကို ခွာချပစ်ခြင်းသာဖြစ်သည်။ ထို့ကြောင့်ပင် သစ်ပင်နှင့်ကိုယ်လုံးပွတ်သံ ကြားလိုက်ရကတည်းက မကြာမီပင် ကျစ်တွင်းသို့ ဆတ်ဖားကြီး စိတ်ချလက်ချဝင်လာတော့မည်မှာ သေချာနေပေပြီဟု သိလိုက်သည်။ ထို့ကြောင့်ပင် စိတ်တွင်း၌ ဆတ်ဖားကြီးကို ပိုင်ပြီးသလောက် အောက်မေ့လိုက်မိပြီး ချမ်းအေးမှုတို့မှာလည်း ဘယ်ဆီသို့ လွင့်ထွက်ပြေးကုန်သည် မသိတော့ပေ။
“မီးကို အရမ်းမချနဲ့ ၊ တံတောင့်နဲ့တို့မှ မီးကိုချ” ဟု ညိုကြီးအားလည်း သတိပေးလိုက်သည်။ မကြာမီပင် တဖြီးဖြီးအသံများပျောက်ကွယ်၍ သစ်ရွက်ခြောက်များကို တဖြောက်ဖြောက်နင်းကာ တစ်လှမ်းချင်း ရှေ့တိုးလာသည့်အသံများကို ကြားရတော့သည်။ ခြေသံများမှာ တစ်လှမ်းချင်း လှမ်း လာပုံရသော်လည်း ရပ်နားခြင်းကားမရှိ။ တောက်လျှောက်ပင် လာနေချေပြီ။ မကြာမီပင် သစ်ပင်များအောက်မှထွက်ကာ ကျစ်နယ်နိမိတ်တွင်းသို့ ရောက်ရှိလာသည့်အဓိပ္ပာယ်ဖြင့် သစ်ရွက်သံများ လုံးဝ ပျောက်သွားပြီး၊ တရှူးရှူးနှင့် ဆားငန်မြေကို အနံ့ခံနေသည့် နှာခေါင်းသံများ ပေါ်လာတော့သည်။ ညိုကြီးအား တံတောင်ဖြင့်အသာတို့လိုက်ရာ ညိုကြီး၏ လက်နှိပ်ဓာတ်မီးကိုင်ထားသောလက်သည် အပေါ်သို့မြောက်သွားကာ ဓာတ်မီးရောင်သည် ကောင်းကင်သို့ထောင်၍ တန်းတက်သွားတော့သည်။
ဓာတ်မီးရောင်တန်းမှာ ကောင်းကင်သို့ထောင်နေရာမှ တဖြည်းဖြည်းချင်း ဆတ်ရှိရာဆီသို့ နိမ့်ကျလာတော့သည်။ ညိုကြီးက မီးရောင်ကို မုဆိုးအခေါ်အားဖြင့် “လ-ကျချလိုက်ခြင်း” ဖြစ်သည်။ ဆတ်ကြီးဆီသို့ ဓာတ်မီးရောင်အကွက်မရောက်မီကပင် ဆတ်ကိုယ်လုံးမည်းမည်းကြီးကို ကိုက် ၃ဝ ခန့်အကွာတွင် မြင်နေရပြီးဖြစ်ရာ ကျွန်တော်ကသေနတ်နှင့်အသင့် ချိန်ထားပြီးဖြစ်နေသည်။ ဆတ်ကြီးမှာ ဘေးတိုက်ပေး၍ရပ်ကာ မီးရောင်တန်းကို မော့ပြီးလှည့်ကြည့်နေတော့သည်။ ဓာတ်မီးရောင်အကွက်က ဆတ်ကြီးဆီသို့ ကျရောက်သွားသည်နှင့် ကျွန်တော့် ၂ လုံးပြူး၏အထက်ပြောင်းဆီမှ မီးများပန်းထွက်သွားပြီး “ဒိုင်း” ဟူသောသေနတ်သံမှာ တိတ်ဆိတ်ငြိမ်သက်နေသော တောကြီးတစ်ခုလုံးတွင် ဟိန်းတက်ကာ ပဲ့တင်ခတ်သွားတော့သည်။
ဆတ်ကြီးမှာ တွန်းလှဲခြင်းခံလိုက်ရသကဲ့သို့ ဘေးတိုက်ကြီး ဘိုင်းခနဲလဲကျကာ ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။ ညိုကြီးကလည်း ဓာတ်မီးကို ကျွန်တော့်လက်သို့ အတင်းထိုးပေးရင်း ဓားကိုဆွဲကာ လင့်စင်ပေါ်မှ ဆင်းပြေးသွားတော့သည်။ ထို့နောက် ဆတ်ကြီး၏ ဒူးကောက်ကွေးကြော ၂ ဘက်လုံးကို ဓားနှင့်ခုတ်ဖြတ်လိုက်၍ “ဒုက္ခခံလိုက်ရတာ မအေပေး” ဟု ဆဲရေးတိုင်းထွာနေတော့သည်။ ကျွန်တော်လည်း ချက်ချင်းပင် ပစ္စည်းများကို ညိုကြီးထံသို့ ပစ်ချပေးကာ သေနတ်ကိုလွယ်၍ အောက်သို့ဆင်းခဲ့သည်။ အောက်သို့ရောက်လျှင် “မီးဖိုပါဦးဟ” ဟု ခိုက်ခိုက်တုန်ရာမှ ပြောလိုက်မိသည်။ “အိုဗျာ တဲရောက်မှ အေးအေးဆေးဆေး မီးလှုံတာပေါ့” ဟု ညိုကြီးကပြန်ပြောသဖြင့် ဆတ်ကြီးကို ဒီအတိုင်းထားခဲ့ရန် စိတ်ချရ မချရ သိလို၍ ဆတ်၏ဒဏ်ရာများကို ကြည့်မိသည်။
ကျွန်တော် ပစ်လွှတ်လိုက်သော၆လုံးကျည်မှာ L.G ဟုရေးထား၍ နှုတ်ကျိုးကာ ၆ လုံးကျည်ဟု ခေါ်မိသော်လည်း စင်စစ်အားဖြင့် ၃ လက်မတ်တင်းအယ်လ်ဖာမက်စ်ယမ်းတောင့်များမှာ ၆ လုံးကျည်အရွယ်အစားအတိုင်း ခဲ ၈ လုံးပါပေသည်။ ထို့ကြောင့် ဆတ်ကြီး၏ လက်အုံပေါ် တွင် ဒဏ်ရာ ၂ ချက်နှင့် လက်နောက်တွင်ကပ်၍ ၆ချက် စုစုပေါင်း ခဲ ၈ စလုံး မှန်ထားသည်ကို တွေ့ ရတော့သည်။ ဒဏ်ရာအားလုံးမှာ ၆ လက်မပတ်လည်အတွင်းသာ ရှိနေရာ ကျွန်တော့်နှစ်လုံးပြူး၏ Choke ခေါ် ပြောင်းကျဉ်းဖြစ်သော ကျည်စုအားကောင်းသည့် အပေါ်ပြောင်း၏ အမဲကြီးပစ်ရာတွင်အားကိုးရမှုကို အတော်ကျေနပ်သွားတော့သည်။
အောက်ပြောင်းမှာကား Cylinder ခေါ် စရိတ်ပစ်ရန် ကျည်အလွန်ပြန့်သည့် ပြောင်းကျယ်ဖြစ်ရာ ငှက်အုပ်များပစ်ခတ်ရာတွင် အလွန်ကောင်းသော်လည်း သားကောင်ကြီးများပစ်ခတ်ရာတွင်မူ အားကိုး၍မရပေ။ ဆတ်ကြီး၏ဒဏ်ရာများကို စစ်ဆေးပြီးသည်နှင့် ဝန်စည်စလယ်များကိုထုပ်ပိုးကာ နောက်ကြောင်းပြန်၍ သုတ်ခြေတင်ခဲ့ကြတော့သည်။ စခန်းသို့ပြန်ရောက်လျှင် အရှိန်ပြင်းစွာတောက်လောင်နေသော မီးဖိုဘေးတွင် အောင်ရွှေနှင့် စံအေးတို့ ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြသည်ကို တွေ့ရှိရသည်။ “ဘာကောင်လဲ” စံအေးက မေး၍ “ဂျီ မဟုတ်လား” ဟု အောင်ရွှေက အတပ်ဟောတော့သည်။
ကျွန်တော်တို့က ချက်ချင်းပြန်မဖြေနိုင်၊ ခိုက်ခိုက်တုန်နေရာမှ ကျောပိုးအိတ်များကိုပစ်ချပြီး မီးတောက်တွင်းသို့ လက်များကို ထိုးသွင်းလိုက်ကြရာ အမွှေးကိုမီးလောင်သည့်ညှော်နံ့များ ထွက်လာတော့သည်။ “အလား အတော်ဆိုးတဲ့လူတွေပါလား” ဟု အောင်ရွှေက တခွိခွိရယ်ရင်း ကျွန်တော်တို့လုပ်နေပုံကို သဘောကျနေတော့သည်။ “ဘာကောင်လဲဗျ ပြောကြပါဦး” ဟု စံအေးကထပ်မေးမှ ညိုကြီးက ခေါင်းပေါ်တွင် ဟိုဘက်ဒီဘက် လက်ချောင်းကလေး ၃ ချောင်းစီ ထောင်ပြလိုက်တော့ရာ “ကဲ ကိုအောင်ရွှေ။ ငါမပြောလား။ဆတ်နေမှာပါလို့ဆိုနေ” ဟု စံအေးက အောင်နိုင်သူ၏မျက်နှာဖြင့် အောင်ရွှေအား မေးလိုက်သည်။ “ဟာ သေနတ်သံက အုပ်သွားတော့ မှန်တယ်ဆိုတာ သိပါရဲ့။ ဒါပေမယ့် တစ်ချက်တည်းဆိုတော့ အကောင်ကြီးမဟုတ်ဘူး၊ ဂျီပဲလို့ ထင်တာပေါ့” ဟု ပြောကာ ရှက်ပြုံးပြုံး၍ နေရှာသည်။ အနည်းငယ် အတုန်ပျောက်သွားသည်နှင့် “ပေးပါဦးဟ။
ရေနွေးကြမ်း တစ်ပန်းကန်” ဟု ညိုကြီးကတောင်းကာ တရှူးရှူးနှင့် သောက်နေတော့သည်။ “အေး တို့စောင်တွေ နှင်းရွှဲကုန်ပြီ မင်းတို့စောင်တွေ တို့ကိုပေး” ဟု အောင်ရွှေနှင့် စံအေးတို့စောင်များကို တောင်းကာ စိုရွှဲနေသော အဝတ်များကို လဲ၍ မီးဖိုဘေးတွင်ပင် ကျွန်တော်တို့ ၂ ယောက် ကွေးလိုက်ကြသည်။ အောင်ရွှေနှင့် စံအေးကား ကျွန်တော်တို့၏စောင် များကို မီးကင်ကာ ခြောက်အောင်လုပ်နေကြသည်။ အလစ်သမားနှင့် တိုးနေခြင်း နံနက်လင်းလျှင်ပင် ဆတ်သေကို လှည်းနှင့်သွား၍တိုက်ရန်အတွက် အောင်ရွှေက နှိုးတော့သည်။ ကပျာကယာထ၍ မျက်နှာသစ်ကာ ရေနွေးကြမ်းတစ်ခွက်စီသောက်ပြီး ၂ လုံးပြူးကိုဆွဲလျက် လှည်းနှင့်ထွက်ခဲ့ကြသည်။ မကျီးကုန်းရွာသို့ရောက်သောအခါ လှည်းမှာ ဆင်ညှပ်ကုန်းရွာမှ လှည့်ပတ်မောင်းရမည်ဖြစ်၍ ကျွန်တော်နှင့်ညိုကြီးတို့က လှည်းပေါ်မှဆင်းကာ ဖြတ်လမ်းအတိုင်း သွားနှင့်ကြသည်။ တောကိုဝင်မိသည်နှင့် “ဦးလေးဝင်း သတိထားဗျ။ ညကအပြန်မှာ ကျားနံ့ ရခဲ့တယ်။ ကျုပ်တို့အကောင်များ ဝင်တွယ်နေမလား မသိဘူး” ဟု ညိုကြီးက သတိပေးတော့သည်။
“တို့အကောင်သာ၀င်တွယ်ရင် ၂ ကောင်တော့ ရတော့မပေါ့” ဟု ကျွန်တော်က ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်မိသည်။ ကျစ်တွင်းသို့ဝင်ခါနီးတွင်မူ မုဆိုးတို့ထုံးစံအတိုင်း အသာရပ်၍ နားထောင်လိုက်ကြသေးသည်။ တဖြည်းဖြည်းနှင့် သေနတ်ကိုအသင့်ကိုင်ရင်း ရှေ့သို့တိုးခဲ့ရာ ကျွန်တော်တို့နှင့် ကိုက်၂ဝ ခန့်မျှသာဝေးတော့သော ဆတ်ကြီးပေါ်တွင် အဝါနှင့်အနက်ကန့် ကျားကြီး တစ်ကောင်က ခွစီးလျက်သားတွေ့ရတော့သည်။ ကျားကြီးမှာ အစာကိုသာမဲနေပြီး ကျွန်တော်တို့၏ အသံလုံခြုံစွာ ချဉ်းကပ်လာခဲ့မှုကြောင့် ကျွန်တော်တို့ရောက်ရှိနေသည်ကို အလျင်းမရိပ်မိရှာ။ သေနတ်မောင်းထိန်းကို ရှေ့သို့တွန်း၍ သေနတ်ဒင်ကို ပခုံးတွင်ထောက်ပြီး ပြောင်းကိုတန်းလိုက်မိသော်လည်း ပစ်ရန်ချက်ကို ရုတ်တရက်စဉ်းစား၍မရ။
ကျားများ ဝက်များ ဝံများကိုပစ်ခတ်ရာတွင် ပထမအချက်သည် အပိုင်ပစ်နိုင်ရန် အလွန်အရေးကြီးလှသည်ဖြစ်ရာ၊ ယခုလို နောက်ကျောမှနေ၍ ကျားအား ၂ လုံးပြူးသေနတ်ဖြင့် အပိုင်ပစ်ရန်ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေ၏။ ထို့ကြောင့် သေနတ်မောင်းကို ရုတ်တရက်မဖြုတ်သေးဘဲ လက်ယာဘက်သို့ အနည်းငယ်ရွှေ့လိုက်ပြီးမှ ကျား၏လက်အုံရော လက်နောက်ပါမိစေရန် ရည်ရွယ်၍ လက်အုံ၏နောက်တွင် ကပ်၍ချိန်လိုက်သည်။ “ကျား လက်အုံ , ဆင် ဦးနှောက် , ကျန်တဲ့အကောင် လက်နောက်” ဟူသော မုဆိုးတို့၏‘ချက်ရွေး’လင်္ကာကို ပြေး၍သတိရမိကာ ယခု လက်အုံရော လက်နောက်ပါ ချက်ရွေးမိထားသဖြင့် ပြုံးလိုက်မိသေးသည်။ ထို့နောက်မှ သေနတ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ပြီး မိမိရရချိန်ကာ သေနတ်မောင်းကို ဖြုတ်ချလိုက်တော့သည်။
ဒိုင်းဟူသောသေနတ်သံ, ဝေါ့ခနဲ နာကျင်စွာအော်လိုက်သောကျား၏အသံတို့မှာ ရှေ့ဆင့်နောက်ဆင့်ပေါ်ထွက်လာပြီး ကျားကြီးမှာ လူတစ်ရပ်ကျော်မျှ မြောက်သွားအောင် ခုန်လိုက်တော့သည်။ မြေပေါ် သို့ပြန်အကျတွင် ၎င်း၏ပါးစပ်နားရှိ ဆတ်၏ခြေထောက်ကို တဝေါဝေါအော်ရင်း တစ်အားခဲနေတော့သည်။ ကျွန်တော်လည်း ပထမနေရာသို့ပင်ချိန်ကာ ထပ်၍ တစ်ချက်ပစ်ပြန်ရာ ကျားကြီးမှာ တစောင်းလဲကျသွားကာ ပါးစပ်မှ သွေးများအန်ထွက်လာပြီး အသက်ငင်နေတော့သည်။ ချက်ချင်းပင် သေနတ်ကို ခါးချိုး၍ ယမ်းတောင့်အသစ်များလဲကာ ကျား၏ဦးခေါင်းဆီသို့ ဖျပ်ခနဲ ချဉ်းကပ်လိုက်သည်။ ထို့နောက် ကျား၏ထိပ်ပြင်ကြီးကို သေနတ် ပြောင်းနှင့် ၆ လက်မအကွာမှကပ်၍ တစ်ချက်ထပ်ခါ ဖြုတ်ချလိုက်ပြန်ပါသည်။ “ဒိုင်း”ဟူသော သေနတ်သံနှင့်အတူ ကျား၏ ခြေလက်များ သည်လည်း ဆတ်ခနဲကားသွားကာ လုံးဝငြိမ်သွားပါတော့သတည်း။
– ပြီး – စာရေးသူ – မသုံးလုံးစိန်ဝင်း စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Leave a Reply