ပြောင်းပြန်အချိုးများ”
အညိုကျုပ်ဖြင့်လေ..တပါတ်လောက်သေကြည့်ချင်တယ်။ အဟုတ်။ဘာလို့လည်းမမေးပါနဲ့တော်…။ဒီကလေးတွေကြောင့်ရော ..ဒီလင်ကြောင့်ရောပေါ့။တစက်ကလေးမှ စိတ်မချရ..စိတ်မအေးရဘူး။ဘယ်သူရှိမတုန်း ။ အကြီးကောင်ဖိုးချစ်လေ၊မအေကရှိစုမဲ့စုနဲ့ သူတို့ကိုပညာတတ်ဖြစ်စေချင်လွန်းလို့ ကျောင်းလွှတ်လိုက်ပါတယ်ဆိုမှ ဒင်းကကျောင်းပြေးပြီး ရေသွားကူးသတဲ့။ ကျုပ်လိုက်သွားလို့ပေါ့ …။ကျုပ်သာမလိုက်ရင် ဒင်း မသာဖြစ်ပြီ။ဘာဖြစ်တယ်..။ကူးပါစေ ဟုတ်လား..။အခုဘာဖြစ်ခဲ့တယ်မှတ်တုန်း ။ရေနစ်နေတာလေ..ရေနစ်တာတော့ ။ကျုပ်တောင် ချောင်းစပ်ရောက်မယ်မကြံသေးဘူး…သူနဲ့အတူကူးတဲ့လူတွေက ဖိုးချစ်ရေနစ်လို့ ကယ်ကြပါဦးဆိုတာနဲ့ ဘယ်ရမတုန်း ။မိတင်လေ….ရေထဲကို ထမီပြင်ဝတ်ပြီးခုန်ချပစ်တာပဲ။ သူ့ကို ဟိုးရေအောက်ကနေ မနည်းဆွဲထုတ်ရတာလေ။အောက်မှာ ကြာပင်ရဲ့နွယ်တွေနဲ့ပတ်လို့ကတော့ သေပြီပဲ ။ ကျုပ်မယ် သားဇောနဲ့မနည်းကို ဆွဲနှုတ် ဖြုတ်ပြီး အပေါ်တွန်းတင်ရတယ် ။အမလေး….။ညည်းကရေကူးတတ်လို့လားတဲ့ …။တော့နှယ် ။မေးလည်းမေးတတ်ပါ့…။ကျုပ်က ဧရာဝတီတိုင်းက သောင်တွေပေါ် ဟိုသောင်သည်သောင်ကူးပြီး ငါးရှာဖားရှာတဲ့ တံငါသယ်သမီးပါတော့ ။ရေချိုးချင်တောင် မြစ်ထဲဗွမ်းကနဲခုန်ချ၊ သဲကြမ်းနဲ့ဟိုသည်ပွတ်သပ်ဂျီးတွန်းပြီး ချိုးတာ။ဒါလောက်ကအပျော့ပေါ့။ဒါပေမယ့် ကျုပ်မှာ မီးယပ်ရှိတာမေ့နေတယ်..။ပြန်လာတော့ဒင်းလဲဖျားကျုပ်လဲဖျားပဲ။ ကျုပ်ကနဂိုရောဂါခံနဲ့ဆိုတော့ အိပ်ယာထဲတုန်းကနဲလဲတော့တာပဲ ။မီးယပ် ဘာကြောင့်ဖြစ်လဲ မမေးနဲ့တော်ရေ့ ။အငယ်ဆုံးမကိုမွေးတော့ မီးတွင်းထဲ လာလက်ပြီးကူပေးမယ့်သူကမရှိ။ ကိုဖိုးမောင်ကလည်း သမီးမွေးလို့ရှက်လှချည်ရဲ့ဆိုပြီးပြန်မလာ။ဒါနဲ့ပဲကိုယ်တိုင်ထပြီး အနှီးလျှော်..ရေဆွဲ လုပ်ရတော့တာပဲ။ အဲ့နောက်ပိုင်း နဲနဲလေးအအေးခံရင် မီးယပ်ချမ်းက ထပြီ ။ဟဲ့….နှင်းဖြူ ။ဟဲ့ကောင်မလေး။တွေ့လား။မိဘခေါ်နေတာအရေးတောင်မစိုက်ဘူး။ဖိုးချစ်..မင်းညီမနေပူထဲ ဖုတ်အလူးလူးနဲ့ပြေးသွားတာမြင်လား။သွားလိုက်ခေါ်ချေစမ်း။တုတ်ပါကောက်ခဲ့လို့ ၊တွေ့လား ..။သူက အိမ်မှာအငယ်ဆုံးဆိုပြီး သိပ်ဆိုးတာ။ ဖအေက အလိုလိုက်တော့ ပိုဆိုး။ ဘယ်သူ့မှ ဂရုမစိုက်တော့ဘူး။ယောင်္ကျားလိုလိုမိန်းမလိုလိုနဲ့..အကိုတွေရှပ်အင်္ကျ ီတွေယူဝတ်လားဝတ်ရဲ့။ ပုဆိုးကွင်းသိုင်းပြီးဆော့လားဆော့ရဲ့ …အဲ့လိုများဆော့နေရင်သူ့အဖေ ကိုဖိုးမောင်မျက်နှာလည်းပြုံးဖြီးနေတာပဲ။ မွေးတုန်းက မချစ်လို့ အိမ်တောင်ပြန်မလာတဲ့ကိုဖိုးမောင်တို့ …ဘယ်သွားသွားသမီးကို ပခုံးကကို မချတော့ဘူး။ဟော…အရီးမြိုင်တို့ပါလား ။နေကပူပါဘိနဲ့ …အိမ်ထဲလဲဝင်မထိုင်ဘူး..ကိုဘမောင်၊တော်ကလည်း အရီးတို့ကို အိမ်ထဲခေါ်လေတော်..။ကြည့်ပါဦး..။အဲ့သည် ကိုဖိုးမောင်ဟာ..စကားများပြောနေရရင် ဘယ်သူဘာပြောပြောမကြားတော့ဘူး ။ တော်တော့ကိုစကားများတဲ့လူ။ဟိုမှာ …အဘမြိုင်တို့လည်းလာတယ်။ သြဘာရေ..သား သွားပါဦး ထကြောဖျာလေး အိမ်ရှေ့မယ်သွားခင်းပါဟဲ့။နင့်အဖေလိုမျိုးဆို အားလုံးမတ်တပ်ကြီးပဲနေမယ်။သားသမီးသုံးယောက်ထဲ အဲ့ကောင်အလိမ္မာဆုံး။စာကလည်းတော်တော်သွားတယ်။ ဒီနှစ်လေးတန်း၊ရှေ့နှစ်ကို ဟိုဖက်ရွာကိုလွှတ်ပြီးကျောင်းထားရတော့မယ်။ကျုပ်ကလည်းအဲ့သာကို စိတ်မချတာတော်။အကြီးကောင်ဖိုးချစ်လဲ စတုန်းကဟုတ်တုတ်တုတ်နဲ့ နောင်ကျ ကျောင်းပြေးလိုက် ပျင်းလို့မသွားလိုက်နဲ့ ..စာသင်ချင်စိတ်ကိုမရှိတော့ဘူးလေ။ ဖအေက သားတွေကျောင်းမသွားလည်း မသွားပါစေ ၊အေးအေးပဲ ။တခွန်းမဆူဘူး။ကျုပ်ကတော့ဘယ်ရလိမ့်မတုန်း ။ကျောပြင်ကိုဗြောတင်တာပဲ။သူတို့ကို ကောင်းစားစေချင်လို့ ကျောင်းထားတာလေ။ သူ့ဖအေက ဘာအရေးတုန်း ။ကျောင်းမတက်ရင် ထန်းတောထဲလွှတ်ပြီး တောက်တိုမယ်ရလုပ်ခိုင်းမှာပေါ့။ ကျုပ်သားသမီးတွေကို ကျုပ်တို့လိုနေပူစပ်ခါးထဲ အလုပ်လုပ်ရတာမျိုးမဖြစ်စေချင်ပါဘူးတော်…။ကျုပ်တို့ငယ်ငယ်ကဆိုရင်..ဒီနှစ် ဒီနေရာ ၊ဟော…နောင်တနှစ်ကျ ဟိုးနောက်တနေရာ…။အခြေတကျမရှိတော့ စာသင်ဖို့ဆိုတာဝေလာဝေး ။အခုသူတို့တီဗီကကြည့်နေတဲ့ ကိုရီးယားကားတွေဆို ကျုပ်ဖြင့်နကန်းတလုံးမှနားမလည်ဘူး ။ဒါပေမယ့် သူတို့မျက်နှာပေးကိုကြည့်ပြီး ကိုယ့်ဖာသာတိတ်တိတ်ဘာသာပြန်ရတာပဲ။ ဒါကြောင့်ကျုပ်က မြန်မာကားတွေပဲ ကြည့်ရတာအားရတယ်။ ငိုလည်းမြန်မာလို ဆိုလည်းမြန်မာလို ။အဲ့တော့ကျုပ်မှာငိုစရာရှိငို ..ရီစရာရှိလည်း ရီလိုက်တာပဲ ။ဟိုးတနှစ်ကတော့ ကျုပ်ရီစရာလေးတစ်ခုမှတ်မိသေးတယ်။ဟဲ့..ဟဲ့ ..။ အိမ်ပေါ်ကိုတက်လာတာများ ကြမ်းတမ်းလိုက်တာ နှင်းဖြူရယ်။ညည်းဆိုတာ ဘုရားစူးမိန်းမပါအေ။ ခြေထောက်လဲမဆေးဘူးကြည့်ပါလား။ညစ်ညစ်ပတ်ပတ်လက်နဲ့ ထမင်းအိုးကိုလှန်လှောပြီးစားတော့မယ်။ဟင်းက အုပ်ဆောင်းထဲမယ်မဟုတ်ဘူး။ကြပ်ခိုးစင်ပေါ်မှာငါးဇင်ရိုင်းကြော် ဇလုံနဲ့အုပ်ထားတယ်။အုပ်ဆောင်းထဲမယ် မကျီးရွက်နဲ့သနပ်ရွက်ချည်ရည်ချက်ထားတယ်။လက်လေးဘာလေးဆေးကြောပြီးစားစမ်း မိနှင်းဖြူ။သန်ကောင်တုတ်ကောင်တွေထမှ ငိုဟယ်ရီဟယ်နဲ့လာမလုပ်နဲ့ ..။ကျုပ်ကညည်းအဖေလို အိညောင့်အိညောင့်သမားမဟုတ်ဘူး။ညှပ်နဲ့ဆွဲထုတ်မှာ ..ဟွန်း ။အဲ့ဒါသာကြည့်တော့။ပြောလဲဂရုစိုက်ကြတာမဟုတ်ဘူး ။ငယ်သေးတော့ ပိုဆိုးတယ် ။ဒီကလေးတွေနဲ့ ကျွန်မဘယ်လိုလုပ်မလည်းတော်ရေ့ ။ဟိုဖက်ရွာသည်ဖက်ရွာက အလှုအတန်းလုပ်လည်းမသွားနိုင်ဘူး။သွားလည်းခွေးသားအုပ်မကြီးလိုပဲ ။တ တန်းတန်းခေါ်သွားရတယ်။စိတ်မချဘူးလေတော်…။ညအိပ်ညနေတော့ မသွားနိုင်ပါဘူး။ကျုပ်သာ တညလောက်မရှိကြည့် ။အိမ်ဇောက်ထိုးဖြစ်အောင်မွှေနှောက်ထားပါလိမ့်မယ် ။ဟော..။ဟိုဟာ ရွာစွန်ပိုင်းကုန်စုံဆိုင်က မခင်မိလင်မယားမို့လား။ ဘာလာလုပ်ကြပါလိမ့်…။သာဗြောတို့ ခင်တုတ်တို့လည်းလာတယ်။ အမလေး ခင်တုတ်တို့မျန်း မမြင်တာကြာလို့ချောချက်လှချက်တော့ ။ဟဲ့ခင်တုတ် ညည်းကိုပြောနေတာ ။ကောင်မစုတ်…။ကျုပ်ကိုအခုထိ အစာမကြေဘူး။ရုပ်ကိုက စူပုတ်နေတာပဲ..ဟင်းဟင်း ။ပြောရင်လည်း အသားယူတယ်ဖြစ်ဦးမလားမသိဘူး။အတင်းပြောတာတော့မဟုတ်ပါဘူး။ခင်မိတို့ခင်တုတ်တို့ဆိုတာ ငယ်တုန်းက ကိုဖိုးမောင်ကို အသဲစွဲလေ ။ဟိုက ကျုပ်ကိုကြိုက်လို့တောင်းမယ်ရမ်းမယ်လုပ်တော့ ရှက်လို့ မြို့မှာ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားကြတာ ။ပြန်ရောက်တာ ဘာကြာသေးလို့တုန်း။ခင်မိကတော့ တနှစ်လောက်စောပြီး ပြန်ရောက်လာတာပေါ့ ။သူလည်းရွှေနဲ့ငွေနဲ့ ဟန်ကျပန်ကျပါပဲ။ ကျုပ်မှာသာ…လူရိုးမက်လို့ ယူလိုက်မိတာ ။အရိုးမကိုက်ရတာ ကံကောင်း။ သူ့အဖေ ကျုပ်ယောက္ခထီးကောင်းလို့ အိမ်နဲ့ ယာနဲ့အခြေတကျဖြစ်တာတော်ရေ့ ။ဟဲ့တော့ ။ ဒီလောက်နေ့လယ်ခင်းနေတွေပြင်းရတဲ့အထဲ ကိုဘမောင်တို့ လူလိုနားမလည်တာကိုတွေ့လား။ကလေးတွေကို ရေချိုးခိုင်းနေတယ်။အခုနေ မချိုးကြနဲ့ဟဲ့လို့ ထပြောကြည့် ၊လင်မယားတွေ ရန်သတ်ရပြီသာမှတ် ။အဲ့ဒါကြောင့် ကျုပ်စိတ်တွေညစ်တာ။ နေမကောင်းလို့ မပြောချင် မဆိုချင်ဘူးဆိုလည်း မရဘူး။ လိုက်ပြောနေရတာပဲ ။ဘယ်သွားသွား နောက်ကြောင်းမအေးဘူးဆိုတာ အဲ့ဒါပြောတာပေါ့ ။“ဟဲ့ ….မြန်မြန်ချိုးကြစမ်း။ ရေချိုးရင်းဆော့မနေကြနဲ့ ။လူလေးများထူပြီဆို ဒင်းတို့ မောင်နှမသုံးယောက်က ကိုယ်ယောင်ပြပြီ ။အိမ်ရှေ့မှာလည်း လူတွေများလိုက်တာ။ အော်…..အခုမှသိတယ် ။ဟိုဖက်ခြံက ဝက်မကြီးသားကျလို့လာကြတာနေမယ်။အဲ့ဝက်မကြီးမျိုးကောင်းချက်ကတော့ ပြော..မပြောချင်ဘူး။ တခါ သားကျရင် ဆယ်ကောင်အထက်ပဲ။ တကောင်မှ အလေအလွင့်မရှိဘူး…အကုန်အဖက်တင်တယ်။ ကိုဖိုးမောင်လည်း ဝက်ကလေးသုံးကောင်လောက်မွေးချင်တယ်ပြောသား။ ကျုပ်က သဘောမတူလို့သာ။ သူကလည်းကလေးတွေရှင်ပြုဖို့စုဗူးသဘောမျိုးမွေးချင်တာပါ..။ ဒါပေမယ့် သိတယ်မို့လား။မွေးချင်တာသာသူတို့ ..။ အချိန်တန်ရင် အစာကျွေးလည်းကျုပ်..၊ ရေချိုးပေးလည်းကျုပ် ၊အိမ်အလုပ်ဆိုတာကလည်း အတည်တကျပြောဖို့သာခက်တာ။လုပ်လိုက်ရတာဆိုတာဖတ်ဖတ်ကိုမောရော….သူတို့ကသာအချိန်တန်ရင် ယာထဲကပြန်လာတာပြောလိုက် ပြီးပြီ။ဒီတသားမမီပေမယ့် နောက်တသားကျရင်တော့ မွေးခွင့်ပေးလိုက်ပါမယ် ။ ကလေးတွေလည်းကြီးနေပြီ..။သင်္ကန်းလေးဘာလေးစီးချင်ရှာမှာပေါ့ ။ကျုပ်တို့လည်းကုစိုလ်ရေးလေးဘာလေးလုပ်မှပါ ။တနေ့တနေ့ ဒီဟာတွေအော်ရင်းဟစ်ရင်း နေထွက်တာလဲမသိ နေဝင်တာလဲမသိ ။သနပ်ခါးလိမ်းတာ ဘယ်လိုလုပ်လိမ်းနေတာလဲ ဖိုးချစ်။ နင်လမ်းသရဲလား..ဟမ်။ဟောကြည့် ..နှင်းဖြူ ညည်းနဲ့ပုဆိုးနဲ့ဘာဆိုင်လို့ လုနေရတာတုန်း။သွား..စကဒ်တိုပဲဝတ်ချေဒီကလေးတွေကတော့ ရေချိုးလဲဆူ ။ထမင်းစားလဲဆူနဲ့..။ငါထရိုက်လိုက်ရသေတော့မယ်။ ညည်းတို့တွေတော့နော်… နေ့ခင်းနေလည် ရေတွေချိုးပြီး ဘယ်သွားကြဦးမှာတုန်း။တရေးတမောလေးများအိပ်မယ်မရှိဘူး…ဒါနဲ့နေပါဦး။ ဝက်မကြီးက ဘယ်နှစ်ကောင်တောင်သားကျလို့ အလုအယက်ရောက်နေကျတာတုန်း။အမယ်…ငါ့များကြားသားနဲ့မိုးကြိုး ငါဖက်နေတယ် ။မုန့်ဖိုးလိုချင်ကြပြန်ပြီလား။သွား..နင့်အဖေဆီသွားတောင်းချေကြ..။ အမေနေမကောင်းလို့ ပွတ်သီးပွတ်သပ်မလုပ်ကြစမ်းနဲ့ဟယ်။ နင်တို့အသားတွေက အေးစက်နေတာပဲ။အမလေး…။ဟိုးမှာ အမေမဟုတ်လား။လူကသာအသက်ကြီးတာ ရပေါက်ရလမ်းဆို ရှေ့ဆုံးက။အဲ့မှာဝက်တွေလာဝယ်တာနေမှာ…မွေးလိုက်၊ပြန်ရောင်းလိုက် ..ဟိုသားဒီသမီးကိုထောက်ပံ့လိုက်နဲ့ ..ဂျင်ခြေလည်နေတာပဲ။ မမွေးပါနဲ့အမေရယ်ဆိုလည်းမရဘူး။ အကုသိုလ်အလုပ်တွေလေ။အို..ကျုပ်ကတော့အရှင်းပဲ ။ဒီလိုအပူစာတွေမစားဘူး ။ဝက်တွေကိုအသားတိုးအောင် တနေ့တနေ့ကျွေးပြီး ပေါ်ရောင်းတဲ့ဆီကိုပြန်ရောင်းမှတော့ ဘယ်လိုလုပ်စားဝံ့မတုန်း။အကုသိုလ်ကိုပိုးမွေးသလိုမွေးထားရတာ ။ကျုပ်အမေကတော့ ပြောလည်းဂရုမစိုက်ဘူး။လုပ်နေတာပဲ …သူ့ရှေ့မယ်တယောက်ယောက်ခွေးသေဝက်သေ သေမှ နောင်ကျဉ်မယ်ထင်တယ် ။ဟူး…..ပြောရတာလဲမောလိုက်တာ။ရေနွေးလေးတစ်ခွက်လောက်တိုက်စမ်းပါတော်။အမလေးဟဲ့…ရေနွေးကလည်းပူလိုက်တာကြွက်ကြွက်ဆူနေတာပဲ။ကိုင်လို့တောင်မရဘူး။တော်ပါပြီ မသောက်တော့ဘူး။အမယ် ..သူ့သားမက်ကိုဖက်ပြီး အမေ ငိုနေပါ့လား။တခါမှမျက်နှာကြောမတည့်ဘူးလဲပြောသေး ။ဟဲ့… ဘာသံတုန်း။ သူများအိမ်ရှေ့မှာ နိမိတ်မရှိနမာမရှိ ကြေးစည်လာတီးရတယ်လို့ ။မတီးကြနဲ့ဟေ့…လူလိုလေးတော့နည်းနည်းပါးပါးနားလည်ကြပါဦး ။ကျုပ်အိမ်မယ် ကလေးငယ်တွေနဲ့ ….စိတ်ဆက်တွေညစ်လိုက်တာနော်…အမလေး ….ဘယ်အိမ်က အသုဘတုန်း။ငိုလိုက်ယိုလိုက်ကြတာဆိုတာများ..။ကိုဖိုးမောင်။ တော်လဲအိမ်ပေါ်တက်လာသေးတယ်နော် ။မိန်းမတစ်ယောက်လုံးနေမကောင်းတာတောင် အနားမှာနေမယ်ရယ်လို့မရှိဘူး။ ကိုးချင်းကိုးချောင်းလျှောက်သွားနေတာပဲ။ဟဲ့ ..ဟဲ့ …ငါ့ဘာလို့မ,နေကြတာတုန်း။ ဖြေးဖြေးလုပ်ကြပါဟဲ့ …နာလိုက်တာ။ဒီရေတွေက ဘယ်ကထွက်လာတာတုန်း ။ငါလည်းရေမချိုးထားပါဘူး။ကဲကြည့်…ကလေးတွေ ငိုကြပြန်ပြီ။ကိုဖိုးမောင်..။တော့သားသမီးတွေ နည်းနည်းဆုံးမစမ်းပါဦး။ဟင်….တော်ကပါ ငိုနေတာလား။ဘာဖြစ်နေကြတာတုန်း..ကျုပ်ကိုလဲပြောကြစမ်းပါဦး။ဟဲ့…မောင်ဦးတို့ ဖိုးခင်တို့ ငါ့ကိုဘယ်ထဲထည့်နေကြတာတုန်း။အသက်ရှုတွေကြပ်လိုက်တာ…။ဘာမှလည်းမမြင်ရတော့ဘူး….။လာပြန်ပြီ ..ဒီကြေးစည်သံကြီး ။ဟော….ရေအိုးကျကွဲတာမဟုတ်လားကိုဖိုးမောင်။တော်လဲသားသမီးတွေကိုနည်းနည်းမှ မဆုံးမဘူး။ အခုနေများကျုပ်သေသွားရင် ဘယ်လိုလုပ်မလည်း။တခါတလေ ဖြစ်ချင်ရာဖြစ်ဆိုပြီးနှစ်ရက်သုံးရက်လောက်သေကြည့်လိုက်ချင်တယ်။ဒီအခန်းထဲမှာနေရတာကျပ်လိုက်တာ။ကျုပ်ကိုအိပ်ယာပေါ်ပြန်ရွှေ့ပေးကြစမ်းပါတော်။လူလည်းကျပ် အသက်ရှုတွေလည်းကြပ်နဲ့ ။အမလေး…အမေ။ ဘယ့်နှယ့်ကျုပ်နာမည်ကို တတပြီးငိုနေရတာတုန်း။ကျုပ်ကသေသွားတာကျနေတာပဲ..။ကျုပ်ကသေလို့မရသေးဘူး..ကျုပ်သားသမီးတွေ ရှင်ပြုပေးရဦးမယ်။သူတို့ကိုကျောင်းထားပေးရဦးမယ် ။သူတို့ပညာတတ်ကြီးဖြစ်အောင် ကျုပ်ပျိုးထောင်ရဦးမယ်….အမလေး မောလိုက်တာ။အသက်ရှုလည်းကျပ်လိုက်တာ။ကျုပ်ကိုယ်ထဲကနေ ရေတွေလဲတစိမ့်စိမ့်ထွက်နေပါ့လား။ ချမ်းလိုက်တာ ။မီးယပ်ချမ်းထလာပြီထင်တယ်..။ကလေးတွေလာကြစမ်းပါဦး။အမေ့ကိုခပ်တင်းတင်းဖက်ထားကြစမ်းပါ….။ အမေချမ်းလွန်းလို့ပါ ။ဟော..ကြည့်စမ်းပါဦး။ လာဖက်ကြပါဆို ငိုလိုက်ကြတာ ကြူကြူပါလို့။ဟဲ့…မငိုကြပါနဲ့ဆို ။မသိရင် မအေက သေသွားတာကျနေတာပဲ။ မငိုပါနဲ့ဟဲ့..နင်တို့ငိုသံကြားရတာ ငါရင်တွေနာလွန်းလို့ပါ ။အညို
ပြောင်းပြန်အချိုးများ”





