နောက်ဆုံးအချိန်အထိ(စ/ဆုံး)
” မနက် နှစ်နာရီတောင်ထိုးတော့မယ်၊ အိပ်ပါ အမေရယ်၊ အမေအိပ်မှ သမီးလည်း အိပ်ရမှာလေ ” “ အမေလည်း မအိပ်ဘူး၊ သမီးလည်း မအိပ်နဲ့ ” မျှော်လင့်မထားတဲ့ အမေ့ရဲ့ တုန့်ပြန်စကားကြောင့် အံ့အားသင့်သွားရပါတယ်၊ ဒီလိုမျိုးပြန်ဖြေလိမ့်မယ်လို့လည်း စဉ်းတောင် မစဉ်းစားမိဖူးပါဘူး၊ ဘယ်လိုအသိဉာဏ်မျိုးနဲ့ အမေက ကျွန်မကို ပြောတာပါလိမ့်၊ ခါတိုင်းများ ဆိုရင် “ အိပ် အိပ် ၊ သမီးလေးအိပ် သမီးက ကျန်းမာမှ ဖြစ်မှာ၊ အိပ်တော့ သမီး ” ဒီလို ပြန်ဖြေနေကျပါ။ အခုတော့ ဘာ့ကြောင့်များပါလိမ့်၊ နံနက်ခြောက်နာရီထိုးတဲ့အခါ သူနာပြုဆရာမလေးနဲ့အတူ အမေ့ကို မျက်နှာသစ်တာ ပါးစပ်ဆေးတာ ရေပတ်တိုက်ပြီး အဝတ်အစားလဲလှယ်ပေးတာတွေ လုပ်ပေးပြီးတဲ့နောက်…အမေက မေးလာပါတယ်၊
“ သမီး၊ အခု ဘယ်နှစ်နာရီထိုးပြီလဲ ” “ ခုနစ်နာရီထိုးပြီ အမေ ” “ အပြင်ထွက်ကြစို့လေ ” “ ဟင် … အမေက အပြင်ထွက်ပြီး ဘာလုပ်မလို့လဲ ” “ ဆွမ်းလောင်းကြမယ်လေ ” “ အခုက ဆေးရုံမှာလေ၊ အိမ်ပြန်ရောက်မှ ဆွမ်းလောင်းမယ်လေ ” “ ဪ … ဟုတ်သားပဲ၊ ဆေးရုံမှာပဲ ဆိုတာ မေ့သွားတာအေ့ ” မတ်လ ၂၇ ရက်နေ့ နံနက်အထိ ဆွမ်းလောင်းဖို့ စိတ်အားထက်သန်နေတဲ့အမေပါ။ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ အထူးကြပ်မတ်ကုသပေးတဲ့ ဆရာဝန်ကြီးရဲ့ညွှန်ကြားမှုနဲ့ အမေ့ကို HDU အဆောင်ထဲသို့ ပြောင်းရွှေ့လိုက်ကြပါတယ်၊ တခန်းလုံးမှာ လူနာသုံးယောက်တည်းတင် လက်ထောက်ဆရာဝန်နှစ်ယောက်နဲ့ သူနာပြုလေးယောက်နဲ့ ၊ ၂၄ နာရီ အချိန်ပြည့် ကြည့်ပြီး စောင့်ရှောက်ပေးတဲ့အခန်းပေါ့၊ ရောက်တဲ့နေ့ တနေ့လုံး တညလုံး ကိုယ့်စိတ်ကိုယ်ဆောင်ထားပြီး မအိပ်တဲ့အမေဟာ နာရီပေါင်း သုံးဆယ်ခန့်ရှိလာတဲ့အချိန်မှာ မျက်လုံးတွေက မှေးစင်းစ ပြုလာပါတယ်၊
ဒီလောက်အကြာကြီး မအိပ်ပဲနေတော့ နောက်ဆုံးမတော့ အမေ အိပ်တော့မယ်လေ၊ အိပ်ပါ့စေ၊ အမေ ပင်ပမ်းနေရှာပြီလေ၊ “ အန်တီ၊ အဖွားအိပ်တာ နည်းနည်း မတ်နေတယ်၊ ခေါင်းအုံးလေး ရွှေ့လိုက်မယ် ” “ အမေက အအိပ်ဆတ်တယ်ဒေါက်တာ၊ ထိလိုက်ရင် နိုးသွားလိမ့်မယ်၊ တညလုံး တနေ့လုံး မအိပ်ပဲနေနေတာ၊ အမေပင်ပမ်းနေပြီ၊ မရွှေ့နဲ့ဒေါက်တာ၊ ရတယ်ရယ် ” လက်ထောက်ဆရာဝန်မလေးကို ဒီလိုပြန်ပြောခဲ့ပေမယ့် နောက်ထပ် ဆယ်မိနစ်လောက်နေတော့ အမေ့ခေါင်းကို မကိုင်ပဲ စောင် ခေါင်းအုံးတို့နဲ့ စောင်းနေတဲ့ ခေါင်းကို တည့်မတ်အောင် ညင်ညင်သာသာလေး ခုပေး ခံပေးဖြစ်ပါတယ်၊ အမေ့နံကုတင်နံဘေးက ခုံရှည်မှာထိုင်ပြီး အမေ့ကို စောင့်ကြည့်နေတဲ့ကျွန်မဟာ အရေးပေါ်အလန်းမြည်သံကြောင့် အသံမြည်ရာကို ဆတ်ကနဲကြည့်လိုက်တဲ့အခါ ပရက်ရှာမှာ အောက်သွေးဖိအားက သုံးဆယ့်ခုနစ် တဲ့၊ ဘုရားရေ … ဘာကြောင့် ဒီလောက်အထိ ထိုးကျသွားတာပါလဲ၊
အလန်းမြည်သံကြောင့် လက်ထောက်ဆရာဝန်နဲ့ သူနာပြုတွေလည်း ထိုင်နေရာက ဝုန်းကနဲ ထရပ်ပြီး အမေ့ဆီ ပြေးလာကြပါတယ်၊ “ အဖွား ဒေါ်ညွန့်ရွှေ၊ အဖွားဒေါ်ညွန့်ရွှေ ” အမေ့ကို လှုပ်နှိုးသူက လှုပ်နှိုး၊ ထိုးဆေးအသင့်ပြင်သူကပြင်နဲ့ ဗျာများနေကြပါပြီ၊ လက်ထောက်ဆရာဝန်မလေးက လက်နှိပ်ဓာတ်မီးလေးထိုးလို့ အမေ့မျက်လုံးကို စစ်ဆေးကြည့်ပါတယ်၊ “ သူငယ်အိမ်လှုပ်သေးလားရှင့် ” “ မလှုပ်ဘူး အန်တီ ” ကျွန်မရဲ့အမေးကို ပြန်ဖြေပြီးတဲ့နောက်မှာ လက်ထောက်ဆရာဝန်မလေးဟာ ဆရာဝန်ကြီးဆီ လှမ်းအကြောင်းကြားပြီး ကုသမှုကို တောင်းခံပါတယ်၊ လိုအပ်တဲ့ ဆေးတွေနဲ့ အမေ့ကို ကုသလိုက်ပြီးတဲ့နောက် သုံးနာရီအကြာမှာ အမေ ပြန်နိုးလာနိုင်ပါပြီ။ အမေ့လက်ထဲကို စိတ်ပုတီးလေးထည့်ပေးလိုက်တဲ့အခါ အမေက ညာဘက်လက်ကောက်ဝတ်မှာ ပတ်ထားလိုက်ပါတော့တယ်၊ ၂၈ ရက်နေ့ နံနက်မှာတော့ အမေ့ကို ရေပတ်တိုက်ပေးတာ အဝတ်အစားလဲလှယ်ပေးတာတွေကို သူနာပြုဆရာမရဲ့ အကူအညီမယူပဲ ကျွန်မတယောက်တည်းပဲ လုပ်ပေးခဲ့တာပေါ့၊ အမေက ကျွန်မကလွဲရင် ဘယ်သူ့အကူအညီမှ မယူတတ်ဘူးလေ၊
နောက်ပြီး နံဘေးမှာ တယောက်ယောက်ရှိနေတာမျိုးဆိုရင်လည်း သီးသန့်တယောက်တည်းနေတတ်တဲ့အမေက နှင်ထုတ်တတ်တယ် မဟုတ်လား။ အောက်စီဂျင်လည်း ၉၀ ခန့်၊ အောက်သွေးဖိအားလည်း ၅၀ ကျော်နဲ့ အမေ့ရဲ့အခြေအနေဟာ တိုးတက်လာခဲ့ပါပြီ၊ “ အမေ… ရော့၊ အမေ့ဖို့ ပိုက်ဆံ ” အမေက သားဖြစ်သူအောင်အောင်လာတိုင်း ပိုက်ဆံတောင်းလေ့ ရှိပါတယ်၊ အောင်အောင်ကလည်း အမေတောင်းတိုင်း ပေးထားလေ့ရှိပြီး အောင်အောင်ပေးတဲ့ပိုက်ဆံကို အင်္ကျီအိပ်ထောင်လေးထဲသို့ ချက်ခြင်းထည့်တဲ့အလေ့ရှိပါတယ်၊ အခုလည်း အမေက အောင်အောင်ပေးတဲ့ပိုက်ဆံကျပ်တသောင်းတန်လေးကို လှမ်းယူပြီး အင်္ကျီကြားထဲ ဟိုဟိုသည်သည် ထိုးထည့်ရင်း သိမ်းဆည်းပါတော့တယ်။ “ ပြန်တော့မယ်နော်အမေ ” အောင်အောင့်ရဲ့နှုတ်ဆက်စကားကြောင့် အောင်အောင့်ကို လှမ်းကြည့်ပြီး လက်ကလေးကို ဝှေ့ယမ်းလို့ တာ့တာ လုပ်ပြပါတယ်။ “ သမီးလည်း ပြန်တော့မယ်နော် အမေ ” အမေ့သမီးကြီးကလည်း ပြန်ခါနီး အမေ့ကို နှုတ်ဆက်တဲ့အခါ သမီးကြီးကို လှမ်းကြည့်ပြီး လက်ကလေးကို ဝှေ့ယမ်းလို့ တာ့တာ လုပ်ပြပါတယ်၊
မနေ့ကထက် အများကြီးပိုကောင်းလာတဲ့အမေ့ကျန်းမာရေးကြောင့် မမနဲ့အောင်အောင်တို့နှစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးကိုယ်စီနဲ့ပေါ့၊ ရက်သိပ်မကြာမီမှာ HDU အခန်းကနေ သီးသန့်စပယ်ရှယ်အခန်းကို ပြောင်းပြီး အားမွေးပြီးရင် အိမ်ပြန်နိုင်တော့မယ်လေ၊ မိခင်ဖြစ်သူကို နှုတ်ဆက်ပြီး မောင်နှမနှစ်ယောက်ပြန်သွားချိန်ဟာ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့် ဖြစ်ပါတယ်။ “ သားရေ… အန်တီသန်းနဲ့ ဦးအောင်လည်း ပြန်သွားပြီ၊ နောက်ကျနေပြီ ထမင်းစားတော့နော် ” ဇီဇဝါဆောင်မီးလောင်မှုကြောင့် အတန်းတက်နေရင်း ထွက်ပြေးလာကြတဲ့ကျောင်းသား ကျောင်းသူတွေနဲ့အတူ သားငယ်လည်း ပြေးရပါတယ်၊ မီးကြောင့် ကျောင်းကနေ အမေရှိရာ ဆေးရုံသို့ ပြေးလာတယ်ဆိုပေမယ့်လည်း အဖွားကို တနေ့တခေါက်တော့ မှန်မှန်လာကြည့်တတ်ပါတယ်။ ခုံတန်းရှည်မှာ သားအမိနှစ်ယောက်အတူထိုင်နေကြရင်း သားငယ်က ထမင်းဘူးဖွင့်လို့ ထမင်းစားနေဆဲ… “ ဒုန်း ” ကနဲ တခုခုက ပြင်းပြင်းထန်ထန်ဆောင့်တွန်းသလို ဖြစ်ပြီး ယိမ်းထိုးသွားရာက အပြင်သို့ မထွက် ထွက်အောင် ရိုက်ထုတ်နေသလို ယိမ်းထိုးလှုပ်ခါသွားပါတယ်၊
သိသာတဲ့ ခပ်ရမ်းရမ်း တွန်းတဲ့အရှိန်ကြောင့် အမေက ဘာဖြစ်တာလဲဆိုတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်ပါတယ်၊ “ အမေ… အမေ့သမီး ခင်မော်သန်း ရှိတယ်နော် ” အမေ့မျက်နှာနဲ့ မျက်နှာချင်းဆိုင်ပြီး အမေ့ကိုယ်ပေါ်သို့ ကျွန်မရဲ့ကိုယ်ကို အုပ်မိုးပြီး ကာထားလိုက်ပါတယ်၊ ကြောက်လန့်တကြားငိုသံ၊ ငယ်သံပါအောင်အော်သံ ၊ ပစ္စည်းတွေပြုတ်ကျသံနဲ့ ဆူညံပွက်လောရိုက်နေပါတယ်၊ အမေ့ကို ပေးထားတဲ့ အောက်စီဂျင်အိုးအကြီးဟာ ကြမ်းပြင်ပေါ်သို့ “ ဒုန်း ” ကနဲ လဲကျသွားရုံသာမက ထိပ်က ပိုက်ပါပွင့်ထွက်ပြီး တရှူးရှူးနဲ့ အဆက်မပြတ်မြည်နေပါတယ်၊ “ ဟာ… အောက်စီဂျင်အိုးကြီး ပွင့်သွားပြီ၊ ဝါယာ ရှော့ဖြစ်ရင် မီးလောင်မှာ စိုးရတယ် ” သားငယ်က စိုးရိမ်တကြီး အသိပေးပါတယ်၊ ခါတိုင်း ငလျင်ကဲ့သို့ စက္ကန့်ပိုင်းနဲ့ ရပ်သွားလိမ့်မယ်ထင်ပေမယ့် ကြီးမားပြင်းထန်တဲ့ ငလျင်ကြီးဟာ မပြီးနိုင် မစီးနိုင်အောင်ကို တွန်းတိုက်ခါယမ်းနေပါတယ်၊ ကြာလိုက်တာ… ငရဲပွက်တမျှဆိုတာ ကိုယ်တိုင်ကြုံရပါပြီ။ ငရဲပွက်တမျှအခြေအနေကို လေမွေ့ယာပေါ်မှာလဲလျောင်းနေရတဲ့ နားလေးတဲ့အမေကတော့ ရိပ်စားမိပုံမပေါ်ပါဘူး၊ အာစိဏ္ဏကံကောင်းတယ်ဆိုပေမယ့်လည်း ဖွ ဖွ မပြောကောင်း မဆိုကောင်း၊ နောက်ဆုံးအချိန်မှာ ထိတ်လန့်နေတာမျိုး မဖြစ်ရဘူးလေ။ မိနစ်ပိုင်းမျှဆိုပေမယ့် တကမ္ဘာလောက်ကြာတယ်လို့ ထင်ရတဲ့အခိုက်အတန့်ပါလား၊ ငြိမ်သွားတဲ့အချိန်မှာ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကမှ ပြန်သွားတဲ့ မမနဲ့ အောင်အောင်ကို စိတ်ပူမိပါတယ်၊ ကားထုတ်တာက ငါးမိနစ်လောက်ကြာတာဆိုတော့ ကားသွားနေရင်း ငလျင်ကြီးနဲ့ ပက်ပင်းကြုံရမှာပဲ၊ အဆောက်အဦးတွေ ဓာတ်တိုင်တွေ ပြိုလဲတာမျိုးကြုံနိုင်ပြီး အန္တရာယ်မှ ကင်းကြရဲ့လား။
မမဆီ ဖုန်းခေါ်ပေမယ့် ဖုန်းခေါ်လို့မရပါဘူး။ အောက်ခြေတိုင်တွေ ခြစားလို့ ဆွေးနေတဲ့ ယိုင်နဲ့နဲ့ ကျွန်မရဲ့ ထရံကာသွပ်မိုးအိမ်လေးရော ပြားများသွားပြီလား၊ အိမ်ဦးနတ်ကြီးလည်း ပြန်ရောက်ပြီး တခုခုတော့ လုပ်နေမှာပဲ၊သူရော လွတ်မှ လွတ်ရဲ့လား၊ ကိုယ့်ကိုယ်ကို ဘေးလွတ်သွားပြီလို့ တွေးပေမယ့် မမြင်ရတဲ့ မိသားစုကို စိတ်ပူရတာပေါ့၊ အိမ်ဦးနတ်ကြီးဆီ ဖုန်းခေါ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး၊ အဆက်အသွယ်ပြတ်တောက်သွားတော့မလား တွေးနေဆဲမှာပဲ ဖုန်း ဝင်လာပါတယ်၊ ဟယ်… အိမ်ဦးနတ်ကြီးဆီကပဲ၊ “ ကျွန်မတို့ ဘာမှမဖြစ်ဘူး၊ အိမ်ပြိုသွားပြီလားဟင် ” “ ငါတို့အိမ်ရော မင်းအမေအိမ်ရော ဘာမှ မဖြစ်ဘူး ” “ ဟုတ်လို့လား ငလျင်က ဒီလောက်ကြမ်းတာကို ” “ ဟုတ်ပါတယ်ဆို ဟာ… မိမိရေ၊ နောက်တချီ ပြန်လာနေပြီ ” မယုံနိုင်စရာကောင်းလောက်အောင်ပဲ ငလျင်ကြီးဟာ ဒုတိယအကျော့ ပြန်လာနေပါပြီ။ ဆူသံ အော်သံတွေဟာ ပိုပြီး ဆူညံပွက်လောရိုက်နေပါတယ်၊ မှောက်ကျသွားတဲ့ကော်ဖီခွက်ကြောင့် ညစ်ပတ်သွားတဲ့ ကြမ်းပြင်ကို တစ်ရှူးတွေနဲ့ သုတ်သင်နေတဲ့ ကျွန်မဟာ အမေရှိရာ လွှားကနဲပြေးလို့ အုပ်မိုးရပြန်ပါပြီ၊ “ “ အမေ့ သမီး ခင်မိမိက ဒီမှာနော် အမေ ” ဒီတချီမှာတော့ သူနာပြုဆရာမလေးတွေဟာ လူနာတွေကို အပြင်သို့ အမြန်ရောက်အောင် အားထုတ်ကြိုးပမ်းကြပါတယ်၊ “ အဖွားဒေါ်ညွန့်ရွှေက ဝှီးချဲနဲ့မရဘူး၊ တွန်းလှည်းယူခဲ့ပါ၊ မြန်မြန်လေး မြန်မြန်လေး ” ရေတွေ ရွှဲရွဲစိုနေတဲ့ အမျိုးသားဝန်ထမ်းနှစ်ယောက်တွန်းလာတဲ့တွန်းလှည်းပေါ်သို့ အမေ့ကို ပြောင်းတင်ကြပါတယ်၊ ၂၄ နာရီသွင်းထားရတဲ့ ဆေးလည်း ပလပ်ပေါက်ကို ဆွဲဖြုတ်ရပါပြီ၊ အောက်စီဂျင်နှစ်လိုင်းလည်း ဖြုတ်လိုက်ရပါပြီ၊ HDU ကနေအပြင်ထွက်လိုက်တယ်ဆိုရင်ပဲစကြံင်္ မျက်နှာကျက်ကနေ ရေတွေ ရေတွေဟာ မိုးကြီးရွာချနေသလို သွားရာလမ်းတလျောက်အဆက်မပြတ် ယိုစီးကျနေပါတယ်၊ “ ငလျင်ကြောင့် ဝါယာကြိုးသာပေါက်လိုက်လို့ကတော့ ဓာတ်လိုက်ကုန်တော့မှာပဲ ” “ ဓာတ်လှေကားက ရနေသေးတယ်၊ ဓာတ်လှေကားနဲ့ပဲ ဆင်းကြမလား၊
” သူနာပြုဆရာမလေးရဲ့အဆိုကို ထောက်ခံ လိုက်ပါတယ်၊ “ ဘယ်တတ်နိုင်ပါ့မလဲ ၊ သုံးရမှာပဲ ဆရာမ ” ဓာတ်လှေကားရပ်ပြီး ပိတ်မိမသွားဖို့ ဘုရားတရားအာရုံပြုရင်း ဆင်းလာကြပါတယ်၊ မကြောက်မရွံ့ စီးကြတာ များ၊ အို… လူနာက အရေးကြီးသလို သူနာပြုဆရာမလေးတွေလည်း အရေးကြီးပါတယ်၊ ကြောက်ရွံ့တုန်လှုပ်ရင်း၊ ငိုနေရင်း ကိုယ့်အမေကို ဂရုစိုက်ပေးနေရတာ တကယ့်ကို ကျေးဇူးတင်ရတာပါ။ “ ဆရာမ၊ အိမ်ကို ဖုန်းဆက်ကြည့်လေ ” “ ဆက်ပြီးပြီ အန်တီ၊ ဖုန်းတွေက ဘယ်မှ ဆက်မရဘူး ” ဆေးရုံထဲကနေ အပြင်သို့ ထွက်လိုက်တာနဲ့ လမ်းအပြည့် လမ်းမအလယ်မှာ ရပ်နေတဲ့ လူအုပ်ကြီးတွေ၊ လူအုပ်ကြီးကိုရှောင်ပြီး အရေးတကြီး မောင်းနှင်သွားလာနေတဲ့ ကားတွေနဲ့ ပိတ်ဆို့နေပါတယ်၊ အမေ့ကို မျက်ခြည်ပြတ်မခံတဲ့ကျွန်မဟာ အမေ့မျက်လုံးဖွင့်ပြီး အပေါ်ကို မော့ကြည့်တာ မြင်လိုက်ရပါတယ်၊ “ အမေ၊ အမေ့သမီးခင်မိမိက ဒီမှာ ရှိတယ်နော် ” ကျွန်မမျက်နှာပြပြီး အမေ့ကို အသိပေးပါတယ်၊ “ အမေကြီးက အသက်ကြီးပြီပဲ၊ ထီးအရိပ်အောက်မှာထားပါခင်ဗျ ” လမးဘေးမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ပိုင်ရှင်က ကရုဏာစကားနဲ့ ဖိတ်ခေါ်မှာတယ်၊ အမေ့ကို ထီးအရိပ်အထိ တွန်းပို့လို့ အပြီးမှာ… သိမ့်ကနဲ ငလျင် လှုပ်ခတ်သွားပြီးတဲ့နောက်… သားငယ်ရဲ့ အထိတ်တလန့် အော်သံ ထွက်လာပါတယ်၊
“ ဆရာမ၊ ဆရာမ အဖွားက အသက်ရှုတာ ရပ်သွားပြီ ” အမေ အောက်ရောက်ပါပြီဆိုကတည်းက အရေးပေါ်အိတ်ယူလာခဲ့ပြီး ငိုရင်း ရှိုက်ရင်း ကြောက်ရွံ့တုန်လှုပ်နေရင်းနဲ့ အရေးပေါ်အသက်ရှုလေအိတ်ကို အဆက်မပြတ် ညှစ်ပေးနေတဲ့ သူနာပြုဆရာမလေးနှစ်ယောက်ဟာ ချက်ခြင်း အကူအညီ အော်ဟစ်တောင်းခံပါတယ်၊ “ အမ်အိုတွေ အမ်အိုတွေ ဒီနားမှာ ဘယ်သူရှိသလဲ၊ လာကြပါဦး၊ အရေးပေါ် အရေးပေါ် ” ချက်ခြင်းဆိုသလိုပဲ လက်ထောက်ဆရာဝန် လေးယောက်နဲ့ သူနာပြုခြောက်ယောက်တို့ဟာ အမေ့ဘေးပတ်ပတ်လည် အပြည့်ဝန်းရံပြီး နှလုံးနှိုးပေးကြပါတယ်၊ လမ်းပေါ်မှာ လူတွေ အပြည့် အများကြီး အမေ့ဘေးပတ်ပတ်လည်မှာ ကျန်းမာရေးဝန်ထမ်းတွေ အပြည့်နဲ့ အမေ့ရဲ့ နောက်ဆုံးအခြေအနေကို… အမေ… အမေ့သားသမီးတွေအားလုံးကလေ အမေ့ဆန္ဒတွေကို အဖက်ဖက်က ဖြည့်ဆည်းပေးကြလို့ အမေလည်း သံသရာခရီးမှာ အထုပ်ကြီးကြီးနဲ့ ခရီးဆက်နိုင်ပါပြီ၊ တောမှာ မနေပဲ မြို့ကြီးမှာ နေထိုင်ရင်း လိမ္မာတဲ့ မြေးတွေအားလုံးကြောင့် အမြဲဂုဏ်ယူဝင့်ကြွားနေတဲ့အမေ … သံသရာခရီးကို အရှည်ကြီး မဆက်ပဲ မြင့်ရာ ဘုံဘဝတွေကနေ နိဗ္ဗာန်ကို မြင်နိုင်တဲ့ အသိဉာဏ် ဆိုက်ရောက်ပါစေ၊ အမေ့ ချစ်သမီး ခင်မော်သန်း
#ခင်မိမိ_နန်းတော်ရှေ့





