
သူကြီးဦးရွှေမောင်သေဆုံးပြီးသည့်နောက် ဖက်လိပ်ရွာတွင် သူကြီးမရှိဘဲဖြစ်နေလေသည်။ ထိုအခါ ရှေးဗမာများကျင့်သုံးခဲ့သည့်ထုံးစံအတိုင်း ရပ်ရွာအတွင်းမှ သူကြီးအဖြစ်တင်မြှောက်နိုင်ရန် အရည်အချင်းရှိသည့်သူအား ရွေးချယ်တင်မြှောက်ကြလေသည်။ ရှေးဗမာထုံးစံအရ အုပ်ချုပ်နေသည့် သူကြီးဆက်ပြတ်သွားသည့်အခါမျိုးတွင် ရွာဦးကျောင်းဆရာတော်နှင့် ကျေးရွာအတွင်းသြဇာညောင်းသည့် ရပ်မိရပ်ဖ လေးဦးပါဝင်သည့် သမာဓိအဖွဲ့ကိုဖွဲ့ကာ ရပ်ရွာအတွင်းဖြောင့်မတ်တည်ကြည်မှန်ကန်ကာ သူကြီးအဖြစ်အားကိုးလောက်သည့် ရွာသားတစ်ဦးကို ရွေးချယ်ကြလေသည်။
ထိုသို့ရွေးချယ်သည့်အခါ သူကြီးဦးရွှေမောင်၏ သူငယ်ချင်းဖြစ်သူ သွေးသောက်ကြီးဦးရေချမ်းကို ရွာဦးကျောင်းဆရာတော်က သူကြီးအဖြစ်ခန့်အပ်ရန်အတွက် အကြံပြုလေသည်။ သွေးသောက်ကြီးဦးရေချမ်းမှာ ယခင် ဘုရင့်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ကာ ရေချမ်းဆိုသည့်အမည်အတိုင်း အနေအထိုင်အေးဆေးသူဖြစ်သည်။ အနေအထိုင်အေးဆေးသော်လည်း ပျော့ညံ့သူတစ်ယောက်မဟုတ်ဘဲ အရေးကြုံလာသည့်အခါတိုင်း ဓါးစွဲကာ ရှေ့တန်းမှရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်သူတစ်ယောက်လည်းဖြစ်ပြန်သည်။
ရပ်ရေးရွာရေးကိစ္စကြုံတွေ့လာသည့်အခါတိုင်းတွင်လည်း အားတက်သရောကူညီလေ့ရှိသဖြင့် ရွာသူရွာသားအပေါင်းတို့က ဦးရေချမ်းအား လေးစားဆက်ဆံခေါ်ဝေါ်ကြလေသည်။ ယခုအခါ သူကြီးအဖြစ်တင်မြှောက်ရေးအတွက် ရွာဦးကျောင်းဆရာတော်က အရေးဆိုလာသဖြင့် ကျန်သည့်ရပ်မိရပ်ဖလူကြီးလေးဦးတို့မှာ ဆွေးနွေးဆုံးဖြတ်ကြသည်။ ဦးရေချမ်းအား တစ်ရွာလုံးက ချစ်ခင်ကြသည်မို့ ကျန်သည့်ရပ်မိရပ်ဖလူကြီးများကလည်း ဦးရေချမ်းသူကြီးဖြစ်ရေးအတွက် ထောက်ခံလိုက်သည့်အခါ ဦးရေချမ်းမှာ ဖက်လိပ်ရွာသူကြီးဖြစ်သွားတော့သည်။
ထိုအဖြစ်ကို ငန်းမြာရွာတွင်ရောက်နေသည့် ဖိုးမောင်က မကျေနပ်ပေ၊ သူသာလျှင်သူကြီးမျိုးရိုးဖြစ်ကာ ဖက်လိပ်ရွာကို သူသာလျှင်အုပ်ချုပ်ရမည်ဟု တွေးတောကြံဆနေသူဖြစ်သည်။ ထို့ကြောင့် အဘိုးဖြစ်သူ ငန်းမြာရွာသူကြီး ဦးဖောအား သူကြီးဖြစ်ရေးအတွက် အမြဲလိုလိုအပူကပ်နေမိသည်။
“အဘိုး၊ ကျုပ်တို့ရွာမှာ သူများက သူကြီးတက်လုပ်နေပြီအဘိုးရဲ့၊ ဒါကြောင့် အဘိုးက အင်္ဂလိပ်မင်းတွေကိုပြောပြီးတော့ ကျုပ်ကိုထောက်ခံပေးပါ၊ ကျုပ်ရွာမှာ ကျုပ်သူကြီးလုပ်နိုင်အောင် ထောက်ခံပေးပါအဘိုး”
ထိုစဉ်က ဖိုးမောင်မှာ အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိသေးသဖြင့် ဦးဖောက ခေါင်းခါလိုက်လေသည်။
“မင်းက သူကြီးမျိုးရိုးမို့ သူကြီးဖြစ်ရမှာမှန်ပေမယ့်၊ အင်္ဂလိပ်မင်းတွေက မင်းကိုအသက်အရွယ်ငယ်သေးတယ်ဆိုပြီး သူကြီးအဖြစ်ခန့်အပ်ဖို့ မသင့်လျော်ဘူးလို့ ယူဆတယ် ငါ့မြေးရဲ့”
“ကျုပ်အသက် မငယ်တော့ပါဘူး အဘိုးရာ၊ အသက်ဆယ့်ခြောက်နှစ်တောင်ပြည့်ပြီးပါပြီဗျ၊ ဗမာ့သမိုင်းမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းလုပ်အုပ်ချုပ်တဲ့လူတွေ အများကြီးရှိတယ်မဟုတ်လား”
“လူလေးရဲ့ အခုက ဗမာတွေအုပ်ချုပ်နေတာမှမဟုတ်တာ၊ အင်္ဂလိပ်မင်းတွေကတော့ သူကြီးဖြစ်ရမယ့်လူဟာ အနည်းဆုံးအသက်နှစ်ဆယ်အရွယ်လောက်ရှိရမယ်၊ ဒါမှ လူကြီးဖြစ်ပြီး ရင့်ရင့်ကျက်ကျက်နဲ့တွေးခေါ်စဉ်းစားနိုင်မယ်လို့ သူတို့က ယူဆတယ်ကွဲ့”
ဖိုးမောင်မှာ အဘိုးဖြစ်သူက မိမိအားသူကြီးမဖြစ်စေရန် ရည်ရွယ်သည်ဟုဆိုကာ အဘိုးအားစိတ်ကောက်နေလေတော့သည်။ ငန်းမြာရွာတွင်နေထိုင်သည့်ဖိုးမောင်မှာ မည်သည့်အလုပ်မှ မယ်မယ်ရရမလုပ်ဘဲ တစ်နေ့တစ်နေ့ထန်းတောထဲသွားကာ သောက်စားမူးယစ်ပျော်ပါးနေလေသည်။ ငန်းမြာရွာသူကြီး အဘိုးဖြစ်သူ၏ အရှိန်ကြောင့် ရွာတွင်လိုလေသေးမရှိဘဲ အေးအေးလူလူနေထိုင်နိုင်သည်။ သို့သော်အခါအခွင့်သင့်သည့်အခါတိုင်း အဘိုးဖြစ်သူအား သူကြီးအဖြစ်ထောက်ခံပေးရန်ပြောဆိုသော်လည်း ဦးဖောမှာ ငြင်းဆန်၍သာနေလေသည်။
ဖိုးမောင်မှာ သောက်လိုက်စားလိုက်နှင့် အသက်အရွယ်ပင် နှစ်ဆယ်ကျော်ပြီး သုံးနှစ်ခန့်ပင် စွန်းလာခဲ့ပြီဖြစ်သည်။ သို့သော် နေ့တိုင်း ထန်းရည်တောသို့ တပည့်တပန်းများနှင့် ထွက်ခွာလေ့ရှိပြီး ထိုနေရာတွင်သာ အချိန်ဖြုန်းနေလေ့ရှိသည်။ ထန်းရည်သောက်ရင်း ပျင်းသည့်အခါ တပည့်များနှင့် ကြွေအန်ပစ်လိုက်၊ အန်စာခေါက်လိုက်နှင့် လောင်းကစားအလုပ်များကိုသာလုပ်ကိုင်နေလေသည်။
တစ်ရက်တွင်တော့ ငန်းမြာရွာထန်းတောသို့ လူတစ်ယောက် ရောက်လာလေသည်။ ထိုလူမှာ ဆင်စွယ်ရောင်ရင်ဖုံးအင်္ကျီကိုဝတ်ဆင်ထားကာ အောက်တွင်တောင်ရှည်ပုဆိုးတစ်ထည်ကိုဝတ်ဆင်ထားသည်။ ခေါင်းပေါင်းစချွန်ချွန်ကိုလည်း ပေါင်းထားသေးသဖြင့် ထိုလူကိုကြည့်ရသည်မှာ အထက်တန်းစားလူတစ်ဦးနှင့်တူသည်ဟု ထင်မြင်ရသည်။ သို့သော် ထိုလူဝတ်စားထားသည့်အဝတ်အစားများမှာ ပေကျံမည်းညစ်နေသဖြင့် ထိုလူ၏ရုပ်သွင်မှာ အထည်ကြီးပျက်တစ်ယောက်နှင့်ပင်တူညီလှသည်။ ထိုလူ၏ မျက်နှာမှာ ရှည်မြောမြောဖြစ်ကာ မျက်ရစ်မပါသည့် မျက်လုံးများက ခပ်မှေးမှေးရှိသည်။ ထူးခြားချက်မှာတော့ ထိုလူ၏ရှေ့သွားနှစ်ချောင်းမှာ အရှေ့သို့အတော်အတန်ခေါထွက်နေခြင်းဖြစ်သည်။
ထိုလူမှာ ထန်းတောတွင်ထိုင်ကာ ထန်းရည်သောက်ရင်း ဖိုးမောင်တို့နှင့်အဖွဲ့ကျသွားလေသည်။ နေ့လည်ရောက်သည့်အခါ ဖိုးမောင်က ကြွေအန်ကစားလေရာ ထိုလူကလည်း ဝင်ရောက်ဆော့ကစားသည်။
“ဟေ့လူ၊ ဟောဒီရွာမှာ ကျုပ်က ကြွေဘုရင်ဗျ၊ ခင်ဗျားကျုပ်နဲ့ဆော့ပြီး ပါလာတဲ့ပစ္စည်းလေးတွေ ကုန်သွားအုံးမယ်ဗျနော်”
ထိုအခါ သွားခေါခေါနှင့်လူက ရယ်မောလိုက်ပြီး
“ကျုပ်နာမည် ဉာဏ်သမားရွေခေါလို့ခေါ်ကြတယ်၊ အောက်ပြည်အောက်ရွာမှာ ကျုပ်မနိုင်တဲ့ကြွေပွဲမရှိဘူး”
သို့နှင့် ဖိုးမောင်နှင့်ရွှေခေါတို့မှာ ကြွေအန်ဆော့ကစားကြလေသည်။ ဖိုးမောင်မှာ သူကြီး၏ မြေးဖြစ်သည်မို့ ရွာသားများက အလျော့ပေးဆော့ကြသောကြောင့် ယခင်က ဖိုးမောင်ချည်းသာ အမြဲအနိုင်ရသော်လည်း ယခု ဉာဏ်သမားရွှေခေါမှာ ကြွေအန်ကိုကျင်ကျင်လည်လည်ကစားတတ်သူဖြစ်သဖြင့် ဖိုးမောင်တစ်ယောက်အရှုံးကြီးရှုံးလေတော့သည်။
“ဟား၊ ဟား တွေ့ပြီလား ကျုပ်နာမည် ဉာဏ်သမားရွေခေါပါ၊ ကျုပ်ကြံရင် မဖြစ်ဘူးဆိုတာမရှိဘူး”
ထိုအခါ ဖိုးမောင်မျက်လုံးများ အရောင်လက်သွားသည်။
“ခင်ဗျားကြံရင် မဖြစ်တာမရှိဘူးဆိုတာ တကယ်လား”
“သေချာတာပေါ့၊ ဉာဏ်သမားဆိုတာ ဉာဏ်ပဲသုံးတာပဲ၊ အကြံကောင်းရင်တစ်ချက် ဉာဏ်ကောင်းရင်တစ်သက်ဆိုသလို ကျုပ်တစ်သက်မှာ ကျုပ်ကြံလို့မဖြစ်တဲ့အရာဆိုတာ မရှိခဲ့ဖူးဘူး”
ဉာဏ်သမားရွှေခေါမှာ စာပေကျမ်းဂန်နှံစပ်သူပီပီ စာပေကျမ်းဂန်များကိုရွတ်ဖတ်ပြလိုက်သည့်အခါ ဖိုးမောင်မှာ အလွန်လေးစားကြည်ညိုသွားလေတော့သည်။
“ဒါဖြင့် ကျုပ်ကိုတစ်ခုကြံပေးဗျာ”
“ကျုပ်ဆီက အကြံတော့ အလကားမရဘူးနော်”
“ရပါတယ်၊ ဒီအကြံသာအောင်မြင်ရင် ခင်ဗျားလိုချင်တာ ဖြစ်စေရမယ်”
ရွှေခေါမှာ မျက်လုံးများအရောင်လက်သွားပြီး
“ကဲပြောစမ်း၊ ကျုပ်က ဘာကြံပေးရမလဲ”
“ကျုပ်ကိုသူကြီးဖြစ်အောင် ကြံပေးရမယ်”
ရွှေခေါမှာအံ့သြသွားကာ
“ကျုပ်ကြားရသလောက်ကတော့ ငန်းမြာရွာသူကြီးက ခင်ဗျားအဘိုးဆို၊ ဧကန္တ ခင်ဗျားအဘိုးကို မကောင်းကြံချင်တယ်နဲ့တူတယ်”
“မဟုတ်ပါဘူးဗျာ၊ ကျုပ်အဖြစ်က ဒီလိုဗျ”
ဖိုးမောင်က ရွှေခေါအား သူ့ဘဝအဖြစ်အပျက်များကိုပြောပြလိုက်လေသည်။ ရွှေခေါမှာ ကျိုးတို့ကျဲတဲပေါက်နေသည့် မုတ်ဆိတ်မွှေးများကို လက်နှင့်သပ်ရင်း ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေလေသည်။
“ဘယ်လိုလဲ၊ ကျုပ်အဖြစ်ကတော့ အဲဒါပဲ၊ ခင်ဗျားအကြံကောင်းတယ်ဆိုရင် ကျုပ်ကိုသူကြီးဖြစ်အောင်ကြံပေးနိုင်မလား”
ရွှေခေါက ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျား တကယ်ပဲ ကျုပ်ခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင် ခင်ဗျားသူကြီးဖြစ်ကိုဖြစ်စေရမယ်”
ဖိုးမောင်မှာ အားတက်သရောဖြင့်
“တကယ်ပြောတာလား ကိုရွှေခေါ၊ ခင်ဗျားကျုပ်ကို သူကြီးဖြစ်အောင်တကယ်ကြံပေးမှာလား”
“ကျုပ်မကြံရင် မဖြစ်ဘူးဆိုတာမရှိပါဘူးဆိုနေမှ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ခင်ဗျားကျုပ်ပြောတာကိုနားထောင်၊ ကျုပ်ခိုင်းတာကို တသွေမတိမ်းလုပ်၊ ဒါမှသူကြီးဖြစ်မှာနော်”
“ရတယ်ဗျာ၊ သူကြီးဖြစ်ဖို့က အဓိကပဲ ဘာပဲလုပ်ရလုပ်ရ ကျုပ်လုပ်နိုင်ပါတယ်”
“ကောင်းပြီလေ၊ ဒါနဲ့ ခုရှုပ်မှနောင်ရှင်းဆိုသလို ခင်ဗျားသူကြီးဖြစ်ရင် ကျုပ်ကိုဘာပေးမှာလဲ”
“ခင်ဗျားလိုချင်တာသာတောင်းဗျာ၊ အကုန်ဖြစ်စေရမယ်လို့ ကျုပ်ကတိပေးတယ်”
“ဖိုးမောင် ခင်ဗျားကတိကို ခင်ဗျားတည်ရမယ်နော်”
“စိတ်ချစမ်းပါ၊ ခင်ဗျားသာ ကျုပ်ကိုသူကြီးဖြစ်အောင်လုပ်ပေးရင် ခင်ဗျားလိုချင်တာ ဘာမဆိုဖြစ်စေရမယ်”
“ဒါဆိုရင်ခင်ဗျားကျုပ်ကို ကန်တော့လိုက်တော့”
ရွှေခေါပြောလိုက်သည့်အခါ ဖိုးမောင်မှာ အံ့သြသွားလေသည်။
“နေစမ်းပါအုံး၊ ကျုပ်က ဘာဖြစ်လို့ခင်ဗျားကို ကန်တော့ရမှာလဲ”
“ရော်၊ ခက်နေပြန်ပါပြီ၊ ခင်ဗျားကိုကျုပ်ပြောပြီးပြီလေ၊ သူကြီးဖြစ်ချင်ရင် ကျုပ်ခိုင်းတာ အကုန်လုပ်ရမယ်ဆိုတာကို”
ထိုအခါ ဖိုးမောင်မှာ မစဉ်းစားတော့ဘဲ ရွှေခေါအား ဖင်ပူးတောင်းထောင်ကာ ကန်တော့လေတော့သည်။ ရွှေခေါက ခေါင်းတညိတ်ညိတ်နှင့်
“ဖိုးမောင်၊ မင်းအခုငါ့ကိုကန်တော့တယ်ဆိုတာ လူကိုကန်တော့တာမဟုတ်ဘူး၊ ငါ့ရဲ့ပညာကိုကန်တော့တာ၊ ငါ့ရဲ့ဉာဏ်ပညာကို ကန်တော့တာပဲကွ၊ ဟား ဟား”
(၂)
“ခင်ဗျားကို ခြောက်လအတွင်းသူကြီးဖြစ်အောင်လုပ်ပေးမယ်”
ဖိုးမောင်မှာအလွန်အားတက်သွားသည်။
“အရင်ဆုံး ခင်ဗျားလုပ်ရမှာက ဒီရွာနားပတ်ဝန်းကျင်က လူဆိုးလူမိုက်၊ လက်မရွံ့လူတွေကို စုစည်းပြီးတော့ ခင်ဗျားလက်အောက်ရောက်လာအောင် သိမ်းသွင်းရမယ်”
ဖိုးမောင်မှာ ခေါင်းညိတ်လိုက်ပြီး
“ဒါကတော့ ကျုပ်အတွက်မခက်ပါဘူး၊ ကျုပ်က နဂိုကတည်းက လူဆိုးလူမိုက်တွေနဲ့အုပ်ဖွဲ့ပြီး ထန်းတောထဲနေတတ်တဲ့လူဆိုတော့ ဒီလောက်လုပ်ရတာ အပန်းမကြီးပါဘူး”
“ပြီးတော့ ကျုပ်ငွေငါးရာလိုချင်တယ်”
ဖိုးမောင်မှာ မျက်မှောင်ကြုတ်လိုက်ရင်း
“ဟေ့လူ ကိုရွှေခေါ၊ ခင်ဗျားကျုပ်ကို သူကြီးဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးတော့ ငွေတွေယူပြီးပြေးမှာတော့ မဟုတ်ပါဘူးနော်”
“ခင်ဗျားကျုပ်ကိုမယုံဘူးလား”
“ယုံတော့ယုံပါတယ်”
“ဒီမှာ ဖိုးမောင် ခင်ဗျားက သူကြီးသားဖြစ်ခဲ့တာဆိုတော့ ခင်ဗျားကိုကျုပ်တစ်ခုမေးမယ်၊ လူတွေကို ဘယ်အရာနဲ့အုပ်ချုပ်မှ ငြိမ်ဝပ်မလဲ”
ဖိုးမောင်မှာ စဉ်းစားရင်း
“အဲဒါကတော့ မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနဲ့ နောက်ပြီးတော့ . . .-
“ထွီ၊ သွားစမ်းပါ၊ အဲဒါတွေက အပိုတွေလျှောက်ပြောနေတာ၊ လူတွေကို အုပ်ချုပ်နိုင်တာ တစ်ခုပဲရှိတယ်”
“ဟင်၊ အဲဒါက ဘာလဲ”
“အကြောက်တရားပဲ”
ဖိုးမောင်မှာ နားမလည်နိုင်ပေ။
“လူတွေရဲ့ရင်ထဲကို အကြောက်တရားတစ်ခု ရိုက်သွင်းထားနိုင်ရင် အဲဒီလူတွေကို သားစဉ်မြေးဆက်အုပ်ချုပ်ပေတော့၊ ဒီလူတွေဟာ ကြောက်နေသရွေ့ ခင်ဗျားပြောတိုင်းအောင်၊ လုပ်တိုင်းဖြစ်စေရမယ်”
“နေပါအုံး ခင်ဗျားပြောတာတော့ဟုတ်ပါတယ်၊ အဲဒီအကြောက်တရားဆိုတာကို ကျုပ်ကဘယ်မှာသွားရှာရမှာလဲ”
“ခင်ဗျားရှာစရာမလိုဘူးလေ၊ ကျုပ်ကသွားရှာပေးမယ် ဒါကြောင့် ခင်ဗျားဆီက ငွေငါးရာတောင်းတာပေါ့”
“အကြောက်တရားကို ငွေငါးရာနဲ့ဝယ်လို့ရသလား”
ရွှေခေါက ပြုံးလိုက်ပြီး
“အင်္ဂလိပ်မင်းတွေ ပြောတာကြားဖူးတယ်၊ ဗမာဆိုတာ သေနတ်ပြရင် ဖင်တုန်အောင်ကြောက်သတဲ့”
“ဒါဆိုခင်ဗျားက သေနတ်သွားဝယ်မှာပေါ့”
“ဟုတ်တယ်၊ လူတွေရဲ့ရင်ထဲကို အကြောက်တရားရိုက်ထည့်ထားဖို့အတွက် လက်နက်လိုအပ်တယ်၊ အင်္ဂလိပ်တွေက ဗမာတွေကို အုပ်ချုပ်နေနိုင်တာလည်း ဒီသေနတ်ကြောင့်ပဲမဟုတ်လား”
“ကျုပ်သဘောပေါက်သလိုတော့ရှိပါပြီ ကိုရွှေခေါ”
“ကျုပ်ကိုငွေငါးရာပေးလိုက်၊ သုံးလနေရင် ကျုပ်ပြန်လာခဲ့မယ်၊ ဒီသုံးလအတွင်းမှာ ခင်ဗျားက လက်မရွံ့လူမိုက်တွေကို စုစည်းပြီး ကိုယ့်လက်အောက်ငယ်သားဖြစ်အောင် သေချာစည်းရုံးထား၊ ဟုတ်ပြီလား”
ဖိုးမောင်မှာ ခေါင်းညိတ်လိုက်လေသည်။
“ခင်ဗျားပြောတာ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်လက်ထဲမှာ ငွေငါးရာဘယ်ရှိပါ့မလဲ၊ ကျုပ်က စုမိဆောင်းမိလုပ်တဲ့လူလည်းမဟုတ်ဘူးလေ”
ရွှေခေါမှာ ကိုယ့်နဖူးကိုယ်လက်ဝါးနှင့်ပိတ်ရိုက်လိုက်တော့သည်။
“ခင်ဗျားနဲ့တွေ့တာ သေချင်တာပဲ၊ ကျုပ်က ခင်ဗျားငွေငါးရာရဖို့ကိုပါ ကြံပေးရမှာလား”
“ဟာ၊ ခင်ဗျားမှာ ငွေရှာဖို့အကြံရှိတယ်ပေါ့”
“ကဲပါ၊ ကူညီလက်စနဲ့တော့ ပြီးအောင်ကူညီရမှာပေါ့၊ ဒါနဲ့ ခင်ဗျားအဘိုးဆီမှာ ငွေတွေဘာတွေစုမိဆောင်းမိရှိတယ်မဟုတ်လား”
“ရှိတာပေါ့ဗျာ၊ သိပ်ရှိတာပေါ့၊ ငွေငါးရာဆိုတာ ကျုပ်အတွက်ခက်ခဲပေမယ့် သူ့အတွက်တော့ဘာမှမဟုတ်ပါဘူး”
“ဒါဖြင့်လွယ်ပါတယ်၊ ခင်ဗျားအဘိုးအိမ်ကို ခင်ဗျားတို့ဓါးပြပြန်တိုက်ပေါ့ဗျ”
“ဗျာ၊ ကျုပ်နေတဲ့အိမ်ကို ကျုပ်က ဓါးပြပြန်တိုက်ရမှာတဲ့လား”
“ဟုတ်တယ်လေ၊ ခင်ဗျားနေတဲ့အိမ်ဆိုတော့ ဒီအိမ်ကိုဘယ်လိုဝင်ထွက်ရတယ်၊ ဘယ်နားမှာဘယ်လိုရှိတယ်ဆိုတာ ခင်ဗျားအသိဆုံးမဟုတ်လား”
ဖိုးမောင်မှာ ခေါင်းညိတ်လိုက်လေသည်။
“ပြီးရင် ဓါးပြက အိမ်ပေါ်တက်ပြီး ခင်ဗျားအဘိုးလည်ပင်းကို ဓါးနဲ့ထောက်လိုက်ရင် ငွေငါးရာဆိုတာ အသာကလေးထွက်လာနိုင်မယ်မဟုတ်လား”
“ဒါပေမယ့် ကျုပ်အဘိုးက သူကြီးနော်၊ ဒီဓါးပြမှုကို လိုက်စုံစမ်းရင် ကျုပ်တို့တွေခက်ကုန်ပါ့မယ်”
“ခင်ဗျားအဘိုးက ဒီကိစ္စကို စုံစမ်းဖို့နေနေသာသာ လူသိခံမှာတောင်မဟုတ်ဘူး၊ ခင်ဗျားပဲစဉ်းစားကြည့် ဒီလောက်လူတွေအများကြီးကိုအုပ်ချုပ်နေတဲ့သူကြီးအိမ်ပေါ်ကို ဓါးပြကတက်ပြီး ဓါးထောက်လုယက်သွားပါတယ်ဆိုတာသာ ပတ်ဝန်းကျင်ကလူတွေသိသွားရင် သူကြီးသိက္ခာကျမယ်မဟုတ်လား၊ ဒါကြောင့် သူကြီးက ငွေပေးပြီးရင် ဒီကိစ္စကိုဖုံးကွယ်ထားမှာ ကြိမ်းသေပါတယ်”
ဖိုးမောင်မှာ အားရကျေနပ်သွားကာ လက်သီးဆုပ်ဖြင့်ကြမ်းပြင်ကိုထုလိုက်လေသည်။
“ခင်ဗျားအကြံပိုင်ချက်ပဲဗျာ”
“ကျုပ်ကြံရင် မဖြစ်ဘူးဆိုတာမရှိပါဘူး ဖိုးမောင်ရာ၊ ကဲ ခင်ဗျားသာ ပိုက်ဆံမြန်မြန်ရအောင်ရှာ၊ ပိုက်ဆံရတာနဲ့ ကျုပ်က ခင်ဗျားအတွက် သေနတ်လေးတွေရှာပေးမယ်”
ဖိုးမောင်နှင့် ရွှေခေါမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
(၃)
သုံးလခန့်ကြာသည့်အခါ ရွှေခေါမှာ လှည်းတစ်စီးဖြင့်ပြန်လာလေသည်။ လှည်းအတွင်းတွင် သေတ္တာတစ်လုံးရှီပြီး ထိုသေတ္တာကိုဖွင့်ကြည့်လိုက်သည့်အခါ သေနတ်များကိုတွေ့ရလေသည်။
“ဟာ သေနတ်တွေပါလား ကိုရွှေခေါ”
“အင်္ဂလိပ်တွေက သေနတ်တွေကို ပိတ်ပင်ထားတယ် ဖိုးမောင်၊ ဒီသေနတ်တွေက ကျုပ်ယိုးဒယားနယ်စပ်အထိသွားပြီး ဝယ်ယူခဲ့တဲ့သေနတ်တွေပဲ၊ အင်္ဂလိပ်တွေရဲ့သေနတ်လောက်တော့ မကောင်းပေမယ့် ယမ်းတောင့်တွေထည့်ပြီး ပစ်လို့ခတ်လို့ရပါတယ်”
ဖိုးမောင်မှာ ဝမ်းသာနေလေသည်။ ရွှေခေါက ဖိုးမောင်အတွက် ခြောက်လုံးပြူးသေနတ်တစ်လက် ပေးလိုက်လေသည်။
“သေနတ်တွေရပြီဆိုတော့ ကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲ”
“မင်းအဘိုးကိုချဉ်းကပ်ပြီးတော့ သူကြီးဖြစ်ဖို့ ထောက်ခံစာတစ်စောင်ရေးပေးဖို့သာ ပြောပေတော့”
ရွှေခေါမှာလိုက်သည့်အတိုင်း ဖိုးမောင်မှာ သူကြီးဦးဖောကိုချဉ်းကပ်ရလေသည်။
“အဘိုးရယ်၊ အခုကျုပ်အသက်လည်း မငယ်တော့ပါဘူး၊ ကျုပ်ကို ဖက်လိပ်ရွာသူကြီးအဖြစ် ခန့်အပ်ပေးဖို့ အင်္ဂလိပ်မင်းတွေကို ပြောပေးစမ်းပါ”
ဦးဖောမှာ ခေါင်းခါလိုက်ပြီး
“အခုလောလောဆယ်အုပ်ချုပ်ရေးပုံစံအရ သူကြီးတွေကို အင်္ဂလိပ်အစိုးရက ခန့်အပ်တာမဟုတ်ဘဲ ရပ်ရွာကခန့်အပ်ထားတဲ့ သူကြီးတွေကိုသာ ထောက်ခံပေးနေတာမို့လို့ မင်းအတွက်သူကြီးဖြစ်ဖို့အရေးက ခက်ခဲတယ် ငါ့မြေး”
ဖိုးမောင်မှာတစ်ချက်စဉ်းစားရင်း ရွှေခေါမှာလိုက်သည်များကို သတိရသွားကာ
“ဒါဆို ကျုပ်အစွမ်းကျုပ်အစနဲ့ သူကြီးဖြစ်သွားပြီဆိုရင်ရော”
“တကယ်လို့ မင်းကိုသာ ဖက်လိပ်ရွာကလူတွေက သူကြီးအဖြစ်လက်ခံသွားပြီဆိုရင် မင်းအတွက်ထောက်ခံပေးဖို့က ဘာမှမခဲယဉ်းတော့ဘူး ငါ့မြေး”
“ကောင်းပြီအဘိုး၊ ဒါဆို ကျုပ်ဖက်လိပ်ရွာကိုပြန်မယ်၊ ကျုပ်သူကြီးဖြစ်တဲ့အခါ အဘိုးက ထောက်ခံစာတစ်စောင်ရအောင်လုပ်ပေးဖို့သာ တာဝန်ယူပါ”
ဦးဖောက ခေါင်းညိတ်လိုက်ပြီး
“မင်းသာတကယ်သူကြီးဖြစ်ရင် မင်းအတွက်ထောက်ခံစာကိုငါရအောင်လုပ်ပေးမှာပါကွာ”
ဖိုးမောင်မှာ အိမ်ပေါ်မှဆင်းသွားလေသည်။ သူကြီးဦးဖောမှာ ဖိုးမောင်အား သူကြီးဖြစ်လာဖွယ်ရာ အကြောင်းမရှိဟု ထင်မှတ်ထားသူဖြစ်လေသည်။
ဖိုးမောင်မှာ ဒေါသထွက်ထွက်နှင့် ထန်းတောထဲသို့ဝင်လာသည်။ ထန်းရေကို ဇိမ်ခံသောက်နေသည့် ရွှေခေါက ဖိုးမောင်ဝင်လာသည်ကိုမြင်လိုက်သည်နှင့် ပြုံးလိုက်လေသည်။
“ဘယ့်နှယ့်လဲ မင်းအဘိုးက မင်းကိုထောက်ခံပေးမတဲ့လား”
“ဘယ်ထောက်ခံပေးမှာလဲ၊ ခင်ဗျားပြောသလို အဘိုးက ကျုပ်ကိုသူကြီးမဖြစ်သင့်ဘူးလို့ တွေးထားပုံရတယ်”
“ဒါဆိုငါသင်ပေးတဲ့အတိုင်း နောက်တစ်နည်းရော ပြောခဲ့ရဲ့လား”
“ပြောခဲ့တယ်၊ ကျုပ်သာ ကိုယ့်အစွမ်းကိုယ့်အစနဲ့ သူကြီးဖြစ်အောင်လုပ်နိုင်ရင် သူထောက်ခံပေးမယ်လို့ ပြောတယ်”
“ဘာမှစိတ်တိုမနေစမ်းပါနဲ့ ဖိုးမောင်ရာ၊ လူဆိုတာ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အား ကိုယ်ကိုးရတယ်ကွ၊ မင်းအဘိုးသာ မင်းကိုသူကြီးဖြစ်စေချင်တယ်ဆိုရင် မင်းအရင်ကတည်းက သူကြီးဖြစ်နေတာကြာပြီပေါ့”
“ဟုတ်တယ်ဗျာ၊ အဘိုးကိုယ်တိုင်ကိုက ကျုပ်ကိုအထင်သေးနေတာ”
“အခုငါတို့မှာ လက်နက်တွေရော၊ လူအင်အားတွေရော၊ ထောက်ခံစာရော ရှိပြီဆိုတော့ ဖက်လိပ်ရွာကိုချီတက်ပြီးတော့ သူကြီးနေရာကို သွားလုကြစို့ဟေ့”
“နေပါအုံး ထောက်ခံစာက ရေးမှမရေးရသေးတာ”
ထိုအခါ ရွှေခေါက အင်္ကျီအတွင်းအိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ပြလိုက်လေသည်။ ဖိုးမောင်က စာရွက်ကိုအသေအချာကြည့်ပြီး
“ကျုပ်အဘိုးတောင် ထုတ်မပေးတဲ့ထောက်ခံစာကို ခင်ဗျားဘယ်လိုရလာသလဲဟင် ကိုရွှေခေါ”
“ဒီစာက အတုကြီးပါကွ”
“ဟာ၊ အတုကြီးနဲ့များဗျာ”
“ဟ ဖိုးမောင်ရ၊ ဒီစာက အတုလားအစစ်လားဆိုတာကို မင်းတို့ဖက်လိပ်ရွာက တောသူတောင်သားတွေက ဘယ်လိုလုပ်ပြီးသိမှာလဲကွ၊ ဒီစာပြရင် အားလုံးက အစစ်ပဲထင်ကြမှာပေါ့ကွ”
သို့နှင့် ဖိုးမောင်တို့လူတစ်သိုက် ဖက်လိပ်ရွာဆီသို့ ထွက်လာခဲ့ကြသည်။ ရွှေခေါခေါင်းဆောင်သည့် လူဆိုးလူမိုက်များမှာ ဖက်လိပ်ရွာအပြင်ဘက် တောတန်းထဲတွင်ပုန်းအောင်းနေကြပြီး ရွှေခေါက ဖိုးမောင်အား သင်ကြားပေးလိုက်ကာ ဖက်လိပ်ရွာအတွင်းသို့ လွှတ်လိုက်လေသည်။ ဖိုးမောင်မှာ မိမိမွေးရပ်မြေဖက်လိပ်ရွာသို့ပြန်ရောက်သည့်အခါ အလိုလိုဝမ်းနည်းလာမိသည်။ မိခင်ဖြစ်သူကိုလည်း သတိရတမ်းတမိသွားသည်။ ရွာလယ်သို့ဖြတ်လျှောက်လာသည့်အခါ ပြိုပျက်နေသည့်သူကြီးအိမ်ဟောင်းနှင့် ခြံဝိုင်းကိုတွေ့လိုက်ရသည်။
“အမေ၊ အမေဖြစ်စေချင်တဲ့အတိုင်း သားသူကြီးဖြစ်အောင်လုပ်မယ်၊ အမေ့ရဲ့ဆန္ဒကို သားဖြည့်ဆည်းပေးမယ်အမေ”
ဖိုးမောင်က ကြိမ်းဝါးလိုက်ကာ သူကြီးအိမ်ဆီသို့လာခဲ့သည်။ သူကြီးဦးရေချမ်းအိမ်သို့ရောက်သည့်အခါ ခပ်တည်တည်နှင့်ဝင်ချသွားလေသည်။ သူကြီးဦးရေချမ်းမှာ အိမ်ရှေ့ကွပ်ပျစ်တွင်အခန့်သားထိုင်လျှက် ကွမ်းတစ်ယာကို ယာနေလေသည်။
“ဗျို့သူကြီး”
ဖိုးမောင်က ခေါ်လိုက်သည့်အခါ သူကြီးဦးရေချမ်းက ဖိုးမောင်အားတစ်ချက်ကြည့်ပြီး
“မောင်ရင့်လည်း မမြင်ဖူးပါလား၊ ဘာကိစ္စနဲ့လာတာလဲ”
“ကျုပ်ကိုသေချာကြည့်စမ်းပါအုံးဗျာ၊ ကျုပ်က အရင်က ဒီရွာသားပါဗျ”
သူကြီးဦးရေချမ်းက ဖိုးမောင်ကို မျက်မှောင်ကြုတ်ကာ အသေအချာစိုက်ကြည့်လိုက်ရင်း
“မင်း . . .မင်း ဖိုးမောင်မဟုတ်လား၊ ရွှေမောင်ရဲ့သား ဖိုးမောင်မဟုတ်လား”
“ဟုတ်တယ်ဦးရေချမ်း၊ အခု ရွာကိုကျုပ်ပြန်လာပြီ”
“မင်းပြန်လာတာ ဝမ်းသာရမှာပေါ့ကွာ”
“ခင်ဗျား ဘာမှဝမ်းသာစရာမလိုဘူး၊ ကျုပ်ရွာကိုပြန်လာတယ်ဆိုတာ သူကြီးလုပ်ဖို့ပြန်လာခဲ့တာပဲ၊ ကျုပ်အဖေကလည်း သူကြီး၊ ကျုပ်အဘိုးကလည်း သူကြီး၊ အခုခင်ဗျားယူထားတဲ့နေရာက ကျုပ်ရဲ့နေရာပဲ၊ ကျုပ်တို့က သူကြီးမျိုးရိုးဖြစ်လို့ ကျုပ်သာ ဒီရွာရဲ့သူကြီးဖြစ်သင့်တယ်”
ဦးရေချမ်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
“သူကြီးဖြစ်ဖို့ဆိုတာ ဘာမှမခက်ပါဘူးကွာ၊ ငါအခုသူကြီးတာဝန်ယူထားရတယ်ဆိုတာ ရွာဦးကျောင်းဆရာတော်ရယ်၊ ရပ်မိရပ်ဖတွေနဲ့ ရွာသူရွာသားတွေက တင်မြှောက်ထားလို့ သူကြီးနေရာရနေတာပါကွ၊ တကယ်လို့ မင်းလည်းသူကြီးဖြစ်ချင်တယ်ဆိုရင် မျှမျှတတဖြစ်သွားအောင်လို့ သူကြီးရွေးချယ်ပွဲတစ်ခုငါလုပ်ပေးမယ်၊ အဲဒီပွဲမှာ မင်းကို ဆရာတော်နဲ့ ရပ်မိရပ်ဖတွေက ထောက်ခံတယ်ဆိုရင် ငါသူကြီးနေရာကနေ ကြည်ကြည်ဖြူဖြူနဲ့ဆင်းပေးလိုက်မှာပါကွ”
“ခင်ဗျားကြီး ကတိတည်ပါစေနော် ဦးရေချမ်း”
“ငါက ကတိတည်ပြီးသားပါ၊ ကဲ ဒါဆိုရင် သူကြီးမင်းရွေးချယ်ပွဲကို ဘယ်နေ့လုပ်ကြမလဲ”
“ကျုပ်သိပ်ကြာကြာမစောင့်နိုင်ဘူးဦးရေချမ်း”
ဦးရေချမ်းက လက်ချောင်းများကိုချိုးကာရေတွက်လိုက်ရင်း
“သန်ဘက်ခါက နေ့ကောင်းရက်သာကျတယ်၊ အဲဒီနေ့ ညနေ ရွာသူရွာသားတွေ လုပ်ငန်းတာဝန်တွေထမ်းဆောင်ပြီးတဲ့အချိန်လောက်မှာ ရွာထိပ်ကွင်းပြင်မှာ သူကြီးမင်းရွေးချယ်ပွဲလုပ်မယ်၊ မင်းကျေနပ်မလား”
“ကျေနပ်တယ်၊ ကျုပ်သိပ်ကျေနပ်တယ် ဦးရေချမ်း”
ဖိုးမောင်ပြန်လာကာ သူကြီးမင်းရွေးချယ်ပွဲကျင်းပမည့်သတင်းမှာ ကျေးရွာအတွင်းသို့ နေ့ချင်းညချင်းပျံ့နှံ့သွားလေသည်။ သူကြီးဦးရေချမ်းအိမ်သို့ ရပ်မိရပ်ဖများက ရောက်ရှိလာကြလေသည်။
“အမှန်တော့ ဒီလိုမဖြစ်သင့်ဘူးသူကြီး၊ သူက သူကြီးသားဆိုတိုင်း သူကြီးဖြစ်ရမယ်ဆိုတဲ့ ထုံးစံမှမရှိတာ၊ ခင်ဗျားကို ကျုပ်တို့ရပ်ရွာက ကျေနပ်လို့သူကြီးရာထူးပေးထားတာပဲ ခင်ဗျားတကယ်ဆိုရင် သူတောင်းဆိုတာကို ငြင်းလိုက်သင့်တယ်”
“ဟုတ်တယ်သူကြီး၊ ဘုရင်သေလို့ အိမ်ရှေ့မင်းက ဘုရင်ဖြစ်တဲ့ခေတ်မဟုတ်တော့ဘူး၊ သူက သူ့ကိုယ်သူ သူကြီးသားဆိုပြီး ဘာအရည်အချင်းမှမရှိဘဲနဲ့ သူကြီးဖြစ်ချင်လို့ရမလား”
ဦးရေချမ်းက ကွမ်းမြုံ့နေရင်း
“ခင်ဗျားတို့ပြောတာဟုတ်ပါတယ်၊ ဒါပေမယ့် သူကလည်း သူကြီးသိပ်ဖြစ်ချင်နေတယ်မဟုတ်လား၊ သူကြီးဖြစ်ချင်လွန်းလို့ ရွာကိုပြန်လာတဲ့လူတစ်ယောက်ကို ကျုပ်ကငြင်းလိုက်တယ်ဆိုရင် ကျုပ်မတရားလုပ်ရာ ကျသွားမှာပေါ့၊ ဒါကြောင့် မျှမျှတတဖြစ်သွားအောင်လို့ သူကြီးရွေးချယ်ပွဲကျင်းပပေးမယ်လို့ ပြောလိုက်တာပဲ၊ ဒီပွဲမှာထွက်လာတဲ့အဖြေက အားလုံးရဲ့အဆုံးအဖြတ်ပဲမဟုတ်လား၊ ခင်ဗျားတို့သူ့ကိုရွေးရင် သူ သူကြီးဖြစ်မယ်၊ ကျုပ်ကိုရွေးချယ်ရင် ကျုပ်သူကြီးဆက်လုပ်မယ်လေ၊ ကဲ ဒါဆို သူ့အတွက်ရော ကျုပ်အတွက်ပါ တရားတယ်မဟုတ်လား”
သူကြီးဦးရေချမ်းပြောလိုက်သည့်အခါ ရပ်မိရပ်ဖများက သူကြီးအားဝိုင်းဝန်းချီးကျူးကြလေသည်။
“သူကြီးဦးရေချမ်းကတော့ သမာသမတ်ကျတဲ့လူပီပီ မျှမျှတတ တွေးခေါ်တတ်တာပဲဗျာ၊ ကျုပ်တို့က ဒီသတင်းကြားပြီး တော်တော်ဒေါသထွက်မိသွားတာဗျ”
“ဟုတ်တယ်၊ ကိုယ့်မွေးထားတဲ့သားထက် ငယ်တဲ့ ကောင်လေးတစ်ယောက်က လာစော်ကားကို သူကြီးမို့အေးအေးချမ်းချမ်း ဖြေရှင်းနိုင်တဲ့အပြင်၊ တရားမျှမျှတတ ဆုံးဖြတ်ပေးနိုင်တာကို ကျုပ်တို့ချီးကျူးပါတယ်ဗျာ”
“ဟုတ်တယ်ကိုရေချမ်း၊ ဒါကြောင့် ဘယ်သူက ဘယ်လိုနေနေ၊ ကျုပ်တို့ကတော့ ကိုရေချမ်းကိုပဲထောက်ခံတယ်၊ ကိုရေချမ်းက ကျုပ်တို့ရွာရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်ဆိုတော့ ကျုပ်ကလေးစားပြီးသားပါ”
“ဟုတ်တယ်၊ ကျုပ်တို့လည်း ကိုရေချမ်းကိုပဲ သူကြီးအဖြစ်ထောက်ခံတယ်”
ထိုအခါ ဦးရေချမ်းက လက်ကာပြလိုက်ပြီး
“ကဲဗျာ၊ ခင်ဗျားတို့ထောက်ခံမယ်ဆိုရင်လည်း သန်ဘက်ခါ သူကြီးမင်းရွေးချယ်ပွဲလုပ်မှ ထောက်ခံကြပါ၊ အခုတော့ အိမ်မှာအော်ကျယ်အော်ကျယ်မလုပ်ကြပါနဲ့၊ တော်ကြာ မလိုတဲ့လူတွေက သူကြီးမင်းက ရပ်မိရပ်ဖတွေကို အိမ်ခေါ်ပြီး သူ့ကိုထောက်ခံခိုင်းတယ်ဆိုပြီး ပြောနေကြပါအုံးမယ်”
“အဲဒါသာကြည့်တော့ဗျာ၊ ကျုပ်တို့သူကြီးက ဘယ်လောက်ဖြောင့်မတ်ပြီး မှန်ကန်လိုက်သလဲ၊ မပူပါနဲ့သူကြီး သူကြီးကို ကျုပ်တို့ကလည်း ထောက်ခံတဲ့အပြင် တစ်ရွာလုံးကလည်း သူကြီးရဲ့ဖြောင့်မတ်မှန်ကန်မှုကြောင့် သူကြီးကိုထောက်ခံကြမှာပါ၊ သူကြီးမင်းရွေးချယ်ပွဲနေ့ကျရင် ဟိုကောင်လေးကို ဘယ်သူမှထောက်ခံမယ့်လူတောင် ရှိမှာမဟုတ်ဘူး”
“အဲဒီအခါကျတော့လည်း ဒီကောင်လေး သူ့အကြောင်းသူ သိသွားတာပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ သူ့ကိုထောက်ခံမယ့်လူမရှိဘူးဆိုတာ သိသွားရင် သူဒီရွာမှာတောင် နေဝံ့မှာမဟုတ်ပါဘူး”
သူကြီးဦးရေချမ်းမှာ ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေလေသည်။
နောက်တစ်နေ့မနက်သို့ရောက်သောအခါ ထိုသတင်းမှာ ရွာအတွင်းဟိုးလေးတကျော်ဖြစ်သွားသည်။ ရွှေခေါနှင့် ဖိုးမောင်တို့မှာ ကျေးရွာအတွင်းဖြစ်ပျက်နေသည့် အခြေအနေများကို စနည်းနာကြည့်ရန်အလို့ငှာ ရွာထိပ်သို့ထွက်လာခဲ့သည်။ မနက်ခင်းအချိန်တွင် ဖက်လိပ်ရွာထိပ်ရှိ မုန့်ဖိုတဲကလေးများတွင် လူစည်ကားလှပေသည်။
လယ်ယာလုပ်ငန်းသို့ဆင်းကြမည့်လူများမှာ မုန့်ဖိုတွင်မုန့်စားသောက်နေကြသည်။ ထို့အတူ ကလေးများကလည်း မုန့်စားလျှက် အနီးအပါးတွင်ပြေးလွှားဆော့ကစားနေကြလေသည်။ ရွှေခေါနှင့် ဖိုးမောင်တို့မှာ မုန့်တဲတစ်ခုအတွင်းသို့ဝင်ထိုင်လိုက်ကြသည်။ မုန့်ကြော်နေသည့် မိန်းမကြီးက ဖိုးမောင်တို့အားမြင်သည်နှင့် မျက်စပစ်ပြကာ မကြားတကြား စကားဆိုလေသည်။
“ဟဲ့ မိရွှေစာ၊ သူကြီးဖြစ်ချင်လို့ဆိုပြီး သူကြီးသားက ရွာကိုရောက်နေတယ်ဆိုတာ ညည်းကြားပြီးပြီလား”
အကြော်တဲမှ မိန်းမကြီးမှာ အနီးတွင်စားသောက်နေသည့် မိန်းမကြီးအား လှမ်းပြောလိုက်လေသည်။
“ဟုတ်ပါ့ မကြင်ရယ်၊ ဖအေသူကြီးဖြစ်တိုင်း သူသူကြီးဖြစ်ရမယ်ဆိုပြီးတွေးထားလားမသိပါဘူး”
“ဒါတောင်မှ ကျုပ်တို့သူကြီးဦးရေချမ်းက သူကြီးရွေးချယ်ပွဲကျင်းပပေးမလို့တဲ့တော်ရေ၊ ဒီလို မလောက်လေးမလောက်စားကိုများ တစ်ခါတည်းမောင်းထုတ်လိုက်တာမဟုတ်ဘူး”
“ဟုတ်ပါရဲ့၊ အခုသူကြီးသားဆိုတဲ့ကောင်ကလည်း သူ့အဘိုးရှိတဲ့ငန်းမြာရွာမှာ အဘိုးအရှိန်နဲ့ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ အချိန်ပြည့်သောက်စားမူးရူးနေတဲ့ ယစ်ထုပ်ကြီးတစ်ယောက်တဲ့တော်”
“တို့သူကြီး ဦးရေချမ်းနဲ့ သူနဲ့ကတော့ နံ့သာဆီနဲ့ အီးလို အကွာကြီးကွာပါတယ်အေ၊ တို့ဦးရေချမ်းတို့များ ဘုရားတရားကလည်းလိုက်စားတဲ့အပြင် ကိုယ်ကျင့်တရားကလည်းကောင်း၊ သဘောကောင်း မနောကောင်းနဲ့ ဖြောင့်မတ်မှန်ကန်တော့ တစ်ရွာလုံးက လူတွေက အလိုလိုလေးစားပြီးသားပါ၊ ပြောမယ့်သာပြောရတယ်၊ အရင်သူကြီးဦးရွှေမောင်တောင်မှ သူ့လောက်ကိုယ်ကျင့်တရားကောင်းတာမဟုတ်ဘူး၊ မိန်းမတွေမှိုလိုပေါက်အောင်ယူထားပြီး သိပ်မြာပွေတဲ့လူကြီးပါအေ”
ဖိုးမောင်မှာ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်လေသည်။ ရွှေခေါက ဖိုးမောင်ဒေါသမထွက်စေရန် ဖိုးမောင်လက်အား ဆုပ်ကိုင်ထားသည်။
“ဘာပဲပြောပြောပါအေ ငါတို့ကတော့ သူကြီးဦးရေချမ်းကိုပဲ ထောက်ခံမှာ”
“ဟုတ်တယ်၊ တို့တစ်ရွာလုံးမှာ ဒင်းကိုထောက်ခံမယ့်လူမရှိမှ ဒင်းကိုယ့်အဆင့်ကိုယ်သိပြီး ရွာကထွက်သွားမယ်မဟုတ်လား”
“တို့တစ်ရွာလုံးကတော့ ဦးရေချမ်းမှ ဦးရေချမ်းပဲ၊ တခြားသူမလာခဲ့နဲ့ အားလုံးကွဲသွားမယ်အေ့”
“ဟဲ့မိရွေစာ၊ ညည်းစကားက ဘာကြီးလဲအေ့၊ ဘာကွဲမှာတုန်း”
“အို မကြင်ကလည်း အရှက်ကွဲမှာ အရှက်ဗြန်းဗြန်းကွဲမှာကို ပြောတာပါတော့ ဟား ဟား”
မုန့်ဖိုအတွင်းမှလူများက ဖိုးမောင်ကိုကြည့်ကာ လှောင်ရယ်ကြလေသည်။ ဖိုးမောင်မှာ မခံနိုင်သဖြင့် မုန့်တဲအတွင်းမှ ထထွက်လာခဲ့သည်။ ရွှေခေါက ဖိုးမောင်အနောက်မှလိုက်လာခဲ့လေသည်။ လူသူရှင်းသည့်နေရာရောက်သည့်အခါမှ ဖိုးမောင်က သစ်ပင်တစ်ပင်ကို လက်သီးဖြင့်သုံးလေးချက်ခန့်ထိုးထည့်လိုက်သည်။
“သူတို့ပြောတာတွေ ခင်ဗျားကြားတယ်မဟုတ်လား ကိုရွှေခေါ”
“ကြားပါတယ်ကွ၊ လူတွေဆိုတာ အဲဒီလိုပါပဲ”
“သြော်၊ ခင်ဗျားကိုပြောတာမဟုတ်တော့ ခင်ဗျားက ခံနိုင်တာပေါ့လေ၊ ဒီလူတွေက ကျုပ်ကိုတင်စော်ကားတာမဟုတ်ဘဲ ကျုပ်အဖေကိုပါ စော်ကားနေကြတာဗျ”
ဖိုးမောင်မှာပြောဆိုပြီး သစ်ပင်ကိုလက်သီးနှင့်ထိုးပြန်သည်။ ဖိုးမောင်လက်အရေပြားမှာ ကွဲထွက်သွားပြီး သွေးများကစီးကျလာလေသည်။
“စိတ်ကိုအေးအေးထားပါ ဖိုးမောင်ရယ်၊ မင်းအခုလိုလက်သီးနဲ့ထိုးလို့ရော ဒီလူတွေပြောတာရပ်သွားမှာတဲ့လားကွ၊ မင်းဘာမှပူမနေနဲ့ ဒီလူတွေ ပြောနိုင်တုန်း ပြောပါစေကွာ”
“ဒါနဲ့ ရွာသားတွေရဲ့စိတ်ဓါတ်ကို ခင်ဗျားသိပြီမဟုတ်လား၊ ဒီလိုပုံစံမျိုးနဲ့ ကျုပ်သူကြီးမင်းရွေးချယ်ပွဲမှာ နိုင်ပါ့မလား ကိုရွှေခေါ”
“မနိုင်ဘဲနဲ့တော့ ဟောဒီကရွှေခေါက မင်းကိုပြိုင်ခိုင်းပါ့မလား ဖိုးမောင်ရ၊ စိတ်ချစမ်းပါ၊ တစ်ရွာလုံးကလူတွေက မင်းကိုထောက်ခံပြီးတော့ မင်းသူကြီးဖြစ်ရပါစေမယ်ကွ”
ဖိုးမောင်မှာ ရွှေခေါစကားကိုမယုံနိုင်တော့ပေ။
သို့နှင့် သူကြီးမင်းရွေးချယ်ပွဲလုပ်မည့် ညနေသို့ရောက်လာခဲ့လေသည်။ ရွာထိပ်ရှိမြေကွက်လပ်ကျယ်ကျယ်တွင် ရေလောင်းပြီး ထန်းကြောဖျာကြမ်းကြီးများခင်းထားလေသည်။ ဖျာကြမ်းများထိပ်ဘက်တွင်တော့ ကွပ်ပျစ်ကြီးနှစ်ခုကိုဆက်ကာ ခင်းကျင်းထားပြီး ကွပ်ပျစ်အပေါ်တွင် ဖျာချောကိုခင်းထားကာ မောင်းကြီးတစ်လုံးနှင့် ကန်တော့ပွဲတစ်ခုကိုတင်ထားလေသည်။ ကွင်းပတ်ပတ်လည်တွင်တော့ ဝါးလုံးကြီးများဖြင့် ကညင်ဆီမီးတိုင်များကိုထွန်းညှိထားလေသည်။
ညနေမစောင်းခင်ကတည်းက ရွာသူရွာသားများမှာ တဖွဲဖွဲနှင့်ရောက်လာကြလေသည်။ ရွာဦးကျောင်းဆရာတော်နှင့် ရပ်မိရပ်ဖလူကြီးများမှာ ကွပ်ပျစ်ပေါ်တွင်ထိုင်နေကြသည်။ သူကြီးဦးရေချမ်းမှာတော့ တိုက်ပုံအပြာကြီးတစ်ထည်ဝတ်ကာ ရောက်လာသူများကိုနေရာချထားနေသည်။ နေဝင်ပြီးသွားသည့်အခါ အမှောင်ထုကလွမ်းခြုံလာလေသည်။ ထိုအခါ ကညင်ဆီမီးတိုင်ကြီးများကိုထွန်းညှိလိုက်ကြသည်။ ရွာသူရွာသားများရော လူကြီးများပါ စုံညီစွာရောက်ရှိနေကြသော်လည်း ဖိုးမောင်တစ်ယောက် ရောက်မလာသေးပေ၊ သူကြီးဦးရေချမ်းမှာ ဖိုးမောင်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေလေသည်။ ရွာသူရွာသားများမှာလည်း တီးတိုးပြောဆိုကုန်ကြသည်။
“သူကြီးရယ်၊ စောင့်မနေစမ်းပါနဲ့၊ ဒီကောင်လေး သူ့အကြောင်းသူသိလို့ မလာရဲတာဖြစ်မှာပါ”
“ဟုတ်ပါတယ်၊ တစ်ရွာလုံးက သူ့ကိုမထောက်ခံဘူးဆိုတာသိလို့ သူထွက်သွားပြီနဲ့တူပါတယ်”
“သူအရှက်ရပြီး ရှုံးမဲ့ပွဲကို သူကိုယ်တိုင်လာပါတော့မလား”
ရွာသားများတစ်ယောက်တစ်ပေါက်နှင့်ပြောဆိုနေစဉ်မှာပင် ဖိုးမောင်နှင့်ရွှေခေါက ပရိသတ်များအကြားသို့ တိုးဝင်လာလေသည်။ ဖိုးမောင်မှာ အလွန်ကောင်းမွန်လှသည့် ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး သူကြီးဦးဖောဆီမှ ယူဆောင်လာခဲ့သည့် သက္ကလပ်သားဖြင့်ချုပ်လုပ်ထားသည့် အနောက်တိုင်းကုပ်အင်္ကျီတစ်ထည်ကို ဖရိုဖရဲဝတ်ဆင်ထားသေးသည်။ ခါးအောက်ပိုင်းတွင် တောင်ရှည်ပုဆိုးတစ်ထည်ကို ကပိုကယိုဝတ်ဆင်ထားကာ ခါးပတ်ပတ်ထားပြီး ခြောက်လုံးပြူးသေနတ်ကိုခါးတွင်ချိတ်ထားလေသည်။ ထန်းရည်စော် ချဉ်စုပ်စုပ်အနံ့က ကိုယ်ခန္ဓာတွင် သင်းပျံ့နေလေသည်။
“ကျုပ်လာပြီ ကျုပ်နည်းနည်းနောက်ကျသွားတယ်”
ဖိုးမောင်က ပြောလိုက်ကာ ပရိသတ်များအရှေ့တွင်ခင်းကျင်းထားသည့် ကွပ်ပျစ်ပေါ်တွင်တက်ထိုင်လိုက်လေသည်။ ဖိုးမောင်ထိုင်လိုက်သည်နှင့် ကွပ်ပျစ်ပေါ်မှလူကြီးများက နှာခေါင်းရှုံ့ကာ တစ်ဖက်သို့တိုးကပ်ထိုင်ကြလေသည်။ ထိုအခါ သူကြီးဦးရေချမ်းက မတ်တပ်ထရပ်လိုက်သည်။
“ကြွရောက်လာကြတဲ့ ဆရာတော်နဲ့တကွ ရပ်မိရပ်ဖအပေါင်းနဲ့ ရွာသူရွာသားအပေါင်းတို့ကို မင်္ဂလာပါနှုတ်ခွန်းဆက်ပါတယ်”
ထိုအခါ ဖိုးမောင်က ရီဝေေ၀မျက်လုံးများနှင့် ကြည့်ကာ
“ဟေ့လူကြီး၊ ခင်ဗျားလျာရှည်တိုင်း မဟုတ်တာတွေပြောမနေနဲ့၊ လိုရင်းကိုသာလုပ်စမ်းပါ”
သူကြီးဦးရေချမ်းမှာ သူစကားပြောနေစဉ် ဖြတ်ပြောခံရသဖြင့် ပြောနေသည့်စကားများကိုရပ်တန့်လိုက်လေသည်။ ထို့နောက် ဖိုးမောင်ကိုကြည့်၍ ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ၊ အခုအချိန်ကတော့ ရပ်မိရပ်ဖတွေက ဘယ်သူကသူကြီးဖြစ်သင့်တယ်ဆိုတာကို အကျိုးအကြောင်းနှင့်တကွ ထောက်ခံပြောဆို မဲပေးရမယ့်အချိန်ပဲဖြစ်ပါတယ်”
ထိုအခါ ကွပ်ပျစ်တွင်ထိုင်နေသည့် ရပ်မိရပ်ဖတစ်ဦးက မတ်တပ်ထရပ်လိုက်ကာ ချောင်းတစ်ချက်ဟန့်လိုက်လေသည်။
“ကျုပ်က ဒီရွာက ရပ်မိရပ်ဖတစ်ဦးပါ၊ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး၊ တိုတိုတုတ်တုတ်နဲ့လိုရင်းပဲပြောချင်တယ်၊ ကျုပ်ကတော့ အရင်ကသူကြီးဖြစ်ခဲ့တဲ့သူရဲ့သားဆိုပြီး အခုလည်းသူ သူကြီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုမှ ရွာကို ပေါ်တော်မူရောက်လာတဲ့ ဖိုးမောင်ကို လုံးဝမထောက်ခံပါဘူး၊ ဒီသူငယ်ဟာ အရင်ရွာမှာနေတုန်းကလည်း ဟော့ဟော့ရမ်းရမ်းနေခဲ့သလို အခုကြီးလာတဲ့အခါမှာလည်း အချိန်ပြည့်ထန်းရည်မူးနေပြီး လောင်းကစားလုပ်ကာ မိန်းကလေးတွေကိုထိကပါးရိကပါးနဲ့ စော်ကားနေတဲ့လူတစ်ယောက်ဆိုတာလည်း သိရတဲ့အတွက် ဒီလိုလူကို ကျုပ်တို့ရွာရဲ့ခေါင်းဆောင် သူကြီးအရာမှာထားဖို့ လုံးဝမဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ကျုပ်ဖိုးမောင်ကို လုံး၀ မထောက်ခံပါဘူး”
ထိုလူကြီးပြောဆို၍ မပြီးသေးခင်မှာပင် ဒိုင်းခနဲသေနတ်သံတစ်ချက်ကြားရပြီး ထိုလူကြီးမှာ ကွပ်ပျစ်ပေါ်သို့ ပက်လက်လန်ကာ လဲကျသွားသည်။ ဖိုးမောင်မှာ ခါးကြားမှသေနတ်ကိုဖြုတ်ကာ ထိုလူကြီးဆီသို့ချိန်ရွယ်ထားပြီး သေနတ်ပြောင်းမှ မီးခိုးငွေ့များက တအူအူထွက်နေသည်ကိုတွေ့လိုက်ရသည်။ ရွာသူရွာသားများမှာ အလွန်ကြောက်ရွံ့သွားကာ အုတ်အော်သောင်းတင်းဖြစ်ကုန်လေသည်။
“မထနဲ့ ခင်ဗျားတို့အားလုံး ထိုင်နေကြ၊ ထိုင်ရာက ထတဲ့လူကို ကျုပ်သေနတ်နဲ့ပစ်သတ်မယ်၊ ဟေ့ကောင်တွေ သူတို့ကိုဝိုင်းလိုက်ကြစမ်း”
ထိုအခါ အမှောင်ထုအတွင်းပုန်းအောင်းနေကြသည့် ဖိုးမောင်၏လူမိုက်တပည့်များမှာ သေနတ်များကိုင်ဆောင်လျှက် ရွာသားများကို ဝန်းရံထားလိုက်ကြသည်။ ရွာသားများမှာ သေနတ်များမြင်သဖြင့် မထရဲဘဲ ကြိတ်မှိတ်ကာထိုင်နေကြသည်။
ဦးရေချမ်းက ဖိုးမောင်ကိုလက်ညှိုးထိုးပြီး
“ဟေ့ကောင် မင်းဒါဘာလုပ်တာလဲ”
ဖိုးမောင်က တစ်ချက်ပြုံးရယ်လိုက်ကာ လူအများဘက်သို့ကြည့်လိုက်ရင်း
“ခင်ဗျားတို့ သူကြီးကိုမရွေးချယ်ခင် ကျုပ်စကားတစ်ခွန်းလောက်ပြောချင်တယ်၊ အဲဒါကတော့ တခြားမဟုတ်ပါဘူး၊ ခင်ဗျားတို့ထဲက ကျုပ်ကိုမကြိုက်တဲ့လူ၊ မထောက်ခံချင်တဲ့လူရှိရင် ဟောဒီလူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ ကျုပ်ကို မထောက်ခံလို့ရတယ်၊ ဒါပေမယ့် ပြောပြီးသွားရင်တော့ ဟောဟိုကလူကြီးအနောက်ကို ခင်ဗျားတို့လိုက်သွားရမယ်၊ ကျုပ်ကိုတကယ်မလုပ်ဘူးလို့မထင်နဲ့နော်၊ ကျုပ်သေနတ်က အကြောင်းသုံးပါးမရွှေးဘူး၊ ကျည်ဆန်တွေဆိုတာလည်း ပေါမှပေါ၊ ခင်ဗျားတို့တစ်ရွာလုံးကို ပစ်သတ်ရင်တောင်မှ ကျည်ဆန်ကုန်မှာမဟုတ်ဘူး”
ဖိုးမောင်စကားကြားသည့်အခါ ကာလသားခေါင်းက ဓါးတစ်လက်ဆွဲလျှက် လူအုပ်အတွင်းမှ ခုန်ထလိုက်သည်။
“ဟေ့ကောင်၊ မင်းက လက်နက်အားကိုးနဲ့ငါတို့ရွာသားတွေကို ဒီလိုလာပြီးခြိမ်းခြောက်လို့မရဘူးကွ၊ မင်းလိုကောင်ကို ငါသတ်ပစ်မယ်”
ကာလသားခေါင်းမှာ ဓါးကိုဝင့်လျှက် ဖိုးမောင်ဆီသို့လျှင်မြန်စွာပြေးခုန်ဝင်လာလေသည်။ ဖိုးမောင်မှာ ရုတ်တရက်မို့ ကာလသားခေါင်းကို သေနတ်နှင့်ပစ်ခတ်ရန် မမီလိုက်ပေ၊ ကာလသားခေါင်းမှာ ဖိုးမောင်နှင့်လက်တစ်ကမ်းအကွာသို့ရောက်လာသည့်အခါ ဒိန်းခနဲသေနတ်သံတစ်ချက်ကြားလိုက်ရပြီး ကာလသားခေါင်း၏ ဦးခေါင်းမှာပွင့်ထွက်ကာ မြေပြင်သို့လဲကျသွားလေသည်။ ရွှေခေါက ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး ကာလသားခေါင်းအား ပစ်ချလိုက်ခြင်းဖြစ်သည်။
ဖိုးမောင်က သူ့အနီးတွင်လဲကျနေသည့် ကာလသားခေါင်း၏ ဦးခေါင်းကိုခြေထောက်နှင့်တက်နင်းလိုက်ကာ
“ကဲ၊ ညည့်လဲတဖြည်းဖြည်းနက်လာပြီဆိုတော့ ကျုပ်တို့ရွေးချယ်ပွဲလေး ဆက်လုပ်ကြတာပေါ့၊ ကဲ လူကြီးမင်းများ ဟောဟိုကသူကြီးဦးရေချမ်းကိုထောက်ခံမလား၊ ဟောဒီက ကျုပ်ကိုထောက်ခံမလားဆိုတာကို လွတ်လွတ်လပ်လပ်ရွေးချယ်ထောက်ခံနိုင်ပါပြီ”
ရပ်မိရပ်ဖလူကြီးများမှာ ကွပ်ပျစ်ပေါ်တွင်လဲကျနေသည့် လူကြီးအားဝိုင်းဝန်းပြုစုနေကြလေသည်။ ထိုလူကြီးများက ဘာမှမပြောမဆိုရဲသဖြင့် ရွာဦးကျောင်းဆရာတော်က မတ်တပ်ထရပ်လိုက်သည်။
“ဒကာဖိုးမောင်၊ ဒကာကြီးလုပ်နေတာတွေက မှားယွင်းနေပြီနော်၊ ရပ်ရွာလူထုကို လက်နက်ပြအကျပ်ကိုင်ပြီးတော့ အကြမ်းဖက်ပြီး အုပ်ချုပ်လို့မရဘူး”
ဖိုးမောင်က ခြောက်လုံးပြူးသေနတ်မောင်းခလုပ်ကို အနောက်သို့ဆွဲတင်လိုက်ကာ ဆရာတော်အားထိုးချိန်လိုက်လေသည်။ လက်တစ်ဖက်က လက်အုပ်ချီထားပြီး
“တင်ပါ့ဘုရား၊ အရှင်ဘုရား မိန့်ချင်တာကိုသာ ပွင့်ပွင့်လင်းလင်းဆက်မိန့်ပါဘုရား၊ တပည့်တော်သေနတ်က ဘုန်းကြီးသော ဘာသော နားမလည်ပါဘူးဘုရား”
ဆရာတော်မှာ ဘာမှဆက်မပြောတော့ဘဲ ကပ္ပိယကြီးကိုခေါ်ဆောင်ကာ ပြန်ကြွသွားလေတော့သည်။ ဖိုးမောင်က ဆရာတော်အားလှမ်းကြည့်ပြီး
“အရှင်ဘုရား၊ အရှင်ဘုရား ဘယ်သူ့ကိုထောက်ခံတယ်ဆိုတာကို ပြောခဲ့ပါအုံးဘုရား ဟား ဟား”
ဖိုးမောင်နှင့် လူမိုက်များမှာ ရယ်မောလိုက်ကြသည်။
“ကဲ ခင်ဗျားတို့ပြောစရာရှိတာပြောကြလေဗျာ၊ အိုဗျာ ပြောနေကြာပါတယ်၊ ခင်ဗျားတို့ကို ကျုပ်ကိုယ်တိုင်လိုက်မေးတော့မယ်”
ထို့နောက် ကွပ်ပျစ်ပေါ်တွင်ထိုင်နေသည့် လူကြီးတစ်ယောက်အနီးသို့တိုးကပ်လိုက်ကာ ထိုလူကြီး၏ ဦးခေါင်းကိုသေနတ်နှင့်ထိုးချိန်လိုက်ပြီး
“ဒီမယ်လူကြီး၊ ခင်ဗျား သူ့ကိုထောက်ခံသလား၊ ကျုပ်ကိုထောက်ခံသလား”
ထိုလူကြီး၏ လက်များမှာတုန်ယင်နေလေသည်။ ထိုလူကြီးက ခပ်လှမ်းလှမ်းတွင်ရပ်နေသည့် ဦးရေချမ်းအားလှမ်းကြည့်ပြီးနောက်
“မောင် . . . မောင်မင်းကိုထောက်ခံပါတယ်ကွယ်”
“ဟား၊ ဒီလောက်ဆိုရပြီ၊ ကဲ ဟိုတစ်ယောက် ခင်ဗျားရော သူ့ကိုထောက်ခံသလား ကျုပ်ကိုထောက်ခံသလား”
“ဟို . . . ထောက် . . . ထောက်ခံပါတယ်၊ မင်းသူကြီးလုပ်မှာကို ငါထောက်ခံပါတယ်ကွာ”
“ဟ၊ ခင်ဗျားတို့ သိပ်အပြောင်းလဲမြန်လှပါလားဗျ၊ ဒါခင်ဗျားတို့ ဆန္ဒနဲ့ကျုပ်ကိုထောက်ခံတာနော်”
သို့နှင့် ရပ်ရွာလူကြီးများက ဖိုးမောင်အားထောက်ခံကြလေသည်။ ဖိုးမောင်က ရွာသူရွာသားများဘက်သို့လှည့်လိုက်ပြီး
“ကျုပ်က ပွင့်လင်းတာပဲကြိုက်တယ်၊ ဒီတော့ ခင်ဗျားတို့အထဲမှာလည်း ကျုပ်ကိုမကြိုက်တဲ့လူ၊ မထောက်ခံတဲ့လူရှိရင် ဟောဒီနေရာမှာပဲ ပွင့်ပွင့်လင်းလင်းပြောဆိုလို့ရပါတယ်၊ ကဲ ကျုပ်ကိုမထောက်ခံတဲ့လူတွေ မတ်တပ်ထပြီး ပွင့်ပွင့်လင်းလင်းပြောကြပါ”
ရွာသားများမှာ ဖိုးမောင်တို့လူတစ်စုက သေနတ်များကိုင်ထားကြသဖြင့် တုတ်တုတ်မျှမလှုပ်ရဲဘဲ ဆက်လက်ထိုင်နေကြသည်။
“ဟ ခင်ဗျားတို့ဖင်တွေ အောက်ကဖျာတွေနဲ့ ကပ်ကုန်ကြပြီလားဗျ၊ ဒါဆိုရင် ကျုပ်မေးမယ်နော်၊ ခင်ဗျားတို့ဘယ်သူသူကြီးဖြစ်သင့်တယ်လို့ထင်သလဲ”
“ဖိုးမောင်သူကြီးဖြစ်သင့်ပါတယ်”
ဖိုးမောင်က ကျေနပ်စွာပြုံး၍
“ခင်ဗျားတို့တစ်ရွာလုံးက ဘယ်သူ့ကိုထောက်ခံသလဲ”
“ဖိုးမောင်ကိုထောက်ခံပါတယ်”
ဖိုးမောင်မှာ ထိုအသံများကိုအလွန်နားဝင်ချိုနေလေသည်။ ထို့နောက် ရွာသားများဘက်သို့ကြည့်လိုက်ပြီး
“ဟောဟိုမှာထိုင်နေတာ မိရွှေစာမဟုတ်လား၊ ကဲ ခင်ဗျားရော ဘယ်သူ့ကိုထောက်ခံသလဲဗျာ”
မိရွေစာမှာ ကြောက်ကြောက်နှင့်
“မောင်ရင့်ကိုပဲ ထောက်ခံပါတယ်ကွယ်”
ဖိုးမောင်ကပြုံးလိုက်ရင်း
“ဟောဟိုက အကြော်တဲက မကြင်ဆိုတဲ့အဘွားကြီးမဟုတ်လား၊ ကဲ အဘွားကြီး ခင်ဗျားရော ဘယ်သူက သူကြီးဖြစ်သင့်တယ်ထင်သလဲဗျ”
“သူကြီးဦးရွှေမောင်ရဲ့သား မောင်ဖိုးမောင်ပဲ သူကြီးဖြစ်သင့်ပါတယ်ကွယ်”
“ခင်ဗျားတို့လူတွေ သိပ်အပြောင်းအလဲမြန်တာပဲဗျာ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးလဲ လုပ်ရက်ကြပါပေ့တယ်”
ဖိုးမောင်က ကျေနပ်စွာရယ်မောပြီးနောက် သူကြီးဦးရေချမ်းဘက်သို့လှည့်လိုက်သည်။
“ကဲဦးရေချမ်း၊ တစ်ရွာလုံးက ကျုပ်ကိုထောက်ခံနေပြီဆိုတော့ ဦးရေချမ်းပေးထားတဲ့ကတိကိုတည်ပါတော့၊ ဒီနေ့ရွေးချယ်ပွဲမှာ ကျုပ်ကိုလူတွေအားလုံးက ထောက်ခံတယ်ဆိုရင် ခင်ဗျားသူကြီးနေရာကနေ ဆင်းပေးမယ်ဆိုတာလေဗျာ”
ဦးရေချမ်းက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီဖိုးမောင်၊ မင်းလိုကောက်ကျစ်ယုတ်မာတဲ့လူနဲ့ ငါဖက်ပြီးပြောမနေတော့ဘူး၊ မင်းကိုလူတွေအားလုံးက ထောက်ခံပြီဆိုတော့ ငါသူကြီးနေရာကနေဖယ်ပေးလိုက်မယ်၊ ပြီးတော့ မင်းလိုလူအုပ်ချုပ်တဲ့ရွာမှာလည်း ငါမနေဘူး”
“ကောင်းပါပြီဗျာ၊ ဒါကတော့ ခင်ဗျားရွေးချယ်မှုပါ၊ တကယ်တော့ ကျုပ်ကလည်း တရားမျှမျှတတဖြစ်အောင်လို့သာ သူကြီးမင်းရွေးချယ်ပွဲလုပ်ခိုင်းရတာပါ၊ အမှန်တော့ ကျုပ်ကိုသူကြီးအဖြစ်ထောက်ခံ ခန့်အပ်ကြောင်းကို အင်္ဂလိပ်အစိုးရမင်းတွေက ခန့်အပ်ပြီးသားပါ၊ ဒါကြောင့် ခင်ဗျားတို့ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဒီနေ့ကစပြီး ကျုပ်က ဖက်လိပ်ရွာရဲ့သူကြီးဖြစ်သွားပါပြီ”
ဖိုးမောင်မှာ အင်္ကျီအိတ်အတွင်းမှ ထောက်ခံစာအတုကိုထုတ်ပြလေသည်။ မကြာခင် သူကြီးမင်းရွေးချယ်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။ ရွာသူရွာသားများမှာ သေဆုံးသွားသည့်အလောင်းများကိုကောက်ယူကာ ပြန်လည်ထွက်ခွာသွားကြလေသည်။ ထိုအခါ ရွှေခေါက သွားခေါခေါကြီးငေါထွက်နေအောင်ရယ်မောလျှက်
“ကဲ ဖိုးမောင်၊ မင်းကတော့ ရပ်ရွာလူထုကို အကြောက်တရားဆိုတဲ့အရာကို ရင်ထဲရောက်အောင် ရိုက်သွင်းခဲ့ပြီးပြီ၊ ဒီနေ့ကစလို့ မင်းက ဒီရွာမှာသူကြီးဖြစ်သွားပြီ၊ မင်းကြိုက်သလိုသာ အုပ်ချုပ်ပေတော့”
ဖိုးမောင်မှာ အလွန်အားရစွာရယ်မောလိုက်လေတော့သည်။
Leave a Reply