စာမတတ်တဲ့မေမေ

စာမတတ်တဲ့မေမေ

#တင်ညွန့်

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သားဖြစ်သူက ပညာရေးမှတ်တမ်းကတ်လေးကို ကိုင်လာပြီး အိမ်ပေါ်ကိုတက်လာသည်။ သူက အခန်းတံခါးကိုခေါက်လိုက်သည်။ ဖခင်ဖြစ်သူက တံခါးကိုလာဖွင့်ပေးသည်။ “သားရေ ပြုံးလို့ရွှင်လို့ပါလားကွ … ဘာတွေများဖြစ်လာလို့လဲ” “ဖေဖေ ဒီမှာ သားစာမေးပွဲမှာ ရတဲ့ ရမှတ်တွေ” ဟုပြောကာ ဖခင်ကို သူကိုင်လာသည့် ပညာရည်မှတ်တမ်း ကတ်အား ပေးလိုက်သည်။ ဖခင်က သားရမှတ်တွေကိုကြည့်ပြီး ပျော်သွားသည်။ “သားရယ် … တော်လိုက်တာ ဘာသာစုံ ၉၀ နဲ့အထက်တွေချည်းပါပဲလား … ဒါမှ ဖေဖေ့သားကွ” ဟု အော်လိုက်သည်။ မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ဇနီးဖြစ်သူအား သူ့ခင်ပွန်းက “မိန်းမရေ လာပါဦးကွယ် … ဒီမှာ သားစာမေးပွဲရမှတ်တွေကို လာကြည့်စမ်းပါဦး” ဟု အော်ပြောလိုက်သည်။

မီးဖိုခန်းထဲမှ ဟင်းချက်ဇွန်းတစ်ဖက်၊ လက်နှီးစုတ်တစ်ဖက်ကိုင်ကာ မိခင်ဖြစ်သူက ထွက်လာသည်။ “ဘာလဲတော့” “ဒီမှာလေ မင်းသားက ဘာသာစုံ အမှတ် ၉၀ အထက်မှာချည်းပဲ” “ဟုတ်လား ကြည့်စမ်းပါရစေဦး … ကျွန်မကို ပြပါရှင့်” သားဖြစ်သူက သူ့ဖခင်လက်ထဲမှာ ကတ်ပြားကို ဆွဲယူလိုက်ကာ “အို ဖေဖေ ကလည်း မေမေ့ကိုပြလို့ ဘာထူးမှာလဲ … မေမေက စာမှမတတ်တာ” ဖခင်က စိတ်ဆိုးသွားပြီး “ဟေ့သား ဘယ်လိုများပြောလိုက်တာလဲ” မိခင်ဖြစ်သူ မျက်ရည်တွေဝဲနေသည်။ ဖခင်က သူ့သားကို ဆက်ပြောသည် “ဟုတ်တယ် မင်း အမေစာမတတ်ဘူး … ဟုတ်တာပေါ့” ဖခင်က စကားကို ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။ “ဒါပေမဲ့ သား … မင်းသိထားရမှာက …” “မင်းကို မမွေးခင်က … မင်းဗိုက်ထဲမှာတုန်းကပြောတာ။

မင်းအမေက နွားနို့ကို လုံးဝမကြိုက်ဘူး။ ဒါပေမဲ့ နွားနို့ သောက်ရင် ဗိုက်ထဲက ကလေးအားရှိတယ်ဆိုလို့ သူနေ့တိုင်း နွားနို့တွေသောက်ခဲ့တာ မင်းကို မွေးတဲ့ ၉ လ တိုင် အောင်ပဲ။ မင်းကို ကျန်းမာသန်စွမ်းတဲ့ သားလေးဖြစ်အောင်တဲ့လေ” “မင်းအမေ စာမတတ်ပါဘူး” “မင်းကျောင်းသွားတဲ့အရွယ်ရောက်တော့လည်း မနက် ၇ နာရီထိုးရင် ငါ့သားလေး စားဖို့ဆိုပြီး၊ သူက ၅ နာရီ လောက်ကတည်းက အိပ်ရာထတယ်။ သားအတွက် ထမင်းဘူးနဲ့ နံနက်စာအတွက် အသင့်ပြင်ဆင်ပေးခဲ့တယ်” “မင်းအမေ စာမတတ်ပါဘူး” “ညဆိုရင် မင်းက စာလုပ်နေရင်း အိပ်ပျော်သွားတတ်တယ်။ စာအုပ်တွေကို လွယ်အိတ်ထဲပြန်ထည့်ပေးပြီး၊ မင်းကို အိပ်ရာထဲပွေ့ချီသွား၊ ခြင် ယင်မနားအောင် စောင့်ရှောက်ပေးခဲ့တယ်” “မင်းအမေ စာမတတ်ပါဘူး” “သားငယ်ငယ်တုန်းက ခဏခဏဖျားတယ်။

သားနေမကောင်းဘူးဆိုရင် တစ်ညလုံး သားနဲ့အတူတူ အိပ်ပေးပြီး မနက်မိုးမလင်းခင် အိပ်ရာကထ၊ အိမ်မှုကိစ္စတွေကို တစ်ချက်မှ မပျက်အောင် လုပ်ခဲ့တယ်” “မင်းအမေ စာမတတ်ပါဘူး” “မင်းက အဝတ်အစားဆိုလည်း ကောင်းပေ့ဆိုတာမှကြိုက်တာ။ ဘာဖြစ်ဖြစ် သားကိုပဲ ဝယ်ပေးလိုက်ပါဆိုပြီး ထဘီအစုတ်၊ အင်္ကျီအပြဲကို ဖာထေးပြီး တစ်သက်လုံးနေခဲ့တဲ့သူပါကွယ်” “မင်းအမေ စာမတတ်ပါဘူး” “သား ပညာတွေတတ်ရင် ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကိုပဲ ဦးစားပေး လုပ်စေချင်တဲ့အထဲမှာ မင်းအမေက ထိပ်ဆုံးကပေါ့။

သူ့ဘဝ ဘာတွေဖြစ်ဖြစ်၊ ဘယ်လိုပဲနေရသည်ဖြစ်စေ ကျွန်မသားလေး ကြီးပွား ချမ်းသာ၊ ကောင်းစားတာပဲ မြင်ချင်တယ်လို့ တဖွဖွပြောနေတတ်တာ သူပေါ့ကွယ်” “မင်းအမေ စာမတတ်ပါဘူး” “တစ်အိမ်လုံးအတွက် ချက်ပြုတ်၊ လျှော်ဖွတ်၊ အဖေနဲ့ မင်းကို ပြင်ဆင်ကျွေးမွေးပြီးရင် မောလွန်းလို့နားရင်း အိပ်ပျော်သွားတတ်တာ မင်းအမေပဲ။ ညစာတောင်စားဖို့ မေ့သွားတတ်တဲ့သူလေ” “မင်းအမေ စာမတတ်ပါဘူး” “ကဲ သားရေ … အဲဒီလိုအမေကို စာမတတ်ဘူးလို့ ဂုဏ်ယူပြီး မင်းလျှောက်ပြောလိုက်ဦးကွယ်” ဟု ဖခင်က စိတ်မကောင်းစွာ ပြောလိုက်သည်။

ဖခင်၏ ပြောစကားကိုကြားပြီးနောက် သားဖြစ်သူသည် စိတ်မကောင်းသဖြင့် ငိုချလိုက်ပြီး မိခင်ကို ပြေးဖက် လိုက်သည်။ “မေမေ … သားအမှတ် ၉၀ ကျော်တွေရပေမယ့် မေမေကတော့ သားဘဝကို နောက်ကွယ်ကနေ ရာနှုန်းပြည့် အထောက်အပံ့ပေးနေတဲ့ ဆရာမကြီးပါမေမေ” “အိုကွယ် ဘယ်လိုပြောလိုက်တာလဲ … မေမေက သားအတွက် ဂုဏ်ယူနေတာ” “မေမေ … သားဒီနေ့ အမှတ်ကောင်းကောင်းတွေရခဲ့ပေမယ့် သားပညာမတတ်သေးဘူးဆိုတာ သိလိုက်ရပါပြီ မေမေ။ သားထက်မေမေက ပိုတော်ပါတယ်။ မေမေဟာ သားဘဝအတွက် ဆရာဝန်မကြီး၊ ကျောင်းဆရာမကြီး၊ ရှေ့နေကြီး၊ စားဖိုမှူးကြီး၊ ဒီဇိုင်းဆရာမကြီးတစ်ယောက်ဖြစ်နေလို့ သားကပိုပြီး ဂုဏ်ယူရမှာပါ။ မေမေ့ကို စာမတတ်ဘူးလို့ ပြောခဲ့တာ ခွင့်လွှတ်ပါမေမေ။ တကယ်တော့ သားကသာ စာမတတ်သေးတဲ့သူပါမေမေ”

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *