ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) သားကစေ့စပ်ကြောင်းလမ်းစကားလိုက်ပြောပေးဖို့ပြောထားသည်။မိန်းကလေး၏မိဘများရွာကအလှမ်းဝေးလွန်းသဖြင့်တကူးတကန့်သွားရန်မလွယ်။ဗုဒ္ဓဂယာမှအပြန်ရန်ကုန်ရောက်တုန်းပြောလိုက်စေချင်သည်ဟုဆိုသည်။ပညာလည်းစုံ၊အလုပ်အကိုင်အတည်တကျလည်းရှိ၊အချိန်တန်အရွယ်ရောက်ပြီမို့အိမ်ထောင်ပြုသင့်ပါပြီ။ရောက်တတ်ရာရာတွေးရင်းညကတော်တော်နှင့်အိပ်မပျော်။မင်္ဂလာစရိတ်အတွက်ရနိုင်သမျှစုဆောင်းပြင်ဆင်ထားရသည်။ငွေကြေးမပြည့်စုံသော်လည်းတစ်ဦးတည်းသောသားလေးအတွက်မိဘဝတ္တရားကျေချင်သည်။ မနက်လင်းသည်နှင့်နေ့စဉ်လုပ်နေကျအတိုင်းမျက်နှာသစ်၊လမ်းလျှောက်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ရေချိုးသည်။ပြီးတော့အိပ်ယာထဲလဲနေသောဇနီးဖြစ်သူကိုအပေါ့၊အလေးတည်၊ကိုယ်လက်သုတ်သင်၊မနက်စာကျွေးရသည်။ နိစ္စဓူဝအလုပ်တွေပြီးတော့မှသားခေါ်လျှင်လိုက်ဖို့အဝတ်အစားလဲပြီးသတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။ “ပြင်ဆင်ပြီးရင်သွားရအောင်အဖေ၊သူတို့ဖက်ကလူကြီးတွေစောင့်နေလိမ့်မယ်၊လမ်းမှာလဲကားပိတ်ရင်ကြာဦးမယ်” “သားအမေကိုစောင့်ရှောက်ဖို့ သားဒေါ်လေးရောက်ပြီလား” “ခုပဲရောက်တယ်အဖေ” “အေးအေး ဒါဆိုလဲသားအမေကိုနှုတ်ဆက်လိုက်ကြဦးစို့” သူတို့သားအဖအခန်းထဲဝင်သွားတော့ဇနီးဖြစ်သူကကပြုံးရောင်သန်းသည့်မျက်နှာဖြင့်ကြိုနေသည်။သည်နေ့သားအတွက်မင်္ဂလာစေ့စပ်ကြောင်းလမ်းသွားမည်ကိုအသိပေးပြီးဖြစ်သည်။သားကိုအိမ်ထောင်ချပေးနိုင်တော့မည်မို့မိခင်တစ်ယောက်အနေဖြင့်ပျော်ရွှင်နေသည်။မိဘစုံညီနှင့်သွားရမည်ဆိုလျှင်မည်မျှကောင်းလေမည်နည်း။သည်အတွက်စိတ်မကောင်းဖြစ်မိသည်။ ဇနီးသည်လေဖြတ်ပြီးအိပ်ယာထဲလဲနေသည်မှာနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ကျန်းမာရေးကောင်းစဉ်ကတစ်အိမ်လုံးသူ့ခြေသူ့လက်၊သူ့အသံစာစာတို့ဖြင့်ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေးဖြစ်ခဲ့သည်။ “သားတို့သွားပြီနော်မေမေ၊မေမေ့အတွက်ချွေးမလှလှလေးသွားတောင်းမယ်” သားကသူ့အမေကိုပြုံးရွှင်စွာပြောရင်းလက်ပြနှုတ်ဆက်သွားသည်။သူကဇနီးဖြစ်သူနားသွား၍ခါတိုင်းလိုနဖူးကိုခပ်ဖွဖွနမ်းပြီးနှုတ်ဆက်လိုက်သည်။ခေါင်းညိတ်ရုံညိတ်ပြသည်။မျက်လုံးထဲမှာကြည်နူးမှုအပြုံးဖြင့်မျက်ရည်လည်နေသည်ကိုတွေ့ရ၏။ <><><><><><> ကားပေါ်တွင်သူတို့သားအဖအတွေးကိုယ်စီဖြင့်လိုက်ပါလာကြသည်။စေ့စပ်ကြောင်းလမ်းရန်လိုက်ခဲ့ရသော်လည်းသားလက်ထပ်မည့်မိန်းကလေးကိုဖြူသလားမဲသလား၊မျိုးရိုးဇာတိ၊ပညာအရည်အချင်းဘာတစ်ခုမှသိထားတာမရှိ။အလှမ်းဝေးသောနယ်စွန်နယ်ဖျားအရပ်ဒေသမှဟုလောက်သာသိထားသည်။ သားကအစစအရာရာတွေးခေါ်မျှော်မြင်တတ်၍ဆင်ခြင်တုံတရားရှိသည်။မိမိလိုမစဉ်းစားမဆင်ခြင်တဇွတ်ထိုးလုပ်လိမ့်မည်မဟုတ်။ဘဝအတွက်အသင့်တော်ဆုံးအိမ်ထောင်ဖက်ကိုရွေးချယ်လိမ့်မည်ဟုယုံကြည်သည်။ ကိုယ့်အကြောင်းကိုယ်စဉ်းစားလိုက်လျှင်ငယ်စဉ်ကထင်ရာစိုင်းလုပ်ခဲ့သည်တို့တသီတတန်းပေါ်လာသည်။ပေတေခဲ့ဖူးသည်။မလေးရှား၊စင်ကာပူလိုနိုင်ငံရပ်ခြားသွား၍အလုပ်လုပ်ဖူးသလို၊မြန်မာနိုင်ငံအနှံသွား၍လည်းအလုပ်ပေါင်းစုံလုပ်ဖူးသည်။ရေနံတူး၊ရေမဆေးကျောက်ရှာ၊ရွှေတူး အလုပ်ပေါင်းစုံလုပ်၍ငွေရှာခဲ့သည်။ရသမျှသောက်စား၊ပျော်ပါး၊လောင်းကစားလုပ်ဖြုန်တီးခဲ့သဖြင့်ဘာမှအဖတ်မတင်ခဲ့။ အိမ်ထောင်ကျချိန်တန်တော့နဖူးစာရွာအလည်လွန်ပြီးနယ်စွန်နယ်ဖျားရွာကလေးကိုရောက်သွားသည်။အလွန်ဝေးလံသီခေါင်တောတောင်ထူထပ်သဖြင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊လူသူအရောက်အပေါက်နည်းသည့်ရွာကလေးဖြစ်သည်။အိမ်ခြေတစ်ရာကျော်ခန့်သာရှိလိမ့်မည်။သူအလုပ်လုပ်သည့်ရွှေတွင်းနှင့်နှစ်မိုင်ခန့်ဝေးသည်။အများစုကတောင်ယာလုပ်ကိုင်သူများဖြစ်ပြီးရှမ်းစပ်သဖြင့်အသားဖြူပြီးရုပ်ရည်သန့်ပြန့်ကြသည်။ ခင်မေတို့အမွှာညီအစ်မသည်အသားအရေဖြူဝင်းပြီးမျက်ခုံးမျက်လုံးလှသည့်မိန်းမချောလေးများဖြစ်သည်။ ရွာနီးချုပ်စပ်ထိနာမည်ကြီးသောကြောင့်ပိုးပန်းသူတွေများသည်။မိဘနှစ်ပါးမရှိတော့သဖြင့်အဒေါ်ဖြစ်သူ၏အုပ်ထိန်းမှုအောက်တွင်ဗိုင်းကောင်းကျောက်ဖိနေသူတွေဖြစ်ကြသည်။ရွှေကျင်းမှာအလုပ်လာလုပ်သည့်ခင်မေတို့ရွာမှကျော်ဆင့်နှင့်ခင်မင်ရင်းနှီးပြီးရွာသို့မကြာခဏအလည်ရောက်ဖြစ်သည်။ရပ်ဓလေ့ရွာဓလေ့အတိုင်းခင်မေတို့အိမ်သို့အလည်ရောက်ကာညီအစ်မနှစ်ယောက်နှင့်ခင်မင်ရင်းနှီးပြီးသံယောဇဉ်တွယ်မိကြသည်။ညဖက်သူတို့အိမ်သို့ကျော်ဆင့်နှင့်အလည်သွားလျှင်ညီအစ်မနှစ်ယောက်ကအလှပြင်၍ရေနွေးကြမ်း၊လက်ဖက်ပွဲတို့ဖြင့်လသာဆောင်တွင်ဧည့်ခံကြသည်။ရောက်တတ်ရာရာစကားတွေပြောရင်းအချိန်ကုန်ကာညဉ့်နက်မှပြန်လေ့ရှိသည်။ “ကိုကြီးကအပျိုလှည့်လာတာဆိုတော့၊မမကိုလှည့်တာလား၊ညီမလေးကိုလှည့်တာလား” အငယ်မဖြစ်သူခင်ဆွေကရိုးသားပွင့်လင်းစွာမေးသည်။ “နှစ်ယောက်စလုံးဆီပေါ့”ဟုပြန်ဖြေသောအခါအသံလွင်လွင်ဖြင့်ချစ်စဖွယ်ရယ်ကြသည်။တောထဲတောင်ထဲတွင်နေကြသော်လည်းရုပ်ရည်ချောမောသလိုအပြောအဆိုယဉ်ကျေးသိမ်မွေ့သူတွေဖြစ်ကြသည်။ သူတို့နှစ်ဦးအဝတ်အစားဆင်တူဝတ်ထားလျှင်ခွဲဖို့အလွန်ခက်သည်။ငယ်ပေါင်းကြီးဖော်ကျော်ဆင့်ကတော့ခွဲနိုင်သည်ဟုဆိုသည်။ “ကျွန်မတို့ညီအစ်မ ဘယ်တော့မှမခွဲဘူး”ဟုတစ်ယောက်ကပြောသည်။ “အိမ်ထောင်ပြုရင်ကောအတူတူပြုမှာလား” “ဘယ်တော့မှမပြုဘူး၊တစ်သက်လုံးအပျိုကြီးလုပ်ကြမှာ”ဟုကျန်တစ်ယောက်ကမဆိုင်းမတွပြန်ပြောသည်။ …
ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး) Read More