ရှင့်ဆိုရင် အလကား(စ/ဆုံး)

ရှင့်ဆိုရင် အလကား(စ/ဆုံး)

‎ဇာတိမြေကို မရောက်တာကြာပြီဖြစ်သဖြင့် ကိုတင်မောင်တစ်ယောက် ဤနှစ်တွင်တော့ အရောက်ပြန်ခဲ့သည်။ သူပြန်မရောက်သည့် အကြောင်းကလည်း ရှိသည်။ မိခင်ရော ဖခင်ပါ ကွယ်လွန်သွားကြပြီဖြစ်သဖြင့် သူလည်း ရန်ကုန်တွင်သာ အခြေချနေသည်။ ‎ ‎သူငယ်ချင်းဖြစ်သူ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးလှတင်က သူ့မြေးတွေကို ရှင်ပြုရန်အတွက် ဆရာတင်မောင်ကို လှမ်းဖိတ်သည်။ ထို့ကြောင့်လည်း နှစ်ပေါင်း ၃၀ ခန့် မရောက်ခဲ့သော မွေးရပ်မြေကို ပြန်ရောက်အောင် လာခဲ့ရတော့သည်။ ‎ ‎ကားဂိတ်တွင် လာကြိုသော သူငယ်ချင်းကိုလှတင်က ‎ ‎“မင်းကွယ် … နေနိုင်လိုက်တာ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ငါသေမှ လာမယ်လို့များ စိတ်ကူးထားရော့သလား” ဟု ဆီးပြီး အပြစ်တင်သည်။ ‎ ‎“လာချင်ပါတယ်ကွာ၊ ဒါပေမဲ့ ခရီးသွားရလာရတာလည်း တယ်မလွယ်ဘူးကွာ။ ဒါကြောင့် လာမယ်လို့ စီစဉ်လိုက် ပျက်လိုက်နဲ့။ မင်းကခေါ်တော့ ဒီနှစ်မရောက် ရောက်အောင် သွားတော့မယ်ဆိုပြီး လာခဲ့တာ” ‎ ‎သူငယ်ချင်းဖြစ်သူက သူ့ဆိုင်ကယ်လေးနှင့် လာကြိုသည်။ ‎ ‎“ဟေ့ကောင် … လက်ဖက်ရည်သောက်ရအောင်ကွာ” ‎ ‎“သောက်လေ။ ငါက လက်ဖက်ရည်ဖြတ်ထားတယ်ကွ” ‎ ‎“မုန့်စားပေါ့ကွာ” ‎ ‎သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာကြသည်။ ‎ ‎“မင်းဘာစားမလဲ” ‎ ‎“မင်းကြိုက်တဲ့ နန်းကြီးသုပ်ရတယ်ကွ” ‎ ‎“အေးကွာ နန်းကြီးသုပ်ပဲစားမယ်” ‎ ‎ကိုလှတင်က နန်းကြီးသုပ်နှင့် လက်ဖက်ရည်တစ်ခွက် မှာလိုက်သည်။ ‎ ‎“ဟဲ့ … ဟိုဝိုင်းမှာ လူထိုင်နေတယ်လေ မမြင်ဘူးလား။

နင်တို့ သောက်လုံးတွေ ကန်းနေသလား၊ ပိုက်ဆံရှင်းမယ်တဲ့ နံပါတ်နှစ်ဝိုင်းက ခေါ်နေတယ်။ ဒီမှာ လက်ဖက်ရည်မှာပြီးတော့ ဘာဖြစ်လို့ လာမဆွဲသေး တာလဲ။ သောက်သုံးကို မကျဘူး။ အလုပ်ကို စိတ်မပါဘူးလား၊ သွားပြန်အိပ်နေ။ စားပွဲ ရှစ်က ခေါ်နေတယ်။ တယ်လေ ဒီ မအေရိုးတွေနဲ့တော့ ခက်တော့တာပဲ။ မျက်စိကို လျင်လျင်ထားဟဲ့ …” ‎ ‎အလွန်စူးရှ အက်ကွဲသော အသံဖြင့် စာကျယ်ကျယ် အော်လိုက်သည် အမျိုးသမီးတစ်ဦး၏ အသံက တစ်ဆိုင်လုံးကို လွှမ်းမိုးနေသည်။ အခြား အယုတ္တ အနတ္တစကားတွေကိုကား ရေးပြရန်ပင် မဝံ့သဖြင့် မရေးတော့ပြီ။ ‎ ‎“ဟာကွာ … မင်းလက်ဖက်ရည်ဆိုင်ကလည်း ဘာဆိုင်လဲ။

နားကို ငြီးနေရောပဲ” ‎ ‎“တင်မောင်” ‎ ‎“ဘာလဲကွ” ‎ ‎“အဲဒီ အသံကို မမှတ်မိဘူးလား” ‎ ‎“မမှတ်မိဘူး” ‎ ‎“ဪ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ အသံကိုတောင် မမှတ်မိတော့ဘူးပေါ့နော်” ‎ ‎“မမှတ်မိဘူးကွာ” ‎ ‎“အဲဒါ မိထားအသံလေ” ‎ ‎“ဟေ” ‎ ‎ကိုတင်မောင်တစ်ယောက် “ဟေ” ဟု တစ်လုံးတည်း အော်ကာ ငြိမ်သွားသည်။ ‎ ‎“မိထားအသံ ဟုတ်လို့လား။ ဒါ မိထားဆိုင်လား” ‎ ‎“ဟုတ်တယ်လေ” ‎ ‎“ဘယ်လိုဖြစ်ပြီး လက်ဖက်ရည်ဆိုင်မှာ မိထားက ရောက်နေတာလဲ” ‎ ‎“ဒါ သူ့ယောက္ခမဆိုင်လေ။ သူ့ယောက္ခမကြီးက သူ့ထက်တောင် အပေါက်ဆိုးသေးတယ်” ‎ ‎“ဒါနဲ့ မိထားအိမ်ထောင်က” ‎ ‎“မင်းမသိဘူးလား ကြင်စိန်လေ” ‎ ‎“ဘယ်ကြင်စိန်လဲကွာ” ‎ ‎“ငါတို့ ၁၀ တန်းတုန်းက ဘိန်းစားလို့ ခေါ်တဲ့ မျက်မှေးကြင်စိန်ပေါ့” ‎ ‎“ဟင် … သူက မိထားနဲ့ ဘယ်လိုဖြစ်ပြီး” ‎ ‎“အကြွေးသိမ်းခံလိုက်ရတာကွ” ‎ ‎“ဟာကွာ” ‎ ‎“ဟုတ်တယ် မိထားအမေက ကြင်စိန်အမေဆီမှာ အိမ်ပေါင်ထားတယ်လေ။

နောက်ဆုံး မရွေးနိုင်တော့တဲ့ အချိန်မှာ မိထားအမေကသူ့သမီးကို ကြင်စိန်လက်ထဲ ထိုးထည့်လိုက်တာ၊ ဒီလိုနဲ့ မိထားလည်း ကြင်စိန်မယား ဖြစ်ရော။ ကြင်စိန်အမေက သေသွားတော့ မိထားလည်း ကောင်တာထိုင်ပြီး ကြင်စိန်အမေလေသံအတိုင်း သူ့လက်ဖက်ရည်ဆိုင်က စားပွဲထိုးတွေကို အော်ဟစ်ပြီး အုပ်ချုပ်တဲ့သူ ဖြစ်လာရော” ‎ ‎“ဟာကွာ မထင်ရဘူး။ မိထားပါးစပ်က ဆိုးလိုက်တာ” ‎ ‎“ငါတို့မြို့မှာ ပါးစပ်ပေါက် အဆိုးဆုံး မိန်းမစားရင်းထဲမှာ ပါတယ်ကွ၊ အဲဒီ မိန်းမကိုပင် တစ်ချိန်က မရရင် သေပါတော့မယ်လို့ မင်းဖြစ်ခဲ့တာလေ” ‎ ‎“အရင်ကပါကွာ … ဒီလောက်တောင် မထင်ရဘူးကွာ” ‎ ‎“မင်းနဲ့တုန်းကရော” ‎ ‎“ဘာလဲကွ” ‎ ‎“မင်းနဲ့ သမီးရည်းစားတွေ ဖြစ်တုန်းကရော” ‎ ‎“အေး ငါနဲ့ သမီးရည်းစားဘဝတုန်းကတော့ စကားတစ်ခွန်း သူ့ဆီကထွက်လာဖို့ မနည်းညှစ်ထုတ်ရတာကွ” ‎ ‎“မင်းတို့ ဘုရားမှာချိန်းတွေ့သေးတယ်နော်” ‎ ‎“အေးကွာ တစ်ခါတည်းပါ။

အဲဒီချိန်းတွေ့ပြီး သူနဲ့ငါ ပြတ်သွားတာပဲ” ‎ ‎“ဘာဖြစ်လို့လဲကွ” ‎ ‎“သူက တစ်ခါတည် ခိုးပြေးခိုင်းတာလေ။ ဘယ့်နှယ်ကွာ ၁၀ တန်းတောင် မဖြေရသေးဘူး ခိုးပြေးခိုင်းတော့ လန့်သွားတာပေါ့။ ငါလည်း ကြောက်တာနဲ့ သူ့ကို ရှောင်နေလိုက်တာ။ နေဦး ငါ့ရှေ့မှာပဲ သန်းဇော်နဲ့ တွဲပြသေး တယ်နော်” ‎ ‎“အေး မိထားက ရည်းစားများတယ်ကွ။ ဒါပေမဲ့ နောက်ဆုံးတော့ ဘိန်းစားနဲ့ ညားတာပဲ” ‎ ‎ထိုစဉ် လှတင်က ‎ ‎“မိထားရေ လာပါဦးဟ” ဟုခေါ်လိုက်သည်။ ‎ ‎“ရှင်ခေါ်တိုင်း လာရအောင် ကျွန်မက ဘူတာရုံက မိန်းမလား” ‎ ‎“လာပါဟ … နင့်ကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့” ‎ ‎“ဟေ့ကောင် မခေါ်စမ်းပါနဲ့ကွာ” ‎ ‎“နေစမ်းပါ ဟိုမှာ သူလာနေပြီ” ‎ ‎တင်မောင်က သူ့အနီးတွင် လာရပ်သော အမျိုးသမီးကြီးကို မော့ကြည့်လိုက်သည်။ ‎ ‎“အလို … ဟို … ဟို … ဒါ တင်မောင် မဟုတ်လား” ‎ ‎“အေးလေ … နင့်အဆက်ဟောင်းကြီးပေါ့ … နင်နဲ့တွေ့ဖို့လာတာ” ‎ ‎“အလိုတော် အလာကောင်းပေမယ့် အခါနှောင်းသွားပြီ။

မိထားက ခုဆိုရင် ကလေးနှစ်ယောက်တောင် ထွက်ပြီး နေပြီ” ‎ ‎တင်မောင်တစ်ယောက် မျက်နှာကို အောက်ငုံ့လိုက်သည်။ ‎ ‎“တင်မောင် နင်အခု ဘာလုပ်နေသလဲ” ‎ ‎“ငါလည်း ကျောင်းဆရာ အငြိမ်းစားပေါ့” ‎ ‎“မိန်းမကရော” ‎ ‎တင်မောင်က မပြောဘဲ ငြိမ်နေရာ လှတင်က ‎ ‎“ခုထိ အိမ်ထောင်မပြုသေးဘူး။ ခုလည်း နင့်ကို သတိရလို့တဲ့ ပြန်လာတာ” ‎ ‎“ဟား … ဟား … ဟား … ဘာလဲ ငါ့ဆိုင်မှာ စားပွဲထိုးမလို့လား။ ရတယ်လေ လက်ဖက်ရည်ဖျော်ဆရာလောက် အဆင့်တော့” ‎ ‎မိထားက ရယ်မောကာပြောရင်း ‎ ‎“ဟဲ့ ဟို ငမြွေထိုး … ပန်းကန်လွတ်ကျတော့မှာပဲ လွတ်ကျလို့ ကွဲရင်ကတော့ လစာထဲကဖြတ်မှာ” ဟု စားပွဲထိုး တစ်ယောက်ကို လှမ်းအော်လိုက်သည်။ ‎ ‎“နေဦးဟေ့ … ဟိုမှာ ပိုက်ဆံသွားရှင်းလိုက်ဦးမယ်” ‎ ‎မိထားက ပြောပြောဆိုဆိုနှင့် ထွက်သွားသည်။

‎ ‎“တင်မောင်” ‎ ‎“ဘာလဲကွာ” ‎ ‎“မိထားယောကျ်ား ကြင်စိန်က ဆုံးသွားတာ မကြားသေးဘူး” ‎ ‎“ဟုတ်လား” ‎ ‎“မင်းစိတ်ကူးမလွဲနဲ့ … ကလေးနှစ်ယောက်အမေဆိုပေမယ့် အလတ်ကြီး ကျန်သေးတယ်” ‎ ‎“တော်ပါ လှတင်ရာ။ ငါ ဟိုတုန်းက မိထားကို ကြိုက်တယ်ဆိုတာ ပိန်ပိန်သွယ်သွယ် အသားညိုချောလေးဆိုပြီး ကြိုက်ခဲ့တာ။ ပြီးတော့ ကျောင်းသူဘဝတုန်းက မပွင့်တပွင့် အပြုံးလေးနဲ့ တိုးတိုးသာသာလေး ပြောတတ်တဲ့ သူ့ပုံစံလေးကို ကြိုက်ခဲ့တာ” ‎ ‎“ခုရော” ‎ ‎“မြင်တဲ့အတိုင်းပဲလေ ခင်သန္တာသက်ချိုပြုံးကြီးဖြစ်ပြီး ပါးစပ်ကလည်းဆိုးလိုက်တာ။ ဘယ်နေရာ မက်စရာ တစ်ကွက် ရှိလို့လဲ။ သွားရအောင်ကွာ” ‎ ‎“မိထားရေ ပိုက်ဆံရှင်းမယ်” ‎ ‎လှတင်က လမ်းခေါ်လိုက်သည်။ မိထားက ရောက်လာပြီး ‎ ‎“အလို … ပိုက်ဆံပေးစရာလား … ငါ့ရဲ့ မတော်လိုက်ရတဲ့ လင်တော်မောင်ကို ငါက ပိုက်ဆံယူစရာလား။ တင်မောင်ရေ … ကြိုက်တဲ့အချိန်လာ … ကြိုက်တာစား သိလား။ ရှင့်ဆိုရင် အလကား” ‎

‎တင်ညွန့် ‎ ‎၃၁.၁.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *