ရေနည်းငါး
“ရှင် သေချာ စဉ်းစားပေါ့။ အခုဆို နေ့ပြန်တိုးတွေနဲ့ ကျွန်မတို့သေတောင် အကြွေးကျေမှာ မဟုတ်ဘူး” ထန်းလက်တဲဘေးမှာ ထိုင်ကာ ရေနွေးကြမ်းသောက်နေတဲ့ သူ့ဘေး လာထိုင်ရင်း သူ့မိန်းမ မိခင် က ပြောတယ်။အငယ်ကောင်က မိခင်ရဲ့ ရင်ခွင်ထဲဝင်ပြီး နို့ပိန်ပိန်ကို စို့ဖို့ အင်္ကျီလှန်တယ်။ “ဒီကောင်လေးကတစ်မျိုး ဒီမှာ ညနေ အတိုးပေးစရာ မရှိလို့ စိတ်ညစ်နေရတဲ့ကြားထဲက” ဖျော့တော့ပိန်လှီနေတဲ့ မိခင်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိတယ်။
မိုးမင်း သေချာစဉ်းစားတယ်။ သူ့မိန်းမပြောသလို အကြွေးသိန်း ၆၀ ကအတိုးတွေ တက်ရသမျှ ဆပ်နေရတဲ့ ဘဝကနေ လွတ်မြောက်ဖို့ ထိုင်းမှာ အလုပ်သွားလုပ်တာက အဆင်ပြေဆုံးဖြစ်မယ်။သူ့ရွာမှာလည်း အလုပ်က မယ်မယ်ရရရှိတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ စိုးရိမ်စိတ်ကရှိသေးတယ်။ မွေးကတည်းက ဒီရွာမှာပဲနေပြီး နီးရာမြို့တောင် တစ်လ တစ်ခါရောက် ဖြစ်တာ မဟုတ်ဘူး။ “အဆင်ပြေပါ့မလား မိန်းမရာ။ ထိုင်းစကားလည်း မပြောတတ်ဘူး” “ရွာထဲက ဇော်မောင်တို့လည်း တတ်လို့လားတော်။ဒီလိုပဲ တက်သွားကြတာပဲ။ အခုဆို ရွာလယ်က ကုန်စုံဆိုင်ဆီ wave နဲ့ လစဉ် ငွေလွှဲနေကြတာပဲ။
“ “ငါတို့လက်ထဲ ပွဲစားပေးဖို့ ငွေမှ မရှိတာ” “ဘယ်တတ် နိုင်မလဲတော် ကျုပ်တို့နေတဲ့ ဝိုင်းကို အပေါင်ထားရင်တော့ အဲဒီငွေက ထွက်လာမှာပါ” “ဟူး…..” ထန်းပင်တွေကြားက ဖြတ်တိုက်လာတဲ့ လေပူပူတွေက သူ့အပူကို မှီအံ့မထင်ပေ။ ********* ကား နှစ်ဆင့်ဆီးပြီး ဘားအံ့ ရောက်ခဲ့တယ်။ စစ်ဆေးရေးဂိတ်တွေကို စိုးရိမ်စိတ် တထိတ်ထိတ်နဲ့ ဖြတ်ကျော်ခဲ့ရတယ်။ ဘားအံ့ကနေ ကားတစ်ဆင့်စီးရတယ်။ဒေါနတောင်တန်းကြီးရဲ့ အလှတွေက သူ့ရင်ကို မအေးချမ်းစေပါဘူး။ မြဝတီရောက်ပြီးတာနဲ့ ပွဲစားချိတ်ထားပေးတဲ့ လူကတစ်ဆင့်အောက်လမ်းကနေ ကမ်းကူးပြီး မဲဆောက်ဘက်ရောက်ခဲ့ရတယ်။ လမ်းစရိတ်အတွက် မြန်မာငွေ သိန်းနှစ်ဆယ်ကုန်ခဲ့တယ်။ အသိအကျွမ်းမရှိ၊ ဘာမှမသိတဲ့ နိုင်ငံကြီးထဲ ပွဲစားအားကိုးနဲ့ တိုးဝင်လာခဲ့တယ်။
ပထမဆုံး နိုင်ငံရပ်ခြားကို ရောက်တာမို့ ကြောက်ရွံ့စိတ်တွေ ရင်ထဲအပြည့်။ ခြေလက်တွေက အလိုလိုတုန်နေတယ်။ ရသမျှ ဘုရားစာတွေ ဆိုနေမိတယ်။ ပွဲစားချိတ်ပေးတဲ့ ကားဆီ ဆိုင်ကယ်ကယ်ရီသမားက ခေါ်သွားပေးတယ်။ “ကားထဲ သေချာ ဝပ်ပြီး လိုက်ခဲ့။ ခေါင်းထွက်မလာနဲ့” ###### ပထမဆုံး စက်ချုပ်ရုံတစ်ခုမှာ သူ အလုပ်ရခဲ့တယ်။ ထိုင်းစကား မတတ်ပေမယ့် အလုပ်သမား တွေထဲ မြန်မာတွေပါတာမို့ အဆင်ပြေပါတယ်။ တစ်လလုပ်ပြီးတော့ ငွေရှင်းတဲ့အခါ သူ့မျှော်လင့်ထားတာထက် ပိုနည်းနေတာကို သိလိုက်ရတယ်။ တစ်ထည်ချုပ်ရင် ထိုင်းဘတ်ငွေ ငါးပြားပဲ ရတယ်။စားရိတ်ငြိမ်းမဟုတ်တာမို့ စားစရိတ်နဲ့ အိပ်ခန်းငှားခတွေကို ပေးပြီးတော့ သူ့လက်ထဲမှာ ဘာမှ သိပ်မကျန်ခဲ့ဘူး။ ပွဲစားက ကြားထဲက ဖြတ်စားထားတာ။ အလုပ်သွင်းပေးတဲ့ ပွဲစားဆီ ဖုန်းဆက်တော့ ဆက်မရတော့ဘူး။ဒါနဲ့ နောက်ထပ် အလုပ်ရှာဖို့ ကြိုးစားတယ်။ နောက်ထပ်အလုပ်မရခင် ရဲအဖမ်းခံထိတယ်။ အလုပ်လျှောက်ဖို့ စက်ရုံတစ်ခုစီ သွားနေတုန်းမှာပေါ့။ “Give me passport” ထိုင်းရဲက သူ့ဆီ အထောက်အထားတောင်းတယ်။
သူ ကြားဖူးနားဝ ရှိသလို ရဲလက်ထဲ ဘတ်၂၀၀ ထည့်ပေးပေမယ့် ရဲက သူ့ကို ရဲ စခန်းခေါ်သွားတယ်။ စက်ရုံက အသိဆီ ဖုန်းဆက်ဖို့ ဖုန်းကိုင်တော့ ရဲက ဖုန်းမကိုင်ဖို့ ခေါင်းခါပြတယ်။ ရဲစခန်းမှာ မြန်မာဘာသာပြန်ရှိတယ်။ ဝတုတ်တုတ် အသားမည်းမည်းနဲ့ မျက်လုံးတွေက ကြမ်းကြုတ်တဲ့ပုံပေါ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားချင်းမို့ သူ အားကိုးမိတာ အမှန်။ ခိုးဝင်ရင် သူတို့နိုင်ငံဥပဒေအရ ဘာတွေ လုပ်လို့ရတယ်။ တရားရုံးရောက်ရင် ဒဏ်ငွေ ဘတ် ၂၀၀၀၀ /၃၀၀၀၀ ဆောင်ရမယ်တဲ့။ မြန်မာပြည်ဘက် ပြန်ပို့မယ်ပြောတယ်။ “အစ်ကိုရယ် ကျွန်တော့်ကို အဆင်ပြေအောင် လုပ်ပေးပါဦး။ “ “အေး တတ်နိုင်သမျှ ငါညှိပေးမယ်” ဒီလိုနဲ့ ဘတ် ၂၀၀၀ ပေးခဲ့ရတယ်။ အဲဒီဘာသာ ပြန်ရဲ့ ဖုန်းလည်း ယူခဲ့ရတယ်။ လစဉ် ဘတ် ၃၀၀ လာပေးဖို့ပြောတယ်။ဒါ သူကြားဖူးတဲ့ ရဲကတ်ဆိုတာ ဖြစ်မယ်။ “အထောက်အထား ပါတဲ့လူနဲ့အတူသွား။ ည ၁၀ နာရီကျော်တဲ့အထိ အပြင်မှာ မနေနဲ့” အဲဒီလူကို သူကျေးဇူးတင်ကြောင်း သူနေတဲ့ အခန်းက အတူတူနေသူတွေကိုပြောတော့ ဝိုင်းဟားကြတယ်။ အဲဒီလူက ရဲခွေးတဲ့လေ။
“ငါ့အစ်ကိုရေ ထိုင်းရဲတွေနဲ့ မတွေ့မိစေနဲ့။ အစ်ကို့ဘာသာ ရဲကတ် လုပ်လုပ် မလုပ်လုပ် ငွေကတော့ တွေ့တိုင်း တောင်းနေမှာ ။ ဘတ်ရိုက်ဖို့သာ ကြိုးစား။ဒါပေမယ့် အခု ဘတ်က ပိတ်သွားပြီ။ vip ဘတ်ပဲ ကျန်မယ်” ထိုင်းနိုင်ငံကို ရောက်လာတဲ့သူ့အတွက် ဘတ်ဆိုတာ မစိမ်းပါဘူး။ တရားမဝင် ဝင်လာတဲ့လူတွေ၊ over stay နေသူတွေကို လုပ်ပေးတဲ့ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ဆိုတာ သူသိပါတယ်။ အရင်အလုပ်က လူတချို့လက်ထဲမှာ ပန်းရောင်ဘတ်ကတ်ရယ် အလုပ်လုပ်ခွင့်စာရွက်ရယ် စာအုပ်အစိမ်းလေးရယ် သူတွေ့ဖူးတယ်။ ဒုတိယအလုပ်ရဲ့ အတွေ့အကြုံက ပိုဆိုးတယ်။ ဆောက်လုပ်ရေးမှာပါ။ နေစရာ မပေးတာမို့ အရင်စက်ရုံက သိခဲ့တဲ့ မြန်မာလူငယ်တစ်ယောက်က သူ့ကို အခန်းငှားပေးမယ်ဆိုပြီး ထိုင်းဘတ် ၂၀၀၀ ယူသွားတယ်။ သုံးလနေလို့ရမယ်ပြောတယ်။ စနေခါစတော့ အတော်အဆင်ပြေခဲ့တာ။၁၅ ရက်လောက်နေပြီးတော့ အခန်းရှင်က ဒီလကုန် မငှါးတော့ဘူး ကြိုပြောထားပြီးသားပြောတယ်။ အခန်းရှင် လာနှင်တဲ့အခါ ပြေးရပြန်တယ်။ သူ့ကိုငှါးပေးတဲ့လူဆီ ဖုန်းဆက်တော့ စက်ပိတ်ထားတယ်။
ဆောက်လုပ်ရေးကလည်း work permit မရှိတဲ့လူတွေ အလုပ်မဆင်းရတော့ဘူးပြောတယ်။ သူ သေချင်လောက်အောင် စိတ်ဓာတ်ကျပါတယ်။ ပါလာတဲ့ငွေတွေလည်း ကုန်တော့မယ်။ ဒီကြားထဲ ရဲဖမ်းခံရတာ သုံးကြိမ်။ ရဲစခန်းမရောက်ဘဲ ဘတ် ၃၀၀ ဘတ် ၅၀၀ ပေးရတယ်။ ##### တတိယအလုပ်ကတော့ ကြက်ခြံမှာ လုပ်ဖို့ ဖြစ်လာတယ်။ အလုပ်ပွဲစား မြန်မာတစ်ယောက်က အလုပ်သွင်းပေးမယ်ဆိုပြီး စမတ်ခ ၂၀၀၀ တောင်းတယ်။သူတို့တောင်းတဲ့ work permit တွေ ဘတ်အနီကတ်တွေ မပြနိုင်တော့ အတော် အနှိမ်ခံရတယ်။ ဘယ်သူ့ကို အဖေ ခေါ်ရမှန်းတောင် မသိတော့ဘူး။ “မိန်းမရယ် ဒီမှာ ငါအဆင်မပြေဘူးဟာ” ဒါတွေဟာ သူ ခိုးဝင်လာလို့ ဖြစ်ရတာဆိုပြီး ဘတ် ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။သူ့မိန်းမနဲ့တိုင်ပင်တော့ လက်ရှိ သူတို့ နေတဲ့ မြေကို အပြီးရောင်းပြီး ငွေပို့ပေးမယ်ပြောတယ်။ မရောင်းပါနဲ့ မပြောရက်ဘူး။ ဒီငွေတွေ သူ ရအောင် ပြန်ရှာမယ်ပဲ တွေးမိတယ်။
ငွေထုတ်လို့ရတဲ့ ဆိုင်တွေ kpay လွှဲပြီး ထိုင်းငွေယူလို့ရတဲ့ဆိုင်ကို သူသိတယ်။ ###%## အလုပ်ကောင်းကောင်းရဖို့က သူ့မှာ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ရမှ လို့ တွေးမိတယ်။ VIP ဘတ်ရိုက်ဖို့စုံစမ်းရင် နောက်ဆုံးမှာ လိုင်းပေါ်ကတွေ့တဲ့ မော်လမြိုင်က မွန်လူမျိုးတစ်ယောက်က သူ့ကို VIP နဲ့ ဘတ်တင်ပေးမယ်ဆိုပြီး ထိုင်းဘတ် ၁၀၀၀၀ ယူသွားတယ်။ သူ့ရုံးခန်းဆီ သွားပေးရတာမို့ စိတ်ထဲ အေးသလိုရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာမှ မထူးသေးဘူး။ ဖုန်းဆက်တိုင်းလည်း တင်ထားပေးတယ်ပဲ ပြောတယ်။ အလိမ်မခံရပါစေနဲ့ပဲ ညစဉ် သူ ဆုတောင်းမိတယ်။ အခုသူလုပ်နေတဲ့ အလုပ်က ပင်ပန်းပေမယ့် အရင် အလုပ်တွေထက်တော့ ငွေပိုရတယ်။သူ့မှာ မျှော်လင့်ချက်တစ်ခုတော့ ရှိနေသေးတယ်။ သူ့ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ဖို့၊ သူ့မိသားစုကို ပြန်လည်ထူထောင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်ပါ။ဒီအလုပ်က လစာမများပေမယ့် မြန်မာပြည်မှာထက်တော့ ပိုရတာအမှန်။ သူ့ကို ဘဝအတွက် မျှော်လင့်ချက်တွေ ပြန်ပေးခဲ့တယ်။ ဒါပေမယ့် ထိုင်းရဲတွေ မြင်တာနဲ့ ကြောက်မိနေတုန်း၊ပြေးပုန်းနေရတုန်းပဲ။
#ဟမ်စိုင်း(ဆေး-မန်း) 2-2-2025





