ကြင်ဖော်တွဲချင်ရှာလိမ့်မည်(စ/ဆုံး)
သားကစေ့စပ်ကြောင်းလမ်းစကားလိုက်ပြောပေးဖို့ပြောထားသည်။မိန်းကလေး၏မိဘများရွာကအလှမ်းဝေးလွန်းသဖြင့်တကူးတကန့်သွားရန်မလွယ်။ဗုဒ္ဓဂယာမှအပြန်ရန်ကုန်ရောက်တုန်းပြောလိုက်စေချင်သည်ဟုဆိုသည်။ပညာလည်းစုံ၊အလုပ်အကိုင်အတည်တကျလည်းရှိ၊အချိန်တန်အရွယ်ရောက်ပြီမို့အိမ်ထောင်ပြုသင့်ပါပြီ။ရောက်တတ်ရာရာတွေးရင်းညကတော်တော်နှင့်အိပ်မပျော်။မင်္ဂလာစရိတ်အတွက်ရနိုင်သမျှစုဆောင်းပြင်ဆင်ထားရသည်။ငွေကြေးမပြည့်စုံသော်လည်းတစ်ဦးတည်းသောသားလေးအတွက်မိဘဝတ္တရားကျေချင်သည်။ မနက်လင်းသည်နှင့်နေ့စဉ်လုပ်နေကျအတိုင်းမျက်နှာသစ်၊လမ်းလျှောက်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ရေချိုးသည်။ပြီးတော့အိပ်ယာထဲလဲနေသောဇနီးဖြစ်သူကိုအပေါ့၊အလေးတည်၊ကိုယ်လက်သုတ်သင်၊မနက်စာကျွေးရသည်။
နိစ္စဓူဝအလုပ်တွေပြီးတော့မှသားခေါ်လျှင်လိုက်ဖို့အဝတ်အစားလဲပြီးသတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။ “ပြင်ဆင်ပြီးရင်သွားရအောင်အဖေ၊သူတို့ဖက်ကလူကြီးတွေစောင့်နေလိမ့်မယ်၊လမ်းမှာလဲကားပိတ်ရင်ကြာဦးမယ်” “သားအမေကိုစောင့်ရှောက်ဖို့ သားဒေါ်လေးရောက်ပြီလား” “ခုပဲရောက်တယ်အဖေ” “အေးအေး ဒါဆိုလဲသားအမေကိုနှုတ်ဆက်လိုက်ကြဦးစို့” သူတို့သားအဖအခန်းထဲဝင်သွားတော့ဇနီးဖြစ်သူကကပြုံးရောင်သန်းသည့်မျက်နှာဖြင့်ကြိုနေသည်။သည်နေ့သားအတွက်မင်္ဂလာစေ့စပ်ကြောင်းလမ်းသွားမည်ကိုအသိပေးပြီးဖြစ်သည်။သားကိုအိမ်ထောင်ချပေးနိုင်တော့မည်မို့မိခင်တစ်ယောက်အနေဖြင့်ပျော်ရွှင်နေသည်။မိဘစုံညီနှင့်သွားရမည်ဆိုလျှင်မည်မျှကောင်းလေမည်နည်း။သည်အတွက်စိတ်မကောင်းဖြစ်မိသည်။
ဇနီးသည်လေဖြတ်ပြီးအိပ်ယာထဲလဲနေသည်မှာနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ကျန်းမာရေးကောင်းစဉ်ကတစ်အိမ်လုံးသူ့ခြေသူ့လက်၊သူ့အသံစာစာတို့ဖြင့်ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေးဖြစ်ခဲ့သည်။ “သားတို့သွားပြီနော်မေမေ၊မေမေ့အတွက်ချွေးမလှလှလေးသွားတောင်းမယ်” သားကသူ့အမေကိုပြုံးရွှင်စွာပြောရင်းလက်ပြနှုတ်ဆက်သွားသည်။သူကဇနီးဖြစ်သူနားသွား၍ခါတိုင်းလိုနဖူးကိုခပ်ဖွဖွနမ်းပြီးနှုတ်ဆက်လိုက်သည်။ခေါင်းညိတ်ရုံညိတ်ပြသည်။မျက်လုံးထဲမှာကြည်နူးမှုအပြုံးဖြင့်မျက်ရည်လည်နေသည်ကိုတွေ့ရ၏။ <><><><><><> ကားပေါ်တွင်သူတို့သားအဖအတွေးကိုယ်စီဖြင့်လိုက်ပါလာကြသည်။စေ့စပ်ကြောင်းလမ်းရန်လိုက်ခဲ့ရသော်လည်းသားလက်ထပ်မည့်မိန်းကလေးကိုဖြူသလားမဲသလား၊မျိုးရိုးဇာတိ၊ပညာအရည်အချင်းဘာတစ်ခုမှသိထားတာမရှိ။အလှမ်းဝေးသောနယ်စွန်နယ်ဖျားအရပ်ဒေသမှဟုလောက်သာသိထားသည်။
သားကအစစအရာရာတွေးခေါ်မျှော်မြင်တတ်၍ဆင်ခြင်တုံတရားရှိသည်။မိမိလိုမစဉ်းစားမဆင်ခြင်တဇွတ်ထိုးလုပ်လိမ့်မည်မဟုတ်။ဘဝအတွက်အသင့်တော်ဆုံးအိမ်ထောင်ဖက်ကိုရွေးချယ်လိမ့်မည်ဟုယုံကြည်သည်။ ကိုယ့်အကြောင်းကိုယ်စဉ်းစားလိုက်လျှင်ငယ်စဉ်ကထင်ရာစိုင်းလုပ်ခဲ့သည်တို့တသီတတန်းပေါ်လာသည်။ပေတေခဲ့ဖူးသည်။မလေးရှား၊စင်ကာပူလိုနိုင်ငံရပ်ခြားသွား၍အလုပ်လုပ်ဖူးသလို၊မြန်မာနိုင်ငံအနှံသွား၍လည်းအလုပ်ပေါင်းစုံလုပ်ဖူးသည်။ရေနံတူး၊ရေမဆေးကျောက်ရှာ၊ရွှေတူး အလုပ်ပေါင်းစုံလုပ်၍ငွေရှာခဲ့သည်။ရသမျှသောက်စား၊ပျော်ပါး၊လောင်းကစားလုပ်ဖြုန်တီးခဲ့သဖြင့်ဘာမှအဖတ်မတင်ခဲ့။ အိမ်ထောင်ကျချိန်တန်တော့နဖူးစာရွာအလည်လွန်ပြီးနယ်စွန်နယ်ဖျားရွာကလေးကိုရောက်သွားသည်။အလွန်ဝေးလံသီခေါင်တောတောင်ထူထပ်သဖြင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊လူသူအရောက်အပေါက်နည်းသည့်ရွာကလေးဖြစ်သည်။အိမ်ခြေတစ်ရာကျော်ခန့်သာရှိလိမ့်မည်။သူအလုပ်လုပ်သည့်ရွှေတွင်းနှင့်နှစ်မိုင်ခန့်ဝေးသည်။အများစုကတောင်ယာလုပ်ကိုင်သူများဖြစ်ပြီးရှမ်းစပ်သဖြင့်အသားဖြူပြီးရုပ်ရည်သန့်ပြန့်ကြသည်။ ခင်မေတို့အမွှာညီအစ်မသည်အသားအရေဖြူဝင်းပြီးမျက်ခုံးမျက်လုံးလှသည့်မိန်းမချောလေးများဖြစ်သည်။
ရွာနီးချုပ်စပ်ထိနာမည်ကြီးသောကြောင့်ပိုးပန်းသူတွေများသည်။မိဘနှစ်ပါးမရှိတော့သဖြင့်အဒေါ်ဖြစ်သူ၏အုပ်ထိန်းမှုအောက်တွင်ဗိုင်းကောင်းကျောက်ဖိနေသူတွေဖြစ်ကြသည်။ရွှေကျင်းမှာအလုပ်လာလုပ်သည့်ခင်မေတို့ရွာမှကျော်ဆင့်နှင့်ခင်မင်ရင်းနှီးပြီးရွာသို့မကြာခဏအလည်ရောက်ဖြစ်သည်။ရပ်ဓလေ့ရွာဓလေ့အတိုင်းခင်မေတို့အိမ်သို့အလည်ရောက်ကာညီအစ်မနှစ်ယောက်နှင့်ခင်မင်ရင်းနှီးပြီးသံယောဇဉ်တွယ်မိကြသည်။ညဖက်သူတို့အိမ်သို့ကျော်ဆင့်နှင့်အလည်သွားလျှင်ညီအစ်မနှစ်ယောက်ကအလှပြင်၍ရေနွေးကြမ်း၊လက်ဖက်ပွဲတို့ဖြင့်လသာဆောင်တွင်ဧည့်ခံကြသည်။ရောက်တတ်ရာရာစကားတွေပြောရင်းအချိန်ကုန်ကာညဉ့်နက်မှပြန်လေ့ရှိသည်။ “ကိုကြီးကအပျိုလှည့်လာတာဆိုတော့၊မမကိုလှည့်တာလား၊ညီမလေးကိုလှည့်တာလား” အငယ်မဖြစ်သူခင်ဆွေကရိုးသားပွင့်လင်းစွာမေးသည်။ “နှစ်ယောက်စလုံးဆီပေါ့”ဟုပြန်ဖြေသောအခါအသံလွင်လွင်ဖြင့်ချစ်စဖွယ်ရယ်ကြသည်။တောထဲတောင်ထဲတွင်နေကြသော်လည်းရုပ်ရည်ချောမောသလိုအပြောအဆိုယဉ်ကျေးသိမ်မွေ့သူတွေဖြစ်ကြသည်။
သူတို့နှစ်ဦးအဝတ်အစားဆင်တူဝတ်ထားလျှင်ခွဲဖို့အလွန်ခက်သည်။ငယ်ပေါင်းကြီးဖော်ကျော်ဆင့်ကတော့ခွဲနိုင်သည်ဟုဆိုသည်။ “ကျွန်မတို့ညီအစ်မ ဘယ်တော့မှမခွဲဘူး”ဟုတစ်ယောက်ကပြောသည်။ “အိမ်ထောင်ပြုရင်ကောအတူတူပြုမှာလား” “ဘယ်တော့မှမပြုဘူး၊တစ်သက်လုံးအပျိုကြီးလုပ်ကြမှာ”ဟုကျန်တစ်ယောက်ကမဆိုင်းမတွပြန်ပြောသည်။ “နှစ်ယောက်လုံးကိုတင်တောင်းရင်ကော” “စဉ်းစားမယ်” “စဉ်းစားမယ်”ဟုပြိုင်တူပြောရင်းရယ်ကြသည်။ တစ်ညအကြီးဖြစ်သူတစ်ဦးတည်းရှိချိန်တွင်”ခင်မေနော်”ဟုသေချာအောင်မေးကာချစ်ခွင့်ပန်ရသည်။ “ကျွန်မတို့ချစ်တာနဲ့လက်ထပ်တာကိုတစ်ပြိုင်တည်းစဉ်းစားပြီးမှဆုံးဖြတ်တယ်။ကိုကြီးကိုငြင်းပယ်စရာမရှိပါဘူး။ကျွန်မကိုတကယ်ချစ်လို့ဘဝကြင်ဖော်အဖြစ်ရွေးမယ်ဆိုရင်အဒေါ့်ဆီမှာလူကြီးစုံရာနဲ့လာတောင်းပါ” သူစဉ်းစားရပြီ။သူခင်မေ့ကိုမေတ္တာစစ်ဖြင့်ချစ်ပြီးအိမ်ထောင်ဖက်အဖြစ်ရည်ရွယ်ခဲ့ပါသည်။မြို့တကာနယ်တကာရောက်ခဲ့သောသူ့အတွက်မိန်းကလေးပေါင်းစုံနှင့်ဆုံတွေ့ခဲ့ဖူးပါသည်။သို့သော်အချစ်စစ်မဟုတ်မှန်းခင်မေနှင့်တွေ့မှနားလည်ခဲ့သည်။သူအပြန်လမ်းတွင်ကျော်ဆင့်နှင့်တိုင်ပင်ရသည်။ရွှေတွင်းကလည်းအရှုံးပေါ်သဖြင့်မကြာမီပိတ်ပြီးပြန်ရတော့မည်။
“မင်းဒီကပြန်သွားရင် ပြန်ရောက်နိုင်တော့မှာမဟုတ်ဘူး။ပြတ်ပြတ်သားသားဆုံးဖြတ်”ကျော်ဆင့်ပြောသည်မှာမမှား။လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲပြီးမြို့ပြနှင်အဆက်အသွယ်ပြတ်ကာသီးခြားကမ္ဘာလိုဖြစ်နေသောသည်ရွာကိုလှည်းတစ်တန်၊လှေတစ်တန်၊ခြေလျင်ဖြင့်တောင်အဆင့်ဆင့်ကျော်၍လာဖို့မဖြစ်နိုင်။ “သွားတောင်းရင် ဘယ်လောက်ကုန်မလဲ” “အကျဉ်းရုံးတောင်းရင်တောင်ဆယ်သိန်းလောက်ကုန်မယ်” သူ့လက်ထဲတွင်ရှိသည့်ငွေကသုံးသိန်းပင်မပြည့်၊ပြန်စားရိတ်ကချန်ရဦးမည်။ငွေမရှိသဖြင့်ခင်မေနှင့်ဝေးရမည်ဆိုသောအသိကြောင့်မွှန်းကျပ်လာသည်။ “ငါ ငါးသိန်းစိုက်မယ်” ကျော်ဆင့်ကစေတနာဖြင့်အားတက်သရောပြောသော်လည်းသူ့မှာရှိသည့်ငွေနှင့်မလောက်နိုင်မှန်းသိသည်။ဆုံးဖြတ်ချက်လည်းမချနိုင်။ကျော်ဆင့်ကိုသူ့မှာရှိသည့်ငွေရေးကြေးရေးအခြေအနေမှန်ကိုရှင်းပြလိုက်ရသည်။ “အရက်သွားသောက်ရအောင်၊ပြီးမှစဉ်းစား”ဟုကျော်ဆင့်ကပြောသဖြင့်နှစ်ယောက်သားအရက်ရောင်းသည့်အိမ်ရောက်သွားကာမူးအောင်သောက်လိုက်ကြသည်။ခေါင်းချာချာလည်နေသော်လည်းအဖြေကထွက်မလာပါ။ <><><><><><> မူးမူးနှင့်ကျော်ဆင့်ခေါ်ရာလိုက်သွားတော့ဖဲဝိုင်းရှိသည့်အိမ်ရောက်သွား၏။
“နှစ်အိမ်လိုနေတာနဲ့အတော်ပဲ၊ထိုင်ကွာကျော်ဆင့်၊မင့်မိတ်ဆွေကိုလဲထိုင်ခိုင်းဦး” သူတို့ကိုဖိတ်ခေါ်သည့်လူကိုလှမ်းကြည့်တော့အမူးပင်ပြေသွားသည်။အောင်ဟိန်း။နယ်စပ်မှလက်နက်ကိုင်တွေနှင့်အဆက်အသွယ်ရှိသူ၊မူးယစ်ဆေးဝါးကဲ့သို့ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်းများဖြင့်ငွေကြေးချမ်းသာနေသူ၊ထိုအရှိန်အဝါများကိုအသုံးချ၍ရွာတွေမှာဗိုလ်ကျကာမိန်းကလေးများကိုချေတော်တင်ဖျက်ဖျက်ဆီးနေသူဖြစ်သည်။သည်ရွာမှခင်မေနှင့်ခင်ဆွေညီအစ်မကိုလည်းချိန်ရွယ်နေမှန်းသိထားသည်။သူနှင့်ခင်မေ့အကြောင်းလည်းသိပြီးရော့မည်။သူအန္တရာယ်အငွေ့အသက်ရလိုက်သည်။ မထူးတော့ဟုစိတ်ပိုင်းဖြတ်လိုက်သည်။ကျော်ဆင့်ကမျက်ရိပ်ပြလိုက်သဖြင့်နှစ်ယောက်လုံးဝင်ထိုင်လိုက်ကြသည်။ကျော်ဆင့်နှင့်သူထိုင်မိတော့ဝိုင်းစရန်ပြင်ကြသည်။ကျော်ဆင့်ကဖဲထုပ်အသစ်တောင်းတော့အိမ်ရှင်ကလဲပေးသည်။ကျော်ဆင့်ကဖဲနှစ်ချပ်စီဝေလိုက်၏။တစ်ချပ်လှန်တစ်ချပ်မှောက်။လှန်ထားသောဖဲကသူအကောင်းဆုံး။သူကြေးစခေါ်တော့အောင်ဟိန်းလိုက်လာသည်။နောက်တစ်ချပ်ဝေတော့လည်းသူ့ဖဲကအကောင်းဆုံးဖြစ်နေသဖြင့်ကြေးထပ်ခေါ်ရသည်။။အောင်ဟိန်းကဆက်လိုက်လာသည်။ဝိုင်းထဲကလူတွေတဖြည်းဖြည်းလက်လျှော့သွားကြသဖြင့်သူနှင့်အောင်ဟိန်းသာကျန်တော့သည်။
သည်ဝိုင်းကိုပွဲသိမ်းနိုင်လျှင်ခင်မေ့ကိုတင်တောင်းဖို့ငွေလုံလောက်သွားနိုင်သည်ဟူသောအတွေးကြောင့်စိတ်တွေလှုပ်ရှားသွားသည်။အောင်ဟိန်းမှောက်ထားသောဖဲကအမှန်းရခက်သည်။သို့သော်ဖဲအကောင်းကြီးမဟုတ်သည်ကိုတော့တွက်ဆနိုင်သည်။အောင်ဟိန်းကငွေရင်းရှိသူ၊မိုက်သွေးရှိသူ၊ဉာဏ်များသူမို့ ဆိုက်ကိုသုံးရသည့်သည်လိုကစားနည်းတွင်တစ်ပန်းသာသည်။အောင်ဟိန်းကတည်တည်ငြိမ်ဖြင့်သူ့နောက်လိုက်လာသည်။ငါးချပ်မြောက်ဖဲချပ်မှာတော့အောင်ဟိန်းကအကောင်းဆုံးဖဲ။သူခေါ်သည့်ကြေးကိုလိုက်မလိုက်စဉ်းစားရသည်။အောင်ဟိန်းရာဇဝင်တွင်ဟောက်စားဖြင့်အနိုင်ယူခဲ့သောပွဲများရှိသည်ကိုသိထားသည်။သည်ကစားနည်းကလူတစ်ယောက်၏စရိုက်ကိုပါထည့်တွက်ရသည်။အောင်ဟိန်းမှောက်ထားသောဖဲသည်ကိုးဆယ်ရာနှုန်းမကောင်းနိုင်ဟုသူယုံကြည်သည်။သည်တစ်ပွဲလည်းဟောက်စားဖြင့်အနိုင်ယူရန်ကြံစီနေသည်ဟုအပိုင်တွက်လိုက်သည်။
ကျော်ဆင့်ကိုငဲ့ကြည့်တော့ခေါင်းတစ်ချက်ညိတ်ပြသည်။ဆက်လိုက်ဆိုသည့်သဘော။အောင်ဟိန်းခေါ်သည့်ကြေးကိုလိုက်တင်လိုက်သည်။ “စဉ်းစားဦးလေ” အကြည့်ကမထီတရီ။သုံးနေကျဆိုက်ကိုဖြစ်မှာပဲဟုသူတွေး၏။သူနောက်ဆုတ်ဖို့မစဉ်းစားတော့ပါ။အောင်ဟိန်းကမခိုးမခန့်ရယ်ရင်းအလယ်မှငွေပုံကိုသိမ်းလိုက်သည်။ကျော်ဆင့်ကအောင်ဟိန်းရှေ့မှမှောက်ထားသောဖဲကိုကောင်လှန်လိုက်သည်။သူလုံးဝမထင်မှတ်ထားသောဖဲ။သူရှုံးသွားပြီ။ငွေကြေး၊သိက္ခာပါမကအချစ်ပါရှုံးသွားသည်ကိုသိလိုက်၏။သူဆောက်တည်ရာမရ။ကတုန်ကရီဖြင့်ဇောချွေးပါပြန်လာသည်။အောင်ဟိန်း၏မထေမဲ့မြင်အမူအရာကြောင့်ပိုအခံရခက်သည်။သို့သော်သူဘာမှမတတ်နိုင်တော့။ပွဲကပြီးသွားပြီမို့ထပြန်ရုံသာရှိသည်။ထိုစဉ်အောင်ဟိန်းကငွေပုံကိုသူ့ဘက်ရုတ်တရက်တွန်းပို့လိုက်သည်။ “ခင်မေတို့ညီအစ်မကိုလက်လျှော့လိုက်” နောက်တော့ငွေပုံဘေးတွင်ပြောင်လက်သောဓါးမြောင်ကိုစိုက်ချလိုက်သည်။ “ကြိုက်တာရွေး” ဝိုင်းထဲမှအောင်ဟိန်းလူတွေရုတ်တရက်မတ်တပ်ရပ်လိုက်ကြသည်။တိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြခြင်းဖြစ်သည်။
အခြေအနေကတင်းမာနေသဖြင့်ကျော်ဆင့်ကိုလှည့်ကြည့်လိုက်ရာဣန္ဒြေမပျက်ဆေးလိပ်ဖွာနေသည်။ “အဲ့ဒီလိုမခြိမ်းခြောက်နဲ့လေ အောင်ဟိန်း” ကျော်ဆင့်ကအေးအေးဆေးဆေးပြောရင်းငွေပုံကိုအောင်ဟိန်းဘက်ပြန်တွန်းပို့လိုက်သည်။ “မင်းဝင်မရှုပ်နဲ့” အောင်ဟိန်းရှူးရှူးရှားရှားဖြစ်သွားသည်။အောင်ဟိန်းလူတွေကသူတို့နှစ်ယောက်ကိုဝိုင်းလိုက်ကြသည်။လက်နက်ကိုယ်စီနှင့်လူတွေကိုသူတို့နှစ်ယောက်ယှဉ်ပြိုင်ရန်မလွယ်မှန်းသိသည်။သို့သော်ငွေထုပ်ကိုယူပြီးခင်မေ့ကိုစွန့်လွှတ်ဖို့မည်သည့်နည်းနှင့်မျှမဖြစ်နိုင်။သွေးဆူနေသဖြင့်ကြောက်စိတ်လည်းမရှိတော့။အန္တရာယ်ကိုရင်ဆိုင်ဖို့အသင့်ပြင်လိုက်သည်။ “ခင်မေ သူ့ဘောအတိုင်းဆုံးဖြတ်ပါလိမ့်မယ်အောင်ဟိန်းရာ” “ဒါ ငါ့ကိစ္စကျော်ဆင့်၊ငွေကိုမရွေးဘူးဆိုရင်၊ဓါးရွေး” လက်နှိပ်ဓါတ်မီးရောင်တွေဟိုမှသည်မှဝိုင်းထိုးကြသဖြင့်အိမ်ထဲရောက်လာသည်။တစ်ဦးနှင့်တစ်ဦးအချက်ပေးသံ၊တီးတိုးစကားပြောသံတွေတဖြည်းဖြည်းနီးလာသည်။ “ရွာစည်းရိုးတံခါးတွေပိတ်လိုက်ပြီအောင်ဟိန်း” အောင်ဟိန်း ကျော်ဆင့်ကိုစူးစူးဝါးဝါးကြည့်လိုက်သည်။
အခြေအနေကိုချက်ချင်းသဘောပေါက်သွားပုံပေါ်သည်။မကျေမနပ်နှင့်မာန်လျှော့လိုက်သည်။ “တောက် မင်းကရွာခံမို့ပေါ့ကွာ၊ငါ့အကြောင်းတစ်နေ့သိစေရမယ်ကျော်ဆင့်” အောင်ဟိန်းကတက်တစ်ချက်ခေါက်ပြီး ကျိန်းဝါးလိုက်သည်။ “မင်းငါ့လူကိုလက်ဖျားနဲ့တောင်တို့ဖို့စိတ်မကူးနဲ့””ဘယ်လိုလုပ်ကြမလဲ ကျော်ဆင့်၊ဒီကောင်အလွယ်တကူလက်လျှော့မှာမဟုတ်ဘူး” ကျော်ဆင့်ကချက်ချင်းစကားမပြန်။တစ်စုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေသည်။စားပွဲပေါ်မှအရက်ခွက်ကိုရုတ်တရက်ဆွဲယူပြီးကောက်မော့လိုက်သည်။ “မင်း ခင်မေ့ကိုခိုးပြေးတော့” <><><><><><> ညတွင်းချင်းခိုးပြေးဖို့ကမန်းကတန်းစီစဉ်ရသည်။ထိုညကလရောင်မရှိပါ။ကြယ်ရောင်သာရှိသဖြင့်ပတ်ဝန်းကျင်ကမှုန်ပြပြ။ကျော်ဆင့်ကခင်မေ့ကိုသွားခေါ်နေသည်မို့တောစပ်ကမှောင်ရိပ်ခိုပြီးစောင့်နေရသည်။ကျော်ဆင့်တို့တော်တော်နှင့်ရောက်မလာသဖြင့်သူစိတ်လှုပ်ရှားပြီးဂနာမငြိမ်ဖြစ်နေ၏။အချိန်အတော်ကြာမှလူရိပ်လူရောင်တွေ့ရသည်။အနီးရောက်လာချိန်တွင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်သူအံ့အားသင့်သွားသည်။
“ဟင်” ကျော်ဆင့်နှင့်ပါလာသည်ကခင်မေတစ်ယောက်တည်းမဟုတ်။ခင်မေနှင့်ခင်ဆွေညီအစ်မနှစ်ယောက်။ “ခင်ဆွေကအောင်ဟိန်းအန္တရာယ်ကြောက်တယ်ဆိုလို့ခေါ်ခဲ့ရတာပဲ။နောက်မှကြည့်စီစဉ်မယ်။ရွာထဲကသူ့လူတွေသတင်းပေးလို့လိုက်လာလောက်ပြီ။သွားကြစို့” ကျော်ဆင့်သတိပေးသည့်အတိုင်းတောထဲဝင်ချိန်တွင်နောက်မှလိုက်လာသောလူသံတွေကိုကြားရသည်။လက်နှိပ်ဓာတ်မီးရောင်တွေကိုတွေ့လိုက်ရ၏။သူတို့လက်ထဲတွင်သေနပ်ပါနိုင်သဖြင့်အန္တရာယ်ရှိသည်။မီးရောင်တွေကတဖြည်းဖြည်းနီးလာသည်။မိန်းမသားနှစ်ယောက်နှင့်ပြေးရသဖြင့်ခရီးကမတွင်။သူတို့ကတောကျွမ်းသည့်ယောကျ်ားသားတွေမို့အချိန်မရွေးမီလာနိုင်သည်။ “ကဲ ဒီအတိုင်းဆိုရင်မလွတ်နိုင်ဘူး။ငါတို့လမ်းခွဲမှဖြစ်မယ်။ခင်ဆွေက ငါ့နောက်လိုက်ခဲ့။မီးရောင်ပြပြီးရွာဘက်ကိုမျှားခေါ်သွားမယ်။ရွာမှာခဏခိုနေပြီးအန္တရာယ်ကင်းတော့မှလိုက်ပို့ပေးမယ်။မင်းနဲ့ခင်မေကချောင်းကိုကျော်ပြီးရွှေတွင်းရောက်အောင်ပြေးတော့” ညီအစ်မနှစ်ယောက်အမှောင်ထဲမှာဖက်ပြီးငိုကြသည်။တစ်ခါမှမခွဲဖူးသဖြင့်စိတ်ထိခိုက်နေကြသည်။
“ကဲ သွားတော့ အစစအရာရာဂရုစိုက်နော်” နှစ်ဦးသားဖက်ထားရာမှတစ်ယောက်ကတွန်းလိုက်သဖြင့်သူ့ထံရောက်လာသူကိုလက်ဆွဲကာအမှောင်ထဲသို့တိုးဝင်ခဲ့သည်။ကျော်ဆင့်တို့နှစ်ယောက်တဖြည်းဖြည်းဝေးသွားသည်။မီးရောင်နှင့်လူသံတွေလည်းပျောက်သွားသည်။ကျော်ဆင့်တို့မျှားခေါ်ရာသို့လိုက်သွားကြပြီထင်သည်။ သူတို့ချောင်းကိုမကျော်ခင်အဝေးမှသေနပ်သံတစ်ချက်ကြားလိုက်ရသဖြင့်အထိတ်တလန့်လှည့်ကြည့်လိုက်မိကြသည်။ <><><><><><> မင်္ဂလာစေ့စပ်ပွဲကလူသိပ်မများပါ။မိန်းကလေးရှင်ဘက်မှမိဘနှစ်ဦး၊သတို့သမီး၏အစ်မလင်မယား၊ရပ်ကွက်လူကြီးသုံးဦး၊ဧည့်သည်သုံးယောက်နှင့်ယောကျ်ားလေးရှင်ဘက်မှသူတို့သားအဖသာရှိသည်။အိမ်ခန်းကျဉ်းကျဉ်းတွင်စားပွဲဝိုင်းသုံးဝိုင်းဖြင့်မုန်နှင့်လက်ဖက်ရည်ခွက်တွေပြင်ထားသည်။သတို့သမီးအဖေသည်သူနှင့်ရွယ်တူခန့်ဖြစ်မည်ထင်သော်လည်းအသက်အရွယ်ထက်ပို၍အိုစာနေပုံရသည်။ဆံပင်သာမက မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေး၊မျက်ခုံးမွှေးတို့ပါဖြူနေသည်။သတို့သမီးအမေမှာအသားဖြူဖြူ၊ပိန်ပိန်သွယ်သွယ်ဖြစ်သည်။သတို့သမီးကအမေနှင့်ပိုတူ၍အသားဖြူဖြူ၊သွယ်သွယ်လျလျနှင့်ချောမောလှပသူဖြစ်သည်။ မင်္ဂလာစေ့စပ်စကားကိုသတို့သမီး၏အစ်မခင်ပွန်းဖြစ်သူကမတ်တပ်ရပ်ပြီးစကားစပြောသည်။
“တစ်ရွာနဲ့တစ်ရွာရပ်ဓလေ့ရွာဓလေ့မတူကြတော့သတို့သားဖက်ကမရှင်းတာရှိနိုင်ပါတယ်။ဒါကြောင့်အကျဉ်းချုပ်ပြီးရှင်းပြပါမယ်”ဟုအစချီကာကန်တော့ခံဖိတ်ကြားရေး၊ဧည့်ခံကျွေးမွေးရေး၊ရွာဝင်ကြေးပေးရေး၊လက်ဖွဲ့ငွေလက်ခံရေးတို့ကိုရှင်းပြနေသည်။သူကတော့တခြားကိစ္စတွေကိုစိတ်မဝင်စားနိုင်။ရှာထားသည့်ငွေဖြင့်မင်္ဂလာစရိတ်မလောက်မှာကိုတွေးပူနေသည်။ “ရွာဝင်ကြေးကိုမဖြစ်မနေပေးရပါတယ်၊ရပ်ရွာကကျေနပ်ရင်သောင်းဂဏန်းလောက်နဲ့လဲပြီးပါတယ်။ရပ်ရွာနဲ့အဆင်မပြေရင်တော့သိန်းဂဏန်း၊ဒါမ မဟုတ်သူတို့စိတ်ကြိုက်တောင်းတတ်ပါတယ်။မကျေနပ်လို့ခိုးပြေးရင်ပဲဖြစ်ဖြစ်၊ဇွတ်ငြင်းပြီးမပေးပဲနေရင်လဲရပါတယ်။ဒါပေမယ့်ဒီလင်မယားရွာကိုဘယ်တော့မှပြန်ဝင်လို့မရတော့ပါဘူး။ဝင်လာတာနဲ့ခဲနဲ့ထုပြီးမောင်းထုတ်ခံရပါလိမ့်မယ်” ထူးခြားလှသောရွာဓလေ့ကိုကြားလိုက်ရသဖြင့်သူအံ့ဩသွားသည်။သူလည်းဇနီးဖြစ်သူကိုခိုးယူခဲ့သည်မဟုတ်ပါလား။
“သတို့သမီးရဲ့အရပ်ဒေသကထုံးတမ်းစဉ်လာတွေတော့သိရပါပြီ၊သတို့သားရှင်ဘက်ကအဓိကသိချင်မှာကမင်္ဂလာစရိတ်ခန့်မှန်းချေဘယ်လောက်ကုန်မလဲဆိုတာဖြစ်ပါလိမ့်မယ်” “သူမေးချင်သောမေးခွန်းကိုရပ်ကွက်လူကြီးတစ်ယောက်ကမေးလိုက်သည်။သူရှာဖွေထားသောငွေနှင့်လောက်မလောက်ချင့်ချိန်ရမည်။မိဘကငွေကြေးမပြည့်စုံသဖြင့်သားမျက်နှာငယ်ရမည့်ကိုလည်းစိုးရိမ်သည်။ “ကျွေးမွေးတာ၊ကန်တော့်ပွဲ၊ရပ်ကြေးရွာကြေးနဲ့ဆိုတော့အနည်းဆုံးသိန်းသုံးဆယ်လောက်ကုန်ပါလိမ့်မယ်” သူခေါင်းတော်တော်ချောက်သွားသည်။သူမှန်းထားသည်ကသိန်းနှစ်ဆယ်၊ပိုပိုမိုမိုသိန်းအစိတ်ရှာထားသည်။ခုအနည်းဆုံးသိန်းသုံးဆယ်ခန့်ကုန်မည်ဆိုသောအခါလိုသောငွေကိုမည်သို့ရှာရမည်ကိုအပြေးအလွှားစဉ်းစားရသည်။ခင်မေ့အတွင်းပစ္စည်းတွေကိုတော့မရောင်းရက်။အိမ်ဝန်းတစ်ခြမ်းကိုရောင်းလျှင်ရနိုင်သော်လည်းအမြန်ရောင်းထွက်ဖို့မလွယ်။မင်္ဂလာစရိတ်မတတ်နိုင်သဖြင့်ပွဲပျက်ရမည့်အဖြစ်မျိုးလည်းအဖြစ်မခံနိုင်။အားလုံး၏အကြည့်တွေကသူ့ဆီရောက်နေသည်ကိုသိလိုက်သည်။ “အမှန်အတိုင်းပြောရရင်သိန်းအစိတ် လောက်ကုန်မယ်မှန်းပြီးရှာထားပါတယ်။မလောက်နိုင်ဘူးဆိုတာသိရတော့ရုတ်တရက်ရှာဖို့ခက်သွားပါတယ်။
ကျွန်တော်ကြိုးစားပြီးမဖြစ်ဖြစ်အောင် …. “ကျုပ် ငါးသိန်းစိုက်မယ်” သူ့စကားမဆုံးခင်ဖြတ်ပြောလိုက်သူကသတို့သမီးအဖေ။သူခင်မေ့ကိုတောင်းဖို့ကြံရွယ်ခဲ့စဉ်ကကြားဖူးသောစကားအတိုင်း။မည်သူမျှမျှော်လင့်မထားသဖြင့်အားလုံးကလှမ်းကြည့်လိုက်ကြသည်။သူလည်းအံ့ဩစိတ်ဖြင့်လှမ်းကြည့်လိုက်သည်။သတို့သမီးအဖေကလည်းစူးရှသောမျက်လုံးတို့ဖြင့်သူ့ကိုပြန်ကြည့်နေသည်။အကြည့်ချင်းဆုံသွား၏။စိတ်ဓာတ်မာကြောပြတ်သားသောစရိုက်လက္ခဏာသည်မျက်လုံးတွင်ပေါ်လွင်နေဆဲ။ကျော်ဆင့်ပါလားဟူသောအသိကြောင့်ရင်ထဲတွင်လှိုက်ခနဲဖြစ်သွားသည်။ <><><><><><> ဘူတာရောက်ဖို့သူစိတ်စောနေသည်။လမ်းကြုံတုန်းဝင်လုပ်သည့်အလုပ်ကချက်ချင်းမပြီး။ကားတွေကလည်းပိတ်၊ကျော်ဆင့်အတွက်လက်ဆောင်ဝယ်ရန်ဈေးကိုလည်းဝင်ရသေးသည်။သည်လိုမှန်းသိလျှင်အလုပ်ကိစ္စမဝင်ခဲ့ရလျှင်အကောင်းသားဟုနောင်တရမိသည်။
အချိန်ကြည့်တော့ရထားထွက်ရန်ဆယ့်ငါးမိနစ်သာလိုတော့သည်။ကျော်ဆင့်နှင့်ပြောချင်တာတွေကများသည်။ရွာနှင့်အလှမ်းဝေးသည်ကတကြောင်း၊သူရန်ကုန်ရောက်တော့ဇနီးကိုပါခေါ်ပြီးနိုင်ငံခြားတွင်နှစ်တွေအကြာကြီးအလုပ်သွားလုပ်နေသည်ကတကြောင်းကြောင့်အဆက်အသွယ်လုံးဝပြတ်သွားခဲ့သည်။ ဘူတာစင်္ကြံထဲရောက်သည်နှင့်အထက်တန်းတွဲ(၂)ကိုရှာရသည်။တွဲရှိရာလှမ်းကြည့်တော့ရထားပြူတင်းပေါက်ကကျော်ဆင့်လက်ပြနေသည်ကိုတွေ့ရသည်။လက်ဆောင်ပစ္စည်းခြင်းကိုလှမ်းပေးပြီးလက်ကိုင်ပုဝါဖြင့်ချွေးသုတ်ရ၏။ “ငါ ဒီတစ်သက်မင်းကိုပြန်တွေ့ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူးကျော်ဆင့်ရာ” “အေးကွာ ကံကြမ္မာကအဆန်းသား၊ပြန်တွေ့မယ့်တွေ့တော့လဲခမည်းခမက်အဖြစ်နဲ့၊မင်းမိန်းမကိုတွေ့သွားချင်ပေမယ့်ရထားလက်မှတ်ကကြိုဝယ်ပြီးဖြစ်နေလို့မတွေ့နိုင်တော့ဘူး။သတိရတယ်လို့ပဲပြောလိုက်ပါကွာ” သူကျော်ဆင့်လက်နှစ်ဖက်ကိုဆုပ်ကိုင်ဖြစ်ညှစ်ပြီးနှုတ်ဆက်ရသည်။ရထားထွက်တော့မည်။ငါးမိနစ်အလိုသံချောင်းခေါက်သဖြင့်လိုက်ပို့သူတွေစထွက်နေကြပြီ။ကျော်ဆင့်ကခင်မေတို့ညီအစ်မအကြောင်း၊ရွာမှမိတ်ဆွေများအကြောင်း၊သူ့သမီးကိုစောင့်ရှောက်ဖို့အကြောင်းတွေပြောနေဆဲ။သူမေးစရာရှိသေးသည်။သူခင်မေ့ကိုခိုးပြေးသည့်အဖြစ်အပျက်။သူ့အတွက်ပဟေဠိဆံသောသေနပ်သံ။ “နေဦး တို့လမ်းခွဲခဲ့ကြတဲ့ညကဘာတွေဖြစ်သွားတာလဲ” ကျော်ဆင့်ကချက်ချင်းမဖြေသေး။တွေကြည့်နေသည်။ “မင်းတို့နဲ့လမ်းခွဲခဲ့ပြီးတော့အောင်ဟိန်းတို့အဖွဲ့တို့ကိုခြေရာခံမိသွားတယ်။ရွာကလည်းနီးနေပြီမို့လွတ်အောင်ပြေးကြတယ်။ကံဆိုးချင်တော့သူတို့ရမ်းပစ်လိုက်တဲ့ကြည်ဆံက××ကျောကိုမှန်သွားတယ်။သူပွဲချင်းပြီးဆုံးသွားတယ်” ရထားကရွေ့နေပြီ။
ကျော်ဆင့်ပြောလိုက်သောနာမည်ကိုနားကြားများများလွဲသလားဟုရထားနောက်ပြေးလိုက်ကအော်မေးလိုက်သည်။ “ဘယ်သူ” ကျော်ဆင့်ကအော်ပြီးပြန်ဖြေလိုက်သော်လည်းရထားဥဩသံရှည်ရှည်ကကျယ်လောင်စွာထွက်ပေါ်လာသဖြင့်”ခင်မေ”ဟုပြောလိုက်သလား၊”ခင်ဆွေ”ဟုပြောလိုက်သလား စကားသံကိုမသဲကွဲတော့ပါ။ <><><><><><> သူအိမ်ပြန်ရောက်တော့ဇနီးဖြစ်သူ၏အခန်းသို့တန်းလာခဲ့သည်။ညီမဖြစ်သူအခန်းထဲမှထွက်လာသည်ကိုတွေ့ရ၏။အိပ်နေပြီလားဟုခပ်တိုးတိုးမေးတော့ခေါင်းညိတ်ပြသည်။အိပ်ခန်းထဲသို့ခြေဖွဖွနင်း၍ဝင်လိုက်၏။အသက်ရှူသံကြားနေရသဖြင့်အိပ်ပျော်နေသည်မှာသေချာသည်။ ဘေးတွင်အသာဝင်ထိုင်လိုက်ပြီးဘယ်ဘက်လက်ကိုအသာမလိုက်၏။”ခင်မေနဲ့ခင်ဆွေခွဲလို့ရတာလက်ဖျံကအမှတ်ပဲကွ။
ခင်မေကညာဘက်၊ခင်ဆွေကဘယ်ဘက်လက်ဖျံမှာရှိတယ်” ရထားထွက်ခါနီးမှာကျော်ဆင့်ပြောခဲ့သည့်စကား။လက်ဖျံကိုစေ့စေ့စပ်စပ်ကြည့်နေစဉ်တစ်နေရာအရောက်တွင်အကြည့်တန့်သွား၏။ကျပ်ပြားဝိုင်းခန့်ရှိသောနီပြေပြေအမှတ်တစ်ခု။မြင်တွေ့နေကြဖြစ်သော်လည်းသည်အချိန်မှာတော့အံ့ဩလွန်းသဖြင့်တွေ၍ကြည့်နေမိသည်။လက်ကိုကိုင်၍အတန်ကြာအတွေးလွန်နေမိသည်။တရေးရေးမြင်ယောင်နေသည်ကမိမိအပေါ်မယားဝတ္တရားငါးပါးထက်ပိုချစ်ခင်ကြင်မှု၊ဘဝအခက်အခဲကြားမှနှစ်သိမ့်အားပေးစကား၊အိမ်ထောင်သည်ဘဝအပျော်ရွှင်ဆုံးကာလတွေ။အိပ်မောကျနေသောဇနီးဖြစ်သူမျက်နှာလေးကိုလှမ်းကြည့်လိုက်မိသည်။အပြစ်ဟူမျှမြူမျှပင်မတင်ချင်။သနားစိတ်ဖြင့်ပို၍ပင်ကရုဏာသက်သွားမိသည်။ပြီးတော့သူလက်ကိုအသာချလိုက်ပြီးနဖူးလေးကိုခပ်ဖွဖွနမ်းကာအခန်းထဲမှထွက်လာခဲ့သည်။ မည်သည့်အကြောင်းတရားကမျှမိမိတို့ဇနီးမောင်နှံ၏မေတ္တာမဏ္ဍိုင်ကိုယိမ်းယိုင်သွားစေလိမ့်မည်မဟုတ်။အသက်အရွယ်ရလာသည်နှင့်အမျှဘဝတွင်လိုချင်သောအရာလည်းများများမရှိတော့ပါ။သူ၏အလိုချင်ဆုံးဆန္ဒတစ်ခုသာရှိပါသည်။ဘဝတစ်လျှောက်လုံးဆိုးတူကောင်းဖက်လက်တွဲခဲ့သောဇနီးဖြစ်သူကိုပြုစုစောင့်ရှောက်ပြီးလက်ကျန်ဘဝလေးကိုစိတ်ချမ်းသာမှုပေးနိုင်ဖို့ပဲဖြစ်ပါသည်။
#မိုးရည်နိုင်။





