တိုက်ခိုက်နေသော ငှက်နှစ်ကောင်
လူတစ်ဦးသည် ကောင်းကင်ယံတွင် ငှက်နှစ်ကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုငှက်များ တိုက်ခိုက်နေစဉ်တွင် သူသည် ၎င်းတို့ကို လှမ်းခေါ်ကာ မေးမြန်းလိုက်သည်။ “ဟေ့၊ မင်းတို့ ဘာဖြစ်ကြတာလဲ။ ဘာကြောင့် အချင်းချင်း တိုက်ခိုက်နေကြတာလဲ” ပထမငှက်က ဒေါသတကြီး အော်မြည်လိုက်သည်။ “ဒီကောင်က ကျွန်တော့် လမ်းကြောင်းထဲကို ပျံဝင်လာတာ။ ကျွန်တော် ပိုမြင့်မြင့် ပျံသန်းဖို့ ခက်အောင် လုပ်နေတာ။
သူက ကျွန်တော့် လမ်းကို ပိတ်ဆို့နေတာ!” ဒုတိယငှက်ကလည်း ဒေါသတကြီး ကန့်ကွက်လိုက်သည်။ “မဟုတ်ဘူး! သူကမှ ကျွန်တော့် လမ်းကြောင်းထဲ ရောက်လာတာ။ ကျွန်တော် မြင့်မြင့်ပျံသန်းနေတုန်း၊ သူက ရုတ်တရက် အပေါ်ကနေ ပျံတက်လာပြီး ကျွန်တော့်ကို ပိုမြင့်မြင့် ပျံသန်းခွင့်မရအောင် ပိတ်ဆို့လိုက်တာ!” ထိုလူသည် တိုက်ခိုက်မှုကို အဆုံးသတ်ရန် ကြိုးစားသော်လည်း အငြင်းပွားမှုမှာ ပိုမိုအပူတပြင်း ဖြစ်လာကာ ငှက်နှစ်ကောင်သည် အချင်းချင်း ထိုးဆိတ်ခြင်း၊ နာကျင်စေခြင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ကြသည်ကို မြင်ရသောအခါ သူ စိတ်ပျက်သွားသည်။
ထိုလူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ၊ ရန်ဖြစ်တာ ရပ်ပြီး နားထောင်ကြဦး! ငါ့ဇနီးက အရမ်းပညာရှိတဲ့ အမျိုးသမီးပဲ။ သူမက မင်းတို့ရဲ့ အငြင်းပွားမှုကို စီရင်ပေးပြီး ဘယ်သူ အမှားရှိလဲဆိုတာ ဆုံးဖြတ်ပေးနိုင်တယ်။ ငါ့နောက် လိုက်ခဲ့၊ သွားကြည့်ရအောင်။” သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ငှက်နှစ်ကောင်ကို သူ့အိမ်သို့ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။ သူတို့ အိမ်ရောက်သောအခါ သူ အိမ်ထဲသို့ ဝင်သွားပြီး ဇနီးသည်ကို တစ်စုံတစ်ရာ တိုးတိုးလေး ပြောလိုက်သည်။ ၎င်းတို့သည် လျှို့ဝှက်အစီအစဉ်တစ်ခုကို အလျင်အမြန် ချမှတ်လိုက်ပုံရသည်။
မကြာမီပင် ၎င်းတို့သည် ရေနွေးအိုးကြီးတစ်လုံးနှင့်အတူ အပြင်သို့ ထွက်လာကြသည်။ ထိုလူ၏ဇနီးသည်က ငှက်များကို ပြောလိုက်သည်။ “မင်းတို့ကြားက တိုက်ခိုက်မှု ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ငါ့ခင်ပွန်းက ပြောပြတယ်။ အခု ဒီအိုးကို ကောင်းကင်လို့ သတ်မှတ်လိုက်ကြစို့။ မင်းတို့နှစ်ယောက် အိုးထဲကို ဝင်ပြီး ဘယ်လိုစဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြရမယ်။ ဘယ်သူက တကယ်တမ်း တစ်ဖက်လူရဲ့ လမ်းကို ပိတ်ဆို့ခဲ့တာလဲဆိုတာ ငါ သိချင်တယ်” သူမ စကားမဆုံးမီမှာပင် ထိုငှက်များသည် အိုးထဲသို့ ဝင်ရောက်သွားကြသည်။ သို့သော် သူမသည် အိုးကို အဖုံးဖြင့် လျင်မြန်စွာ ဖုံးအုပ်လိုက်ပြီး မီးဖိုပေါ် တင်လိုက်သည်။ ထို့နောက် ထိုလူက အမိန့်ပေးလိုက်သည်။ “သူတို့ သေသွားပြီဆိုရင် ရေနွေးထဲ ထည့်ပြီး အမွေးတွေ နှုတ်လိုက်။
အပိုင်းပိုင်းဖြတ်ပြီး အရသာရှိတဲ့ စွပ်ပြုတ် လုပ်လိုက်ပါ။ ကောင်းကင်ယံဟာ ငှက်အားလုံး အချင်းချင်း မထိခိုက်ဘဲ ပျံသန်းဖို့ လုံလောက်အောင် ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက နေရာလုဖို့ကိုပဲ ရွေးချယ်ခဲ့တဲ့အတွက် ငါ့ရဲ့ စွပ်ပြုတ်အိုးထဲမှာပဲ အဆုံးသတ်ရလိမ့်မယ်။” သူ့ဇနီးသည်က ပြုံးလိုက်ပြီး… “ဟုတ်ပါတယ်၊ ချစ်ရေ။ စွပ်ပြုတ်ကို ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိအောင် လုပ်ပေးပါ့မယ်! ဒီငှက်ကလေးတွေရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းစွာ အနားယူပါစေ။” ကမ္ဘာကြီးသည် လူသားအားလုံး သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် လုံလောက်အောင် ကျယ်ဝန်းပါသည်။
• ကျွန်ုပ်တို့ထက် ပိုမိုမြင့်မားစွာ တက်လှမ်းနေသူများ ရှိလာသောအခါ ကျွန်ုပ်တို့သည် ဘယ်နှစ်ခါ တိုက်ခိုက်၊ အတိုက်အခံ ပြုဖူးပါသလဲ။ • ကျွန်ုပ်တို့အားလုံးအတွက် လုံလောက်သော အရင်းအမြစ်များ ရှိနေပါလျက် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု ဘာကြောင့် မရှိရတာလဲ။ • ကျွန်ုပ်တို့ ဘာကြောင့် ငြိမ်းချမ်းစွာ အနားယူဖို့ပဲ ရှိပြီး ငြိမ်းချမ်းစွာ အသက်ရှင်ဖို့ မရှိရတာလဲ။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အလွန်အမင်း မနာလိုစိတ်၊ မုန်းတီးစိတ်၊ အတ္တစိတ်များ ကြီးမားလာကြပြီး တစ်ယောက်ကိုတစ်ယောက် ထိခိုက်နစ်နာအောင် ပြုလုပ်လိုကြသည်။
သို့သော် အခြားသူများ၏ စစ်မှန်သော အောင်မြင်မှုကို ဖျက်ဆီးစရာ မလိုဘဲ ကျွန်ုပ်တို့အားလုံး ဘဝမှာ အောင်မြင်နိုင်သည်ဆိုသည့် အမှန်တရားကတော့ ရှိနေဆဲပါ။ တစ်ယောက်ကိုတစ်ယောက် ဆွဲချစရာမလိုဘဲ ကျွန်ုပ်တို့အားလုံး အောင်မြင်နိုင်ပါသည်။ ဘဝမှာ တစ်ယောက်ယောက် အောင်မြင်မှုရတာက သင့်ကို ရှုံးစေတာ မဟုတ်ဘူးဆိုတာကို နားလည်ပါ။ ဘဝဆိုတာ ယှဉ်ပြိုင်ရမယ့် ဂိမ်းတစ်ခု မဟုတ်ဘဲ၊ ဒီကမ္ဘာမှာ လူတိုင်း တန်ဖိုးထားဖို့အတွက် ပေါများကြွယ်ဝမှုတွေ ရှိနေပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)





