ထဘီကြွေး(စ/ဆုံး)

ထဘီကြွေး(စ/ဆုံး)

“သားရေ … ရန်ကုန်လိုက်မလား” ‎ ‎အမေကတစ်ည ကျွန်တော့်ကို မအိပ်မီ မေးသည်။ ကျွန်တော်ပျော်သွားသည်။ ရန်ကုန်ဆိုသည့်မြို့ကြီးကို စိတ်ကူးနှင့်မှန်းကြည့်နေရသည်မှာကြာပြီ။ ‎ ‎အမေနှင့် ရန်ကုန်လိုက်ရမည်ဆိုသဖြင့် တစ်ညလုံး အိပ်မပျော်။ အိပ်ပျော်နေသောကြောင့် အမေ ထားခဲ့မည်ကို စိုးရိမ်သဖြင့် အမေ့ကို မကြာခဏထကြည့်ရသည်။ ‎ ‎“ကောင်လေး အိပ်လေ … အမေနှိုးမှာပေါ့” ‎ ‎အမေကအတင်းအိပ်ခိုင်းသော်လည်း စိတ်မဖြောင့် ‎ ‎“သားရေထတော့လေ ရထားမမီဘဲနေမယ်” ‎ ‎ကျွန်တော်တို့ သားအမိနှစ်ယောက် ဘူတာကို အပြေးလေးသွားလိုက်ရသည်။ ညအိပ်လော်ကယ် ရထားကြီးက နှာတရှူးရှူးမှုတ်နေသည်။ ‎ ‎ရထားပေါ်လက်မှတ်ဝယ်ပြီး အပြေးလေးတက်လိုက်ကြသည်။ မိုးကားမလင်းသေး။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ရထားပေါ်တွင် လူတွေ အများကြီးပြည့်နေသည် ခုံတတွေမှာ နေရာမရှိ။ အောက်ခင်းကြမ်းတွင်လည်း လူတွေ ထိုင်နေကြသည်။ အမေက အတက်အဆင်းတစ်နေရာ လွတ်သည့်အကွက်တွင် လွယ်အိတ်ထဲထည့်လာသည့် သတင်းစာ ခေါက်လေးကို ခင်းလိုက်ပြီး ‎ ‎“သား … ထိုင်” ‎ ‎“ဟင် … အမေ ကြမ်းပြင်ကြီးမှာ” ‎ ‎“ခုံတွေက လူပြည့်နေရင် ဒီလိုပဲ လိုက်ရတယ်ကွ” ‎ ‎ကျွန်တော်နှင့်အမေ အတူထိုင်လိုက်သည်။ ကျွန်တော်ညက အိပ်ရေးပျက်သဖြင့် အမေ့ပေါင်ပေါ်တွင် ခေါင်းကိုတင်ထားရာမှ အိပ်ပျော်သွားသည်။ ‎ ‎“ကောင်လေး … မုန့်စားရအောင်” ‎ ‎အမေကကျွန်တော့်ကိုနှိုးလိုက်သည်။ အမေ့လက်ထဲတွင် ကောက်ညှင်းထုပ်ကို ဖက်တွေဖြေထားသည်။ ‎ ‎“ရော့ … စား” ‎ ‎အမေက ကျွန်တော့်ကို ခွံ့ကျွေးသည်။

‎ ‎“အမေရေသောက်ချင်လိုက်တာ” ‎ ‎“ရှေ့ဘူတာရောက်ရင် သောက်ရမယ်” ‎ ‎မိုးလင်းနေပြီ။ အမေက မတ်တတ်ထပြီး ရထားအပြင်ကို ခေါင်းပြူကြည့်နေသည်။ ဘူတာကို ရထားဆိုက်ပြီ။ ‎ ‎“ရေသည် … ရေသည်” ‎ ‎ရေသည်ကလေးတစ်ယောက်က အိုးလေးခေါင်းရွက်ပြီး ပြေးလာသည်။ အမေက ရထားပေါ်မှ ရေခပ်သောက် သည်။ ထို့နောက် ရေနောက်တစ်ခွက်ခပ်ပြီး ကျွန်တော့်ကို တိုက်သည်။ အမေက ရေသည်ကလေးကို အကြွေတစ်စေ့ထုတ်ပေးပြီး ထိုင်မည်အပြုတွင် ‎ ‎“ဆရာမကြီး … ဒီခုံမှာ လာထိုင်ပါခင်ဗျာ” ‎ ‎လူငယ်တစ်ယောက်က သူထိုင်နေသည့် ထိုင်ခုံမှထလာပြီး အမေ့ကို လာခေါ်ခြင်း ဖြစ်သည်။

‎ ‎အမေက ထိုလူငယ်ကိုကြောင်ကြည့်နေသည်။ ‎ ‎“ဪ … အေး … အေး … လာ သား” ‎ ‎အမေက လူငယ်ဖယ်ပေးသော ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ထိုအချိန်မှ ကျွန်တော် အမေ့ကို သေသေချာချာ ကြည့်လိုက်သည်။ ‎ ‎အမေက ထိုခေတ်က စစ္စတာစိမ်းခေါ် ဘဲခေါင်းစိမ်း ထဘီဝတ်ထားသည်။ အင်္ကျီက အဖြူလက်ရှည်၊ အင်းလေး လွယ်အိတ်ကို လွယ်ထားသေးသည်။ ခုမှ ကိုယ့်အမေကို သေသေချာချာကြည့်လိုက်ရာ ကျောင်းအုပ် ဆရာမကြီးစတိုင်ပေါက်နေသည်။ ‎ ‎“အမေ” ‎ ‎“ဘာလဲသား” ‎ ‎“အမေက ကျောင်းဆရာမလည်း မဟုတ်ဘဲ ဘာဖြစ်လို့ ဟိုအစ်ကိုကြီး ပေးတဲ့ ခုံကို လက်ခံလိုက်ရတာလဲ” ‎ ‎“အမေက သူ့ကို ဘာပြောလို့လဲ … သူ့ဘာသာသူ ဆရာမကြီးခေါ်ပြီး နေရာပေးတာပဲ” ‎ ‎“အမေက ဆရာမ မဟုတ်ဘူးပြောပေါ့” ‎ ‎“သားပြောလိုက်လေ” ‎ ‎ကျွန်တော်က တံခါးနားတွင်ရပ်နေသည့် အစ်ကိုကြီးဆီကိုသွားပြီး ‎ ‎“အစ်ကိုကြီး” ‎ ‎“ဘာလဲကွ” ‎ ‎“ကျွန်တော့်အမေက ဆရာမ မဟုတ်ဘူး” ‎ ‎“ကျောင်းဝတ်စုံ ဝတ်ထားတာပဲကွ” ‎ ‎“ဘာဝတ်ဝတ် အမေက ဆရာမ မဟုတ်ဘူး” ‎

‎“အဲဒီတော့ ညီလေးက ဘာလုပ်မလို့လဲ” ‎ ‎“အစ်ကို့ခုံမှာ မထိုင်ချင်ဘူး” ‎ ‎“ညီလေးက မထိုင်ချင်တာလား” ‎ ‎“မဟုတ်ဘူး … အမေလည်း မထိုင်ရဘူး” ‎ ‎“ဘာဖြစ်လို့လဲ” ‎ ‎“အမေက ဆရာမ မဟုတ်လို့” ‎ ‎“အစ်ကို နားလည်ပြီ … ညီလေး အမေက ဆရာမ ဟုတ်လား … မဟုတ်လား အစ်ကို မသိဘူး … အစ်ကိုက ကျောင်းဝတ်စုံဝတ်ထားရင် လေးစားပြီးသား … အစ်ကို့ အမေလည်း ဆရာမပဲကွ” ‎ ‎“အစစ်လား” ‎ ‎“အစစ်ပေါ့ … ပြီးတော့ ညီလေးအမေက အသက်ကြီးပြီ …ဒီနေရာမှာထိုင်ဖို့ မတော်ဘူး … နောက်ပြီး အစ်ကို့ အမေဆရာမအရွယ်မို့လို့ နေရာဖယ်ပေးတာ” ‎ ‎ကျွန်တော်က အမေ့ဆီကို ပြန်လာလိုက်သည်။

‎ ‎“ဘာပြောလဲသား” ‎ ‎“ကျောင်းဝတ်စုံကို လေးစားလို့တဲ့ … ဒါနဲ့အမေက ဘာဖြစ်လို့ ကျောင်းစိမ်းထဘီဝတ်ခဲ့တာလဲ” ‎ ‎“သား … သမက အထည်စတွေ မဲဖောက်ပေးတော့ အမေက ဒီထဘီတစ်ထည်စာကို မဲပေါက်တယ်လေ။ ဒါကြောင့် ချုပ်ဝတ်ရတော့တာပေါ့” ‎ ‎ထိုခေတ်က မှောင်ခိုဖမ်းမိသော အထည်အလိပ်များကို သမခွဲတမ်းဖြင့် ပြန်ပြီး ရောင်းပေးလေ့ရှိသည်။ အမေက မဲပေါက်သော ထဘီတစ်ကွင်းစာ အသစ်လေးကို ချုပ်ဝတ်ခဲ့ခြင်းဖြစ်သည်။ ‎

‎“သား မျက်နှာက ဘာဖြစ်နေတာလဲ” ‎ ‎“အမေက ဆရာမ မဟုတ်ဘဲ … ဆရာမလို့ အထင်ခံတာ စိတ်ထဲတစ်မျိုးကြီးပဲ” ‎ ‎“အမေက ပညာမတတ်တော့ ဆရာမဖြစ်ချင်လည်း လုပ်လို့ မရဘူးကွယ်။ ဒီထဘီလေး မဲပေါက်တော့ ပျော်သွားတာ။ တစ်သက်လုံး ဆရာမ ဖြစ်ချင်တဲ့စိတ်နဲ့ ဒါလေးဝတ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးတွေ ယဉ်ခဲ့ရတာ မောနေတာပဲ။

အမေ ပညာမတတ်တော့ ဆရာမ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အမေလည်း စိတ်ကူးလေးတော့ ယဉ်ချင်တာပေါ့ မဟုတ်ဘူးလား” ‎ ‎အမေက ကျွန်တော့်ကို သူဘေးဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။ ‎ ‎“သား … စိတ်ထဲ ဘယ်လိုဖြစ်နေလဲ” ‎ ‎“အမေ …” ‎ ‎“ဘာလဲသား” ‎ ‎“သားကြီးလာရင် ကျောင်းဆရာလုပ်မယ်” ‎ ‎“ဟာ … ဝမ်းသာလိုက်တာကွယ် … သားကဘာဖြစ်လို့ ကျောင်းဆရာ လုပ်ချင်တာလဲ” ‎ ‎“အကြွေးဆပ်မလို့” ‎ ‎“ဘာအကြွေးလဲသား” ‎ ‎“အမေ့ထဘီကြွေး” ‎ ‎“အိုကွယ် … သားရယ်” ‎ ‎ယခု အမေမရှိတော့ပြီ။ ကျွန်တော် အမေ့ထဘီကြွေးကို ဆပ်နေပါသည်။ ‎

‎တင်ညွန့် ‎ ‎၁၉.၁.၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *