
မိန်းမစီး(စ/ဆုံး)
————-
“မေမေ…မေမေ..သမီးတို့ကျောင်းမှာလေ..သမီးဘေးကကောင်မလေးကတခါမှရေဘူးတို့ထမင်းဘူးတို့ထည့်မလာဘူး သမီးဆီရေကပ်သောက်တယ်ထမင်းကပ်စားတယ်မေမေ”
“ကျွေးလိုက်ပေါ့သမီးရယ်…သူ့အိမ်ကထည့်မပေးနိုင်အောင်တအားဆင်းရဲနေလို့ဖြစ်မှာပါသနားပါတယ်”
“မဟုတ်ဘူးမေမေ…သူ့အိမ်ကတမင်ထမင်းတွေရေဘူးတွေထည့်မလာတာကသူ့ထမင်းသူ့ရေဘူးသူများကပ်စားကပ်သောက်မှာစိုးလို့တဲ့ အဲ့လိုကြီးဗြောင်ပြောတာမေမေ..သူတစ်နေ့ကိုသမီးတို့ထက်တောင်မုန့်ဘိုးပိုရသေးတယ်..သူ့အမေကတစ်နေ့ကို၂ထောင်တောင်မုန့်ဖိုးပေးတာ တခါတခါသူ့အစ်မတွေကပါပေးရင်၃ထောင်၄ထောင်ရသေး
သူ့မုန့်ကျတော့တစ်ခါမှသမီးတို့ကိုမကျွေးဘူး..သမီးကလည်းတခါဖူးမှတောင်းမစားတတ်တာမေမေအသိပဲလေ..ဒါပေမယ့်အဲ့လိုကြီးနေ့တိုင်းသမီးရေဘူးသမီးထမင်းဘူးကိုကပ်ကပ်စားနေတော့သမီးမဝဘူး..သမီးလေးစိတ်တိုလာပြီမေမေ”
“အယ်….အဲ့လိုကြီးလား.. ကလေးတွေမှာလည်းအဲ့လိုကလေးခြင်းတင်စီးတတ်တဲ့ကလေးစီးတွေရှိနေတတ်တာလား”
“ဟုတ်တယ်မေမေ..ခဲသားကူန်ရင်လည်းသူဘယ်တော့မှမဝယ်ဘူးသမီးဆီကခဲချောင်းတွေအလွယ်ယူနှိုက်တယ်…ခဲဖျက်လည်းအဲ့သလိုပဲသမီးခဲဖျက်ပဲယူဖျက်တယ်”
“သမီးကမပြောဘူးလား…ငါ့ခဲဖျက်တွေခဲသားတွေယူမသုံးနဲ့ငါ့မေမေဆူမယ်လို့ငါ့ထမင်းငါ့ရေတွေယူမသောက်နဲ့ ငါမဝဘူးလို့”
သမီးကခေါင်းခါသည်။ တိုးတိုးလေးပြော၏။
“သမီးအပေါ်ကြောနေမှန်းသမီးအစကမသိဘူး..ဘေးကသူငယ်ချင်းတွေကသမီးဘက်ကထထပြောကြမှသမီးလည်းသိတာ..ဒါပေမယ့်သမီးမပြောချင်ဘူးမေမေ..သူတင်စီးပေမယ့်..သမီးမှာမှအဲ့လိုအကျင့်မရှိတာ…သမီးအဲ့ဒါကြောင့်..အိမ်မှာပဲထမင်းအဝစားပြီးရေဘူးမထည့်တော့ဘူးမေမေ..ရေသောက်ချင်ရင်ကျောင်းကရေပဲသောက်တော့မယ်..ခဲဖျက်နဲ့ခဲသားကတော့အလှူလို့ပဲသဘောထားတော့မယ်..ဘာပဲဖြစ်ဖြစ်သူတင်စီးတာသမီးသိနေပြီပဲ..သမီးခံနိုင်သလောက်ခံပါ့မယ်”
မရွှေအိသည်..သမီးဖြစ်သူလေးတန်းကျောင်းသူလေးပြောပြနေသမျှအံ့ဩစိတ်ဖြင့်ငေးကြည့်ကာနားထောင်နေမိရင်း မိမိနှင့်စိတ်နေအတော်တူလှသောသမီးအားဘယ်လိုပြန်ပြောရမည်မသိဖြစ်ရသည်။
စီးပိုးသောအကျင့်သည် လူကြီးများမှာပင်ရှိတတ်သည်ဟုပဲမရွှေအိထင်ထားခဲ့သည်။ခုလိုကလေးများမှာပါရှိနေလိမ့်မည်ဟုတွေးမထားမိခဲ့။
မရွှေအိ.. ဒီလိုနဲ့…သူမအကြောင်းသူမပြန်စဥ်းစားဖြစ်သွားပြန်သည်။
************************************************
“မရွှေအိရေ….ခုလာမယ့်..တနင်္ဂနွေ မှာ ဌေးတို့အိမ် အိမ်တက်ပွဲလေးလုပ်ချင်လို့..လာခဲ့လို့ရမလား”
မရွှေအိသည်..အိင်္ကျီကြယ်သီးတပ်လိုက်နေရင်းကနေဖုန်းလေးမြည်လာသောကြောင့်ကောက်ထူးလိုက်ရင်းဖေ့စ်ဘုတ်သုံးရင်းလိုင်းပေါ်မှာခင်မင်ခဲ့သောဌေးဌေးဆိုသောအမျိုးသမီး၏ဖိတ်ကြားချက်ကိုငြင်းပစ်ချင်ပါသော်လည်းနဂိုအားနာစိတ်အခံကြောင့်မငြင်းမိပဲခေါင်းညိတ်မိခဲ့လေသည်။
“ဟူးးးး”
ခင်မင်ခဲ့တာ၃နှစ်မကရှိခဲ့ပြီဖြစ်သော်လည်းမရွှေအိက သူများအကြောင်းစိတ်မဝင်စားခဲ့။မိမိမှာ သူများလိုဘဝမျိုးမဟုတ်။၁၀×၁၂အခန်းကျဥ်းကလေးကိုလစဥ်အခန်းဖိုးမီးဘိုးရေဘိုးရှင်းကာသမီးလေးနှင့်နှစ်ယောက်ထဲဝမ်းစာရှာဖွေစားနေရသူဖြစ်သည်။ ကိုယ်ဝမ်းနာကိုယ်သာသိမို့..တိတ်တိတ်ကလေးနေချင်သည်။ငြိမ်ငြိမ်ကလေးနေချင်သည်။ဟိုဟိုဒီဒီသိပ်မသွားချင်။ရှင်းရှင်းပြောရလျှင် လိုင်းပေါ်စာတိုပေစလေးကဗျာလေးတွေရေးကာဝါသနာအရစိတ်ပင်ပမ်းမှုကိုဖျောက်မည်။ပြီးလျှင် ကိုယ့်ဘာသာကိုယ်ကိုယ့်ဝမ်းစာအတွက်တစ်နေ့စာတစ်နေ့အထည်လက်ချုပ်လိုက်ခလေးနှင့်နှစ်သိမ့်နေမည်။အားလျှင်လက်ကအလုပ်လုပ် နှုတ်ကဘုရားစာတွေတတွတ်တွတ်ရွတ်မည်။ ယခုတော့ အဲ့လို မဟုတ် ။လိုင်းပေါ်ကခင်မင်မိသောဌေးဌေးဆိုသောအမျိုးသမီးကတစ်နေ့တစ်ခါ(သို့မဟုတ်) နှစ်ရက်ခြားတစ်ခါဖုန်းဆက်သည်။ဆက်တိုင်းလည်းသူ့ဘက်ကမစ်စကောပေးပြီးပြန်ချသွားတာမျိုးလည်းမကြာမကြာလုပ်တတ်သည်။အရှင်းပြောရလျှင် သူ့ကိုပြန်ခေါ်ခိုင်းတာမျိုးပေါ့။ အားနာတတ်သည့်နေရာမှာနှစ်ယောက်မရှိသောမရွှေအိက ပြန်ခေါ် ပေးကာ တစ်ဖက်က သူမပြောသမျှ သူမအကြောင်းသူမယောကျ်ားအကြောင်းယောက္ခမအကြောင်းယောင်းမအကြောင်းဟိုအကြောင်းဒီအကြောင်းများကို..ဒီဘက်ကမရွှေအိစိတ်မပါသည်မသိစိတ်ပါသည်မသိအတင်းပြောသည်။မရွှေအိကနားထောင်ပေးရပြီး။နားထောင်ပြီးတိုင်းလည်းတစ်ခုမှပြန်မမှတ်မိတတ်သူမရွှေအိဖြစ်သည်။
အကြောင်းမရှိပဲနှင့်လည်းအဝေးကြီးမှာနေထိုင်သူမရွှေအိကိုသူ့ထံအလည်လာရန်မကြာမကြာခေါ်တတ်သေးသည်။မရွှေအိကတိုက်ရိုက်မငြင်းပယ်ချင်သဖြင့်တစ်ခုခုအကြောင်းပြကာငြင်းဆန်ရသည်။(မရေွှအိတို့နေထိုင်သည့်မြို့ကိုကျတော့စရိုက်ဆိုးသည့်နေရာမို့မလာရဲဟုဇာတိမြို့ရွာသိက္ခာကိုပါအားမနာတမ်းချကာပြောပြီးငြင်းတတ်သည်) ခက်တာက မရွှေအိက သူမအကြောင်းကိုမခြွင်းမချန်လိုင်းပေါ်တစ်စိတ်တစ်ဒေသတင်မိတာမျိုးရှိသည်။ဒါကငယ်စဥ်ကစ၍အသက်ကြီးသည်အထိမရွှေအိဘဝကံဆိုးမှုတစ်ချို့တို့ကိုပကတိအရိုးခံအတိုင်းတင်ပြရေးသားခြင်းဖြစ်ပြီးဒီအပေါ်ဖြစ်တည်လာသောအကျိုးဆက်တို့ကိုမရွှေအိကသိပ်ပြီးလည်းဂရုမစိုက်တတ်သူဖြစ်သည်။ဥပမာ လူတစ်ချို့၏အောက်တန်းစားဆန်ဆန်ထိုးနှက်မှုများကိုဆိုလိုခြင်းဖြစ်သည်။ ဘယ်သို့ပင်ထိုးနှက်ပါစေမရွှေအိက ဒါတွေစိတ်မဝင်စား(သူတို့အဆင့်သူတို့သတ်မှတ်သူဟုပဲသဘောထားသည်)ဒါကိုမဌေးဌေးကမရွှေအိကိုခင်မင်သူမို့သတိပေးသည်။”မရွှေအိ..အစ်မဘာသာအစ်မဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဌေးတို့ကဘယ်လိုမှသဘောမထား..လူကိုခင်တာဖြစ်သည်..သို့သော်..လူတွေသိအောင်တော့မိမိဘဝအမှန်ကိုအဲ့လောက်ချမပြသင့်ဟု””သို့သော်လည်းမရွှေအိက မြွေမှန်လျှင်တွင်းဝင်ဖြောင့်သည်ဆိိုသောခံယူချက်နှင့်ဒီဘက်ကပြောလျှင်ဟိုဘက်နားထဲကပြန်ထုတ်ထားလိုက်သည်။ ဌေးဌေးကိုလည်းအမှန်ပြောရလျှင်..သူမကလိုင်းပေါ်ခင်မင်မိသောသာမာန်မိတ်ဆွေတွေလောက်ပဲသဘောထားသည်။ လိုင်းပေါ်မှာခင်မည်ချစ်မည်။ဒီထက်တဆင့်တက်လျှင်အပြင်မှာချိန်း၍တစ်ခေါက်တစ်ခါသွားတွေ့မည်။ သူ့အကူညီ ကိုယ့်အကူညီမလွှဲသာ၍သူ့ဘက်အခက်အခဲ ကိုယ့်ဘက်အခက်အခဲကြုံလာရသည်မျိုးရှိသော်..သူတတ်နိုင်ရင်သူကူညီ၊ကိုယ်တတ်နိုင်လျှင်ကိုယ်ကူညီမည်။ ဒီလိုခံယူချက်မျိုးနှင့်ပင်မရွှေအိမှာရှိသည်။သို့သော်..ခင်မင်ခဲ့သည်သက်တမ်းတစ်လျှောက် မရွှေအိကဌေးဌေးလိုလူမပြောနှင့် တစ်ဖက်သားဆီအကူအညီဘယ်တော့မှမယူတတ်။ မယူခဲ့။ ဘဝမှန်ကိုရိုးသားစွာချပြပြောပြတတ်သော်လည်း..မျက်ရည်ခံမထိုးတတ်။
သို့သော်…မရွှေအိလို လူကသာဤကဲ့သို့သဘောရှိသော်လည်း..ဌေးဌေးမှာမူ..လိုင်းပေါ်တင်ရင်သာစာကြီးပေကြီးတွေတင်၊လူလုံးလှလှတွေတင်ပြီးနောက်ကွယ်တွင်မရွှေအိလိုမုဆိုးမ အဆောင်ငှားစားသူထံဘေလှမ်းထည့်ခိုင်းသည်။ငွေချေးသည်။ တစ်ခါမက အကြိမ်ကြိမ်ထည့်ပေးရသည်။ထည့်ပေးရတိုင်းလည်းမရွှေအိက စိတ်ထဲမှာအတော်အံ့ဩစွာ”ဪ..ငါလိုကလေးအမေမုဆိုးမ..အဆောင်ငှားနေမှန်းသိရက်သူလိုအိမ်ပိုင်လင်ငုတ်တုပ်မိန်းမကဘေလှမ်းတောင်းရက်သည်။ စော စောစီးစီးဖုန်းဆက်ကာငိုကြွေး၍စျေးဖိုးမရှိဆိုသောကြောင့်ငွေတစ်သောင်းအလကားလှမ်းပို့ဖူးသည်။
ငွေ၅ထောင်kpayကနေလှမ်းလွှဲတာတော့..ပြန်ဆပ်ဖူးပါသည်။ သို့ပေမယ့်လို့..စိတ်ထဲ ကြာကြာ အမှိုက်အဖြစ်မခံတတ်သောမရွှေအိက ထိုကိစ္စကို ခဏတွင်းပင်မေ့ပစ်ခဲ့သည်။
ထိုသို့အလိုက်မသိစွာ ဌေးဌေးခေါ်သမျှ ချိန်းသမျှ ပြောသမျှ နားထောင်ပေးပြီးချိန်းသမျှလည်းဆယ်ခါချိန်းမှတစ်ခါလောက်သာသွားတွေ့မိသည်။လူတွေကိုအသားလွတ်မမုန်းတတ်သော နဂိုအားနာစိတ်အခံရှိသောမရွှေအိမှာ သူမအပေါ်မှာ နှိမ်သလိုလိုဌေးဌေးပြောဆိုဆက်ဆံပြောဆိုသမျှ မိမိဘက်ကဖုန်းဘေလည်းထည့်ပေးရ၊ငွေကြေးလည်းချေးရငှားရအလကားပေးရနှင့် ငြိမ်ခံခဲ့သည်။ တစ်ခါတစ်ခါစိတ်မှာမခံချင်စိတ်ဖြစ်သော်လည်း “နေပါစေလေ..သူကသူ့အမြင်နဲ့သူသိသလောက်သူပြောတာပြောပါစေ။ငါတို့အပြင်မှာလည်းအနီးနားနေရတာမဟုတ်၊ သူ့ခမျာ.အဖော်မင်ရှာလို့ငါ့ကိုအဖော်လုပ်ပြီးသူ့အိမ်တွင်းရေး တခြားအရေး သူတပါးအရေးတွေရင်ဖွင့်ဖွင့်နေတာဖွင့်ပါစေလေ”ဟု။ သို့သော်မရွှေအိဒီလိုသဘောထားသော်လည်းတစ်ဖက်ကဌေးဌေးက သူမလိုမဟုတ်။မရွှေအိရေးတင်သမျှစာကိုဖတ်ကာခံစားပြီးမရွှေအိကိုနှိမ့်ချသောစကားတို့ကိုမသိမသာထည့်ထည့်ပြောသည်။မရွှေအိက သိသိနှင့်ငြိမ်ခံသည်။သည်းခံနိုင်လွန်းသည်ဟု စာဖတ်သူများထင်ကြပြီးမရွှေအိဘက်ကဒေါသထွက်လာကြမည်စိုးသောကြောင့်ဒီလောက်နှင့်ပဲမရွှေအိနှင့်ဌေးဌေးဆက်ဆံရေးကိုရေးချင်ပါသည်။ ဒီလိုနှင့် တစ်နေ့တော့။
ဘယ်ကစ၍ပြဿနာဖြစ်သည်ဆိုတာတော့မရွှေအိအသေးစိပ်ရေးမပြချင်ပါ။ သို့ပေသိ။ ဘာမှမဟုတ်သောပြဿနာလေးတစ်ခုကနေ မရွှေအိထံ မဌေးဌေးဖုန်းဆက်၍ စကားပြောသည်။ဒီတခါတော့မစ်စကောလှမ်းမပေး။ ပြောသည့်စကားများမှာ မရွှေအိရေးသားတင်ပြနေသောစာများကြောင့်မရွှေအိကိုလူမုန်းများရသည်။ထို့ကြောင့်မရွှေအိအနေအထိုင်ဆင်ခြင်ရန်၊ မရွှေအိအသွားအလာအပြင်အဆင်မှာလူစိတ်ဝင်စားစရာဖြစ်လာရသည်။ဌေးတို့ကမရွှေအိအကြောင်းသိသိနဲ့ခင်မင်မိလို့သာ ခေါ်ပြောဆက်ဆံနေရသည်ဆိုကာ မသိလျှင် မရွှေအိက “ဟိုဟာလုပ်စားနေသူလိုလိုမပြောချသွားရုံတမယ်”လုပ်ကာဖုန်းချသွားပြီးအပေါ်စီးနှင့်ဆက်ဆံနှိမ်ပြောနေကျအတိုင်းနှိမ့်ချပြောဆိုသွားခဲ့သည်။ လိုင်းပေါ်လည်း သူမတို့မှာမရွှေအိလိုမိန်းမမျိုးကိုအရောတဝင်နေမိခဲ့ခြင်းခေါ်ပြောဆက်ဆံခဲ့မိခြင်းကြောင့်သူတို့၏(မရှိသိက္ခာ)တွေကျဆင်းရပါကြောင်းစောင်းမြောင်းရေးတင်လျှက်ရှိသည်။
အကယ်၍ မရွှေအိမကောင်းဟုထင်လျှင် သူဘာကြောင့်ဖုန်းဘေမကြာခဏလှမ်းတောင်းထည့်ခိုင်းပါသနည်း။ဘာကြောင့်..မရွှေအိလိုလင်မရှိမုဆိုးမအဆောင်ငှားစားကာနေထိုင်သူအမျိုးသမီးကလှမ်းပို့ပေးသောငွေကိုယူကာငြိမ်စားရပါသနည်း။
ကနေ့အချိန်ထိ မရွှေအိ သူမထံ တပြားတချပ်မှမချေးမငှား၊ ဘေလည်းမတောင်းဖူးခဲ့ပါ။သို့သော်လည်း မရွှေအိမှာ အသားလွတ်ကြီး သူကိုယ့်သူအကောင်းပြောကာမရွှေအိကိုကျတော့ လှမ်းနှိမ်သောစကားတို့ကိုခံခဲ့ရသည်။
လောကတွင် ဤကဲ့သို့သော ကိုယ့်ဘာကိုယ် လုပ်ကိုင်စားနေသောမရွှေအိတို့လို မိန်းမများစွာ ရှိသလို။မဌေးဌေးတို့လိုလင်ရှိရက်နှင့်ဘာအလုပ်မှလည်းမလုပ်ပဲ မရွှေအိလိုမုဆိုးမကလေးအမေအဆောင်ငှားစားနေသူထံအမျိုးမျိုးအကြောတင်စီးကာ စကားဖြင့်လည်းအနိုင်ယူသလိုငွေကြေးအရာဖြင့်လည်းတင်စီးကာဘေကအစလှမ်းတောင်းပြီး လူတွေမသိဘူးထင်ကာ
သူ့ကို်ယ်သူ သူဌေးမိန်းမယောင်ယောင်အပိုကြွားလျက်
သူ့အားညီမအရင်းပမာခင်မင်၍သဘောရိုးဖြင့်သူလှမ်း၍ပြောသမျှနှိမ်သမျှငြိမ်ခံကာအနစ်နာခံပေးပေါင်းနေသောမရွှေအိလိုမိန်းမမျိုးအား နိုင်တတ်သောမိန်းမမျိုးလည်းရှိပါသည်။
သို့သော် မဌေးဌေးမသိသည်က
မရွှေအိသည်။သူ့ထက်သိသည်သာသည်။မပြောချင်၍မပြောပဲနေခဲ့သည်။စိတ်ထဲလည်းဘာမှမထား၍လည်းဌေးဌေးအနိုင်ယူလှမ်းပြောသမျှဒီဘက်နားကကြားလည်းဟိုဘက်နားကအလိုလိုထွက်လျက်နေခဲ့သည်။ တစ်ချို့သောမတူမတန်ဘူးထင်သောအရာတို့အားစကားဖြင့်အဖက်မလုပ်ဟုဆိုသောသဘောမျိုးပင်ဆိုချင်ပါသည်။
ဘယ်သို့ပင်ဆိုပါစေ။လောကမှာမိန်းမချင်းတင်စီးလျှင်မိန်းမစီးဟုခေါ်တွင်ပြီးယောကျ်ားချင်းတင်စီးပါကယောကျ်ားစီးဟုခေါ်ကာသမီးငယ်လိုကလေးချင်းလည်းတင်စီးတတ်သောကလေးစီးများလည်းရှိပါသေးကြောင်းတော့မရွှေအိကောင်းကောင်းသဘောပေါက်ခဲ့ပေ ပြီ။
(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ )
ရွက်ဝါရင့်ရင့်
Leave a Reply