ရေမုဆိုး အဘပြားမောင်

ရေမုဆိုး အဘပြားမောင်
မုဒုံသုမွန်

လမ်းဘေးဝဲယာတွင် ချောက်ကြီးရှိသည်။ ညိုမှောင်နေသော စိမ်းညို့ညို့ဝါးတောကြီးများကလည်း ရှိနေသေးသည်။ ဝါးတောကြီးကလည်း ကျွန်တော်တို့ မော်တော်ယာဉ်ပြေးရာ လမ်းတစ်လျှောက်တွင် ပေါက်ရောက်နေပါသည်။

ဘယ်လောက်တောင် ဝါးတောက ရှည်လျားရသည်ဟူမူ မိန်းကလေးတစ်ဦးက စိတ်မရှည်စွာဖြင့် …

“ကျွန်မ တစ်ရေးအိပ်လိုက်အုံးမယ်။ ဒီဝါးတောဆုံးရင် ကျွန်မကို နှိုးပါ”

သို့နှင့်ပင် အမ်းမြို့ကို ရောက်ပါလေရော။ ဘယ်မှာ ဝါးတောက ဆုံးလို့လဲ။ တကယ်ပါ … အမ်းကိုရောက်တော့မှ သူ့ကို နှိုးရပါတော့သည်။ တောင်ပေါ်လမ်းခရီးမှာ မဟုတ်ကြောင်း သူသိလာပါတော့သည်။

နံနက် ၁၁ နာရီလောက် ရှိပြီမို့ နေ့လယ်စာစားကြပါတော့သည်။

ကျွန်တော်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က ရခိုင်၊ စစ်တွေမြို့သို့ ဘုရားဖူးကားနှင့် လိုက်လာခဲ့ပါသည်။ ထိုစဉ်က မကွေး-ဧရာဝတီ မြစ်ကူးတံတားကြီးက မရှိသေးခြင်းကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မင်းတုန်းမြို့မှ ဖြတ်ကာ ရွှေစက်တော်ဘုရားသို့ ရှေးဦးစွာ ဝင်ရောက်ဖူးမြော်သည်။ ရွှေစက်တော်မှာ တစ်ညနားပြီး နောက်နေ့မှာ စစ်တွေမြို့သို့ ခရီးစဉ် စပါတော့သည်။

နံနက်လင်းသည်နှင့် ကျွန်တော်တို့ လိုက်လာသော ဖူဆိုဘတ်စကားကလေးသည် ၅၆ဝ၄ ပေ မြင့်သော ပေါက်စတောင်ခြေရင်းရှိ ပဒါန်းမြို့ကလေးသို့ ရောက်သည်။ ထိုမြို့ကလေးသည် မင်းဘူးအပိုင်မြို့ကလေးဖြစ်ပြီး နာမည်ကျော် အမ်းတောင်ကြားလမ်း ၏ အစခရီးလည်း ဖြစ်ပါသည်။

ခရီးစဉ်မှာ တောင်ပေါ်ခရီးဖြစ်သည့်အတိုင်း တောင်ဆင်းတောင်တက်နှင့် အနည်းအကျဉ်းမျှသော တောင်ပေါ်တိုင်းရင်းသားများနှင့်အတူ ဝါးပင်တွေကိုသာ တွေ့ရပါသည်။

ကျွန်တော်တို့သည် ထမင်းစားသောက်ပြီးသည်နှင့် ခရီးစဉ်ကို စတင်လိုက်ပါတော့သည်။ ဒါကလည်း တောင်ပေါ်ခရီးစဉ်ဖြစ်ပါ၏။ ကြည့်လေရာမှာ မြင်နေရတာက ထုံးစံအတိုင်း ဝါးတောကြီးပင်ဖြစ်ပါ၏။ ကျွန်တော်တို့သည် မကြာမီမှာပင် မြေပုံမြို့ကို ရောက်တော့မည် ဖြစ်သည်။

မြေပုံမရောက်မီ တံတားထိပ်တစ်နေရာ တောင်ပေါ်လမ်းတစ်ခုတွင် ကားကို ခေတ္တရပ်နားလိုက်သည်။ နေညိုချိန်ဟု ဆိုရမည်ဖြစ်သော ညနေ သုံးနာရီလောက် ရှိပြီဖြစ်၏။ ဘုရားဖူးများက အညောင်းပြေ အညာပြေ လျှောက်သူကလျှောက်၊ အပေါ့အပါး သွားသူကသွားနှင့် ရှိနေကြပါသည်။ တချို့ကလည်း ကွမ်းယာဆေးလိပ်ရောင်းသည့်ဆိုင်မှာ ဝင်နား နေကြသည်။

ကျွန်တော်ကတော့ ချောင်းနံဘေးမှာ ရပ်နေမိသည်။

ချောင်းရေသည် ကြည်လင်နေပါသည်။ လတ်ဆတ်သောလေပြည်က တသုန်သုန်ဖြူးနေပါသည်။ မလှမ်းမကမ်းမှာတော့ ခရီးသည်တင် မော်တော်ကလေးက ဖြတ်သန်းသွားပါသည်။ တံတားထိပ်တွင် ဆောက်လုပ်ရေးဝန်ထမ်းများက တံတားကြံ့ခိုင်ရေး လုပ်နေကြသည်။

ယခုမှ စဉ်းစားမိသည်မှာ တံတားကြံ့ခိုင်ရေး လုပ်နေခြင်းကြောင့် ကားရပ်နားခြင်း ဖြစ်ပါ၏။

“ဒီရေဟာ ရေချိုလား၊ ရေငန်လား”

ကျွန်တော်က ဝန်ထမ်းတစ်ဦးအား မေးမိပါသည်။ သူက နှစ်မျိုးစပ်သည့် ရေအမျိုးအစားဟု ပြန်လည် ဖြေပါသည်။

ထိုအခါ ကျွန်တော် စဉ်းစားရပါသည်။ လူတို့ သောက်သုံးရသော ရေချိုသည် တစ်နေရာရာမှာ ရှိနေသည်။ ထို့ပြင် ကျွန်တော် မသိသောနေရာတွင် ရေငန်ရှိနေမည်။ ထို ရေချိုရေငန်ပေါင်းစပ်ခြင်းကြောင့် သူက နှစ်မျိုးစပ်ဟု ဖြေခြင်းဖြစ်သည်ဟု သဘောပေါက်ပါသည်။

“ဒါဖြင့် မိကျောင်းတွေ ရှိမှာပေါ့”

တစ်ခါက အမျိုးသားစာပေဆုရ မုဆိုးစာရေးဆရာ စကားကို ကြားယောင်လာ၍ မေးမိခြင်းဖြစ်ပါသည်။ ထိုအခါ သူက …

“ကျွန်တော်လည်း ရောက်လာတာ သိပ်မကြာသေးတော့ သိပ်မသိဘူး။ ဒါပေမင့် ဟောဟိုကွမ်းယာတဲမှာ ထိုင်နေတဲ့ အဘပြားမောင်ကို သွားမေးကြည့်ပါလား။ သူဆို ဒီဒေသက လူပဲ”

ကျွန်တော်သည် အဘပြားမောင်၏ ကွမ်းယာတဲသို့ ရောက်လာပါသည်။

အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ဈေးရောင်းနေပြီး အဘပြားမောင်ဟု ထင်ရသော ၇၀ အရွယ် လူကြီးတစ်ယောက်က ကွပ်ပျစ် ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့ရပါသည်။

သူ့ကွမ်းယာတဲလေးသည် ခေတ်မီသည်ဟု ဆိုရမှာလားမသိ။ ကော်ဖီမစ်တွေ၊ ကွေကာအုတ်တွေတောင် ရသည်။ ကွမ်းယာ၊ ဆေးလိပ် ဘာမှ မသုံးဆောင်သော ကျွန်တော်က ကော်ဖီတစ်ခွက်ကို မိတ်ဆွေဖွဲ့ ရင်း မှာလိုက်ပါသည်။

ပြီးမှ ထိုလူကြီးအား …

“အဘပြားမောင် ဟုတ်ပါတယ်နော်”

ထိုလူကြီးက မျက်လုံးကလေးပြူးပြီး ကြည့်ရင်း ပြန်ဖြေလိုက်၏။ သူ့ အသံက ရခိုင်သံဝဲဝဲနှင့် …

“ဟုတ်ပါတယ် … ပြားမောင်ပါ”

“အဘ ဒီချောင်းဟာ ရေချိုရေငန်စပ်ဆိုတော့ မိကျောင်းကော မရှိဘူးလား”

“ဪ … ဒီချောင်းကို ပြောတာလား။ ဒီချောင်းကို ဒါးလတ်ချောင်းလို့ ခေါ်ပါတယ်။ ရေချိုရေငန်စပ်ဆိုတာလည်း အမှန်ပါ။ ဒီချောင်းရဲ့အထက်ဘက်အပိုင်းက မကွေးနယ်နိမိတ်နဲ့ နီးတာကြောင့် ရေချိုဖြစ်ရတယ်”

“ဒါဆို ဘာကြောင့် ရေငန်ဖြစ်နေရတာလဲ”

“ဘာကြောင့်လဲဆို တောင်ဘက်မှာက ဟန်းတားပင်လယ်အော် ရှိနေလို့လေ”

ခုလို ပထဝီအနေအထားနှင့် ရှင်းပြတော့လည်း သဘောပေါက်လွယ်သွားပါတော့၏။

တစ်ဆက်တည်းမှာပင် ကျွန်တော်အသိလိုဆုံး မိကျောင်း ရှိ မရှိကိုပါ မေးမိပြန်သေး၏။

“ခုတော့ မရှိတော့ပါဘူးကွဲ့။ အဘတို့ လူပျိုအရွယ်ထိ ရှိဖူးပါတယ်ကွဲ့။ သတ်ဖြတ်တာများလာတော့ မျိုးသုဉ်းလာတာပေါ့ကွဲ့”

“တခြားမျိုးစိတ်တွေကော ရောက်မလာဘူးလား”

“ဘယ်လို ရောက်လာမှာလဲ၊ မျိုးစိတ်တွေဟာ …”
အဘပြားမောင်သည် မြန်မာနိုင်ငံမှာ နေထိုင်ကျက်စားကြသော မိကျောင်းအမျိုးအနွယ်များကို ရှင်းပြပါသည်။ အခုမှ သိရသည်မှာ အဘပြားမောင်သည် ငယ်စဉ်တုန်းက ကော့ဘဇားရှိ သာသနာပြုကျောင်းမှာ ကျောင်းနေဖူးပါ၏။

မြန်မာနိုင်ငံတွင် မိကျောင်း ၄ မျိုး နေထိုင်ကျက်စားပါသည်။ သူတို့သည် နေထိုင်ကျက်စားရာဒေသကို လိုက်ပြီး အမျိုးအမည် ကွဲလွဲနေကြပါသည်။

အထင်ရှား အပေါများဆုံးကတော့ သံသုမာမိကျောင်း (ငမိုးရိပ် မိကျောင်းမှ ဆင်းသက်လာသော မိကျောင်း)ဖြစ်သည်။ သူ့ကို နိုင်ငံတကာက လူသိများသော အမည်မှာ Crocodile ဖြစ်၏။ ယနေ့တိုင် တွေ့ မြင်နိုင်သော ဒေသများမှာ ဘိုကလေး၊ လပွတ္တာ စသော ရေချိုရေငန်စပ် ဒေသများတွင် ဖြစ်၏။

နောက်တစ်မျိုးကတော့ နက္ကမိချောင်း (Crocodylur palustric Mugger) ဖြစ်၏။ ထိုမိကျောင်းမျိုးကို မကွေးတိုင်း၊ သရက် မိကျောင်းရဲရှိ အင်းအိုင်ရေချိုများတွင် ဟိုးယခင့် ယခင် နှစ်များစွာက တွေ့ရပါသည်။ ယခုအခါ ပျောက်ကွယ်ကုန်ပါပြီ။

တစ်ခါ ထိုင်းမိကျောင်း(Siamese Crocodile)မျိုး ရှိပါသေးသည်။ မြိတ် ထားဝယ်ရေချိုဒေသများတွင် နေထိုင်ကျက်စားပြီး ယခုအခါ ပျောက်ကွယ်ကုန်ပါပြီ။

ယခု အဘပြားမောင်တို့ ဒါးလတ်ချောင်းအတွင်း ကျက်စားနေထိုင်ခဲ့ဖူးသော ကုမ္ဘီလမိကျောင်းအမျိုးအစားသည် မြေပုံမြို့ဟောင်း ဒေသများတွင် တွေ့ရပါသည်။ ၎င်းအမျိုးအစားသည်လည်း ယခုအခါ ပျောက်ကွယ်ခဲ့ပါပြီ။

“ဒီလို ပျောက်ကွယ်ရတာလည်း မဆင်မခြင်သတ်ဖြတ်တဲ့ ရေမုဆိုးတွေကြောင့်ပေါ့။ အဲဒီရေမုဆိုးတွေထဲ မှာ အဘလည်း ပါတာပေါ့”

“ဟင် အဘက ရေမုဆိုး … ဟုတ်လား”

ကျွန်တော်က အဆန်းတကြယ်လုပ်ပြီး အံ့ဩသံနှင့် ပြန်မေးလိုက်၏။ အဘယ့်ကြောင့်ဆိုသော် အဘပြားမောင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပုပုညှက်ညှက် သေးသေးလေးဖြစ်၏။ မိကျောင်း မဆိုထားနှင့် ငါးစင်ရိုင်းမျှားကြိုးမှာပင် တိုးလိုးတန်းလန်းနှင့် ပါသွားမည့် အင်္ဂါရုပ်မျိုးဖြစ်သည်။

“အေး … လူတိုင်းက အဘ ခန္ဓာကိုယ်ကိုကြည့်ပြီး မောင်ရင် ထင်သလို ထင်ကြတယ်။ တကယ်ဆို တော့ ရေမုဆိုးလုပ်တာ ခန္ဓာကိုယ်နဲ့ မဆိုင်ပါဘူး။ သတ္တိနဲ့ ဗျတ္တိသာ လိုတယ်”

အဘပြားမောင်သည် ညောင်းညာ၍ ထင်ပါသည်။ တင်ပျဉ်ခွေ ထိုင်နေသည်ကို ပြင်ထိုင်လိုက်ပါသည်။ ထိုအခါ ကျွန်တော်မြင်သာအောင် တမင် ပြင်ထိုင်လိုက်တာလား၊ သို့မဟုတ် သဘောရိုးနှင့် ပြင်ထိုင်လိုက်တာလားတော့ မသိ။ ကျွန်တော်က မြင်လိုက်ရပါသည်။ အဘ၏ ညာဘက် ခြေချင်းဝတ်နေရာမှာ ခြေဖဝါးမရှိတော့ခြင်းပင် ဖြစ်၏။

“အဘခြေဖဝါး ဘာကြောင့် ပြတ်နေရတာလဲ”

“အဲဒါပြောတာပေါ့ … ဗျတ္တိဆိုတာလေ။ ငယ်သားအသက်ကို ဉာဏ်နဲ့ယှဉ်ပြီး ကယ်လိုက်လို့လေ”

“အဘ … ကျွန်တော် စိတ်ဝင်စားသွားပြီ။ ပြောပြပါလား အဘရဲ့ရေမုဆိုးအတွေ့အကြုံတွေ”

“ပြောပြတာပေါ့။ ဟေ့ သမီးဝါနုရေ … အဖေ့ကို ဆေးပေးပါကွယ်”

သူက ဆေးတောင်းတော့ သူ့သမီး ဝါနုက ဆေးအမှုန့်တွေ ယူလာပေးသည်။ ဆေး သူ့လက်ထဲရောက် လျှင် နှစ်တို့ သုံးတို့လောက် တို့ပြီး ရေအေးတစ်ခွက်ကို မော့သောက်လိုက်ပြီး။

“အဟမ်း … ခုမှ ရင်ချောင်သွားတော့တယ်။ အဘမှာ မျိုးရိုးအလိုက် ရင်ကျပ်နေတာလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်၊ အဘ နှစ်ဆယ်ကျော် အရွယ်မှာပေါ့…”

xxx xxx xxx

(၂)

ထက်ကောင်းကင်တွင် မိုးသားတိမ်လိပ်များ ကင်းစင်နေပါသည်။

ဖေဖော်ဝါရီလ၏ နေ့ခင်းမှာမို့ ရာသီ က သာယာနေသလို အပူအအေး မျှတနေပါသည်။

ဒါးလတ်ချောင်း ဝဲယာသည်လည်း တိတ်ဆိတ်ငြိမ်သက်၍ နေပါသည်။ ချောင်းလယ်မှာတော့ ကိုပြားမောင်နှင့် မောင်ထွီးတို့ နှစ်ဦး၏ ဖြည်းညင်းစွာ လှော်ခတ်နေသော လှေကလေးသည် တရွေ့ရွေ့ လှုပ်ရှားနေပါ၏။

မောင်ထွီးက လှေနောက်မှနေပြီး ပဲ့ထိန်းနေပါ၏။ ကိုပြားမောင်က လှေဦးမှထိုင်ကာ လှော်ရင်း ဘေးဘီကို ကြည့်နေမိပါသည်။

တစ်နေ့က သူ့အား မောင်ထွီးက ဒါးလတ်ချောင်း ထဲတွင် မိကျောင်း ရောက်နေကြောင်း သတင်းလာပေးပါသည်။

ထို့ကြောင့် မိကျောင်းဖမ်းမည့် တန်ဆာပလာများ အပြည့်အစုံနှင့် ခါတော်မီ ထွက်လာခဲ့သည်။

မိကျောင်း ဤအချိန်အခါ ရောက်ရှိရန် အကြောင်းလည်း ရှိပါသည်။ ယခုလို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလဆိုလျှင် အရွယ်ရောက်နေပြီဖြစ်သော မိကျောင်းများ မိတ်လိုက်သော ရာသီဖြစ်သည်။ အဖို အမ စုံတွဲဖြစ်ဖြစ် ရောက်လာတတ်သည်။ ဒါဆိုလျှင် တစ်ကောင်တည်း တွေ့ရမှာတော့ မဟုတ်ပါ။

သူတို့ကို မျက်စိရှင်ရှင်နှင့် ရှာဖွေရမည်ဖြစ်သည်။ နေ့လယ်နေ့ခင်းလည်းဖြစ်ပြန်၊ ကျေးငှက်တွေ နေ့ခင်း အနားယူခိုက်ဖြစ်ခြင်းကြောင့် တိတ်ဆိတ်၍ နေပါ၏။

အထူးသဖြင့် မိကျောင်းတို့၏ သဘောသဘာဝကိုက တိတ်ဆိတ်ငြိမ်သက်စွာ နေတတ်သည့်သဘော ရှိပါသည်။ အကောင် ဘယ်လောက်များများ အစာစား သောက်နေသည့်အခါမှာသာ လှုပ်ရှားနေတတ်ပါသည်။

သို့မဟုတ်ပါက အရိပ်ခိုကောင်းမည့် တစ်နေရာရာတွင် ငြိမ်သက်စွာ နေကြပါသည်။ သစ်တုံးတစ်တုံးလို သက်မဲ့ရုပ်ကောင်လို ကမ်းစပ်မှာ မေးတင်ပြီး နေတတ်ပါသည်။

ဒါမှမဟုတ် ရေပေါ်မှာ ကျောက်ချသလို နေပါသည်။ မျက်စိမှိတ်ကာ အိပ်နေလေ့ရှိသည်။ မျက်စိမှိတ်ထားခြင်းကြောင့် အိပ်နေသည်ဟု ထင်ရပါသော်လည်း အိပ်နေခြင်းတော့ မဟုတ်ပါ။ မျက်ခွံသာ ချထားခြင်းဖြစ်သည်။
သူတို့တွင် မျက်ခွံ နှစ်ထပ်ရှိသည်။ အပေါ်မျက်ခွံက ရှေ့တည့်တည့်နှင့် အပေါ်သို့ ကြည့်ပါက ဖယ်ရှားကာကြည့်သည်။ ဒုတိယမျက်ခွံကမူ ဘေးဝဲယာမြင်ကွင်းကို မြင်လိုပါက ဖယ်ရှားကာ ကြည့်လိုက်သည်။

ယခုကဲ့သို့ အပေါ်မျက်ခွံ အောက်မျက်ခွံ ပိတ်ထားရုံနှင့် သူ့အား ကုလားသေကုလားမော အိပ်နေသည်ဟု ဆို၍မရပေ။ အဘယ့်ကြောင့် ဆိုသော် သူတို့တွင် ဒုတိယမျက်လုံးဟု ဆိုရမည်ဖြစ်သော မျက်လုံးတစ်စုံက ရှိနေသေးသည်။

ထိုမျက်လုံးသည် ဦးခေါင်းနှင့် ပါးစပ်အောက်တွင်ရှိပြီး ရေထဲရောက်နေပါသည်။ ထိုမျက်လုံးသည် မျက်ဆန် မျက်လွှာမပါဘဲ ရေအောက်ရှိ သတ္တဝါ၊ အရာဝတ္ထုကို တွေ့မြင်နိုင်သည်။ အရောင်အဆင်း မှာ အနက်ရောင်ရှိပါသည်။ ၎င်းသည် ရေဒါလိုမျိုး၊ အင်တင်နာလိုမျိုး ဖြစ်သည်။

အင်းဆက်ပိုးမွှားများဖြစ်သော ပိုးဟပ်၊ လိပ်ပြာတို့၏ အာရုံခံနှာမောင်းနှင့် တူပါသည်။ ထိုမျက်လုံးသည် ရေအောက်တွင် ထင်ရှားစွာ တွေ့နိုင်ပါသော်လည်း အစာစားရန်၊ အစာမျိုရန်အတွက် လေထဲတွင် ဦးခေါင်းထောင်ပါက အရေပြားထဲဝင်ကာ ပျောက်သွားလေ့ ရှိပါသည်။

သူတို့သည် အစာများကို ဦးခေါင်းနှင့် ရေပြင် ညီညာစွာထားပြီး မစားတတ်၊ မမျိုတတ်ပါ။ ဦးခေါင်းကို လေထဲမှာထောင်ပြီး စားတတ် မျိုတတ်ပါသည်။ ဝါးစားလေ့မရှိဘဲ မြွေကဲ့သို့ မျိုတတ်ပါသည်။

ကိုပြားမောင်က မောင်ထွီးကို လက်ဟန်ခြေဟန်ဖြင့် သတိပေးလိုက်သည်။ လှေကို သူ့အရှိန်နှင့် သွားပါစေ၊ ပဲ့ကိုသာ နိုင်အောင်ထိန်းထားဆိုသည့် သဘောပင် ဖြစ်သည်။

မောင်ထွီးက တခြားတံငါအလုပ်သာ သူနှင့်တွဲပြီး လုပ်ဖူးပါသော်လည်း ရေဘုရင်ကို ဖမ်းဆီးသည့် ပွဲ၌ ဒါက အဦးဆုံးဖြစ်သည်။ ဤကဲ့သို့ အတွေ့အကြုံ မရှိတော့ အကြောက်သားပင် ဖြစ်၏။

မသိသူများကတော့ ကမ်းစပ်နားတွင် သစ်ဆွေးတုံးတစ်တုံး ရောက်ရှိနေသည်ဟု ထင်နေမည်ဖြစ်၏။ နေရာမှာ အရိပ်ခပ်ကျကျနေရာ ဖြစ်သည်။ အရိပ်ကလည်းကျပြန်၊ မည်းညစ်ညစ်နှင့်ဖြစ်ပြန်၊ အဝိညာဏက သတ္တဝါလို ငြိမ်သက်နေသည်ဆိုတော့ မိကျောင်းဟု ဘယ်သူမှ မထင်ကြပါ။

အတွေ့အကြုံရှိသော ကိုပြားမောင်က ဒါတွေကို သိသည်။ ထို့ကြောင့် လှေမှ ရေယက်သံ မထွက်စေရန် မောင်ထွီးကို ရွေ့လျားစေသည်။ မောင်ထွီးကလည်း ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပေးသည်။

မိကျောင်းကို ကောင်းစွာမြင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။ ပြီးတော့ ပစ်ကွင်းပစ်မှတ်နေရာသို့ ရောက်လာတော့သည်။

ဤအခါမှ လက်ဟန်ခြေဟန်ဖြင့် ရပ်တန့်စေလိုက် သည်။

“ဟာ … ခုနစ်ပေအကောင်လောက်ပါပဲ”

၇ ပေ , ၈ ပေဆိုတာ အရွယ်ရောက်ပြီဖြစ်သော မိကျောင်းဖြစ်သည်။ ၇ ပေဆိုတော့ ၇ နှစ်သား အရွယ်ကို ဆိုပါသည်။ အကောင်ပေါက်စမှာ ၈ လက်မသာရှိသည်။ တစ်နှစ် တစ်ပေနှုန်းနှင့် ကြီးထွားလာ သည် ဖြစ်သည်။

လူသားများ တဖြည်းဖြည်း ကြီးထွားမှုသည် ၁၈ နှစ်အသက်အရွယ်ထိ ဖြစ်သည်။ သို့သော် မိကျောင်းများမှာမူ ၁ဝ နှစ်သားအရွယ်တွင် ကြီးထွားမှု နည်းလာသည်။ ဒါပေမင့် ပေ ၂ဝ မှ ၃ဝ အထိ ကြီးမားသည်ကို တွေ့ဖူးပါသည်။

မုဆိုးတစ်ပစ်ဆိုသော ပစ်ကွင်းထဲသို့ တဖြည်းဖြည်းဝင်လာပြီဖြစ်သည်။ ကိုပြားမောင်သည် သူ၏ တစ်လုံးသွား မှိန်းတံကို ကောက်ကိုင်လိုက်ပါသည်။ ထို တစ်လုံးသွားမှိန်းကို သံအကောင်းစားနှင့် မီးအကြိမ်ကြိမ်ပြကာ စိတ်တိုင်းကျ လုပ်ထားခဲ့ပါသည်။ မှိန်းသွားတွင်လည်း မြားတံမှာရှိသော အထစ်ကလေးများ လုပ်ထားပါသည်။ ဒါမှ ထိုးမိသော သားကောင်များ လွယ်လင့်တကူ လွတ်ထွက်မသွားနိုင်ရန်အတွက် ဖြစ်သည်။

မှိန်းတံအရိုးကို ရင်းတိုက်သားအနှစ်နှင့် ပြုလုပ်ထားခြင်းကြောင့် ခိုင်မာမှုရှိသည်။ လက်ကိုင်ရိုးမှာ ကြိုးဖြင့် တည်းထားပါသည်။ အရှည်ကတော့ မိကျောင်းတစ်ပြေး မိကျောင်းတစ်မော ရှည်ပါ၏။

သူ့လက်ထဲက မှိန်းတံကို ချိန်ဆပြီး ပစ်မှတ်နေရာကောင်းကို ရှာဖွေနေပါသည်။ သူ့ပစ်မှတ်နေရာကတော့ ရှေ့လက်ပြင်အောက် နေရာဖြစ်၏။ ဤနေရာသည် အကောင်းဆုံးသောပစ်မှတ် ဖြစ်ပါ၏။

ချိန်သားကိုက်သည်နှင့် သူ မောင်ထွီးကို မျက်ရိပ်ပြ လိုက်ပါတော့သည်။ မောင်ထွီးကလည်း သတိအနေအထားမှာ ရှိနေပါတော့သည်။

“ဝှစ်”

ကိုပြားမောင်၏ လက်ထဲမှ မှိန်းတံသည် ဇောင်းမှလွတ်ထွက်လာသော မြင်းရိုင်းတစ်ကောင်နှယ် လျင်မြန်သော နှုန်းထားနှင့် သခင်စေရာ လုပ်ဆောင်ပါတော့သည်။

ထို ဝှစ်ခနဲအသံ မဆုံးမီမှာပင် “ဒုတ်” ဆိုသော အသံကြီးကို ကြားလိုက်ရပါသည်။

ဆယ်ပေါင်တူကြီးဖြင့် အဆောက်အအုံဟောင်းကို ဖြိုဖျက်သည့်နှယ် ဒုတ်ဆိုသော အသံနှင့်အတူ ဝုန်းခနဲဆိုသော အသံကြီး ထွက်ပေါ်လာတော့၏။ ထိုအသံနှင့်အတူ လှေကလေးသည်လည်း သိမ့်ခနဲ ဖြစ်သွားလေတော့၏။

မှိန်းတံအရင်းမှာ ချည်ထားသော လှေပေါ်ရှိ အခွေလိုက်ကြိုးခွေသည် တဖြည်းဖြည်း လှုပ်ရှားလာပါတော့ သည်။ အခွေလိုက် ကြိုးပြေစရာ မရှိတော့ဘဲ ငုတ်တိုင်တွင် နောက်ဆုံးကြိုးကျန်တော့မှ လှေကလေးသည် သွက်သွက်ခါအောင် ပြေးလွှားနေပါ တော့၏။

“မောင်ထွီး … ပဲ့ကို ကောင်းကောင်းကိုင်ဟေ့”

လှေကလေးသည် ရေပေါ်မှာ လျှပ်ပြေးနေသလားထင်ရ၏။ ချက်ကောင်းကို မှန်သွားသော မိကျောင်း သည် အထိတ်တလန့်ဖြစ်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် မူလကမ်းစပ် မှိန်းနေရာမှ ရုတ်ခြည်း ရေထဲသို့ လှည့်ဆင်းခြင်းကြောင့် ဝုန်းခနဲအသံ မြည်သွားရပါတော့၏။

ကြည့်နေရင်းမှ မိကျောင်းသည် ရေထဲငုပ်သွားတော့သည်။

ကိစ္စမရှိပါ။ ဤအတွက်လည်း ကိုပြားမောင် စီစဉ် ထားပြီးဖြစ်သည်။
သူ ဘယ်လောက်အထိ ရေနက်နက်ထဲတွင် ငုပ်နိုင် မည်နည်း။ သူ့ကြိုးအရှည်အဆုံးတိုင်အောင် ရေငုပ်မည်တော့ မဟုတ်ပါ။ ပြီးတော့ ဘယ်လောက်ကြာကြာ ရေငုပ်နိုင်မှာလဲဆိုတာ သူ ကော့ဘဇားမှာ ကျောင်းနေစဉ်က ပန်ချာပီလူမျိုး သတ္တဗေဒဆရာ မစ္စတာဆင်းက …

“မိကျောင်း ရေငုပ်တာ အများဆုံး တစ်နာရီပေါ့ကွာ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့နှလုံးခုန်နှုန်းက တစ်မိနစ် မှာ ၂ ကြိမ်၊ ၃ ကြိမ်အထိ ကျကျ သွားတာကြောင့် များများရေငုပ်နိုင်မှာ မဟုတ်ဘူး”

ထိုသို့သော သူ့ဆရာစကားကို အမှတ်ရလာပါတော့သည်။ သူ့ဆရာ ပြောသည့်အတိုင်းပင် မှိန်းတံတန်းလန်းနှင့် မိကျောင်းသည် ရေပေါ်မှာ ပြန်ပေါ်လာတော့သည်။

မိကျောင်းသည် ရှေ့တူရူသို့သာ ခေါင်းလှည့်ထားဆဲဖြစ်၏။ သို့သော် သူ၏ ဒုတိယမျက်ခွံကို ဘေးသို့ ဆွဲကပ်လိုက်ခြင်းကြောင့် သူ့နောက်ကွယ်မှာ ရှိနှင့်နေ သော ကိုပြားမောင်နှင့်တကွ လှေကိုပါ မြင်လိုက်ခြင်းကြောင့် ကြောက်လန့်တကြား ပြေးပါလေတော့၏။

ပထမမှာတော့ လှေနှင့် မိကျောင်းသည် သိပ်မကွာဝေးခြင်းကြောင့် ကြိုးသည် လျော့ရဲရဲဖြစ်နေသေးသည်။ ယခုတော့ အန္တရာယ်ကိုမြင်ပြီး ဇွတ်အတင်းထွက်ပြေးခြင်းကြောင့် ကြိုးသည် တင်းသွားပါလေတော့သည်။ ကြိုးတင်းသွားသည်နှင့် လှေသည် တုံ့ခနဲဖြစ်သွားကာ စောစောကအတိုင်း ရေပေါ်မှာ ပြေးနေပါတော့သည်။

ပြေးပါစေ၊ မမောခင် သူပြေးနေအုံးမှာပါ။ ငါးမိနစ်အတွင်းမှာပင် ၁ နာရီ ၁၀ ကီလိုမီတာနှုန်းနှင့် ပြေးတာ ရပ်လိုက်ပါသည်။ စူး၀င်နေသော မှိန်းသွားကို သူဖြုတ်ယူရန် ကြိုးစားသည့်အနေနှင့် ရေထဲမှာပင် သူ့ကိုယ်ကို လူးလှိမ့်ပစ်လိုက်သည်။ ဤသို့ လူးလှိမ့်ပစ်လိုက်ခြင်းသည် သူ့အတွက် မဟာအမှားပင်ဖြစ်ပါတော့သည်။

အဘယ့်ကြောင့်ဆိုသော် သူ တစ်ပတ်လှိမ့်လိုက်တိုင်း မှိန်းတံက ကြိုးက သူ့ကို တစ်ပတ်ချည်နှောင်သလို ဖြစ်နေပါတော့၏။ လှိမ့်ဖန်များလာတော့ သူ့ခြေတွေလက်တွေပါ တုပ်နှောင်ထားသလို ဖြစ်နေပါတော့၏။

သူ့မှာ လှုပ်ရှားပြေးလွှားစရာ ခြေလက်တွေ တုပ်နှောင်ခံရလေသောကြောင့် သူ့ ပါးစပ်ကို အားကိုးရန်မှတစ်ပါး ရန်သူကို ရင်ဆိုင်ရန် မရှိတော့ပါ။

ဒါကိုလည်း ကိုပြားမောင်က သိထားပါသည်။ ထို့ကြောင့် လှေဝမ်းထဲမှာ ရှိနေသော သနွတ်ကို ကောက်ယူလိုက်သည်။ သနွတ်ဆိုတာက ဓနိပင်၏ အလက်ဖူးပင်ဖြစ်သည်။ ဤ အလက်ဖူးက မာကျောပါသည်။ သူ့ထိပ်ဖျားသည် ဝါးချွန်လို ချွန်နေပါ၏။ ထိုသနွတ်နှင့် မိကျောင်းကို ထိုးလေ့ရှိခြင်းကြောင့် ဆောင်ထားခြင်း ဖြစ်သည်။

ချောင်ပိတ်ကာ အရိုက်ခံရသော ခွေးက ပြန်ကိုက်သလို မိကျောင်းက အနားကပ်လာသော သူတို့အား ပါးစပ်ဖြင့် ကိုက်ဆွဲရန် တာစူလိုက်ပါသည်။

လက်ညှိုးလုံး လက်ခလယ်ချောင်းတို့ထက် ကြီးမားသော သွားကို မြင်နိုင်အောင် ပါးစပ်ကို ဖြန့်ကားထားပါသည်။ သူ့မှာ လျှာမရှိ၍သာ မမြင်ရတာပါ။ သို့သော် အာခေါင်မှာကပ်နေသော လျှာခင်(လျှာတို)ကလေးအထိ မြင်နေရပါသည်။

ကိုပြားမောင်သည် သနွတ်ကို ချိန်ဆကာ ပစ်မှတ်ကို စောင့်မျှော်နေပါသည်။ လှေသည် တရွေ့ရွေ့နှင့် ချဉ်းကပ်လာသည်။

မိကျောင်း၏ လှုပ်ရှားမှုကို သူ ကြည့်နေသည်။ လှုပ်ရှားမှုဆိုတာက ခုနေအခါမှာ ပါးစပ်ကလွဲပြီး ဘာမှမရှိတော့ပါ။

လှေသည် တရွေ့ရွေ့နှင့် ချဉ်းကပ်လာသလို မိကျောင်းကလည်း သူ့ ဝါကြန့်ကြန့် နနွင်းရောင်မျက်လုံးတွေနှင့် စိုက်ကြည့်နေပါသည်။

တစ်ချိန်မှာတော့ သူ့ပါးစပ်ကြီးကို ဟလိုက်ရာ ကိုပြားမောင်လည်း ရသည့်အခွင့်အရေးကို အမိအရ ယူလိုက်မိပါတော့သည်။

“ဝှစ်”ဆိုသောအသံသည် စက္ကန့် ပိုင်းကလေးအတွင်းမှာပင် ထွက်ပေါ် လာပြီး ထိုစက္ကန့်ပိုင်းအတွင်းမှာပင် လျှပ်ပြက်သလို မိကျောင်းအာခေါင်ထဲသို့ တန်းဝင်သွားပါ၏။ ဘယ်အထိ တန်းဝင်သွားသလဲဆိုမူ ပြင်ပရေများ ဝမ်းအတွင်း မဝင်နိုင်ရန် တားဆီးထား သော လျှာခင်(လျှာတို)ကို ဖြတ်ကျော်ကာ လည်ချောင်းကို ထိုးဖောက်ဝင်သွားပါတော့၏။

မိကျောင်းသည် နာကျင်စွာ အော်ရင်း လူးလှိမ့်နေပါတော့၏။ သူ ဘယ်လောက်ပင်အော်အော် သူ့အသံက ကျွဲပေါက်တွေအော်သလို တငွဲငွဲနှင့် အသံမြည်နေပါတော့၏။ အနီးအနားတစ်ဝိုက်တွင် သွေးခြင်းခြင်း နီမြန်းနေပါတော့၏။

ပွဲသိမ်းပါလေတော့၏။

အနှစ်ချုပ်လိုက်တော့ အရိုး အသား အရေတို့ကို ရောင်းလိုက်ကာ ရသမျှငွေကြေးနှင့် သူ့ချစ်သူ မဦးသာဇံနှင့် လက်ထပ်လိုက်ရသည်။ ပန်းနာရောဂါသည် သူ့အမေ ဒေါ်စံလှဖြူကို မိကျောင်းသားကျွေးပြီး သက်သာစေခဲ့သည်။

သူ့တွင် အမေအိုကြီးသာ ကျန်တော့သည်။ သူ့အဖေကွယ်လွန်တော့ သူ ကော့ဘဇားတွင် ကျောင်းမနေနိုင်တော့ဘဲ ဇာတိရပ်မြေသို့ ပြန်လာကာ ကြုံရာကျပန်းလုပ်ကိုင်ခဲ့သည်။

အထူးသဖြင့် မိကျောင်းဖမ်းသည့်အလုပ် ဖြစ်သည်။

“သားရယ် … တခြားအလုပ်တွေ လုပ်ပါလားကွယ်။ ဒီမိကျောင်းဖမ်းတဲ့ အလုပ်က အန္တရာယ်များလှပါတယ်”

သူ့အမေ ဒေါ်စံလှဖြူ ပြောသလိုပင် သူ့အသက် ကိုယ့်အသက် ရင်းရသော အလုပ်ဖြစ်သည်။ ပြီးတော့ အမေ့မှာက ဒီသားတစ်ယောက်သာ အားကိုးအားထားရှိသည်။ တစ်ခါ အမေ့မှာလည်း ရောဂါစုံသည်။ အထူးသဖြင့် ပန်းနာ၊ တစ်ခါတစ်ရံ ရောဂါထပါက အသက်ပါသွားမလား ထင်ရပါ၏။

ပြီးတော့ ကိုပြားမောင်မှာက တစ်ကိုယ်တည်းမဟုတ်တော့ပါ။ ချစ်သူ ခင်သူ မဦးသာဇံဆိုသည့် ကြင်ဖက်သက်လျာကလည်း ရှိနှင့်ပါပြီ။
(၃)

နေမမြင့်မီကတည်းက သူတို့သည် ဒါးလက်ချောင်းရိုးအတိုင်း ဒါးလတ်ရွာမှ စုန်တက်လာကြသည်။

သူတို့ဆိုတာက ၃ ယောက်ဖြစ်သည်။ ကိုပြားမောင်၊ မောင်ထွီး၊ မောင်ရှေငယ် ဆိုသည့် လူငယ်လေးတို့ ဖြစ်ကြသည်။

ကဆန်လဖြစ်သောကြောင့် ရာသီကတော့ မိုးသားတွေညို့သလိုလိုတော့ ရှိပါသည်။ နေရာကိုမူ သူတို့ညတုန်းက ရောက်ရှိထားပြီးဖြစ်၍ တကူးတကန့် ရှာဖွေစရာ မလိုတော့ပါ။

“အစ်ကိုပြားမောင် … ဟိုတစ်ခါ ကျွန်တော်တို့မိတဲ့ မိကျောင်းအမနဲ့အတူ အထီးလည်း ပါလာတယ်တဲ့။ အဲဒီအကောင်ကို ကင်းသမားတွေ ပစ်လို့ သေသွားတာနဲ့ ကျန်တဲ့အမက ကျွန်တော်တို့ဆီ ရောက်လာ တာတဲ့”

မောင်ထွီးက သူကြားသမျှ သတင်းကို ပြန်ပြောပြလိုက်သည်။ ကိုရှေငယ်ဆိုသည့်သူက မရှင်းတာကို ထပ်မေးပါတော့သည်။

“ဒါနဲ့ မောင်ထွီးရ … တစ်ကောင်နဲ့ တစ်ကောင် ဘာမှ မထူးခြားဘဲ ဘယ်လို အထီးအမ ခွဲခြားမှာလဲ”

“ဟာ … ဒီကိစ္စ အစ်ကိုပြားမောင်ပဲ သိတယ်။ အစ်ကို ဖြေလိုက်လေဗျာ”

“ဒီလို မောင်ရှေရ။ နိုင်ငံခြားမှာဆိုတော့ တိုင်းတာတဲ့ ကိရိယာ ရှိတာပေါ့ကွာ။ ငါတို့ တိုင်းပြည်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အထီးအမ ခွဲခြားသိတာပေါ့”

“မြန်မာ့နည်း မြန်မာ့ဟန် … ဟုတ်လား”

နှစ်ယောက်သား အာမေဍိတ်သံဖြင့် ပြိုင်တူ အံ့ဩစွာမေးလိုက်ကြသည်။

“ဟုတ်တယ် … တစ်ခုတည်းသော အညစ်အကြေးစွန့်တဲ့ ဒွာရအပေါက်ထဲကို လက်ညှိုးနဲ့ နှိုက်ကြည့်။ နှိုက်ကြည့်လို့ ဘာမှ မတွေ့ရင် အမ။ တစ်စုံတစ်ခုကို စမ်းသပ်မိတယ်ဆိုရင် အထီးပေါ့”

လှေကလေးသည် ရေပြင်မှာ ပြေးလွှားနေပါတော့သည်။

မောင်ထွီး ပြောသလိုပင် မူလက အထီးအမတစ်စုံ မိတ်လိုက်ရန်အတွက် ရောက်လာမည်ဖြစ်မည်။ ထိုသို့ ရောက်လာသည်ကို မြင်မိသော ကင်းသမားများက ပစ်ခတ်ခြင်းကြောင့် အထီးက သေသွားပါသည်။ အမကတော့ ခြေဦးတည့်ရာပြေးရင်း ကိုပြားမောင်တို့ နယ်မြေထဲ ရောက်ရှိလာခြင်း ဖြစ်သည်။

မနေ့ညနေစောင်းတုန်းက ဤနယ်မြေတွင်း ကိုပြားမောင် တစ်ယောက်တည်း ငါးမျှားတန်းချနေစဉ်မှာပင် ဖြစ်သည်။ ကမ်းစပ်အထက်နားက ကိုင်းပင်တွေ မြက်ပင်တွေ ပြိုလဲကုန်သည်ကို တွေ့ရသည်။ ပြီးတော့ ပြိုလဲကုန်သော မြက်ပင်တွေ ကိုင်းပင်တွေသည် လဲနေရာမှ ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။

ဤအခါ ချနေဆဲ ငါးမျှားတန်းကို ဆက်မချတော့ဘဲ ကြည့်နေလိုက်သည်။

“ငါ့ စစ်တကောင်းက သူငယ်ချင်းက စက်နဲ့ အကောင်ဖောက်ဖို့ ဥတွေ ရသလောက် လိုချင်တယ်တဲ့။ တစ်လုံးကို ငါးကျပ်တောင် ပေးမှာတဲ့ကွ”

တစ်လောက သူ မြေပုံမြို့ကို ရောက်ခဲ့သည်။ သူ သားငါးတွေကို ရောင်းချနေသော ဒိုင်ပိုင်ရှင် ကိုမောင်ရွှီး စကားကို ကြားယောင်လာပါသည်။

ဥတစ်လုံးကို ငါးကျပ်ဆိုပါက ဆန်နှစ်ပြည်စာ ဝယ်၍ရသည်။ ပြီးတော့ ဥအရေအတွက်က အနည်းဆုံး ငါးဆယ်ပဲ ထားပါတော့၊ ငွေနှစ်ရာကျော် ရမည်။ ဒီငွေနှင့်ဆို အမေ့ဆေးဖိုးနဲ့ ကိုယ်လေးလက်ဝန်ရှိနေပြီဖြစ်သော မဦးသာဇံ၏ မီးဖွားစရိတ်တော့ ကောင်းကောင်းကြီး ဖူလုံနေပါ၏။ ကံကောင်းလျှင် အမကိုတောင် မိပါက အသား၊ အရိုး၊ အရေတို့ကိုပါ ရနိုင်သေးသည်။

သူသည် မြက်ပင်တွေ ကိုင်းပင်တွေ လဲကျလိုက်၊ တစ်နေရာကို ရွေ့သွားလိုက်၊ တစ်နေရာမှာ စုပုံလိုက် လုပ်နေသော မိကျောင်းအမကို လျှို့ဝှက်စွာ ကြည့်နေမိ၏။ ပြောင်ပြောင်တင်းတင်း ကြည့်ခွင့်မရပါ။ သူကလည်း လျှို့ဝှက်စွာ အသိုက်လုပ်နေပါသည်။ လူမြင်သူမြင် အဖြစ်မခံနိုင်ပါ။ အကယ်၍ လူမြင်သွားပါက တခြားနေရာသို့ ပြောင်းသွားတတ်ပါသည်။ ဆယ်ပေအကောင် မိကျောင်းကြီး ဖြစ်သည်။

မိကျောင်းအမသည် ဇွဲကောင်းသည်ဟု ဆိုရမှာလား၊ မိခင်စိတ်ဓာတ် ဝင်နေသောကြောင့်လား မသိ။ အသိုက်ကို ညတွင်းချင်း ပြီးအောင် လုပ်နေသည်။ အသိုက်မပြီးမချင်း မရပ်မနားဘဲ လုပ်နေသည်။

သူသည် နေရာကို မှတ်သားထားကာ ချနေဆဲ ငါးမျှားတန်းကို ပြန်ရုပ်သိမ်းပြီး အိမ်ပြန်လာခဲ့သည်။ စောစီးစွာ အိမ်ပြန်လာသည်မို့ အမေနှင့် သူ့မိန်းမ မဦးသာဇံတို့တောင် အံ့ဩနေကြပါတော့၏။

သူကတော့ နှုတ်လုံကာ ဘာမှမဖြစ်ဘူးဟု ပြန်ဖြေလိုက်သည်။ သို့ပေမင့် မောင်ထွီးကိုတော့ အရိပ်အမြွက်လောက်သာ ပြောထားပါ၏။

နံနက် နှစ်ချက်တီးကျော်ကျော်လောက်တွင် သူနှင့် မောင်ထွီးသည် လှေတစ်စင်းနှင့် ဒါးလတ်ရွာကလေးမှ ထွက်ခဲ့သည်။

သူ့ဇနီးသည်က ကနေ့ ငါးမျှားတန်းဖော်ဖို့ထွက်တာ စောလှချေဟု ထင်နေပါ၏။ တကယ်လည်း ခါဆိုင်းဆို ရွာဦးကျောင်း အုန်းမောင်းခေါက်သံကြားချိန် လေးနာရီမှ ဖြစ်သည်။

နာရီဝက်လောက် ကြာပြီးမှ မနေ့ ညနေက သူမှတ်ထားသော နေရာသို့ ရောက်သည်။ ရောက်ရောက်ချင်းပင် မနေ့ညနေက သူမှတ်ထားသော အသိုက်နေရာကို အားကောင်းကောင်း ခြောက်တောင့်ထိုး အဲဗားရယ်ဒီ လက်နှိပ်ဓာတ်မီးနှင့် ဖျတ်ခနဲထိုးကာ ဖျတ်ခနဲ ပြန်ပိတ်လိုက်၏။ စက္ကန့်ပိုင်းအတွင်း လှုပ်ရှားမှုပင် ဖြစ်သည်။

“အစ်ကို ကိုပြားမောင် … ခုနက နီနီရဲရဲကြီး တွေ့လိုက်ရတယ်။ ဘာလဲ ဟင်”

“ရှူး … တိုးတိုးကွ၊ အဲဒါ မိကျောင်းမျက်လုံးကွ”

“ဟင် … မိကျောင်းမျက်လုံးဟာ နနွင်းရောင် မဟုတ်လားဗျ”

“အဲဒါက နေ့အရောင်မှာ တွေ့ရတဲ့ မျက်လုံးရောင်။ ခုလို ညအမှောင်မှာ အလင်းရောင်နဲ့ တွေ့ရတာကတော့ အနီရောင်။ ကဲ ပြန်ကြရအောင်”

“ဥယူဖို့ လာတာမဟုတ်လား”

“ခုမှ ဥတုန်း။ ဟိုအသိုက်ပေါ်မှာ ကားရားခွထိုင်ပြီး ဥနေတာ မမြင်ဘူးလား”
သူတို့သည် အိမ်ပြန်ရောက်တော့ မိုးမလင်းသေး၍ တစ်ရေး ထပ်အိပ်လိုက်ကြသည်။ ဆယ်နာရီလောက်မှ နိုးလာကြသည်။

ထမင်းလေး ဘာလေးစားပြီး နှစ်ယောက်သားသည် ရင့်ထော်နေသော ကြသောင်းဝါး သုံးလုံးကို ရွေးခုတ်ကြသည်။ ပြီးတော့ ဆယ်ပေလောက်အရှည်ကို ဖြတ်ယူကြသည်။ ပြီးတော့မှ ကိုရှေငယ်ဆိုသူ ရောက်လာသည်။

“ကဲ … ကိုရှေ ဒီဝါးလုံးကို ထမ်းကြည့်စမ်း”

“ဒါလေးများ စပျော့ပေါ့”

ကိုရှေငယ်က ဝါးလုံးကို မပြပြီး ပြောင်ချော်ချော်နှင့် ဖြေလိုက်သည်။ ထို့နောက် သူတို့သည် လှေဖြင့် ခရီး ထွက်လာခဲ့သည်။

တစ်နာရီလောက် ကြာတော့ သူတို့ မှတ်ထားသော နေရာသို့ ရောက်ပြီဖြစ်သည်။ အချိန်ကလည်း ရေကျချိန်ဖြစ်၍ ကမ်းစပ်နှင့် လှေအကြားတွင် ရွှံ့လတာပြင်ကြီး ဖြစ်နေပါသည်။

ထို့ကြောင့် ကမ်းစပ်သို့ရောက်ရန် ရွှံ့ညွန်ထဲမှ ခက်ခက်ခဲခဲ ရုန်းတက်ခဲ့ရသည်။

သူတို့သည် ဝါးလုံးကိုတော့ တစ်ယောက်တစ်လုံး ထမ်းလာသည်။ ကိုပြားမောင်က သူ့လက်စွဲတော် တစ်လုံးသွားမှိန်းအပြင် ကွင်းတပ်ကြိုးတွေပါ ယူဆောင်လာသည်။ မိကျောင်းကို အသေသတ်ပြီး လှေနောက်မြီးမှာ ကြိုးနှင့်ဆွဲယူလာရန်အတွက် ဖြစ်သည်။

သို့နှင့် သူတို့သည် ရွှံ့ဗွက်ထဲ ခြေနစ်လိုက်၊ ဆွဲထုတ်ကာ လှမ်းလိုက်နှင့် ခက်ခက်ခဲခဲ လှမ်းလာရာ သူတို့ အလိုရှိသော မိကျောင်းသိုက်ကို တွေ့ ရပါတော့၏။

ဤအခါ သူတို့သည် ဝမ်းသာမဆုံး ဖြစ်သွားရပါတော့၏။

ထိုဝမ်းသာမှု မဆုံးမီမှာပင် . . .

“ဟာ မောင်ထွီး၊ မောင်ရှေ … သတိထား”

ကျွဲပေါက်ကလေးအော်သံနှင့်အတူ သူတို့တူရူသို့ ဒေါသတကြီး ပြေးဆင်းလာသော မိကျောင်းမကြီးကို တွေ့ရသည်။

သူတို့ကတော့ လတာပြင် ရွှံ့ထဲမှာပင် ဖြစ်၏။ ရေတက် ရေကျ ကင်းလွတ်ရာ ကုန်းမြင့်မြင့် နေရာမှာမူ မိကျောင်းအသိုက် ရှိသည်။ မိကျောင်းက ထိုနေရာမှ ပြေးဆင်းလာခြင်း ဖြစ်သည်။

မိကျောင်းသည် သူ့ဥများကို ယူငင်ကြမည်ကို အတပ်သိနေသည် ထင်ပါသည်။ ဒါမှမဟုတ် မိခင် စိတ်ဓာတ်ကြောင့် သူ့အသိုက်အဝန်းနားသို့ ကပ်ရောက်လာသူဟူသမျှသည် သူ့ရန်သူဟု သဘောထား၍လား မသိ။ သူ့တွင် သူ့အသိုက် သူ့ဥမှ လွဲ၍ ဘာမှမသိ၊ ဘာမှမမြင် ဖြစ်ကာ လတာ ပြင်မှာ ပြေးလွှားကာ လိုက်ပါသည်။

သူလည်း ရွှံ့ညွန်ထဲ ကျွံကျကာ ခရီးမပေါက်ဘဲ ရှိနေသည်။ ဤအခါ စိတ်မရှည်တော့ဘဲ ရွှံ့ညွန်ထဲမှာ လျှောချလိုက်ပါတော့သည်။ ခြေချော်ကာ လဲကျသွားသကဲ့သို့ ရွှံ့ညွန်ပေါ်မှာ လျှောစီးသွားပါတော့သည်။

“ဝါးလုံးနဲ့ ရိုက် … အကပ်မခံနဲ့”

ကိုပြားမောင်က သူ့လူကို သတိပေးရတော့၏။

ထိုအခါမှ ဗုန်းဒိုင်းဆိုသော ရိုက်သံနှက်သံသည် ထွက်ပေါ် လာခဲ့၏။

အတွေ့အကြုံရှိသော ကိုပြားမောင်၏ ရိုက်ချက်က အတန်အသင့် ထိရောက်ပါသော်လည်း မောင်ထွီးနှင့် ကိုရှေငယ်တို့လို အတွေ့အကြုံကလည်းနည်း၊ ရွှံ့ညွန်ထဲမှာ ရိုက်ရတာကြောင့် မိကျောင်းအား အထိမနာစေခဲ့ပါ။

“မောင်ထွီး တို့ကိုမဲနေတုန်း ဥတွေကို မင်းသွားယူလိုက်”

မိကျောင်းသည် ကိုပြားမောင်ကို ဦးတည်ကာ တိုက်ခိုက်နေသည်။ မိကျောင်းကလည်း သူ့ခန္ဓာကိုယ်ပေါ် သို့ ရောက်ရှိလာသော ကိုပြားမောင်၏ ဝါးလုံးကို လှမ်းကိုက်တာချည်း ဖြစ်၏။ ဝါးလုံးဒဏ်ကို အကြိမ်ကြိမ် ခံရသည်။ အကြိမ်ကြိမ်လည်း ဝါးလုံးကို ကိုက်မိသည်။ ကြာတော့ အသားအရေက နာလာသလို ဝါးလုံးတွေလည်း ကျိုးကြေသွားပါတော့သည်။

ထို့ကြောင့် ကိုပြားမောင်သည် ဝါးလုံးကြေမွနေသည်ကို ပစ်ချလိုက်ပြီး တစ်လုံးသွားမှိန်းတံကို ကောက်ကိုင်လိုက်သည်။ မိကျောင်းကလည်း သူ့အား ဒဏ်ရာချည်းရစေသော ကိုပြားမောင်ကို ဆက်ပြီးမတိုက်ခိုက်တော့ဘဲ မောင်ရှေငယ်ဘက်သို့ ဦးလှည့်လိုက်ပါတော့၏။

ထိုအချိန်တွင် အသိုက်မှ ဥများကိုယူပြီး မောင်ထွီး လည်း ပြန်ဆင်းလာခိုက် ဖြစ်သည်။ ဥကတော့ ခြောက်ဆယ်ကျော်ကျော်လောက် ရှိမယ်ထင်ပါသည်။

“ဟာ မောင်ရှေ … မောင်ရှေ သတိထား”

မောင်ထွီးက မြင်လိုက်၍ သတိပေးစကား အော်ပြောလိုက်သည်။ သို့သော် သတိပေးစကားကား နောက်ကျနေပြီဖြစ်၏။

မောင်ရှေ လိုက်ရိုက်သော ဝါးလုံးကို မိကျောင်း သည် ပါးစပ်ဖြင့် လှမ်းကိုက်လိုက်သည်။ မိမိရရ ကိုက်မိသည်ဖြစ်ခြင်းကြောင့် ယမ်းခါပစ်လိုက်သည်။

ထိုအရှိန်ကြောင့် ဝါးလုံးကို ကိုင်ထားသော မောင်ရှေငယ်သည် အဝေးတစ်နေရာသို့ လွင့်စဉ်ကျသွားပါလေတော့၏။

“ဝါးလုံးကို မြဲမြဲမကိုင်ထားရဘူးကွ”

ကိုပြားမောင် သတိပေးစကားသည်လည်း အချည်းနှီး ဖြစ်ပါလေပြီ။ သူ့စကားမဆုံးမီ မောင်ရှေငယ်သည် လတာပြင်တွင် လူးလှိမ့်ကာ နေပါတော့သည်။

“အစ်ကိုပြားမောင် … အစ်ကိုပြားမောင်”

ကြောက်လန့်တကြား အော်ဟစ်ကာ အကူအညီတောင်းသည့် မောင်ရှေငယ်၏ အသံကြောင့် ကိုပြားမောင် ကြည့်လိုက်မိသည်။ သည်တော့ မှိန်းတံကို မြဲမြံစွာဆုပ်ကိုင်လိုက်မိ၏။

ဘာကြောင့် မောင်ရှေငယ်က ယခုလို အကြောက်အလန့်နှင့် ဟစ်အော်လိုက်ရသလဲဆိုတော့ မိကျောင်းသည် လတာပြင်တွင် လှိမ့်နေသော မောင်ရှေငယ်ထံ သွားနေသည်။ သွားနေတာကလည်း ရိုးရိုးတန်းတန်း ကားရားကားရား သွားနေတာမဟုတ်။ လတာပြင်တွင် လျှောစီးကာ အလျင်အမြန် သွားနေသည်။ ရေခဲပြင်တွင် လျှောစီးနေသလို ဖြစ်နေပါ၏။

ထိုသို့ လျှောစီးသလိုသွားနေခြင်းကြောင့် သူ့လှုပ်ရှားမှုက လှစ်ခနဲ လှစ်ခနဲ ဖြစ်လို့နေပါ၏။ ဤနည်း အတိုင်းဆိုလျှင် စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ပစ်မှတ်ဖြစ်သော မောင်ရှေငယ်ထံ ရောက်တော့မည်ဖြစ်သည်။ ထိုအခါ မောင်ရှေငယ်သည်လည်း ….။
ကိုပြားမောင်သည် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ သူ့ခန္ဓာကိုယ်ကို လတာပြင်တွင် လျှောချလိုက်သည်။ စက္ကန့်ပိုင်းမှာပင် မောင်ရှေငယ်ထံ ရောက်တော့မည်။ သို့ရောက်ပါမှ ကယ်နိုင်မည်ဖြစ်သည်။ သူ့လက်ထဲမှာမူ မှိန်းတံကို အဆင်သင့်ဆောင်ထားရင်း လတာပြင်တွင် လျှောပါသွား သည်။

မောင်ရှေငယ်ထံ သူတို့နှစ်ဦး ပြိုင်တူရောက်တော့မလို ဖြစ်နေပါသည်။ မိကျောင်းကလည်း လက် တစ်ကမ်းသာ လိုတော့သည်။ သူကလည်း လက်တစ်ကမ်းသာ ရောက်ရန် လိုတော့သည်။

ခက်တာက လတာပြင်တွင် လျှောစီးရသော အရှိန်ကလည်း သေးသေးမွှားမွှား မဟုတ်လေခြင်းကြောင့် အရှိန်ကိုသတ်ကာ လျှော့ချဖို့ ခက်နေပါ၏။ ထိုအခါ သူက မီရာနှင့် တိုက်ခိုက်ရပါလေတော့၏။

မိကျောင်းပါးစပ်နှင့် တင်ပါး တရွတ်တိုက် လျှောစီးလာသော သူ့ခြေထောက်သည် ကန့်လန့်ဖြတ်အနေ အထားတွင် ဆုံတော့မလို ဖြစ်နေသည်။ ဤအခါ သူက ဉာဏ်ကူကာ တိုက်ခိုက်သည့်အနေနှင့် ခြေတစ်ချောင်းဖြင့် ဆောင့်ကန်လိုက်သည်။

“အား”

ကိုပြားမောင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့အော်သံကြောင့် နေ့လယ်နေ့ခင်း နားနေကာ ငိုက်မျဉ်းနေကြသော ကျေးငှက်များပင် လန့်ဖျပ်ကာ ပျံသွားလေတော့သည်။

ဘာကြောင့် ဤကဲ့သို့ အလန့်တကြား ကိုပြားမောင် အော်ဟစ်လိုက်ရသလဲဆိုတော့ မိကျောင်းပါးစပ်ကို ပိတ်ကန်လိုက်ရာ ခြေထောက်နှင့် ပါးစပ် ထိမိ သည်နှင့် ဘယ်လိုမှ နှိုင်းမရသော လျင်မြန်မှုနှုန်းထားဖြင့် ခြေဖဝါးကို ထိထိမိမိကိုက်လိုက်ခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ကိုပြားမောင် နာကျင်စွာနှင့် အော်လိုက်ရခြင်းဖြစ်၏။

သို့သော် ကိုပြားမောင်တွင် အစဉ် သတိရှိပါသည်။ အမှတ်တမဲ့မို့ အကိုက်ခံရစဉ်မှာသာ အော်လိုက်မိပါသော်လည်း ခဏချင်းမှာပင် သတိဝင်လာပါတော့၏။ ဤအခါ သူ့လက်တွင် ရှိနှင့်နေသော မှိန်းကို သတိရလာပါတော့သည်။ ထိုမှိန်းဖြင့် မိကျောင်း၏ မျက်လုံးနေရာကို မာန်ပါပါဖြင့် ထိုးလိုက်လေတော့သည်။

“ငွဲ … ငွဲ”ဆိုသော အသံသည် ကျွဲပေါက်တစ်ကောင် အော်သည့်အလား ထွက်ပေါ်လာတော့သည်။ ထိုအသံနှင့်အတူ သူရော မှိန်းတံပါ တစ်နေရာသို့ လွင့်စဉ်သွားပါတော့သည်။ ဘာကြောင့် ဤသို့ လွင့်စဉ် သွားရသလဲဆိုတော့ မျက်လုံးတစ်ဝိုက်ကို မှိန်းတံထိုးစိုက်လိုက်သည့် အရှိန်ကြောင့် မိကျောင်းသည် သူ့မှာ ရှိသမျှခွန်အားကိုသုံးပြီး ယမ်းခါလိုက်၏။ ဤအခါ မှိန်းတံနှင့်အတူ လူပါ လွင့်စဉ်သွားရခြင်းဖြစ်သည်။

ကိုပြားမောင် ကျရောက်သွားသည့် နေရာမှ ကြည့်လိုက်သောအခါ မိကျောင်းသည် အဝေးတစ်နေရာသို့ ထွက်ပြေးသွားလေပြီ ဖြစ်၏။ ထိုအခါ မိကျောင်းကိုက်သော ဒဏ်ရာကြောင့် ကိုပြားမောင် သွေးထွက်လွန်ကာ သတိမေ့မြောသွားပါတော့၏။

(၄)

ကျွန်တော်တို့ မော်တော်ယာဉ်သည် ဒါးလတ်ချောင်းကို ကျော်ဖြတ်ခဲ့သည်။ တစ်ချိန်က အဘပြားမောင်တို့ စွန့်စွန့်စားစား ရေမုဆိုးလုပ်ခဲ့သော နေရာလေးကို စိတ်ကူးဖြင့် ပုံဖော်လာခဲ့သည်။

တကယ်ဆိုတော့ အဘပြားမောင်ရယ်၊ သူ့အမေ ဒေါ်စံလှဖြူရယ်၊ သူ့ဇနီး မဦးသာဇံရယ်၊ သူတို့သမီး ဝါနုရယ်၊ ပြီးတော့ မိကျောင်းမကြီးရယ် သူတို့တစ်တွေအားလုံး၏ ဆက်နွှယ်နေသော ဖြစ်ရပ်တွေသာဟု ဆိုချင်ပါတော့သည်။

ထိုစဉ်က အဘပြားမောင် မိကျောင်းကိုက်ခံရသည့် သတင်းသည် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ သတိမေ့ပြီး မြေပုံဆေးရုံသို့ ပို့လိုက်ကြသည်။ သေသည် ရှင်သည်ဟု မသိရသေး ဆိုသည့် သတင်းပင်ဖြစ်သည်။

ထိုသတင်းကို ကြားမိသော ပန်းနာသည် မိခင်ကြီးဒေါ်စံလှဖြူသည် အသက်ရှူကျပ်ကာ နောက်ဆုံးတော့ ကွယ်လွန်သွားခဲ့သည်။ ကိုယ်ဝန်အရင့် အမာနှင့် သူ့ဇနီးမဦးသာဇံလည်း ခေတ္တမျှသတိလစ်သွားသည်။ တစ်ဦးက သားဇော၊ တစ်ဦးက လင်သား ဆိုသည့် သံယောဇဉ်မီးတွေကြောင့်ပင် ဖြစ်၏။

ယခုတော့ အဘပြားမောင်တွင် ညာဘက်ခြေချင်းဝတ်အောက်ပိုင်းတွင် ဘာမှမရှိတော့ပါ။ ခြေထောက်မှာ ဝါးကျည်တိုင် စွပ်ရင်စွပ်ထား၊ ဒါမှ မဟုတ်လျှင် ချိုင်းထောက်ကို အားကိုးအားထား ပြုနေရတော့သည်။

သည်ကြားထဲ ဇနီးသည် မဦးသာဇံကလည်း မီးဖွားပြီး ကွယ်လွန်ခဲ့သည်။ သမီးလေး ဝါနုသာ အဖတ်တင်ကျန်ခဲ့သည်။

မိခင်မေတ္တာကို မရရှာသော သမီးကလေးကို သနားလာမိသည်။ ဤလို သူကိုယ်တိုင်ကလည်း အမေ မရှိ၊ သမီးကလည်း အမေမဲ့ဆိုတော့ သူ့ကိုယ်သူ နောင်တတွေ ရနေမိပါသည်။ လောကမှာ ဘယ်သူမပြု မိမိမှုဟု ဆိုထားသည် မဟုတ်ပါလား။

သူသည် မောင်ထွီးကိုခေါ်ကာ လွန်ခဲ့သော ၃ လကျော်ကျော်ခန့်က သူတို့ရောက်ရှိခဲ့သော မိကျောင်း အသိုက်နေရာသို့ ပြန်ရောက်လာပါတော့သည်။

မိကျောင်းသိုက်နေရာကိုရောက်တော့ ရင်ကျိုးမတတ် ဝေဒနာတွေကို ခံစားရပါသည်။

ကြည့်ပါလား။ အသိုက်ပုံကြီးကို ဖက်ကာ သေသွားသော အရိုးစု မိကျောင်းမကြီးကို တွေ့ရပါသည်။ ခမျာမှာ သူ့ရင်သွေးငယ်ကလေးများ ပေါက်ဖွားရမည်ကို စောင့်စားရင်း သေဆုံးသွားရပါသည်။

တကယ်ဆို ထိုစဉ်ကတည်းက သူ့အသိုက်တွင် ဥတစ်လုံးမှ မကျန်တော့ပါ။ ထိုဥများ ရောင်းရငွေသည်လည်း ဆေးရုံတက်စဉ်မှာပင် ကုန်သွားပါပြီ။

မိကျောင်းမကြီးက ဒါတွေကို မသိပါ။ သူ့အသိုက်ပျက်သွားမှာစိုး၍ လိုအပ်သောအနွေးဓာတ် မရမှာစိုး၍ တစ်ဖန် မကြည့်မိတာလည်း ဖြစ်၏။

တစ်ခါ အသိုက်ပုံကလည်း ပုံစံတစ်မျိုးနှင့် ဖြစ်နေပါ၏။ မိကျောင်းဆိုတာ ဥမှ သုံးလအကြာမှ အကောင်ပေါက်ပါသည်။ ပေါက်ရန်မှာလည်း ပြင်ပရေ မဝင်နိုင်ရန်နှင့် အပူချိန်ကလည်း ၃ဝ ဒီဂရီစင်တီဂရိတ်ရှိရန် လိုပါသည်။
မိကျောင်းမကြီး ဥချစဉ်က မိုးဦးလေဦးမှာမို့ ပြင်ပရေတွေဝင်မှာနှင့် ရာသီဥတု အေးမြလာခြင်းကြောင့် ထိုဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး မိကျောင်းမကြီးက ရွှံ့မြေစေးကို နှုတ်သီးဖြင့် ကိုက်ချီပြီး အသိုက်မြုံပေါ် မံခဲ့သည်။ မံထားသည်မှာ တကယ့် ကို သေသပ်လှပါသည်။

မိကျောင်းမကြီး သေဆုံးသည်မှာ အရိုးတောင်ကျနေပြီဆိုတော့ လွန်ခဲ့သော သုံးလအတွင်းကပင်ဖြစ်မည်။ လွန်ခဲ့သော သုံးလဆိုတာက သူတို့နှင့် မိကျောင်းမကြီး တိုက်ကြခိုက်ကြသော အချိန်အခါက ဖြစ်သည်။

မိကျောင်း၏ အရိုးကျနေသော ခန္ဓာကိုယ်ကို သတိထားကြည့်မိတော့ ကြေကွဲသွားရပါတော့သည်။ အသနားလည်း ပိုလာပါတော့သည်။

ထိုစဉ်အခါ သူ့အသက် ကိုယ့်အသက် လုကြစဉ်အခါက ဝါးလုံးကျိုးကြေအောင် ရိုက်ခဲ့ကြသည်။ ဘယ်နေရာ မှန်၍ ဘယ်နေရာထိတာကိုတောင် အမှတ်မထားဘဲ ရိုက်ခဲ့သည်။

ခုမှ အမှတ်ထင်ထင် ကြည့်လိုက်တော့မှ မိကျောင်းအမ၏ နံရိုးသည် ကျိုးကြေ၍ အသားတွေလည်း အတွင်းကြေဖြစ်ကာ သေနေပုံရသည်။

တစ်ခါ သူ့မျက်စိအပေါ်နားတွင်လည်း မှိန်းတံ စိုက်ဝင်သွားသော အပေါက်ကြီး ရှိနေပါသည်။ ထိုရရှိထားသော ဒဏ်ရာဒဏ်ချက်ကြောင့် ပြင်ပရောဂါဝင်ကာ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

မသေဆုံးမီ မိခင်၏ မေတ္တာဂုဏ်ရည်တွေကို ဖော်ပြသွားပါသေးသည်။ အသိုက်ကို ဖက်ထားသော အရိုးစုကို ကြည့်ပါလား။

ဤအခါ သူ မရနိုင်တော့သော အရာကို တမ်းတမိပါတော့၏။ ထပ်ကာထပ်ကာ တမ်းတမိပါ၏။

“အမေ … အမေ” ဟူ၍ပင်တည်း။

ငွေတာရီမဂ္ဂဇင်း
အမှတ် ၅၉၀
စက်တင်ဘာလ၊ ၂၀၀၉

– ပြီး –

စာရေးသူ – မုဒုံသုမွန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Be the first to comment

Leave a Reply

Your email address will not be published.


*