စေတနာနှင့် ငွေအသပြာ(စ/ဆုံး)

စေတနာနှင့် ငွေအသပြာ(စ/ဆုံး)

‎ကျွန်တော် ဆိုက်ကားနင်းစဉ်က ဘူတာတွင် ဂိတ်ထိုးပါသည်။ ‎ ‎တစ်နေ့ ‎ ‎“ဟေ့ … မင်းကို ဦးရွှေတောင်က လာခဲ့ဦးတဲ့” ‎ ‎ကျွန်တော့်ကို အခြားဆိုက်ကားသမားတစ်ယောက်က လာပြောခြင်းဖြစ်သည်။ ‎ကျွန်တော်က ဆိုက်ကားကို ဂိတ်မှထွက်ကာ ဦးရွှေတောင် ဆေးလိပ်ခုံကို နင်းလာခဲ့သည်။ ဦးရွှေတောင်ကား ဆေးလိပ်ခုံပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်ပြီး ကျွန်တော်နှင့် မိတ်ဆွေ ဖောက်သည်တွေ ဖြစ်နေပြီ။ ‎ ‎“ကလင် … ကလင် … ကလင်” ‎ ‎ကျွန်တော်က သူ့ဆေးလိပ်ခုံရှေ့ရောက်သည့်အခါတွင် ဘဲလ်တီးလိုက်သည်။ ‎ ‎ဦးရွှေတောင်က အပြင်ကိုထွက်လာသည်။ သူဌေးဆိုသော်လည်း ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပလေကပ် ပုဆိုးအနွမ်း၊ စွပ်ကျယ် လက်စကနှင့်ဖြစ်သည်။ ယနေ့တော့ လွယ်အိတ်ကြီးတစ်လုံးလည်း လွယ်ထားသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

လက်ထဲတွင် ထီးကောက်ကြီးတစ်လက်။ ‎ ‎“ဟေ့ … မင်းရောက်လာပြီလား” ‎ ‎“ဟုတ်ကဲ့ ဦးလေး မှာလိုက်တယ်ဆိုလို့” ‎ ‎“အေး ဘုရားကို သွားမလို့ကွ” ‎ ‎“မဟာစေတီလား … ရွှေမော်ဓောလား” ‎ ‎ဦးရွှေတောင်က ဆိုက်ကားပေါ်တက်ထိုင်လိုက်ပြီး ‎ ‎“ရွှေမော်ဓော” ဟုပြောလိုက်သည်။ ‎ ‎ကျွန်တော်က ရွှေမော်ဓော ဘုရားကို ဆိုက်ကားနင်းလာသည်။ ‎ ‎လမ်းတွင် ‎ ‎“မင်း ကျောင်းပြန်ဖွင့်တော့မှာလား” ‎ ‎“ဟုတ်ကဲ့ ဦးလေး နောက်လဆန်းဆိုရင် သွားရတော့မယ်” ‎ ‎“အေးကွာ … မင်းမရှိရင်တော့ ငါလည်း စကားပြောဖော်မရှိတော့ဘူးကွ” ‎ ‎“ကျွန်တော်က ဆိုက်ကားကို ယာယီနင်းတာပါဦးလေးရယ် … အရင်စီးနေကျသူတွေပဲ စီးပေါ့” ‎ ‎“အဲဒီကောင်တွေက ဈေးအမျိုးမျိုးတောင်းတယ်ကွ … စကားမပြောချင်ဘူး” ‎ ‎ကျွန်တော်က သူပေးသလောက်သာယူသည်။ ဈေးကို တောင်းလေ့မရှိ။ သူကလည်း နှိမ်ပြီး ပေးလေ့မရှိ။ သို့သော် တစ်ကျပ်တန်ခရီးကို တစ်မတ်ပင် ပိုမပေးချင်သူဖြစ်သည်။ ‎

‎ရွှေမော်ဓောဘုရားကို ရောက်သည့်အခါတွင် ဦးရွှေတောင်က ကျွန်တော့်ကို ‎ ‎“ငါ့ကို နာရီဝက်လောက် စောင့်နိုင်မလားကွ” ဟု မေးသည် ‎ ‎“စောင့်မှာပေါ့ ဦးလေးရယ်” ‎ ‎“အေး ဒါဆိုရင် ဟို အရိပ်မှာ သွားစောင့်ကွယ်” ‎ ‎သူက ခြင်္သေ့ကြီးတွေနား အရောက်တွင် ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ခြင်္သေ့ကြီးအောက်တွင် ထိုင်ပြီးတောင်းနေသော သူတောင်းစားတစ်ယောက်နှင့် စကားသွားပြောကာ သူ့ဖိနပ်ကို သူတောင်းစား ဘေးတွင် ထားခဲ့သည်ကို မြင်လိုက်ရသည်။ ‎ ‎ကျွန်တော်ကလည်း ရေတွင်းကြီးနားတွင် ဆိုက်ကားကိုထားပြီး ရေတွင်း ဇရပ်ထဲဝင်ကာ ပါလာသည့် စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ ခဏအကြာတွင် ‎ ‎“ဟေ့ … ဟို ခြင်္သေ့ကြီး အောက်နားမှာ ထိုင်တောင်းနေတဲ့ သူတောင်းစားကို တွေ့မိသေးလား” ‎ ‎ကျွန်တော်က မော့ကြည့်လိုက်သည်။ ဦးရွှေတောင်ဖြစ်နေသည်။ ‎ ‎“ဟော … ဦးလေး ရောက်လာပြီလား … ဘာဖြစ်လို့လဲခင်ဗျာ” ‎ ‎“ငါကွာ … သူ့ကို ဖိနပ်အပ်ခဲ့တာ … အဲဒါ ခု ဖိနပ်ရော သူပါ မရှိတော့ဘူး ဖြစ်နေလို့” ‎ ‎“ကျွန်တော်လည်း ဦးလေး ဘုရားပေါ်တက်သွားပြီးကတည်းက စာအုပ်ထိုင်ဖတ်နေတာ။

သတိမထားမိဘူး ခင်ဗျ” ‎ ‎“ဟာကွာ … ဒီသူတောင်းစားနှယ် … ငါက ဆင်းလာရင် သူ့ကို ပိုက်ဆံ တစ်ကျပ်လောက်ပေးပြီး ကုသိုလ်ယူမလို့ စိတ်ကူးလာတာ … ခုတော့ ငါ့ဖိနပ်ကို ယူသွားတယ်” ‎ ‎ထိုစဉ်က ဘုရားတွင် ဖိနပ်အပ်ခြင်းကို လက်ခံသည့် နေရာများ မရှိသေး။ လူတိုင်း ဘုရားပေါ်ကို ဖိနပ်ယူသွား ကြသည်က များသည်။ ‎ ‎ဦးရွှေတောင်က သူတောင်းစားကို သနားပြီး တစ်ကျပ်လှူရန် စိတ်ကူးလာသော ကုသိုလ်သည် ပျက်သွားရတော့သည်။ ‎ ‎“ဦးလေးရယ် ဖိနပ်က အသစ်ကြီး အတော်တန်မှာ” ‎ ‎“အေးကွ … ဒီနေ့မှ ချစီးလာတာ အသစ်ကြီး ရှိသေးတယ် … ကဲပါကွာ လှူတယ်လို့ပဲ သဘောထားပါတယ်” ‎ ‎“ဦးလေး တစ်ခုလောက် ပြောချင်လို့” ‎ ‎“ဘာများလဲကွ” ‎ ‎“ကြုံတုန်း ဟိုသက်သာဆိုင်မှာ ကျွန်တော် ထမင်းစားပါရစေ … ခဏလောက်စောင့်ပေးနိုင်မလား” ‎ ‎ထိုစဉ်က ဘုရားရှေ့တွင် သက်သာဆိုင်ဖွင့်ထားသည်။ ထမင်းတစ်ပွဲမှ တစ်ကျပ်ခွဲပေးရသည်။ အမဲသား အတုံးကြီး တစ်တုံး သို့မဟုတ် ငါးတစ်တုံးနှင့် ထမင်းကို ပုံစံခွက်ထဲထည့်ပေးသည်။ ကျွန်တော်တို့အတွက် အလွန်တန်သော ထမင်းဆိုင်ဖြစ်သောကြောင့် ကြုံတုန်း စားချင်နေသည်။

‎ ‎“သွားစားလေကွာ … ငါလည်း စားမယ်” ‎ ‎“ဦးလေးတို့လို သူဌေးတွေက ဒီဆိုင်မှာ စားမလို့လားခင်ဗျာ” ‎ ‎“ဘာလဲကွ မင်းတို့ဆိုင်က သူဌေးမစားရဘူးလို့ ကန့်သတ်ထားလို့လား” ‎ ‎“မဟုတ်ပါဘူး ဦးလေးရယ် … ဘယ်သူမဆို စားနိုင်ပါတယ်” ‎ ‎“ကဲ ဒါဆိုလည်း စားမယ်” ‎ ‎ကျွန်တော်ဆိုင်ထဲရောက်သည့် အခါတွင် ဦးရွှေတောင်ကို စားပွဲတွင်ထိုင်ခိုင်းပြီး ထမင်းပွဲကို ကိုယ်တိုင်သွားယူပေးရသည်။ ငွေက တစ်ခါတည်းရှင်းရသဖြင့် ကျွန်တော်က အိတ်ထဲမှ သုံးကျပ်ထုတ်ကာ ပိုက်ဆံ ရှင်းလိုက်သည်။ ဦးရွှေတောင်က ငါးဟင်း၊ ကျွန်တော်က အမဲသားနှင့်စားသည်။ ‎ ‎“ကောင်းသားပဲကွ … မဆိုးဘူး တန်တယ်” ဟု ဦးရွှေတောင်ကပြောသည်။ ‎ ‎ကျွန်တော်တို့ စားသောက်ပြီးနောက် သူ့ကို ဆိုက်ကားဖြင့် ပြန်တင်ပြီး ခေါ်လာသည်။ နေပူလာပြီဖြစ်သဖြင့် သူက ထီးဖွင့်ဆောင်းသည်။ ‎ ‎“ဦးလေး” ‎ ‎“ဟေ” ‎ ‎“ဦးလေး ဖိနပ်က အသစ်ကြီးဆိုတော့ အဲဒီ သူတောင်းစား စီးမှာလည်း မဟုတ်ဘူး။

ရောင်းစားမှာ ကျိန်းသေပဲခင်ဗျ” ‎ ‎“ဘာလုပ်လုပ်ပါကွယ် … လှူတယ်လို့ပဲ သဘောထားလိုက်ပါတယ်” ‎ ‎“ဒီကောင်တွေ ဘယ်မှာ သွားရောင်းတတ်တယ်ဆိုတာ ကျွန်တော်သိတယ်ဦးလေး” ‎ ‎“သိတော့ ဘာလုပ်မလို့လဲကွ” ‎ ‎ကျွန်တော်က ဆိုက်ကားကို နင်းလာပြီး ပဲခူး မြစ်ကူးတံတားထိပ်အရောက်တွင် ဘယ်ဘက်ခြမ်း၌ ဆိုက်ကားကို သွားရပ်လိုက်ကာ ‎ ‎“ဦးလေး တစ်ချက်လောက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါလား” ‎ ‎“ဘာလုပ်မလို့လဲကွ” ‎ ‎“ဒီနားလေးပါ … ဦးလေးကို ပြစရာ ရှိလို့ပါ” ‎ ‎ကျွန်တော်က တာဘက်ကို ဆင်းသည့် လမ်းလေးထဲကို သူ့အားခေါ်သွားသည်။ ထိုလမ်းထဲတွင် သူခိုးပစ္စည်းလေးများကို လမ်းဘေးတွင် ရောင်းတတ်သည်။ ‎

‎“ဦးလေး … ဟိုဆိုင်ပေါ်မှာတွေ့လား … ဖိနပ် … အဲဒါ ဦးလေး ဖိနပ် မဟုတ်လား” ‎ ‎“အေး … ဟုတ်တယ် … နေပါကွာ … ပြဿနာ သွားမလုပ်နေပါနဲ့ … ရှိပါစေတော့” ‎ ‎“ဦးလေး အသာနေ ကျွန်တော် မေးပြမယ်” ‎ ‎ကျွန်တော်က ဆိုင်ပေါ်မှ ဖိနပ်ကို ကောက်ကိုင်လိုက်ပြီး ‎ ‎“ဒီဖိနပ် ဘယ်လောက်လဲ” ‎ ‎“တစ်ဆယ်” ‎ ‎“ငါးကျပ်ရမလား” ‎ ‎“ယူသွား” ‎ ‎ကျွန်တော်က ဦးရွှေတောင်ထံ လှည့်ကြည့်လိုက်ကာ ‎ ‎“ဦးလေး ဖိနပ်က ငါးကျပ်တဲ့” ‎ ‎“ဝယ်လိုက်ကွယ် … ငါ အသစ်အပြန်ဝယ်ရရင် ၁၂ ကျပ်လောက်ပေးရမှာ” ‎ ‎သူက အိတ်ထဲမှ ပိုက်ဆံ ၅ ကျပ်ထုတ်ပေးသဖြင့် ကျွန်တော်က ဝယ်ပေးလိုက်သည်။ ‎ ‎“မင်းက တယ်ဟုတ်ပါလားကွ … ငါ့ဖိနပ် ဘယ်မှာရောက်နေမယ်ဆိုတာ သိသားပဲ” ‎ ‎“ကျွန်တော်က ဆိုက်ကားသမားပါ ဦးလေးရယ်” ‎ ‎ဦးရွှေတောင်က ဖိနပ်ကိုစီးကာ ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။ ‎ ‎ကျွန်တော် သူ့ဆေးလိပ်ခုံရှေ့သို့ ရောက်သည့်အခါ ဆိုက်ကားကို ရပ်လိုက်သည်။ ‎ဦးရွှေတောင်က လွယ်အိတ်ထဲကို လက်နှိုက်ပြီး ကျွန်တော့်ကို ကျပ်တန် သုံးရွက်နှင့် အကြွေပြား ငါးဆယ် ထုတ်ပေးသည်။ ‎ ‎“ဦးလေး ကျွန်တော့ကို ပေးရမှာ ဆိုက်ကားခ နှစ်ကျပ်လေ” ‎ ‎“ဆိုက်ကားခက နှစ်ကျပ်၊ ထမင်းဖိုးက တစ်ကျပ်ခွဲ … စုစုပေါင်း သုံးကျပ်ခွဲပေါ့ကွယ်” ‎ ‎“ဦးလေးရယ် ထမင်းက ကျွန်တော့် စေတနာပါ” ‎ ‎“စေတနာဆိုတာ လူတိုင်းနဲ့ ထိုက်တန်၊ မတန်ဆိုတာ စဉ်းစား။ နေရာတကာတိုင်း စေတနာ မကောင်းနဲ့ သိလား” ‎ ‎“ဟုတ်ကဲ့” ‎

‎(Ref: Rich Man’s Shoe) ‎ ‎တင်ညွန့် ‎ ‎၂၅.၁၂.၂၀၂၂ ‎ ‎#နီလာအာကာ

Leave a Reply

Your email address will not be published. Required fields are marked *