ငွေနဲ့ဝယ်လို့မရတဲ့ တာဝန်ဝတ္တရား
အမေ့ရဲ့ဈာပနမှာ ကျွန်တော်က ဒေါ်လာ ၂,၀၀၀ တန် အီတလီဝတ်စုံကို ဝတ်ခဲ့တယ်။ ကျွန်တော့်ညီ David ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဟောင်းဆိုင်မှာ ဝယ်ထားတဲ့ နက်ကတိုင်အမည်းလေးကို ဝတ်ထားတယ်။ ကျွန်တော်က ငှားလာတဲ့ Lincoln Navigator ကားကြီးနဲ့ ရောက်လာပြီး iPhone ပေါ်မှာ အီးမေးလ်တွေ စစ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးကြီးတဲ့သူတစ်ယောက်လို့ ထင်နေမိတာ။ ကျွန်တော်ကတော့ Pennsylvania ရဲ့ သံချေးတက်နေတဲ့ မြို့လေးကနေ ရုန်းထွက်ပြီး Chicago မှာ ဒု-ဥက္ကဋ္ဌ (VP) ဖြစ်နေတဲ့ မိသားစုရဲ့ “အားကိုးရသူ” ပေါ့။
လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး ကျွန်တော်က သားကောင်းတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါမှမဟုတ်လည်း ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလို ထင်ခဲ့တာ။ လတိုင်း ပုံမှန်ဆိုသလို ညီဖြစ်သူဆီကို ဒေါ်လာ ၁,၅၀၀ လှမ်းလွှဲပေးတယ်။ ဇနီးဖြစ်သူကိုတောင် “ငါတစ်ယောက်တည်း အိမ်စရိတ်တွေ အကုန်ထောက်ပံ့နေတာ၊ ငါ့ကျေးဇူးကြောင့် အမေ အကုန်ပြည့်စုံနေတာ” လို့ ကြွားခဲ့သေးတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်အေးချမ်းနေတယ်၊ ရက်ရောတဲ့သူလို့လည်း ခံစားနေခဲ့တယ်။ ဈာပနပြီးတော့ အိမ်ဟောင်းလေးကို ပြန်လာကြတယ်။ အိမ်ထဲရောက်တာနဲ့ ကျွန်တော်လိုလူမျိုးတွေ လုပ်လေ့ရှိတဲ့အတိုင်း “စတင်ဝေဖန်တော့တာ” ပါပဲ။ “Dave၊ အိမ်ရှေ့မျက်ခင်းက ဘာလို့ ခြောက်နေတာလဲ။ရေမြောင်းတွေလည်း ပိတ်နေပြီ၊ အိမ်တန်ဖိုးတွေ ကျကုန်တော့မှာပဲ။
ပြီးတော့ အမေက ဘာလို့ အဲ့လောက်တောင် ပိန်ချောင်နေရတာလဲ။အမေ့အတွက် Organic အစားအသောက်တွေ စားဖို့ ငါ ပိုက်ဆံတွေ အပိုပို့ပေးတယ်လေ။ မင်း အဲ့ဒါတွေ ဝယ်ကျွေးရဲ့လား” David က ချက်ချင်း ပြန်မဖြေဘူး။ သူက စားပွဲမှာ ထိုင်နေတယ်။ အင်္ကျီအဟောင်းလေးကို ဝတ်ထားပြီး ကြည့်ရတာ လူက တော်တော်လေး ပျက်စီးနေတယ်။ လက်တွေက တုန်နေပြီး လက်ဆစ်တွေကလည်း ရောင်ကိုင်းနေတယ်။ သူ့အသက်က ၃၂ နှစ်ပဲ ရှိသေးပေမဲ့ အသက် ၅၀ လောက် ပေါက်နေပြီ။ ကျွန်တော်က သက်ပြင်းချလိုက်ပြီး “စီးပွားရေးသမား လေသံ” နဲ့ ပြောလိုက်တယ်။ “ကြည့်စမ်း Dave၊ အကောင်းဆုံးကတော့ ဒီအိမ်ကို ရောင်းလိုက်ဖို့ပဲ။ အခု ဈေးကောင်းရတုန်း။ ငါကတော့ ဒီပိုက်ဆံ မလိုပါဘူး။ ငါတို့ ၆၀-၄၀ ခွဲကြတာပေါ့။ မင်းက အိမ်မှာ ကျန်ခဲ့တဲ့သူဆိုတော့ မင်းကို ပိုပေးမယ်။” သူ့ဆီက “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ကျွန်တော် မျှော်လင့်နေခဲ့မိတယ်။ ဒါပေမဲ့ David က ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ ပြီးတော့ အံဆွဲထဲကနေ ကော်ဖီကွက်တွေနဲ့ ပေရေနေတဲ့ မှတ်တမ်းစာအုပ်လေးတစ်အုပ်ကို ယူပြီး စားပွဲပေါ် ဘုန်းခနဲ ပစ်ချလိုက်တယ်။ “ဖတ်ကြည့်လိုက် Mike” လို့ သူက တိုးတိုးလေး ပြောတယ်။ အဲ့ဒါက မှတ်တမ်းစာအုပ်တစ်အုပ်။ငရဲခန်းလို ဘဝကို မှတ်တမ်းတင်ထားတဲ့ ဒိုင်ယာရီပေါ့။ • နိုဝင်ဘာ ၂၄ (Thanksgiving နေ့): အမေ အိပ်မပျော်ဘူး။
အိမ်ထဲမှာ သူစိမ်းတစ်ယောက် ရောက်နေတယ်ဆိုပြီး ၆ နာရီကြာအောင် အော်ဟစ်နေတယ်။ အဲ့ဒီ “သူစိမ်း” ဆိုတာ ကျွန်တော်ပါ။ အမေက ကြက်ဆင်သားဟင်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ ကျွန်တော် ငိုနေတာကို အမေ မမြင်အောင် ရေချိုးခန်းထဲမှာ ပုန်းပြီး ပေါင်မုန့်စားခဲ့ရတယ်။ • ဖေဖော်ဝါရီ ၁၄: အာမခံကုမ္ပဏီက အိမ်မှာ ပြုစုစောင့်ရှောက်ခွင့်ကို ထပ်ငြင်းပြန်ပြီ။ အမေ့အခြေအနေက “စိုးရိမ်ရတဲ့အဆင့်” မရောက်သေးဘူးတဲ့။ အမေ့ဆေးဖိုးအတွက် ကျွန်တော့်ရဲ့ ထရပ်ကားကို ရောင်းလိုက်ရတယ်။ အခုတော့ အလုပ်ကို လမ်းလျှောက်သွားနေရပြီ။ • မေ ၈: အမေ အစာမမျိုတတ်တော့ဘူး။
၁၀ မိနစ်လောက် အစာနင်နေတယ်။ အမေ့မျက်နှာ ပြာနှမ်းလာတဲ့အချိန် လူနာတင်ကား အမြန်လာပါစေလို့ ဆုတောင်းရင်း ကျွန်တော် အမေ့ကို ပွေ့ထားခဲ့ရတယ်။ အခုဆို လူနာတင်ကားက လူတွေကတောင် ကျွန်တော့်နာမည်ကို သိနေကြပြီ။ • ဇူလိုင် ၄: လူတိုင်း မီးရှူးမီးပန်းတွေ ကြည့်နေကြချိန်မှာ ကျွန်တော်ကတော့ အမေ့အိပ်ရာခင်းကို ၄ ကြိမ်မြောက် လဲပေးနေရတယ်။ အမေ့ကို မ လိုက်လို့ ကျွန်တော့်ခါးက နာနေပြီ။ အမေက အမှောင်ကြောက်လို့ ကျွန်တော် အမေ့ကုတင်ဘေး ကြမ်းပြင်ပေါ်မှာပဲ အိပ်ပေးနေရတယ်။ ကျွန်တော် ဆက်မဖတ်နိုင်တော့ဘူး။ လည်ပောင်းထဲမှာ တစ်ခုခု ခံနေသလို ခံစားရတယ်။ David က ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်တယ်။ ဒေါသမပါဘူး။ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ အကြည့်မျိုးပဲ။
“မင်း တစ်လကို ဒေါ်လာ ၁,၅၀၀ ပို့ပေးတယ် Mike။ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။ ဒါပေမဲ့ မင်းက တစ်ညကို ၈ နာရီ အိပ်ရတယ်။ ပိတ်ရက်တွေ နားရတယ်။ ကလေးတွေကို Disney ခေါ်သွားနိုင်တယ်။ မင်းမှာ အလုပ်အကိုင်နဲ့ ဘဝ ရှိတယ်။” သူက သူ့ရင်ဘတ်ကို လက်ညှိုးထိုးပြတယ်။ “ငါကတော့ ၂၀၁၉ ကတည်းက တစ်ညလုံး ကောင်းကောင်း မအိပ်ရသေးဘူး။ အိမ်ကနေ အပြင်မထွက်နိုင်လို့ ငါ့စေ့စပ်သူနဲ့ လမ်းခွဲခဲ့ရတယ်။ အမေ ချော်လဲလို့ အိမ်ကို အပြေးအလွှား ပြန်လာရတာ ခဏခဏမို့ အလုပ်က ထုတ်ခံခဲ့ရတယ်။ အမေ အစိုးရဂေဟာမှာ တစ်ယောက်တည်း အထီးကျန်ပြီး မသေစေချင်လို့ ငါ ဒီမှာပဲ နေခဲ့တာ။” သူ ကျွန်တော့်နားကို တိုးလာတယ်။ “ပိုက်ဆံက လူကြီးတွေရဲ့ ဒိုင်ပါ (Adult Diapers) ကို မလဲပေးနိုင်ဘူး Mike။ ပိုက်ဆံက အမေ စိတ်ဖောက်ပြန်ပြီး ဆဲဆိုနေတာတွေကို သည်းမခံနိုင်ဘူး။ ပိုက်ဆံက မနက် ၃ နာရီမှာ အမေ စိတ်ယောင်ယမ်းပြီး ကြောက်နေတဲ့အချိန် အမေ့လက်ကို မဆုပ်ကိုင်ပေးနိုင်ဘူး။” “အိမ်ကို ရောင်းလိုက်ပါ။ ပိုက်ဆံအားလုံးကို မင်းပဲ ယူလိုက်။
ငါကတော့ ငါ့တာဝန်ကို ကျေပွန်အောင် ပေးဆပ်ပြီးပြီ။ ငါ့ဘဝနဲ့ ရင်းပြီး ပေးဆပ်ခဲ့တာ။” သူ ကျွန်တော့်ကို ကျော်သွားပြီး ဆိုဖာပေါ်မှာ ပစ်လှဲလိုက်တယ်။ ဒါက သူ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးရတဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းပဲ။ ကျွန်တော် မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့တယ်။ ကျွန်တော့်ရဲ့ Apple Watch နဲ့ တန်ဖိုးကြီးဖိနပ်တွေကို ငုံ့ကြည့်မိတယ်။ အားလုံးက အမှိုက်တွေလိုပဲ ခံစားရတယ်။ ကျွန်တော်က “ရင်းနှီးမြှုပ်နှံသူ” ပဲ ဖြစ်ခဲ့တာ၊ သူကတော့ “သား” တစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်တော်က ဆေးဖိုးပေးခဲ့တယ်၊ သူကတော့ ဆေးတိုက်ဖို့ ဆေးတွေကို ကြိတ်ပြီး အမေ့ကို ချော့ကျွေးခဲ့တယ်။ ကျွန်တော်က ခေါင်းတလားဖိုး ပေးခဲ့တယ်၊ သူကတော့ အမေ့နှလုံးခုန်ရပ်သွားတဲ့အထိ အမေ့လက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ အဲ့ဒီနေ့ နေ့လယ်မှာ ကျွန်တော် လေဆိပ်ကို ပြန်မသွားတော့ဘူး။ ရှေ့နေကို ဖုန်းဆက်ပြီး အိမ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို David ဆီကို ၁၀၀% လွှဲပေးလိုက်တယ်။ ဒါက လက်ဆောင်ပေးတာ မဟုတ်ပါဘူး။ ဒါက သူပေးဆပ်ခဲ့တဲ့ လုပ်အားခတွေပဲ။
အဲ့ဒါတောင်မှ ကျွန်တော်က သူ့အကြွေးတွေအောက်မှာ နစ်နေတုန်းဆိုတာ ကျွန်တော် သိနေတယ်။ အခုခေတ်မှာ သားသမီး နှစ်မျိုးရှိတယ်: “ဂြိုဟ်တုသားသမီး” (The Satellite) နဲ့ “ပြုစုစောင့်ရှောက်သူ” (The Caregiver)။ ဂြိုဟ်တုကတော့ အဝေးကနေ ပိုက်ဆံလွှဲမယ်၊ အကြံပေးမယ်၊ ပြီးရင် အခြေအနေတွေကို ဝေဖန်မယ်။ ပြုစုစောင့်ရှောက်သူကတော့ မြေပြင်မှာ တကယ်ရှိနေတဲ့သူ။ သူတို့က ကိုယ့်ဘဝ၊ ကိုယ့်ငွေကြေး၊ ကိုယ့်စိတ်ကျန်းမာရေးတွေကို စတေးပြီး တိတ်တိတ်လေး ရုန်းကန်နေကြရသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ ချက်လက်မှတ်တစ်ခုမှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ တာဝန်ဝတ္တရားကနေ လွတ်မြောက်မသွားပါဘူး။
ဘဏ်ကနေ ပိုက်ဆံလွှဲလိုက်ရုံနဲ့ အထီးကျန်မှုကို မကုသနိုင်ဘူး။ စာတိုလေး ပို့လိုက်ရုံနဲ့ အိပ်ရာခင်းတွေက သန့်ရှင်းမသွားဘူး။ တစ်နေ့မှာ အမွေခွဲဖို့ အချိန်ရောက်လာရင် ဒါကို သတိရပါ: မင်းရဲ့ဘဝကို ဆက်ပြီးရှင်သန်နိုင်ဖို့အတွက် ပြုစုစောင့်ရှောက်သူက စတေးခဲ့ရတဲ့ သူ့ရဲ့ဘဝကို မင်း ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။ မိသားစုရဲ့ တရားမျှတမှုဆိုတာ အရာအားလုံးကို ၅၀-၅၀ ခွဲဝေတာ မဟုတ်ပါဘူး။ လူတိုင်း ထွက်ပြေးသွားချိန်မှာ ဘယ်သူက ဝန်ထုပ်ဝန်ပိုးကို ထမ်းထားခဲ့လဲဆိုတာ အသိအမှတ်ပြုပေးဖို့ပဲ ဖြစ်ပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း) ဘာသာပြန် Story points





