တန်ရာတန်ကြေး(စ/ဆုံး)
တစ်မိုးတွင်းစာအဖြစ် ရည်ရွယ်ခန့်မှန်းဝယ်ယူထားခဲ့သော မီးဖိုဆောင်သုံးရိက္ခာများမှာ ကုန်လုပြီဖြစ်ကြောင်း သိရသည်။ ပဲနီလေးနှင့် ကုလားပဲတို့မှလွဲ၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား များမှာ ဆယ်ရက်စာခန့်မျှသာ ကျန်တော့ကြောင်း ဇနီးဖြစ်သူ လှမေက ပြောပြပြီး ဖြစ်သည်။ အထူးသဖြင့် ဆားဆိုလျှင် ကုန်သွားပြီဖြစ်သည့်အတွက် တစ်ပိဿာခန့်ပင် အကြွေးတင်နေပြီဟုလည်း ပြောသည်။ ဆားအကုန်များရခြင်းမှာလည်း ရှာဖွေရရှိသော ငါးများအား အပိုဝင်ငွေရရှိရေးအတွက် ဈေးတွင်ရောင်းချရန် ငါးဆားနယ် ဆားသိပ်ရခြင်းကြောင့်ဖြစ်ကြောင်း မြင်သိနေရသည်။
သည်တော့ မီးဖိုဆောင်ရိက္ခာဖြည့်တင်းရန်အတွက် မနက်ဖြန်တွင် ကွမ်းခြံကုန်းမြို့ဈေးသို့ သွားကြမည်ဖြစ်ကြောင်း ကိုချမ်းအေး ဇနီးဖြစ်သူ လှမေကို အသိပေးပြောကြားလိုက်သည်။ “လှမေရေ … မနက်ဖြန် တို့ ကွမ်းခြံကုန်းဈေးကိုသွားပြီး ဆီ၊ ဆား၊ ငရုတ် ဝယ်ကြမယ်လေ။ နင် ငါးဆားနယ်ထားတာလည်း လေးငါးပိဿာလောက်ရှိပြီ မဟုတ်လား။ အဲဒါလည်း ဈေးမှာ ဖောက်သည်သွင်းရတာပေါ့ … ဟုတ်လား” သည်စကားကိုကြားတော့ ဇနီးဖြစ်သူ လှမေမှာ လက်ကျန်စားကုန်များကို စဉ်းစားဟန်ဖြင့် ခပ်လေးလေး ပြန်ပြောလာသည်။ “တော် အလုပ်ရှိရင်လည်း မသွားနဲ့ဦးလေ။
ဆီနဲ့ ငရုတ်က ချွေတာသုံးရင် ဆယ်ရက်စာလောက်တော့ ရဦးမယ်ထင်တယ်။ ဆားက ကုန်နေပေမယ့် ဟိုဘက်တဲတွေဆီက ခဏလှည့်သုံးရင် ရနိုင်ပါတယ်” ဇနီးဖြစ်သူပြောသည့် ဟိုဘက်တဲတွေဆီက ခဏလှည့်သုံးမည်ဆိုသောစကားကို ကိုချမ်းအေး မကြိုက်။ သို့အတွက် … “ဟ … လှမေရ ချေးငှားသုံးတယ်ဆိုတာ သူစိမ်းဆီကပဲ ဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းဆီကပဲ ဖြစ်ဖြစ် တစ်ခါထက်ပိုသွားရင် မကောင်းတော့ဘူးဟ။ ဒီတော့ လိုအပ်တာတွေကို အရင်လုပ်ထား။ မနက်ဖြန်ပဲ သွားဝယ်ကြတာပေါ့” “အင်းလေ … တော်လိုက်ပို့နိုင်ရင်လည်း သွားကြတာပေါ့။ ဒါဆို မတင်တို့ ဘာများမှာဦးမလဲလို့ ကျုပ် သွားမေးလိုက်ဦးမယ်” ဇနီးဖြစ်သူ လှမေ ပုဆိုးဟောင်းတစ်ထည်အား ဆွဲယူ ခေါင်းပေါင်း၍ သူ့ယောက်မ မိတင်တဲသို့ သွားရန် ပြင်ဆင်နေသည်ကို တွေ့ရသဖြင့် – “လှမေရေ … ဟိုမှာ အကြာကြီး စကားဖောင်ဖွဲ့မနေနဲ့ဦးနော်။ ညနေစောင်းရင် ငါ သားနဲ့ သမီးကို ကျောင်းသွားကြိုရဦးမယ်။
ကျောင်းကြိုချိန်အမီ ပြန်လာခဲ့ဦး။ ပြီးတော့ သူတို့မှာတာကိုလည်း စာရင်းလေးလုပ်ယူလာခဲ့ဟေ့” “ကျုပ်သိပါတယ် ကိုချမ်းအေးရယ်။ တော်ကတော့လေ … နည်းနည်းဖြစ်ဖြစ် ဆရာလုပ်လိုက်ရမှ နေသာထိုင်သာရှိတယ်ထင်ပါ့” ဇနီးဖြစ်သူ လှမေ သူ့စကားဆုံးသည်နှင့် မျက်စောင်း တစ်ချက်ဝဲကာ တဲကုန်းအတွင်းမှ ထွက်၍ မိတင်တို့တဲရှိရာသို့ လှမ်းထွက်သွားသည်ကို တွေ့ရသည်။ တလှုပ်လှုပ်နှင့် သွားနေသော လှမေ၏ကျောပြင်အား ကိုချမ်းအေး ငေးကြည့်နေမိလေသည်။ ယခုလို ကောက်စိုက်ပြီးချိန်ကာလမျိုးတွင် ကိုချမ်းအေးတို့လို လယ်သမားများအဖို့ လုပ်ငန်းကပါးတော့ အချိန်နားကလေးများ ရှိလာသည်။
သည်လိုအခါမျိုးမှာ အလုပ်မရှိလျှင် မနေတတ်သော ကိုချမ်းအေးကတော့ အိမ်ဟင်းစားနှင့် အပိုဝင်ငွေကလေးများ ရရှိစေရေးအတွက် ရရာလက်နက်ဖြင့် သားငါးရှာဖွေမှုကို လုပ်သည်။ စနစ်ရှိရှိ ကြိုးစားပြီး လက်လှုပ်တော့ လျှာရင်းမြက်ရုံပင်မက အပိုဝင်ငွေကလေးကပါ ရနေတော့ ကိုချမ်းအေး ပင်ပန်းရကောင်း၊ နားရကောင်းမှန်းပင် မသိခဲ့ပေ။ မိုးနှင့်ရေ အခြေအနေကိုကြည့်ပြီး ငါးကိုင်းထောက်ခြင်း၊ ငါးအောက်ခြင်း၊ ကွင်းတားပိုက်တားခြင်းနှင့် မြှုံးထောင်ခြင်းများကို ပြုလုပ်ပြီး အချိန်ပိုများကို အပိုဝင်ငွေအဖြစ် ပြုလုပ်ပြောင်းလဲပစ်သည်။ ဟင်းစားထက်ပိုသော ငါးများကို ဆားနယ်ဆားသိပ်၍ လည်းကောင်း၊ ငါးရှဉ့်များကို မီးကင်ကြပ်တိုက်၍လည်းကောင်း ဈေးသို့ ဖောက်သည်ပေးရောင်းသည်။ ခက်နေသည်က ဈေးကောင်းရသော ငါးရှဉ့်ကြီးများကို ကိုချမ်းအေးက အစိမ်းအရှင် ရောင်းချခြင်းဖြစ်သည်။ သို့သော် ငါးရှဉ့်အဝယ်ဒိုင်များက ပါးစပ်တွင် ငါးမျှားမိ၍ အနာရှိနေသော ငါးရှဉ့်ကို အနာအဆာမရှိအောင် ပုံးဖြင့် ထောင်ဖမ်း၍ရသော ငါးရှဉ့်လို ဈေးမပေး။
ငါးရှဉ့်ချင်းတူပါလျက် ဒဏ်ချက်ကြောင့် ဈေးနှိမ်ခံရသောကြောင့် ကိုချမ်းအေး ရိုးချောင်း လယ်ကွက်များအတွင်း ငါးမျှားဖြင့်မဟုတ်ဘဲ ပုံးဖြင့် ငါးရှဉ့်ထောင်ချင်နေသည်။ သို့သော် ငါးရှဥ့်ထောင်သည့်ပုံးကို ကိုချမ်းအေး မရက်တတ်။ အနီးပတ်ဝန်းကျင်တွင် ငါးရှဉ့်ပုံးထောင်သည့်သူ မရှိသဖြင့် ပုံး၏ ဖွဲ့စည်းပုံအနေအထားကိုလည်း သေချာ ဂဃနဏ မသိ။ တစ်ခါတစ်ရံ မြစ်ကမ်းစပ်အနီးမှ ငါးရှဉ့်ထောင်ပုံးများကို တင်၍ လှော်ခတ်သွားသော လှေများပေါ်မှ ပုံးများကိုသာ ဝေးဝေးမှ တွေ့ဖူးမြင်ဖူးတော့ အခက်သားပင်။ မည်သို့ပင် ဖြစ်စေကာမူ ကိုယ့်ဆန္ဒကို အကောင်အထည်ဖော်နိုင်ရန် ငါးရှဉ့်ပုံး တစ်ပုံးတော့ လိုအပ်နေပြီဖြစ်သည်။
“တော့် ကိုချမ်းအေး … မနက်ဖြန် မိတင်က သူကိုယ်တိုင် လိုက်ချင်တယ်ပြောလို့ မနက်စောစောလာခဲ့ဖို့ ကျုပ်မှာထားခဲ့တယ်။ ရှင် မနက်ရေတက်နဲ့ သွားမှာ မဟုတ်လား” ဇနီးဖြစ်သူ လှမေ၏အသံကြောင့် ကိုချမ်းအေး စိတ်ကူးပျက်သွားပြီး ဦးခေါင်းကို ကုတ်ရင်းက … “အေးလေ … သူတို့လိုက်တော့လည်း လှေလှော်ဖော်ရတာပေါ့ဟာ။ ကောင်းပါတယ် … လိုက်ပါလေ့စေ” “ကောင်းတာ ထားလိုက်ဦး၊ တော် ကလေးတွေကို ကျောင်းသွားကြိုမလို့ဆို” “အေးပါ … အခုသွားတော့မလို့ပဲဟ။ နင့်ကို စောင့်နေလို့” ကိုချမ်းအေး စကားစဖြတ်ပြီး သားနှင့် သမီးကို ကျောင်းကြိုရန်အတွက် အိမ်နောက်ဖေးမြောင်းအတွင်း ချည်ထားသော လှေပေါ်သို့တက်ကာ ကျုံမှော်ကျေးရွာ စာသင်ကျောင်းရှိရာသို့ လှော်ထွက်ခဲ့လေသည်။
xxx xxx xxx ကိုချမ်းအေး လှေကို အားစိုက်၍လှော်သော်လည်း မြစ်ရေစီး ရေဆန်ဖြစ်နေ၍ ထင်သလောက် ခရီးကမပေါက်။ လှေဦးမှ လှော်နေသော မိတင်ကလည်း လှေကို အချက်မှန်မှန် လှော်ရင်း လှေလယ်ရှိ သူ့ယောက်မလှမေကို စကားလှည့်လှည့်ပြောနေသည်။ မြစ်ရေစီးမှာ ရေတက်ရေဆန်ဖြစ်နေသည့်အပြင် အနောက်လေကြောင့် မြစ်လယ်ရေကြောင်းတွင် လှိုင်းကြက်ခွပ်များက တဖွေးဖွေးရှိနေသည်။ တိုးမြစ်မှာ ယခင်က ယခုလက်ရှိအနေအထားလောက် မကျယ်။ ယခုအခါ ရေစီးကြမ်းပြီး ကမ်းပြိုမှုများရှိလာသည့်အတွက် မြစ်မှာ မထင်မှတ်လောက်အောင် ကျယ်ပြန့်လာသည်။ ကိုချမ်းအေး နာရီဝက်သာသာ ချွေးစေးများထွက်အောင် အားစိုက်လှော်ပြီးချိန်ရောက်မှ ကွမ်းခြံကုန်းချောင်းဝသို့ ရောက်လာသည်။
ချောင်းဝမှ နေပြီး ကွမ်းခြံကုန်းဈေးဆိပ်ကမ်းနားသို့ရောက်ရန် နာရီဝက်ခန့် လှော်ရပေဦးမည်။ သို့သော် မြစ်ပြင်ကျယ်လို ရေဆန်မဟုတ်ဘဲ ချောင်းတွင်းရေစုန်ခရီးဖြစ်၍ သိပ်မပင်ပန်းတော့ပေ။ ကိုချမ်းအေးတို့ ဈေးဆိပ်ကမ်းနားတွင် လှေကိုဆိုက်ချည်ထားခဲ့ပြီး ဈေးအတွင်း ဝင်ခဲ့ကြသည်။ မိတင်နှင့် လှမေတို့မှာ သူတို့တွင်ပါလာသော ငါးဆားနယ်များအား အသိဆိုင်တစ်ဆိုင်တွင် ဖောက်သည်ပေးသည်။ နောက် လိုအပ်သောပစ္စည်းကလေး များအား ဝယ်ယူရန် အထည်တန်းဘက်သို့ သွားသည့် အခါ ကိုချမ်းအေးမှာ ဝယ်ရန်ကြည့်ရန်အကြောင်းမရှိသဖြင့် … “လှမေရေ … နင်တို့ဘာသာသွားကြဟာ။ ငါ မလိုက်တော့ဘူး။ နင်တို့ဝယ်ခြမ်းပြီးရင်သာ ဈေးချိန်ဖို့ ကိုနီတိုး ကုန်ခြောက်ဆိုင်ကို လာခဲ့။ ငါ အဲဒီကစောင့်နေမယ်။
ဩော် … နေဦး လှမေရ၊ ငါဝယ်ချင် တာကလေး တွေ့လို့ရှိရင် ဝယ်လို့ရအောင် ငါ့ကို ပိုက်ဆံနည်းနည်း ပေးခဲ့ပါဦး” အထည်တန်းရုံအတွင်း ဝင်ရန်ပြုနေသော လှမေက ပိုက်ဆံ တစ်ထောင်တန်တစ်ရွက်နှင့် ငါးရာတန်တစ်ရွက်အား ထုတ်ပေးရင်းက “တော် ဝယ်တတ် ခြမ်းတတ်တာလည်း မဟုတ်ဘဲနဲ့ တွေ့ကရာတွေ လျှောက်ဝယ်မနေနဲ့နော်။ တော်ကြာ မတန်မရာဈေးနဲ့ တိုးနေဦးမယ်” ဟု သတိပေးရင်း မိတင်နှင့်အတူ အထည်တန်းတွင်း ဝင်သွားသည်။ ကိုချမ်းအေး ဈေးပတ်လမ်းအတိုင်း လျှောက်ကြည့် သည့်အခါ မမျှော်လင့်ဘဲ စျေးထောင့် ကူတို့ဆိပ်အနီးတွင် အမျိုးသမီးကြီးတစ်ယောက် ငါးရှဥ့်ထောင်ပုံး လေးငါးလုံးအား မြေတွင် ချရောင်းနေသည်ကို တွေ့ရသဖြင့် ကိုချမ်းအေး ဝမ်းသာသွားသည်။
ထို့ကြောင့်လည်း အနီးသို့ သွက်သွက်ကလေး လှမ်းသွားပြီး ဈေးမေးမိသည်။ “အစ်မကြီး … ဒီငါးရှဉ်ထောင် ပုံးကလေးတွေက ဘယ်လောက်လဲ ဟင်” ဈေးရောင်းသူက ကိုချမ်းအေးအား တစ်ချက်အကဲခတ် ကြည့်ရင်းက … “ဒီပုံးတွေက သူများမှာထားလို့ လာပို့တာပါ။ ရောင်းဈေးကတော့ ဆယ်ပုံးယူရင် တစ်ပုံးတစ်ထောင်နဲ့ပေးပြီး တစ်လုံးချင်း ယူရင်တော့ တစ်ထောင့်သုံးရာကျမယ်။ မင်းလိုချင်တယ်ဆိုရင်တော့ ဘယ်နှပုံးယူမလဲ … မှာခဲ့လေ။ မနက်ဖြန် ဒီနေရာကို လာပို့ပေးမယ်” ကိုချမ်းအေး ပုံးများများ လိုချင်သော်လည်း မဝယ်ချင်။ ပုံးတစ်ပုံးလောက် လောလောဆယ်ယူချင်သော်လည်း သူများမှာ ထားသည်ဆိုတော့ အခက်သား။
မည်သို့လုပ်ရပါ့မည်နည်းဟု စဉ်းစားရင်း ခေါင်းကုပ်မိသည်။ ဤသည်ကို မျက်ခြည်မပြတ် အကဲခတ်နေသော ဈေးရောင်းသူက မြင်တော့ … “ကဲပါလေ … မင်း သိပ်လိုချင်နေတယ်ဆိုလည်း ယူသွားပါ။ မှာထားတဲ့လူ လာတော့လည်း အစ်မ ကြည့်ပြီး တောင်းပန်ရမှာပေါ့” “ကျေးဇူးတင်လိုက်တာ အစ်မရယ်။ ကျွန်တော် အကုန်မယူနိုင်ပါဘူး။ တစ်လုံးတည်းပဲ ယူမှာပါ။ ကဲ … ရော့ရော့ ပိုက်ဆံ” “အဲတော် … ငါက မင်း အကုန်ယူမယ်မှတ်လို့ ပေးမိတာ။
အခု တစ်လုံးပဲယူမယ်ဆိုတော့ ခက်ပြီပေါ့။ အင်းလေ … ပြောပြီးသားစကား ဆိုတော့လည်း ပေးရတော့မှာပေါ့။ ကဲရော့ … ဒီမှာ အမ်းငွေ နှစ်ရာ” ဈေးသည်အမ်းပေးသော ငွေနှစ်ရာကျပ်နှင့် ကောင်းမည်ထင်သော ငါးရှဉ့်ပုံးတစ်လုံးအား ကောက်ယူကာ ထိုနေရာမှ ကိုချမ်းအေး အမြန်ဆုံးလှမ်းထွက်ခဲ့သည်။ စာနာကူညီတတ်သော ဈေးရောင်းသူကိုလည်း စိတ်ထဲမှကြိတ်၍ ကျေးဇူးတင်နေမိသည်။ ကိုချမ်းအေး ကုန်ခြောက်ချိန်မည့် ကိုနီတိုးဆိုင်ရောက်တော့ ဇနီးဖြစ်သူ လှမေနှင့် သူယောက်မ မိတင်တို့မှာ ဈေးပင်ချိန်နေကြပြီ ဖြစ်သည်။ ထိုဈေးဆိုင်တွင် ဈေးအကူရောင်းနေသူ ကောင်လေး တစ်ယောက်က ကိုချမ်းအေး ဝယ်လာသည့် ငါးရှဉ့်ပုံးကိုမြင်သည့် အခါတွင် – “ဦးလေး ဒီငါးရှဉ့်ပုံးကို ဈေးထောင့်ကူတို့ဆိပ်မှာရောင်းနေတဲ့ ဒေါ်မြဆီက ဝယ်လာတာလား။
ဘယ်လောက်ပေးခဲ့ရသလဲ။ ဒီမိန်းမကြီးက မသိရင် မသိသလို ဈေးအရမ်းတင်တာနော်” ကောင်လေး၏ အပြောကို ကြားရသည့်အခါ ကိုချမ်းအေး စိတ်ဝယ် အီလည်လည်ဖြစ်သွားသည်။ ထို့ကြောင့်လည်း လှမေတို့ မသိအောင် ကောင်လေးနား စပ်စုကြည့်မိတော့ သည်ဒေါ်မြ ဆိုသည့် အမျိုးသမီးကြီးက ကောင်လေးနေသည့် ရွာမှဖြစ်ပြီး အိမ်နီးနားချင်းလည်း ဖြစ်ကြောင်း၊ ဈေးရောင်းရာတွင် အလွန်လည်ပြီး ဝယ်မည့်သူ၏ အရိပ်အကဲကိုဖမ်း၍ ရလျှင် ရသလို ဈေးအဆမတန် တင်တတ်ကြောင်းနှင့် ပုံးတစ်လုံး၏ ပုံမှန်ဈေးမှာ ခုနစ်ရာကျပ်သာဖြစ်ကြောင်း သိရသည်။ ကိုချမ်းအေး စောစောက ကျေးဇူးတင်နေမိသော စိတ်ကိုပင် အပြစ်တင်ချင်သလိုလို ခံစားလိုက်ရသည်။ ဇနီးဖြစ်သူလှမေ ပြောသလိုပင် မဝယ်တတ် မခြမ်း တတ်လေတော့ ကိုချမ်းအေး နှပ်ပစ်ခံခဲ့ရချေပြီ။ နောက်ဆက်တွဲ ပါးစပ်သေနတ်ပစ် မခံရလေအောင် သည်အဖြစ်အား လှမေကို အသိပေးလို့ကတော့ မဖြစ်၊ လုံးဝမဖြစ်တော့ပေ။
ဈေးဝယ် ချိန်တွယ်ပြီး အပြန်မှာ ဇနီးဖြစ်သူ လှမေ မသိအောင် မိတင်ဆီမှ ငွေတစ်ထောင်အား တိတ်တိတ်ကလေး ချေးပြီး ၁၆ တောင် ဝါးတစ်လုံး ဝယ်ခဲ့သည်။ သည်ဝါးကို နောက်နေ့မှာ ငါးရှဉ့်ပုံးအဖြစ် ဖန်တီးရန်ဖြစ်လေသည်။ ဝယ်ယူလာသော ငါးရှဉ့်ပုံးကို လှမေမြင်တော့ – “တော့် ကိုချမ်းအေး၊ တော့်ငါးရှဉ့်ပုံးက ဘယ်လောက်ပေးခဲ့ရသလဲ” “မများပါဘူး … တစ်ထောင်တည်းပါဟာ” ဟု ကိုချမ်းအေး ဈေးကိုလျှော့ပြောသော်လည်း ကိစ္စက ပြီးမသွားသေး။
“တော့ဥစ္စာ အုန်းသီးမှုတ်လောက် နှီးပုံးကလေးကို မတန်မရာ ငွေတစ်ထောင်နဲ့ ဝယ်ရတယ်လို့ ကိုချမ်းအေးရယ် … အံ့ပါ့” စျေးတင်အရောင်းခံ၍ ဘဝင်မကျဖြစ်နေသော စိတ်ကို ဇနီးဖြစ်သူ လှမေက ထပ်ဆွလာသည်မို့ – “နင်မသိပါဘူး လှမေရာ။ နှီးပုံးအနေနဲ့ကတော့ ငွေ တစ်ထောင်မပြောနဲ့ တစ်ရာတောင် မတန်ဘူး။ အေး ပညာလိုချင်တဲ့သူအနေနဲ့တော့ တစ်ထောင်မကဘူး၊ တစ်သိန်း၊ တစ်သန်း တန်တယ်ဆိုတာ ထည့်ထွက်မှပေါ့။ ဒီတော့ မတန်မရာလို့ မပြောစမ်းပါနဲ့။ တန်ရာတန်ကြေးလို့ ပြောစမ်းပါ” ဟုပြောရင်း မြစ်ပြင်ကိုဖြတ်ကူးနေသော လှေအား ကိုချမ်းအေး ကြုံး၍ ကြုံး၍ လှော်လိုက်လေသည်။
xxx xxx xxx မနက်စာထမင်းစားပြီးသည်နှင့် ကိုချမ်းအေး ငါးရှဉ့်ပုံးနှင့်အတူ ဝါးလုံးအားထမ်း၍ မြစ်ကမ်းရှိ ဦးထော်နီတဲသို့ ထွက်ခဲ့သည်။ ဦးထော်နီမှာ ဝါးလုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူ ဖြစ်ပေသည်။ တင်းတောင်း၊ ခွဲတောင်းနှင့် ပျိုးကြဲပလိုင်းမှအစ ငါး အစာထည့်ခွက်အဆုံး အချိုးကျကျလုပ်တတ်သူဖြစ်လေသည်။ ၎င်းအပြင် ကျွဲခေါင်း၊ ဝက်ဝံခေါင်း၊ ကျားခေါင်းများအပြင် ခြင်းလုံး၊ ဖားရုပ်၊ ငါးရုပ်နှင့် သမင်ရုပ်များကိုလည်း လှလှပပ ရက်လုပ်တတ် သည်။ ဦးထော်နီ ရက်လုပ်ဖန်တီးသော ကျွဲခေါင်းများမှာ အချိုးအစားမှန်ကန်လှပသဖြင့် ရပ်နီးရပ်ဝေးမှ မှာယူကြသည်အထိ နာမည်ရသူဖြစ်လေသည်။ ကိုချမ်းအေး ငါးရှဉ့်ပုံးအား ဦးထော်နီသို့ပြ၍ ရက်လုပ်ပုံ သင်ကြားပေးပါရန် ပြောသည့်အခါ … “ဒါလေးများ ဖိုးချမ်းရယ်။
တစ်ခါလောက် သေသေချာချာ ကြည့်ထားလိုက်ရင် မင်းလုပ်တတ်သွားမှာပါ။ ပုံးဘေးက ငါးရှဉ့်ဝင်ဖို့ ဖောက်ထားတဲ့ အဝင်ပေါက် လျှာခင်ကလည်း ဘာမှ ခက်လှတာ မဟုတ်ပါဘူး။ ကဲ … မင်း ဝါးကိုခွဲပြီး တိုင်ပင်၊ ပတ်ပင်နှီးဖြာ လိုက်။ ပြီးလျှင် ငါလုပ်ပြမယ်” ဦးထော်နီမှာ ပါးစပ်ကလည်း ပြောနေသလို သူ့လက်တွင်းမှ ရက်လက်စ ခွဲတောင်းကို အစသတ်လိုက်ပြီး ငါးရှဥ့်ပုံးကို ဆွဲယူကာ အထက်အောက် ပတ်ချာလှည့်ကြည့်ရှုနေသည်။ ငါးရှဉ့်ပုံးမှာ အောက်ခြေဖင် အကျယ်တစ်ထွာခန့်ရှိသော လေးထောင့်နှီးကပ်ပြားကလေးအပေါ်တွင် အုန်းသီးလုံးသာသာခန့် ရှိသော ကိုယ်ထည်အဝိုင်းအား တစ်ထွာခန့်မြင့်အောင် ပတ်ပင်နှီးဖြင့် ရစ်ပတ်ဖော်၍ လိုအပ်သည့်အမြင့်ရသည်နှင့် ၁ဝ လက်မ ပတ်လည်လောက်ရှိသော လည်တိုင်ရေရစေရန် နှီးကိုကြုံ့ဆွဲ၍ ရက်ရပြန်သည်။
လည်တိုင်လည်ပင်းပေါက်အား ရရှိလာသည့်အခါ ယင်းအပေါက်အကျယ်အတိုင်း အပေါ်သို့တစ်တောင်ခန့်ဆက်ပြီး ရစ်ပတ်နေကာ အပေါက်ဝကို နှုတ်ခမ်းလုံးရသည်။ ငါးရှဥ့် ဝင်ပေါက်အဖြစ် ကိုယ်ထည်အဝိုင်းပေါ်တွင် အောက်ခြေဖင်မှ လက်သုံးလုံးခန့်ခွာ၍ အကျယ် နှစ်လက်မ၊ အမြင့် သုံးလက်မခွဲလောက်ရှိသောအပေါက်အား နှီးများကို ဖြတ်ထုတ်ပြီး ဖောက်ရ သည်။ အပေါက်ဖောက်ပြီးသွားသည်နှင့် ပုံးအတွင်း ဝင်လာသော ငါးရှဉ့်များ ပြန်မထွက်နိုင်စေရန် ကြိုးဖြင့် အစိတ်အကြဲညီညီ သီထားသည့် အရှည်သုံးလက်မခန့်ရှိသော တုတ်ချွန်ချောင်းငယ် လျှာခင်ကို တပ်ရသည်။
တုတ်ချွန်ချောင်းငယ်ကလေးများ လက်ယှက်ထိုး ပူးပိတ်နေစေရန်အတွက် အဖျားပိုင်းကို ကြိုးဖြင့် ဆွဲထားရသည်။ ငါးရှဉ့်ဝင်ပေါက်အား သေသေသပ်သပ် ဖြစ်စေရန် ဝါးပြားကလေးများဖြင့် ကပ်၍ချည်ပြီးသည့်အခါတွင် ငါးရှဉ့်ပုံးတစ်လုံး ဖြစ်မြောက်သွားလေပြီ ဖြစ်သည်။ ငါးရှဉ့်အတွက်ကတော့ ခွက်နှင့်ပဲထည့်ထည့် ဒါမှမဟုတ် အထုပ်နှင့်ပဲထည့်ထည့် ရလေသည်။ ငါးရှဉ့်ပုံးတစ်ပုံးအား ကြည့်မည့်ဆိုပါက လည်ပင်းရှည်သော ရေတကောင်းတစ်ခုနှင့် အလွန်တူကြောင်း တွေ့ရမည်ဖြစ်လေသည်။ ကိုချမ်းအေး နှစ်ရက်ခန့် ဦးထော်နီရှေ့မှောက်တွင် တပည့်ခံပြီးသည့်အခါ ကိုယ်တိုင် အစအဆုံး ငါးရှဉ့်ပုံးအား ပြုလုပ်တတ်သူ ဖြစ်သွားလေသည်။ အစပထမလက်ရာမှာ အနည်းငယ်ညံ့သည်ဟု ပြောနိုင်သော်လည်း တစ်လုံးထက်တစ်လုံး ပိုမိုကောင်းမွန် သေသပ်လာသည်။
ယခုဆိုလျှင် ကိုယ်တိုင်လုပ် ငါးရှဉ့်ပုံးနှစ်ဆယ် ခန့်အား ကိုချမ်းအေး ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် လုပ်ငန်း စတင်လေသည်။ ကိုချမ်းအေး ငါးရှဉ့်ပုံးများအား တံပိုးချွန်တွင် သီ၍ ငါးရှဉ့်ပေါမည်ဟု ထင်ရသော ထန်းပင်လယ်ကွက်ရှိရာသို့ ထွက်ခဲ့ လေသည်။ ထန်းပင်လယ်သို့ ရောက်သည်နှင့် ငါးပြက်ခေါင်းများအား အစာအဖြစ်ထည့်ထားသော ငါးရှဉ့်ပုံးများကို ကန်သင်းဘေး စပါးပင်များအကြားတွင် ချထောင်သည်။ ငါးရှဉ့်ပုံးများ ရေပေါ် ပေါ်ပြီး လဲမသွားစေရန် လည်ပင်းပေါက်ဝတွင် မြက်ပင်အမှိုက်များဆို့ပြီး ရွှံ့ခဲဖြင့် ဖိလိုက်သည်။ ထိုအခါ ငါးရှဉ့်ပုံးမှာ အောက်ပိုင်း ကိုယ်ထည်တစ်ခုလုံး ရေအတွင်းနစ်မြုပ်သွားပြီး လည်ပင်းလက်တံရှည်သာ ပေါ်တော့လေသည်။
ကိုချမ်းအေး ကန်သင်းအားပတ်၍ ဘယ်ညာငါးရှဉ့်ပုံးအား ထောင်လိုက်သည့်အခါ ကန်သင်းနှစ်ချောင်းဆုံးသည်နှင့် ငါးရှဉ့်ပုံးက ကုန်သွားသည်။ ကိုချမ်းအေး ရေချထောင်ပြီးသော ပုံးများအား ကျေနပ်လောက်အောင် စစ်ဆေးကြည့်ရှုပြီးမှ အိမ်သို့ ပြန်ခဲ့လေသည်။ ငါးရှဉ့်အမိအရ အခြေအနေကို မနက် ပုံးဖော်မှပဲ အသေအချာပြောနိုင်မည်ဖြစ်လေသည်။ xxx xxx xxx မိုးကလေးတစိမ့်စိမ့် ဖြစ်နေ၍ လှမေတို့သားအမိ သုံးယောက်မှာ အသက်ရှူသံတရှူးရှူးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြသော်လည်း ကိုချမ်းအေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်။ အာရုံက လုပ်ငန်းအသစ်ဖြစ်သော ငါးရှဉ့်ပုံးများဆီ ရောက်နေသည်။
ကြိုးစား၍ အိပ်သော်လည်း ဖျတ်ခနဲ ဖျတ်ခနဲ နိုးနိုးလာခြင်းက ကြီးစိုးလို့နေသည်။ နံနက်စောစော ဝေလီဝေလင်းအချိန်တွင် ကိုချမ်းအေးမှာ ရေနွေးကြမ်းကိုပင် မသောက်နိုင်။ ယမန်နေ့ညနေက ထောင်ထားခဲ့သော ငါးရှဉ့်ပုံးများရှိရာ ထန်းပင်လယ်ဆီသို့ မျှော်လင့်ချက်ကြီးကြီးဖြင့် ထွက်လာခဲ့သည်။ ပထမဦးဆုံး တွေ့ရသော ကန်သင်းထောင့်မှ ပုံးကို ဆွဲဖော်ကြည့်လိုက်သည်။ ပုံးအတွင်းထည့်ထားသော အစာများ မပျက်ယွင်းသလို မည်သည့်အကောင်မျှ မိနေသည်ကိုလည်း မတွေ့ရပေ။ ဗလာဖြစ်နေသလို ရင်ထဲတွင်လည်း ဟာသွားသည်။ ပွဲဦးထွက် အခြေအနေက မလှပချေ။ ကိုချမ်းအေး ငါးရှဉ့်ပုံးများအား ဆက်ကာဆက်ကာ ဖော်လာခဲ့ရာ ပုံးအလုံးနှစ်ဆယ်ပြည့်ပြီးချိန်တွင် ငါးရှဉ့်လေးကောင်သာ ရသည်။
လယ်ကွက်အတွင်း ငါးရှဉ့်ပဲ အနေနည်းနေသည်လား သို့မဟုတ် ရေသားမရသေးသော ပုံးအသစ်ဖြစ်၍လား ဟူသည့် လားပေါင်းများစွာကို ခေါင်းပူအောင်တွေးတောရင်း ကိုချမ်းအေး လောဘစိတ်ကို မျိုသိပ်ကာ ငါးရှဉ့်ပုံးများကို တံပိုးတွင် လျှိုထမ်းရင်း ဖြည်းလေးစွာ ပြန်ခဲ့ရလေတော့သည်။ – ပြီး – စာရေးသူ –
သောင်းမြင့်ဦး(ကွမ်းခြံကုန်း) စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Leave a Reply