အမှားတစ်ခု၏နိဂုံး ”
အိပ်ပျော်နေသည်ဟု ထင်မှတ်မှားရလောက်အောင် ငြိမ်သက်စွာလဲလျောင်းနေသည့် မမ၏အနီးတွင် ကျွန်မ၏ သောကမီးတို့ တငြီးငြီး လောင်ကျွမ်းလျက်ရှိသည်။ ” မမရယ် … မမ …အဟင့်ဟင့် … ညီမလေး ခေါ်နေတယ်လေ မမရဲ့။ ထ ကြည့်ပါဦးလား အီးဟီးး ” မဖြေနိုင်ပါ ။ ဖြေနိုင်စရာ အကြောင်းမရှိ ။ ဖြေသိမ့်စရာ စကားလည်း မရှိ ။ မျက်ရည်များသာ ဆက်တိုက် ကျလာ၏။ အဖြစ်ဆိုးနှင့်ကြုံခဲ့ရသော မမကိုကြည့်ပြီး၊ ကျွန်မရင်တွေ နင့်နေသည်။ ဝမ်းနည်းလုံးကြီး ဆို့တက်နေ၏။ မမ… ကျွန်မ၏ တစ်ဦးတည်းသော မမ။ ” ဖြစ်မှဖြစ်ရတယ် မမရယ်… မမပြောတော့ အဆင်ပြေတဲ့တစ်နေ့ ညီမလေးကို လာခေါ်မယ်ဆို။ စောင့်နေတယ် လေ မမရဲ့ ။ ညီမလေး စောင့်နေတာ … ” ရင်ထဲရှိသမျှပြောကာ ဝမ်းပမ်းတနည်း ငိုကြွေးနေသည့် ကျွန်မ၏အနားသို့ ဖေဖေတို့လင်မယား ရောက်လာသည်။ ” သမီးငယ် … ” ငိုသံစွက်နေသည့် ဖေဖေ့အသံ ။ ထင်မထားသည့် မျက်နှာထားနှင့် ဖေဖေ့မိန်းမ။ သူတို့ ရောက်လာခြင်းကို မမ ကြည်ဖြူလိမ့်မည် မဟုတ် ။ သူတို့ကို မမ တွေ့ချင်မြင်ချင်လိမ့်မည် မဟုတ်။
ထို့ကြောင့်သာ နှင်လွှတ်ရသည်။ ” ပြန်ပါ ဖေဖေ။ ဖေဖေတို့ကို မမ တွေ့ချင်မှာ မဟုတ်ဘူး ။ သမီး တစ်ယောက်တည်း မမနား နေပါရစေ။ ပြန်ပါတော့ ဖေဖေ ” ဤသို့ပြောတော့ ဖေဖေ ငိုသည်။ ” ဖေဖေ့အပြစ်တွေပါ သမီးရယ် ။ ဖေဖေ့အပြစ်တွေပါ … သမီး မမ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတာ ဖေဖေ့ကြောင့်ပါ။ ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ ” ယခုမှ ဖေဖေ အသိတရားရလည်း မထူးတော့ပြီ။ မမ မရှိတော့ပြီ။ ” ပြန်ပါတော့ ဖေဖေရဲ့ ။ ပြန်လိုက်ပါ တော့ ။ ခုမှ ဖေဖေ ငိုပြနေလည်း အပိုပါပဲ။ မမ ကြည့်နေရင် စိတ်ဆိုးနေပါ့မယ်၊ မမ စိတ်ချမ်းသာအောင် ထားလိုက်ပါတော့ နော်… မမ စိတ်ချမ်းသာသလို နေပါ စေတော့လားး ” နေစေလိုပါသည်။ မမကို စိတ်ချမ်းသာစေချင်သည်။ ဟိုတချိန်က ဖေဖေသည် မမကို စိတ်ဆိုးစိတ်တို၊ စိတ်ဆင်းရဲစေခဲ့သည် မဟုတ်ပါလား ။ ———————————————— ———————————————— ” အငယ်မ ရေ … အငယ်မ ” ” ရှင်… မမ ” ” မပြီးသေးဘူးလား ၊ ကျောင်းနောက်ကျတော့မယ် ၊ မြန်မြန် လုပ် ” ” ဟုတ် ” ဟုတ် ဆိုသည့်စကားကို သံရှည်ဆွဲပြီး၊ ကွန်မ အင်္ကျီရွေးနေသည်မှာ မပြီးတော့ ။ မေမေ မရှိကတည်းက ကျောင်းသွားဖို့အရေး နှောင့်နှေးလာခဲ့သည်မှာ အစဉ်အလာလို ဖြစ်နေခဲ့သည်။ မေမေရှိစဉ်ကလို အရာအားလုံး ဟန်ချက်ညီညီ မသွက်လက်တော့။ လေးတိလေးကန် သွားရပေါင်းများပြီ ။
” အငယ်မရယ် … သွက်သွက်လက်လက် လုပ်ပါဟဲ့ ” ကျွန်မကို မမ မပြောရတဲ့နေ့ဟူ၍ မရှိ။ နေ့တိုင်း မမအသံ ကြားရ၏ ။ ကျွန်မကလည်း ကျွန်မပင် ။ အရာရာမှာ နှေးတိနှေးကန်။ မမက ကျွန်မထက် အသက် ဆယ့်နှစ်နှစ် ကြီးသည် ။ မမ ခြောက်တန်းနှစ်ရောက်မှ ကျွန်မကို မွေးသည် ဆို၏ ။ ကျွန်မ ဆယ့်တစ်နှစ်သမီးမှာ မေမေဆုံးသည် ။ မေမေဆုံးတော့ မမ ကျောင်းပြီးခါစပင်ရှိသေး၏ ။ မေမေဆုံးပြီး သိပ်မကြာခင် ဖေဖေ နောက်အိမ်ထောင်ပြုသွားခဲ့သည် မမနှင့် ကျွန်မ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏ ။ အမိသာမက အဖပါမဲ့သွားသော ကျွန်မကို မမကပင် ပြုစုစောင့်ရှောက်လာခဲ့သည် ။ ” မေမေ ဆုံးတာ ဖေဖေကြောင့်… ဖေ့ဖေ့ကို စိတ်တိုတယ် ” ပြောပြောပြီး ငိုနေတတ်သည့် မမသည် ဖေဖေနောက်အိမ်ထောင် ပြုခြင်းကို မကျေနပ်။ သမီးတွေကိုမငဲ့ညှာဘဲ လုပ်ရက်လေခြင်းဟု ဆိုကာ အမုန်းကြီး မုန်းနေတော့သည် ။ ” ဖေဖေ ပွေလို့၊ ရှုပ်လို့ မေမေ သေရတာ ။ ဖေဖေသာ မပွေမရှုပ်ရင် မေမေသေမှာ မဟုတ်ဘူး ” စိတ်ဖိစီးမှုတွေများပြီး၊ စိတ်ဆင်းရဲမှုတွေကြုံ ခဲ့ရသည့် မေမေ့ကို သနားသောကြောင့် ဖြစ်မည်။ မမသည် ဖေဖေ့အပေါ် မကျေမချမ်း ပြောပြောနေတတ်၏။ သည်းခံနိုင်စွမ်းကြီးမားလွန်းသော မေမေကမူ ဖေဖေ့အပေါ် မည်သည့်အခါကမျှ မကောင်း မပြောခဲ့ပါပေ ။ ” သမီးတို့ရယ်… သမီးတို့ အဖေ့အပေါ် အပြစ်တွေမမြင်ကြပါနဲ့ ကွယ်။ အဖေလေ ။
မပြောကြနဲ့ … သမီးတို့ ငရဲကြီးမှာ စိုးတယ် ” မေမေ ပြောလည်းအပြောသာရှိ၏။ အမှတ်သည်းခြေကြီးသော မမသည် ဖေဖေ့အပေါ် စိတ်ဆိုးမြဲ ဆိုးနေတတ်သူပေ ။ ” ဖေဖေဟာလေ မေမေ့ကို ထည့်မတွက်ဘူး ။ သမီးတို့ကိုလည်း အရေးမစိုက်ဘူး။ သူအပျော်ရှာဖို့ပဲ တတ်တယ်။ မေမေနေမကောင်း ဖြစ်နေတာတောင်မှ မေမေ့ အနားမှာ နေဖော်မရဘူး ၊ တော်တော် ဆိုးတဲ့ဖေဖေပဲ ” မမ တစ်ယောက် မျက်စေ့အောက်မြင်နေရသည့် မေမေ့ကို သနားလေလေ၊ ဖေဖေ့အပေါ် အပြစ်တွေမြင်လေလေ ။ ————————– တစ်နေ့ … ထိုနေ့ကို မမေ့နိုင်ပါ။ နောက်မိန်းမနှင့် ထွက်ပြေးသွားသည့် ဖေဖေသည် သူ့မိန်းမကိုခေါ်ပြီး အိမ်ပြန်ရောက်လာခဲ့၏ ။ ” မေမေသေပြီးတာ ဘယ်လောက်ကြာသေးလို့ ဖေဖေက နောက်မိန်းမ ခေါ်ပြီး ပြန်လာရတာလဲ ” စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည့် မမ၏စကားကို ဖေဖေ ဂရုမထား။ ” နေစရာမရှိဘူး ပြောမလို့လား၊ ဖေဖေ့ဘာသာ ဘယ်မှာ နေနေလေ။ ဒါမေမေ့အိမ်။ သူ့ကို ခေါ်မလာနဲ့” ” ခေါ်မလာလို့လည်းး ” ” ဖေဖေ စကားရပ်သွားပေမဲ့ နောက်မိန်းမဆိုသူက မမကို ကြည့်ပြီး ” ဟဲ့… ရိုင်းလှချေလား ၊ ဒါ ဖအေကိုပြောရမဲ့ စကားလား” ” ကိုကိုနော် … သမီးတွေကို အလိုမလိုက်နဲ့ ။ ယောင်ကမ်းတက်မယ် ” ” လူလေးကြည့်တော့ သေးစိသေးညှက်နဲ့။ ဘယ့်နှယ့် … ဖအေကို ပြောနေလိုက်တာများး ၊ မပြောလိုက်ချင်ဘူး ဟွန်းး ” အပြောခံလိုက်ရသဖြင့် မမ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး၊ ဖေဖေ့ရှေ့မှာပင် ထိုမိန်းမကိုတွန်းကာ ” သွား သွားး … မလာနဲ့။
သွားး ” အပေါက်ဆီတွန်းထုတ် ဒေါသတကြီး ပြောတော့သည် ။ ခဏတာကြောင်ကြည့်နေသော ဖေဖေသည် သတိဝင်လာသည့် အချိန် မမလက်ကို ဆွဲဖယ်ပြီး ” သမီး ! ဒါ ဘာလုပ်တာလဲ ။ အဲ့လို မလုပ်ရဘူး လေ ၊ မလုပ်နဲ့ ” သူ့မိန်းမကိုလည်း ” ခင် စိတ်မဆိုးနဲ့နော် ၊ သမီးက သွေးပူနေတုန်းမို့ပါ။ ခင်က နားလည်ပေးလိုက်ပါ နော် ၊ နော် ” ပျာပျာသလဲ တောင်းပန်တော့၏ ။ မမ အရှိုက်ကို ထိလေပြီ။ ” ဖေဖေ… ဖေဖေ့မျက်လုံးထဲမှာ သူပဲ ရှိတာလား ။ သမီးတို့ မရှိတော့ဘူးလား ” နောက်မိန်းမ လက်ကိုဆွဲပြီး သမီးကို အရေးမစိုက်ဘူး ဆိုသည့် ပုံစံမျိုးနှင့် ဖေဖေက မမကို ” တိတ်စမ်း” ဆို၏။ ” ဖေဖေ ” ” ဖေဖေ့ ” ” ဖြေပါ ဖေဖေရဲ့ ။ ဖြေစမ်းပါ ။ ဖေဖေ့စိတ်ထဲမှာ သူပဲ ရှိသလား ။ သမီးတို့ မရှိတော့ဘူးလား ” ကျွန်မကို ကြည့်လိုက်၊ဖေဖေ့ကို မေးလိုက်ဖြင့် မမ အော်ဟစ်နေသော်လည်း ဖေဖေ့ဆီကဖြင့် ဘာသံမှထွက်မလာတော့ပေ။ ” ရတယ်လေ ဖေဖေ။ ဖေဖေ မဖြေချင်မဖြေပါနဲ့ ။ ဒါပေမယ့် တစ်ခုတော့ သိထား ဖေဖေနဲ့ သမီး ၊ သားအဖသံယောဇဉ် ဒီမှာတင် ပြတ်ပြီ ” ” ဖေဖေ့ကို သမီး အဖေတစ်ယောက်အဖြစ်၊ အသိအမှတ် မပြုတော့သလို ၊ သမီးကိုလည်း သမီး တစ်ယောက်အဖြစ်… မသတ်မှတ်ပါနဲ့တော့ ။ ဖေဖေနဲ့ သမီး… ” ” ဖေဖေနဲ့ သမီး… ” ငိုရင်းကစကားကိုပင် ဆုံးအောင်မပြောနိုင်တော့။ အခန်းထဲ ပြေးဝင်သွားတော့သည် ။ ———————— အထုတ်အပိုးတွေပြင်နေသည့် မမ သည် ခရီးရှည်တစ်ခု သွားတော့မည်ကို ကျွန်မ သိနေပါ၏ ။ မှတ်ပုံတင် အစ ၊ ဘွဲ့လက်မှတ်အဆုံး စာရွက်စာတမ်းအကုန်လုံး ထည့်နေသည်ကို တွေ့ရသည် ။ အတ်အစားတွေလည်း ပါ၏ ။ ” အငယ်မ …နင် လိုက်မှာလား ” ကျွန်မကို ကြည့်ပြီး ရှိုက်ရင်း မေးသည် ။ ကျွန်မကတော့ မမသွားမှာကို စိတ်မကောင်း ဖြစ်နေသော်လည်း ၊ ဖေဖေနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မခံစားရသည့်အလားး ။
တည်ငြိမ်နေခဲ့သည် ။ ” နင် … ငါနဲ့ လိုက်မှာလား ၊ ဒီမှာ နေခဲ့မလား ” ” မမ တကယ် သွားမှာလား ” ” သွားမှာ ” ” ဘယ်ကိုလဲ ” ” မသိသေးဘူးး ” ” ဟင် …မသိသေးဘဲနဲ့ ဘယ်လို လုပ်မှာလဲ” ” ကျောင်းပြီးပြီလေ ။ အလုပ်လုပ်မှာပေါ့ ။ အလုပ်မရှားပါဘူး။ လူမသေ၊ ငွေမရှားတဲ့ ။ ငါ အလုပ်လုပ်မယ် ” သူ့အကြံနှင့်သူ စီစဉ်နေသည့်မမကို ကျွန်မ တားကြည့်ပါသေးသည် ။ ” မမရယ် ၊ မမက မိန်းကလေး လေ ။ အဲ့လိုကြီး ဖြစ်ပါ့မလား။ မသွားပါနဲ့ လား ၊ နောက်ဆိုရင် … ” ” တော်ပါ အေ… တော်ပြီ” ” နင် နေချင်နေခဲ့ ၊ ငါကတော့ သွားမှာပဲ… သွားမယ် ” စိတ်တွေဆိုးနေသည့် မမကို ကျွန်မ တားမရပါ။ သို့သော် မမသည် ကျွန်မကို အလွန်ချစ်၏။ ” မမ အဆင်ပြေရင် လာခေါ် လှည့်မယ် ။ စောင့်နေနော် ” ခေါင်းလေးငြိမ့်ပြီး ကျွန်မ ငိုကျန်ခဲ့သည် ။ မမလည်း မျက်ရည်တွေနှင့် ထွက်သွားတော့၏ ။ မမ သွားတော့မှ ဖေဖေတို့လင်မယား အခန်းထဲက ထွက်လာသည် ။ ငိုနေသည့် ကျွန်မကို ဖေဖေက ” မငိုပါနဲ့ သမီး ရယ် … သမီး မမ ခဏပဲသွားတာ။ ပြန်လာလိမ့်မယ် ။ သူ အကြာကြီး မနေနိုင်ဘူးရယ် ကြည့်နေ ပြန်လာလိမ့်မယ် ” ” မငိုနဲ့ ၊ မငိုနဲ့. တိတ် ၊ တိတ် ” နှစ်သိမ့်စကားတွေ နားမဝင်နိုင်။ မမ အကြောင်းတွေးနေမိ၍ ” ဖေဖေ လိုက်ခေါ်လိုက်ပါလား ၊ ဖေဖေ လိုက်ခေါ်ရင် မမ စိတ်ပြေသွားမှာ ” ခေါ်စေချင်သော်လည်း လိုက်မခေါ်ဘဲ ရပ်နေခဲ့သည် ။ ” ပြန်လာမှာပါ သမီး ရဲ့ ၊ ပြန်လာလိမ့်မယ် ” အတိအကျကြီး ပြောနေပုံထောက်ရင် ဖေဖေ့စိတ်ထဲ မမ ခဏလေး သွားမည် ထင်နေပုံရသည် ။ ” ပြန်မလာတော့ဘူး ဆိုရင်ရော… ” ” လာမှာပါ သမီး ရဲ့ ။ လာကို လာမှာ ။ ပြန်မလာဘဲ သူ မနေနိုင်ပါဘူး ။ လာမှာ ” တကယ် ပြန်လာလိမ့်မည် အထင်နှင့် ငြိမ်နေတော့၏ ။
ကျွန်မကတော့ မမ အကြောင်း ကောင်းကောင်း သိသည် ။ ” ပြန်လာတော့မှာ မဟုတ်ဘူး ဖေဖေ ။ မမ စိတ်ကို သမီး သိတယ် ” ” အခုချိန်မှာ ဖေဖေသာ လိုက်မခေါ်လိုက်ရင် မမ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး ” ———————————— မမကို ကျွန်မ နေ့တိုင်း သတိရသည်။ မမရင်ထဲတွင်လည်း ကျွန်မကို ထားခဲ့ရလို့ စိတ်မကောင်း ဖြစ်နေပေလိမ့်မည်။ ကျောင်းဖွင့်ရက်တနေ့ – နေ့လယ် ထမင်းစားကျောင်းဆင်းချိန် … ” အငယ်မ … ဟေ့ အငယ်မ ” အဝေးက လှမ်းခေါ်သည့် မမအသံကို ကြားလိုက်ရသည့်အခိုက် ွအပျော်ကြီးပျော်သွား၏ ။ ” အယ် …မမ ” ညီမနှစ်ယောက် ပြေးဖက်ကြသည် ။ ” နေကောင်းလား ၊ အဆင်ပြေလား ” ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်းး ” အင်းး ၊ မမရော ၊ မမရော အဆင်ပြေလား ၊ ဘယ်တော့ ညီမလေးကို လာခေါ်မှာလဲ ” ” မမ ခု ဘယ်မှာနေလဲ ” ” လောလောဆယ် သူငယ်ချင်း အိမ်မှာခဏနေတယ် ၊ မမ အလုပ်လျှောက်ထားတယ် ၊ ရရင် အဆောင် ပြောင်းနေမှာ ” ” သြော် ” ” အဲ့ကျမှ လာခေါ်မယ်လေ နော် ။ စောင့်နေ ။ သိလားး ” ” အင်းပါ ၊ စောင့်နေမယ် ။ ဆက်ဆက် လာခေါ်နော် ” တစ်ယောက်နှင့်တစ်ယောက် လက်သန်း၊ လက်သန်းချင်းချိတ် ၊ လက်မ ၊ လက်မချင်းထိကာ ” ကတိ … ကတိ ” ဆိုလိုက်ကြ၏ ။ ကျွန်မဆီကို မမ မကြာမကြာ ရောက်လာတတ်သည် ။ လာတိုင်းလည်း ကျွန်မကြိုက်တတ်သော မုန့်ကလေးများ ပါလာတတ်၏ ။ ကျွန်မကိုသာ သာကြောင်း၊ မာကြောင်းမေးပြီး ၊ ဖေဖေ့ အကြောင်းကိုတော့ စကားပင် အစမခံပေ ။
” မမ … ဖေဖေကလေ – – ” ” မကြားချင်ဘူး… မပြောနဲ့ ” ” ဟို… ” ” မပြောနဲ့ ဆို “‘ ” ဟိုလေ… ” ” တော် ဆို ” ” အဲ့အကြောင်းပြောရင် နင့်ကိုပါ လာမတွေ့ဘဲ နေလိုက်မှာနော် ” နောက်ပိုင်း မမ မကြိုက်မှန်းသိလို့ ကျွန်မလည်း မပြောဖြစ်တော့ပေ ။ ————————– သည်တလော မမနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီ ။ မမ မလာ၍ မျှော်နေမိ၏ ။ ဖေဖေကလည်း မေးလာသည်။ ” သမီးငယ် …သမီးဆီကို သမီးမမ လာသေးလား” ” မလာဘူး ဖေဖေ ၊ မမ မလာတာ ကြာပြီ ” ” ဘယ်မှာနေပြီး ၊ ဘာတွေလုပ်နေလဲ မသိဘူး ။ သမီးကြီးနဲ့လည်း စိတ်ပူရတယ် ကွယ်” ထူးထူးဆန်းဆန်း မမကို ဖေဖေမေးသည့်နေ့က ကျွန်မလည်း စိတ်တွေလေးနေခဲ့သည် ။ ” မမ နေကောင်းပါစေ ၊ ကျန်းမာပါစေ ။ အန္တရယ်ကင်း ဘေးရှင်းပါစေ ” စိတ်ထဲ ဆုတောင်း နေမိသည် ။ ” ကလင် …ကလင် ” ” ကလင် … ကလင် ” ဖုန်းသံကြား၍ ကိုင်ရန်ထွက်အလာ ၊ ဖေဖေ ထူးသံ ကြားလိုက်ရသည် ။ ” ဟလို ” ” ဟုတ်ကဲ့ ပြောပါ ” တဖက်က ဘာမေးသည်မသိ ။ ” ဟုတ်ပါတယ် ဗျ ” ” ဟုတ်ပါတယ် ” ” – – – – – ” ” ဗျာ – ” ဖေဖေ့ရဲ့ ထိတ်လန့်သံကြီး အဆုံးး။ ကျွန်မ လန့်သွားမိသည် ။ အနားပြေးသွားရင်း ” ဘာဖြစ်တာလဲ ဖေဖေ” ” ဘာတဲ့လဲ ” ” ဘာဖြစ်လို့လဲ ” ဖေဖေ မျက်ရည်တွေဝဲလာပြီး ၊ ” သမီးး ” ” ရှင် ” ” သမီး မမ … သမီး မမ ” ဖေဖေ့ကို ကြည့်ပြီး ရင်တွေထိတ်လာသည်။ ” ဘာဖြစ်လို့လဲ ဖေဖေ ၊ မမ ဘာဖြစ်လို့လဲ ” ” ဆုံးပြီတဲ့ သမီးရဲ့ ၊ ဆုံးပြီ ” ” ဟုတ်ရဲ့လား … ဟုတ်လို့လား ဖေဖေ ရယ်” ” ဟုတ်တယ် ” ” မမရေ … မမ အီးး ဟီးး ” ” ငိုနေလို့ မပြီးဘူး ကိုကို ၊ လိုက်သွားရမှာ ။ ဘယ်မှာတဲ့ တုန်း ” ” ဆေးရုံမှာ ” ဆေးရုံရောက်တော့ မမနဲ့ အတူနေအခန်းဖော် ဆိုသူကို တွေ့ရ၏ ။ ” ဘယ်လို ဖြစ်တာလဲ ဟင် ” ” ဘာဖြစ်တာတဲ့လဲ ” တစ်ယောက်တစ်ပေါက် မေးကြသည့် ကျွန်မတို့ကို ကြည့်ပြီးး – ” မိသားစု တွေလား ” ” ဟုတ်ပါတယ် ” ” ဒါဆို သူ့ ညီမလေး ဆိုတာ … ” ” ကျွန်မပါ ” ပြောရင်း ရှေ့တိုးသွားလိုက်သည့် ကျွန်မကို ဓာတ်ပုံလေး တစ်ပုံ လှမ်းပေး၏ ။ ” ညီမလေးကို ပေးလိုက်ပါ ပြောတယ် ” ကြည့်လိုက်တော့ မေမေနဲ့ ကျွန်မတို့ ညီအမနှစ်ယောက် ရိုက်ထားတဲ့ ပုံလေး ။ သုံးယောက်သား ရယ်မောနေကြတဲ့ပုံ ။ ဓာတ်ပုံထဲမှာ ဖေဖေမပါ ။
သိလိုက်ပါပြီ ။ ကျွန်မ သိလိုက်ပြီ ။ မမသည် ဖေဖေ့ကို နောက်ဆုံးအချိန်ထိ စိတ်ဆိုးပြေမသွားဘူး ဖြစ်မည် ။ ဖေဖေလည်း ဝမ်းနည်းနေ၏ ။ ———————— မမ၏အခန်းဖော် ပြောပြသည့် အကြောင်းက ရင်နာစရာ ။ ” သူ့ညီမလေးကို အနားမှာခေါ်ထားချင်လို့တဲ့ .. အလုပ်တွေ တအား လုပ်တာ ။ နေ့ရောညပါ မနားတမ်းလုပ်တာ ၊ ကျွန်မနဲ့ အတူတူ မနက်ကနေ ညနေပိုင်းအထိ လုပ်ရတဲ့အလုပ် ရှိတယ် ။ အဲ့ဒါ ပြီးရင် ကျွန်မက အဆောင်မှာ နားနေပေမယ့် ၊ သူက မနားဘူး ၊ နောက်တစ်ခု ဆက်သွားတယ် ” ” ညနေပိုင်းကနေ ညဦးပိုင်းအထိ စားသောက်ဆိုင်မှာ ပန်းကန်ဆေးတဲ့ အလုပ်လုပ်တယ် ။ အဲ့ဒီညပိုင်း အလုပ်ကအပြန် ကားတိုက်ခံလိုက်ရတာပဲ ” ” တိုက်သွားတဲ့ ကားကရော ” ” မသိလိုက်ဘူး ၊ တိုက်ပြေးသွားတာတဲ့ ၊ ကျွန်မလည်း ဆေးရုံရောက်မှ သိတော့တာ ” ” မမရယ် – အဟင့် ဟင့် ” ကျွန်မ ယူကျုံးမရ ငိုကြွေးမိသည် ။
ဖေဖေလည်း – ” သမီးကြီး ရေ – သမီးကြီးး ” “ဖေဖေ့ကို အပြစ်ပေးလိုက်တာ ပေါ့လေ ၊ ဟုတ်လား ၊ သမီး ရယ် ” ” ဖေဖေ့အပြစ်တွေအတွက် ဒဏ်ခတ်လိုက်တာ ဖြစ်မယ် ။ ဖေဖေ့ အပြစ်တွေ ဖေဖေသိပါတယ် သမီး ရယ် ။ ကိုယ့်အပြစ်ကိုယ် သိပါတယ် ။ သိပါတယ် ” ———————————————— ———————————————— ” ဖေဖေ မလိမ္မာလို့ သမီးမမ အခုလို အဖြစ်ဆိုးနဲ့ကြုံရတာ ။ ဖေဖေ့ကြောင့် … ဖေဖေ့ကြောင့်ပါ သမီးရယ် ။ ဖေဖေသာ လိမ္မာခဲ့ရင်… ” ” မိသားစုဘဝလေး အေးချမ်းမှာ ” နောင်တတွေနှင့် ဖေဖေ ။ တမှိုင်မှိုင်တတွေတွေ ။ မမဆုံးပြီး ရက်သတ္တပတ်အကြာ တွင်တော့ ဖေဖေတစ်ယောက် သူအချစ်ဆုံး သမီးကြီးကို ဆုံးရှုံးလိုက်ရသည့် စိတ်ဝေဒနာကို ကုစားရန်အတွက် သာသနာ့ဘောင်တွင်း အပြီးဝင်ဖို့ ဆုံးဖြတ်လိုက်တော့သည် ။ ” အမှန်ကို မမြင်နိုင်ရလောက်အောင် အမှောင်တွေဖုံးနေတဲ့ အမှား ။ ပြင်မရတော့တဲ့ ဒီအမှားကြောင့် မိသားစုဘဝလေးပျက်စီး ခဲ့ရတယ် ။ အသက်တစ်ချောင်း ဆုံးရှုံးလိုက်ရတယ် ” “ဖေဖေ ကိုယ့်အပြစ်တွေကိုယ် ဆေးကြောရင်း နေသွားတော့မယ် သမီး ရယ် ၊ အေးအေးချမ်းချမ်းနဲ့ တရားရှာတော့မယ်” ” မင်းလည်း ငါ့ ကိုယ်စား သမီးငယ်ကို စောင့်ရှောက်ရင်း နေသွားပါ့မယ်လို့ ကတိပေးပါ ” ” သမီးလည်း …သူနဲ့ အတူတူ လိမ်လိမ်မာမာ နေရစ်နော် ” ကျွန်မကို နှုတ်ဆက်ပြီး ကျောင်းကြီးပေါ် တက်သွားသည့် ဖေဖေ ။ နောက်ကိုလည်း လှည့်မကြည့်တော့ပေ။ ” သံသရာခရီးမှာ အေးချမ်းပါစေ… ဖေဖေ … ” ။ ။
သိမ့်ဝတ်မှုံပြည့်စုံမိုး ၂၈ ၊ ၁၁ ၊ ၂၂
( သက်တံရောင်နှလုံးသား ရသဝတ္ထုတိုများ စာအုပ်မှ တစ်ပုဒ် ဖြစ်ပါတယ်။ )





