
အောင်မြတ်သာနှင့်ဘုရားစောင့်မြွေ
ကျွန်တော်လည်း ကိုတောက်ရကိုခေါ်ပြီး ထန်းသုံးပင်ရွာကို ထွက်လာခဲ့လိုက်တယ်။ ထန်းသုံးပင်ရွာကိုရောက်ဖို့ တစ်ရက်တိတိအချိန်ကြာခဲ့တယ်။ ရွာအဝင်ဝလဲရောက်ရော ကိုတောက်ရက “ဟေ့လူ ခင်ဗျား ကျုပ်ကို ဘယ်ခေါ်လာတာလဲ” “ဘာဖြစ်လို့လဲ ဒီရွာမှာခဏဝင်နားမလို့ ခင်ဗျား ပိုက်ဆံမလိုချင်ဘူးလား” “လိုချင်တာပေါ့ ဒါပေမယ့် ဒီရွာကို ကျုပ်ရောက်ဖူးသလိုပဲ စိတ်ထဲမှာရင်းနှီးနေတယ်” ကိုတောက်ရစကားကြားတော့ သူ့အသိစိတ်တွေက သူ့ကိုနှိုးဆော်နေမှန်း သိလိုက်တယ်။ “ခင်ဗျား စိတ်ထင်လို့်ဖြစ်မှာပါ ကျုပ်တို့အခု မြဘုန်းရှင်စေတီကို သွားမယ် အဲဒီမှာညအိပ်ရမယ်” “သွားဆိုတော့လဲ သွားကြတာပေါ့ လာဗျာ မိုးချုပ်တော့မယ် ခင်ဗျားကနှေးလိုက်တာ”ဆိုပြီး အရှေ့ကနေခပ်သုတ်သုတ် ထွက်သွားတယ်။
ကျွန်တော်လဲသူ့နောက်ကနေ မသိမသာလေးလိုက်သွားရင်း အကဲခတ်နေလိုက်တယ်။ မြဘုန်းရှင်စေတီကိုလဲရောက်ရော “ဟေ့လူ ဒီစေတီကိုလဲ ကျုပ်သိနေသလိုပဲ ဒီရွာထဲစဝင်လာထဲက ထူးဆန်းနေတာ ခင်ဗျားသိထားတာရှိရင် ကျုပ်ကိုပြောဦး” “ကျုပ်သိတာနောက်ပြောပြမယ် အခုလောလောဆယ် လွယ်အိတ်ထဲမှာပါတဲ့ ငှက်ပျောသီးစားပြီး တစ်ရေးအိပ်လိုက်ဦး ကျုပ်လုပ်စရာရှိတာလုပ်ဦးမယ်”လို့ပြောပြီး ငှက်ပျောသီး၃လုံးထုတ်ပေးလိုက်တယ်။
ကိုတောက်ရလဲ ခုနကပေးထားတဲ့ ငှက်ပျောသီးစားရင်း ဘေးဘီဝဲယာကို လိုက်ကြည့်နေတာ တွေ့လိုက်တယ်။ “ကိုတောက်ရ ဘာတွေလိုက်ကြည့်နေတာလဲ” “ဟေ့လူခင်ဗျားအသံမကြားဘူးလား မြွေတွန်သံကြားတယ်ဗျ တောကြီးမြွေဟောက်အသံ အသံကိုနားထောင်ရတာ လူကြီးလက်ကောက်ဝတ်လောက်ရှိမယ်” ကျွန်တော်စိတ်ထဲမှာ ကိုတောက်ရရဲ့မသိစိတ်တွေ ပြန်ပေါ်လာတယ်ဆိုတာသိပေမယ့် “ကိုတောက်ရ ခင်ဗျားစိတ်ထင်လို့်ဖြစ်မှာ ဒါပေမယ့်ခင်ဗျားဒီဇရပ်ပေါ်က အောက်ဆင်းလို့တော့မရဘူး အောက်ဆင်းရင် ကျုပ်ပိုက်ဆံများများရတဲ့ နေရာမခေါ်သွားဘူး” “ဟေ့လူ.ကျုပ်ကိုပိုက်ဆံများများ ရအောင်လုပ်ပေး ကျုပ်ကတိတည်တယ် ဒီပေါ်ကနေမဆင်းဘူး အခုစားပြီးရင်အိပ်မှာ” “ဟုတ်ပီ ဒါဆိုရင်ခင်ဗျားနားဦး ကျုပ်ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးဦးမယ်” ကျွန်တော်လဲကိုတောက်ရကို စကားလွှွဲပြီး ဇရပ်ပတ်လည်ကို စည်းချထားလိုက်တယ်။ မတော်တဆ ကိုတောက်ရတစ်ခုခုဖြစ်သွားရင် ကျွန်တော်တာဝန်မကျေမှာစိုးလို့။
ကျွန်တော်လဲစိတ်ချရတဲ့အထိ စည်းချပြီး.ဘုရားပေါ်တက်လာလိုက်တယ် ဘုရားပေါ်ရောက်တော့ လွယ်အိတ်ထဲက အမွှေးတိုင် ဖယောင်းတိုင်ထုတ်ပြီး ပူဇော်လိုက်တယ်။ ပူဇော်ပြီးတဲ့အချိန် ကျွန်တော့်နားထဲမှာ မြွေတွန်သံသဲ့သဲ့ကို ကြားလိုက်ရတယ်။ ကျွန်တော်လဲမသိချင်ယောင်ဆောင်ပြီး ပုတီးစိပ်နေလိုက်တယ်။ အချိန်နည်းနည်းကြာတော့ မြွေတွန်သံတွေက ဘေးနားပတ်ပတ်လည်ကနေ ကြားလာတယ်။ ကျွန်တော်အာရုံထဲမြင်လိုက်ရတာက မြွေဟောက်အကောင်ပေါင်းများစွာ ကျွန်တော့်ကိုဝိုင်းထားတာပဲ။ အရွယ်အစားမျိုးစုံ ပါးပျဉ်းမျိုးစုံနဲ့ ကျွန်တော်ပတ်လည်ကိုဝိုင်းထားတာ။
ကြည့်နေရင်း မြွေအုပ်ကြီးက များသထက်များလာတယ်။ မြွေတွန်သံတွေကလဲ ပိုကျယ်လာတယ်။ ကျွန်တော်လဲမေတ္တာပို့ပေးနေလိုက်တယ် မေတ္တာပို့ပြီးရော စေတီလှေကားကနေ တက်လာတဲ့ ရွှေရောင်မြွေဟောက်၆ကောင်ကို တွေ့လိုက်ရတယ်။ မြွေအကြေးခွံတွေက ရွှေရောင်တဖိတ်ဖိတ် တောက်နေတဲ့ မြွေ၆ကောင် ကျွန်တော်အနားရောက်တော့ ရုတ်တရက်ဆိုသလို ပါးပျဉ်းကြီးတွေမိုးချလိုက်တာ လင်ပန်းတစ်ချပ်စာလောက်ရှိတယ်။ ကျွန်တော့်နဲ့တစ်လံအကွာကနေ ပါးပျဉ်းကြီးတွေမိုးရင်း တစ်စုံတစ်ယောက်ကို စောင့်နေတဲ့ပုံစံ မကြာပါဘူး စေတီလှေကားကနေ ထပ်တက်လာတဲ့ မြွေဟောက်အဖြူ ရောင်ကြီး ကျွန်တော်ခြေသလုံးလောက်ရှိတဲ့ မြွေဟောက်အဖြူ ရောင်ကိုမြင်တော့ ခုနက လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ မြွေအုပ်ကြီးက မီးကိုရေနဲ့ဖြန်းလိုက်သလို ငြိမ်သက်သွားတယ်။ မြွေဟောက်အဖြူ လဲ ကျွန်တော်အနားရောက်လာတော့ ရွှေရောင်မြွေ၆ကောင်က မိုးထားတဲ့ပါးပျဉ်းတွေချလိုက်တယ်။
ပါးပျဉ်းတွေချလိုက်တာနဲ့ အခိုးငွေ့တွေထွက်လာပြီး ခုနကမြွေအုပ်ကြီးကို ဖုံးသွားတယ်။ အခိုးငွေ့တွေတစ်ဖြေးဖြေး ပျောက်သွားတဲ့အချိန် မြင်လိုက်ရတာက ရွှေရောင်ဝတ်စုံနဲ့ယောကျၤား၆ဦး ပိတ်ဖြူ ဝတ်စုံနဲ့အဖိုးအိုတစ်ဦး သူတို့က ကျွန်တော်ကိုကြည့်ပြီး “ဇရပ်ပေါ်ကလူကိုခေါ်လာတာ ဘာလုပ်ဖို့လဲ ကျုပ်တို့ကိုအန္တရာယ်ပေးဖို့လား” “မဟုတ်ပါဘူး ဇရပ်ပေါ်ကလူရဲ့ပုံမှန်အသိစိတ်ကို ပြန်ရအောင်လုပ်ပေးဖို့ အကူအညီလာတောင်းတာပါ” ကျွန်တော့်စကားလဲဆုံးတော့ ရွှေရောင်ဝတ်စုံဝတ်ထားတဲ့ ယောကျၤားတစ်ယောက်က “မဖြစ်နိုင်ဘူး ကျုပ်တို့အမျိုးအနွယ်တွေကို သေကြေအောင်လုပ်ခဲ့တဲ့သူကို ကျုပ်တို့ဒဏ်ခတ်ထားတာ သူ့ကိုသေအောင်တောင်သတ်ချင်တာ လုပ်မရလို့မှတ်ဉာဏ်ပျောက်အောင်ပဲ လုပ်ထားတာ ခင်ဗျားအသက်မသေချင်ရင် ကျုပ်တို့ဆီကနေထွက်သွားပါ”
“အခုခေါ်လာတဲ့လူက မိတ်ဆွေတို့အမျိုးအနွယ်တွေအပေါ် ဘယ်လိုမျိုးတွေလုပ်ခဲ့လဲ ကျုပ်သိချင်တယ်” “ကောင်းပီလေ ခင်ဗျားသိချင်ရင် ကျုပ်တို့ပြောပြမယ် ခင်ဗျားခေါ်လာတဲ့လူရဲ့ လျာမှာနဂါးစက်ရှိတယ် နဂါးစက်ရှိတဲ့သူတွေက မြွေတွေကိုနိုင်တယ် အကြောက်အလန့်မရှိဘူး ဒါပေမယ့်သူက လောဘကြီးတယ် ငွေမက်တယ် ကျုပ်တို့အမျိုးအနွယ်တွေကို ဖမ်းပြီးရောင်းစားတယ် ကျုပ်တို့အမျိုးနွယ်တွေက ဒီဘုရားကုန်းမှာကျက်စားကြတယ် ဒီနေရာကိုသူရောက်လာပြီး ကျုပ်တို့အမျိုးနွယ်တွေကို ရက်ရက်စက်စက်ဖမ်းခဲ့တယ် သူ့ကိုလက်စားချေဖို့ ကျုပ်တို့ကြိုးစားခဲ့ပေမယ့် သူ့မှာပါတဲ့နဂါးစက်ကြောင့် ကျုပ်တို့ဘာမှမလုပ်နိုင်ခဲ့ဘူး နောက်ဆုံးသူကံနိမ့်အောင်ကျုပ်တို့လုပ်ခဲ့တယ် မီးနေသည်အိမ်အောက်မှာ ကျုပ်တို့အမျိုးအနွယ်ထဲက တစ်ယောက်ကို စတေးခဲ့ရတယ်။ သူကံနိမ့်တဲ့အချိန်မှာ သူ့မှတ်ဉာဏ်တွေကို နှုတ်ယူခဲ့တယ် သူ့ရဲ့မှတ်ဉာဏ်ပြန်ရရင် ကျုပ်တို့ကိုဒုက္ခပေးနေဦးမှာပဲ ကျုပ်တို့ခင်ဗျားကိုဒုက္ခမပေးချင်ဘူး လာရာလမ်းအတိုင်း ဒီလူကိုခေါ်ပြီးပြန်ပါ မဟုတ်ရင် ကျုပ်တို့အဆိုးမဆိုပါနဲ့” ကျွန်တော်လဲ နည်းအမျိုးမျိုးနဲ့ တောင်းပန်ကြည့်ပေမယ့် မရခဲ့ဘူး။ အဲဒါနဲ့ ဒီညအခြေအနေစောင့်ကြည့်ဖို့အတွက် ဇရပ်ကိုပြန်လာခဲ့လိုက်တယ်။
ဇရပ်ကိုရောက်တော့ ကိုတောက်ရကအိပ်မောကျနေတယ် ဒါပေမယ့် ညနေက တားထားတဲ့ စည်းက ပုံပျက်နေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်မြင်လိုက်ရတာက ပေါက်လုနီးနီးဖြစ်နေတဲ့စည်း စည်းတော့မပေါက်သေးဘူး ဒါကလဲ ကိုတောက်ရအတွက် ကံကောင်းသွားတယ်။ ကျွန်တော်လဲစည်းကိုသုံးထပ်ပြန်ချပြီး လှဲချလိုက်တယ်။ ခရီးကပန်းထားတော့ လှချလိုက်တာနဲ့ ခဏလေးအိပ်ပျော်သွားတယ်။ အိပ်ပျော်လို့မကြာသေးဘူး နားထဲမှာ “သက်ခိုင် ထစမ်း မင်းတို့စည်းကို ဖောက်ဖို့လာနေပြီ အမြန်ထစမ်း”ဆိုတဲ့အသံကြားလို့ ထထိုင်လိုက်ပြီး ဇရပ်ပတ်ပတ်လည်ကို လိုက်ကြည့်တော့ အမှောင်ထဲမှာ အရောင်လက်လက်တွေအများကြီး ဖယောင်းတိုင်တွေထပ်ထွန်းလိုက်တော့ အမှောင်ကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်ရုတ်တရက်လန့်သွားတယ် မြွေအကောင်ပေါင်းများစွာ ဇရပ်ပတ်ပတ်လည်မှာ အရွယ်စုံအမျိုးစုံမြွေတွေက ကြက်သီးထစရာ။ ကျွန်တော်လဲကိုတောက်ရကို နှိုးလိုက်ပြီး လက်ညိုးထိုးပြလိုက်တယ်။ ကိုတောက်ရက မြွေတွေကို ကြည့်ပြီး “ဟေ့လူ မြွေတွေအများကြီးပဲ လုပ်ဦး ဇရပ်ပေါ်တက်လာပြီး ပေါက်နေဦးမယ် လုပ်..လုပ်ဦးလေ” ကျွန်တော် ကိုတောက်ရကိုကြည့်ပြီး “ဘာမှမပူပါနဲ့ ကျွန်တော်ရှိပါတယ် ဒါနဲ့ကိုတောက်ရ ခင်ဗျား မြွေတွေကိုကြောက်လို့လား” “ဟာ.. ကြောက်တာပေါ့ သူတို့အဆိပ်က အရမ်းကြောက်ဖို့ကောင်းတာ လူကိုပေါက်မိတာနဲ့ တုံးခနဲသေတာ ဟိုအနီရောင်နဲ့မြွေဆို ပေါက်ပြီး မိနစ်ပိုင်းအတွင်း နှလုံးသွေးခဲပြီးသေတာ” “ဟင် ခင်ဗျားက ဒါတွေဘယ်လိုသိနေတာလဲ မြွေတွေကိုကြောက်တယ်လဲပြောတယ် အခုလိုကျတော့လဲ ပြောလိုက်တာ မြွေအလမ္မာယ်ဆရာကျနေတာပဲ” “အဲဒါတော့မသိဘူးဗျာ ကျုပ်စိတ်ထဲရှိတာပြောလိုက်တာ လုပ်ဦး ဟိုမှာတက်လာတော့မယ်” ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် “သက်ခိုင် ဒီအချိန်မှာ တောက်ရမှတ်ဉာဏ်ပြန်ရအောင် လုပ်ရမယ် သူတို့ကမင်းရောတောက်ရကိုပါ သတ်ဖို့လာတာ အခုချိန်မှတ်ဉာဏ်ပြန်ရအောင် လုပ်တော့”ဆိုတဲ့အသံက နားထဲဝင်လာတယ်။
ကျွန်တော်လဲ ကိုတောက်ရကို ဘေးကနေမသွားဖို့မှာပြီး ဇရပ်ပတ်လည်ကို စည်းသုံးထပ်ထားလိုက်တယ်။ စည်းသုံးထပ်တားပြီးတဲ့အချိန် မြွေတွန်သံတွေကပိုပိုကျယ်လာတယ် တရှူးရှူးတရှဲရှဲနဲ့ စည်းကိုဖောက်ဝင်ဖို့ လုပ်ပါလေရော။ ပထမစည်းထဲကို အစုလိုက်အပြုံလိုက် ဝင်လာတဲ့မြွေတွေ စည်းနားရောက်တာနဲ့ တွန့်လိမ်ပြီး အနောက်ကိုပြန်ပြန်ဆုတ်သွားတာကို တွေ့လိုက်ရတယ်။ တစ်ချို့မြွေတွေက အနာခံပြီးစည်းထဲကို တိုးဝင်လာတယ် ပထမစည်းကိုဝင်လာတဲ့မြွေတိုင်း အနောက်ကိုတွန့်လိမ်ပြီးပြန်ဆုတ်ကြရတာပဲ။ ဒါပေမယ့်ဇွဲမလျော့ပဲဆက်တိုးကြတယ် မြွေမြွေချင်းထပ်ပြီး တိုးဝင်လာတာ ပထမစည်းပေါက်ထွက်သွားတယ်။ ပထမတားထားတဲ့ ရွှေရောင်စည်းက ဖြောင်းခနဲဆိုတဲ့အသံနဲ့အတူ ပျောက်သွားတယ်။ သူတို့တွေဒုတိယစည်းကို ဖောက်ဖို့ထပ်ကြိုးစားကြတယ်။ ဒုတိယစည်းကိုလဲထိရော “ဖြောင်း ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ကိုလွင့်ထွက်သွားတယ်။
ကျွန်တော်နေမနိုင်တော့ တကယ်တမ်းဝင်တိုးနေကြတဲ့ မြွေတွေက သာမန်မြွေလေးတွေ ရွှေရောင်မြွေ၆ကောင်နဲ့မြွေဖြူ ကအနောက်မှာ ပါးပျဉ်းထောင်ပြီး တရွှီးရွှီးလုပ်နေကြတယ်။ ကျွန်တော်အမိန့်ကိုမသုံးချင်ပေမယ့် စသုံးလိုက်တယ်။ ပွင့်တော်မူပြီးသောဘုရားလေးဆူကိုတိုင်တည်ပြီး နတ်မင်းကြီးလေးပါးနဲ့ အထက်ဆရာကြီးတွေထံ ခွင့်ပြုပေးဖို့ခွင့်တောင်းလိုက်တယ်။ ခွင့်တောင်းပြီးတော့ ဇရပ်ပတ်ပတ်လည်မှာရှိတဲ့ ပုဂ္ဂိုလ်တွေကို “အထက်ဆရာကြီးတွေရဲ့အမိန့် ဆရာအောင်မြတ်သာရဲ့အမိန့် ငါ့အမိန့်အရ အောက်လက်ငယ်သားတွေ မဝင်လာစေရ မြဘုန်းရှင်စေတီအတွင်းနေထိုင်တဲ့ ဘုရားစောင့်မြွေအဖိုးနဲ့ မြေးတော်၆ယောက်သာ ဝင်လာနိုင်စေ ပညာစမ်းတယ်ဆိုလဲ စမ်းနိုင်တယ် ငါ့အရှေ့ရောက်စေ”လို့ အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ရွှေရောင်ဝတ်စုံနဲ့လူ၆ယောက်အပြင် ပိတ်ဖြူ ဝတ်အဖိုးတစ်ယောက် ဇရပ်ပေါ်တက်လာတာ မြင်လိုက်ရတယ်။
ကိုတောက်ရကိုကြည့်လိုက်တော့ အာစေးမိနေတဲ့လူတစ်ယောက်လို မလှုပ်မယှက်ဖြစ်နေတာကိုလဲ တွေ့လိုက်ရတယ်။ ကျွန်တော်လဲ အချိန်မစောင့်တော့ပဲ “သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကျုပ်အမိန့်မသုံးချင်ပေမယ့် သုံးလိုက်ရတယ် တောက်ရကို ပုံမှန်အသိပြန်ရအောင် လုပ်ပေးပါ မလုပ်ပေးဘူးဆိုရင် ကျုပ်ပညာနဲ့အတင်းအကျပ်လုပ်ခိုင်းရလိမ့်မယ် ဒီလိုလုပ်ခိုင်းတယ်ဆိုတာကလဲ အထက်ဆရာကြီးတွေရဲ့ အမိန့်ကြောင့်လုပ်ရတာပဲ သာသနာပြုဖို့အတွက် ကျုပ်တို့ဒီလူကိုလိုအပ်တယ် အဘိုးတို့အနေနဲ့ ပြုစားထားတာတွေ ပြန်နှုတ်ပေးစေချင်တယ်”လို့ပြောလိုက်တော့ “ဒီမှာ ဆရာလေး ကျုပ်တို့ဘဝမှာ ပြုစားထားပြီးရင် ပြန်နှုတ်ပေးတတ်တဲ့ထုံးစံမရှိခဲ့ဘူး အထက်ဆရာတွေရဲ့ အမိန့်ဆိုတာလဲ ကျုပ်တို့မယုံဘူး ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျုပ်တို့ကိုဒီစေတီမှာ စောင့်ကြပ်ဖို့တာဝန်ပေးထားထဲက ဘယ်လိုဆရာတွေမှမနှောက်ယှက်ရအောင် ဝိရူပက္ခနတ်မင်းကိုယ်တိုင် အဆောင်လက်ဖွဲ့တွေပေးထားပြီးသား ကျုပ်တို့ကိုထိခိုက်အောင် လုပ်ဖို့မဆိုထားနဲ့ ကျုပ်တို့အပေါ်မဟုတ်မမှန်တဲ့ စိတ်နဲ့လာတဲ့သူတွေကို ပြုစားဖို့အခွင့်အရေးပေးပြီးပြီ ဆရာလေးကို အထက်ဆရာတွေက ခိုင်းတာသေချာတယ်ဆိုရင် ဒီလူကိုကျုပ်တို့ပြန်ကုပေးမယ် ကျုပ်တို့ယုံကြည်ဖို့ဆိုရင် ဝိရူပက္ခနတ်မင်းရဲ့ အမိန့်လိုတယ် မပြနိုင်ရင် ကျုပ်တို့အဆိုးမဆိုနဲ့”လို့ပြောတော့ ကျွန်တော်တွေဝေသွားတယ်။ ကျွန်တော်အဆင့်နဲ့ နတ်မင်းကြီးကိုဆင့်ခေါ်ဖို့ မဖြစ်နိုင်ဘူး။
ဆရာရှိရင် ဒီလောက်ကစာမဖွဲ့ပေမယ့် ကိုယ်တိုင်ရင်ဆိုင်ရတဲ့အချိန်မှာတော့ ဘယ်ကစရမှန်းမသိဖြစ်နေတယ်။ ဆရာကလဲခုထိမပေါ်လာသေးဘူး ကျွန်တော်တွေဝေနေတဲ့အချိန် ပိတ်ဖြူ ဝတ်အဖိုးအိုရဲ့ တောင်ဝှေးကနေ အခိုးငွေ့တွေကျွန်တော့်ဆီ ပြေးဝင်လာတယ်။ အဲဒီအချိန်နားထဲကြားလိုက်တာက “သက်ခိုင်.မင်းပညာနဲ့ခဏတားနိုင်တယ် ငါအမိန့်တစ်ခုကိုစောင့်နေလို့ မင်းဆီမလာနိုင်သေးဘူး အင်းစမတွေနဲ့ သူတို့ကိုထိန်းထား”ဆိုတဲ့အသံကြောင့် ကျွန်တော် လေထဲမှာလေးကွက်အင်း ဆွဲချလိုက်တယ်။ အခိုးငွေ့တွေက လေးကွက်အင်းနဲ့ထိပြီး ရုတ်တရက်မီးထတောက်သွားတယ်။ မီးထတောက်ပြီး အခိုးငွေ့တွေကနေ မီးတောက်ကြီးဖြစ်သွားပြီး ပြေးဝင်လာပြန်ရော။ ကျွန်တော်စိတ်ကိုတည်ငြိမ်အောင်ထားပြီး ရှစ်ကွက်အင်းကို ဆွဲလိုက်တယ်။ မီးတောက်ကရှစ်ကွက်အင်းကို ရိုက်မိပြီး ဘေးကိုလွင့်ထွက်သွားတယ်။ ဇရပ်ဘေးကိုလွင့်သွားတဲ့ မီးတောက်အရှိန်ကြောင့် ဇရပ်ပတ်ဝန်းကျင်ပါလင်းထိန်သွားတယ်။
ပိတ်ဖြူ ဝတ်ထားတဲ့အဘိုးအိုက တောင်ဝှေးနဲ့ယမ်းြ်းပြီး ကျွန်တော့်ဆီကို တစ်ခုခုနဲ့ပစ်လိုက်တယ်။ ရုတ်တရက်ကြည့်လိုက်တော့ ကြိုးအရှည်တွေ လေထဲဝဲပျံလာတယ်။ ကြိုးတွေက အရှေ့မှာကာထားတဲ့ ရှစ်ကွက်အင်းနဲ့ထိပြီး ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျလာတယ်။ ကြမ်းပြင်ပေါ်အကျ ကြည့်လိုက်တာ ကြိုးတွေမဟုတ်တော့ပဲ တောကြီးမြွေဟောက်တွေဖြစ်ကုန်တယ်။ တောကြီးမြွေဟောက်တွေက ကျွန်တော်နဲ့ကိုတောက်ရကိုပေါက်သတ်ဖို့ ပါးပျဉ်းတကားကားနဲ့ ဝင်လာတယ်။ ရှစ်ကွက်အင်းကာထားတော့ အနည်းငယ်စိတ်သက်သာသွားတယ် မြွေတွေကပါးပျဉ်းတွေထောင်ပြီး ရှစ်ကွက်အင်းထဲဝင်တိုးလာကြတယ်။ ရှစ်ကွင်အင်းနဲ့ထိတဲ့အချိန် “ဖြောင်း ဖြောင်း”ဆိုတဲ့အသံနဲ့ မြွေတွေနှစ်ပိုင်းပြတ်ကုန်တယ်။ အဲတော့မှကျွန်တော်သက်ပြင်းချနိုင်တယ် သက်ပြင်းချလို့တောင်မဆုံးသေးဘူး ပြတ်သွားတဲ့မြွေအပိုင်းတွေထဲက ခေါင်းပိုင်းမြွေတွေက အမြီးတွေပြန်ထွက်ပြီး ရှစ်ကွက်အင်းကိုထပ်တိုးပြန်လေရော။
အမြီးပိုင်းပြတ်ထွက်သွားတဲ့မြွေတွေက ခေါင်းတစ်လုံးထပ်ပေါက်လာပြီး ကျွန်တော့်ဆီဝင်လာပါလေရော။ အောက်လမ်းအစိမ်းသရဲတွေကိုသာ ရင်ဆိုင်ဖူးသောကျွန်တော်အဖို့် အခုလိုရင်ဆိုင်ရတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပါလေရော။ ဝိရူပက္ခနတ်မင်းရဲ့ အမိန့်ရထားတဲ့သူတွေမို့ သာမန်ပညာအဆင့်နဲ့ယှဉ်လို့မရကြောင်း ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့်အတတ်နိုင်ဆုံး ရင်ဆိုင်ထားဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ ရှစ်ကွက်အင်းနဲ့ထိပြီး အပိုင်းပိုင်းပြတ်ကုန်တဲ့ မြွေတွေကများသထက် များလာခဲ့တယ်။ ကျွန်တော်အမိန့်ပြန်တမ်းနဲ့ ဝိရူပက္ခနတ်မင်းကိုပင့်ဖိတ်ဖို့ ကြိုးစားလိုက်တယ်။ တစ်ခါမှမလုပ်ဖူးတဲ့ အရာဖြစ်လို့ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အတပ်မသိ။ နောက်ဆုံးအခြေအနေကို ရင်ဆိုင်ဖို့ဒီတစ်နည်းပဲရှိတော့တယ်။
ကျွန်တော်စိတ်တွေကိုစုစည်းပြီး အထက်ဆရာကြီးတွေနဲ့ နတ်ကောင်းနတ်မြတ်တွေကို ပင့်ဖိတ်လိုက်တယ်။ ပင့်ဖိတ်ပြီးတဲ့အချိန် ကျွန်တော့်မျက်လုံးထဲကို အလင်းတန်းတွေစူးခနဲဝင်ရောက်လာခဲ့တယ်။ မျက်လုံးဖွင့်မရလောက်အောင် အလင်းတန်းတွေက စူးရှလွန်းတယ်။ အလင်းတန်းတွေတစ်ဖြေးဖြေး မှိန်သွားတဲ့အချိန်မျက်လုံးဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက သင်္ကန်းပရိက္ခရာအစုံအလင်နဲ့ ရဟန်းတစ်ပါး ။ ဇရပ်ပေါ်ကို လေထဲကနေကြွလာတာမြင်လိုက်ရတယ်။ (ဆရာတော်ခန္တာဇောတိလို့ခေါ်တယ် ဆရာတော်က မုလအစေတီ(မုလအိစေတီမဟုတ်ဘူးနော်)ကိုတည်ထားခဲ့တဲ့ ထွက်ရပ်ပေါက်ဆရာတော်တစ်ပါး၊ အောင်မြတ်သာတို့ ဂိုဏ်းဆရာတော်တစ်ပါးလဲဖြစ်ပါသည်) ရဟန်းရဲ့အနောက်မှာတော့ ချည်လုံချည်အကွက်ကျဲကျဲ ဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်ဦး (ဦး…..ဖြစ်ပြီး ဦးခန္တာဇောတိရဲ့တပည့် လူဝတ်ကြောင်နဲ့ပင် တာဝတိံသာနတ်ပြည်သို့ ခေတ္တရောက်ရှိခဲ့ပြီး မြင်တွေ့ခဲ့ရတဲ့ စေတီများကိုပန်းချီပြန်လည်ရေးဆွဲနိုင် လောက်တဲ့ထိ သမာဓိအားကောင်းမွန်သူ ဆရာတစ်ဆူ) ချည်လုံချည်အကွက်ကျဲကျဲပုဂိ္ဂုလ်ရဲ့ အနောက်မှာတော့ ကျွန်တော်တို့ရဲ့ ဆရာအောင်မြတ်သာကိုမြင်လိုက်ရတယ်။
ဂိုဏ်းဆရာတွေအပြင် ဇရပ်အပြင်ဘက် လေထုထဲမှာ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ နတ်သားတွေကိုလဲတွေ့လိုက်ရတယ်။ လက်ထဲမှာ လေးကိုင်းသဏ္ဍန် နှင်တံကိုကိုင်ထားတဲ့ နတ်သားလေးပါးက ဆရာတော်ကို ရှိခိုးဦးချလိုက်တယ်။ ရွှေရောင်ဝတ်စုံဝတ်လူ၆ဦးနဲ့ ပိတ်ဖြူ ဝတ်အဖိုးအိုက နတ်သားလေးပါးကိုမြင်တော့ လက်အုပ်ချီအရိုအသေပေးပါလေရော။ ကျွန်တော်လဲအဲဒီတော့မှ သက်ပြင်းချလိုက်နိုင်တယ် ဆရာက “ဆရာတော်နဲ့ ဦး…..ကိုသွားပင့်နေရလို့ အချိန်နောက်ကျသွားတယ် မင်းတာဝန်ကျေပါတယ် အခုငါတို့ တောက်ရကို မှတ်ဉာဏ်ပြန်ရအောင် လုပ်ရမယ်” ကျွန်တော်လဲဆရာရောက်လာပြီမို့ စိတ်ထဲကအလုံးကြီးကျပြီး ကိုတောက်ရကို ဆရာ့လက်ထဲလွှဲပေးလိုက်တယ်။
ဆရာက ပိတ်ဖြူ ဝတ်အဖိုးအိုကိုကြည့်ပြီး “ဝိရူပက္ခနတ်မင်းလွှတ်လိုက်တဲ့ နတ်သားလေးပါးက သက်သေပဲ ဒါကြောင့် တောက်ရကို မှတ်ဉာဏ်ပြန်ရအောင် လုပ်ပေးပါ သာသနာပြုဖို့အတွက် သူ့ကိုလိုအပ်တယ်အဖိုး”လို့ပြောတော့ “ဆရာလေးတို့က နတ်မင်းကြီးရဲ့ ခွင့်ပြုချက်အရလုပ်တာဆိုတော့ ကျုပ်ဖီဆန်စရာမရှိတော့ပါဘူး ကျုပ်ပြုစားထားတာပြန်နှုတ်ပေးမယ်”ဆိုပြီး ကိုတောက်ရခေါင်းကို တောင်ဝှေးနဲ့ တို့လိုက်တယ်။ တောင်ဝှေးနဲ့တို့လိုက်တယ်ဆိုရင်ပဲ ခုနက ကျောက်ရုပ်လိုဖြစ်နေတဲ့ ကိုတောက်ရက လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ဘေးဘီဝဲယာကို လိုက်ကြည့်လိုက်တယ်။ ဆရာတော်နဲ့ ဆရာကြီး…..ကို မြင်တဲ့ပုံမပေါ်ပဲ ကျွန်တော့်ကိုလဲမသိတဲ့ပုံစံ ကြည့်နေတယ်။ ကြည့်ပြီးတော့ “ဒီကမိတ်ဆွေက ဘယ်သူလဲ ကျုပ်ကဘယ်ကိုရောက်နေတာလဲ”လို့မေးပါလေရော။ ကျွန်တော်လဲဆရာ့ကိုကြည့်လိုက်တော့ “သက်ခိုင် သူကအရင်အကြောင်းတွေကိုပဲ ပြန်သတိရသွားတာဖြစ်မယ် အားလုံးသတိပြန်ရအောင် လုပ်ရမယ်”ဆိုပြီး ကိုတောက်ရနဖူးကို လက်ညိုးနဲ့ထောက်ပြီး အင်းကွက်တစ်ခုဆွဲလိုက်တယ်။
အင်းကွက်လဲဆွဲပြီးရော ကိုတောက်ရမျက်လုံးထဲမှာ ရုပ်ရှင်တစ်ကားကြည့်နေရသလို ဖြစ်ကြောင်းကုန်စင်တွေပေါ်လာပြီး တစ်ယောက်ထဲ တောက်ခတ်လိုက် ရီလိုက် ပြုံးလိုက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အားလုံးပြီးသွားတော့ မှိတ်ထားတဲ့ မျက်လုံးတွေပွင့်လာပြီး ဆရာအောင်မြတ်သာကို “ဆရာ ကျွန်တော်မှားခဲ့တယ် ကျွန်တော်လောဘကြောင့် အရမ်းမှားခဲ့တယ် အခုချိန်ပြန်ပြင်ဖို့အချိန်မှီနိုင်ဦးမလား” “တောက်ရ အမှားကိုသိပြီး အမှန်ကိုပြင်နိုင်တာ လူကောင်းတွေရဲ့စိတ်ပဲ မင်းမှာလူကောင်းတစ်ယောက်ရဲ့ စိတ်ရှိနေရင် ဘယ်လောက်ကြီးတဲ့အမှားဖြစ်ဖြစ် ပြင်လို့ရပါတယ်” “ဒါဆိုကျွန်တော်ဆရာတို့ဂိုဏ်းထဲဝင်မယ် ကျွန်တော့်ကိုတပည့်အဖြစ်လက်ခံပေးပါ” “ကောင်းပြီ မင်းရဲ့ပါရမီကြောင့် ငါ့ရဲ့ဆရာတွေဖြစ်တဲ့ ဆရာတော်ဦးခန္တာဇောတိနဲ့ ဆရာကြီးဦး…..က ဂိုဏ်းဝင်အဖြစ် လက်ခံပေးလိမ့်မယ် မင်းစောင့်ထိန်းရမယ့် ကတိသစ္စာတွေကိုတည်အောင် ထိန်းသိမ်းရမယ်” “ကျွန်တော်ကတိပေးပါတယ် ဂိုဏ်းဝင်ကတိကိုစောင့်ထိန်းပါ့မယ်” ကျွန်တော်လဲ ဂိုဏ်းဆရာတွေကို ကန်တော့ရင်း ဆရာတွေတိုင်ပေးတဲ့ ကတိသစ္စာကိုဒုတိယအကြိမ်(ပထမအကြိမ်က ဆရာအောင်မြတ်သာထံသစ္စာပြုထားပြီဖြစ်ပါသည်) ကိုတောက်ရနဲ့အတူလိုက်ဆိုမိခဲ့တယ်။
ကတိသစ္စာတွေက “အရည်သေစာဘိန်းဘင်းကစော်တွေကို လုံးဝမသောက်သုံးရ” “လင်ရှိမယားတွေကို မစော်ကားရ” “သူတစ်ပါးအသက်ကို တမင်တကာရည်ရွယ်ပြီး မသတ်ရ” “မြတ်စွာဘုရား.ပညတ်ထားတဲ့ အသားတွေမစားရ” ဆိုတဲ့ကတိကို ခံယူပြီးတဲ့နောက်မှာ ကိုတောက်ရက ကျွန်တော်တို့ ဂိုဏ်းဝင်ဖြစ်လာခဲ့တယ်။ ကိုတောက်ရလည်း ဂိုဏ်းဆရာတွေကိုကန်တော့ရင်း ပိတ်ဖြူဝတ်အဖိုးအိုကို အရင်ကအမှားတွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်။ ကိုတောက်ရကိုခွင့်လွှတ်ကြောင်း ပြောပြီးတဲ့အချိန် ကိုတောက်ရနဖူးကနေ အင်းစမကွက်တစ်ခု ခဏပေါ်လာပြီး ပြန်ပျောက်သွားတယ်။ ကိုတောက်ရ နဖူးကနေ အင်းစမကွက်ပေါ်လာပြီးတဲ့အချိန် ခုနကမြင်နေရတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပျောက်သွားပြီး ဆရာအောင်မြတ်သာပဲ ကျန်ခဲ့တယ်။
ဆရာကိုမြင်တော့ ကိုတောက်ရက “ဆရာကအခုလိုကျတော့ တယ်ဥပဓိရုပ်ကောင်းတာပဲ အရင်ကဆရာ့အပေါ် မလေးမစားလုပ်ခဲ့မိတာတွေ ခွင့်လွှတ်ပေးပါ”လို့တောင်းပန်တယ်။ ဆရာက ခွင့်လွှတ်ကြောင်းပြောပြီး ရှေ့ဆက်ရမယ့်တာဝန်ကို ပြောပြခဲ့တယ်။ “ငါတို့အခုလုပ်ရမယ့်တာဝန်က ဒုတ္တဝတီမြစ်ထဲမှာ နတ်နဂါးတွေဖွက်ထားတဲ့ ဆင်းတုတော်ကို ပြန်ယူဖို့ပဲ ဖွက်ထားတဲ့နတ်နဂါးတွေက မိစ္ဆာအယူရှိတဲ့အတွက် အလွယ်တကူတော့ပေးမှာမဟုတ်ဘူး ဆင်းတုတော်ကို မြန်မာသက္ကရာဇ် ၇၆၂ခုနှစ်၊ သတိုးမင်းဖျားလက်ထက်မှာ ထုလုပ်ပူဇော်ခဲ့တယ် ဒုတ္တဝတီမြစ်တစ်ဘက်ကမ်းမှာ ထုလုပ်ပြီး ဒီဘက်ကမ်းကိုပြန်သယ်တဲ့အချိန် မြစ်ထဲမှာရှိတဲ့နတ်နဂါးတွေက လုယူသွားခဲ့တယ် အခုချိန်က ဆင်းတုတော်ရဲ့ ဘုန်းတန်ခိုးထွန်းလင်းတဲ့အချိန် ရောက်ပြီမို့လို့ ငါတို့က ပြန်ဆယ်ယူရမယ် ပြန်ဆယ်တဲ့အခါ ပညာပြိုင်ဆိုင်မှုတွေ ပြင်းထန်လိမ့်မယ် တောက်ရက မွေးရာပါနဂါးစက်ပါတဲ့အတွက် အဓိကတာဝန်ကိုယူရလိမ့်မယ်
သက်ခိုင်နဲ့ငါက နတ်နဂါးတွေကို ရင်ဆိုင်ပေးမယ် တောက်ရက ရေအောက်ထဲမှာရှိတဲ့ ဆင်းတုတော်ကို ပရိတ်ကြိုးနဲ့သုံးပတ်ပတ်မိအောင် လုပ်ရမယ် ဘယ်လိုလဲတောက်ရ လုပ်နိုင်မယ်ထင်လား” “လုပ်နိုင်ပါတယ် ငယ်ငယ်ထဲက ရေကူးကျွမ်းပါတယ် ဒီတာဝန်ကဘဝမှာပထမဆုံး ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် လုပ်မယ်” “ကောင်းပြီ အဲဒါဆို ငါတို့ဒုတ္တဝတီမြစ်ညာဘက်ကို ခရီးဆက်ကြရအောင် အခုတော့မိုးချုပ်နေလို့မနက် အာရုံတက်တာနဲ့စထွက်မယ် လုပ်စရာရှိတာလုပ်ကြတော့”လို့ပြောပြီး ဘုရားပေါ်တက်သွားခဲ့တယ်။
ကျွန်တော်နဲ့ကိုတောက်ရလဲ ဘုရားရှိခိုးပြီး လွယ်အိတ်ခေါင်းအုံးကာ အိပ်ချလိုက်တယ်။ …. ကဲ.. နောက်ဝတ္တုမှာ ကိုတောက်ရဘယ်လိုရင်ဆိုင်မလဲ အောင်မြတ်သာနဲ့သက်ခိုင်တို့ကရော နတ်နဂါးတွေနဲ့ဘယ်လိုပညာပြိုင်ကြမလဲဆိုတာကို “အောင်မြတ်သာနှင့်ဒုဋ္ဌဝတီရှင်းတမ်း”ဆိုတဲ့ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျာ။ ဇေယန(ရာမည)
Leave a Reply