“ နာရေးအိမ်မှ အပြန် ”(စ-ဆုံ

“ နာရေးအိမ်မှ အပြန် ”(စ-ဆုံ

၁၉၈၀ ခုနှစ် ဝန်းကျင် ၊ ချမ်းအေးလှသည့် ဒီဇင်ဘာလ ၊ ရန်ကုန်မြို့ ။ သူ့နာမည်မှာ “ မောင်မြင့် (ခေါ်) မြင့်လွင် ” ဖြစ်သည် ။ ‘ မြင့်လွင် ’ မှာ အသက် (၂၇) နှစ် ဖြစ်ပြီး အိမ်ထောင်သည် ၊ ကလေး နှစ်ယောက် ၏ ဖခင်လည်း ဖြစ်သည် ။ အကြီးဆုံးကလေးမှာ အသက် (၄) နှစ် ၊ အငယ်မလေးမှာ အသက် ( ၁ ) နှစ်ရှိပြီး မိခင်နို့ မပြတ်သေးသည့် အရွယ်ပင် ။ ‘ မြင့်လွင် ’ မှာ အိမ်ထောင်သည်လည်းဖြစ်၊ ကလေး နှစ်ယောက် ဖခင် ပင် ဖြစ်လင့်ကစား မိသားစု နှင့် အိမ်အတွက် ၊ အသုံးစရိတ် များကို ရှာဖို့ရန် စိတ်မကူးချေ ။

အလုပ်အကိုင်ဟူရ အတည်တကျမရှိပဲ မိန်းမဖြစ်သူမှ ရရာအလုပ်များကို ကြုံသလို လုပ်ကိုင်ရင်း မိသားစုဝမ်းစာကို ဖြည့်ဆည်းနေရလေသည် ။ ရန်ဖန်ရန်ခါ မိန်းမဖြစ်သူမှ အသုံးစရိတ်အရမ်းလိုလာသောအခါတွင်မူ ‘ မြင့်လွင် ’ အား နားပူနားဆာ လုပ်သောအခါမှ ဈေးထွက်ရောင်းတတ်သည် ။

‘ မြင့်လွင် ’ ဈေးရောင်းသည်မှာ ဤ သို့ဖြစ်သည် ။ စတီးလင်ဗန်းကြီးတစ်ခုထဲတွင် အိမ်သုံး ၊ လူသုံး ကိရိယာ အသေးစားများ ဥပမာ – နဖာကလော် ၊ လက်သည်းညှပ် ၊ ကလစ် ၊ နားကြပ်တံ ၊ ကပ်ကြေး ၊ အစရှိသည်တို့ကို လူစည်ကားသည့် ကားမှတ်တိုင်များ ဈေးမှတ်တိုင်များ တွင် လှည့်လည် ရောင်းချ ခြင်းဖြစ်သည် ။ ‘ မြင့်လွင် ’ တို့မိသားစုမှာ ဝင်ငွေနည်းပြီး မိသားစုများနေသဖြင့် ကြပ်တည်းသည့် မိသားစုလေးဟု ဆိုလျှင်လည်း မမှားနိုင် ။

သူတို့ မိသားစုလေးစုလေးသည် ရန်ကုန်မြို့ ၊ ပုစွန်တောင်ဘူတာ ၏တောင်ဘက်ရှိ ချစ်တီး ဘုရားရှင့်ခိုးကျောင်း နဘေးအပေါက်မှ လမ်းအတိုင်း ဝင်သွားလျှင် ရောက်ရှိနိုင်မည့် ‘ ရေတွင်းကုန်း ရပ်ကွက် ’ ငယ်လေးတွင် နေထိုင်ကြသည် ။ မျက်နာမွဲ တစ်ဦးလည်းဖြစ် ၊ ကိုယ်တိုင်လည်း စီးပွားမရှာ အလုပ်မလုပ်ချင်ပေမယ့် ဖြစ်ပေမယ့် မိဘ နှင့် ဇနီးသည်ထံမှ ရရှိလာသည့် ငွေကြေးများကို စုဆောင်းကာ သူဝါသနာပါသည့် ဖဲရိုက်ခြင်းကို မကြာမကြာ ပြုလုပ်တတ်သည် ၊ မှန်ပါသည် ‘ မြင့်လွင် ’ မှာ ဖဲရိုက်ခြင်းကိုသာလျှင် အလုပ်တစ်ခုအဖြစ် မှတ်ယူထားသူ ဖြစ်သည် ။

အမှတ်စင်စစ် ထိုအလုပ်မှာ ဘုရားမကြိုက်သည့် လောင်းကစားအလုပ်ဖြစ်ကြောင်းကို အမှောင်ဖုံးနေသည့် ‘ မြင့်လွင် ’ မသိခဲ့ပေ ။ သူငယ်ချင်းများ စုံလျှင်လည်း ဖဲရိုက်သည် ၊ ဘယ်နေရာမှာ ဘယ်နား ဖဲဝိုင်းရှိမည်ဆိုသည့် သတင်းကို ‘ မြင့်လွင် ’ အမြဲလိုလို စောင့်မျှော်နားစွင့်နေတတ်သည် ။ အသုဘ အိမ်ရှိသည်ဟုသိရလျှင်လည်း ‘ မြင့်လွင် ’ တစ်ယောက် ထို အသုဘ အိမ်တွင် အသုဘ ဖြစ်သည့် နေမှစ၍ ရက်လည်နေ့ထိ တိုင်အောင် ညဘက်တိုင်း နေ့စဉ် မပျက် သွားရောက်တတ်ပြီး ဖဲရိုက်လေသည် ။ ရှိုး ၊ တစ်ချက်မှောက် ၊ ကိုမီး ၊ ဘန်လပ် စသဖြင့် ဖဲ ဆော့နည်းများစွာကို သူအကုန် ကစားတတ်သည် ။ ဖဲဆော့သည့်အခါတွင်လည်း ‘ မြင့်လွင် ’ မကောင်းမှုနှင့် အကျိုးပေးသည်လော မသိ ၊ များသောအားဖြင့် နိုင်ပြီး ပြန်ရသည်ကများသည် ။

သူ ဖဲနိုင်လာသည့် ညများတွင်လည်း အမြဲဆိုသလို အိမ်မှ မိန်းမနှင့် ကလေးအတွက် စားစရာ မုန့်များ နှင့် ခေါက်ဆွဲကြော်ကို ဝယ်လာတတ်ပြီး မိသားစုတစ်သိုက် ပျော်ပျော်ရွှင်ရွှင် စားသောက်ကြလေ့ရှိသည် ။ ရန်ဖန်ရန်ခါ ဖဲ ရှုံးသည့် အခါတွင်မူ သူ၏ အိပ်ထဲ ပိုက်ဆံလုံးဝမရှိသည့်အချိန်နှင့် တိုက်ဆိုင်ပါက အိမ်တွင်းရှိ ပေါင်နှံ ရောင်းချစရာ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေ ခိုးယူပြီး ပေါင်းနှံ ရောင်းချတတ်သည် ၊ နောက်ဆုံး မည်သည့် ပစ္စည်းမျှမရှိပါက မိန်းမဖြစ်သူ၏ နားကပ်ကို အတင်းချွတ်၍ ရောင်းချကာ ဖဲရိုက်တတ်သည် ။ ဤသို့လျှင် မကောင်းမှုကို ကောင်းမှုအမှတ်ဖြင့် ပျော်ပါး ဝါသနာထုံသည့် ‘ မြင့်လွင် ’ ပင် ။

တစ်နေ့ ‘ မြင့်လွင် ’ တို့နေရပ်အနီးရှိ ပုစါန်တောင် စာတိုက် ‘ ဆောင်လုံးပြန်ရပ်ကွက် ’ တွင် နေထိုင်သည့် အဖွားအိုတစ်ဦး လူကြီးရောဂါဖြင့် ဆုံးပါးသွားသည့် နာရေး သတင်းကို သူငယ်ချင်းများထံမှကြားသိလိုက်ရသည် ။ “ ‘ မောင်မြင့် ’ ရေ …. ဒီည (….) မှာ ဝိုင်းရှိတယ်နော်.. ငါတို့လူစုံရှိနေမှာ မင်းမလာပဲမနေနဲ့ ” အိမ်ရှေ့မှ တကူးတက လာခေါ်သည့် ဘော်ဒါများစကားကြောင့် ‘ မြင့်လွင် ’ လည်း “ စိတ်မပူစမ်းပါနဲ့ငါကောင်တွေရာ မင်းတို့မပြောလည်း ငါသတင်းကြားကတည်းက လာဖို့ အဆင်သင့်ပဲ..ဟဲဟဲ မင်းတို့ ငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး .. ” စသဖြင့် ပြန်ချေပလိုက်ပြီး ညတွင် လာရန် ကတိပြုခဲ့လေသည် ။

သူငယ်ချင်းများမှာလည်း ‘ မြင့်လွင် ’ စကားကြောင့် နှုတ်ဆက်ပြီး ပြန်သွားကြလေတော့သည် ။ ဒီလိုနှင့် ‘ မြင့်လွင် ’ တစ်ယောက် အသုဘ အိမ်တွင် ညစဉ် ဖဲသွားရိုက်လေသည် ရိုက်တိုင်းလည်း နိုင်သည်က ပိုများနေသည် ။ ‘ မြင့်လွင် ’ တို့ ဖဲသွားရိုက်နေကျ အသုဘအိမ်တွင် ၊ ကွယ်လွန်သူ အလောင်းကောင်အား သဂြိ ၤုလ် ပြီး သုံးရက်မြောက်နေ့ရောက်သောညတွင်မူ ….. “ မိန်းမရေ .. ငါဒီည ဖဲသွားရိုက်ဖို့ ယောကျာ်းနိုင်မှာ သိတယ်မို့လား …. အြ့တော့ မိန်းမမှာရှိတဲ့ ပိုက်ဆံလေး နည်းနည်း လောက် မဝပါဦး ” မိန်းမဖြစ်သူမှာလည်း ချစ်၍ ကြိုက်၍ ယူထားသည့် ယောကျာ်းမို့ “ အေးပါတော်ရေ … တော်ပြောလိုက်ရင် အမြဲနိုင်မယ်ဆိုတာချည်းပဲ ဟင်း… ရောရော…ငါးရာ ယူ ကျန်တာ နက်ဖြန် အိမ် စားစရိတ်လေး… ” ‘ မြင့်လွင် ’ လည်း ဇောတက မတတ်တော့ပဲ မိန်းမပေးသည့် ငွေငါးရာအပါအဝင် သူ့တွင်ရှိသော ငွေ နှစ်ရာ ပေါင်း ခုနှစ်ရာအား အိပ်ထဲထည့်ပြီးနောက် နာရေးအိမ်သို့ ခပ်သုတ်သုတ် ထွက်သွားခဲ့သည် ။ ( မှတ်ချက် – ထိုခေတ်အခါက ငွေခုနှစ်ရာမှာ အတော်ပင် များနေလေပြီ ၊ ခေတ် မှာ ငါးကျပ် ၊ တစ်ဆယ် ခေတ် ၊ အကြွေ များ အသုံးပြုနေကြသည့် ခေတ်ဖြစ်လေသည် ။ ) ည ( ၈ ) နာရီ တွင် နာရေးအိမ်သို့ရောက်သည့်အခါ ‘ မြင့်လွင် ’ လည်း ကြေးကြီးကြီးများဖြင့် ဆော့နေသည့် ဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး ဖဲရိုက် နေလေတော့သည် ။

အစောပိုင်းတွင် ‘ မြင့်လွင် ’ နိုင်လိုက် ရှုံးလိုက်ဖြစ်နေရာမှ မိုးချုပ်လာသည့်နှင့်အမျှ ‘ မြင့်လွင် ’ တွင်ရှိသည့် ငွေများ တဖြည်းဖြည်း ပါးလာလေတော့သည့် ၊ ပွဲတိုင်းလိုလို ရှုံးရှုံးလာရင်းမှ နောက်ဆုံးတွင် ‘ မြင့်လွင် ’ လက်ထဲတွင် ချူးပါးတစ်ပြားပင် မကျန်တော့သည့်အထိ ရှုံးသွားလေတော့သည် ။ အချိန်အားဖြင့် ည ( ၁ ) နာရီ ( 1 AM ) နာရေးအိမ်တွင် အိပ်လေ့အိပ်ထမရှိသည်က တစ်ကြောင်း ၊ အိပ်ထဲတွင် ပါလာသမျှ ငွေ အကုန် ဖဲရံှုးသွားသည်က တစ်ကြောင်းကြောင့် ‘ မြင့်လွင် ’ တစ်ယောက် ညစ်ညစ်ဖြင့် အိမ်သို့ပြန်ခဲ့လေတော့သည် ။ သူ အိမ်မှ ထွက်လာစဉ်အခါက ပြုံးရွှင်လျှက် အားတတ်သရော ဖြစ်လာသလောက် အိမ်အပြန်လမ်းတွင်မူ ခေါင်းငိုက်စိုက်ရင်း စိတ်ထဲတွင် ဒေါသဖြစ်ခြင်း ၊ မိမိကိုယ်ကို မကျေမနပ်ဖြစ်ခြင်း ၊ ငွေများကို နှမြောခြင်းများဖြင့် တွေးပေါင်းများစွာ ချာချာလည်နေလေသည် ။

ညသန်းခေါင်အချိန်ဖြစ်သည့်အတွက် လမ်းတစ်လျှေက်တွင် လူသွားလူလာ လုံးဝ မရှိတော့ချေ ၊ လမ်းမကြီးအလယ်တွင် ‘ မြင့်လွင် ’ တစ်ဦးတည်းသာ စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှေက်လာရင်း အမှတ်မထင် ပတ်ဝန်းကျင်ကို ဝေ့ကာဝိုက်ကာ ကြည့်နေမိလေသည် ။ ဝန်းကျင်တစ်ခုလုံး မောင်မဲနေပြီး ဒီဇင်ဘာလမို့ မြူခိုးများ ဝေနေသဖွယ် ပတ်ဝန်းကျင်မှာ မှုန်ဝါးလျှက် တစ်ကိုယ်တည်းမို့ ခြောက်ခြားလာလေသည် အအေးဓါတ်များသည် လည်း သူ၏ အရိုးများကို ခဲသွားအောင် ကြိုးစားနေသယောင်ပင် ဆိုးရွားလာသည့် အအေးဒဏ်ကြောင့် ‘ မြင့်လွင် ’ လည်း သူဝတ်ထားသည့် အနွေးထည်ကို ပို၍လုံစေရန် ပြင်ဆင် လိုက်ပြီး လက်နှစ်ဖက်အား နွေးထည့်အတွင်း ထည့်ကာ လက်ပိုက်ထားသည့် ဟန်မျိုးဖြင့် ခပ်သွက်သွက်လေး အိမ်ပြန်လာခဲ့သည် ။

သို့နှင့် ‘ မြင့်လွင် ’ လည်း ပုစွန်တောင် မီးရထား ဘူတာရုံပေါ်သို့ တက်လိုက်ပြီးနောက် ဘူတာရုံအပေါ်ဘက် စင်္ကြန် လူသွားလမ်းနေရာသို့ ရောက်လာခဲ့သည် ။ ထိုနေရာသို့ရောက်လျှင်ရောက်ခြင်း ‘ မြင့်လွင် ’ ခံစားမိသည်က သူ၏ တစ်ကိုယ်လုံး ယခင်ထက် ပို၍ ချမ်းအေးလာသလို ခံစားလိုက်ရပြီး ထူးဆန်းစွာ ကြက်သီးများ တစ်ချက်တစ်ချက် တဖြန်ဖြန် ထမိနေလေသည် ။ အကြောင်းမှာ ယခု ‘ မြင့်လွင် ’ ရောက်နေသည့် နေရာသည် နာမည်ကြီး နေရာတစ်ခုဖြစ်သောကြောင့်ဖြစ်သည် ။ မည်သို့မည်ပုံနာမည်ကြီးသည်ဟု ရှင်းပြရလျှင် ၊ နေရာအတော်အများရှိ ရထားလမ်းတိုင်းလိုလိုပင် ‘ စီး ’ နေကြသည် ။

‘ စီး နေကြခြင်းဟူသည် ၊ ထိုနေရာများတွင် မကောင်းဆိုးရွားများ အများအားဖြင့် ဆိုးရွားသည့် မကောင်းဆိုးဝါးများ ရှိနေတတ်ပြီး ရထားလမ်းတွင် ကံနိမ့်သည့် လူများအား ခြောက်လန့်ခြင်း ၊ ရထားကြိတ် သေအောင် ၊ ဒဏ်ရာရစေအောင် နည်းအမျိုးမျိုးဖြင့် နှောက်ယှက် ဒုက္ခပေးခြင်းများ ပြုနေကြခြင်းကိုဆိုလိုသည် ။ ’ ( မှတ်ချက် – ထိုကြောင့် ရထားလမ်းမှ ဖြတ်တိုင်း ဘုရားစာများ မပြတ်ဆိုခြင်း ၊ မေတ္တာပို့ အမျှအတန်းပေးဝေခြင်းများ ပြုသင့်သည် ။ ) ယခု ရထားလမ်း နေရာ နာမည်ကြီးရခြင်းမှာ များမကြာမီက မည်သည့်အရပ်မှ ကြွလာမှန်းမသိသည့် ‘ သက်တော် (၅၀) ခန့်ရှိသော ဘုန်းတော်ကြီး (ဦးဇင်း) တစ်ပါး ညနေ (၆) နာရီအချိန်တွင် ကိုယ်တော် တစ်ပါးတည်း ရထားသံလမ်းမှ ရထားလာသည့်ဘက်ကို ကျောပေးလျှက် ကြွ(လျှောက်)လာချိန်တွင် ဦးဇင်း ၏ အနောက်မှ ရထားခုတ်မောင်းလာလေသည် ။

ရထားမောင်းသူမှာ ရထားရှေ့ မလှမ်းမကမ်းတွင်ရှိသော သံလမ်း ( ဇလီဖာတုံး ) ပေါ်မှ ဦးဇင်းကို လှမ်းမြင်နေရသဖြင့် အန္တရယ် အချက်ပေး ဥသြ ကို အကြိမ်ကြိမ် ဆွဲပြီးနောက် ရထားကို ရပ်ရန် ကြိုးစားနေလေသည် ။ ထိုနေရာတွင် ထူးခြားသည်က ရထားကို ကျောပေး၍ လျှောက်(ကြွ) နေသည့် ဦးဇင်းမှာ လွန်စွာ ကျယ်လောင်လှသည့် ရထား ဥသြသံကို မကြားသည့်ဟန်ဖြင့် သူ၏လမ်းကိုသာ ဆက်လျှောက်နေဆဲဖြစ်သည် ။ မည်သည် ကြောင့်နည်း… ။ ဦးဇင်း ကံနိမ့်နေသောကြောင့်လေလော ၊ သေကံပါ၍ အတိတ်ဘဝက ပေးဆပ်ရမည့် အကြွေးကြောင့် ပေလော ၊ ရထားလမ်းမှ မကောင်းဆိုးဝါး အမှောင်လောကသားများကြောင့်လေလောမသိ.. ။ ရထား ဥသြသံကို ထို ဦးဇင်းမှာ လုံးဝမကြားပဲ နောက်ဆုံးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းလာသည့် ရထားမှာ ဦးဇင်းကြီးကို တိုက်သွားသည့်အပြင် ဦးဇင်း၏ ခန္တာကိုယ် တစ်ခုလုံးအား အပိုင်းပိုင်းဖြစ်စေခဲ့လေသည် .. ဦးဇင်း ပျံလွန်တော်မူ ပုံမှာ မလှပခဲ့ချေ ။

ရပ်ကွက်ထဲမှ ထိုသတင်းအား ချဲ့ကားပြောဆိုခြင်းကြောင့် ထိုနေရာ အရောက်တွင် ထိုအကြောင်းများကို တွေးမိပြီး အေးစက်လှသည့် ရာသီဥတုတွင် ညအချိန်မတော် တစ်ကိုယ်တည်းသမားဖြစ်သည့် ‘ မြင့်လွင် ’ လည်း ကြောက်စိတ်ဝင်မိသည်မှာအမှန်ပင် … ။ မရဲတရဲဖြင့် ‘ မြင့်လွင် ’ လည်း ဘုန်းကြီး ပျံလွန်တော်မူသွားသည်ဟု အများပြောသည့် ရထားလမ်းနေရာအား လှမ်းကြည့်မိလိုက်သည် အမှောင်ထဲတွင် မြူခိုးများ တွားသွားနေသည်မှ တစ်ပါး မည်သည့်သက်ရှိမှ မတွေ့ခဲ့ချေ ၊ သို့သော် ‘ မြင့်လွင် ’ ကြောက်စိတ်များ ကြီးသထက် ကြီးလာပြီးနောက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည် ။

ထိုစဉ် …. တစ်ပြိုင်တည်း ဆိုသလိုပင် ‘ မြင့်လွင် ’ ၏ ရှေ့မှ ခေါ်သံ တစ်ခုကြားလိုက်ရသဖြင့် ‘ မြင့်လွင် ’ တုန်တက်သွားလောက်အောင် ကြောက်လန့်သွားလေသည် ။ “ ဒကာကြီး … ” အသံကြီးများ အက်ကွဲကွဲဖြင့် တုန်ရီနေသလိုပင် ။ “ မှန်ပါ့ ” ‘ မြင့်လွင် ’ လည်း အကျင့်ပါပြီး ပြန်ထူးလိုက်ရင်း နောက်မှ သတိဝင်ပြီး အသံရှင်ကို ကြည့်မိလိုက်ရာ.. အသံရှင်မှာ သူထင်ထားသည့်အတိုင်း ဘုန်းကြီးတစ်ပါးပင် ၊ ဆောင်းညအအေးဒဏ် ကြောင့် သင်္ကန်းကို ခေါင်းမီးခြုံထားကာ လူသေကောင်လို သူ၏ရှေ့တွင် တောင့်တောင့်ကြီး ရပ်နေလေသည် ။ ‘ မြင့်လွင် ’ ကြောက်စိတ်များ တားမရအောင် ဝင်လာပြီးနောက် ဒူးများပါတုန်ရင်လာတော့သည့် ၊ သို့ပေမယ့် မိမိဘာသာ ကြောက်စိတ်ကို ပြန်ထိန်းရင်း စဉ်းစားမိလေသည် … ။ ‘ ဒီအချိန်ကြီး ဘယ်က ဦးဇင်းက ဘယ်ကိုကြွလာတာပါလိမ့်…. ။

` ခုနကငါကြည့်တုန်းက လမ်းမှာ ဘယ်သူမှ မရှိပါဘူး… ။ သြော် မြူတွေနဲ့ဆိုတော့ ငါအကြည့်မှားတာနေမှာပါလေ ၊ သင်္ကန်းကြီးနဲ့.. ဦးဇင်း.. အာ……. ငါဘာတွေလျှောက်တွေးနေမိပါလိမ့် ၊ ငါတော့ငရဲကြီးတော့မှာပဲ …. ’ စသဖြင့် စဉ်းစားခန်းဖွင့်ပြီး နောက်ဆုံး အားတင်းထားပြီး ဦးဇင်းကို မကြည့်ရဲသဖြင့် ခေါင်းကို ငုံ့ထားရင်း ဦးဇင်းကို ကျော်ကာ သွားပြီးနောက် အိမ်သို့ ဦးတည်ရန် ခြေလှမ်းခဲ့သည် ၊ ထိုဦးဇင်း နှင့် ‘ မြင့်လွင် ’ ခြေလှမ်းနှစ်လှမ်းခန့် အကွာအရောက်တွင် ‘ မြင့်လွင် ’ အနောက်မှ ဦးဇင်းက … “ ဒကာ … အခု ဘယ်နှစ်နာရီလောက်ရှိပြီလဲ ” ‘ မြင့်လွင် ’ လည်း သွားမည်လုပ်ခါမှ ဦးဇင်းက လှမ်းမေး(မိန့်)သဖြင့် သရဲမဟုတ်လောက်ဟု မှတ်ယူလိုက်ရင်း ပြန်ဖြေ(လျှောက်တင်) လိုက်သည် ။ “ တင်ပါ့ တပည့်တော်အထင် တစ်နာရီခွဲလောက်ရှိမယ် ဘုန်းဘုန်းဘုရား ” တစ်ဆက်တည်းတွင်ပင် ‘ မြင့်လွင် ’ လည်း ဦးဇင်း၏ မျက်နာအား မရတြရဲဖြင့် လှမ်းကြည့်လိုက်မိသည် .. ။

ဦးဇင်းကြီး၏ မျက်နာမှာ လူသာမန်နှင့်လားလားမျှမတူပဲ အလွန်အမင်း နီရဲနေလေသည် ၊ တနည်း အနောက်နိုင်ငံသား အသားဖြူများ ငရုပ်သီးစားထားသောအခါ နီရဲလာသည့် ပုံထက်ပို၍ နီရဲနေလေသည် ။ အမြင်အရဆိုရလျှင် မျက်နာမှာ … မီးခဲရဲရဲကြီး မီးဖိုပေါ်တင်ထားသည့်နယ် နီရဲတောက်လောက်ကာ အရောင်ထွက်နေလေသည် ။ ထိုအခြင်းအရာကို ပိုသေချာစေရန် ‘ မြင့်လွင် ’ လည်း ဦးဇင်းအား စေ့စေ့စပ်စပ် သေချာကြည့်ရင်း … “ ဘုန်းဘုန်း .. ဘုန်းဘုန်း မျက်နာက နီရဲနေပါလား… ” ‘ မြင့်လွင် ’ ထိုသို့ပြော (လျှောက် ) လိုက်ရာ… တစ်ဖက်မှ ဦးဇင်းကြီးက … “ ဟုတ်တယ်လေ ဒကာရဲ့ နီဆို ဘုန်းကြီးကို ဒီနေ့ပဲ မီးသဂြို ၤလ် လိုက်ကြလို့ မျက်နာက နီရဲသွားတာပါ ” ‘ မြင့်လွင် ’ လည်း ဘုန်းကြီးအား သရဲကြီးမှန်းရိပ်စားမိကာ ကြောက်စိတ်ကို မည်သို့မျှ မထိန်းထားနိုင်တော့ပဲ ငယ်သံပါအောင် အော်ဟစ်ရင်း နောက်ကို မလှည့်ကြည့်စတမ်း တင်ပါးနင့် ဖဝါး တသားတည်းကျအောင် ဘူတာရုံ ၏ တံတားအောက်သို့ ပြေးမိလေတော့သည် … ။

ထိုမှတစ်ဆင့် မရပ်မနားပဲ သူ၏ အိမ်ရှိရာ သို့ ရှိသမျှအားကိုစုကာ ပြေးလေတော့သည် ။ အိမ် တံခါးဝသို့ရောက်သည့်နှင့် တစ်ပြိုင်တည်း မောနေပေမယ့် ကြောက်စိတ်ဇောဖြင့် အသံကုန်အော်လိုက်သည် ။ “ မိန်းမ .. မြန်မြန် တံခါးလာဖွင့်.. ဟဲ့ မိန်းမရေ…. ” မကြာမီပင် မိန်းမဖြစ်သူအလန့်တကြား အိမ်တွင်းမှ ပြေးထွက်လာပြီးနောက် ‘ မြင့်လွင် ’ ကိုတံခါးဖွင့်ပေးရင်း … “ ‘ ကိုမြင့်လွင် ’ ရှင် ဘာဖြစ်လာတာလည်း… ” ‘ မြင့်လွင် ’ လည်း မိန်းမ၏ အမေးကို မဖြေနိုင်သေးပဲ ရေကိုသာ အသည်း အသန် ပြေးသောက်ရင်း မောလွန်းသဖြင့် ဘုရားစင်ရှေ့တွင် ပစ်လှဲချလိုက်လေသည် ။ အတန်ကြာသောအခါမှ.. ဖြစ်ကြောင်းကုန်စင်ကို ပြောနိုင်လေတော့သည် ။

‘ မြင့်လွင် ’ ၏ အဖြစ်ကြောင့် ဇနီးသည်လည်း လန့်သွားပြီး မအိပ်နိုင်တော့ပဲ တစ်အိမ်လုံးကို ပရိတ်ရည်များ ဖြန်းခြင်း မိသားစုများအား ပရိတ်ရည်များ တိုက်ခြင်း စသည်တို့ကို ပြုပြီးနောက် တစ်ညလုံး မေတ္တာပို့ခြင်း ဘုန်းကြီးသရဲနှင့် မြင်အပ် မမြင်အပ်များကို အမျှအတန်းပေးဝေခြင်း ၊ ဘာဝနာများ ပွားများခြင်းတို့ကို ပြုလုပ်ရင်း မိုးလင်းစေခဲ့ သည် ။ ထိုကိစ္စများဖြစ်ပွားပြီးနောက် ‘ မြင့်လွင် ’ တစ်ယောက် နောင်တွင် ဘယ်တော့မှ နာရေးအိမ်တွင် ဖဲရိုက်ခြင်း ညဘက် အပြင်ထွက်ခြင်း မပြုရဲတော့ချေ ။ ‘ မြင့်လွင် ’ အဖြစ်ကိုကြားသိရသူများမှာ မြတ်ဗုဒ္ဓ ဟောကြားထားသည့်အတိုင်း ဘုန်းကြီး ဖြစ်သော်လည်း… သေခါနီးအစွဲကြောင့် ပြိတ္တာဘဝရောက်နိုင်ကြောင်း သိရှိနိုင်ပြီး ။

မကောင်းမှုနှင့် ပျော်ပါးသူ ‘ မြင့်လွင် ’ အား ဘုန်းကြီးသရဲမှ ခြောက်လန့်ကာ လမ်းမှန်ပို့ပေးလိုက်ခြင်းလော ၊ နာရေးအိမ်မှပြန်လာသူဖြစ်သောကြောင့် ကံနိမ့်နေပြီး တိုက်ဆိုင်၍ သရဲခြောက်ခံရခြင်းလော ၊ သို့လော … သို့လော… အတွေးပေါင်းများစွာ ဖြစ်စေသည် ။ မည်သို့ပင်ဆိုစေကာမူ ထိုနေ့ညက ‘ မြင့်လွင် ’ ဖဲရှုံးသည်ကို ကျေးဇူးတင်ရမည် ၊ အဘယ့်ကြောင့်ဆိုသော် သူနိုင်လာပါက သူ၏ အိမ်အတွက် မုန့်နှင့် ခေါက်ဆွဲကြော်များ ဝယ်လာနိုင်ပြီး .. ထိုအခါမှ ညဘက်တွင် ဆာလောင်နေသည့် ပရလောကသားတို့၏ ဦးတည်ရာ မှာ ‘ မြင့်လွင် ’ ဖြစ်ကောင်း ဖြစ်နိုင်ပေသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*