အိုကြီးအိုမ(စ/ဆုံး)
————–
‘မျက်စေ့အကျင့်၊ ဝမ်းအချင့် ’ တဲ့၊
ခေါင်းအုံးနံဘေးထားတဲ့ ဖုန်းကို လက်နဲ့စမ်းလို့ ယူပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ဒစ်ဂျစ်တယ်ကိန်းဂဏန်းက မနက် နှစ်နာရီမိနစ်နှစ်ဆယ်လို့ ပြနေပါပြီ၊ ပုံမှန်အိပ်ယာထချိန်ဆိုပေမယ့်လည်း တပို့တွဲလဆန်းရဲ့ ဆောင်းနံနက်ဟာ ရေခဲရည်စိမ်ထားသည့်အလား အေးစက်စက်နဲ့၊
ဒီလို တပို့တွဲလရောက်တိုင်း မူလတန်းဖတ်စာထဲက
“ ပြာသိုလမှာချမ်းအေးသည်။
ခွာညိုပန်းနံ့ မွှေးသည်။
စုစုဝေးဝေး ထမနဲ ထိုးကြသည်။
နှာရည်ယိုရွှဲ တပို့တွဲဟု ဆိုကြသည်။ ”
ဆိုတဲ့ သင်္ခန်းစာကို အမြဲသတိရသလို နွေးနွေးထွေးထွေးခြုံထားတဲ့စောင်ထူထူကို ကိုယ်ပေါ်က ခွာလိုက်ဖို့လည်း ခက်ခဲလွန်းလှတာပေါ့။
မန္တလေးဆောင်းဆိုတာ ကြမ်းမှကြမ်း၊ ဒီဇင်ဘာမှာ နေလို့ထိုင်လို့ကောင်းရုံ မြမြလေး အေးပေမယ့် ပြာသိုလပြည့်ရောက်တာနဲ့ အရိုးခိုက်အောင်အေးတာ မန္တလေးဆောင်းပေါ့၊ ချမ်းတာမဟုတ်ဘူး၊ အေးတာ အေးတာပါ၊ အိမ်ဝင်းတဝင်းလုံး သစ်ပင်ကြီးတွေ အုပ်မိုးနေရုံသာမက နန်းရှေ့ဆိုတာ သစ်ပင်ကြီးတွေအုံ့အုံ့ဆိုင်းဆိုင်းရှိနေသေးတော့ နန်းရှေ့ရဲ့ ဆောင်းဟာ အရိုးတကယ်မကွဲသော်ငြားလည်း အသားတွေပက်ကြားအက်ကွဲတဲ့အထိ အေးပါတယ်။
အို… ညကတည်းက ပဲပြုတ်ထားတာပဲ၊ ပဲတွေက နူးအိနေပြီ၊ ဆွမ်းနှစ်အိုးပဲတည်ပြီးရင် ပဲတွေချေ ဆီသတ်ပြီးမီးဖိုပေါ်တည်ထားရုံပဲဥစ္စာ၊ ညဆယ်နာရီကတည်းက မီးပျက်သွားတာ၊ ခါတိုင်းဆိုရင် မနက်သုံးနာရီမှာ မီးပြန်လာတတ်တယ်ဆိုတော့ သုံးနာရီမှာ မီးပြန်လာလောက်တယ်၊ သုံးနာရီထိုးမှ ထပြီး ချက်ပါတော့မယ်လေ…
ကိုယ့်ကိုယ်ကို ဆင်ခြေတွေပေးပြီး စောင်ခြုံထဲကမထွက်ပဲ အပျင်းထူမိတာကြောင့် ဆွမ်းချက်ရမယ့်နောက်ဆံတင်းပြီး အိပ်တဝက် နိုးတဝက်နဲ့ ဆောင်းနံနက်မှာ ဘီလူးစီးခံရပါရောလား၊ ဘီလူးစီးခံရတဲ့ ခံစားချက် ဆိုတာ သိတဲ့အတိုင်းပါပဲ၊ ဘီလူးစီးမှန်းလည်း သိပြီး အသံမထွက်နိုင်၊ မရုန်းနိုင် မလှုပ်နိုင်မှန်းသိနေပေမယ့် အိမ်ရှိမိသားစုတယောက်ယောက်ကို အားကိုးတကြီးနဲ့ အဆက်မပြတ် အော်ခေါ်နေရတာမျိုး၊ ခန္ဓာကိုယ်ကို ဇွတ်လှည့်နေရတာမျိုးမဟုတ်ပါလား၊ အောင်မလေး လေး… ချမ်းချမ်းစီးစီးနဲ့ အိပ်ရတာလည်း ဇိမ်မကျလိုက်လေခြင်း၊
ချမ်းတုန်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသော်ငြားလည်း ဖုန်းကိုကောက်ယူပြီး ဖွင့်လိုက်တဲ့အခါ လန့်ဖျန့်လို့သွားပါတော့တယ်။
“ အံ မယ်လေး၊ သုံးနာရီတောင်ခွဲသွားပါပေါ့လား၊ ဒုက္ခပါပဲ၊ ဆွမ်းလောင်းအမီ လုပ်စရာရှိတာတွေ ပြီးမှ ပြီးပါ့မလား ”
အိမ်ဦးနတ်ကြီး ဖြတ်တောက်ထားပေးတဲ့ တထွာသာသာ လက်ကောက်ဝတ်လုံးပတ်ခန့် ထင်းတုံးလေးတွေကို ရေနွေးအိုးအောက် မီးဖိုထဲထည့်ပေးနေရင်းနဲ့ မီးခိုးမှိုင်းတွေ၊ မိုးခိုးကြပ်စွဲနေတဲ့ လက်ခုကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်မိပါသေးရဲ့၊ ဘယ်လိုများ မီးဖိုချောင်မှာ ထင်းသုံးရတဲ့ဘဝ ပြန်ရောက်သွားပါလိမ့်၊
ဖွင့်ထားတဲ့ပြတင်းကနေ အပြင်သို့ တရွေရွေ့တလွန့်လွန့် ထွက်ခွာပြီး အပေါ်သို့တက်ကာ လေထုအတွင်း ဝင်ရောက်သွားတဲ့ မီးခိုးငွေ့တွေကို ငေးမောကြည့်နေရင်း ကမ္ဘာ့အဆင့်နှစ်ဖြစ်သွားတဲ့ ရန်ကုန်မြို့ကြီးရဲ့ လေထုညစ်ညမ်းမှုကို တွေးမိသွားပြန်ပါတယ်၊
ရန်ကုန်နဲ့ မန္တလေးက အဝေးကြီးပဲဥစ္စာ၊ ရန်ကုန်လေထုညစ်ညမ်းမှုရဲ့အကြောင်းရင်းမှာ ငါ့အိမ်က မီးခိုးတွေတော့ မပါတန်ကောင်းပါဘူးလေ၊
ရေနွေးတအိုး၊ ဆွမ်းတအိုးနဲ့ ချက်ပဲကို ဆီသတ်ပြီးမီးဖိုပေါ်တင်ထားတဲ့အချိန်မှာ ငါးနာရီမတ်တင်း ရှိနေပါပြီ၊ ခြေဗလာနဲ့ ကြွလာမယ့်သံဃာတော်တွေ ကျောက်စရစ်ခဲလေးတွေ၊ အမှိုက်သရိုက်တွေ မနင်းမိစေဖို့ အိမ်ဝင်းရှေ့ကလမ်းပေါ်ကို တံမျက်လှဲချိန်က ဆယ်မိနစ်ပဲ ရပါတော့တယ်၊ ဘယ်လို ပြောင်စင်ပါတော့မလဲ။
ဒါပေမယ့်လည်း ရသလောက်တော့ လှဲရမှာပေါ့။
မီးလုံးလေးကို လက်တဖက်ကကိုင်လို့ ကျန်လက်တဖက်နဲ့ တံမျက်လှဲရင်းနဲ့ ဖောင်တော်ဦးကျောင်းက တုံးခေါက်သံကို နားစွင့်ထားရပါတယ်၊ အဲဒီတုံးသံကြားရင် ဆွမ်းဟင်းထုပ်တာ စတင်နေကျပါ၊
ဟော … တုံးခေါက်သံကြားရပြီ၊ လှဲတာကိုလက်စသတ်ပြီး အိမ်ထဲဝင်ပြီး နာရီဆီ ဓာတ်မီးထိုးကြည့်တဲ့အခါ
“ ဟင် … ငါးနာရီနဲ့ ငါးမိနစ် တဲ့ ”
ကြည့်စမ်း ၊ ကိုရင်လား ကျောင်းသားလား၊ တုံးခေါက်တာကို ငါးမိနစ်နောက်ကျမှ ခေါက်ရသလားကွယ်ရို့၊ ငါ့နှယ် ဟိုမမီ ဒီမမီတော့ ဖြစ်တော့မှာပါပဲ။
မီးဖိုပေါ်က ပဲချက်ကလည်း ဆူနေပါပြီ၊ ပဲအိုးကို စားပွဲပေါ်တင်ပြီး မီးဖိုထဲ မီးသွေးနှစ်ခဲဖြည့်၊ ရေဆေးထားပြီးသားဆန်သုံးဘူးခွဲထည့်ထားတဲ့ အိုးကို ရေအလောတော်ထည့်လို့ မီးဖိုပေါ် တင်လိုက်ပါတယ်။ ဒေါ်ခင်မိမိက ကျွမ်းပါတယ်၊ မီးလည်းအကုန် ဆွမ်းလည်းအကျက် ကွက်တိချိန်တတ်ပါတယ်။
ဆွမ်းတန်းလေးတန်းအတွက် လေးဆင့်ချိုင့်ထဲ ဆွမ်းဟင်းခပ်ထားပြီးတဲ့နောက် တပါးစာဆွမ်းထုပ် ဆယ့်ငါးထုပ်ကို အမြန်ထုပ်ပြီး ဘုရားဆွမ်းတော်ပွဲနဲ့ အမေ့အတွက် အန်ရှုဝါးတခွက်၊ မျက်နှာသစ်ဖို့ ရေနွေးတခွက် ယူပြီး အမေ့အိမ်ဘက်သို့ အပြေးသွားရပါတယ်။
အပြေးမသွားလို့ မဖြစ်ဘူးလေ၊ ငါးနာရီနှစ်ဆယ်တောင်ဖြစ်နေပြီ၊ အမေ့ကိစ္စ၊ ဆွမ်းလောင်းဖို့ကိစ္စတွေလုပ်ဖို့အချိန်က ဆယ်မိနစ်ပဲ ရတော့တာကိုး။
အမေမျက်နှာသစ်ဖို့ ကုတင်ဘေးမှာ ခုံကလေးနဲ့ ရေနွေးခွက် တဘက် တို့ကို ပြင်ဆင်ပေးပြီးတဲ့နောက် ဆွမ်းတော်ဗန်းနဲ့ အိမ်အပေါ်ထပ်တက်လို့ ဆွမ်းကပ်အပြီး အောက်ပြန်ဆင်းလာတဲ့အခါ မယ်မင်းကြီးမ အဲလေ အမေက လက်ထဲမှာ တစ်ရှူးစက္ကူကလေးကိုင်လို့ ကုတင်ခြေရင်းက မိုဘိုင်းတွိုင်းလက်မှာ ထိုင်နေပါရောလား၊
အမေ့ကို စောင့်ပေးနေရင် အချိန်ပုပ်မှာကြောင့် အမေ့ထိုင်ခုံကို ဆိုဖာတုံးတင်၊ ဆွမ်းဟင်းတင်တဲ့စားပွဲကို တခေါက်အပြင်ထုတ်၊ ထိုင်ခုံကို တခေါက်ထုတ်ပါတယ်၊ သုံးခေါက်တောင် ဝင်ချည် ထွက်ချည် ပြီးတာတောင်မှ အမေက ထိုင်နေတုန်းဆိုတော့ အိမ်ဖက်သို့ အပြေးသွားပြီး ဆွမ်း တဇလုံခူးခပ်လို့ ပြီး ဆွမ်းထုပ်ကလေးတွေထည့်ထားတဲ့အိုးကို ယူလာထားရတာပေါ့၊ ရှေ့မှာ ဆယ့်ငါးပါးလောက်လောင်းနေတုန်း နောက်ကနေ ကျန်တဲ့ နှစ်ဆယ့်ငါးထုပ် ထုပ်လို့ ရလောက်ပါတယ်။
အမေ့ဆီပြန်ရောက်တော့ မျက်နှာသစ်ပြီးရုံမက ခါးကိုင်းကိုင်းနဲ့ အမယ်ကြီးဟာ တလှုပ်လှုပ်နဲ့ သူ့ဖာသာသူ ခြေအိတ်စွပ်မလို့ လုပ်နေတာ တွေ့ရပါတယ်။ အရည်ပြားတွေ ခြောက်သယောင်းနေတဲ့ အမေ့ခြေထောက်လေးကို ငြင်ငြင်သာသာကိုင်တွယ်ပြီး ခြေအိတ်စွပ်ပေး၊ အနွေးဖိနပ်ကလေးကို ခါပြီး ဝတ်ပေးရပါတယ်။
မခါလို့တော့မဖြစ်ပါဘူး၊ အိမ်မှာက ကင်းခြေများ ပေါပါတယ်၊ ကင်းတကောင်ကောင်က ဝင်နေပြီး မသိပဲ ဝတ်လိုက်မိရင် ကင်းကိုက်မှာပူရတယ်လေ၊ ကြံကြံဖန်ဖန်တွေးပြီး ပူရတာမဟုတ်ပါဘူး၊ ဖိနပ်ထဲဝင်အောင်းနေတဲ့ ကင်းမြီးကောက် အဆိပ်ဆူးထိုးမိလို့ ကျောက်ကပ်ပျက်စီးပြီး ဆုံးပါးသွားရတဲ့ မိတ်ဆွေတယောက်ရဲ့ ဖြစ်အင်က အမြဲ သတိပေးနေလို့ပါကွယ်ရို့။
အနွေးထည် နောက်တထပ်ဝတ်ပေးပြီး ခေါင်းစွပ်စွပ်ပေးအပြီးမှာ ရွှေစည်ရိပ်သာ ဆွမ်းစားကျောင်းက သံချောင်းခေါက်သံ ကြားလိုက်ရပါတယ်၊
ငါးနာရီခွဲပြီပဲ၊ နောက်ငါးမိနစ်ဆိုရင် အမေ့မြေးဦးဇင်းလေး ကြွလာတော့မှာ၊
အမေ့ကို အိမ်အပြင်က ကြိမ်ခုံဆီ တွဲခေါ်လာခဲ့ပြီး ထိုင်ခိုင်းထားစဉ်မှာ အမေဆွမ်းလောင်းနိုင်ဖို့ ဆွမ်းလောင်းစားပွဲနဲ့ ထိုင်ခုံကို အိမ်ဝင်းအပြင်ဘက် လမ်းနံဘေးမှာ ခင်းရကျင်းရပါတယ်၊ အမေ့ကို တွဲခေါ်လို့ သေသေချာချာ ကျကျနန ထိုင်ပြီးပြီဆိုတော့မှ ခုနက ခူးခပ်ထားတဲ့ ဆွမ်းဇလုံနဲ့ ဆွမ်းထုပ်ထည့်ထားတဲ့အိုးတို့ကို အမေ့ရှေ့က စားပွဲပေါ်မှာ နေသားတကျ ထားပေးခဲ့ပါတယ်။
ကဲ… ဆယ့်ငါးပါးလောက် ဆွမ်းလောင်းစမ်းပါလေ့၊ အချိန်တော့ ရသွားပြီ၊ အိမ်ဝင်းထဲ ပြန်လာစဉ်မှာပဲ မှိန်ပျပျ မီးအလင်းရောင်အောက်မှာ ရွက်လှပင်ရဲ့နံဘေးဆီ အကြည့်ရောက်သွားပါတယ်၊
အဲ… အမေ့ရဲ့ မိုဘိုင်းတွိုင်းလက်ကြီး မထုတ်ရသေးဘူးပဲ၊ ညကစွန့်ထားတာတွေ သွန်မယ်ဆိုတော့ အမေထိုင်နေတာနဲ့ မသွန်ဖြစ်ပဲ ဒီအတိုင်းအခြားလုပ်စရာရှိတာ ကျော်လုပ်ထားခဲ့မိတာ၊ အဲ့ဒါကို အပြင်ထုတ်ရင် အိမ်သာသွားဦးဟယ် ဆေးဦးကြောဦးဟယ် မ , ပြုပြီး ရွှေ့ဦးဟယ်နဲ့ အချိန်ပုပ်ပါတယ်၊ ခုလောက်ဆို မီးဖိုပေါ်တင်ထားခဲ့တဲ့ ဆွမ်းနောက်တအိုးက ကျက်ရော့မယ်၊ နောက်မှကြွလာမယ့် ကိုယ်တော်တွေလည်း ဆွမ်းဟင်းထုပ် မမီ ဖြစ်ရော့မယ်၊
မှားယွင်းစွာ ဆုံးဖြတ်ချက်ချမိတဲ့ ကျွန်မဟာ မီးဖိုချောင်ဆီသို့ အရင်သွားလိုက်ပါတယ်။ ဟုတ်တယ်၊ ဆွမ်းကလည်း ကျက်ပြီ၊ နည်းနည်းနောက်ကျရင် တူးနံ့ထွက်တော့မယ်။
ထမင်းအိုးကို မီးဖိုပေါ်ကချပြီး ရေနွေးအိုးကို တင်ပါတယ်၊ အခုမှ မီးဖိုပေါ်ကချတဲ့ဆွမ်းကို ချက်ခြင်း ခူးခပ်ရင် အဆင်မပြေတာေကြာင့် ဆွမ်းအိုးကြီးကို ဆွမ်း ထပ်မဖြည့်တော့ပဲ အပြင်ကို ထုတ်ယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်၊ ဆွမ်းအိုးက အောက်က၊ အပေါ်က ဆွမ်းဟင်းအိုးရယ် ပါဆယ်ထုပ်ရယ် အောက်ခံပန်းကန်လုံးလေးရယ်တင်ပြီး ဘာကျန်သေးလဲ ပြန်စစ်ရပါတယ်၊
ခုနကတုန်းက လောလော လောလောနဲ့ ဆွမ်းဇလုံထဲ ဆွမ်းလောင်းဇွန်းပါမသွားလို့ အမေအော်တာ ခံရပြီးပြီလေ၊ ကိုရင်လေးတွေကို ခဏစောင့်ခိုင်းထားပြီး အိမ်ထဲအပြေးဝင်လို့ ဆွမ်းလောင်းဇွန်းဝင်ယူရတယ် မဟုတ်လား၊ အားနာစရာ။
မီးပျက်နေတော့ ဓာတ်မီးရောင်အားကိုးနေရာက မမြင် မစမ်းနဲ့ ခလုပ်တိုက်မိရင် ဆွမ်းရော ဆွမ်းဟင်းတွေပါ အကုန်မှောက်ကုန်မှာစိုးလို့ ကိုယ့်ကိုယ်ကို သတိပေးနေဆဲမှာ အိမ်ရှေ့ အမေ့ဆီက အသံ သဲ့သဲ့ကို ကြားလိုက်ရပါတယ်။
“ ခင်မော်သန်းရေ… ခင်မော်သန်း ”
အမေ ခေါ်နေတာပဲ၊ ဘာလိုလို့ပါလိမ့်၊
“ ခင်မော်သန်းရေ… ခင်မိမိ ”
ဟယ်… ခင်မိမိ တဲ့၊ ခင်မိမိလို့ ခေါ်ရင် အမေက စိတ်ဆိုးပြီး အော်နေတာပဲပေါ့၊
အိုးနှစ်ထပ်ကြီး မ ပြီး အပြေး ထွက်ရပြန်ပါပြီ။
နားလေးတဲ့ အမေ့ကို လက်တို့ရင်း
“ အမေ ဘာလိုချင်လို့လဲ ”
“ ငါ ထွေးခံသွားချင်လို့ ”
အမေက ကျွန်မကို သနားစဖွယ် ပြောနေစဉ်မှာပဲ ကိုရင်သုံးပါးက ဆွမ်းခံ ရပ်လာပါတယ်၊
“ ဟုတ် ဟုတ် အမေ၊ ဒီမှာ ဆွမ်းလောင်းထားနှင့်ဦး၊ သမီးက ခုံမထုတ်ရသေးလို့ သွားထုတ်လိုက်ဦးမယ်နော် ”
စောစောက အမေထိုင်ထားတာပဲ လို့ အတွေးက ခံနေတဲ့ကျွန်မဟာ ခုံကို နေရာချအပြီး အမေ့ကို အိမ်ထဲ တွဲခေါ်လာခဲ့ပါတယ်၊ ခုံအနီးရောက်တော့ အမေက ထဘီအောက်အနားစ ကို ကပျာကယာ မ ,တင်ပြီး အမြန် ထိုင်ချလိုက်ပါတော့တယ်၊ ကျွန်မလည်း အမေ့ထဘီစကို အပေါ် ဆွဲပြီး မ, ကူပါတယ်နော်၊
အေးလှပါချည်ရဲ့လို့ ညည်းချင်းချရတဲ့ ဆောင်းနံနက်မှာ ကျွန်မရဲ့ ခေါင်းမှာ နောက်ကျောမှာ ချွေးတွေ နစ်နေပါပြီ။ ဒါကြောင့် ခေါင်းစွပ် နဲ့လည်စည်းကို ဆွဲဖြုတ်ထားရပါတယ်။
“ တကာမကြီးက နောက်ဖေးထိုင်နေလို့လား ”
“ ဟော… ဦးဇင်း ကြွလာပြီလား၊ မှန်ပါ့ဘုရား၊ ”
ခါတိုင်းလည်း ဆွမ်းလောင်းနေရင်း သုံးကြိမ်လောက် အိမ်ထဲ ဝင်တတ်ပါတယ်၊ အမေ့စောင့်ရတာတဖက် ဆွမ်းဝတ်ကတဖက်နဲ့ အမြဲဗျာများနေကျပါ။
အမေ့ရဲ့ မိုဘိုင်းတွိုင်းလက်ကြီးက ပြောရမယ်ဆိုရင် ကျွန်မက အမြော်အမြင်ကြီးကြီးနဲ့ အိမ်ဦးနတ်တို့မိသားစုဆီကနေ တောင်းယူထားတာပါ။ အိမ်ဦးနတ်ကြီးရဲ့အမေ ပေါင်ကျိုးပြီး အိပ်ယာထဲလှဲနေရတော့ ကျွန်မသားကြီးရဲ့အသက်မှ နှစ်နှစ်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနစ်နှစ်တုန်းကပေါ့၊
“ အမေ့ကို အိုးထိုးပေးတော့ ဝမ်းသွားရခက်ပါတယ်၊ ကျွန်းထိုင်ခုံတလုံးဝယ်ပြီး ထွေးခံထည့်လို့ရတဲ့အပေါက်ဖောက်လိုက်ရင် ခုံနဲ့ဆိုတော့ ထိုင်ရတာ အဆင်ပြေတာပေါ့ ”
အိမ်ဦးနတ်ကြီးရဲ့ ညီဝမ်းကွဲဖြစ်တဲ့ ကိုထွန်းရဲ့အကြံပြုချက်နဲ့ မိုဘိုင်းတွိုင်းလက်ကလေးကို ကျွန်မအလွန် သဘောကျလှပါတယ်။ သက်ကြီးရွယ်အိုနဲ့ လူမမာတွေအတွက် တကယ့်ကို သက်တောင့်သက်သာ ရှိလှပါတယ်။
အနှစ်သုံးဆယ်နီးပါးသက်တမ်းရှိတဲ့ထိုင်ခုံကလေးဟာ အခုဆိုရင် အမေ့အတွက် အရမ်းအဆင်ပြေတာပေါ့၊ စတီးမဟုတ်ပဲ သစ်သားခုံဆိုတော့လည်း အမေ အအေးမိမှာ စိတ်မပူရဘူးလေ။
လူကြီးဒိုင်ဗာသုံးဖို့ ကျွန်မကို အကြံမပြုကြပါနဲ့၊
အသက်ဆယ့်လေးနှစ်တုန်းက စတင်လာခဲ့တဲ့ အမျိုးသမီးလစဉ်သုံးဆိုတာ အခုခေတ်လို ပါးပါးလွှာလွှာ ချပ်ချပ်ယပ်ယပ် မွှေးမွှေးကြိုင်ကြိုင် မဟုတ်ပါဘူး၊ ဂွမ်းအညံ့တွေကို ဂေါ့စ ရစ်ပတ်ထားတဲ့ မာမာခဲခဲ ခုလုခုလု အကြီးကြီးပါ။ ပေါင်တွေပွန်းတဲ့ဒဏ် အနံ့ဆိုးတဲ့ဒဏ်တွေကနေ လွတ်မြောက်လာလာ လေးနှစ်ပဲ ရှိပါသေးတယ်။ နှစ်ပေါင်းလေးဆယ်လုံးလုံး ဒုက္ခခံရတဲ့ ပစ္စည်းမျိုးဆိုတော့ ဒီလို ပစ္စည်း တွေနဲ့ အိုကြီးအိုမ အမေ့ကို ဒုက္ခ မပေးပါရစေနဲ့။ ကလေးလို ပြန်ဖြစ်နေတဲ့ အမေ့ကို ဝတ်ကြီးဝတ်ငယ် လုပ်ကိုင်ပေးရတာ ဘာများအပမ်းကြီးလို့လဲကွယ်။
“ သမီးရေ… အမေ့ဆီ လာပါဦး ”
“ ဪ… အမေ ပြီးသွားပြီလား၊ လာပြီအမေရေ့ ”
“ မီးလုံးလေးပါယူခဲ့၊ အမေ့ကို လုပ်ပေးပါဦး ”
အမေ့အသံလေးက သနားစဖွယ်လေးပါလား၊ ဘာဖြစ်လို့ပါလိမ့်၊
ခုံမှာထိုင်နေရင်း ထဘီနောက်နားစ မ, ထားတဲ့အမေဟာ ကျန်တဲ့လက်တဖက်က တစ်ရှူးလေးကို ကိုင်ထားပြီး ယောင်နန ဖြစ်နေပါတယ်။ တလမှာ တခါလောက်တော့ ဖြစ်နေကျအတိုင်း အထိုင်မှာ မနိုင်ပဲ လျှောကျခြင်းပဲပေါ့။
“ အမေ၊ ရတယ် ရတယ်၊ အမေ ဒီအတိုင်း ငြိမ်ငြိမ်လေးပဲထိုင်နေနော်၊ သမီးအကုန် လုပ်ပေးမယ် ”
“ ခုံပေါ်မှာတွေရော ”
“ ဘာမှ မဖြစ်ဘူးနော်အမေ၊ စိတ်မပူနဲ့နော်၊ ထဘီသွားယူပြီး ထဘီအရင်လဲမယ်နော်၊ ခုံကိုလည်း ရေဆေးပစ်လိုက်မှာ၊ ဘာမှ မဖြစ်ဘူးနော်အမေ ”
အတူနေသမီးဆိုတာ ဒါမျိုး ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်ပေးတတ်တာပေါ့၊
“ အသက်ကြီးလာတာ ဘာမှကို မကောင်းပါဘူးအေ ”
ငိုသံတဝက်နဲ့ တုန်တုန်ယင်ယင် ပြောရှာတဲ့အမေ့ကို အိမ်ရှေ့သို့ ပြန်တွဲခေါ်လာပြီး ကျကျနနထိုင်စေပါတယ်။
တော်ပါသေးရဲ့၊
ဒီနေ့တော့ တနိးဆွမ်းလောင်းတာနဲ့ မတိုက်ဆိုင်ပေလို့။
အိုကြီးအိုမ ဆိုတာ ဒီလိုပါ။
#ခင်မိမိ_နန်းတော်ရှေ့
၄. ၂. ၂၀၂၅.








