
“ကမ္မဇိဒ္ဓိ”
#ဖိုးကျော့ ဦးအိမ်ချမ်းအောင်သည် နံနက်အိပ်ရာထမှာ မိုးပေါ် တစ်ချက်မော့ကြည့်လိုက်သည်။ ယနေ့ နေဝန်းနီနီနှင့် နေရောင်ခြည်ကို လုံးဝ မမြင်ရ။ တစ်ပတ်နီးပါးခန့် သဲကြီးမဲကြီး မိုးရွာသွားသော်လည်း ကောင်းကင်တစ်ခွင်တစ်ပြင်လုံးမှာ ကြည်ကြည်လင်လင် မရှိ။ တိမ်ညို တိမ်မည်း၊ တိမ်ခဲ တိမ်လိပ်များကို မမြင်ရသော်လည်း အံ့ပျမှုန်မှိုင်းနေသည်။ လေကလည်း ငြိမ်နေ၏။ ထို့ကြောင့် နောက်ထပ် မိုးရွာတော့မည်မဟုတ် ဆိုသည်ကိုတော့ ဦးအိမ်ချမ်းအောင်က ဒေသအတွေ့အကြုံအရ သိထားသည်။ မိုးမရွာလျှင် သူ တောတက်ချင်သည်။ သူတို့အရပ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် မိုင်နှစ်ဆယ်ခန့်ဝေးသော ဆင်ပုတ်ရွာ ဖြစ်သည်။ ဆင်ပုတ်ရွာ၏ ရွာခွဲ၊ ရွာခြားဖြစ်သော အင်တိုင်းစုတွင် သူနေသည်။
အင်တိုင်းစုမှာ အိမ်သုံးလေးအိမ်သာ ရှိသည်။ တစ်အိမ်နှင့်တစ်အိမ်ကလည်း မနီး။ တောတောင် ထူထပ်သလို တစ်အိမ်နှင့် တစ်အိမ်ကြားတွင် သရက်၊ ပိန္နဲ၊ နရွဲ၊ မာလကာ စသည့် စားပင်ဥယျာဉ်များလည်း ရှိကြသဖြင့် မမြင်ရ ခေါ်တကြားသာ ရှိကြသည်။ ဆင်ပုတ်၊ ကြောင်ခိုး၊ ပြားချိန် စသည့်ရွာများ၏ ပတ်ဝန်းကျင်မှာ တောတောင်ထူထပ်သလို ချောင်းမြောင်း၊ မြစ်လက်တက်တို့ကလည်း များသည်။ တစ်ရွာနှင့် တစ်ရွာ၊ တစ်စုနှင့် တစ်စု သွားလိုလျှင် လှေနှင့်သွားလာမှ ပို၍ ခရီးတွင်သည်။ ထို့ကြောင့် ယနေ့ နေသာလျှင် နဂါးတောဘက်ကို လှေတံကူခုတ်ရန်သွားမည်ဟူသော ရည်ရွယ်ချက်နှင့် ဦးအိမ်ချမ်းအောင်က မိုးပေါ်ကို ထပ်မော့ကြည့်ပြန်သည်။
ထိုအချိန်မှာပင် စောစောစီးစီး ဘုတ်အီသံက ယနေ့ မိုးမရွာတော့ကြောင်း သက်သေထူနေသဖြင့် ဦးအိမ်ချမ်းအောင်သည် နဂါးတောဘက် လှေတံကူခုတ်ရန် ဓားထမ်း၍ ထွက်လာလေ၏။ ဦးအိမ်ချမ်းအောင် လှေတံကူခုတ်ရန် တက်လာသော နဂါးတောင်၊ နဂါးတောမှာ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်ပျံတစ်စင်း ပျက်ကျဖူးသည်။ သစ်ကြီးဝါးကြီးတွေပေါ၍ တောကြီးသည်။ သို့သော် ဤတော ဤတောင်သည် ဦးအိမ်ချမ်းအောင်တစ်သက် ငယ်စဉ်ကပင် သွားလာနေကျဖြစ်သဖြင့် ဘယ်နေရာ ဘာရှိသည်ကိုပင် သူ အတပ်သိထားသည်။
ထို့ကြောင့်လည်း ရဲရဲဝံ့ဝံ့ တစ်ယောက်တည်း လှေတံကူခုတ်ရန် ထွက်လာခြင်း ဖြစ်သည်။ တောလမ်းအတိုင်း တစ်ယောက်တည်း တက်လာသော ဦးအိမ်ချမ်းအောင်ကို မြင်၍လားမသိ၊ သဖန်းပင်တစ်ပင်ပေါ်ရှိ ရှဉ့်ငပေါတစ်ကောင်က အထိတ်တလန့်နှင့် ဆီးကြိုပြီး တစွပ်စွပ် စုတ်ထိုးပြနေသည်။ သို့သော် ဤသည်ကို ဦးအိမ်ချမ်းအောင်က တစ်ချက်သာ လှည့်ကြည့်ခဲ့ပြီး သူ့လမ်း သူ ဆက်တက်လာသည်။ တောလမ်းလေးမှာ မိုးရွာထားသဖြင့် ချောနေသည်။ မလဲမချော်အောင် မနည်းသတိထားပြီး တက်လာရ၏။ တစ်မိုးလုံးကား အုံ့မှိုင်းနေဆဲပင်။ မြက်သောက်တောစနားရှိ သပွတ်ပင်ကြီး တစ်ပင်နားအရောက်တွင် သစ်တောထဲကို လေတိုးလိုက်သံလို ရှဲခနဲ အသံတစ်ခုနှင့်အတူ ဦးအိမ်ချမ်းအောင်၏ တစ်ကိုယ်လုံးမှာ ချက်ချင်း ဆတ်ခနဲ တုန်ခါသွားပြီး ဖြန်းခနဲ ကြက်သီးထသွားသည်။
ကြောက်၍မဟုတ်။ သစ်ကြီးဝါးကြီးတို့၏ တောတောင်အေးစိမ့်ရိပ်ကြောင့် ရုတ်တရက် ကျောချမ်းသွားခြင်းသာ။ ဤသည်ကိုလည်း သူ့စိတ်ထဲက ဘယ်လိုမှ မဥပါဒ်၊ မသိုးမသန့် မဖြစ်မီလိုက်။ ဤလမ်း ဤခရီးမှာ သူသွားနေ လာနေကျဖြစ်သဖြင့် လှေတံကူခုတ်၍ရနိုင်သော သစ်ကောက်၊ သစ်ကွေ့များကိုသာ နဂါးတောကြီးထဲ လိုက်ရှာနေလေ၏။ ဟိုအပင်မော့ကြည့် သည်အပင်မော့ကြည့်နှင့် သစ်ကောက် သစ်ကွေ့ကိုင်းများကို နဂါးတောထဲ နာရီဝက်ခန့် လှည့်ပတ်ရှာနေသော်လည်း တစ်ပင် တစ်ကိုင်းကိုမျှ မတွေ့ရသောအခါ သူ့စိတ်ထဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်ချင်လာသည်။ မိုးကြီးစဲစ သစ်ကြီးဝါးကြီး၊ တောကြီးမျက်မည်းထဲ ရောက်၍ ဤသို့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သည်ဟု သူ ထင်သည်။ ထို့ကြောင့် လှေတံကူ စောစောခုတ်ရရေးသာ သူ့စိတ်မှာ ရှိနေလေသည်။
တခြား ဘာကိုမှ သူ မစဉ်းစား။ သည်လိုနှင့် လှေတံကူလျာ သစ်ကောက် သစ်ကွေ့ ကို လျှောက်ရှာရင်း မူလ သူ တောစတက်လာခဲ့စဉ်က ကြက်သီးဖြန်းဖြန်း ထသွားခဲ့ ရသော မြက်သောက်တောစ သပွတ်ပင်ကြီးနား ရောက်လာသည်။ “ဟာ ဒီနေရာက ငါ စတက်လာခဲ့တာပဲ။ ဒီလမ်းက ခြေရာတွေလည်း ငါ့ခြေရာ တွေနေမှာပဲ။ ဒီနားတစ်ဝိုက်ကို ငါရှာပြီးပြီပဲ။ လှေတံကူရနိုင်တဲ့သစ်ပင် မရှိပါဘူး” ဟု တွေးကာ ထိုနေရာမှ ပြန်လှည့်လာသည်။ နဂါးတောထဲ လှေတံကူခုတ်ရန် ထပ်ရှာရင်းက သူ့စိတ်မှာ လေးလံ ထိုင်းမှိုင်းလာသည်။ အိပ်ချင်သလိုလည်း တွေ့လာ၏။ သို့သော် သူ့မှာ လှေတံကူရရှိရေးသာ ဇောကပ်နေသဖြင့် လှေတံကူရနိုင်သော သစ်ကွေ့၊ သစ်ကောက် ကိုင်းတွေကိုသာ နဂါးတောထဲ ထပ်ရှာနေလေ၏။
ကွမ်းတစ်ယာညက်ပင်မကြာ သူ တောစတက်လာစဉ်က ရောက်ခဲ့သော၊ ဒုတိယတစ်ခေါက်ပင် မျက်စိလည်ပြီး ရောက်သွားခဲ့မိသော မြက်သောက်ပင်များရှိရာ သပွတ်ပင်ကြီးနားသို့ တစ်ခေါက်ရောက်လာမိပြန်ပြီ။ သူ့စိတ်ထဲ နည်းနည်း ဇဝေဇဝါ ဖြစ်သွားသည်။ “ဒီနေရာက ငါ တောစတက်လာတာပဲ။ ဒုတိယတစ်ခေါက်လည်း ရောက်ခဲ့ပြီပဲ။ ခု ဘယ့်နှယ် ဘယ့်နှယ် ငါ ဒီနေရာကို ပြန်ရောက်လာရပြန်တာလဲ။ ဟုတ်မှဟုတ်ရဲ့လား၊ ဒီတော ဒီတောင်မှာ ငါမျက်စိမှောက်စရာလည်း မရှိပါဘူး။ ငယ်ငယ်ကတည်းက ဒီတော ဒီတောင်မှာ အခါပေါင်း မရေမတွက်နိုင်လောက်အောင် ငါ သွားလာနေတာပဲ” အတွေးမဆုံးခင်ပင် ထိုနေရာမှ သူ လှည့်ထွက်လာပြန်သည်။ သို့သော် ခါတိုင်းနှင့် လုံးဝမတူတော့ဘဲ ခြေလှမ်းတွေက လေးလာသလို ဖြစ်လာသည်။
တစ်ကိုယ်လုံးရှိ ခြေတွေ လက်တွေကိုလည်း မသယ်ချင်သလို အသားတွေကလည်း ဟိုနေရာက တဆတ်ဆတ်၊ သည်နေရာက တဆတ်ဆတ် တုန်လှုပ်လာသည်။ သူ့စိတ်မှာလည်း ထိုင်းမှိုင်းလာရုံမက အိပ်ငိုက် ချင်လာသည်။ သူသည် ငယ်စဉ်ကပင် ဤတောတောင်ထဲ ဤသို့ သွား လာနေခဲ့သည်မှာ ယခု အသက်ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း ဤသို့ကား တစ်ခါမှ မဖြစ်စဖူး။ သွားရင်းလာရင်း၊ သစ်ကွေ့ သစ်ကောက်တွေကို ရှာရင်း သူ့စိတ်မှာ ပို၍သာ ထိုင်းမှိုင်းအိပ်ငိုက်ချင်လာသည်။ ခြေလှမ်းတွေလည်း လေးလံလာသလို အရှေ့၊ အနောက်တောင်၊ ၊ မြောက် စသည် အရပ်လေးမျက်နှာကိုပင် မမှတ်မိ၊ မသိချင်သလို ဖြစ်လာသည်။ ထို့ကြောင့် သတိရ၍ နေကို မော့ကြည့်သည်။ သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းထားသည့်အပြင် မိုးအုံ့နေသဖြင့် နေဝန်းကိုလည်း လုံးဝ မမြင်ရ။ တစ်တောလုံး တစ်တောင်လုံးမှာ သူ့စိတ်လို ထိုင်းမှိုင်းအုံ့ဆိုင်းနေသည်။ သို့သော် ဦးအိမ်ချမ်းအောင်ကား တော်တော်နှင့် ဇွဲလျှော့တတ်သူ မဟုတ်။ လှေတံကူ ရနိုင်မည်ထင်သော နဂါးတောထဲ၌သာ သစ်ကောက် သစ်ကွေ့တွေကို ထပ်ရှာနေ၏။
သည်လိုနှင့် သွားရင်းလည်ရင်းပင် သူ ပထမ တောစတက်လာသော၊ ဒုတိယတစ်ခေါက်လည်း ရောက်ခဲ့ရသော၊ တတိယတစ်ခေါက်လည်း မျက်စိလည် လမ်းမှား၍ ရောက်ထားခဲ့ဖူးသော မြက်သောက်ပင်များရှိ သပွတ်ပင်ကြီးခြေရင်းသို့ စတုတ္ထအကြိမ်မြောက် တစ်ခေါက်ရောက်လာပြန်ပြီ။ ထို့ကြောင့် ဤတစ်ခါတော့ သူ့စိတ်မှာ ထိတ် လန့်ချောက်ချားစ ပြုလာသည်။ “မဖြစ်စဖူး၊ မကြုံစဖူး ဘယ်လိုဖြစ်ပါလိမ့်။ ငါ အိမ်ပြန်တာပဲ ကောင်းမယ်ထင်တယ်။ နေလို့လည်း သိပ်မကောင်းချင်သလို ဖြစ်လာတယ်။ တစ်ကိုယ်လုံး အသားတွေလည်း ဘယ်လိုဖြစ်မှန်းမသိ တဆတ်ဆတ် တုန်လာတယ်” ဟု တွေးပြီး အိမ်ပြန်ရန် စိတ်ကို ဆုံးဖြတ်လိုက်ချိန် တွင် ရုတ်တရက် တစ်ကိုယ်လုံး နတ်ကသလို တုန်လာကာ မျက်စိလည်း ပြာဝေပြီး ပြန်လမ်းမသိ ဖြစ်သွားမိသည်။
ထိုစဉ် အသားတွေက ပို၍ တဆတ်ဆတ် လှုပ်လာသလို ပို၍လည်း အိပ်ချင်ငိုက်မျဉ်းလာသည်။ ဤတော ဤတောင်တွင် ငယ်စဉ်ကပင် မရေမတွက်နိုင်လောက်အောင် အခေါက်ခေါက်အခါခါ သွားလာနေခဲ့သော ဦးအိမ်ချမ်းအောင်သည် ဤနေ့မှာ မိမိအိမ်သို့ ပြန်ရန်ပင် လမ်းမသိဖြစ်သွားသဖြင့် သပွတ် ပင်ကြီးပေါ် တက်လိုက်သည်။ သူ့စိတ်ကူးမှာ ဤသပွတ်ပင်ကြီးပေါ်က တက်ကြည့်လျှင် သူ့အိမ်ဘက်ရှိ စင်ပြွမ်းပင်ကြီးကို မြင်ရမည်။ ထိုစင်ပြွမ်းပင်ကြီးမှာ အဓိကရ မြင့်သဖြင့် ဘယ်နေရာကကြည့်ကြည့် မြင်သာ သိသာသည်။ စင်ပြွမ်းပင်ကြီးကို မြင်ရလျှင် သူ့အိမ် သူ မှန်းဆ၍ ပြန်တတ်ပြီ။ စင်ပြွမ်းပင်ကြီးနှင့် သူ့အိမ်မှာ ခေါ်တကြား၌သာ ရှိသည်။ အံ့ဩစရာကောင်းလိုက်သည်မှာ သပွတ်ပင်ကြီး ထိပ်ဖျားနား ရောက်သည်နှင့်တစ်ပြိုင်နက် ဖြုန်းခနဲ စိတ်တွေ ကြည်လင်သွားကာ နေကို လုံးဝ မမြင်ရသော်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို ပီပီပြင်ပြင် မှတ်မိခဲ့သည်။
သို့သော် ယခုမူ မြေပြင်ကို ခြေချမိလိုက်သည်နှင့် ချက်ချင်း ဇဝေဇဝါ ပြန်ဖြစ်ကာ ဘာကိုမှ မမှတ်မိပြန်တော့။ ထို့ကြောင့် ဦးအိမ်ချမ်းအောင်သည် လှေတံကူခုတ်ဓားကို မြဲမြဲဆုပ်ကိုင်ကာ “ငါ ဘယ်လိုဖြစ်သွားပြန်ပါလိမ့်” ဟု မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင် ဘယ်ညာကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်လိုက် သည်။ ထိုစဉ် သူ့နားထဲ ‘ဖျပ်ဖျပ် ဖျပ်ဖျပ်’ မြည်နေသံတစ်ခုကို ကြားလာရ၏။ ဓားကို မြဲမြဲဆုပ်ကိုင်ပြီး အသံကြားနေရာဘက်ကို သူ ကြည့်လိုက်သည်။ မြက်သောက်ပင်ဖုတ်နှင့် ချုံရှုပ်နေသော နေရာထဲတွင် မြွေတစ်ကောင်၏ အမြီးပိုင်းတစ်ပိုင်းသည် မြေပြင်ကို ဖျပ်ဖျပ် ဖျပ်ဖျပ်နှင့် ပုတ်ခတ်လှုပ်ရှားနေသည်ကို ဦးဆုံး စမြင်ရသည်။ တစ်ကိုယ်လုံးရှိ အသားတွေ တဆတ်ဆတ် တုန်လှုပ်ကာ စိတ်တွေ ထိုင်းမှိုင်းနေသော်လည်း သူကား သတိမလွတ်။
ငယ်စဉ်ကပင် တောထဲ တောင်ထဲ၊ အထူးသဖြင့် ဤတော ဤတောင်ထဲ အမြဲသွားလာရင်း မြွေ အကြီးအသေး မြောက်မြားစွာကိုလည်း တွေ့ဖူး ကြုံဖူးခဲ့သူမို့ များစွာ ကြောက်စိတ်မဝင်မိ။ ထို့ကြောင့် တဖျပ်ဖျပ် အမြီးလှုပ်ခတ် အားယူနေသော မြွေအမြီးပိုင်းကစ၍ တဖြည်းဖြည်း လျှောက်ရွှေ့ကြည့်လာရာ သပွတ်ပင်ကြီးနှင့် မြက်သောက်ပင်ဖုတ် အကြားရှိ ကွမ်းဖဲပင်တစ်ပင်နား အကြည့်အရောက်မှာတော့ ဦးအိမ်ချမ်းအောင် ချက်ချင်း ထိတ်လန့်သွားသည်။ သူ့လက်သီးဆုပ်ထက်ပင် ကြီးသော မြွေခေါင်းကြီးတစ်ခေါင်းသည် ကွမ်းဖဲကိုင်းတစ်ကိုင်းပေါ် မေးတင်ကာ လျှာထုတ်လိုက် ပြန်သွင်းလိုက်နှင့် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ လောက်စာလုံးလောက်ရှိသော မြွေမျက်လုံးကြီးနှစ်လုံးကလည်း အရောင်တွေ တလျှံလျှံထွက်နေသလား ထင်မိလိုက်သည်။ “လက်စသတ်တော့ ဒီမြွေကြီးညှို့ထားလို့ ငါ ဒီလိုဖြစ်နေတာကိုး” ဟု တွေးလိုက်စဉ် မြွေကြီးသည် သူ့အား ခေါင်းနှင့် ပစ်ဆောင့်ထိုးရန် သူ့ကိုယ်လုံးရှည်ကြီးကို ပုတိုသွားအောင် ကျုံ့စု၍ အားယူလိုက်သည်။ မြွေကြီးနှင့် ဦးအိမ်ချမ်းအောင်တို့၏ အကွာအဝေးမှာ လက်တစ်ကမ်းသာ ရှိနေကြ၏။
ကွမ်းဖဲပင်ပေါ် ခေါင်းမှေးတင်ထားသဖြင့် အမြင့်မှာ ဦးအိမ်ချမ်းအောင်၏ခါးနှင့် ငြိနေသည်။ မြွေကြီးက လက်ဦးသွား၍ ထိုးပေါက်ကိုက်လျှင် သူ့ခါးကို တည့်တည့်မတ်မတ် ထိနိုင်သည်။ သို့သော် သူ့မှာ နောက်ဆုတ်ပြန်ပြေးရန်လည်း လုံးဝ သတိမရတော့။ ထို့ကြောင့် ဦးအိမ်ချမ်းအောင်သည် သတိရရချင်း လှေတံကူခုတ်ဓားကို လက်နှစ်ဖက်နှင့် တအား ဆုပ်ကိုင်ကာ မြွေကြီး၏ဇက်ကို သေတစ်နေ့ မွေးတစ်နေ့ဆိုပြီး ပိုင်းချလိုက်သည်။ ဦးအိမ်ချမ်းအောင် ခုတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် မြွေကြီးကလည်း သူ့အမြီးပိုင်းနှင့် ဦးအိမ်ချမ်း အောင်ကို ဝုန်းခနဲ ရိုက်သတ်ကာ ပတ်လိမ့်လုံးထွေးလာသည်။ မြွေကြီး၏ ရိုက်သတ်ပတ်လိမ်ချက်မှာ ဘယ်လိုမှ လွတ်ထွက်သွားနိုင်စရာမရှိလောက်အောင် ခွင်ကျ ချိန်ကိုက်၍ ဟန်ချက်ညီလှသည်။
ဝုန်းခနဲ လှမ်းရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အမြီးဘက်ပိုင်းသည် ဦးအိမ်ချမ်းအောင်၏ လက်ယာပခုံးမှ ကျော်ဆင်းလာကာ လက်ဝဲချိုင်းအောက်မှ နောက်ကနေပြီး ပေါင်နှစ်လုံးကြား တင်ပါးအောက်မှ လျှိုပြီး ညာဘက်ပေါင်ကို တအား လိမ်ကျစ် ရစ်ပတ်ညှစ်သတ်လာသည်။ မြွေကြီးက ဝုန်းခနဲ ရိုက်သတ်လိမ်ကျစ် ပတ်ညှစ်လိုက်ကတည်းက ဦးအိမ်ချမ်းအောင်မှာ မြေပြင်ပေါ် လဲကျသွားသည်။ သူ့လက်နှစ်ဖက်နှင့် တအားကိုင်ခုတ်ချလိုက်သော လှေတံကူခုတ်ဓားမှာလည်း လက်မှ လွင့်စဉ်သွားသည်။ မြွေကြီးကိုယ်လုံးနှင့် ဦးအိမ်ချမ်းအောင် ကိုယ်လုံးတို့မှာ ရစ်ပတ်လိမ်ကျစ်ရင်း လိမ့်စောင်းချောက်တစ်ခုထဲ လိမ့်ကျလာကြသည်။ ချောက်မှာ အနက်ကြီး မဟုတ်။ ဆင်ခြေလျှော လိမ့်စောင်းသာ ဖြစ်သဖြင့် ဦးအိမ်ချမ်းအောင်သည် သူ့ကိုယ်ကို ရစ်ပတ်ဖျစ်ညှစ်ထားသော မြွေကိုယ်လုံးကြီးကို ဆွဲကုတ်ဖြုတ်ခွာသည်။
မြွေကြီး၏ ကုပ်ဆက်မှာ တံကူခုတ်ရန် မြည့်နေအောင်သွေးလာသော ဦးအိမ်ချင်းအောင်၏ ဓားချက် ကြောင့် သုံးပုံနှစ်ပုံပြတ်ကာ တွဲလောင်းကြီး ဖြစ်နေ၏။ မျက်လုံးကြီးနှစ်လုံးမှာ အရောင်တောက်ကာ မမှိတ်မသုန်ရှိနေသေးသော်လည်း ပါးစပ်ထဲက တွဲကျနေသော လျှာကိုမူ ပါးစပ်ထဲသို့ပင် ပြန်မသွင်းနိုင်တော့ဘဲ တန်းလန်းကြီး ဖြစ်နေ၏။ ထူးဆန်းသည်မှာ မြွေကြီး ရစ်ပတ်လိမ်ကျစ်ထားခြင်းမှ ဦးအိမ်ချမ်းအောင် လွတ်ထွက်သွားပြီး ခုန်ထလိုက်သည်နှင့် ချက်ချင်း စိတ်ထဲကြည်လင်သွားသည်။ အရပ်လေးမျက်နှာကိုလည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် ချက်ချင်း သိသွားသည်။ အသားတွေလည်း လုံးဝ ဆတ်ဆတ် မလှုပ်တော့။
မြွေကြီးနှင့် လုံးထွေးသတ်ပုတ်ထားရသဖြင့် မောပန်းကာ ဟောဟဲ ဟောဟဲ ဖြစ်နေသည်က လွဲလျှင် စိတ်မှာ ပကတိ ကြည်ကြည်လင်လင် အကောင်းပင်။ ထို့ကြောင့် လက်ထဲက လွင့်စဉ်သွားသော ဓားကို ကမန်းကတန်း ရှာကြည့်သည်။ ချောက်နားတွင် ချက်ချင်းတွေ့ရသဖြင့် ဓားကိုပြေးကောက်ကာ တလှုပ်လှုပ်နှင့် ဟိုချုံလိမ်၊ သည်အပင်ပတ် လှုပ်ရှားနေသော မြွေကိုယ်လုံးကို ဓားနှင့်သုံးလေးချက် ခုတ်ပစ်လိုက်သည်။ မြွေကြီးမှာ စပါးကြီးမြွေမျိုး ဖြစ်သည်။ လှေတံကူခုတ်ဓားနှင့် တအားခုတ်ပိုင်းလိုက်ကတည်းက ကုပ်ဆက်အရိုးပြုတ်သွားသဖြင့် ပါးစပ်က လူကို ဘာမှ အန္တရာယ်မပေးနိုင်တော့။ ဦးအိမ်ချမ်းအောင်သည် ထိုစပါးကြီးမြွေကို သူ့အိမ်နားအရောက် တစ်နာရီခန့် အမြီးပိုင်းမှကိုင်၍ ဆွဲယူလာ၏။
အိမ်နားရောက်သောအခါ အိမ်နီးနားက လူများနှင့် အရှည်ကို လက်နှင့်တောင်ကြည့်ရာ ဆယ်တောင် ပြည့်ရန် တစ်ထွာသာ လိုသည်။ လုံးပတ်မှာ လူကြီးသုံးထွာပြည့်ရန် လှေတံကူခုတ်ဓား တစ်ပြတ်စာသာ လိုသည်။ စပါးကြီးမြွေမှန်းသိ၍ သည်းခြေယူရန် ခွဲကြသောအခါ ဦးအိမ်ချမ်းအောင် သုံးလေးချက်ခုတ်ထားသဖြင့် သည်းခြေပေါက်သွားကာ အနည်းငယ်သာ ရတော့သည်။ (စာကြွင်း) မြွေများတွင် ညှို့ကြောရှိသည်။ လူ သို့မဟုတ် သူတို့ဖမ်းစားလိုသော သတ္တဝါတစ်ကောင်ကောင်၏ ခြေရာကိုတွေ့လျှင် ညှို့ကြောကို ချက်ပေါက်မှ ထုတ်၍ ထိုညှို့ကြောအဆုံးတွင်ပါသော ချေခွာပုံနှင့် ခြေ ရာကို ထောက်ထားတတ်သည်။ ထိုအခါ ခြေရာရှင်သည် ဘယ်သွားသွား မျက်စိလည်ကာ ထိုမြွေရှိရာနားသို့သာ ရောက်လာတတ်သည် ဟူသော မုဆိုးများ၏ ယုံကြည်ချက်ကို ဦးအိမ်ချမ်းအောင်အား မေးကြည့်ရာ သူ့ခြေရာကို စပါးကြီးမြွေက ညှို့ကြောနှင့် ထောက်ထား မထား သူ မသိဟု ပြောသည်။
မိုးတွင်းဖြစ်သဖြင့် ခြေရာထင်နိုင်သည်မှာတော့ အမှန်ပင်။ စပါးကြီးမြွေ၏ သည်းခြေသည် ညှို့ကြောနှင့် တစ်ဆက်တည်းလားဟု မေးကြည့်သောအခါ ဤသည်ကို သူ သတိမထားမိဟု ပြောသည်။ စပါးကြီးမြွေ၏သည်းခြေသည် မြွေတစ်ကိုယ်လုံးရှိ အကွက်များထဲက ပျက်နေသော အကွက်အောက်၌ ရှိသည်မှာတော့ အမှန်ပင်။ သို့သော် ထိုအကွက်ပျက်သည် တစ်နေရာတည်း၌ မရှိတတ်ဘဲ မနက်ဆိုလျှင် ချက်နား၊ နေ့လယ်ဆိုလျှင် အလယ်၊ ညနေမှာခေါင်းဘက်သို့ ရွှေ့နေတတ်သည်။ စပါးကြီးမြွေတစ်ကိုယ်လုံးရှိ ပုံမှန်လေးထောင့်ကွက်ထဲမှ သည်းခြေရှိနေသော အကွက်သည် သုံးထောင့် သို့မဟုတ် ဘဲဥပုံ သို့မဟုတ် အကွက်မပြည့်ဘဲ မညီမညာ ဖြစ်နေတတ်သည်ဟု စပါးကြီးမြွေ လေးငါးကောင်ကို ရဖူး၍ သည်းခြေခွဲယူဖူးသူတစ်ယောက်က ပြောပြသည်။ သူက စာရေးသူအား အရှင်းဆုံး ပြောပြသည်မှာ- “မနက်ဆိုရင် ချက်နားက အကွက်ပျက်မှာ သည်းခြေနေတယ်။
နေ့လယ်ဆိုရင် အလယ်မှာနေတယ်။ ညနေဆိုရင် ခေါင်းဘက်ပိုင်းမှာ နေတယ်” “အဲဒီတော့ မြွေတစ်ကိုယ်လုံးမှာ အကွက်ပျက် သုံးကွက် ပါတာပေါ့နော်” “မဟုတ်ဘူးဗျ။ သည်းခြေနေတဲ့အကွက်ပျက်က စပါးကြီးမြွေတစ်ကိုယ်လုံးမှာ တစ်ကွက်ပဲပါတယ်” “ခင်ဗျား စောစောကပြောတော့ မနက်ဆို ချက်နား၊ နေ့လယ်ဆို အလယ်၊ ညနေဆို ခေါင်းဘက်ပိုင်းဆိုတော့ သုံးကွက်လေဗျာ” “မဟုတ်ဘူး၊ မြွေတစ်ကိုယ်လုံးမှာ အကွက်ပျက်က တစ်ကွက်ပဲပါတယ်” “ဒီလိုဆို ကျန်နှစ်ကွက်ကကော၊ ကျွန်တော်ပြောတာ ခင်ဗျား နားမရှင်းဘူးထင်တယ်။
ဥပမာဗျာ ခင်ဗျား ထိန်ပြင်တောမှာရတဲ့ စပါးကြီးမြွေက ညနေရတာဆိုတော့ ချက်နားကအကွက်နဲ့ အလယ်က အကွက်ပျက်ကကော” “သည်းခြေရွှေ့လာတာနဲ့ ကျန်နှစ်ကွက်က အကွက်ကောင်း ပြန်ဖြစ်သွားတယ်” စပါးကြီးမြွေ၏ ဝမ်းတွင်းရှိ သည်းခြေက တစ်နေ့ သုံးခါပြောင်းနေသည်ဆိုခြင်းမှာ အံ့ဩစရာပင်။ စပါးကြီးမြွေသည်းခြေသည် ထိုသို့မြွေတစ်ကိုယ်လုံး သူ့အချိန်နှင့်သူ ရွေ့လျားလျှောက်သွားနေသည်မှာ အဘယ်ကြောင့်နည်း။
သက်ရှိသတ္တဝါတို့၏ ခန္ဓာဗေဒ ဖွဲ့စည်းတည်ဆောက်ပုံမှာ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ် စသည်ဖြင့် သူ့နေရာနှင့်သူ အမြဲတည်ရှိနေကြပါလျက် ဤမြွေတိရစ္ဆာန်၏သည်းခြေမှာ အဘယ်ကြောင့် တစ်နေရာတည်း မနေသနည်း။ ထို့ထက် အံ့ဩစရာကောင်းသည်မှာ ဝမ်းဗိုက်အတွင်းထဲမှ သည်းခြေ ရွေ့လျားနေတိုင်း အပြင်အရေခွံရှိ အကွက်များသည် အဘယ်ကြောင့် လိုက်လိုက်ပျက်နေရသနည်း။ သွင်း၍ထုတ်၍ ရသော၊ လူနှင့်တကွ သက်ရှိသတ္တဝါများကို ညှို့ခေါ် ဖမ်းယူအားရှိသော မြွေ၏ညှို့ကြောနှင့် သည်းခြေသည် တစ်ဆက်တည်း သို့မဟုတ် သည်းခြေမှ မြစ်ဖျားခံလာသော ညို့ကြောသည်ပင် စွမ်းအား (ကမ္မဇိဒ္ဓိ) ကြောင့်ပေလော ဆိုသည်ကိုတော့ စာရေးသူလည်း မဆုံးဖြတ် တတ်ပေ။
စာရေးသူ – ပြီး – စာရေးသူ – ဖိုးကျော့ စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Leave a Reply