
သုံးချက် နှစ်ကောင်
အချိန်အားဖြင့် အတော်ကြာခဲ့ပြီ။ နေရာကား မိန်းမလှကျွန်းတောကြီးထဲမှာ။ မိန်းမလှကျွန်းတောကြီးက ဘိုကလေးမြို့အောက်ဘက် (၁၂)မိုင်ကွာလောက်တွင် ရှိသည်။ စောဂျိမ်း၏မိတ်ဆွေ စောပီတာက စက်ဆန်းကျေးရွာသား။ ပျားဖွပ်အလုပ်နှင့် ပျားရည်ဝယ်ရောင်းလုပ်ကာ အသက်မွေးဝမ်းကျောင်းလုပ်နေသူဖြစ်သည်။ မိန်းမလှကျွန်းတောကြီးက အလျား(၁၆)မိုင်အနံ(၆)မိုင်ခန့်ရှိကာ ကနစို၊ မဒမ၊ ကြတ်နံ၊ ကန့်ပလာ၊ မြင်းက၊ ဗျူးနှင့် လမုတို့ပေါက်သည်။
ယခင်က မိန်းမလှကျွန်းတောကြီးကို အဝေးကကြည့်လိုက်သည်နှင့် ကော်ဇောစိမ်းကြီး ခင်းထားသလို သစ်ပင်များက ညီညီညာညာနှင့် လှပသည်။ ယခု တော့ ထင်းခုတ်သူများ၊ မီးသွေးဖုတ်သူများကြောင့် သစ်တောများပြုန်းတီးကာ ကော်ဇောခင်းထားသလိုမတွေ့နိုင်တော့ပြီ။ စောပီတာက ထောင်ချောက်များနှင့် ယုန်၊ တောကြောင်၊ မြွေပါတို့ကို ဖမ်းတတ်၍ အမဲလိုက်လည်း ဝါသနာပါသည်။ ဒါပေမဲ့- သူ့မှာက ဒူးလေးတစ်လက်သာ ရှိသည်။ သေနတ်နှင့် အမဲလိုက်ချင်သောကြောင့် စောဂျိမ်းကို စာ လူကြုံတို့နှင့်မှာကာ ခေါ်လိုက်ခြင်းဖြစ်သည်။ “ပီတာ မင်း ပျားရည်အလုပ်က အဆင်ပြေရဲ့လား” “မိသားစုအတွက်တော့ စားလောက်ပါတယ်။
ငါက လယ်မလုပ်တတ်တော့ ဒီအလုပ်နဲ့ပဲ ရုန်းကန်နေတာပေါ့ကွာ” “မင်းထောင်ချောက်တွေက ဟင်းစားကောင်ကော ရရဲ့လား” “ရတယ် ပိုလျှံလို့ ရောင်းတောင်ပစ်ရတယ်၊ ရွာထဲကလည်း ငါ့အားကိုးနဲ့ ဟင်းစား မငတ်ကြတာပေါ့ကွာ…” “ဘာကောင်တွေရလဲကွ” “ယုန်၊ တောကြောင်၊ မြွေပါတွေ ခဏခဏရတယ်” “ငါ့အတွက် ပစ်စရာ ဘာကောင်တွေရှိလဲ” “တောဝက်တို့၊ ဆတ်တို့၊ ဒရယ်တို့ ရှိတယ်ကွ” “မင်း ဒူးလေးနဲ့ တောမလိုက်ဘူးလား” “အဖော်မရှိလို့ကွ။ နောက်ပြီး-ဒီကောင်တွေက အထဲကို တစ်မိုင်လောက်ဝင်မှ တွေ့နိုင်တာ။ ငါမဝင်ရဲဘူး” “တို့ ဘယ်တော့ထွက်မလဲ” “ရောက်ရောက်ချင်းဆိုတော့ မင်းလည်း ပင်ပန်းပါတယ်ကွာ။ နောက်နေ့မှ ထွက်ကြတာပေါ့” “ဘယ်သူပါဦးမလဲ” “ငါ့သားအကြီးကောင် ဒိုဆိုးခေါ်ခဲ့မယ်လေ။
ဒီကောင်လည်း လိုက်ချင်တယ်ပြောတယ်” “အေး … အေး” စားရေရိက္ခာအပြည့်အစုံနှင့် စက်ဆန်းရွာမှ လှေဖြင့်လှော်ကာ ထွက်လာကြသည်။ မိန်းမလှကျွန်းကို နေထန်းတစ်ဖျားလောက်တွင် ရောက်သည်။ လှေကို ရေစပ်စပ်ရှိသော ရိုးကလေးတစ်ခုအတွင်း ဆွဲသွင်းထားလိုက်သည်။ တောတွင်း နာရီဝက်လောက် လျှောက်လာသည်အထိ သားကောင်၏ အရိပ်အယောင်မျှပင် မတွေ့ရသေး။ ကျေးငှက်များ၏အသံနှင့် တောမျောက်များ၏အသံများကတော့ ဆူညံနေသည်။
လမ်းသိသော စောပီတာက ဒူးလေးထမ်းကာ ရှေ့ဆုံးက၊ စောဂျိမ်းက သေနတ်ထမ်းကာ အလယ်က၊ တိုလီမိုလီထုပ်၊ အိတ်နှင့် သေနတ်အပိုတစ်လက်ကို ထမ်းလာသော စောဒိုဆိုးက နောက်ဆုံးက။ မိန်းမလှကျွန်းတောက ဒီရေရောက်တောဖြစ်သောကြောင့် ရေစပ်စပ်ရှိသောနေရာများကို မကြာခဏ ဖြတ်ရသလို ချောင်းကလေး၊ ရိုးကလေး (ချောင်းသေးသေး)များကို ဖြတ်ရသည်။ စောဂျိမ်းက သွားရင်းလာရင်း မြေပျော့ပျော့နေရာများတွင် တောဝက်ခြေရာများကို သတိထားမိလိုက်သည်။ ဆယ်မိနစ်ခန့် ထပ်လျှောက်လာပြီးနောက် ရှေ့ကသွားနေသောစောပီတာက တုံ့ခနဲရပ်လိုက်ကာ စောဂျိမ်းကို အချက်ပြလိုက်သည်။ ရှေ့ဘက် လမုပင်ပေါက်ကလေးများရှိသောနေရာမှ – “ကွီ-ကွီ” “ကွီ-ကွီ” ဟူသောအသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။
စောဂျိမ်းက စောပီတာအနားသို့ကပ်ကာ လေသံတိုးတိုးဖြင့် – “တောဝက်သံထင်တယ်” “အေး” “တစ်ကောင်တည်းတော့ မဟုတ်လောက်ဘူးကွ” “အေး” စောဂျိမ်းက နောက်သို့လှည့်ကာ စောဒိုဆိုးထံမှ သေနတ်ကိုယူကာ စောပီတာကိုပေးလိုက်သည်။ သေနတ်က ဘိုကလေးမြို့ပေါ်က ကျော်စိုးဆီမှ ယူလာသော သူကိုင်နေကျ (၃၀.၀၆)ရိုင်ဖယ် ဖြစ်သည်။ စောပီတာက သေနတ်ကို ကြိတ်၍မောင်းတင်လိုက်ကာ ရှေ့ကနေ တစ်လှမ်းချင်း တက်သွားသည်။ “ကွီ-ကွီ” “ကွီ-ကွီ” လမုပင်ပေါက်ကလေးများကို အကာအကွယ်ယူ၍ တရွေ့ရွေ့ တက်သွားရင်း တောဝက်သံများက တဖြည်းဖြည်း ကျယ်လောင်စွာ ကြားလာရသည်။ စောဂျိမ်းက မီးခြစ်ကို ခြစ်၍ မီးတောက်ကလေးကို ကြည့်လိုက်သည်။ မီးတောက်က သူ့ဘက်သို့ ယိမ်းနေသည်။
တော်သေးသည်။ လေအောက်ကဖြစ်နေသောကြောင့် စိတ်ချသွားသည်။ လမုပင်ပေါက်ကလေးများ၏ အကိုင်းအခက်များကိုဖယ်ကာ စောဂျိမ်းနှင့် စောပီတာက ကြည့်လိုက်သည်။ ချောင်းလည်းမဟုတ်၊ ရိုးလည်းမဟုတ်။ ရေတက်ချိန်တွင် ရေဝင်၍ ရေပြန်ကျသွားသောအခါ နိမ့်နေသောနေရာများတွင် ရေများ ကျန်နေခဲ့ခြင်း ဖြစ်သည်။ လမုပင်ကြီးတစ်ပင်မှ သီးနေသော လမုကိုင်းတစ်ကိုင်းက ထိုရေအိုင်နေရာသို့ ကိုင်းကျနေသည်။ ထိုကိုင်းတွင် လမုသီးမှည့်များက တွဲလောင်းကျနေသည်။ ထိုတွဲလောင်းကျနေသော လမုသီးများကို ခေါင်းမော့ကာ ဆွဲစားနေသော တောဝက်နှစ်ကောင်။ တစ်ကောင်က အချိန်၅ဝ ပိဿာခန့်ရှိ ဝက်ကြီး။ တစ်ကောင်က ပိဿာ ၂ဝ ခန့်ရှိ ဝက်ပေါက်ကလေးတစ်ကောင်။ အကွာအဝေးက ကိုက် (၂၀)ခန့်လောက်သာ ရှိသည်။
ပစ်ကွင်းက ကောင်းသည်။စောဂျိမ်းကစောပီတာကိုလက်ကုတ်ကာ ယာဘက်မှ ပိဿာ (၂ဝ)ခန့်ရှိ ဝက်ပေါက်ကလေးဘက်သို့ ပြလိုက်သည်။ နှစ်ယောက်ပြိုင်တူ ထိုးချိန်လိုက်သည်။ “ဒိန်း” “ဖောင်း” အမျိုးအစားမတူသော သေနတ်နှစ်လက်၏ မတူညီသော သေနတ်သံနှစ်ချက်က စက္ကန့်ပိုင်းမျှခြားကာ ထွက်သွားသည်။ “ဝုန်း” “ကွီ” “ဟာ” မမျှော်လင့်သောမြင်ကွင်း ဖြစ်သည်။ ရေအိုင်နေသောနေရာမှ ပါးစပ်ကြီးနှစ်ခြမ်းဖြဲကာ ဝုန်းခနဲတက်လာသော ခေါင်းကြီးက ပိဿာ(၂ဝ)ခန့် ရှိ ဝက်ပေါက်ကလေးကို ဆွဲချကာ ရေထဲသို့ ဝုန်းခနဲ ပြန်ကျသွားသည်။ စောပီတာက “နင့်မေကလွှား မိကျောင်းကြီး ဟ” “သူခိုးလက် သူဝှက်လုလို့ ပြောရမလိုဖြစ်နေပြီ” “ဒီကောင်ကြီးကလည်း ဝက်ကို ချောင်းနေတာ ထင်တယ်ကွ။ ငါပစ်လိုက်တဲ့ ကောင်ကတော့ ကိစ္စချောပြီထင်တယ်။
လှုပ်တောင် မလှုပ်တော့ဘူး” မိကျောင်းကြီးပေါ်လာသောနေရာက ရေယက်သံ တဗြန်းဗြန်း ကြားလိုက်ရကာ အသံက တဖြည်းဖြည်း ဝေးသွားတော့သည်။ “လာဟေ့ အနားသွားကြည့်ရအောင်” တောဝက်က ခေါင်းကိုထိထားသောကြောင့် အသက်ပျောက်နေသလို ရေစပ်စပ်ရှိသော လမ်းကလေးအတိုင်း မိကျောင်းကြီးတက်လာသော နေရာက ဗိုက်အရာသာ မြင်လိုက်ရတော့သည်။ စောဂျိမ်းက- “ဗြုန်းခနဲဆိုတော့ ငါလည်း ကြောင်သွားတယ်။ ရေက နှစ်တောင်လောက်ပဲနက်တာ။ ဒီကောင်ကြီးကို ပစ်ရင် ရတယ်ကွ” “အေး ငါလည်း မိကျောင်းဆိုတာ ခုမှ ရင်ဆိုင်တွေ့ ဖူးတော့ မစဉ်းစားမိဘူး။ ကဲ ပွဲဦးထွက်ကောင်းတယ်ဟေ့။ ဘာဆက်လုပ်ကြမလဲ” “ရှေ့ဆက်မယ်လေ။ ဒီကောင်ကြီးကို ဝက်တုပ် တုပ်ပြီး သစ်ကိုင်းတစ်ကိုင်းမှာ ချိတ်ခဲ့တာပေါ့။
အပြန်မှယူမယ်လေ” “အေး ကောင်းတယ်။ ဒိုဆိုး မင်းလုပ်တတ်တယ် မဟုတ်လား” “ရတယ်” “ဒီနားတစ်ဝိုက်ကတော့ စောစောက သေနတ်သံကြောင့် ဘာကောင်မှ ရှိမှာမဟုတ်တော့ဘူး။ အထဲကို တစ်နာရီလောက် လျှောက်ကြတာပေါ့ကွာ” ခရီးအတော်ပေါက်လာပြီ ဖြစ်သည်။ တစ်နာရီအတွင်း ချောင်းနှစ်ခုကို ဖြတ်ရသည်။ လမ်းတွင် ခြေရာမျိုးစုံကို စောဂျိမ်းက သတိထားမိသည်။ ရှေ့နားတွင် (၁၀)ပေခန့်ကျယ်သော ရိုးကလေးတစ်ခုကို တွေ့ရသည်။ ထင်းခုတ်သမားများ ယာယီလုပ်ထားဟန်တူသော ဝါးပိုးဝါးတစ်လုံးနှင့် တံတားတစ်ခုကို ဖြတ်ကြသည်။ တံတားအလယ်လောက် အရောက်တွင် တံတားအောက်မှ – “ဝေါ-ဗြော-ဖလပ်-ဖလပ်” ရိုးကလေးအတိုင်း တဗြောဗြောနှင့် ဖြတ်ဆင်းသွားသော အကောင်များ ဖြစ်သည်။ စောဂျိမ်းက “လန့်လိုက်တာကွာ၊ ဖျံတွေထင်တယ်” “အေး ဖျံအုပ်ကွ။ (၁၅)ကောင်လောက်ရှိမယ်” “ဒီကောင်တွေ စားလို့ရလား” “ညှီတယ် ဘယ်သူမှ မစားဘူး” ရိုးကလေးကို ဖြတ်လာပြီး ကနစို၊ ကြိတ်နံနှင့် မြင်းကပင်များ ခပ်စိပ်စိပ်ပေါက်နေသော တောတန်းကလေးကို ရောက်လာကြသည်။
အပင်များ၍ နေ့ခင်းဘက်ဖြစ်သော်လည်း အလင်းရောင်က နည်းနေသည်။ တောတန်းထဲဝင်ပြီး (၁ဝ)မိနစ်ခန့်အရောက်တွင် စောပီတာရော စောဂျိမ်းပါ မြင်ကွင်းကို ပြိုင်တူမြင်လိုက်ကြသောကြောင့် ရှေ့နားတွင် အသင့်တွေ့လိုက်ရသော ကနစိုတုံးကြီးဘေးတွင် ဝပ်လိုက်ကြသည်။ ရှေ့ကိုက်(၂၀)လောက်တွင် ရေသဖန်းသီးများ ပြွတ်သိပ်ကာ သီးနေသော အပင်ကြီးတစ်ပင်အောက်တွင် သဖန်းသီးများ ဖွေးနေသလို အပင်၏ ဝဲဘက်ခြမ်းတွင် သဖန်းသီးများကို ကောက်စားနေသော ဒရယ်ပေါက်ကလေးတစ်ကောင်နှင့် ယာဘက်ခြမ်းတွင် အချိန်(၇ဝ)ခန့်ရှိ ဝက်တောင်းကြီးတစ်ကောင်။ မြင်ကွင်းက သိပ်မပီပြင်၊ သစ်ပင်ကြို သစ်ပင်ကြားမှ ဖြစ်၍ မုဆိုးမျက်စိမို့သာ မြင်ရခြင်းဖြစ်သည်။ နှစ်ကောင်စလုံး ကျောပေး၍ စားနေသောကြောင့် စောဂျိမ်းတို့အဖွဲ့ ကနစိုပင်ဘေးတွင် ဝပ်လိုက်ကြသည်ကို မမြင်ကြခြင်း ဖြစ်သည်။ လက်ရှိ အနေအထားက မြင်ကွင်းကောင်းစေရန် ရှေ့တိုးဝင်၍ မဖြစ်နိုင်တော့။ နှစ်ကောင်စလုံး ဒရယ်ကောင်က ဘေးတိုက်နှင့် ဝက်တောင်းက ခေါင်းလှည့်ထားခြင်းဖြစ်နေသည်။
စောဂျိမ်းက လေသံတိုးတိုးဖြင့် – “ကိုယ်ကိုလှိမ့်သွားလိုက် ၊ ဟိုဘက်က ပစ်ကွင်းကောင်းလိမ့်မယ်” စောပီတာက ကနစိုပင် အကွက်အတိုင်း ကိုယ်ကို လေးငါးပတ် လှိမ့်လိုက်သည်။ ရောက်သည့်နေရာတွင် တောကောင်ကို ခေါင်းထောင်ကြည့်လိုက်၍ စောဂျိမ်းကို ခေါင်းညိတ်ပြလိုက်သည်။ အနေအထားကောင်းသည့် သဘော။ စောဂျိမ်းက တောဝက်ကို သူပစ်ရန်နှင့် ဒရယ်ပေါက်ကို စောပီတာပစ်ရန် သတိပေးလိုက်ကာ ကနေစိုတုံးပေါ် သေနတ်နှစ်လက်တင်၍ ချိန်လိုက်သည်။
ဒရယ်ပေါက်က စိတ်မချဟန်ဖြင့် တစ်ချက်တစ်ချက် ပတ်ဝန်းကျင်ကို ခေါင်းထောင်ကြည့်သည်။ “ကျွတ် … ကျွတ်” ရှဉ့်တစ်ကောင်၏ ကျယ်လောင်သော စုတ်သပ်လိုက်သည့် အသံဖြစ်သည်။ “ဒိန်း “ဖောင်း … ဖောင်း” စောဂျိမ်းကိုင်သော (.၅ဝဝ)နှစ်လုံးပြူးရိုင်ဖယ်က ဦးလှည့်ကာ စားနေသော ဝက်တောင်းကြီး၏ထိပ်တည့်တည့်ကို တစ်ချက်တည်းနှင့် ကိစ္စဖြတ်လိုက်သော်လည်း စောပီတာက ဒရယ်ပေါက်ကိုအပစ်တွင် ဒရယ်ပေါက်က ခေါင်းငုံ့လိုက်သောကြောင့် ဇက်ပိုးနောက်ကို ရှပ်ထိသွားသည်။
စောပီတာက သူ ဟန်ချက်ပျက်သွားကြောင်း သိလိုက်သည်။ ထင်သည့်အတိုင်း ဒရယ်ပေါက်က လန့်ကာ ရှေ့သို့အပြေးတွင် စောပီတာက လက်ပြင်နောက်ကို တစ်ချက်ပစ်လိုက်ခြင်း ဖြစ်သည်။ ကျေးငှက်သာရကာတို့၏ လန့်ဖျပ်အော်သံများ၊ တောပြိုသံများ ငြိမ် သက်သွားပြီးနောက်စောဂျိမ်းတို့အပြေးအလွှားရောက်သွားချိန်တွင်ဒရယ် ပေါက်က အကြောဆွဲကာ လှုပ်နေသော်လည်း ဝက်တောင်းကြီးက ဦးနှောက်များပွင့်ထွက်ကာ ငြိမ်သက်နေပြီဖြစ်သည်။ စောဂျိမ်းက- “တို့ကို တောပိုင်၊ တောင်ပိုင်တွေက ချိုကျိုးနားရွက်ပဲ့တောင် မဟုတ်ဘူးဟေ့။ ချိုကောင်း၊ နားရွက်ကောင်းတွေ ပေးတာဟေ့။
ထုံးစံအတိုင်း အဖျားအနားတွေ တင်မြှောက်လိုက်ပါဦးကွာ” စောပီတာက စောဂျိမ်းနှင့် တောလိုက်ဖူးသူဖြစ်၍ စောဂျိမ်းပြောသည့်အတိုင်း အဖျားအနားများကို တင်မြှောက်လိုက်သည်။ “စောဂျိမ်း ဒီနေ့တော့ ဒါလောက်ဆိုလုံလောက်ပါပြီ။ နေလည်းစောင်းပြီး ဗိုက်တွေလည်း ဆာနေပြီ” “အေး သေနတ်သံတွေကြောင့် ဒီနားတစ်ဝိုက်လည်း ဘာကောင်မျှ ရှိတော့မှာ မဟုတ်ပါဘူးကွာ” ထမင်းထုပ်များကို ဖွင့်လိုက်ကြသောအခါ မန်ကျည်းရွက်သုပ်၊ ငါးခြောက်ဖုတ်နှင့် ငါးပိထောင်းသာတွေ့လိုက်ကြရသည်။ စောပီတာက- “ငါ့မိန်းမ စေးဖောက ဟင်းမရှိလို့ ဖြစ်သလို ထည့်ပေးလိုက်တာ။
ဟင်းတော့ မကောင်းဘူးပေါ့ကွာ” မည်သို့ဆိုစေ၊ ရွာပြန်ရောက်ရင်တော့ ဒရယ်ဝမ်းတွင်းသားနှင့် တောဝက်သားဆီပြန်စားရတော့မည်ကိုတွေးကာ စောဂျိမ်းတို့ သုံးယောက်လွေးလိုက်ကြသည်မှာ ဟင်းရော၊ ထမင်းပါ တက်တက်ပြောင်သွားသည်ကိုတော့ ပြောစရာလိုမည် မထင်ပေ။ – ပြီး – စာရေးသူ – မောင်မြင့်မား(ဘိုကလေး) စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Leave a Reply