ဝိညာဉ်စောင့်တဲ့ ရတနာ(စ/ဆုံး)
ကိုမြတ်ထွန်းတစ်ယောက် ဒူးလေးတစ်လက် လက်မှာဆွဲပြီး တောထဲဝင်ခဲ့သည်။ သူက မျိုးနဲ့ရိုးနှင့် မုဆိုးအလုပ်ကို လုပ်လာ သူတော့ မဟုတ်။ တစ်လကို တစ်ကြိမ်မဟုတ် နှစ်ကြိမ်ခန့်သာ တောထွက်ပြီး အမဲပစ်လေ့ရှိသည်။ ကျန်ရက်များမှတော့ သစ်ခုတ်၊ ဝါးခုတ်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူနေထိုင်ရာရွာ၏ အရှေ့ဘက်မှာ ရိုးမ တောင်တန်းကြီးများ ကာဆီးနေသည်။ သူတို့ရွာလေးမှ နေ့တစ်ဝက်ခရီးသွားလိုက်ပြီး သည်နှင့် တောင်ခြေသို့ ရောက်တော့သည်။ ထိုတောင်ကြောပေါ်မှာ အမဲကောင်များကို ဝါသနာအရ တောတက်အမဲလိုက်ခဲ့သည်။
သားကောင်ကိုရပါက ရောင်းချခြင်း မပြုဘဲ၊ ဆားနယ်နေလှန်းကာ အိမ်စားရန် အဓိက ရည်ရွယ်ရင်း ဖြစ်သည်။ သို့ကြောင့် သမင်၊ဂျီ၊ ဆက်၊ ဒရယ်၊ တစ်ကောင် ကောင်ရသည်နှင့် သူ တောထဲမှာ ပြန်ထွက်လာ လေ့ရှိသည်။ တစ်ခါတစ်ရံ တောင်ပေါ်မှာ မျက်စိ လည်ပြီး တစ်ညတာ လွန်မြောက်ပြီးမှ ရွာပြန် ရောက်လေ့ရှိသည်။ သားကောင်များကလည်း မြေပြန့်ဘက်အခြမ်းမှာ အတွေ့နည်းသည့် အတွက် သားကောင်ရဖို့ အတွင်းကျကျ ဝင် ရလေ့ရှိသည်။ ဒီနေ့ ညနေစောင်းလာခဲ့ပြီ။ သားကောင်ဟူ၍ ကြီးကြီးမားမား မတွေ့ရသဖြင့် တဖြည်းဖြည်း တောထဲဝင်လာခဲ့ရာ အတွင်းသို့ ရောက်မှန်းမသိ ရောက်ခဲ့သည်။ အပင်ကြီးများ အောက်ခြေမှာ ချုံနွယ်ပေါင်းမြက် အနည်းအ ကျင်းသာရှိသည်။ ဤလို တောကောင်မျိုးက လည်း ရှားရှားပါးပါး တွေ့ရခဲသည်။
အောက်ခြေအနည်းငယ်ရှင်းသဖြင့် ခပ်လှမ်းလှမ်း အထိ သားကောင်ကို မြင်ရသည်။ တစ်နေရာ အရောက် ဆတ်ပေါင်တစ်ကောင်ကို တွေ့ရသည်။ ဆတ်ပဲဖြစ်ဖြစ်၊ သမင်ပဲဖြစ်ဖြစ်၊ အကြီးအသေး ရွေးချယ်ရန် အချိန်မရတော့၊ တွေ့သည့်အကောင် ကို ပစ်ခတ်ဖမ်းဆီးပြီး ရွာသို့ပြန်တော့မည်ဟု ဆုံးဖြတ်ကာ ဆတ်ပေါက်ကလေးအား ဒူးလေးနဲ့ ချိန်လိုက်သည်။ ဒါပေမဲ့ အောက်ခြေရှင်းနေသဖြင့် ‘ဆတ်ပေါက်’လေးကလည်း မြတ်ထွန်းကို မြင်လိုက်သည်ထင့် လန့်ဖြတ်ကာ ပင်စည်များ ကြား ပြေးလွှားဝင်သွားရာ ဒူးလေးတစ်ကမ်း အနေအထား ရောက်ရှိရန် နောက်မှ ပြေးလိုက် မိသည်။ “တောက်…ဒီကောင်ကလည်း လျင်လိုက်တာ ဘယ်နားတောင် ရောက်သွားပြီလဲ မသိဘူး” မြတ်ထွန်းလည်း ရှေ့သို့ ဆက်ပြီး လိုက်ခဲ့သည်။ ဒီအတိုင်းဆို ငါရွာပြန်ဖို့ မလွယ်တော့ဘူး။
သစ်ပင် တစ်ပင်ပေါ် အရေးပေါ်တက်ပြီး အိပ်နိုင်ရန် လင့်စင်တစ်ခု လုပ်ထားရန် ဆုံးဖြတ်လိုက်သည်။ “ဒီနားမှာ ဝါးပင်လည်း မတွေ့ဘူး” သူ တောင်စောင်းတစ်နေရာကိုသွားပြီး အမြင့်မှ ဝါးရှိနိုင်သော နေရာကို ရှာဖွေကြည့်သည်။ “ဟိုအောက်နားမှာ ဝါးရုံတွေ တွေ့တယ် အဲဒီကို ဆင်းပြီး လင့်စင်ကိုရအောင် ဝါးသုံးလုံး လောက် ဆင်းခုတ်မယ်” သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဝါးပင်များ ပေါက်နေသော တောင်စောင်းသို့ ဆင်းလာခဲ့သည်။ “ဟာ ဟိုရှေ့မှာ ဘာလဲ …မိုးကြီးလို့ တောင်ပြို ကျထားတာပဲ၊ သတိထားပြီး ဆင်းရမယ်။ ရှေ့နား မှာ ဝါးရုံပင်တွေ့ပြီး သုံးလုံးလောက်ဆို လင့်စင် လုပ်လို့ အတော်ပဲ” တောထဲဝင်သည့်အခါ လမ်းထွင်ရန် ဓါးတစ်ချောင်း အမြဲဆောင်ထားသည့်အတွက် ဝါးပင်ခုတ်ရန် အခက်အခဲ မရှိ၊ ဝါးကို ကြီးကြီးမားမား ခုတ်ရန်မလို၊ လူတစ်ကိုယ်ထိုင်၍ရလျှင် တော်ပြီ။
မြတ်ထွန်း လည်း တောင်ပြိုထားသော နှုတ်ခမ်းစပ်မှနေ၍ ကျောက်တုံးများကို နင်းပြီး ပေငါးဆယ်ခန့် အနိမ့်ပိုင်းမှာ ပေါက်နေသော ဝါးရုံဆီသို့ ရှေ့ရှုပြီး ဆင်းလာခဲ့သည်။ ” ဝုန်း” “ဝရော…ဝေါ ” သူနင်းလိုက်သော ကျောက်တုံးက အောက်သို့ လျောခနဲ ကျသွားပြီး မြတ်ထွန်းလည်း ခြေလွတ် လက်လွတ် ဒလိမ့်ခေါက်ကွေး ကျောက်တောင် ပြိုဆင်းရာ ဆင်ခြေလျောအတိုင်း အောက်သို့ ကျသွားသည်။ ခန္ဓာကိုယ်ကို ကျောက်တုံးအစွန်း လေးများနှင့် ပွတ်တိုက်မိ၍ နာသည်ကတစ်မျိုး သူခန္ဓာကိုယ်ပေါ် ကျောက်တုံးလေးများ ကျလာ၍ ထိခိုက်မိသည်က တစ်သွယ်… နာကျင်စွာ ခံစားရင်း…အောက်ခြေအရောက် ခေါင်းနှင့် ကျောက်တုံးဆောင့်မိကာ ကြယ်တွေ လတွေမြင်ပြီး လောကကြီးနှင့် ခေတ္တမျှ အဆက် အသွယ် ပြတ်သွားသည်။
မြတ်ထွန်းတစ်ယောက် သတိမေ့နေရာမှ သူ့ခန္ဓာကိုယ်အား မာကျော သော အရာနှင့် ထုရိုက်သလို ခံစားရသည့်အတွက် လန့်နိုးသွားသလို ဖြစ်ကာ မျက်လုံးဖွင့်ကြည့်လိုက် သည်။ မြတ်ထွန်း၏ မျက်လုံးအမြင်မှာ သူ့ဘေး ပတ်လည် ယူနီဖောင်းဝတ် သေနတ်ကိုင်လူလေး ယောက်ကို တွေ့ရသည်။ သေနတ်များက ခေတ်မမီတော့သည့် ရိုင်ဖယ် သေနတ်များဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က စကားမပြောဘဲ ဟန်အမူအရာနှင့် သူ့ကို ထရန်ပုံစံ လုပ်ပြနေသည်။ ခေါင်းမှာ ဦးထုပ်များ မပါသည့် အတွက် မည်သူမည်ဝါ မကွဲပြား။ ထိုစဉ် နောက်မှ သူ့အရွယ် ရှပ်အင်္ကျီအဟောင်းဝတ်ပြီး ပုဆိုးဝတ် ထားသောလူတစ်ယောက် အနီးသို့ ရောက်လာသည်။ “ဟေ့ကောင် မင်းဘယ်သူလဲ၊ ဒီကို ဘာကြောင့် ရောက်လာတာလဲလို့ မာစတာတွေ မေးနေတယ်” ထိုလူ၏ စကားသံထွက်လာမှပင် သူ့ကိုဖိနပ်နှင့် ဆောင့်ကန်နှိုးနေသူများမှာ ဂျပန်စစ်သားများဖြစ်ကြောင်း သိလိုက်သည်။
ဒီအချိန် တောထဲမှာ ဂျပန်တွေ ဘာကြောင့်ရှိနေရသည်ကို စဉ်းစားမရ။ စစ်ကြီး ပြီးခဲ့သည်မှာပင် နှစ်ငါးဆယ်ခန့်ရှိပြီး ဂျပန်စစ်သား တွေ ဂျပန်ပြည်မပြန်ဘဲ တောထဲမှာ ခိုအောင်းနေ ခဲ့သည်လားမသိ၊ ဒါဆို အကြောင်းထူးတော့ ရှိမည်ဟု စဉ်းစားမိလိုက်သည်။ “နောင်ကြီးက ဗမာလူမျိုးလား” “ဟုတ်တယ်…ငါက မာစတာကြီးတွေကို စကားပြန်လုပ်ပေးနေတာ ငါမေးတာ မင်းမဖြေသေးဘူး” “ကျနော်က ပေါက်တစ်ပင်ရွာသားပါ။ ဒီတောင်ကြောမှာ တစ်လကို နှစ်ခေါက် သုံးခေါက် အမဲပစ်လာနေကျပါ။
အခု လင့်စင်ထိုးမလို့ ဝါးဆင်းခုတ်တာ ခြေချော်ပြီး ဒီအောက်ကို လိမ့်ကျလာတာ” “မင်းကတော့ ကံဆိုးတာပဲ…မင်း ဒီနေရာကို ဘယ်လိုပုံစံနဲ့ပဲ ရောက်လာရောက်လာ မင်း အတွက် ပြန်လမ်း မရှိတော့ဘူး” “ဘာဆိုင်လို့လဲဗျ…ခင်ဗျားတို့ ဒီမှာ နေချင်သလိုနေ၊ ကျုပ်လည်း ဒီက အပေါ်ပြန်တက်ပြီး အမဲပစ်တဲ့ အလုပ် လုပ်မှာပဲ” ” ငါတို့နေရာ မင်းသိသွားပြီလေ” “ခင်ဗျားတို့ နေရာကိုသိတော့ ကျုပ်က ဘာလုပ်ရမှာလဲ၊ ဘာအကျိုးအမြတ်ရမှာမို့ ခင်ဗျားတို့အကြောင်း လျှောက်ပြောရမှာလဲ” “ဘာပဲဖြစ်ဖြစ် ဒီကိုရောက်လာတဲ့လူတိုင်း အမဲပစ်လာတာလို့ ပြောကြတာပဲ…မင်း မာစတာကြီးတွေရဲ့ ရတနာပစ္စည်းခိုးယူ မလို့ လာတာ မဟုတ်လား” “ဟာ…ကျုပ် ဘာရတနာမှ မသိဘူး” ထိုစဉ် ဂျပန်တစ်ယောက်က စကားပြန်ဘက်သို့ လှည့်ပြီး ဂျပန်လိုပြောလိုက်သည်။ ‘”မာစတာကြီးတွေက မင်းကို ပြန်မလွှတ်တော့ဘူးတဲ့” “ဟာ …ကျုပ်မပြန်လို့ ဘယ်ဖြစ်မလဲ၊ ခင်ဗျားတို့ နဲ့လည်း မနေနိုင်ဘူး။
ဖယ်ဗျာ ကျုပ်ပြန်မယ် ခင်ဗျားရဲ့ ဂျပန်တွေကို ပြောလိုက် ကျုပ်ရွာ ကျုပ်ပြန်မယ် ခင်ဗျားတို့ရှိတဲ့အကြောင်း လုံးဝ မပြောဘူး” စကားပြန်က ဂျပန်များဘက်လှည့်ပြီး ပြောလိုက် သည်နှင့် သူတို့အားလုံး… ဟား …ဟား …ဟား “အမယ်လေး …သရဲ…သရဲ ” ဂျပန်လေးယောက်နှင့် စကားပြန်တို့လည်း သဘောကျစွာ ရယ်မောနေရာမှ တဖြည်းဖြည်း လုပုံပျောက်ပြီး အရိုးစုကောင်ကြီးများအဖြစ် ပြောင်းသွားတော့သည်။ အရိုးစုကောင်ကြီး များ လက်ထဲမှာ ရိုင်ဖယ်သေနတ်များကို ကိုင်ထားလျက် ရှိသေးသည်။ “အား…ကျွတ် …ကျွတ်…” သူလဲနေရာက ထထိုင်လိုက်သည်။ ဘေးဘီကို ကြည့်တော့ ဂျပန်သရဲနှင့်တူသည့်အရာဟူ၍ ဘာမှမမြင် အရိုးစုကောင်ကြီးများလည်း ရှိမနေ။ ခေါင်းနှင့် ကျောက်တုံးဆောင့်မိပြီး သတိလစ် သွားရာမှ ဂျပန်သရဲများအကြောင်း အိပ်မက်ခဲ့ခြင်း ဖြစ်သည်။
“ဟင်…ဂျပန်တွေ ဘယ်ရောက်သွားပြီလဲ” ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြည်လင်သော အလင်းရောင်နှင့် သန့်ရှင်း လတ်ဆတ်သော လေကို ရှုရှိုက်မိလိုက်သည်။ “အင်း…ငါတစ်ညလုံး ဒီမှာမေ့နေတာပဲ၊ မိုးတောင် လင်းသွားပြီ၊ ဓါးက ဟိုမှာကျနေတာပဲ” ဓါးကို သွားကောက်လိုက်ပြီး ပြိုကျထားသော ကျောက်တုံးများကိုနင်း၍ ရှေ့နားသို့ လျှောက်ကြည့် ရန် ဆုံးဖြတ်လိုက်သည်။ မြတ်ထွန်းလည်း ပေငါးဆယ်ခန့်အကျယ်၌ တောင်နံရံပဲ့ကျသည့်အတိုင်း သည်ဘက်မှ တစ်ဘက်ထိပ်သို့ထိန်းပြီး လျှောက်ခဲ့သည်။ ကျောက်တုံးလေးများကို သတိနှင့် နင်းရသည်။ မြေပြိုထားသည့်အတွက် ကျောက်တုံးများက အခန့်မသင့်လျှင် လျောပြီး ကျသွားနိုင်သည်။ ကံကောင်းစွာ တစ်ဘက်သို့ ရောက်သွားခဲ့သည်။ “ဟာ…ဟိုရှေ့မှာ ဂူလားမသိဘူး” တဖြည်းဖြည်း ထိန်းပြီး အနီးသို့ရောက်အောင် လျှောက်လိုက်သည်။ ခြေချော်ပြီး အောက်သို့ လိမ့်ဆင်းသွားပါက တောင်ခြေသို့တိုင် ပေလေး ငါးရာမျှ ပြုတ်ကျသွားနိုင်သည်။
အောက်ကျ လျှင် အသက်ရှင်နိုင်ဖွယ်မရှိ၊ ယခင် ဂူပေါက် က သေးသေးဖြစ်နိုင်ပေမဲ့ တောင်ပြိုကျသွား သည့်အတွက် ဂူဝမှ ကျောက်တုံးများလည်း ပြိုကျသည့်အထဲ ပါသွားသဖြင့် ဂူဝကို ကျယ် ပြန့်စွာ ဖြစ်ပေါ်နေသည်။ ဓါးကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး ဂူထဲဝင်ခဲ့သည်။ ဂူဝကျယ်နေသဖြင့် အထဲတော်တော်လှမ်းလှမ်း အထိ အလင်းရောင် ဝင်နေသည်။ ရှေ့နား နည်းနည်း လျှောက်လိုက်သည်နှင့် လူရိုးစုနှစ်ခု တွေ့လိုက်သည်။ ရိုင်ဖယ်သေနတ်များကို သူတို့အနီးမှာ တွေ့ရသည့်အတွက် ဂျပန် စစ်သားများ၏ အရိုးမှန်း ခန့်မှန်းမိသည်။ ရှေ့သို့ ဆက်လျှောက်ခဲ့ရာ ကျွန်းသေတ္တာလေးငါးလုံးနှင့် သံသေတ္တာများကို တွေ့လိုက်သည်။ သံသေတ္တာများက ကျည်ဆံထည့်သော သေတ္တာများ ဖြစ်ကြောင်း သိရသည်။ မြတ်ထွန်းလည်း ကျွန်းသေတ္တာ ကြီးများကို ဖွင့်ကြည့်ရန်စိတ်ကူးလိုက်သည်။ “သော့ခလောက်ကြီးတွေ ခတ်ထားတာပဲ” ဂူထဲက ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ပြီး သော့ခလောက်ကို ထုချေလိုက်သည်။
“ဒုန်း…ဒုန်း” နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သံထည်များ သံချေးများ စားနေသည်။ ကျောက်တုံးထုချက်ကြောင့် သော့ခလောက် ပွင့်သွားသည်။ ကျွန်းသေတ္တာကြီးအထဲမှာ သံသေတ္တာ နှစ်လုံးဆင့်ပြီး ထည့်ထားသည်ကို တွေ့လိုက်သည်။ သံသေတ္တာများအား ခတ်ထားသော သော့ခလောက် ကိုလည်း ထုရိုက်ပြီး ဖွင့်လိုက်သည်။ “ဟာ မနည်းမနောပါလား” မြတ်ထွန်းသေတ္တာထဲမှ ပစ္စည်းများကို မြင်ပြီး မျက်လုံးပြူးသွားသည်။ သေတ္တာထဲမှာ စိန်၊ ရွှေ၊ ပတ္တမြား ရတနာမျိုးစုံနှင့် ပြုလုပ် ထားသော လက်ဝတ်ရတနာတွေ အပြည့်ရှိနေသည့် ကို တွေ့လိုက်သည်။ “ဟာ …ပွပြီ၊ ဒါတွေကို ငါသယ်နိုင်သမျှ သယ်ရင် ဘာနဲ့ထည့်ရမလဲ …ဒီသံသေတ္တာကြီးလည်း မနိုင်ဘူး” သူတောလိုက်ထွက်လျှင် ဘောင်းဘီရှည်နှင့် ထွက်လေ့ရှိသည်။ ဘောင်းဘီအိတ်နှစ်ဘက်ထဲ ရတနာပစ္စည်းအချို့ ထိုးထည့်လိုက်သည်။ “ဟာ ဘောင်းဘီအိတ်ထဲ ထည့်လို့ကတော့ ဘာမှပါမှာ မဟုတ်ဘူး။
ငါ့အပေါ်အင်္ကျီချွတ်ပြီး ရနိုင်သမျှထည့် ထမ်းသွားမယ်၊ ရွာရောက်ပြီးမှ အခြေအနေကြည့်ပြီး နောက်တစ်ခေါက် လာ ပြန်သယ်မယ်” သူ အင်္ကျီချွတ်ပြီး ဖြန့်ချကာ ရတနာပစ္စည်းများ ကောက်ထည့်တော့သည်။ ထိုစဉ် ကျွန်းသေတ္တာ ကြီးနှစ်လုံးကြားက ကြီးမားသော မြွေကြီးတစ် ကောင် ပါးပြင်ထောင်၍ ထွက်လာသည်ကို မြင်လိုက်သည့်အတွက် ရတနာများကို ဆက်၍ မထည့်တော့ဘဲ အင်္ကျီထဲ ထည့်ထားသော ရတနာများကို ယူသွားရန် တုတ်နှောင်ဆွဲချည်ပြီး ပခုံးပေါ် ထမ်းကာ ဂူပေါက်ဘက်သို့ ထွက်ခဲ့သည်။ သူရှေ့သို့ အာရုံစိုက်ပြီး ပြေးထွက်စဉ် သူ့ ခြေထောက်ကို လှမ်းဆွဲလိုက်သဖြင့် လှည့် ကြည့်ရာ အရိုးစုလက်ကြီးက မလွှတ်တမ်း ဆွဲထားသည်ကို တွေ့လိုက်သည်။ “အား …သရဲ …သရဲ” ကြောက်ကြောက်လန့်လန့်နှင့် ထိုလက်ပေါ်သို့ လွတ်နေသော ခြေလွတ်ဖြင့် လေးငါးချက်မျှ ဆောင့်နင်းလိုက်ရာ ကိုင်ထားသော အရိုးစုလက်ကြီး လွတ်သွားသည်။
ထိုအခါမှ ရှေ့သို့ ပြေးထွက်လာခဲ့ သည်။ “ဘယ်လိုပါလိမ့် အသက်မရှိတဲ့ အရိုးစုကြီးက ငါ့ကို ဖမ်းဆွဲထားတယ်၊ နောက်က သရဲတွေများ လိုက်လာဦးမလား မသိဘူး” သူ ဂူဝရောက်သည်နှင့် တောင်ပြိုထားသော အစပ်မှ အပေါ်သို့ အားစိုက်ပြီး တက်ခဲ့သည်။ သူ အပေါ်သို့ အားစိုက်ပြီး တက်နေစဉ် ကျောက် တုံးများ လိမ့်ကျသံကြား၍ ဘေးဘက်သို့ လှည့် ကြည့်လိုက်ရာ တောင်ပြိုထားသော နေရာ တစ်လျှောက် အကောင်အထည်မမြင်ရသော အရာများ သူနှင့် အပြိုင် လိုက်တက်နေသည်ကို တွေ့လိုက်သည်။ ဖွေးဖွေးဖြူသော တောင်ခြေသားပေါ်မှာ မမြင်ရသော အရာများ နင်းလိုက်၍ အောက်မြေအချို့ အောက်သို့ ဖွားခနဲ ဖွားခနဲ ကျနေသည်ကို တွေ့မြင်ရသည်။ “ဝိညာဉ်တွေ ငါ့နောက်ကို လိုက်နေပြီ” သူ ဇောနှင့် လေးလံသော အထုပ်ကြီးကို ထမ်းပြီး အပေါ်သို့ ရောက်ခဲ့သည်။ “ဟာ” ရုတ်တရက် သူ့ပခုံးပေါ်မှ ဆယ်ပိဿာခန့်လေးသော အထုပ်ကို ဆောင့်ဆွဲယူပြီး ခံလိုက်ရသည်။
မထင် ထား၍ အားရပါးရ ဆုပ်မကိုင်ထားမိ အထုပ်က သူ့ပခုံးပေါ်က အောက်သို့ ပြုတ်ကျသွားသည်။ “ဟာ …သွားပြီ၊ ပေး…ပြန်ပေး…ငါ့အထုပ်” မြတ်ထွန်းလည်း အထုပ်ကို လှမ်းဆွဲမည်အပြု သူ့ရှေ့ချုံမှ ဂူထဲမှာ သူ့ကိုရန်ပြုခဲ့သော မြွေကြီး ပါးပြင်ထောင်၍ ထွက်လာသည်ကို မြင်လိုက် သဖြင့် ဓါးဖြင့် တစ်ချက်ရမ်းပြီး နောက်သို့ လှည့်ပြေးခဲ့သည်။ တောင်ကုန်းပေါ်မှာ အောက်ခြေရှင်းသဖြင့် ခြေကုန်သုတ်၍ ထွက်ပြေးခဲ့ရာ အတော်လေး ရောက်တော့ နောက်သို့ လှည့်ကြည့်လိုက်သည်။ မြွေကြီးနောက်က ပါမလာတော့။ သို့ကြောင့် ဒူးလေးချထားသည့်နေရာသို့ သွားပြီး ဒူးလေးကို မယူတော့ဘဲ ဓါးတစ်လက်နှင့် လာလမ်းကို ရှာပြီး ပြန်ခဲ့တော့သည်။ ညနေပိုင်းရောက်မှ ရွာသို့ ပြန်ရောက်ခဲ့သည်။ တစ်နေ့လုံး အစားလုံးဝမစားရ၊ ရေကတော့ လမ်းမှာ သောက်ခဲ့သေးသည်။ အိမ်ပြန်ရောက်တော့ ဒူးလေးလည်း မပါ၊ သားကောင်လည်း မပါသည့် အပြင် အတွင်းခံအင်္ကျီ မပါလာသည့်အတွက် ဇနီးဖြစ်သူ မအေးကျင် အံ့သြပြီး ကြည့်နေသည်။
“ဘယ်လိုဖြစ်လာတာလဲ” “ကံကောင်းလို့ အသက်ပါလာတာ …ငါအပြေး မြန်လို့ နို့မို့ဆို တောထဲမှာ သေနေပြီ” “ဘယ်လိုဖြစ်တာလဲ တောကောင်အလိုက် ခံလိုက်ရလို့လား” “ကဲ…ထိုင်ပါရစေဦး၊ ငါ ဒီတစ်နေ့လုံး ထမင်း မစားရသေးဘူး၊ ငါ့ကို ရေတစ်ခွက်အရင်ခပ်ပေး ပြီးမှ အားလုံးပြောပြမယ်” မအေးကျင်ခပ်ပေးသော ရေခွက်ကို ယူလိုက်ပြီး အားရပါးရသောက်ချလိုက်သည်။ “ကဲ…ရှင်ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောပြစမ်းပါဦး” “ငါ …အမဲလိုက်ရင်း အချိန်ကုန်သွားတယ် ညပြန်လို့ မဖြစ်တော့တာနဲ့ လင့်စင်ထိုးမလို့ တောင်စောင်းမှာ ဝါးဆင်းခုတ်တယ်။ အဲဒီမှာ ဂျပန်ခေတ်က ဂျပန်စစ်သားတွေ တို့ဗမာ တွေဆီက လုယက်ထားတဲ့ ရွှေငွေရတနာ မျိုးစုံ သေတ္တာထဲထည့်ပြီး တောထဲမှာ ဝှက်ထားတာ ငါတွေ့ခဲ့တယ်၊ ငါလည်း ဘယ်လို သယ်ရမလဲ စဉ်းစားရင်း အင်္က ျီ ချွတ်ပြီး ရတနာပစ္စည်းတွေ ကျုံးထည့်လိုက် တယ်။
သေတ္တာတွေထဲက မြွေဟောက်ကြီး ထွက်လာတာ မြင်လို့ ဆက်မထည့်တော့ဘဲ အင်္ကျီကိုထုပ်ပြီး ရတနာတွေ ထမ်းထွက် ခဲ့တယ်…ဂူအထွက်မှာ ဂျပန်အရိုးစု လက် ကြီးက ဖမ်းဆွဲလိုက်သေးတယ် ” “မဖြစ်နိုင်တာရှင် ” “မင်းက ငါပြောတာ မယုံဘူး…ငါပစ္စည်းတွေ ထမ်းပြီး ဂူထဲကနေ တောင်ပေါ်ပြန်တက်တော့ သရဲတွေ နောက်က လိုက်လာပြီး အထုပ်ကို ဆွဲလုထားလိုက်တယ် သူလု ကိုယ်လုဖြစ်နေတုန်း ဂူထဲက မြွေကြီး ချုံထဲက ထွက်လာတာနဲ့ မြွေကိုက်တော့ မခံနိုင်ဘူးဆိုပြီး အသက်လုပြေး ခဲ့ရတာ” “ရှင်တောမှောက်ပြီး…မဟုတ်တာတွေ မြင်လာတာလားမှ မသိတာ၊ တောခြောက်ခံ လိုက်လို့ ရူးကြောင်ကြောင်ဖြစ်လာတာလား” “ဒီမိန်းမ…ငါပြောတာ မယုံဘူး၊ အခြေအနေ တည်ငြိမ်မှ ငါ…အဲဒီနေရာ သွားပြန်ရှာမယ်” “ရှင်ပြောတော့ လာလုသွားပြီဆို” “ဟုတ်တယ် ငါ့ပခုံးပေါ်က လုသွားပြီဆို” “လုသွားမှတော့ အဲဒီနားမှာ ရှိတော့မလား ရှင်ယူခဲ့တဲ့နေမှာ ပြန်ထားလိုက်မှာပေါ့” “ဘယ်လိုပဲထားထား ရတနာရှိတဲ့ ဂူနေရာကို ငါသိပြီ ငါနောက်တစ်ခေါက် ထပ်သွားမယ်” “ကဲ…ရေအဝသောက်ပြီး ခဏနေ ရေချိုးလိုက်” “ဘာချက်ထားလဲ” ” ငါးခြောက်ဖုတ်ထားတဲ့၊ ပဲကြီးဆူးပုတ်နဲ့ အရေသောက် ချက်ထားတယ်” “အင်း…နေ့ချင်းညချင်း သူဌေးဖြစ်ကာနီးမှ လက်လွတ်သွားရတယ် စိတ်ဓါတ်ကျလိုက်တာ” ညည်းညူပြောဆိုပြီး ရေပုံးဆွဲကာ ရေချိုးရန် ရေတွင်းသို့ သွားသည်။
“ရှင်တောတက်တဲ့ဘောင်းဘီ ချွတ်ထားခဲ့၊ ရေလဲပိုင်းနဲ့ချိုး၊ ကျုပ်ရေချိုးမှ ရှင်ဘောင်းဘီလျှော် လိုက်မယ် ရှင်လျှော်ရင် ဂျီးစင်မှာ မဟုတ်ဘူး” ” မင်းလျှော်ပေးမယ် ဆိုတော့လည်း သက်သာတာပေါ့” ကိုမြတ်ထွန်းလည်း ပခုံးပေါ်တင်ထားသော ရေလဲပိုင်းပုဆိုးကို ကောက်စွပ်လိုက်ပြီး ဘောင်း ဘီချွတ်လိုက်သည်။ ဘောင်းဘီကို အိမ်ရှေ့ ကပြင်မှာ ထိုင်နေသော ဇနီးမအေးကျင်အား ပစ်ပေးလိုက်သည်။ ဂျောက်…ဂျောက်… “ဟင်…ဘာတွေလဲ” ဘောင်းဘီအိတ်ထဲမှာ စိန်ဆွဲကြိုးတစ်ကုံး၊ ပတ္တမြား ဆွဲကြိုးတစ်ကုံးနှင့် လက်မသာသာခန့်ရှိ ရွှေတုံးလေး ကျလာသည်။
“ဟင်…ရှင်…ရှင်ပြောတာအမှန်လား” “ဟာ…ငါ…ငါ့ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့် ထားတာ မေ့သွားတယ်၊ ငါ…တွေ့တွေ့ချင်း ဘောင်းဘီအိတ်နှစ်ဘက်လုံး ထိုးထည့်ထားတာ၊ ပစ္စည်းများများ မဝင်တာနဲ့ အင်္ကျီ ချွတ်ပြီး ထည့် တာ၊ အဲဒီနောက်ပိုင်း ဘောင်းဘီထဲထည့်တာ မေ့သွားတယ်” “ဒီဘက်အိတ်ထဲက ဆွဲကြိုးတစ်ကုံးတွေ့သေးတယ်” “ငါ့ ဘောင်းဘီထဲ ထည့်တုန်းက ဒီထက်မကဘူး၊ ပြေးရင်းလွှားရင်း တောင်ပေါ်မှာ ကျကုန်တယ်နဲ့ တူတယ်၊ ဒါတွေက အောက်ဘက်ရောက်သွားလို့ ထွက်မကျတာ ဖြစ်မယ်” “အမယ်လေး …ဒီဆွဲကြိုးသုံးကုံးနဲ့ ရွှေအတုံးလေးနဲ့ တင် ကျုပ်တို့သူဌေးဖြစ်ပါပြီတော် …ကျန်တာတွေ စိတ်ကူးယဉ်မနေပါနဲ့တော့” “အေးကွာ…ငါ့ အင်္ကျီထဲ ထည့်ထုတ်ထားတဲ့ ပစ္စည်းတွေဆို ဘယ်လောက်တန်မလဲ စဉ်းစာသာကြည့်ပေတော့” စိန်ဆယ့်ငါးလုံး အကြီးအသေးများဖြင့် ဘယက်ပုံစံ ပြုလုပ်ထားသော စိန်ဆွဲကြိုးကို ဇနီးဖြစ်သူက လည်ပင်းမှာ ကပ်ကြည့်လိုက်သည်။ အရောင် တဖျတ်ဖျတ်လက်သွားသဖြင့် … “မိန်းမ ဒီပစ္စည်းတွေကို အိမ်နီးချင်းတွေမြင်လို့ မဖြစ်ဘူး၊ သိမ်းထားလိုက်။
မြန်မြန်ရောင်းတာ ကောင်းတယ် တောထဲက သရဲလိုက်လာပြီး ပြန်ယူသွားနိုင်တယ်။ လုံခြုံတဲ့နေရာမှာ ဝှက်ထား” “မဖြစ်ဘူး အိတ်ရှုံ့လေးထဲထည့်ပြီး ကျုပ်လည်ပင်းမှာ ဆွဲထားမယ်” “အင်္ကျီအပြင်မထွက်စေနဲ့ အိတ်ရှုံ့ရော အလွယ်တကူ ရှိလား” “ရှိတယ် …ပိုက်ဆံထည့်သိမ်းတဲ့ အိတ်ရှုံ့လေး သေတ္တာထဲမှာ အသင့်ရှိတယ်” ကျောက်စီဆွဲကြိုးသုံးကုံးနဲ့ ရွှေတစ်ဆယ်သားခန့် အတုံးလေးတစ်တုံးကို အိတ်ရှုံ့အတွင်းထည့်ပြီး ဇနီးဖြစ်သူ လည်ပင်းမှာ ဆွဲထားသည်။ ညစာ ထမင်းစားပြီး မနက် မော်လမြိုင် မြို့တက်၍ လက်ဝတ်လက်စား တစ်ခုခု သွားရောင်းရန် အစီစဉ်ချလိုက်သည်။ “ခဏ ခဏ ထုတ်ကြည့်မနေနဲ့၊ ညဘက်ဆိုတာ စိတ်ချရတာ မဟုတ်ဘူး။ အိမ်ထဲက မီးရောင်တွေ့ လိုပဲဖြစ်ဖြစ်၊ စကားသံကြားလို့ပဲဖြစ်ဖြစ် သွားရင်း လာရင်း ချောင်းကြည့်တတ်ကြတယ်” “ကျုပ် …အခုထိ မယုံရဲသေးလို့ ဟုတ်မှ ဟုတ်ရဲ့လား ဆိုပြီး ကြည့်တာပါတော်” “အေး…အပြင်မှာ မထားနဲ့၊ ကိုယ်နဲ့ မကွာထား။
ငါအိပ်ပျော်နေတုန်းလည်း …ထမကြည့်နဲ့နော်” “ဘာလဲ…ရှင့်ကိုလား မကြည့်အားပါဘူး” “မဟုတ်ပါဘူးကွာ…မင်းလည်ပင်းက အထုပ်ကို ဖွင့်မကြည့်ဖို့ ပြောတာပါ” “ကဲ…ဒါဆိုလည်း အိပ်ကြစို့ ” မြတ်ထွန်းတို့မှာ ကလေးနှစ်ယောက်ရှိသည်။ ယခု ကလေးနှစ်ယောက်က သူတို့နှင့်အတူ မရှိ၊ အဘိုးအဘွားတို့ လာခေါ်သွား၍ ပါသွားသည်။ အဘိုးအဘွားတို့ရွာနှင့် မြတ်ထွန်းတို့ရွာက တစ်ရွာနှင့်တစ်ရွာ သိပ်မဝေးကြ။ အဘိုးအဘွားများက မြေးများကို သတိရသည့်အခါ လှည်းနှင့် မကြာမကြာ လာခေါ်သွားတတ်သည်။ မြတ်ထွန်းတို့က သားနှစ်ယောက် မွေးထားသည်။ အကြီးက ခြောက်နှစ်၊ အငယ်က သုံးနှစ်ဖြစ်သည်။ မအေးကျင်က အိပ်မောကျသွား၍ ဟောက်ပင် ဟောက်နေသည်။ အချိန်က ညတစ်နာရီကျော်ပြီ။ အိမ်ထရံကို ပုတ်သည့်အသံ မြတ်ထွန်းကြားသဖြင့် နိုးသွားသည်။
“အိမ်ရှင်တို့ …အိမ်ရှင်တို့ လာစမ်းပါဦး” မြတ်ထွန်း တံခါးဖွင့်ပေးလိုက်သည်။ “ဟင်” မြတ်ထွန်းကို ရိုင်ဖယ်သေနတ်လေးလက်နှင့် ချိန်ထားသော ဂျပန်လေးယောက်နှင့် စကား ပြန်ကို တွေ့လိုက်သည်။ “မင်း မြတ်ထွန်းလား” “ဟုတ်တယ် ဘာကိစ္စရှိလို့လဲ” “မင်းကို မာစတာကြီးကပြောတယ်၊ သူတို့ ပစ္စည်းတွေ မင်းယူထားတယ် …အဲဒါ ပြန်ယူမလို့ လိုက်လာတာ” “မင်းကို ငါမေးမယ်…မင်းက ဗမာလူမျိုးမဟုတ်ဘူးလား၊ မင်းက အခုထိ သူတို့နဲ့ နေတုန်းလား” “ငါ့ကိုလည်း …ဒီဂျပန်လေးယောက်နဲ့အတူ ရတနာတွေ စောင့်ရှောက်ဖို့ ထားခဲ့တာ၊ ငါ…ရတနာတွေ စောင့်ရှောက်ရမယ့် တာဝန် ရှိတယ်၊ အခု…မင်းယူသွားတဲ့ ရတနာတွေကို ပြန်ယူမလို့ ငါတို့လာခဲ့တာ …ယခု ထုတ်ပေးပေတော့” “ဒီပစ္စည်းတွေက ဂျပန်တွေ ဗမာလူမျိုးတွေဆီက မတရားသတ်ဖြတ်လုယက်ပြီး ယူထားတဲ့ပစ္စည်း တွေ သေတ္တာထဲမှာ အများကြီးပဲ၊ တို့ပြည်သူတွေ ဆီက မတရားသတ်ဖြတ် ခိုးယူလုယက်ထားတာ၊ သူတို့ ကိုယ်ပိုင်ပစ္စည်း ဟုတ်ရဲ့လား မေးကြည့် စမ်းပါကွာ” စကားပြန်က ဂျပန်လို လှည့်ပြောသည်။ ဂျပန်က ဒေါနှင့် မောနှင့် ပြန်ပြောသည်။
“နားမလည်ဘူး…သူတို့လက်ထဲရောက် တဲ့ပစ္စည်း၊ သူပိုင်တဲ့ ပစ္စည်းတဲ့ မာစတာကြီး စိတ်ဆိုးနေတယ် ” “ဒါဆို ငါလုယက်ခိုးယူလို့ ငါ့လက်ထဲရောက်တဲ့ ပစ္စည်းဟာ ငါ့ပစ္စည်းပေါ့ ဘာပြန်ပေးစရာလိုမှာလဲ” “မင်း အသတ်ခံရတော့မှာပဲ” “အေး…အေး၊ ငါအသတ်တော့ မခံပါရစေနဲ့ ” မြတ်ထွန်းအား ဂျပန်များက သေနတ်ဖြင့် စုပြုံချိန်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာ နေသော ရိုင်ဖယ်သေနတ်က သရဲစီးပြီး ကျည်ထွက်လာရင်အခက်၊ ထိုကြောင့် မြတ်ထွန်းလည်း စကားပြန်ကို နှစ်သိမ့်ပြီး အိမ်ထဲဝင်လိုက်သည်။ “အပြင်ကစောင့် အထဲဝင်ယူလိုက်ဦးမယ်” စကားပြန်က သူ့တာဝန်အတိုင်း ပြောသည်။ မြတ်ထွန်းလည်း ဖလားခွက်ကြီးယူ၍ ဘုရား စင်သို့သွားကာ သောက်တော်ရေ ခွက်သုံး ခွက်ထဲမှ ရေများ ဖလားထဲ သွန်ထည့်လိုက်သည်။
ညောင်ရေအိုးမှ ရေများလည်း သွန်းထည့်လိုက်သည်။ ခပ်သွက်သွက်တံခါးဝထွက်ပြီး ထိုဖလားထဲမှ ရေများဖြင့် အပြင်မှာ ရပ်နေသော သရဲငါးကောင်ကို ဝိုက်ပြီး ပက်လိုက်သည်။ “အား…အား…အား” “ပူတယ်…ပူတယ်…ပူတယ်” ဝိညာဉ်သရဲများ ဘုရားစင်မှ သောက်တော်ရေများ ဖြင့် ထိသည့်နှင့် အော်ဟစ်ကာ ရုတ်တရက် ပျောက် ကွယ်သွားတော့သည်။ “ဟူး …တော်ပါသေးရဲ့၊ သူခိုးလက်က သူဝှက်လုတာ သူတို့ကပဲ နှမြောနေသေးတယ်” တံခါးကို ဆွဲပိတ်လိုက်သည်။ “ဂျပန်သရဲတွေ တကယ်လိုက်လာတာပဲ၊ သူတို့ခိုးဝှက်ထားတာကို အသိပေးလိုက်လို့ အသိတရားရသွားရင်တော့ ကောင်းပါရဲ့၊ သူ့အထက်က အရာရှိတွေရဲ့ အမိန့်ကို မလွန်ဆန်ဝံ့လို့ ထပ်လာရင်တော့ အခက်ပဲ၊ မဖြစ်ဘူး မနက် ရောင်းလို့ ရသမျှ ရောင်း ပစ်လိုက်တော့မယ်” ထိုအချိန် ဇနီးဖြစ်သူ နိုးလာသည်။
“ရှင်မအိပ်သေးဘူးလား။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဘာလုပ်နေတာလဲ” “မင်း ဟာတွေ လိုက်လာလို့ဟေ့” “ဟင်…အခု…ဘယ်မှာလဲ” “အေး …မင်းအိပ်မောကျနေလို့ တော်သေးတယ်။ ငါ့နောက်ကို ဂျပန်သရဲလေးကောင်နဲ့ စကားပြန် အပါ သရဲငါးကောင် လိုက်လာပြီး ငါယူလာတဲ့ ကြိုးသုံးကုံးနဲ့ ရွှေတုံးကို လာတောင်းကြတယ်” “ဟင်…ရှင်…ပေး…ပေးလိုက်လား” “မင်း…ရင်ဘတ်ထဲမှာ စမ်းကြည့်ပါလား” ဇနီးဖြစ်သူက အိတ်ရှုံ့လေးကို ဆွဲထုတ်ကြည့်လိုက်ရာ… “အမယ်လေး …ရှိသေးတယ် …အခု သူတို့ ဘယ်ရောက်သွားပြီလဲ…ပြန်သွားပြီလား” “ငါ…ပစ္စည်းယူပေးမယ်ဆိုပြီး ဘုရားသောက်တော်ရေ သုံးခွက်နဲ့ ပန်းအိုးထဲက ရေတွေ ပေါင်းထည့်ပြီး သူတို့ ငါးယောက်လုံးကို စိုကုန်အောင် ပက်လိုက်တာ အော်ဟစ်ပြီး ပျောက်သွားတာပဲ” “ဘုရားမတာပဲ…ဘုရားမတာ အခု ဘယ်အချိန် လောက် ရှိပြီလဲ” “ငါ့အထင် တစ်နာရီနဲ့ နှစ်နာရီအတွင်းပဲ ရှိဦးမယ်” “ငါက အိပ်မက်အောက်မေ့တာ မဟုတ်ဘူး။
အိမ်အပြင်မှာ သရဲငါးကောင်လုံး သေနတ်ကိုယ်စီနဲ့ ရပ်နေကြတာ တွေ့လိုက်တယ်၊ ခိုးထားတဲ့ ပစ္စည်း ကို ခိုးယူခဲ့တာ ပြန်မပေးဘူးလို့ ပြောလိုက်ရော စိတ်ဆိုးပြီး သေနတ်တွေ ဝိုင်းချိန်ကြတာ။ ငါ့ကို သတ်မယ်လို့ ကြိမ်းဝါးသေးတယ်၊ သူတို့ သေနတ်နဲ့ တကယ်ပစ်ရင် ကျည်ထွက်ပြီး သေမယ်ထင်တယ် ” “ကဲ…အခု ရှင်မသေးဘူး မဟုတ်လား တံခါးတွေ သေသေချာချာ ပိတ်လိုက်ဦး ပြန်အိပ်ကြမယ်” “မနက်စောစောထ ဒီပစ္စည်းတွေ ရတဲ့စျေးနဲ့ ရောင်းပြီး မြို့ပေါ် ပြောင်းနေကြမယ်” ညက တိုင်ပင်ထားသည့်အတိုင်း ကိုမြတ်ထွန်း တို့လင်မယား ရတနာပွဲစားတစ်ယောက်နှင့် တွေ့ဆုံကာ ရွှေတုံးက လွဲပြီး ရောင်းလိုက်ရာ သိန်းပေါင်းများစွာ ရလိုက်သည်။ သို့ကြောင့် ရွာမှ မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကိုမြတ်ထွန်းတို့လည်း ထိုအချိန်မှစ၍ မုဆိုးအလုပ် ကို ရာသက်ပန် စွန့်လွှတ်၍ ကောင်းရောင်းကောင်း ဝယ် လုပ်ကိုင်စားသောက်နေထိုင်ခဲ့လေတော့သည်။ မူရင်းရေးသူ ဆရာ ဧကန်မင်း စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ ဘုရားစောင့်ဘီလူးနဲ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည် Credit
Leave a Reply