မျက်နှာဖုံးနောက်က မျက်ရည်စက်များ

မျက်နှာဖုံးနောက်က မျက်ရည်စက်များ

ကိုလှမောင် အလုပ်တွေ နားတော့မယ်တဲ့ … ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ” “အေး အလုပ်ကြမ်းသမားတွေ နားမှာတဲ့ … တိုက်အတွင်း အလှဆင်သမားတွေတော့ ချန်ထားဦးမှာလို့ ပြောတာပဲ” “ရှင်လည်း အဲဒီချန်ထားမယ့် အုပ်စုထဲပါအောင် ခေါင်းဆောင်ကို သွားပြောကြည့်ပါလား” “မရဘူးဟ … အတွင်း အလှဆင်သမားတွေက ကျွမ်းကျင်မှရတာ … ငါက အလုပ်ကြမ်းသမား” “ခက်ပြီ … ကျွန်မကိုလည်း ကန်ထရိုက်က မနက်ဖြန် မဆင်းနဲ့တော့တဲ့” သူတို့လင်မယား ပူပန်စိတ်တွေ များလာရပြီ။

တောက တက်လာပြီး သာကေတထဲတွင် အိမ်လေးတစ်လုံးထဲ မိသားစု လေးဦးစပ်တူငှားနေကြရသည်။ လကုန်လျှင် ကိုယ့်အချိုးက နှစ်သောင်း ပေးရတော့မည်။ “နေရေးက တောင်းပန်ထားလို့ရပါသေးတယ်ဟာ … စားရေးကခက်မှာ … ငါ့အထင် တစ်ပတ်လောက်ပဲ ချွေချွေတာတာစားဖို့ လက်ထဲပိုက်ဆံရှိတော့တယ်” လကုန်တော့မည် အားလုံး အခက်တွေ့နေကြသည်။

တစ်အိမ်တည်း အတူနေ ကွမ်းယာသည်ကလည်း ဆိုင်မထွက်ရသဖြင့် ညည်းသည်။ လက်ဖက်ရည် အဖျော်ဆရာလင်မယားကလည်း ဆိုင်ပိတ်ထားသဖြင့် အလုပ်မရှိ၍ ညည်းသည်။ ဆိုက်ကားသမားလင်မယားကလည်း နေ့တိုင်းရန်ဖြစ်ကာ မရှိခြင်းကို ဖောက်ခွဲပြနေကြသည်။ “ဟဲ့ … ဒီအိမ်ကဟာတွေ … ဘယ်ရောက်ကုန်ပြီလဲ … အိမ်လခ” “အစ်မရေ … ဒီတစ်လလောက်တော့ သည်းခံပါဦး … ကျွန်မတို့အားလုံး အလုပ်လက်မဲ့တွေ ဖြစ်ကုန်လို့” “ဪ … နင်တို့က အလုပ်လက်မဲ့ဖြစ်ကုန်လို့ အိမ်လခ မပေးနိုင်သေးဘူးဆိုတော့ … ဘာလဲ … ငါက ဖာခံစားရမှာလား” “အဲဒီလိုလဲ မဟုတ်ပါဘူး အစ်မရယ် … တောင်းပန်တာပါ … အားလုံး ကျပ်တည်းချိန်ဖြစ်နေလို့ပါ” “မရဘူး … အားလုံး တစ်ပတ်ပဲ … တစ်ပတ်အတွင်း အိမ်လခ မပေးနိုင်ရင် အားလုံးဆင်း” လက်ကောက်တွေ တံတောင်ဆစ်ရောက်အောင် ဝတ်ထားသည့် အိမ်ရှင် မထွေးက တစ်ရပ်ကွက်လုံးကို လာပြီး အော်ဟစ်သောင်းကျန်းနေသည်။

“ကိုလှမောင် … စားဖို့ ပိုက်ဆံကမရှိဘူး … ဘယ်ကပိုက်ဆံရလို့ မူးလာပြန်တာလဲ” “ဟိုကွာ ဘော်ဒါတွေနဲ့တွေ့လို့ တိုက်လိုက်တာ” “ခက်တာပဲ … မနက်ဖြန်မှ အိမ်လခမပေးနိုင်ရင်ဆိုတာ ရှင်တွေးပူရဲ့လား” “တွေးတာပေါ့ … ဘယ်မှလည်း သွားမရ၊ လာမရ … ဘာအလုပ်မှလည်းမရှိ … စိတ်ညစ်လို့” “စိတ်ညစ်တာ အရက်သောက်လို့ ပြီးရောလား” ပြီးမပြီးတော့မသိ။ ထိုညတွင် ဤအိမ်လေးအတွင်း နေထိုင်ကြသော အိမ်ထောင်ဦးစီး အိမ်ဦးနတ် လေးပါးစလုံး မူးလာကြသည်။

အိမ်ဦးနတ်နှစ်ပါး အချင်းများကာ ရန်ဖြစ်ကြသည်။ ရပ်ကွက်ရုံးကလာခေါ်သွားသည်။ “ကိုလှမောင်” “ဘာလဲ” “မနက်စောစောလေး ရွာကို ပြန်ရအောင်” “ဟိုရောက်တော့ရော ဘာထူးမှာလဲ” “ရွာဆိုတော့ ဖားလေး … ငါးလေး ရှာစားလို့ရသေးတာပေါ့ … ဟိုမှာက မရှိလို့ တောင်းစားရင်တောင် ပေးမယ့်သူ ရှိသေးတယ် … ပြီးတော့ အစ်ကို အောင်မြင့်က ကူညီမှာပါ” “အေးဟာ … နင့်အစ်ကိုကို ပြောရမှာပေါ့ … တခြားနည်းမှ မရှိတော့တာ” ထိုည ဖျာလေးတစ်ချပ်ပေါ်က ဘဝတစ်ခုမှာ ရန်ကုန်မြို့ပြ၏ နောက်ဆုံးကာလ ဖြစ်ခဲ့ရသည်။

နောက်တစ်နေ့တွင် သူတို့လင်မယား အထုပ်လေးပိုက်ကာ လိုင်းကားဖြင့် ရန်ကုန်ကို နှုတ်ဆက်ထွက်ခွာခဲ့ သည်။ “ကိုလှမောင် … ပိုက်ဆံတစ်ပြားမှ မကျန်တော့ဘူး” “ဟာကွာ ခဏ ခဏ ညည်းမနေနဲ့ စိတ်ညစ်ရတဲ့အထဲ” “ညည်းတာမဟုတ်ဘူး ပြောပြတာ … ဘာလုပ်ကြမလဲ … အစ်ကို့အိမ်မှာ ကပ်နေရတာ စိတ်ညစ်လာပြီ။ သူ့မိန်းမက နေ့တိုင်းဆဲနေတာကို ကျွန်မတော့ ခေါင်းငုံ့ခံနေရတာ စိတ်ပျက်တယ်” “အေးပါ … ငါဒီနေ့ အလုပ်တစ်ခု လက်ခံထားတယ်”

“ရှင့်အလုပ်က ဘယ်မှာလဲ … မိုးပဲချုပ်တော့မယ်” “ညဆိုင်းကွာ … ကိုအောင်မြင့်တို့နဲ့ သွားမှာ” “ရှင် အရက်တွေ သောက်မလာနဲ့ဦးနော် … အစ်ကို့အိမ်မှာ ကပ်နေရတာ မျက်နှာပူစရာ” “နင့်အစ်ကိုနဲ့ အတူသွားမှာပဲဟာ … ညကျ ထမင်းစားနှင့်” “စားစရာကို ဘာမှမရှိတာ … ရှင့်ဘာသာ အပြင်က စားလာတော့” “ငါ့ကို မစောင့်နဲ့ မိုးလင်းမှ ပြန်လာမှာ” “ရှင့်အလုပ်က ဘာအလုပ်လဲ” “ညစောင့်ပါကွာ” “ပြန်လာရင် ဘိန်းမုန့်လေးတစ်ခုလောက်” “အေး … အေး” “ဓားပြ … ဓားပြ … ကယ်ကြပါ” နံနက်မလင်းမီ ကင်းသမားများ သိမ်းသွားချိန်လေး၌ ရပ်ကွက်အတွင်း အော်သံတွေ ပေါ်လာသည်။

လူတွေ တစ်အိမ်တစ်ယောက်ထွက်ကာ တုတ်တွေ၊ ဓားတွေ၊ လက်နှိပ်မီးတွေနှင့် တောင်မှမြောက်လိုက်၊ အရှေ့မှ အနောက်လိုက်၊ ယောက်ယက်ခတ်ကုန်ကြသည်။ “ဟိုမှာ … ဟိုမှာ” “လိုက် … လိုက်” “ဟိုနားမှာလား မသိဘူး” ဓားပြအတိုက်ခံရသော အိမ်တွင်ဖြစ်သည်။ “ဓားပြတွေက ဘယ်နှယောက်လဲ” “သုံးယောက်” “ဘာတွေ ပါသွားသလဲ” “ခြင်ထောင်နဲ့လုံးထွေးပြီး အပေါ်က တက်ဖိထားတာ … အော်ရင် ဓားနဲ့ ထိုးမယ်ဆိုလို့ မအော်ရဲဘူး … ဒါတောင် လက်မောင်းကို ထိုးသွားသေးတယ် … သေတ္တာထဲရှိတဲ့ ပိုက်ဆံ တစ်သိန်းလောက်နဲ့ ဖုန်းတွေ ပါသွားတယ်” “မျက်နှာ မြင်လိုက်သေးလား” “မမြင်ဘူး … အားလုံး မတ်စ်တွေ တပ်ထားကြတယ်” လူတွေ၏ ထိတ်လန့်စိတ် ကြောက်စိတ်တွေက လွန်ခဲ့သောလလောက်ကတည်းက ဖြစ်နေကြသည်။

ရပ်ကွက်ထဲ သူခိုးပူနေရသည်မှာ ကြာပြီ။ ထို့ကြောင့် ကင်းစောင့်ကြရသည်။ ကင်းသိမ်းချိန်လေးကို စောင့်ပြီး ဓားပြဝင်တိုက်သွားခြင်းဖြစ်သည်။ အတိုက်ခံရသည့်အိမ်ကလည်း ချမ်းသာသော အိမ်မဟုတ်။ ဤရပ်ကွက် ထဲတွင် အကြီးအကျယ် ချမ်းသာသူတွေမရှိ။ မရှိတာချင်းအတူတူ နည်းနည်းပိုရှိသူအိမ်ကို ရွေးကာ ဓားပြတိုက် သွားခြင်းဖြစ်သည်။ “ဟေ့ … မိပြီ … မိပြီ … ဒီမှာ … ဟို သစ်ပင်ပေါ်မှာ” “ဟေ့ကောင် …. ဆင်းခဲ့ … ဆင်းခဲ့နော်” “မဆင်းဘူးလား” လူတွေက တုတ်တွေနှင့် ပစ်သည်။

ခဲတွေနှင့်ပစ်သည်။ လေးခွတွေနှင့်ပစ်သည်။ “ဟေ့ကောင် ဆင်းခဲ့” နောက်ဆုံးတွင် လေးခွက မျက်နှာကို မှန်ပြီး သစ်ပင်ပေါ်ကလူ ပြုတ်ကျလာသည်။ “ချကွာ … ချ” လူအုပ်စုကြီး ဝိုင်းပြီး ရိုက်လိုက် နှက်လိုက်သည်မှာ ရစရာမရှိ “ဟေ့ကောင် … ပြော … နောက်နှစ်ယောက်ရော” သူဘာမျှ မပြောနိုင်တော့။ “အစ်ကို… အစ်ကို အောင်မြင့်” “ဘာလဲ” အစ်ကို့ မိန်းမက မျက်နှာဆူပုပ်ပြီး အိမ်ပေါ်ကဆင်းလာသည်။ “ကိုလှမောင်ကို လာမေးတာ” “အိပ်နေတယ်” “အစ်မရေ … မေးပေးပါလား … ကျွန်မယောက်ျား ခုထိပြန်မလာသေးလို့ … စိတ်ပူလို့” “အေး … နိုးရင် မေးပေးထားမယ်” သူက ဈေးဘက်ကို ထွက်လာသည်။

ဗိုက်ကလည်းဆာလာသည်။ တစ်ခုခု အလုပ်လေးတောင်းပြီး စားရလျှင် ကောင်းမည်။ မုန့်ဟင်းခါးဆိုင်ကို ရောက်လာသည်။ “အဒေါ် အလုပ်တစ်ခုလောက်ခိုင်းပါ … ဗိုက်ဆာလို့” “ဟေ … အလုပ်တော့ မရှိဘူး … ရော့ …. အကြော်တစ်ခု စားသွား” ဆိုင်ရှင်က ဘူးသီးကြော်တစ်ခုပေးသည်။ သူက ဘူးသီးကြော်စားရင်း ဈေးထဲတွင် လျှောက်နေသည်။

“ဟေ့ … ညက တို့ရပ်ကွက်ထဲ ဓားပြတိုက်လို့” “ဟုတ်လား … မိလား” “တစ်ယောက်ပဲ မိတယ်” “ဘယ်နှယောက် လာတိုက်လို့လဲ” “သုံးယောက်တဲ့ … ပိုက်ဆံ တစ်သိန်းနဲ့ ဖုန်းနှစ်လုံး ပါသွားတယ်” “တစ်ယောက်မိရင်တော့ ကျန်တာတွေ မိမှာပါ” “ဘယ်ကလာ … အဲဒီတစ်ယောက်ကို ဝိုင်းသမလိုက်ကြတာ သေရော … ဟိုမှာ … ဟိုမှာ ဆိုက်ကားပေါ် အလောင်းတင်လာပြီ” ဈေးထဲကလူတွေ ပြေးထွက်ကာ ကြည့်ကြသည်။

သူလည်း မနေနိုင် မထိုင်နိုင် ပြေးကြည့်မိသည်။ ဆိုက်ကားပေါ်တွင် တစ်ကိုယ်လုံး သွေးတွေဖုံးနေသူကို သူကကြည့်လိုက်ပြီး “ကိုလှမောင်” ဟုအော်မည် လုပ်ပြီးမှ ပါးစပ် ပိတ်လိုက်သည်။ သူမျက်ရည်တွေစီးကျပြီး ဘာလုပ်ရမှန်းမသိ။ သို့သော် သူ့မျက်ရည်နှင့် အံ့အားသင့်မှုတွေကို မျက်နှာဖုံး မတ်စ်က ကာကွယ်ပေးထားသည်။ တင်ညွန့်

Be the first to comment

Leave a Reply

Your email address will not be published.


*