အဖေ့ကိုဘယ်သူယူပါ့မယ် 

အဖေ့ကိုဘယ်သူယူပါ့မယ်

သူတို့အမေ ရက်လည်နေ့တွင်ဖြစ်သည်။

သားသမီး ငါးယောက် ဧည့်ခန်းတွင်ထိုင်ပြီး စကားပြောနေကြသည်။

အစ်ကိုအကြီးဆုံးက စတင်ပြီး

“ကဲ ညီတွေ ညီမတွေ ခုရှုပ်မှနောင်ရှင်း … မပြောမဖြစ်တာကို တို့ မောင်နှမတွေ ပြောရတော့မယ်”

အစ်ကိုကြီး မိန်းမက

“ရှူး … တိုးတိုး … အဖေမအိပ်သေးဘူးလား မသိဘူး”

ညီမလတ်က ဝင်ပြောသည်။

“ညီမ ခုပဲဆေးတိုက်ဖို့အခန်းထဲဝင်တာ အဖေတရှူးရှူးနဲ့ အိပ်နေတာ”

“စိတ်ချရအောင် တံခါး သွားပိတ်လိုက်ဦး”

ညီမအငယ်ဆုံးက တံခါးသွားပိတ်လိုက်သည်။

“အစ်ကိုကြီး ဘာပြောမလို့လဲပြောလေ”

“ဒီလိုရှိတယ် … ခုဟာက အဖေလည်း တစ်ယောက်တည်း ကျန်တော့တာဆိုတော့ အဖေ့ကို ဘယ်လို လုပ်ကြမလဲ”

“ညီမကတော့ ဒီတိုက်ခန်းမှာ လာမနေနိုင်ပါဘူး”

“ကျွန်တော်လည်း မနေနိုင်ဘူး”

“ကျွန်မလည်း မနေနိုင်ဘူး”

“ညီမလည်း အတူတူပဲ”

“ဒါဆို အဖေတစ်ယောက်တည်း ထားလို့ကလည်း မဖြစ်နိုင်ဘူးလေ။ အသက်ကကြီးပြီမဟုတ်လား”

“အစ်ကိုကြီးက သားသမီးတွေထဲမှာ အကြီးဆုံးပဲ။ အစ်ကိုကြီးပဲ ခေါ်ထားပေါ့”

“ဟာ … နင်တို့ကလည်း ငါတို့မှာ သိတဲ့အတိုင်း … ယောက္ခမအိမ် ကပ်နေရတာ။ ယောက္ခမတွေကလည်း ငုတ်တုတ်ကြီး ရှိနေတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီမှာလာနေဖို့ဆိုတာလည်း အဖေက လက်ခံမှာ မဟုတ်တူး”

“ဒီလိုဆိုရင် ဘယ်လိုလုပ်ကြမလဲ”

“အဖေ့ကို ဘိုးဘွားရိပ်သာပို့လိုက်ရအောင်”

“မိသားစုတွေရှိနေတာ ဘယ်ရိပ်သာက လက်ခံမှာလဲ”

“ကဲ ညီတွေ … ညီမတွေ ငါပြောမယ် … ငါပြောတာကို လက်ခံမလား”

“ပြောကြည့်လေ”

“ဒီတိုက်ခန်းက အမေရှိတုန်းကတည်းက ရောင်းခိုင်းနေတာ။ အမေက သူ့တိုက်ခန်းကို လာမထိနဲ့ဆိုလို့ ဘယ်သူမှ မလှုပ်ရဲကြတာ။ ခုနေ ဒီတိုက်ခန်းရောင်းရင် အနည်းဆုံး သိန်း ၈၀၀ လောက်တော့ အသာလေးပဲ။ တိုက်ခန်းကို ရောင်းမယ်ဟာ။ ၈၀၀ ပဲရတယ်ထား … တို့မောင်နှမတွေ အချိုးကျခွဲယူကြမယ်”

“အဖေ့ကို ဘယ်လိုလုပ်မလဲ”

“ပြောမယ်လေ … အငယ်မ ဘာဖြစ်နေတာလဲ။ တို့ တစ်ယောက်ကို အနည်းဆုံး သိန်း ၁၆၀ လောက်ရမယ်။ အေး လေးယောက်က သိန်း ၁၅၀ စီယူပြီး … အဖေ့ကိုလက်ခံမယ့်သူက ၂၀၀ ရမယ်ဟာ။ ကဲ ဘယ်လိုလဲ … သိန်း ၂၀၀ ရမယ် … ဘယ်သူ အဖေ့ကို ယူမလဲ”

“ကျွန်တော်တော့ မယူဘူး … သိန်း ၂၀၀ လည်း မယူဘူး … အဖေ့ကိုလည်း မယူနိုင်ဘူး။ ၁၅၀ ပဲ အေးအေး ဆေးဆေးယူမယ်။ လူမမာတစ်ယောက်ကို မသေမချင်း ပြုစုထားဖို့ဆိုတာ သိန်း ၄၀ နဲ့ ရမလား”

“အေး … ဟုတ်တယ် … ငါလည်း မခေါ်ထားနိုင်ဘူး”

“ကဲ ထားပါ တိုက်ခန်းရောင်းဖို့က အဖေ့ဆီကနေ တိုက်ခန်းစာချုပ်တွေရမှ ဖြစ်မှာလေ။ ဘယ်လို တောင်း ကြမလဲ။ အဖေက သူ့ဗီရိုသော့ကို သူ့ခါးထဲကချိတ်မှာ ချိတ်ထားတာ။ ရေချိုးတာတောင် ရေချိုးခန်းထဲ ယူသွားတာ။ တခြားဟာ မေ့ချင်မေ့မယ်။ သူ့သော့ကို ဘယ်တော့မှ မမေ့ဘူး”

“ဘယ်လိုလုပ်ကြမလဲ”

သူတို့ထိုင်ပြီး အကြံထုတ်နေကြသည်။

“ဒီညတော့ ငါစောင့်ပြီး အိပ်မယ် … တစ်ယောက် တစ်ညလာစောင့်အိပ်ပြီး အဖေ့ကို ဝိုင်းပြီး တိုက်ခန်း ရောင်းဖို့ ဖြောင်းဖြကြတာပေါ့”

“အဖေလား … ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး။ သူ့လုပ်ခလစာလေးတွေနဲ့ စုဆောင်းထားတာတွေ။ သူ့ကို အလုပ်ရှင်က သစ္စာအရှိဆုံးဆိုပြီး ချီးမြှင့်ထားတဲ့တိုက်ခန်းတဲ့။ ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး”

ထိုစဉ် အခန်းတံခါး ပွင့်လာသဖြင့် သူတို့အားလုံး အခန်းအပေါက်ဝကို လှမ်းကြည့်လိုက်ကြသည်။ သူတို့အားလုံး စကားပြောတာတွေကို ချက်ချင်းရပ်လိုက်ကြသည်။

“အဖေ … ဘာလိုလို့လဲ”

“ဘာမှ မလိုဘူး”

သူတို့ဖခင်က တိုတိုပြတ်ပြတ်ပြောပြီး ဝရန်တာရှိ ပက်လက်ကုလားထိုင်တွင် သွားထိုင်နေသည်။ သားသမီးတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ ထို့နောက် သူတို့ဖခင်အနားကို အားလုံး သွားထိုင် လိုက်ကြသည်။ သားကြီးက

“အဖေ … အဖေ့ကို တစ်ခုလောက် ပြောချင်လို့”

သူတို့ဖခင်က လက်ကာလိုက်ပြီး

“ဘာမှမပြောကြနဲ့” ဟုဆိုလိုက်သဖြင့် သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“ဒေါက် … ဒေါက် … ဒေါက်”

ထိုစဉ် တံခါးခေါက်သံကြားလိုက်ရသည်။

“တံခါးသွားဖွင့်ပေးလိုက်”

သူတို့ဖခင်က ပြောလိုက်သဖြင့် သမီးတစ်ယောက်က တံခါးသွားဖွင့်ပေးလိုက်သည်။

“ဟာ ဦးထွန်းလှမောင် ပါလား”

“မောင်ထွန်းလှမောင်ကို ခုံတစ်ခုံပေးလိုက်”

“ဦး နေကောင်းတယ်နော်”

“ကောင်းပါတယ်ကွယ် … လာရင်းကိစ္စပြောပါကွယ်”

“ဦးကို ဒီတိုက်ခန်းမှာ တစ်သက်လုံး နေထိုင်ခွင့် ကျွန်တော်ပေးထားတယ်နော်”

“အေးပါ ဟုတ်ပါတယ် … ဘာဖြစ်လို့လဲ မောင်ထွန်းလှမောင်”

“ဦးက ကျွန်တော့်ကို တိုက်ခန်းပြန်အပ်မယ်ဆိုပြီး ဖုန်းဆက်ခေါ်တာ ကျွန်တော်တော့ နားမလည်ဘူးခင်ဗျာ”

“အေး … ငါ့မိန်းမလည်း သေပြီကွယ် … ငါလည်း ဒီမှာဆက်မနေချင်တော့ဘူး။ ဒါကြောင့် မင်းကို တိုက်ခန်း ပြန်အပ်သွားချင်တယ်”

“ဟာ အဖေ … ဒါအဖေဝယ်ထားတဲ့ တိုက်ခန်းမဟုတ်ဘူးလား”

“မဟုတ်ဘူး … ဒီတိုက်ခန်းက မောင်ထွန်းလှမောင် တိုက်ခန်း။ ငါနဲ့ မင်းတို့အမေ အသက်ရှင်နေသမျှ နေနိုင်တယ်ဆိုပြီး ပေးနေထားတာ။ အငယ်မ …”

“ရှင်အဖေ”

“အိမ်ခန်းထဲက စားပွဲပေါ်မှာ ဖိုင်တစ်ခုတင်ထားတာ သွားယူစမ်း”

သမီးဖြစ်သူက အိမ်ခန်းထဲဝင်သွားပြီး စားပွဲပေါ်က ဖိုင်ကိုယူထွက်လာသည်။

“မောင်ထွန်းလှမောင် … ဒီမှာ မင်းနဲ့ ကတိကဝတ်ပြုထားတဲ့ စာချုပ်ပဲ။ ရော့ အဲဒီစာချုပ်ကို ပြန်အပ်တယ်။ ဒီတိုက်ခန်းမှာ ငါမနေတော့ဘူး”

“အဖေက တိုက်ခန်းမှာ မနေလို့ ဘယ်သွားနေမလဲ”

“ငါ ဘုန်းကြီးဝတ်တော့မလို့။ နင်တို့ တစ်ယောက်မှ ငါ့ကို ခေါ်ထားစရာ မလိုဘူး။ မင်းတို့အမေ မသေခင် ကတည်းက ငါဘယ်မှာ နေရမယ်ဆိုတာ စီစဉ်ပြီးသား။ ကဲ … မင်းတို့အားလုံး ပြန်ကြတော့။ ငါ့ကို ဘယ်သူမှ စောင့်အိပ်ပေးစရာလည်း မလိုဘူး”

“ဦးရယ် … ဒါဆိုရင် ကျွန်တော်လည်း ပြန်တော့မယ်”

“ကောင်းပြီ မောင်ထွန်းလှမောင် … မနက်ဖြန် လာဦးကွယ် … တိုက်ခန်းသော့ကို အပ်မလို့”

“အထဲက ပစ္စည်းတွေကိုရော အဖေ”

“တန်ဖိုးရှိတာ ဘာမှ မရှိဘူး။ တီဗီ၊ ရေခဲသေတ္တာ အားလုံး လှူလိုက်ပြီးသား။ မနက်ဖြန် လာယူကြလိမ့်မယ်။ အဝတ်အစားတွေ မီးဖိုချောင်သုံးပစ္စည်းတွေအားလုံးလည်း မရှိဆင်းရဲသားတွေကို ပေးလိုက်မယ်။ မင်းတို့ အတွက်ဘာမှ မမျှော်လင့်ကြနဲ့။ ငါ မင်းတို့သဘောကို ကောင်းကောင်း သိလိုက်ပြီ။ ဆုံးဖြတ်ရခက်နေတာပဲ ရှိတယ်။ ဒါပေမဲ့ မင်းတို့တိုင်ပင်နေတဲ့ စကားတွေကြားပြီးတော့ ငါဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်”

သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။

သူတစ်ယောက်တည်း ပက်လက်ကုလားထိုင်တွင်ထိုင်ကာကျန်ခဲ့သည်။

မှောင်လာသည့်တိုင် သူကထိုင်နေသည်။

ထို့နောက် မီးတွေထဖွင့်သည်။

သူက ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ဟဲလို ဦးလေး …”

“မောင်ထွန်းလှမောင် … ကျေးဇူးတင်ပါတယ်ကွယ်။ မနက်ဖြန် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ပါကွယ်”

“ဟုတ်ကဲ့ပါဦး”

▪️▪️▪️

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *