Home / Ghost Stoey / အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း

အောင်မြတ်သာနှင့်စမ္ပါန်နဂိုရ်မြို့ဟောင်း

“ ဗွမ်း… ဗွမ်း… ဗွမ်း” တရားထိုင်နေရင်း ကြားလိုက်ရတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့အမြင်ထဲမှာလည်း နဂါးလေးကောင် ကမ်းစပ်တစ်နေရာမှာ ကူးခတ်နေတဲ့ပုံရိပ်ပေါ်လာခဲ့တယ်။ နဂါးလေးကောင်က ရေထဲမှာ အတန်ကြာဆော့ကစားနေရင်း ရေထဲကိုငုံ့လျှိုးပြီး ပြန်တက်လာချိန်မှာတော့ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားနှစ်ယောက်၊ မိန်းမနှစ်ယောက်အသွင်ဖြစ်နေတာကိုလဲ မြင်တွေ့လိုက်ရတယ်။ အဆိုပါလူလေးယောက်က အောင်မြတ်သာရှိတဲ့အရပ်ကို လှမ်းကြည့်ပြီး “ ဒီအရပ်ဒေသကို မကြာခင် သာသနာပြုမယ့် ရဟန်းတစ်ပါးရောက်လာလိမ့်မယ်၊၊

သူလာမှ ဒီအရပ်ဒေသက စည်ကားတိုးတက်လာလိမ့်မယ်၊ သူမလာခင်အချိန် ဆရာတို့တစ်ခေါက်လောက် အရောက်လာခဲ့ပါ” လို့ပြောပြီး ရေထဲကို ခုန်ဆင်းကာ ပျောက်ကွယ်သွားပါတော့တယ်။ အောင်မြတ်သာလဲ တရားဖြုတ်တော့ တရားထိုင်နေရင်း မြင်ရတဲ့ ဖြစ်စဉ်ကို မောင်ကောင်းတို့အားပြောပြရာ “ သူပြောတဲ့နေရာကို ဆရာရောက်ဖူးလား” “ ငါသွားဖူးတဲ့နေရာတော့မဟုတ်ဘူး၊ ဒါပေမယ့် အရောက်သွားဖို့တော့လိုမယ်” “ နေရာမသိပဲ ဘယ်လိုသွားကြမလဲဆရာ” “ သူတို့အရပ်ဒေသကိုခေါ်တဲ့သူတွေ စီစဉ်ပါလိမ့်မယ်” အောင်မြတ်သာက စကားဆုံးတာနဲ့ မျက်စိကိုမှိတ်ကာ နှုတ်ကနေ တစ်တွတ်တွတ်ပြောနေခဲ့တယ်။ ခဏနေတော့ မောင်ကောင်းနဲ့ ခွန်းလှကိုခေါ်ကာ လူသွားလမ်းအတိုင်း ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်နေရာအရောက်မှာတော့ မွန်ပုဆိုးခပ်နွမ်းနွမ်းကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်က သစ်ပင်အောက်မှာထိုင်ပြီး ကွမ်းယာယာနေတာကိုမြင်လိုက်ရတယ်။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထိုသူက အောင်မြတ်သာတို့ကိုမြင်တော့ အနောက်ဘက်ကို လက်ညိုးထိုးပြီး “ လမ်းမှားနေပြီဗျ… သွားရမယ့်လမ်းက အနောက်မှာကျန်ခဲ့ပြီ” လို့ပြောကာ ကွမ်းတစ်ယာကို ပါးစပ်ထဲထိုးထည့်လိုက်တယ်။ “ ကျုပ်တို့သွားမယ့်လမ်းကို သိနေတာလား” “ သိပါ့ဗျာ… ဒါကြောင့် ဒီမှာစောင့်နေတာပေါ့” “ ကျုပ်တို့အခုဘယ်လမ်းကနေသွားရမှာလဲ ညွှန်ပေးပါဦး” အောင်မြတ်သာစကားကြောင့် ကွမ်းယာဝါးနေတဲ့သူက အနောက်ဘက်ကို လက်ညိုးထိုးပြီး “ လာတဲ့လမ်းမှာ ကျောက်တွေခင်းထားတဲ့ လမ်းတစ်ခု‌ရှိတယ်၊ အဲဒီလမ်းအတိုင်းတည့်တည့်သာသွား လမ်းဆုံးရင် ထင်းစည်းက လမ်းပြသွားလိမ့်မယ်” “ ကျေးဇူးပဲဗျို့… ဒီလောက်ဆို လမ်းသိပါပြီ” အောင်မြတ်သာလဲ လမ်းပြတဲ့သူကို ကျေးဇူးတင်ကြောင်းပြောပြီး အနောက်ဘက်ကို ပြန်ဆုတ်သွားခဲ့လိုက်တယ်။ အနည်းငယ်လမ်းလျောက်ပြီးလို့ ပြန်လှည့်ကြည့်လိုက်ရာ သစ်ပင်အောက်မှာ ဘယ်သူ့ကိုမှမတွေ့ရတော့ပေ။

“ ဟိုလူဘယ်ရောက်သွားပါလိမ့်” “ သူ့တာဝန်ပြီးပြီမို့ သွားလိုရာသွားတာဖြစ်ပါလိမ့်မယ်၊ ကဲ ရှေ့က ကျောက်ခင်းလမ်းအတိုင်း သွားကြရအောင်” “ ဒါနဲ့ သူပြောတဲ့ထဲမှာ ထင်းစည်းက လမ်းပြသွားမယ်ဆိုတာ ဘာကိုပြောတာလဲ၊ ကျွန်တော်သိပ်နားမရှင်းလို့ဆရာ” “ လမ်းဆုံးရောက်ရင် သူဘာပြောလဲဆိုတာ သိပါလိမ့်မယ်” အောင်မြတ်သာတို့လဲ ကျောက်ခင်းလမ်းအတိုင်းလျောက်သွားခဲ့ရာ နာရီဝက်လောက်သွားပြီးချိန်မှာတော့ လူတစ်ပွေ့စာလောက်ကြီးမားတဲ့ ထင်းစည်းတစ်စည်းကို လမ်းဘေးမှာချထားတာမြင်လိုက်ရတယ်။ ထင်းစည်းရဲ့ဘေးမှာတော့ တစ်တောင်လောက်ရှိတဲ့ ထင်းပိုင်းအချို့ကျနေပြီး သူ့ရှေ့တစ်ကိုက်လောက်အကွာမှာလဲ အလားတူ ထင်းပိုင်းတစ်ခု ရှိနေတာလှမ်းမြင်လိုက်ရတယ်။ “ အခုကစပြီး ထင်းပိုင်းတွေချထားတဲ့အတိုင်း သွားရတော့မယ်ထင်တယ်” “ လက်စသတ်တော့ ထင်းစည်းကလမ်းပြပေးမယ်ဆိုတာ ဒါကိုး” မောင်ကောင်းက သဘောကျစွာရေရွတ်လိုက်ပြီး ထင်းပိုင်းတွေရှိတဲ့ဘက်ကို ဆရာဖြစ်သူနဲ့အတူ ထွက်သွားခဲ့ပါတော့တယ်။ လမ်းတစ်လျောက်မှာလဲ ထင်းပိုင်းအချို့ကို လမ်းပြအမှတ်အသားအဖြစ် ချထားတာကိုလဲ ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာတို့လဲ ထင်းပိုင်းတွေချထားတဲ့ လမ်းအတိုင်းဆက်သွားခဲ့ရာ မွန်လူမျိုးတွေ နေထိုင်တဲ့ရွာငယ်လေးတစ်ရွာကိုရောက်လာခဲ့တယ်။ ရွာထဲရောက်တော့ ခရီးသွားတွေ နားဖို့ဆောက်ထားပေးတဲ့ ဇရပ်တစ်ခုပေါ်မှာ အနားယူနေတဲ့အချိန် နားထဲမှာ မောင်းတီးတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။ “ ဆရာ… ကြားလိုက်လား၊ တစ်ယောက်ယောက် မောင်းထုနေတဲ့အသံလိုပဲနော်” “ ဟုတ်တယ် … ငါလဲကြားလိုက်ရတယ်၊ အသံက ရွာထဲဘက်ကနေ လာတာဖြစ်နိုင်တယ်” ဆရာတပည့်တွေ မောင်းသံကြားရတဲ့ကိစ္စကို ပြောနေတဲ့အချိန် လုံချည်ခပ်တိုတို ဝတ်ထားတဲ့ ယောင်္ကျားလေးယောက် သူတို့ရှိတဲ့ဇရပ်ဘက်ကို လျောက်လာတာမြင်လိုက်ကြရတယ်။

အဆိုပါလူလေးယောက်က အောင်မြတ်သာတို့ကိုမြင်တော့ “ ရွာလူကြီးက ဧည့်သည်တွေကို အိမ်လာဖို့ ခေါ်ခိုင်းလိုက်တယ်” “ ကျုပ်တို့ရောက်နေတာ ရွာလူကြီးက ဘယ်လိုသိတာလဲ၊ တစ်ယောက်ယောက်ပြောလိုက်လို့လား” “ အဲဒါတော့ ကျုပ်တို့လဲမသိဘူး” “ ဒါဖြင့်လဲ သွားကြတာပေါ့” အောင်မြတ်သာတို့လဲ လာခေါ်တဲ့သူတွေနောက်ကို လိုက်သွားခဲ့ရာ ကျွန်းသစ်တွေနဲ့ဆောက်လုပ်ထားတဲ့ ခြေတံရှည်အိမ်တစ်လုံးဆီကိုရောက်လာခဲ့ကြတယ်။ အိမ်ရဲ့အောက်ခြေမှာတော့ အသားလတ်လတ်၊ ထောင်ထောင်မောင်းမောင်းနဲ့ လူတစ်ယောက် ထိုင်နေပြီး သူ့ဘေးမှာတော့ အသက်ခြောက်ဆယ်လောက်ရှိတဲ့ လူနှစ်ယောက်လည်းရှိနေခဲ့တယ်။ “ ဧည့်သည်တွေရောက်လာကြပြီကိုး.. လာကြ လာကြ” “ ဦးကြီးတို့က ကျွန်တော်တို့ရောက်နေတာ ဘယ်လိုသိကြတာလဲ” အောင်မြတ်သာက ခုံတန်းပေါ်မှာဝင်ထိုင်ပြီး မေးလိုက်ရာ ရွာလူကြီးလို့ထင်ရတဲ့သူက ပါးစပ်မှာပေနေတဲ့ ကွမ်းတံတွေးတွေကို လက်နဲ့သုတ်လိုက်ပြီး

“ ညက ရွာမှာ ရိုးရာကန်တော့ပွဲလုပ်တယ်လေ၊ အဲဒီမှာ ရွာအဖိုးဝင်လာပြီး မနက်ဖြန် ရွာကို ဧည့်သည်သုံးယောက်လာမယ် သူတို့လိုတာ ကူညီပေးလိုက်ဆိုလို့ အခုလိုခေါ်လိုက်မိတာပါ” “ ဒါဆိုတော့လဲ ရွာအဖိုးကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ” “ ဟိုလေ… ဧည့်သည်တွေက ဘယ်ကိုသွားကြမှာလဲ” “ သွားမယ့်နေရာရဲ့ နာမည်ကိုတော့ မသိသေးဘူးဗျ၊ မြင်မိတဲ့အတိုင်းဆိုရင် ကုန်းမြေရဲ့အရှေ့ဘက်မှာ ချောင်းလိုလို မြစ်လိုလိုတစ်ခုရှိတယ်၊ ကုန်းမြေမှာတော့ သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ပုံစံမျိုး” အောင်မြတ်သာစကားကြောင့် ရွာလူကြီးနဲ့အပေါင်းအပါတွေ ခေတ္တစဉ်းစားလိုက်ပြီး “ ဧည့်သည်တွေပြောတဲ့နေရာက ကုက္ကိုကုန်းကိုပြောတာဖြစ်ရမယ်” “ ကုက္ကိုကုန်းဆိုတာ ဒီဒေသရဲ့အခေါ်အဝေါ်လား” “ ဟုတ်တယ်ဗျ… အဲဒီကုန်းမှာ နှစ်ရာချီတဲ့ ကုက္ကိုပင်တစ်ပင်ရှိတယ်၊ သူ့ရဲ့ရှေ့မှာတော့ သံလွင်မြစ်ရှိတယ်လေ၊ နေရာက အရမ်းခေါင်တော့ ထင်းခုတ်သမားတွေတောင် သိပ်မသွားရဲကြဘူး” “ ဒါဆို ကျုပ်တို့ကို ဘယ်လိုသွားရလဲ လမ်းညွှန်ပေးပါလား” “ အခုက နေစောင်းနေပြီမို့ မနက်စောစော ကျုပ်တို့လိုက်ပို့ပေးပါမယ်၊ ဒီညတော့ ရွာမှာပဲ နားလိုက်ပါဦး” အောင်မြတ်သာတို့လဲ ရွာလူကြီးတွေရဲ့ စကားကိုလက်ခံတဲ့အနေနဲ့ တစ်ညတာ အိပ်စက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

နောက်တစ်နေ့မနက်ရောက်တော့ ရွာလူကြီးတွေစီစဉ်ပေးတဲ့ ကောက်ညှင်းပေါင်းနဲ့ လက်ဖက်ရည်ကိုသောက်ပြီး ကုက္ကိုကုန်းရှိတဲ့ဘက်ကို လမ်းပြတစ်ယောက်နဲ့အတူ ထွက်လာခဲ့ပါတော့တယ်။ ကုက္ကိုကုန်းကိုရောက်ဖို့အတွက် စပါးခင်းတွေ၊ သုဿာန်တွေ၊ တောကုန်းတွေကိုကျော်ဖြတ်လာခဲ့ရာ မွန်းမတည့်ခင်အချိန်ရောက်မှာတော့ မှိုင်းညို့အုပ်စိုင်းနေတဲ့ တောတန်းတစ်ခုရဲ့အစပ်ကို ရောက်လာခဲ့ကြတယ်။ လမ်းပြလဲ သူ့တာဝန်ပြီးဆုံးပြီမို့ အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး ပြန်ထွက်သွားတာကြောင့် ဆရာတပည့်တွေအနေနဲ့ မြင်နေရတဲ့ တောင်ကုန်းပေါ်ကို ဖြေးဖြေးနဲ့မှန်မှန် ဆက်လက်တက်လာခဲ့လိုက်တယ်။ တောင်ပေါ်ကိုရောက်တော့ သစ်ဝါးအချို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်အချို့ကိုမြင်ရပြီး အထဲမှာတော့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သင်္ကန်းစတွေကိုမြင်တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီနေရာမှာ ယခင်က ဘုန်းကြီးအချို့ လာရောက်သီတင်းသုံးခဲ့တာဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ ကုက္ကိုကုန်းပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်း နေထိုင်လို့ရမယ့် နေရာတစ်ခုကိုရှာဖွေခဲ့ရာ မြစ်ကမ်းနံလေးမှာ ဆောက်လုပ်ထားတဲ့ တဲကျောင်းလေးတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့် မြစ်ကမ်းနံဘေးမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး ပါလာတဲ့အထုပ်တွေကိုချကာ သန့်ရှင်းရေးလုပ်နေတဲ့အချိန် တောင်ကုန်းပေါ်ကနေ ရပ်ကြည့်နေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ကြရတယ်။ “ ဆရာ… လူတစ်ယောက် ကျွန်တော်တို့ကို ရပ်ကြည့်နေသလို ခံစားနေရတယ်” “ ဒီတောဒီတောင်မှာနေတဲ့ အစောင့်အရှောက်တွေ ဖြစ်မှာပေါ့၊ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ကြ” အောင်မြတ်သာက မောင်ကောင်းကို လှမ်းပြောပြီး တောင်ကုန်းပေါ်ကို လှမ်းကြည့်လိုက်ရာ တောင်ဝှေးတစ်ချောင်းကို ပခုံးပေါ်တင်ပြီး သစ်ပင်နောက်ဝင်ပြေးသွားတဲ့ လူရိပ်တစ်ခုကို သတိထားမိခဲ့တယ်။ ညနေစောင်းရောက်တော့ ဆရာတပည့်သုံးယောက် ပုတီးကိုယ်စီကိုင်ပြီး တဲအိမ်ရှေ့မှာ စင်္ကြန်လျောက်နေတဲ့အချိန် ရေပြင်ကို ကြီးမားတဲ့ အရာတစ်ခုနဲ့ရိုက်လိုက်တဲ့အသံကို ထင်ထင်ရှားရှား ကြားလိုက်ရတယ်။

“ ဆရာ… ဘာသံကြီးလဲမသိဘူး၊ အတော်ကျယ်တယ်နော်” “ ကျွန်တော်တို့ရောက်နေတာကို မကျေနပ်လို့များလား” “ အဲလိုတော့ဖြစ်မယ်မထင်ဘူး… ဒီနေရာက ငါမြင်ရတဲ့နေရာနဲ့တစ်ထပ်ထဲ တူနေတာမို့၊ ခေါ်လာတဲ့‌အစောင့်တွေက သူတို့ရှိကြောင်း ရေပြင်ကိုရိုက်ပြတာဖြစ်မှာပါ” “ ပြရင်လဲ ကောင်းကောင်းမွန်မွန်ပြတာမဟုတ်ဘူး၊ အာရုံပျက်လိုက်တာဆရာရယ်” မောင်ကောင်းက မကျေနပ်တဲ့ဟန်နဲ့ရေရွတ်ပြီး ကမ်းစပ်ဖက်ကို လျောက်သွားခဲ့လိုက်တယ်။ ညဦးပိုင်းရောက်တော့ ရွာထဲကနေယူလာတဲ့ အသီးနှံအချို့နဲ့ဗိုက်ဖြည့်လိုက်ပြီး အလင်းရောင်ရစေရန် ထင်းခြောက်တွေနဲ့ မီးပုံတစ်ဖို ဖိုလိုက်ကြတယ်။ မီးဖိုရဲ့အရှိန်ကြောင့် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်နေရပြီး တစ်ခါတစ်လေ တောအတွင်းဘက်ကနေ ချေဟောက်သံအချို့နဲ့ တောကောင်ငယ်လေးတွေရဲ့ အော်မြည်သံတွေ ထွက်ပေါ်နေခဲ့တယ်။ အောင်မြတ်သာတို့လဲ မီးဖို‌ရဲ့အနီးဝန်းကျင်မှာပဲ အသီးသီးနေရာယူလိုက်ကြပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို မေတ္တာပို့ကာ ပုတီးစိပ်နေခဲ့ကြတယ်။ ပုတီးစိပ်တဲ့အချိန်က ကြာညောင်းလာတာနဲ့အမျှ ဟုန်းဟုန်းတောက်နေတဲ့မီးပုံကလဲ တစ်ဖြေးဖြေး အလင်းရောင်တွေ လျော့ကျလာခဲ့တယ်။ အဲဒီအချိန် နားထဲမှာ ရှိုက်ငိုနေတဲ့အသံနဲ့အတူ ဆူပူကြိမ်းမောင်းတဲ့အသံတစ်ချို့ကို ကြားလိုက်ရတယ်။

အောင်မြတ်သာအနေနဲ့ မသိစိတ်ထဲကနေ သိလိုက်တဲ့အသိကြောင့် လက်ထဲကိုင်ထားတဲ့ ပုတီးကိုဖြုတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီလိုက်ကြည့်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ကိုမြင်လိုက်ရတယ်။ “ မင်းတို့ပုတီးဖြုတ်တာကြာပြီလား” “ မကြာသေးဘူးဆရာ… အသံတစ်ခုကြားလို့ လိုက်ကြည့်နေတာ” “ ဘာအသံကြားတာလဲ ပြောပါဦး” “ မိန်းကလေးတစ်ယောက်ငိုနေတဲ့အသံလိုပဲ၊ နောက်ပြီး ယောင်္ကျားလေးရဲ့ ငိုသံလဲကြားရတယ်” “ ငါလဲ မင်းတို့ပြောသလို ကြားမိတယ်… အသံက အောက်ဘက် ကမ်းနံဘေးက လာနေသလိုပဲ” “ ပိုသေချာအောင် သွားကြည့်ရမလားဆရာ” “ ညနက်နေပြီဆိုတော့ သတိတော့ထားရမယ်၊ လရောင်ကိုမှီပြီးသွားကြရအောင်” အောင်မြတ်သာတို့လဲ အသံလာတဲ့ဘက်ကို အာရုံခံပြီး လျောက်လာခဲ့ရာ ကမ်းနံဘေး သဲပြင်နဲ့ မလှမ်းမကမ်းနေရာကိုရောက်လာခဲ့တယ်။ ကမ်းနံဘေးနဲ့နီးလာလေလေ ဆူပူကြိမ်းမောင်းသံတွေက ပိုကျယ်လာလေလေ ဖြစ်လာခဲ့တယ်။

အောင်မြတ်သာလဲ အသံပဲကြားပြီး အကောင်အထည်မမြင်ရတာကြောင့် သမထအာရုံကိုစုစည်းပြီး ကြည့်လိုက်ရာ သျောင်းတစ်စောင်းထုံးထားတဲ့ ယောင်္ကျားတစ်ယောက်နဲ့ ဆံပင်တစ်ပတ်လျှို ထုံးထားတဲ့မိန်းကလေးတစ်ယောက်တို့ ဒူးထောက်အနေအထားနဲ့ ထိုင်နေပြီး သူတို့ရှေ့မှာတော့ တောင်ဝှေးတစ်‌ချောင်းကို မြေကြီးမှာထောက်ပြီးမှီရပ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ “ ဒီလူသုံးယောက်ကို နင်တို့ခေါ်လာတာမဟုတ်လား ပြောစမ်း” “ မဟုတ်ရပါဘူးရှင်… ကျွန်မတို့ခေါ်တာမဟုတ်ပါဘူး” “ နင်တို့က ငါ့ကိုတောင်လိမ်ရဲတယ်ဟုတ်လား” ရပ်နေတဲ့သူက ရုတ်တရက်ဆိုသလို စိုက်ထားတဲ့တောင်ဝှေးကိုဆွဲထုတ်လိုက်ပြီး ဒူးထောက်ထိုင်နေတဲ့ နှစ်ယောက်ရဲ့ကိုယ်ကို တို့လိုက်ရာ လက်နောက်ပြန်အနေအထားနဲ့ တုပ်နှောင်ပြီးသားဖြစ်သွားခဲ့တယ်။

“ နင်တို့ကို ငါအတန်တန်မှာခဲ့တယ်၊ ဒီနေရာကို ဘယ်သူ့ကိုမှမပြောပါနဲ့ဆိုတာ၊ အခုတော့ လူစိမ်းတွေရောက်လာပြီ၊ အကြီးမားဆုံးက နင်တို့ငါ့ကိုလှည့်ဖြားတာပဲ၊ ဒီတော့ နင်တို့ရဲ့ မူလနေရာဖြစ်တဲ့ ကျောက်ဂူကိုပြန်ပေတော့” တောင်ဝှေးကိုင်ထားတဲ့လူက စကားဆုံးတာနဲ့ လေထဲကနေအရာတစ်ခုကိုဖမ်းလိုက်ပြီး ဆတ်ခနဲဆွဲလိုက်ရာ ဒူးထောက်နေတဲ့ လူနှစ်ယောက် မှောက်လျက်လဲကျသွားခဲ့တယ်။ ဒီတစ်ခါတော့ သစ်ပင်ကွယ်ကနေ စောင့်ကြည့်နေကြတဲ့ အောင်မြတ်သာတို့ အပြင်ကို ထွက်လာကာ “ ကျင့်ကြံနိုင်စွမ်းကိုအသုံးပြုပြီး ကြီးနိုင်ငယ်ညှင်း လုပ်နေတဲ့သူပါလား” လို့ပြောလိုက်ရာ တောင်ဝှေးကိုင်ထားတဲ့သူက ထီမထင်နဲ့မျက်နှာပေးနဲ့ကြည့်ပြီး “ နောက်ဆုံးတော့လဲ မင်းတို့ထွက်လာကြပြီပဲ၊ ဘယ်နှယ့်ရှိစ မောင်စန္ဒ၊ အခု ဘာငြင်းချင်‌သေးလဲ” လို့ပြောကာ မြေကြီးပေါ်လဲကျနေတဲ့ သူနှစ်ဦးကို တောင်ဝှေးနဲ့ အားကုန်လွှဲရိုက်လိုက်ပါတော့တယ်။ ဒါပေမယ့် တောင်ဝှေးက လဲကျနေသူနှစ်ဦးကို မထိပဲ မီးပွားတွေဖွာထွက်ကာ ဘေးကိုလွင့်ထွက်သွားခဲ့တယ်။

လဲကျနေသူနှစ်ဦးလဲ စုံမှိတ်ထားတဲ့ မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်ရာ သူတို့အပေါ်ကနေ အုံ့မိုးထားတဲ့ ဒိုင်းကာတစ်ခုကိုမြင်လိုက်ရတယ်။ “ တောက်စ်… ကိုယ့်နေရာကိုယ်မနေတတ်ကြတဲ့ကောင်တွေ” တောင်ဝှေးကိုင်ထားတဲ့ ပုဂ္ဂိုလ်က အံတကြိတ်ကြိတ်၊ တောက်တစ်ခတ်ခတ်လုပ်ပြီး မြေကိုဖနောင့်နဲ့ပေါက်ကာ မိုးပေါ်ကိုပျံတက်သွားပါတော့တယ်။ အောင်မြတ်သာတို့လဲ မြေကြီးပေါ်ကျနေတဲ့ သူနှစ်ဦးကိုဆွဲထူဖို့အလုပ် “ မလုပ်ပါနဲ့ … ဆရာတို့ရဲ့ကိုယ်ကနေ ထွက်တဲ့ စက်ရောင်တွေကို ကျွန်တော်တို့မခံနိုင်လို့ အနားမကပ်ပါနဲ့ဦးဆရာ” လို့ပြောကာ နှစ်ယောက်သားလူးလဲထလာခဲ့ကြတယ်။ “ သင်တို့နှစ်ယောက်ကို ကျုပ်မြင်ဖူးနေသလိုပဲ” “ ဆရာ.. ကျွန်တော်တို့ကို မမှတ်မိတော့ဘူးလား၊ ဆရာ အာရုံထဲမှာ ကျွန်တော်တို့ကို မြင်ဖူးတယ်လေ” အဲဒီတော့မှ အောင်မြတ်သာလဲ တရားထိုင်နေတဲ့အချိန် မြင်လိုက်ရတဲ့ နဂါးလေးကောင်‌အကြောင်းကိုပြန်တွေးမိသွားခဲ့တယ်။

“ ကျုပ် မှတ်မိပြီ၊ အဲဒီတုန်းက သင်တို့က လေးယောက်မဟုတ်လား” “ ဟုတ်ပါတယ်ဆရာ… အကိုနဲ့အစ်မက သိုက်နန်းထဲမှာ ကျန်ခဲ့ပါတယ်” “ ခုနကတွေ့တဲ့သူကရော ဘယ်သူလဲ၊ သူက ဘာကြောင့် သင်တို့ကို ဖမ်းဆီးနှိပ်စက်နေရတာလဲ” “ သူက ဒီနေရာမှာ ကျင်လည်နေတဲ့ ဇော်ဂျီဆိုးတစ်ယောက်ပါ၊ အရင်က တရားလာအားထုတ်ကြတဲ့ ရသေ့ရဟန်းတွေကိုလဲ မနေနိုင်အောင် လုပ်ခဲ့သေးတယ်” “ အခုသင်တို့ကျုပ်ကို ခေါ်တဲ့အကြောင်းရင်းက ဒီ‌ဇော်ဂျီဆိုးကို ဆုံးမဖို့လား” “ မဟုတ်ပါဘူးဆရာ… အဓိကဖြစ်ချင်တာက ဒီနေရာမှာရှိခဲ့ဖူးတဲ့ မြို့ဟောင်းကို ပြန်လည်ဖော်ထုတ်ပေးစေဖို့ပါပဲ” “ ဒီနေရာမှာ ရှိတဲ့မြို့ဟောင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ၊ သင်တို့ကရော မြို့ဟောင်းနဲ့ ဘယ်လိုပတ်သတ်နေတာလဲ” “ ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက စမ္ပါန်နဂိုရ်ဆိုတဲ့ မြို့‌တည်ထားခဲ့ဖူးတယ်၊ အရမ်းကိုစည်ကားတဲ့အချိန်ကာလတစ်ခုပေါ့၊ အဲဒီအချိန် ကျွန်တော်တို့က မြို့သူဌေးကြီးရဲ့ သားသမီးတွေဖြစ်ခဲ့ကြတယ်၊

မြို့ကြီးပျက်စီးတော့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ဟောဒီမြစ်ကမ်းတစ်နေရာမှာမြုပ်နှံခဲ့ကြတယ်၊ ဒီအစွဲကြောင့် သေလွန်တဲ့အခါ နိမ့်ကျတဲ့အခုလိုဘဝကိုရောက်နေကြတာပဲဆရာ” “ သင်တို့က ပိုင်ဆိုင်တာတွေကို ဘယ်သူ့အတွက်မှ ရည်စူးထားတာမရှိဘူးမဟုတ်လား” “ ဟုတ်ပါတယ်ဆရာ” “ ဒါကြောင့် ကိုယ့်ရဲ့ပစ္စည်းတွေကို ကိုယ့်ဘာသာ စောင့်ရှောက်နေရတဲ့ ပုဂ္ဂလိကသိုက်စောင့်တွေ ဖြစ်နေတာကိုး” “ မကြာခင် ဒီနေရာကို သာသနာပြုမယ့်ဆရာတော် တစ်ပါးရောက်လာတော့မယ်ဆရာ၊ အဲဒီဆရာတော်က ဒီမြို့ရဲ့ မြို့စားဖြစ်ခဲ့ဖူးတာကြောင့် သူလာတဲ့အခါ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ပဌာန်းဆက်တွေက ဒီနေရာကို ရောက်လာကြတော့မှာ၊ ဒါကြောင့် ဆရာတို့အနေနဲ့ သာသနာနယ်မြေဖြစ်လာမယ့် ဒီနေရာကို သန့်ရှင်းအောင် ကူညီပေးစေချင်ပါတယ်”

“ ကျုပ်တို့ကလဲ ဘာသာ၊ သာသနာအတွက် တာဝန်ယူထားတာမို့ သင်တို့ရဲ့မြို့ဟောင်းကို သန့်ရှင်းစင်ကြယ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်၊ သင်တို့အနေနဲ့လည်း ကျုပ်မခေါ်ပဲ သိုက်နန်းထဲကနေ အပြင်မထွက်ဖို့ ကတိပေးပါ” “နောက်နောင် အပြင်မထွက်တော့ဘူးလို့ ကတိပေးပါတယ်ဆရာ” “ ကောင်းပါပြီ… သင်တို့လဲ ကိုယ့်နေရာကိုယ်ပြန်ကြပါတော့” အောင်မြတ်သာစကားအဆုံးမှာ မောင်နှစ်မနှစ်ယောက်က ရိုသေစွာကန်တော့ရင်း မြစ်ထဲကို ခုန်ဆင်းကာ ပျောက်ကွယ်သွားပါတော့တယ်။ +++++ “ ဆရာ… ခွင့်တစ်ခုတောင်းချင်လို့” ရေနွေးအိုးတည်နေရင်း ကောက်ကာငင်ကာ မေးလိုက်တဲ့ မောင်ကောင်းစကားကြောင့် အင်းစာရွက်တွေခေါက်နေတဲ့ အောင်မြတ်သာက မျက်ခုံးပင့်ကာကြည့်လိုက်ပြီး “ ဘာလုပ်ဖို့အတွက် ခွင့်တောင်းချင်တာလဲ” “ ဟို… ဇော်ဂျီဆိုတဲ့ကောင်ကို ပညာပေးချင်လို့” “ အရမ်းကြီး‌မလောပါနဲ့ဦး… ဒီနယ်မြေတစ်ခုလုံးကို စင်ကြယ်အောင်လုပ်ဖို့ ငါ့မှာစဉ်းစားထားတာရှိပါတယ်၊

အဲဒီခါကျရင် မင်းရော ခွန်းလှရော အခြားသူတွေပါ ပါဝင်ရလိမ့်မယ်” “ အခြားသူတွေ ဟုတ်လားဆရာ…” “ အင်း… အခုတော့ သာသနာစောင့်နတ်မင်းတွေနဲ့ တောင်ပိုင်တောင်ပိုင်တွေကို ခွင့်ပန်ဖို့ စီရင်စရာရှိတာ စီရင်ရမယ်၊ ဒီညတော့ အိပ်ရေးဝဝအိပ်လိုက်ကြဦး” မောင်ကောင်းတို့လဲ ‌ဆရာဖြစ်သူစကားကြောင့် စိတ်ဓါတ်တက်ကြွသွားပြီး မီးပုံထဲကို ထင်းခြောက်အချို့ကောက်ထည့်ကာ တဲပေါ်ကိုတက်သွားခဲ့လိုက်တယ်။ +++++ မနက်လင်းအားကြီးချိန်အရောက်မှာတော့ တဲ‌ရှေ့မှာ အစီအရီပုံထားတဲ့ အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးနံ့သာတွေကိုမြင်လိုက်ရတာကြောင့် နှစ်ယောက်လုံး အံ့ဩသွားကာ “ ဆရာ… ဒါတွေက ဘယ်လိုရောက်လာတာလဲ” “ ဒီတစ်ခေါက်လုပ်ရမယ့် ကိစ္စက အရေးကြီးတာမို့ ရွာစောင့်အဖိုးကို အကူညီတောင်းပြီးမှာလိုက်တာ” “ ဒီပုံစံအတိုင်းဆိုရင် ပွဲကြီးပွဲကောင်းနွှဲရတော့မယ် ထင်ပါတယ်” မောင်ကောင်းက သဘောကျစွာပြောပြီး ကန်တော့ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကို တဲပေါ်ယူတင်လိုက်ပါတော့တယ်။

အောင်မြတ်သာနဲ့ မောင်ကောင်းတို့ ကန်တော့ပွဲပြင်နေတဲ့အချိန် ခွန်းလှက မြေကွက်လပ်တစ်ခုမှာ ကန်တော့ပွဲတင်စင်တစ်ခုကို ဆောက်လုပ်နေခဲ့တယ်။ နေထန်းတစ်ဖျားလောက်ရောက်တဲ့အချိန်မှာတော့ ပြင်ထားတဲ့ကန်တော့ပွဲတွေကို သူ့နေရာနဲ့သူ ချပြီး သုံးယောက်သား ငါးပါးသီလခံယူခြင်း၊ သာသနာစောင့်နတ်မင်းတွေထံခွင့်ပန်ခြင်းနဲ့ အထက်ဆရာတွေထံခွင့်ပန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတယ်။ အားလုံးပြီးစီးချိန်မှာတော့ အောင်မြတ်သာက သုံးဖီးဆိုင် ကန်တော့ပွဲတစ်ပွဲကိုလက်နဲ့ထိပြီး “ ဒီနေ့ ဒီအချိန် ဒီနေရာတွင် ပြုလုပ်မည့် အမှုကိစ္စအတွက် ဆရာသခင်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသော ကျွန်ုပ်တပည့်ရင်းနှစ်ဦးအား ခေတ္တခေါ်ဆောင်ခွင့်ပြုပါရန် ‌‌ခွင့်တောင်းအပ်ပါသည်” လို့ပြောကာ ကန်တော့ပွဲကို စင်ပေါ်ပြန်တင်လိုက်ပါတော့တယ်။ အောင်မြတ်သာရဲ့ နောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူပြုံးလိုက်ကြတယ်။

ကန်တော့ပွဲအားလုံး အပ်ပြီးချိန်မှာတော့ အောင်မြတ်သာက ပရိတ်ကြိုးတစ်ကြိုးကို အရှေ့အနောက် ကန့်လန့်ဖြတ်ထားပြီး နေရာ နှစ်ပိုင်းခွဲထားလိုက်တယ်။ နေရာလုပ်ပြီးပြီဆိုတာနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းကာ “ ဤတော ဤတောင် ဤနယ်မြေထဲတွင် မှီတင်းနေထိုင်ကြကုန်သော တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုးနဲ့ အခြားသော သိုက်နန်းရှင်အပေါင်းတို့အားလည်းကောင်း၊ ကောင်းသောအကျင့်ကိုနှစ်သက်ကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အားလည်းကောင်း၊ မကောင်းသောအကျင့်ကို နှစ်သက်ကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အားလည်းကောင်း ကျွန်ုပ် အောင်မြတ်သာမှ ကြားစေသိစေမြင်စေရန် အဓိဌာန်အပ်ပါသည်။ ဒါကြောင့် ကောင်းခြင်းကိုလိုလားသော ပုဂ္ဂိုလ်များအနေနဲ့ ကျွန်ုပ်ရပ်နေသောအပိုင်းတွင် လာရောက်စုစည်းပေးကြပါရန်နှင့် မကောင်းမှုကိုလိုလားသောပုဂ္ဂိုလ်များအနေနဲ့ အခြားတစ်ဖက်မှာစုစည်းပေးကြပါ” လို့ အမိန့်ပြန်ပြီး လက်ကိုရုတ်လိုက်တဲ့အချိန် မိုးသားကင်းစင်နေတဲ့ ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို မိုးတိမ်လိပ်တွေတက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲသွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ အောင်မြတ်သာတို့ရပ်နေတဲ့စည်းထဲမှာ ကောင်းသောအကျင့်ကိုလိုလားတဲ့ပုဂ္ဂိုလ်တွေ တစ်ဖျတ်ဖျတ်နဲ့ပေါ်လာသလို အခြားတစ်ဖက်မှာလဲ မကောင်းတဲ့အကျင့်ကိုနှစ်သက်တဲ့ပုဂ္ဂိုလ်တွေ ပေါ်လာခဲ့တယ်။

အောင်မြတ်သာလဲ ကိုယ့်ဘက်မှာရောက်နေတဲ့သူတွေကိုကြည့်လိုက်ရာ အိမ်မက်ထဲမှာမြင်ခဲ့တဲ့ မောင်နှစ်မလေးယောက်အပြင်၊ ကွမ်းတမြုံ့မြုံဝါးနေတဲ့ ရွာအဖိုးပါနေတာကို မြင်တွေ့လိုက်ရတယ်။ ဒါပေမယ့် စည်းနှစ်ခုကိုယှဉ်လိုက်တဲ့ချိန်မှာတော့ ‌အောင်မြတ်သာတို့ဘက်မှာရှိနေတဲ့အရေအတွက်က ပဲတစ်တင်းလောက်ပဲရှိပြီး အခြားတစ်ဖက်မှာရှိနေတဲ့ အရေအတွက်က နှမ်းတစ်တင်းစာလောက်ဖြစ်နေတာကို သတိထားမိခဲ့တယ်။ အဲဒီအချိန် နွားနို့လိုအဆင်းသဏ္ဍာန်ရှိတဲ့ အလင်းတန်းနှစ်ခုက မဲမှောင်နေတဲ့ကောင်းကင်ထက်ကနေ အောင်မြတ်သာရှေ့ကို ဝေါခနဲထိုးကျလာတာကြောင့် ကြည့်လိုက်ရာ တပည့်ကျော်နှစ်ယောက်ဖြစ်တဲ့ သက်ခိုင်နဲ့ တောက်ရတို့ဖြစ်နေခဲ့တယ်။ “ နေကောင်းကျန်းမာတယ်မဟုတ်လား ဆရာ” တောက်ရက နဖူးပေါ်မှာ ပြန့်ကျဲနေတဲ့ဆံပင်စကို လက်နဲ့ဆွဲဖယ်ရင်း မေးလိုက်တာကြောင့် အောင်မြတ်သာက ပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။ ‌မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ သက်ခိုင်နဲ့ တောက်ရတို့ကိုမြင်တော့ ရှေ့ကိုတိုးလာပြီး “ မဆုံတာကြာပြီနော် ၊ ဆရာသမားနှစ်ယောက်က မဟာမြိုင်ထဲမှာပဲနေလို့ထင်တယ်၊ အရင်ထက်ပိုနုလာသလိုပဲ” “ ငါတို့က ရုပ်နုပေမယ့် ဟိုဘက်စည်းက ကောင်တွေကတော့ ရုပ်ဆိုးလိုက်တာကွာ” တောက်ရစကားကြောင့် မောင်ကောင်း သဘောကျစွာရယ်ပြီး လွယ်အိတ်ထဲကနေ အင်းဆွဲကညစ်တံကို ဆွဲထုတ်ကာ အသင့်အနေအထားရပ်နေခဲ့လိုက်တယ်။

မျက်နှာချင်းဆိုင်မှာရပ်နေတဲ့ သူတွေကိုတော့ အနီရောင်အဝတ်ကိုဝတ်ဆင်ထားပြီး ဆံပင်ကို ဖားလျားချထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဦးဆောင်ကာ သူ့အနောက်မှာတော့ ဇော်ဂျီနှစ်ပါး၊ ရုက္ခစိုးနှစ်ပါးအပြင် အခြားဆိုးသွမ်းတဲ့ အသွင်ပြင်ရှိတဲ့ မြေဖုတ်ဘီလူး၊ အစိမ်းသရဲ၊ သဘက်တွေက ကြမ်းကြုတ်တဲ့မျက်နှာထားတွေနဲ့ ရပ်နေခဲ့ကြတယ်။ “ ဆရာ… ဒီကောင်တွေကို ဘာလုပ်ရမလဲ” “ အားလုံးကို မှတ်လောက်အောင် ဆုံးမပြီး ဂိုဏ်းအောက်နတ်တွေဆီပို့ရမှာပေါ့” “ ဒါဖြင့် ကျွန်တော်အရင်စပြီနော်” သက်ခိုင်က စကားဆုံးတာနဲ့ စည်းအပြင်ကို ထွက်ကာ အခြားဘက်ကို ခပ်တည်တည် ဝင်သွားခဲ့လိုက်တယ်။ အခြားစည်းမှာရှိတဲ့သူတွေကလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ အသံတွေပြုကာ သက်ခိုင်ကို ရန်ပြုဖို့ တိုးဝင်လာခဲ့ကြတယ်။ ဒါပေမယ့် အနားရောက်ဖို့ တစ်လံလောက်အလိုမှာပဲ ခန္ဓာကိုယ်ထဲကနေ အင်းစောင့်၊ ဆေးစောင့်ပုဂ္ဂိုလ်တွေက ပိုက်ကွန်နဲ့ လှံတံကို ကိုင်ပြီး ခုန်ထွက်လာခဲ့ကြတယ်။

အဲဒီနောက်မှာတော့ အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှ၊ တောက်ရတို့ရဲ့ အစောင့်တွေလဲ စည်းအပြင်ကိုထွက်လာကာ တစ်ဖက်ပုဂ္ဂိုလ်တွေကို ဖမ်းဆီးဖို့ကြိုးစားခဲ့ကြတယ်။ တိုက်ပွဲက ထင်ထားတာထက်ပိုပြီး ပြင်းထန်ခဲ့သလို အနီရောင်အဝတ်ကို ဝတ်ဆင်ထားတဲ့သူရဲ့ လက်ချက်နဲ့ ဂိုဏ်းစောင့်တွေ လွင့်ထွက်သွားတာကိုလဲ မြင်တွေ့လိုက်ရတယ်။ တကယ်တော့ ဒီတိုက်ပွဲက အင်းတော်ကြီးဂိုဏ်းရဲ့ အစောင့်တွေနဲ့ မြို့ဟောင်းပရဝဏ်ထဲမှာရှိတဲ့ မကောင်းတဲ့ပုဂ္ဂိုလ်တွေ တိုက်ကြတဲ့ ပွဲတစ်ခုဖြစ်လာခဲ့တယ်။ မာန်သွင်းအော်ဟစ်သံ၊ ကြိမ်းဝါးသံ၊ မာန်မဲသံတွေက တောတစ်ခွင်လုံး ပြန့်နှံ့သွားခဲ့သလို ပိုက်ကွန်ထဲမှာမိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆဲရေးတိုင်းထွာသံကလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာခဲ့တယ်။

ဆံရှည်ပုဂ္ဂိုလ်ဦးဆောင်တဲ့ အဖွဲ့က အောင်မြတ်သာတို့ကို ဝိုင်းပြီးတိုက်နေပေမယ့် အင်းစောင့်တွေရဲ့ လက်ချက်နဲ့ပဲ သူ့လူတွေ တဖြုတ်ဖြုတ်ပျောက်ကွယ်နေတာကို မြင်လိုက်ရတာကြောင့် အနည်းငယ်တုန်လှုပ်စပြုလာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အင်းစောင့်တွေက တစ်ယောက်လဲကျရင် သူ့နေရာမှာ နောက်ထပ် နှစ်ယောက်ပေါ်လာတာကြောင့်ပဲ။ မောင်ကောင်းနဲ့ ခွန်းလှကတော့ သူတို့ဘေးနားမှာ ဝန်းရံထားတဲ့ အင်းစောင့်ဂိုဏ်းစောင့်တွေကို အမိန့်ပေးရင်း ဇော်ဂျီနှစ်ပါးနားကို တစ်ဖြေးဖြေး တိုးကပ်လာခဲ့ကြတယ်။ “ ခွန်းလှ … အဲဒီကောင်ကို မိရင် မခေါ်သွားနဲ့ဦး၊ ငါလုပ်စရာရှိသေးတယ်” မောင်ကောင်းက ခွန်းလှကို လှမ်းအော်ပြောရင်း သူကိုယ်တိုင်လဲ ဂိုဏ်းစောင့်တွေနဲ့ ပညာပြိုင်နေတဲ့ ဇော်ဂျီကိုဖမ်းဖို့ ရှေ့တိုးသွားခဲ့တယ်။ “ ဟေ့… မောင်ဇော်ဂျီ၊ မင်းအစွမ်းဒါအကုန်ပဲလား၊ ငါ့ရဲ့ ရှစ်မြောင့်စမအစွမ်းလေးမြည်းကြည့်ဦး”လို့ ပြောကာ အသွားရှစ်ခုပါတဲ့ စမကို လက်နှစ်ချောင်းနဲ့ညှပ်ပြီး ပစ်ထည့်လိုက်တယ်။ ရှစ်မြောင့်စမက လေထဲမှာပင် ငွေရောင်ဓါးစက်တွေအဖြစ်ပြောင်းသွားပြီး တရွှီးရွှီးမြည်ကာ ‌ပျံထွက်သွားခဲ့တယ်။ ဇော်ဂျီလဲ ဝင်းခနဲ လက်ခနဲ ဝင်လာတဲ့ ဓါးစက်တွေကို လက်ထဲက တောင်ဝှေးနဲ့ရိုက်ထုတ်ရင်း အသည်းအသန်ခုခံနေခဲ့တယ်။

ဒါပေမယ့် ဓားစက်တွေက အရပ်ရှစ်မျက်နှာကနေ ပေါ်လိုက် ပျောက်လိုက်နဲ့ဝင်လာတာကြောင့် ကြာရှည်မခုခံနိုင်တော့ပဲ တောင်ဝှေးကိုမြေကြီးနဲ့ထောက်ပြီး ထွက်ပြေးဖို့အလုပ် ဘေးမှာရှိနေတဲ့ သက်ခိုင်က လက်ညိုးထိုးကာ “ ကြိုးပိုင်တွေ ချည်ထားတုတ်ထားစမ်း” လို့ အမိန့်ပေးလိုက်တယ် ဆိုရင်ပဲ မြေကြီးထဲကနေ မီးတောက်နေတဲ့ ကြိုးစတွေထွက်လာပြီး ခြေနှစ်ဖက်ကိုရစ်ပတ်ကာ အောက်ကိုဆွဲချတာခံလိုက်ရပါတော့တယ်။ မြေကြီးပေါ်ရောက်တာနဲ့ မီးတောက်နေတဲ့ကြိုးတွေက နွယ်ပင်တွေလိုထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ခပ်တင်းတင်း ရစ်ပတ်ချုပ်နှောင်ထားလိုက်ကြတယ်။ အောင်မြတ်သာကလဲ ဆံရှည်ပုဂ္ဂိုလ်ရဲ့ရှေ့မှာ ရပ်ပြီး ပစ်လွှတ်သမျှ စက်တွေကို ညာလက်နဲ့ ဆွဲဆွဲယူကာ သူ့လူတွေဘက်ကို ပြန်ပစ်နေခဲ့တယ်။ ကိုယ့်ပညာနဲ့ ကိုယ့်လူတွေ အလဲလဲအကွဲကွဲဖြစ်နေတာမြင်တဲ့ ဆံရှည်လဲ ‌ဆံပင်ကိုရှေ့ချပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်ရာ သင်းခွေချပ်တစ်ကောင်အဖြစ်ပြောင်းသွားပြီး တောထဲကိုလိမ့်ချကာ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ဒါကိုရိပ်မိတဲ့အောင်မြတ်သာက လေးကွက်အင်းကို လက်ဝါးပေါ်ရိုက်ပြီး ‌အပေါ်ကနေဆွဲချလိုက်ရာ ဂျိမ်းဆိုတဲ့အသံနဲ့အတူ စမအက္ခရာတွေနဲ့ ဖွဲ့စည်းထားတဲ့ သံလှောင်အိမ်တစ်ခု သင်းခွေချပ်အပေါ်ကို တည့်မတ်စွာကျလာခဲ့တယ်။

အင်းစောင့်ဂိုဏ်းစောင့်တွေကလဲ ဖမ်းမိသမျှ ပုဂ္ဂိုလ်တွေကို ငါးကောက်တဲ့သူတွေ ပချုပ်ထဲပစ်ထည့်သလို တဇွပ်ဇွပ်နဲ့ ကောက်ထည့်နေခဲ့ကြတယ်။ မောင်ကောင်းနဲ့ ခွန်းလှကတော့ မြေကြီးပေါ်ချုပ်နှောင်ခံထားရတဲ့ ဇော်ဂျီနှစ်ပါးကို ထိုင်ကြည့်ရင်း “ ဒီကောင်တွေက ဖိုဝင်သားလုပ်‌လို့ရလောက်မယ်ထင်တယ်နော်” “ ဒီဖိုဝင်သားကိုစားတဲ့သူက ကောင်းတဲ့ဘက်ရောက်မှာမဟုတ်ဘူးအကိုရ” နှစ်ယောက်သား မထိတထိပြောလိုက် ခေါင်းကိုတောင်ဝှေးနဲ့ ခေါက်လိုက်လုပ်နေခဲ့ကြတယ်။ ဒါကိုမြင်တဲ့အောင်မြတ်သာက “ မောင်ကောင်း၊ ခွန်းလှ…” လို့ခေါ်လိုက်တော့မှ နှစ်ယောက်သား တဟဲဟဲရယ်ရင်း ထလာခဲ့ကြတယ်။ ဒါတောင် မောင်ကောင်းက သွားခါနီး ခြေထောက်ကို တစ်ချက်ကန်သွားခဲ့လိုက်သေးတယ်။ မောင်ကောင်းတို့ ထွက်သွားတာနဲ့ အသင့်စောင့်နေကြတဲ့ဂိုဏ်းစောင့်တွေက ဇော်ဂျီနှစ်ပါးရဲ့နာမ်ကိုချုပ်ကာ ဖမ်းခေါ်သွားပါတော့တယ်။ အဓိကဦးဆောင်သူတွေကို ဖမ်း‌ဆီးပြီးချိန်မှာတော့ ကျန်တဲ့သူတွေ မနေရဲတော့ပဲ ခြေဦးတည့်ရာကို ထွက်ပြေးသွားခဲ့ကြတယ်။

ဒီတစ်ခါတော့ အောင်မြတ်သာက သူ့အနောက်မှာရှိနေကြတဲ့ ပုဂ္ဂိုလ်တွေဘက်လှည့်ပြီး “ ထွက်ပြေးသွားတဲ့သူတွေကို ဖမ်းဖို့သင်တို့ကို တာဝန်ပေးလိုက်ပြီ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတော့” လို့ပြောလိုက်ပါတော့တယ်။ တိုက်ပွဲပြီးဆုံးချိန်မှာတော့ တိမ်လိပ်တွေဖုံးအုပ်နေတဲ့ ကောင်းကင်ကြီးက ပြန်လည်ကြည်လင်လာပြီး ပတ်ဝန်းကျင်ကလဲ အရင်လိုပြန်ဖြစ်လာခဲ့တယ်။ သက်ခိုင်နဲ့ တောက်ရကတော့ ဆရာဖြစ်သူအနားကိုလာပြီး “ ကျွန်တော်တို့ကို တကူးတက ခွင့်တောင်းပြီးခေါ်တာ ဒီကိစ္စကြောင့်လားဆရာ” “ မင်းတို့က ဘယ်လိုထင်ကြလို့လဲ” “ ဆရာရဲ့အစွမ်းနဲ့ ဒီထက်ပိုကြမ်းတမ်းရက်စက်တဲ့သူတွေကို အနိုင်ယူခဲ့တာလေ၊ ဒီကိစ္စမှာလဲ ကျွန်တော်တို့မပါပဲ ဆရာတို့ အကောင်းဆုံးထိန်းချုပ်နိုင်မှာသိပါတယ်” သက်ခိုင်နဲ့ တောက်ရတို့ရဲ့စကားကိုကြားတော့ အောင်မြတ်သာ သဘောကျစွာပြုံးလိုက်ပြီး “ မင်းတို့ကို သတိရနေတဲ့သူတွေရှိလို့၊ အကြောင်းဖန်ပြီးခေါ်လိုက်တာပါ၊ မင်းတို့လဲ ငါ့ကိုတွေ့ချင်နေကြတာမဟုတ်လား” “ ဒါပေါ့ဆရာရယ်… ဆရာ့ကို တစ်ရက်မှတောင် မေ့လို့မရခဲ့ပါဘူးဗျာ၊ အခုရော နောင်ရော ကျွန်တော်တို့က ဆရာ့တပည့်တွေအဖြစ်ရှိနေမှာပါ၊ ဒါနဲ့ ဒီကောင်လေးတွေကလဲ အားကိုးရမယ့်ပုံပါပဲ” “ အားကိုးရပေမယ့် တစ်ခါတစ်လေ အရမ်းပြောရတာ၊

ခုနကတောင် ဇော်ဂျီနှစ်ကောင်ကို လုပ်နေတာပဲကြည့်လေ” “ ဟက်ဟက်… လူငယ်တွေဆိုတော့ စိတ်မြန်လက်မြန်ရှိကြတာ သဘာဝပါပဲဆရာရယ်၊ မင်းတို့လဲ ဆရာ့ကို သေချာစောင့်ရှောက်ကြနော်” “ စိတ်ချပါဆရာတို့ရယ်… ကျွန်တော်တို့က ဆရာ့ကို မျက်စိအောက်ကနေ အပျောက်မခံကြပါဘူး” “ ဒါဖြင့် အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်၊ ဆရာ… ကျွန်တော်တို့သွားတော့မယ်နော်” သက်ခိုင်နဲ့ တောက်ရက အောင်မြတ်သာရဲ့ ခြေအစုံကိုဦးခိုက်ရင်း အဖြူရောင်အလင်းတန်းနဲ့အတူ ပျောက်ကွယ်သွားခဲ့ကြတယ်။ အောင်မြတ်သာတို့လဲ တောတောင်အတွင်းမှာရှိတဲ့ မကောင်းတဲ့ပုဂ္ဂိုလ်တွေကို ဆုံးမပြီးတဲ့နောက်မှာတော့ မိမိတို့နေခဲ့တဲ့ တဲကျောင်းလေးကို အရင်ထက်ပိုမိုခိုင်မာအောင် ပြန်လည်မွမ်းမံပေးခဲ့ကြတယ်။

အောင်မြတ်သာတို့ ကုက္ကိုကုန်းအရပ်ကနေ ပြန်လည်ထွက်ခွာတဲ့နေ့မှာပဲ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်သာပါတဲ့ ရဟန်းတစ်ပါး ဒီအရပ်ဒေသကိုရောက်ရှိလာခဲ့တယ်။ ဆရာတော်အနေနဲ့ လူသူမရှိတဲ့ တောကြီးမျက်မည်းထဲမှာ တစ်ပါးထဲ တရားကျင့်ကြံအားထုတ်ရင်း သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာ ယခုအခါမှာတော့ ‌စေတီပုထိုးတွေ၊ ကျောင်းကန်ဇရပ်တွေအမြောက်အမြားပေါ်ထွက် လာပြီး တစ်ပါးထဲတရားလာကျင့်တဲ့ ဆရာတော်ကိုလဲ စမ္ပါန်နဂိုရ်ဆရာတော်လို့ အများသူငှာက ခေါ်ဆိုခဲ့ကြပါတော့တယ်။ အောင်မြတ်သာတို့အနေနဲ့ ဓမ္ပါန်နဂိုရ်မြို့ဟောင်းတည်နေရာကနေ ထွက်လာပြီးနောက်ပိုင်းမှာတော့ တံငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ ရွာလေးတစ်ရွာဆီကိုရောက်လာခဲ့ကြတယ်။

တံငါရွာဆိုတဲ့အတိုင်း ဘုရားတရားဆိုတာ ဘာမှန်းမသိ၊ နေ့စဉ်နေ့တိုင်း အကုသိုလ်အလုပ်နဲ့သာ အချိန်ကုန်နေကြတဲ့သူတွေအဖို့ သာမန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ကြုံတွေ့လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ၊ အောင်မြတ်သာတို့ကရော ရွာသားတွေလက်ခံယုံကြည်လာအောင် ဘယ်လိုမျိုးကုထုံးတွေနဲ့ ကုသပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ငရဲဆိုတာဂျိုနဲ့လားဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။ လေးစားစွာဖြင့် ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *