Home / Ghost Stoey / အောင်မြတ်သာနှင့်ငရဲဆိုတာဂျိုနဲ့လား

အောင်မြတ်သာနှင့်ငရဲဆိုတာဂျိုနဲ့လား

အောင်မြတ်သာနှင့်ငရဲဆိုတာဂျိုနဲ့လား
++++++++++++++++++++++++++

“ ဟေ့ အောင်မောင်း… ဒီနေ့အစောကြီး ရေထဲဆင်းမလို့လား”

“ ဟုတ်တယ် ကိုတာပိန်ရေ… ဒီလောက်လုပ်မှ စားလောက်ရုံလေးရတာမဟုတ်လား”

“ မင်းမှာလဲ ကလေးတွေက ဗုံတွေလိုတန်းစီနေတော့ သူများထက်ပိုလုပ်ရတော့မှာပေါ့”

ကိုတာပိန်စကားကြောင့် အောင်မောင်း သဘောကျစွာရယ်လိုက်ပြီး ပိုက်ကိုဆွဲကာ ကမ်းစပ်မှာရှိတဲ့လှေဆီကိုထွက်သွားခဲ့လိုက်တယ်။

အချိန်က တစ်ဖြေးဖြေးကုန်လာတာနဲ့အမျှ အောင်မောင်းရဲ့လှေဝမ်းထဲမှာ ငါးတွေပြည့်လုနီးပါးဖြစ်လာခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်ပိုက်ဆွဲပြီးရင် ပြန်တော့မယ်လို့ စိတ်ကူးပြီး ပိုက်ကိုဆွဲတင်လိုက်ရာ အမှိုက်သရိုက်တွေ၊ ငါးတွေနဲ့အတူ လက်ငါးသစ်ခန့်ရှိတဲ့ အရုပ်တစ်ခု ပိုက်နဲ့ကပ်ပါလာတာ မြင်လိုက်ရတယ်။

အောင်မောင်းလဲ ပိုက်မှာညှိနေတဲ့အရုပ်ကို ဖြုတ်ပြီးကြည့်လိုက်ရာ ပလိုင်းလွယ်ထားတဲ့ လူတစ်ယောက်ပုံကို ကြေးနဲ့ထုဆစ်ထားတဲ့အရုပ်ဖြစ်နေတာကြောင့် ဆွဲခြင်းထဲကိုပစ်ထည့်ကာ အိမ်ကိုယူလာခဲ့လိုက်တယ်။

အိမ်ရောက်တော့ တစ်နေကုန်ပင်ပန်းလာတဲ့အတွက် ထမင်းစားပြီးခေါင်းချတာနဲ့ ချက်ချင်းအိပ်ပျော်သွားခဲ့တယ်။

“ အောင်မောင်း… ထစမ်း.. ထစမ်း”

“ ဘယ်သူလဲကွာ… အိပ်နေတာ မမြင်ဘူးလား”

“ ထစမ်းပါကွ… မင်းကိုပြစရာရှိလို့”

ခြင်ထောင်ဘေးကနေ ခေါ်နေတဲ့အသံကြောင့် ထထိုင်ပြီးကြည့်လိုက်ရာ အသက်သုံးဆယ်အရွယ် လူတစ်ယောက် ခြင်ထောင်အပြင်မှာ ငုတ်တုတ်ထိုင်နေတာမြင်လိုက်ရတယ်။

“ မင်း မင်း ဘယ်သူလဲ… ငါ့အိမ်ထဲ ဘယ်လိုရောက်နေတာလဲကွ”

“ မင်းပဲငါ့ကိုခေါ်လာတာလေ၊ လာစမ်းပါကွာ အပြင်ထွက်လာခဲ့”

အောင်မောင်းလဲ ခြင်ထောင်ကိုလှန်ပြီး ထွက်လာခဲ့ရာ အိမ်အပြင်အရောက်မှာတော့ လတ်လတ်ဆတ်ဆတ်ဖမ်းထားတဲ့ ငါးတွေကို ခြင်းတွေထဲထည့်ထားတာကိုတွေ့လိုက်ရတယ်။

“ ဒီငါးတွေက ဘယ်သူ့ဟာတွေလဲ”

“ ဒါတွေက မနက်ဖြန် မင်းရမယ့်ငါးတွေပဲ”

“ မဖြစ်နိုင်တာမပြောနဲ့ဗျာ၊ ကျုပ်လှေသေးသေးလေးက ဒီလောက်များတဲ့ ငါးတွေဘယ်လိုဆန့်မှာလဲ”

“ ဖြစ်အောင်လုပ်လို့ရတယ်… ဒါပေမယ့် မင်းနဲ့ငါ အပေးအယူလုပ်ရမယ်”

“ ဘယ်လိုအပေးအယူလဲ ပြောပါဦး”

“ ငါက မင်းကိုငါးတွေအများကြီးရအောင် ကူညီပေးမယ်၊ မင်းက ငါ့ကို ခြံထဲမှာနေစရာဆောက်လုပ်ပေးရမယ်”

“ ငါးတွေသာအများကြီးရလို့ကတော့ နေစရာရော အိပ်စရာပါလုပ်ပေးမယ်”

“ ဒါဆိုရင် မနက်ဖြန်ငါးဖမ်းထွက်တဲ့အခါ လှေကြီးကြီးတစ်စီးသာငှားလာခဲ့၊ နောက်ပြီး ညနေကမင်းရခဲ့တဲ့ အရုပ်ပါယူလာခဲ့နော်”

“ အဲဒီအရုပ်ရတာ ခင်ဗျားဘယ်လိုသိတာလဲ”

“ ဘယ်လိုသိဆို ငါကအဲဒီအရုပ်ထဲမှာနေတာလေ၊ ငါ့နာမည်က မောင်ပလိုင်းလို့ခေါ်တယ်”

“ အေးနော်… သူများလှေငှားပြီး ငါးမရလို့ကတော့ ခင်ဗျားကို ပင်လယ်ထဲပြန်ပစ်ထုတ်မယ်”

အောင်မောင်းစကားကြောင့် ရပ်နေတဲ့လူမျက်နှာ အနည်းငယ်ပျက်သွားပေမယ့် ဟန်မပျက်ပြန်ထိန်းလိုက်ပြီး

“ ငါ့ကိုယုံစမ်းပါကွာ” လို့ပြောကာ ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီအချိန်အောင်မောင်းလဲ အိပ်နေရာကနေလန့်နိုးလာပြီး ထူးဆန်းတဲ့အိမ်မက်အကြောင်းကို စဉ်းစားနေခဲ့ပါတော့တယ်။

+++++

မနက်မိုးလင်းတော့ စုထားတဲ့ငွေနဲ့ လှေကြီးကြီးတစ်စီးကိုငှားပြီး ပင်လယ်ပြင်ဘက်ကို တစ်ယောက်ထဲထွက်လာခဲ့လိုက်တယ်။

ရွာနဲ့ခပ်လှမ်းလှမ်းကိုရောက်တော့ လှေပေါ်ပါလာတဲ့ ပိုက်ကိုချဖို့အလုပ်

“ ဒီနေရာမှာ ငါးမရှိဘူး… ဝဲကွေ့ဘက်ကိုသွား” ဆိုတဲ့အသံကို လှေဦးထိပ်ကနေကြားလိုက်ရတယ်။

အသံပဲကြားပြီး အကောင်အထည်မမြင်ရတဲ့အတွက် အောင်မောင်းတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထောင်တက်လာခဲ့တယ်။

“ ဟေ့ကောင်… ငါပြောတဲ့အတိုင်းလုပ်လေကွာ၊ ခဏနေ‌ရင် ငါးအုပ်ကနေရာပြောင်းတော့မှာကွ”

စိတ်မရှည်တဲ့အသံနဲ့ပြောနေတာကြောင့် အောင်မောင်းက လှော်တက်ကို ဘေးတစ်ဖက်ကိုဆွဲကာ ဝဲကွေ့ဘက်ကို လှော်သွားခဲ့လိုက်တယ်။

မကြာမီအချိန်အတွင်း ဝဲဂယက်ငယ်တွေပေါ်နေတဲ့နေရာကို လှမ်းမြင်ရတဲ့အကွာအဝေးကိုရောက်လာခဲ့တယ်။

“ ပိုက်ချတော့…”

အသံဩဩကြီးက လှေဦးထိပ်ကနေ ထွက်လာတာကြောင့် အောင်မောင်းလဲ လက်ထဲကိုင်ထာတဲ့ပိုက်ကိုဝိုက်ပြီးပြစ်ချလိုက် တယ်။

ရေလုပ်ငန်းလုပ်ကိုင်လာတာ နှစ်ကြာနေပြီမို့ ပိုက်က စက်ဝိုင်းသဖွယ်ကျသွားပြီး ပြန်ဆွဲတင်လိုက်တဲ့အခါမှာတော့ ပိုက်ထဲမှာ တဖျတ်ဖျတ်လူးလွန့်‌ကာ ပါလာတဲ့ ငါးတစ်အုပ်ကို မြင်လိုက်ရတယ်။

“ ဟေး…. ငါးအုပ်ကြီးက မနည်းမနောပါလား”

အောင်မောင်း ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ပိုက်ကိုလှေပေါ်ဆွဲတင်ကာ ငါးတွေကိုတစ်ကောင်ချင်းဖြုတ်နေခဲ့လိုက်တယ်။ ဒီလိုနဲ့ နေမွန်းမတည့်ခင်မှာပဲ အောင်မောင်းရဲ့ လှေထဲမှာ ငါးတွေအပြည့်ဖြစ်သွားခဲ့တာကြောင့် ဆက်မဖမ်းတော့ပဲ ရွာကိုပြန်လာခဲ့ပါတော့တယ်။

အောင်မောင်းလဲ ဒီနေ့ မြိုးမြိုးမြက်မြက်လေးရလိုက်တဲ့အတွက် အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာခဲ့သလို ညကျရင် အပန်းဖြေရန်အတွက် အရက်နှစ်လုံးကိုလဲ ဆွဲလာခဲ့လိုက်တယ်။

ညရောက်တော့ အိမ်ရှေ့ကွပ်ပြစ်မှာ အရက်ထိုင်သောက်နေတဲ့အချိန် ခြံစည်းရိုးထောင့်မှာ သူ့ကိုလက်ယပ်ခေါ်နေတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီလူက အိမ်မက်ထဲကလူများလား”

အောင်မောင် တီးတိုးရေရွတ်လိုက်ပြီး ခြံထောင့်ကိုထသွားရာ အမှောင်ထဲမှာရပ်နေတဲ့သူက မပြောမဆိုနဲ့ ဇက်ပိုးကိုဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်တယ်။

“ မင်းက တစ်ဘို့စားသမားပဲကွ… မင်းကျတော့ သောက်လိုက်စားလိုက်နဲ့ အဆင်ကိုပြေလို့၊ ငါ့ကျတော့ ကျွေးမွေးရကောင်းမှန်းမသိဘူး၊ မင်းလိုကောင်ကို ကူညီပေးမိတာကိုက မှားတာ”

“ မ မဟုတ်ပါဘူးဗျာ… ကျုပ်က ခင်ဗျားကို အခုလိုကျွေးမွေးရမယ်မှန်းမသိခဲ့လို့ပါ၊ အခု ခင်ဗျား ဘာစားချင်လဲ၊ ကျုပ်မဖြစ်ဖြစ်အောင် လုပ်ပေးမှာ‌”

“ အေး… ငါအရက်နဲ့ ကြက်ကြော်စားချင်တယ်”

“ ရစေရမယ်… ခဏလေးစောင့်”

အောင်မောင်းက သူသောက်ဖို့ဝယ်ထားတဲ့ အရက်ပုလင်းတစ်လုံးကိုဖယ်လိုက်ပြီး အိမ်မှာမွေးထားတဲ့ကြက်တစ်ကောင်ကို ရိုက်သတ်ကာ ချက်ချင်းကြော်လှော်ပေးခဲ့တယ်။

ဒါကိုမြင်တဲ့ မိန်းမဖြစ်သူက အံ့ဩတဲ့လေသံနဲ့

“ ကိုအောင်မောင်း… ညကြီးမိုးချုပ် ကြက်သတ်နေပါလား၊ ဘာလုပ်မလို့လဲ”

“ နင်အသာနေစမ်းပါဟာ… ငါ့ဘာလုပ်လုပ် ဝင်မပါနဲ့”

အောင်မောင်းက မိန်းမဖြစ်သူကို မာန်မဲလိုက်ပြီး နီရဲကြွပ်ရွနေတဲ့ကြက်ကြော်ကိုဖက်နဲ့လုံးကာ အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။

“ ကြက်ကြော်ပူပူနွေးနွေးနဲ့ အရက်ကို စိတ်တိုင်းကျသောက်ပါဗျ၊ သောက်လို့စားလို့ပြီးရင်လဲ ငါးဖမ်းတဲ့နေရာမှာကူညီပေးပါဦး” လို့‌ပြောရင်း ခြံစည်းရိုးထောင့်မှာ အရက်နဲ့ ကြက်ကြော်ကိုချထားခဲ့လိုက်တယ်။

ကွမ်းတစ်ယာညက်လောက်ကြာတော့ အရက်ပုလင်းက ခြံထောင့်ကနေ အောင်မောင်း ထိုင်နေတဲ့ကွပ်ပြစ်ဘက်ကို လိမ့်လာတာကြောင့် ထကြည့်လိုက်ရာ ကြက်ကြော်ထည့်ထားတဲ့ ဖက်ပေါ်မှာ အရိုးအရင်းတောင်မရှိဖြစ်နေတာမြင်လိုက်ရတယ်။

ဒီလိုနဲ့ အောင်မောင်းလဲ ပင်လယ်ထဲကနေရတဲ့ ငါးဖမ်းသမားရုပ်လေးကြောင့် နေ့ချင်းညချင်း အဆင်ပြေလာသလို ‌လှေသေးသေးလေးကနေ စက်တပ်လှေဝယ်နိုင်တဲ့အခြေအနေထိ ဖြစ်လာခဲ့တယ်။

တစ်ရက်မှာတော့ အောင်မောင်း အိပ်ပျော်နေတဲ့အချိန် ပလိုင်းလွယ်ထားတဲ့သူရောက်လာပြီး

“ အောင်မောင်း… အခုကစပြီး ငါးဖမ်းတဲ့အလုပ်အပြင် ဝက်မွေးတဲ့အလုပ်ကိုလုပ်ရမယ်၊ မွေးထားတဲ့ဝက်တွေကိုလဲ ကိုယ်တိုင်သတ်ပြီး ရောင်းကွ ကြားလား”

“ ကျုပ်က ငါးပဲဖမ်းတတ်တာလေ၊ ဝက်မွေးတာတော့ မလုပ်ဘူးဘူး”

“ ငါပြောသလိုလုပ်စမ်း… မင်းက အရမ်းစကားများတဲ့ကောင်”

“ ဒါဖြင့်လဲပြီးရောဗျာ… ဒါနဲ့ ဝက်သားပေါက်တွေက ဘယ်မှာသွားယူရမလဲ”

“ ယူစရာမလိုဘူး… မနက်ဖြန်ကျရင် ရွာထဲကို ဝက်ပေါက်တွေကို အုပ်ပြတ်လာရောင်းတဲ့သူ လာလိမ့်မယ်၊ သူပြောတဲ့ဈေးကို မဆစ်ပဲ အပြတ်ဝယ်လိုက်”

“ ပြီးရောဗျာ… ဒါနဲ့ ဒီရက်ပိုင်း ငါးတွေသိပ်မရဘူးနော်”

“ မရဆို ပင်လယ်ထဲမှာနေတဲ့ အစွယ်ပြူးပြူးနဲ့ကောင်က သူ့ငါးတွေကို ငါက မောင်းသွင်းလို့ စိတ်ဆိုးနေတာ၊ ဒါကြောင့် မင်းကို ငါးဖမ်းတာခဏနားခိုင်းထားတာကွ”

“ ခင်ဗျားပြောတဲ့အတိုင်းလုပ်လိုက်မယ်၊ အောင်မောင်းက ပိုက်ဆံရရရင်အကုန်လုံး လုပ်မှာ ဟဲဟဲ”

အောင်မောင်းစကားအဆုံးမှာ ပလိုင်းလွယ်ထားတဲ့သူက မဲနက်နေတဲ့သွားချွန်ချွန်တွေပေါ်အောင်ရီလိုက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။

နောက်ရက်ကျတော့ ရွာထဲကို ဝက်သားပေါက်တွေအုပ်ပြတ်လာရောင်းတဲ့ သူတွေရောက်လာတာကြောင့် အောင်မောင်းလဲ လက်ထဲရှိသမျှငွေတွေနဲ့ မျက်စိမှိတ်ဝယ်ကာ ဝက်မွေးခြင်းအလုပ်ကို စတင်လုပ်ကိုင်ခဲ့တယ်။

အကုသိုလ်နဲ့အကျိုးပေးတဲ့ အောင်မောင်းကလဲ လုပ်သမျှစီးပွားရေးတွေအကုန်အောင်မြင်လာသလို ‌ရွာထဲမှာလဲ အတန်သင့်နေရာ ရလာခဲ့တယ်။ ပိုက်ဆံလေးရှိလာတော့ ရွာဘုရားပွဲလုပ်မယ်ဆိုလဲ အောင်မောင်းက ငွေကို ဟောခနဲ ဟောခနဲ ပေးသလို၊ အခြားသာရေးနာရေးတွေလုပ်မယ်‌ဆိုလဲ အောင်မောင်းက ထိပ်ဆုံးကနေပါဝင်ခဲ့တယ်။

ရွာသားတွေကတော့ အလှူအတန်းမှာရက်ရောတဲ့အောင်မောင်းကို ချီးကျူးသဘောကျနေပေမယ့် သဘောမကျတဲ့ သူတစ်ယောက်ကတော့ ရှိနေခဲ့တယ်။ သူကတော့ မောင်ပလိုင်း။

တစ်နေကုန် ဝက်ခြံတွေလိုက်ကြည့်ပြီးပင်ပန်းနေတာကြောင့် အိမ်ရှေ့ဝရန်တာမှာ ထိုင်ပြီး အရက်သောက်နေတဲ့အချိန် ပလိုင်းတစ်လုံးလွယ်ထားတဲ့ လူတစ်ယောက် ခြံစည်းရိုးထောင့်ကနေ ဆောင့်ကာအောင့်ကာ ထွက်လာခဲ့တယ်။

“ ဟေ့ကောင် အောင်အောင်း… မင်းကိုငါအတန်တန်ပြောထားတာကို ဘာလို့ထပ်လုပ်ရတာလဲ”

“ ကျုပ်ဘာလုပ်လို့လဲ”

“ ရွာထိပ်က ဘုရားပွဲအတွက် မင်းငွေတွေလှူလိုက်တယ်ဆို”

“ ဟုတ်တယ်လေ…”

“ မင်းက ကုသိုလ်လုပ်လို့ စီးပွားတက်မှာမဟုတ်ဘူး၊ အကုသိုလ်လုပ်မှ စီးပွားတက်မယ့်ကောင်ကွ၊ ဘာလဲ အခုမင်းက ငါ့ကို အာခံချင်နေပြီလား”

“ ကျုပ်ကဒီရွာမှာနေတာလေဗျာ၊ အလှူကတော့မထည့်လို့ဘယ်ကောင်းမလဲ”

“ အောင်မောင်း… မင်းငါ့စကားနားမထောင်ရင် ဘယ်လိုအဖြစ်ဆိုးတွေကြုံရမယ်‌ဆိုတာ စောင့်ကြည့်နေလိုက်”

မောင်ပလိုင်းက မျက်ထောင့်နီနဲ့ စိုက်ကြည့်ကာပြောရင်း သူနေထိုင်တဲ့ခြံထောင့်ကို ထွက်သွားခဲ့တယ်။

အောင်မောင်းလဲ သူအလှူငွေထည့်တိုင်း စိတ်ဆိုးမာန်ဆိုးလာလာပြောတတ်တဲ့ မောင်ပလိုင်းကို စိတ်ထဲမထားတော့ပဲ နောက်နေ့ အရက်နဲ့အမြည်းပသလိုက်ရင် စိတ်ဆိုးပြေသွားမှာပါလို့တွေးကာ ခပ်ပေါ့ပေါ့ နေခဲ့လိုက်တယ်။

နောက်တစ်နေ့ နေ့လည်အရောက်မှာတော့ ငါးဖမ်းလှေနဲ့လိုက်သွားတဲ့ မောင်ပုတို‌ အလောတကြီးပြန်ရောက်လာပြီး

“ ကိုအောင်မောင်း… မောင်သီဟ မောင်သီဟ ရေနစ်လို့ဗျ”

“ သီဟ ဘာဖြစ်သွားသေးလဲ”

မောင်ပုတိုစကားကြောင့် အောင်မောင်းရော အိမ်သားတွေပါပြေးထွက်ပြီး လှေဆိပ်ကိုသွားကြည့်ရာ သတိလစ်မေ့မျောနေတဲ့ သားအကြီးဖြစ်သူ သီဟကိုမြင်လိုက်ရတယ်။

“ ပုတို… ငါ့သား ဘာဖြစ်တာလဲ”

“ သီဟက ငါးဖမ်းပိုက်တွေဖြုတ်သိမ်းတဲ့ချိန် သူကိုယ်တိုင်လုပ်မယ်ဆိုပြီး ရေထဲဆင်းသွားတာ၊ အဲဒီမှာ သူ့ခြေထောက်ကို တစ်ယောက်ယောက်ဆွဲပြီး ရေထဲနှစ်နေတဲ့ပုံစံမြင်လိုက်ရတာပဲ၊ ကျွန်တော်တို့လဲ ချက်ချင်းရေထဲဆင်းပြီးပြန်ဆွဲပေမယ့် သီဟကို ဘယ်လိုမှဆွဲမနိုင်ဘူး၊ နောက်ဆုံး ရေမွန်းပြီးသတိလစ်ကာမှ ပြန်ဆွဲတင်လို့ရခဲ့တာ”

“အခုသီဟဘယ်လိုနေသေးလဲ”

“ အသက်အန္တရာယ်တော့မရှိတော့ပါဘူး၊ ဒါပေမယ့် သတိတော့လစ်နေသေးတယ်”

အောင်မောင်းလဲ သားဖြစ်သူကို ချက်ချင်းဆေးရုံပို့ဖို့စီစဉ်နေတဲ့အချိန် လှေဦးထိပ်မှာ ခါးထောက်ပြီးသူ့ကို စိုက်ကြည့်နေတဲ့ မောင်ပလိုင်းကိုမြင်လိုက်ရတယ်။

+++++

ဆေးရုံနဲ့အိမ်ကိုခေါက်တုံ့ခေါက်ပြန်ပြေးနေရတဲ့အတွက် ညသန်းခေါင်အချိန်ရောက်မှာတော့ အောင်မောင်းတစ်ယောက် လက်ပန်းကျကာ အိပ်ပျော်သွားခဲ့တယ်။

“ အောင်မောင်း… ထစမ်း ထစမ်း”

ခြေထောက်ကိုကန်ပြီးနှိုးနေတဲ့အသံကြောင့် မတ်တပ်ထရပ်လိုက်ရာ သူ့ကို ထီမထင်တဲ့ မျက်နှာနဲ့ စိုက်ကြည့်နေတဲ့ မောင်ပလိုင်းကိုမြင်လိုက်ရတယ်။

“ ခင်ဗျား… ကျုပ်သားကို အခုလိုဖြစ်အောင်လုပ်ခဲ့တာမဟုတ်လား”

“ အေး… မင်းက ငါပြောတာမှနားမထောင်တာ၊ ဒါကြောင့် မှတ်လောက်အောင်ပညာပေးခဲ့တာပဲ”

“ ခင်ဗျားဗျာ…”

“ စကားအပိုတွေပြောမနေနဲ့ ဒီနေ့ကစပြီး ငါ့ကိုအာခံလို့ကတော့ မင်းရော မင်းမိသားစုပါ ဒီထက်ဆိုးတဲ့အဖြစ်တွေကြုံရမယ်သာမှတ်”

“ ဒါဖြင့် ကျုပ်ဘာလုပ်ရမလဲ”

“ အကုသိုလ်အလုပ်မှန်သမျှ မင်းလုပ်ရမယ်၊ ဒါဆိုရင် အောင်မောင်းဆိုတဲ့မင်းက ဒီတစ်နယ်လုံးမှာ ကျိကျိတက်ချမ်းသာစေရမယ်ကွ”

အောင်မောင်းလဲ မောင်ပလိုင်းရဲ့ ချမ်းသာစေရမယ်ဆိုတဲ့စကားကို ဘဝင်ကျသွားပြီး နောက်ရက်ကနေစလို့ အကုသိုလ်အလုပ်မှန်သမျှကို သိမ်းကျုံးလုပ်ပါလေရော။

အောင်မောင်းလဲ မောင်ပလိုင်းရဲ့အကူအညီနဲ့ နေ့ချင်းညချင်းဆိုသလို ကြီးပွားတိုးတက်လာရာ နှစ်အနည်းငယ်အတွင်းမှာပဲ ငါးဖမ်းလှေတွေအပြင် ဝက်သတ်ရုံတွေ လက်ညိုးထိုးမလွဲ ဖြစ်လာခဲ့တယ်။

အောင်မောင်းက သူရဲ့ကျေးဇူးရှင်ဖြစ်တဲ့ မောင်ပလိုင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ နတ်ကွန်းတစ်ခုကိုဆောက်လုပ်ပြီး ကိုးကွယ်ပသခဲ့တယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်မောင်းတို့နေတဲ့ ရွာကို ပယောဂကုတဲ့ဆရာလိုလို ဗိန္နောဆရာလိုလို လူသုံးယောက်ရောက်လာခဲ့ကြတယ်။

ဆရာသုံးယောက်လုံးက မရှိဆင်းရဲသားတွေကို အခမဲ့ဆေးကုသပေးကြပြီး သူတို့ကုသပေးတဲ့ ရောဂါမှန်သမျှ ခဏလေးအတွင်းပျောက်ကင်းသက်သာတယ်ဆိုတဲ့သတင်းကလဲ ဟိုးလေးတစ်ကျော်ကျော်ဖြစ်လာခဲ့တယ်။

“ ကိုအောင်မောင်း… ရွာထဲမှာ နယ်လှည့်ဆေးဆရာတွေ‌ရောက်နေတာ ရှင်ကြားမိတယ်မဟုတ်လား”

မိန်းမဖြစ်သူစကားကြောင့် ထမင်းစားပွဲပေါ်မှာ အရက်သောက်နေတဲ့အောင်မောင်း မျက်လုံးကိုပင့်ကြည့်လိုက်ပြီး

“ အေး… ကြားတယ်လေ၊ ဘာဖြစ်လို့လဲ”

“ မနက်ကျရင် ကျုပ်ရဲ့ ဒူးနာရောဂါလေး သွားပြမလို့”

“ ပေါပေါပဲပဲ ဆေးဆရာတွေနဲ့ပြစရာလား၊ မြို့ပေါ်တက်ပြမှာပေါ့ဟ”

“ ရှင်လဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ မြို့ပေါ်တက်ဖို့က အဆင်မပြေနိုင်ဘူးလေ၊ ဒါကြောင့် ရွာထဲမှာ သွားပြကြည့်မလားလို့”

“ မင်းသဘောက အဲဒီဘက်ကို စိတ်သန်နေတော့လဲ သွားပေါ့ကွာ၊ ငါတော့မနက်ကျရင် အလုပ်ရှိလို့ မလိုက်ပေးနိုင်ဘူး”

“ ရပါတယ် ကျုပ် မယ်အေးကို ခေါ်သွားလိုက်ပါ့မယ်”

မိန်းမဖြစ်သူစကားကို အောင်မောင်း ခေါင်းညိမ့်ပြလိုက်ပြီး ခွက်ထဲကအရက်လက်ကျန်ကို ဂွပ်ခနဲမော့ချလိုက်ပါတော့တယ်။

++++++

နေက ထန်းတစ်ဖျားလောက်ရောက်နေပြီဖြစ်တဲ့အတွက် ရွာလယ်ဓမ္မာရုံပေါ်ကို အပူရှိန်က တစ်စိုက်မတ်မတ်ထိုးဆင်းကျနေခဲ့တယ်။

“ မယ်အေး… ငါတို့အလှည့်မရောက်သေးဘူးလား”

“ ရောက်တော့မယ် ကြီးမေ… ခဏလေးပဲလိုတော့တာ”

မယ်အေးက လူအုပ်ကြားထဲကနေ အော်ပြောပြီး အနားကိုပြေးလာခဲ့တယ်။

“ ကြီးမေ.. မယ်အေးတို့အလှည့်ရောက်ပီ၊ လာလာ”

ဒေါ်မေရီလဲ သူ့အလှည့်ရောက်ပြီဆိုတာကြောင့် ထိုင်နေရာကနေ ထလိုက်ပြီး ဆေးဆရာတွေရှေ့ကို တက်လာခဲ့လိုက်တယ်။

ဆေးဆရာတွေထဲက အလယ်မှာထိုင်နေတဲ့ တစ်ယောက်က ဒေါ်မေရီကိုမြင်တော့ မျက်လွှာကိုပင့်ကြည့်လိုက်ပြီး

“ ဘာဖြစ်တာလဲ ဒေါ်ကြီး”

“ ဒူးဆစ်က ဆစ်ခနဲ ဆစ်ခနဲကိုက်ပြီးနာနေတာ ဆရာ”

ဆေးဆရာက ဒေါ်မေရီစကားကြောင့် ဒူးဆစ်ကို ကြိမ်းတုတ်နဲ့ တို့လိုက်ရာ

“အမလေး…. နာလိုက်တာ ရှင်”

“ ကျုပ်က ထိရုံပဲထိလိုက်တာ ဘယ်လိုဖြစ်ပြီး နာသွားတာလဲ”

“ မသိဘူးဆရာ… ကြိမ်နဲ့ထိတာနဲ့ ကျင်စက်နဲ့တို့ခံရသလိုဖြစ်သွားတာပဲ”

ဒေါ်မေရီစကားကြောင့် ဆေးဆရာသုံးယောက်က အချင်းချင်းကြည့်လိုက်ပြီး

“ လိမ်ဆေးနဲ့သောက်ဆေးတော့ပေးလိုက်မယ်၊ မနက်ကျမှမသက်သာရင်တော့ အခြားတစ်နည်းနဲ့ကုရတော့မှာပဲ” လို့ပြောကာ စက္ကူနဲ့ထုပ်ထားတဲ့ ဆေးမှုန့်အချို့နဲ့ ဆီမန်းတစ်ဘူးကို ကမ်းပေးလိုက်တယ်။

ဒေါ်မေရီလဲ ‌သူ့အတွက်ကမ်းပေးတဲ့ ဆေးဆီဘူးကို ယူလိုက်ပြီး စားပွဲရှေ့မှာချထားတဲ့ အလှူခံဖလားထဲကို ငွေအချို့ထည့်ကာ အိမ်ကိုပြန်လာခဲ့လိုက်တယ်။

ဒီလိုနဲ့ ညနေစောင်းရောက်တော့ ဆေးကုဖို့လာတဲ့သူတွေပါးသွားတဲ့အတွက် အောင်မြတ်သာတို့ဆရာတပည့်သုံးယောက် ဖလားထဲမှာရှိတဲ့ အလှူငွေတွေကို အိတ်တစ်လုံးထဲထည့်ရင်း

“ ဆရာ… ဘာထူးသေးလဲ”

“ ဒီကောင်ရဲ့ အငွေ့အသက်တွေတော့ ခံစားမိနေတယ်၊ မကြာခင်အဖြေသိရတော့မယ် ထင်တာပဲ”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ဘာမှဆက်မမေးတော့ပဲ ဆေးကုဖို့ပြင်ထားတဲ့ စားပွဲကိုသိမ်းကာ နံရံကိုမှီပြီး အကြောဖြေနေလိုက်ကြတယ်။

ညဦးပိုင်းရောက်တော့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ရွာထဲမှာ ဖယောင်းတိုင်နဲ့အမွှေးတိုင်ဝယ်ဖို့ထွက်လာတဲ့အချိန် အောက်လင်းမီးတွေ ထိန်နေအောင်ထွန်းထားတဲ့ အိမ်တစ်အိမ်ရှေ့ကိုရောက်လာခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ အောင်မြတ်သာက ဆက်မသွားသေးပဲ ခြံထဲကိုကြည့်လိုက်ရာ နီညိုရောင်မီးခိုးငွေ့တွေ ဥဒဟိုဝေ့ဝိုက်လှုပ်ရှားနေတာ မြင်လိုက်ရတယ်။

“ ဆရာ ဘာဖြစ်လို့လဲ”

“ ဒီအိမ်ထဲမှာရှိနေတဲ့ အငွေ့အသက်တွေက ငါ့အာရုံမှာမြင်ခဲ့ရတဲ့ အငွေ့အသက်နဲ့ တူညီနေသလိုပဲ”

“ ဆရာဟိုမှာကြည့်ပါဦး”

ခွန်းလှလက်ညိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရာ အင်္ဂတေနဲ့ ဆောက်လုပ်ထားတဲ့ နတ်ကွန်းရဲ့ရှေ့မှာ ပလိုင်းတစ်လုံးကိုလွယ်ပြီး ခါးထောက်ရပ်နေတဲ့ အသက်သုံးဆယ်အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဲဒီလူက အောင်မြတ်သာတို့ကိုမြင်တော့ ဆတ်ခနဲအနောက်ဆုတ်သွားပြီး သူနေထိုင်တဲ့ နတ်ကွန်းထဲကို ခုန်ဝင်ကာပျောက်ကွယ်သွားခဲ့တယ်။

“ မောင်ကောင်း… ခွန်းလှ… အခုချက်ချင်း ဓမ္မာရုံပြန်ကြရအောင်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် တည်းခိုရာ ဓမ္မာရုံရှိတဲ့ဘက်ကို ခပ်သုတ်သုတ်ပြန်လာခဲ့လိုက်ကြတယ်။ ဓမ္မာရုံရောက်တော့ အောင်မြတ်သာက ဝင်ပေါက်တည့်တည့်မှာ ဖယောင်းတိုင်သုံးတိုင်ထွန်းပြီး

“ ငါ၏အမိန့်မရပဲ မည်သူမှ ဤစည်းသုံးတန်ကိုမကျော်လွန်စေရ” လို့အမိန့်ပြန်ကာ တင်ပလ္လင်ခွေထိုင်ကာ စောင့်နေခဲ့တယ်။

ခဏနေတော့ ရွာထဲဘက်ကနေ ပလိုင်းတစ်လုံး လွယ်ထားတဲ့ လူတစ်ယောက် ဓမ္မာရုံရှေ့တည့်တည့်ကို လျောက်လာပြီး ဖယောင်းတိုင်ထွန်းထားတဲ့နေရာကိုအရောက် ခြေထောက်ကိုစုံချရပ်ကာ

“ နင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ” လို့ လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောရာ

အောင်မြတ်သာက ပလိုင်းလွယ်ထားတဲ့သူကို စေ့စေ့ကြည့်လိုက်ပြီး

“ သင်တကယ်လွတ်မြောက်ခဲ့တာပဲ၊ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပဲနော်”

“ ငါ့ကို နှစ်ပေါင်းများစွာရေအောက်မှာ ချုပ်နှောင်ထားခဲ့ပြီးပြီလေ၊ မင်းတို့မကျေနပ်နိုင်ကြသေးဘူးလား”

“ ကျုပ်တို့က ‌ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်နေတဲ့သူတွေပါ။ သင့်လို ကိုယ်လွတ်မြောက်ဖို့အတွက် နေရာအစားထိုးဖို့ လူရှာနေသလိုတော့မဟုတ်ဘူးပေါ့ဗျာ”

“ ငါက သူတို့ဆယ်ဘဝရှာလို့မရတဲ့ စည်းစိမ်တွေရှာပေးပြီး ကူညီနေတာလေ၊ ဘယ်နှယ့် လူစားထိုးရမှာလဲ”

“ သင်ကူညီတာလား သူ့ကိုငရဲတွင်းထဲပို့နေတာလား၊ အရင်ကလဲ အခုလိုမျိုးလုပ်လို့ အချုပ်အနှောင်ခံရတာကို စိတ်မှတ်မရှိသေးပါလားနော်”

အောင်မြတ်သာစကားကြောင့် ပလိုင်းလွယ်ထားတဲ့သူရဲ့ မျက်လုံးက မီးခဲတစ်ခဲလိုရဲခနဲဖြစ်သွားပြီး ခန္ဓာကိုယ်ကနေလဲ ပက်ကြားအက်သလိုဖြစ်ကာ မီခိုးငွေ့တွေ ထွက်ပေါ်လာခဲ့တယ်။

“ ဒီကောင် ဘာပါလိမ့်”

မောင်ကောင်းက အံ့ဩစွာရေရွတ်ပြီး ကြည့်နေတဲ့အချိန် ပလိုင်းလွယ်ထားတဲ့သူက ပလိုင်းထဲကနေ ရဲရဲတောက်နေတဲ့ မီးကျီခဲတွေကို နှိုက်ထုတ်ကာ အောင်မြတ်သာတို့ဘက်ကို ပစ်ပေါက်ထည့်လိုက်တယ်။

မီးခဲတွေက အောင်မြတ်သာထွန်းထားတဲ့ ဖယောင်းတိုင်သုံးတိုင်ကိုမရောက်ခင်မှာပဲ မီးပွားတွေဖြာခနဲလွင့်ထွက်ပြီး အပြင်ကိုပြန်ကန်ထွက်သွားသလို မီးပွားမီးစတွေကနေချက်ချင်း မကောင်းဆိုးဝါးကောင်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။

တစ်ကိုယ်လုံး မီးတောက်မီးလျှံတွေ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်မိစ္ဆာတွေက ဓမ္မာရုံဝင်ပေါက်တည့်တည့်မှာစီရင်ထားတဲ့ စည်းသုံးတန်ကို ချိုးဖျက်ဖို့အတွက် အနာခံပြီး တိုးဝင်လာခဲ့ကြတယ်။

ဒါပေမယ့် ဖယောင်းတိုင်သုံးတိုင်မှာထွန်းညှိထားတဲ့ မီးတောက်တွေက ရွှီခနဲ ရွှီခနဲ အော်မြည်ကာ တိုးဝင်လာတဲ့ မိစ္ဆာကောင်တွေကို ဟန့်တားနေတဲ့အချိန် ပလိုင်းလွယ်ထားတဲ့ကောင်က အနောက်ကိုဆုတ်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတာမြင်လိုက်ရတယ်။

“ မောင်ကောင်း… ခွန်းလှ မင်းတို့နှစ်ယောက် ဒီကောင်တွေကို ထိန်းထား၊ ငါ ဟိုကောင်နောက်ကို လိုက်သွားဦးမယ်၊ မဟုတ်ရင် အိမ်သားတွေအကုန်ဒီကောင် ဒုက္ခပေးလိမ့်မယ်”

အောင်မြတ်သာက စိုးရိမ်စွာနဲ့ပြောပြီး လွယ်အိတ်ကိုလွယ်ကာ မီးတောက်မိစ္ဆာသုံးကောင်ကြားထဲကို ဖြတ်ဝင်သွားခဲ့တယ်။ မိစ္ဆာကောင်တွေက အောင်မြတ်သာကိုလဲမြင်ရော ကြမ်းတမ်းတဲ့လက်တွေနဲ့ ကုတ်ဖဲ့ဖို့ကြိုးစားကြပေမယ့် အနားကိုကပ်မရပဲ ဘေးကိုယိုင်ကျသွားခဲ့တယ်။

အောင်မြတ်သာအပြင်ကိုရောက်ပြီဆိုတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့လဲ မိစ္ဆာကောင်တွေရွာထဲမထွက်သွားစေဖို့အတွက် အချုပ်အနှောင်အစီအမံတစ်မျိုးဖြစ်တဲ့ ခြေချုပ်ကွန်ယက်အင်းကို အသက်သွင်းကာ ဓမ္မာရုံရှေ့ကိုပစ်လွှတ်လိုက်တယ်။ ခြေချုပ်အင်းဆိုတာက စမအက္ခရာတွေနဲ့ ရှုပ်ထွေးပွေလီအောင်ရေးဆွဲထားတဲ့အချုပ်အင်းတစ်မျိုးဖြစ်လို့ မိစ္ဆာကောင်တွေအနေနဲ့ ခြေချုပ်မိကာ လှုပ်ရှားလို့မရဖြစ်နေခဲ့တယ်။

“ ‌မေရီ ဘယ်မှာလဲ ထွက်လာစမ်း”

အောင်မောင်းက ငှက်ကြီးတောင်ဓါးကိုဆွဲပြီး အိမ်မှာမြင်တဲ့လူမှန်သမျှကို လိုက်ခုတ်နေတာကြောင့် အိမ်ကလူတွေရော အလုပ်သမားတွေပါ ဝရုန်းသုန်းကားဖြစ်ကုန်ကြတယ်။

“ အားလုံး နောက်ဆုတ်ထားကြ၊ သူ့အနားမကပ်နဲ့”

အောင်မြတ်သာက အိမ်သားတွေကို သတိပေးပြီး အောင်မောင်းနဲ့မလှမ်းမကမ်းမှာဝင်ရပ်လိုက်တယ်။

အောင်မောင်းက အောင်မြတ်သာကိုမြင်ရော ငှက်ကြီးတောင်ဓါးကိုဝင့်ကာ ခုတ်ဖို့ပြေးဝင်လာတဲ့အချိန် အောင်မြတ်သာက ခန္ဓာကိုယ်ကိုဝေ့ကာရှောင်လိုက်ပြီး အောင်မောင်းရဲ့ နဖူးကိုလက်နဲ့ဆတ်ခနဲ့ ရိုက်ချလိုက်တယ်။

ဒီအချိန်မှာတော့ အောင်မောင်းရဲ့ ခန္ဓာကိုယ်ထဲမှာပူးကပ်နေတဲ့ မောင်ပလိုင်းမနေသာတော့ပဲ မူလရုပ်သွင်အတိုင်း ကမ်းခြေဘက်ကိုပြေးထွက်သွားပါလေရော။

အောင်မြတ်သာလဲ မောင်ပလိုင်းပြေးတဲ့နောက်ကို လိုက်သွားမလို့လုပ်ပြီးကာမှ ကိုယ်ဟန်ကိုထိန်းလိုက်ပြီး

“ အောင်မောင်း သတိရပီလား”

“ ကျုပ်ဘယ်လိုဖြစ်သွားတာလဲ၊ ခင်ဗျားကရော ဘယ်သူလဲ”

“ ကျုပ်ဘယ်သူဆိုတာအရေးမကြီးဘူး၊ အခုခင်ဗျားတို့ ခြံထဲမှာနတ်ကွန်းဆောက်ထားပေးတဲ့သူကိုရော ဘယ်သူဘယ်ဝါဆိုတာသိရဲ့လား”

“ ဒီပုဂ္ဂိုလ်က ကျုပ်တို့ကို ကြီးပွားတိုးတက်အောင် ကူညီပေးနေတဲ့သူလေ”

“ မင်းအမြင်မှာတော့ ဟုတ်တာပေါ့၊ ဒါပေမယ့် ဒီကောင်က မင်းကိုရော မင်းတို့တစ်မိသားစုလုံးကိုပါ သူ့ရဲ့အခိုင်းအစေ အဖြစ်ခိုင်းဖို့ကြံနေတာ”

“ ဘယ်လို…”

“ မင်းနားလည်အောင်ပြောပြဖို့အချိန်မရသေးဘူး၊ အခုချက်ချင်း ဟောဒီဆေးပြာကိုရေဖျော်ပြီး အိမ်အနှံ့လိုက်ဖြန်းလိုက်”

အောင်မြတ်သာလဲ အောင်မောင်းတို့ တစ်အိမ်လုံးကို ဆေးပြာရည်နဲ့ဖြန်းခိုင်းလိုက်ရာ အိမ်ပေါ်ကနေရော ခြံဝင်းထဲကနေပါ ငိုယိုအော်ဟစ်ပြီး ထွက်ပြေးကြတဲ့ အရိပ်အယောင်တွေပေါ်လာခဲ့တယ်။

“ တော်သေးတာပေါ့… နောက်ထပ်တစ်ပတ်လောက် နောက်ကျရင် မင်းမိန်းမအရင်သေမှာ”

“ ကျုပ်မိန်းမက ဘာလို့သေရမှာလဲ”

“ မင်းမိန်းမဖြစ်နေတဲ့ ဒူးနာရောဂါဆိုတာ သမရိုးကျမဟုတ်ဘူး၊ မင်းကိုးကွယ်နေတဲ့ ကောင်ရဲ့ ပညာစက်မိနေတာ၊ မင်းမယုံရင် ကျုပ်ပြမယ်”

အောင်မြတ်သာက အောင်မောင်းရဲ့ မိန်းမဖြစ်သူကို ခေါ်ခိုင်းပြီး မနက်ပေးခဲ့တဲ့ ဆေးဆီနဲ့ဆွဲသပ်လိုက်ရာ ခြေဖဝါးအောက်ကနေ ညိုညစ်ညစ်အရည်တွေ စိမ့်ကျလာခဲ့တယ်။

“ သူက ကျုပ်တို့ကို စီးပွားတက်အောင်လုပ်ပေးတာကိုရော ဘာပြောမလဲ”

“ စီးပွားတက်အောင်လုပ်တာထက် မင်းကို အကုသိုလ်များအောင်လုပ်နေတာ၊ မင်းအသက်တစ်သက်ကိုသတ်လေလေ သူ့မှာစွမ်းအားပိုတိုးလေလေပဲ၊ နောက်ဆုံး သူ့ရဲ့စွမ်းအားအမြင့်ဆုံးအချိန်မှာ မင်းကိုသူ့နေရာအစားထိုးပြီး သူက အခြားတစ်နေရာကိုထွက်သွားဖို့ကြိုးစားနေတာပဲ”

အဲဒီအချိန် ဓမ္မာရုံမှာကျန်ခဲ့တဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ ရောက်လာပြီး

“ ဆရာ… ဟိုကောင် လွတ်သွားပြီလား”

“ အခြေအနေမဟန်တော့ ခဏရှောင်ထွက်သွားတဲ့ပုံပဲ၊ မင်းတို့ရော အခြေအနေဘယ်လိုလဲ”

“ ဟိုသုံးကောင်ကိုတော့ ခြေချုပ်အင်းနဲ့ ဓမ္မာရုံဘေးက အုန်းပင်မှာချည်ခဲ့တယ်၊ အခုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာ”

“ အရင်ဆုံး အိမ်သားတွေအားလုံးကို သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်အောင်လုပ်ပေးရမယ်”

အောင်မြတ်သာစကားမဆုံးခင်မှာပဲ အောင်မောင်းရဲ့ သားသမီးတွေထဲက အငယ်ဆုံးကလေးမလေးရဲ့ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးပြီး ပါးစပ်ကနေ အမြုပ်တစီစီထွက်လာခဲ့တယ်။

“ မောင်ကောင်း… ကလေးမလေးကို ရေမန်းတိုက်ပြီး လိပ်ပြာချုပ်ထား”

မောင်ကောင်းလဲ ကလေးမလေးရှိတဲ့ဘက်ကို ပြေးသွားတဲ့အချိန် အကြီးဆုံး‌ကောင်လေးက မတ်တပ်ရပ်နေရင်း ဟီးဟီးဟားဟားအော်ဟစ်ကာ တိုင်နဲ့နံရံကိုပြေးဆောင့်ပါလေရော။

ဒီတစ်ခါတော့ ခွန်းလှမနေသာတော့ပဲ တိုင်နဲ့ဆောင့်နေတဲ့ကောင်လေးကို ဂုတ်ပိုးကနေချုပ်ပြီး ပါးစပ်ထဲကို လေးကွက်အင်း တစ်ရွက်ထိုးထည့်ကာ ချုပ်ထားလိုက်တယ်။

“ မြင်ပြီမဟုတ်လား… ဒီကောင်က မင်းတို့တစ်အိမ်လုံးကို ဒုက္ခပေးနေပြီ”

“ တစ်ခုခုလုပ်ပါဦးဆရာရယ်…”

“ သူ့ကိုစတွေ့တုန်းက ရခဲ့တဲ့ပစ္စည်း ဘယ်မှာထားထားလဲ”

“ နတ်ကွန်းထဲမှာရှိတယ်… ကျုပ်ပြမယ်”

အောင်မောင်းက ခြံထောင့်မှာရှိတဲ့နတ်ကွန်းကိုသွားပြီးကြည့်လိုက်ရာ ပလိုင်းလွယ်ထားတဲ့ရုပ်ထုကိုမတွေ့ရတော့ပဲ မီးကျွမ်းနေတဲ့ ကြေးရုပ်ထုတစ်ခုကိုသာမြင်တွေ့လိုက်ရတယ်။

“ ဒီကောင် နာမ်ကိုပါဖျက်ပြီး ခြေရာဖျောက်သွားတာပဲ”

“ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာ”

“ လောလောဆယ် အိမ်သားတွေကို အရင်ကုပေးရမယ်၊ ပြီးမှ ဘာလုပ်ကြမလဲ တိုင်ပင်ကြတာပေါ့”

အောင်မြတ်သာလဲ အိမ်သားတွေကို စုခိုင်းပြီး တစ်ယောက်ချင်းစီမှာရှိနေတဲ့ စက်တွေကို ထုတ်ယူနေတဲ့အချိန် ကမ်းစပ်ဘက်ကနေ အသံနက်ကြီးနဲ့အော်ဟစ်နေတဲ့ အသံကိုကြားလိုက်ရတယ်။

“ အားလုံး ခြံထဲကနေ အပြင်မထွက်ကြနဲ့၊ မောင်ကောင်းနဲ့ ခွန်းလှက ဒီမှာနေခဲ့ပြီး အိမ်သားတွေကိုစောင့်ကြည့်ထားပေး”

“ ဆရာ တစ်ယောက်ထဲ သွားမလို့လား”

မောင်ကောင်းစကားကို အောင်မြတ်သာ ဘာမှပြန်မဖြေပဲ လွယ်အိတ်ကိုလွယ်ကာ ကမ်းစပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

ညကား အတန်သင့်နက်နေပြီမို့ ကမ်းစပ်တစ်ခုလုံး အမှောင်ထုကြီးစိုးနေပြီး ရေလှိုင်းတွေရဲ့ရိုက်ပုတ်သံတွေသာ တစ်ချက်တစ်ချက် ထွက်ပေါ်နေခဲ့တယ်။

“ ဗွက် ဗွက် ဗွက်”

ရွံ့မြေကိုနင်းပြီးဖြတ်ပြေးသွားတဲ့ခြေသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ ငါးအသေကောင်ကို ကိုက်ထားတဲ့ နာနာဘာဝတစ်ကောင်ဖြစ်နေခဲ့တယ်။

နာနာဘာဝကောင်က အောင်မြတ်သာကိုမြင်တော့ ကြောက်လန့်တစ်ကြားနဲ့ ထွက်ပြေးသွားပြီး မရှေးမနှောင်းမှာပဲ စက်လှေပျက်နှစ်ခုကြားထဲကနေ မီးအလင်းရောင်တစ်ခု ဖျတ်ခနဲပေါ်လာခဲ့တယ်။

အောင်မြတ်သာလဲ မီး‌အလင်းစမြင်ရတဲ့ စက်လှေပျက်နှစ်ခုကြားထဲကို စိုက်ကြည့်လိုက်ရာ ရွံ့ဗွက်တွေအောက်မှာဝပ်နေတဲ့ မဲမဲသဏ္ဍာန်အရာတစ်ခုကိုမြင်တွေ့လိုက်ရတယ်။

“ ဟိတ်… ပုန်းနေတာ ဘယ်သူလဲ ထွက်လာစမ်း”

အာဏာပါဝါသံပြင်းပြင်းနဲ့ လက်ညိုးထိုးအမိန့်ပေးလိုက်ရာ စက်လှေနှစ်ခုကြားထဲမှာ ပုန်းနေတဲ့ကောင်က ကုန်းပြီထလာခဲ့တယ်။

ခန္ဓာကိုယ်တစ်ခုလုံး ဆူးတွေအပြည့်ပါပြီး မျက်နှာက ငါးပုံစံဖြစ်နေတဲ့ကောင်က အောင်မြတ်သာကို ‌စေ့စေ့မကြည့်ရဲပဲ ဘေးတိုက်အနေအထားလမ်းလျောက်လာနေတာကိုမြင်လိုက်ရတယ်။

“ သင်ဘယ်သူလဲ… ဘာကြောင့် ဒီလိုနေရာမှာ ပုန်းနေတာလဲ”

“ ငါက အဲဒီမှာပဲနေတာကြာပြီ… နင်က ဘယ်သူလဲ၊ ငါ့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”

“ မကြာသေးမီအချိန်က တစ်ကိုယ်လုံးမီးခဲလိုရဲရဲနီနေတဲ့သူတစ်ယောက် ကမ်းစပ်ဘက်ကိုလာတာမြင်လိုက်လား”

“ ပလိုင်းတစ်လုံး လွယ်ထားတဲ့သူကိုပြောတာလား”

“ ဟုတ်တယ်… သူဘယ်ဘက်ကိုထွက်သွားတာမြင်လိုက်လဲ”

“ သူ သူက နင့် နင့်အနောက်မှာလေ ဟီးဟီးဟီး”

ငါးတစ်ပိုင်းလူတစ်ပိုင်းနာနာဘာဝကောင်ရဲ့ စကားကြောင့်အနောက်လှည့်ကြည့်လိုက်ရာ ခန္ဓာကိုယ်ကနေ မီးတောက်တွေထွက်နေတဲ့ မောင်ပလိုင်းက အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကို ပလိုင်းနဲ့အုပ်ချလိုက်ပါလေရော။

ရုတ်တရက်မို့ အငိုက်မိသွားတဲ့အောင်မြတ်သာက ညာဘက်လက်ကိုအပေါ်မြောက်ပြီးကာလိုက်ရာ ပလိုင်းက ခန္ဓာကိုယ်နဲ့ထိဖို့ လက်နှစ်လုံးအကွာမှာ တန့်သွားခဲ့တယ်။

အဲဒီအချိန်မှာပဲ အောင်မြတ်သာရဲ့ ဘယ်ညာလက်တစ်စုံကနေ ငှက်ကြီးတောင်နှစ်လက်စီကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက် ‌ရှေ့ကျွမ်းထိုးကာ ခုန်ဆင်းလာပြီး မောင်ပလိုင်းရဲ့လက်ကို တရွှပ်ရွှပ်နဲ့ ခုတ်ထစ်ပါလေရော။

ဓါနဲ့ခုတ်လိုက်တိုင်း မီးပွားတွေ ဖွာခနဲ ဖွာခနဲ လွင့်ထွက်ကျနေတာကြောင့် မောင်ပလိုင်း ကြာရှည်မခံနိုင်တော့ပဲ အောင်မြတ်သာကို ဖမ်းဖို့လုပ်နေရာကနေ နောက်ကိုဖျတ်ခနဲဆုတ်လိုက်ပြီး ပျောက်ကွယ်သွားပါတော့တယ်။

“ မောင်ပလိုင်း… မင်းအခုလိုပြေးလို့ လွတ်ရောလား”

အောင်မြတ်သာက တီးတိုးရေရွတ်ပြီး လွယ်အိတ်ထဲမှာပါလာတဲ့ လေးကွက်အင်းသုံးချပ်ကို လက်နှစ်ဖက်နဲ့ အုပ်ကာ လေပေါ်ပစ်တင်လိုက်တယ်ဆိုရင်ပဲ အင်းချပ်တွေဆီကနေ အနူမြူလိုအလင်းရောင်တွေ ရွံ့မြေပေါ်ကို ထိုးကျလာခဲ့တယ်။

ထိုအလင်းရောင်ကြောင့် ရွံ့မြေထဲမှာ ခိုအောင်းနေတဲ့ မောင်ပလိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် အင်းစောင့်နှစ်ယောက်က လက်ထဲကိုင်ထားတဲ့ဓါးနဲ့ ဇွပ်ခနဲထိုးစိုက်လိုက်ပေမယ့် မောင်ပလိုင်းက အခြားနေရာကိုခုန်သွားတာကြောင့် မဖမ်းမိလိုက်ပေ။

ရွံ့မြေအောက်မှာပုန်းနေတဲ့ မောင်ပလိုင်းက သူရှိနေတာကိုသိနေမှန်းရိပ်မိသွားတဲ့အတွက် လျှင်မြန်တဲ့အရှိန်နဲ့ ပင်လယ်ပြင်ဘက်ကို ရွံ့မြေအောက်ကနေ ပြေးဆင်းသွားခဲ့တယ်။

ဒီတစ်ခါတော့ အောင်မြတ်သာကိုယ်တိုင် ကမ်းစပ်ကမြေကြီးကိုလက်နဲ့ထိကိုင်ပြီး

“ ပင်လယ်ပြင်ကိုစောင့်ကြပ်နေသော ပင်လယ်စောင့်နတ်မင်းကြီးနဲ့တစ်ကွ၊ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များအနေနဲ့ ဤငရဲမကြောက်ဝဋ်မကြောက်တဲ့အစီအရင်ရုပ်ထုအား သင်တို့ပိုင်နက်အတွင်းကနေ ဘယ်မှရွေ့လျားမရအောင် ဖမ်း‌ဆီးချုပ်နှောင်ထားကြစေသား” လို့အမိန့်ပြန်ပြီး လက်ကိုရုတ်လိုက်တဲ့အချိန် ပင်လယ်ပြင်ကနေ ကတော့ပုံစံလိုလှိုင်းတံပိုးတွေတက်လာပြီး မောင်ပလိုင်းကို ရစ်ပတ်ထားလိုက်ကြတယ်။

အောင်မြတ်သာလဲ ရေလှိုင်းတံပိုးတွေကြားထဲမှာ ပိတ်မိနေတဲ့ မောင်ပလိုင်းကို ဖမ်း‌ခေါ်ဖို့အတွက် လက်ကိုဆန့်တန်းလိုက်တဲ့အချိန် ကောင်းကင်ပြင်ကနေ အနီရောင်လက်ဖဝါးတစ်ခု ရုတ်တရက်ပေါ်လာပြီး မောင်ပလိုင်းကို ဆတ်ခနဲဆွဲယူသွားပါတော့တယ်။

အောင်မြတ်သာလဲ သူ့လက်ထဲကနေ မောင်ပလိုင်းကို လုယူသွားတဲ့ အမျိုးအမည်မသိပုဂ္ဂိုလ်ကို ထူးဆန်းစွာငေးကြည့်နေတဲ့အချိန်

“ ငါးခုသော ကျော့ကွင်းနဲ့ ဖမ်းထားတဲ့ နတ်ဆိုးမိစ္ဆာကောင် ပြန်လွှတ်နေပါလား” ဆိုတဲ့အသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ လေပေါ်မှာမတ်တပ်ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဘိုးဖြူစင်ပါလား… ဘယ်ကနေ ရုတ်တရက်ရောက်လာတာလဲ”

“ လူလေးရဲ့လက်ချက်နဲ့ ဖမ်းဆီးခံရမယ့် မောင်ပလိုင်းကို လာခေါ်ဖို့ရောက်လာတာပဲ၊ ဒါပေမယ့် လာချိန်က အနည်းငယ် နောက်ကျသွားတယ်လူလေး”

“ အဘိုး… ခုနက ‌မြင်လိုက်ရတဲ့လက်ပိုင်ရှင်က စတုမဟာရာဇ်နတ်ပြည်အောက်ဆုံးမှာ ဖမ်းခံထားရတဲ့ နတ်မိစ္ဆာမဟုတ်လား”

“ ဟုတ်တယ်လူလေး… ခြေ‌နှစ်ဖက်၊ လက်နှစ်ဖက်၊ လည်ပင်းတို့ကို ကျော့ကွင်းနဲ့ဖမ်းထားရတဲ့ နတ်မိစ္ဆာက ဘယ်လိုကြောင့် ပြန်လွှတ်နေတာလဲမသိဘူး၊ အဘိုးအမြင်ပြောရရင် လူလေးတို့ရဲ့ လာမယ့်ခရီးလမ်းက ကြမ်းတမ်းနေတော့မယ်ဆိုတာပဲ”

“ ဆရာသခင်တွေသာ တာဝန်ပေးမယ်‌ဆိုရင် ဒီကောင်လောက်ကို မမှုပါဘူး၊ ဒါနဲ့ နတ်မိစ္ဆာကောင်က မောင်ပလိုင်းကို ဘာကြောင့်ပြန်ခေါ်သွားတာလဲ”

“ နတ်မိစ္ဆာကောင်ရဲ့လက်အောက်မှာ ရေမိစ္ဆာ၊ မြေမိစ္ဆာ၊ မီးမိစ္ဆာ၊ လေမိစ္ဆာဆိုပြီး တပည့်လေးယောက်ရှိတယ်၊ အခု လူလေးဖမ်းဖို့ကြိုးစားတဲ့ မောင်ပလိုင်းက မီးမိစ္ဆာအဆင့်ရှိတဲ့ကောင်ပဲ၊ သူ့သခင် ချုပ်နှောင်ခံထားရတဲ့ကာလမှာ သူ့ရဲ့လက်ရင်းတပည့်တွေကိုလည်း မတူညီတဲ့နယ်ပယ်မှာ ဖမ်းချုပ်ထားခဲ့ကြတယ်၊ အခု ဒီကောင်လွတ်လာတော့ သူ့တပည့်တွေကို ပြန်စုစည်းဖို့ လာခေါ်သွားတာလို့ ယူဆရမယ်”

“ ဒါဆိုရင် မောင်ပလိုင်းလိုပဲ နောက်ထပ် သုံးယောက်ထပ်ရှိသေးတယ်လို့ပြောချင်တာလား”

“ ဟုတ်တယ် လူလေး… ဒီကိစ္စကို အဘိုး ပြန်ရောက်တာနဲ့ ဆရာတော်ကိုလျောက်တင်လိုက်ပါ့မယ်၊ မင်းတို့လဲ ဒီရွာမှာကိစ္စအမြန်ဖြတ်ပြီး မဟာမြိုင်ထဲကို ဝင်လာခဲ့ကြ”

“ ကျွန်တော်တို့သုံးယောက်လုံးဝင်လာရမှာလား အဘိုး”

“ ဒီအခြေအနေအရဆိုရင် မင်းတို့သုံးယောက်အပြင် အခြားတပည့်တွေကိုပါဆင့်ခေါ်ရမယ့်ပုံပဲ၊ ကဲ… အရုဏ်မတက်ခင် မဟာမြိုင်တောစပ်ကိုအရောက်လာခဲ့ကြတော့”

ဘိုးဖြူစင်က အောင်မြတ်သာကို စကားပါးပြီးတာနဲ့ လေထဲမှာတင်ပျောက်ကွယ်သွားခဲ့တယ်။

ဒီတစ်ခါတော့ အောင်မြတ်သာတို့အနေနဲ့ မဟာမြိုင်တောထဲကိုပြန်ဝင်ပြီး အင်အားစုစည်းရပုံ၊ သူတို့ရင်ဆိုင်ရမယ့် နတ်မိစ္ဆာရဲ့ စွမ်းအားကြီးမားပုံ၊ သူ့ရဲ့လက်ရင်းတပည့်တွေဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေဆိုတဲ့ ကောင်တွေနဲ့ရင်ဆိုင်ရပုံတွေကို အောင်မြတ်သာနှင့် ငါးမျိုးကျော့ကွင်းမိစ္ဆာမင်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *