Home / Ghost Stoey / ဘ၀များ၏သင်္ကေတ(စ/ဆုံး)

ဘ၀များ၏သင်္ကေတ(စ/ဆုံး)

ဘ၀များ၏သင်္ကေတ(စ/ဆုံး)

“ မနက်လင်းလို့ နေဖင်ထိုးနေပြီနော်၊ ကိုယ့်အသိနဲ့ကိုယ် မြန်မြန်ထကြ ” မနက်လင်း၍ ဘယ်နှစ်နာရီရှိပြီလဲ အေးကြည်မ မသိပါ။ အမေ့ရဲ့အသံကတော့ ပုံမှန်နှိုးစက်ပင်ဖြစ်၏။ အိပ် ကောင်းနေသည့်အချိန်မို့ မျက်လုံးများကချက်ချင်းမပွင့်။ အမေ့အသံကိုပင် သီချင်းသံဟုထင်မိပြီး မှေးခနဲထပ်အိပ် ပျော်သွားသေးသည်။ “အမယ်လေးတော် .. ထပါတော့ဆိုတာကို အိပ်နေလိုက်တာ ကာလနဂါးသေလို့၀င်စားသလားပဲ၊ သူတို့မို့ အပူအပင်မရှိ အိပ်နိုင်လွန်းကြတယ်” အမေ့အသံနောက်တစ်ခေါက်ထွက်လာလျှင် ကျိန်းစပ်နေသည့်မျက်လုံးအစုံကို အတင်းဖြဲကာ ထလိုက်ရ တော့သည်။ သုံးခါဆိုလျှင် အမေလက်ပါတော့မည်မှန်း အတွေ့အကြုံများအရ အေးကြည်မ သိနေလေပြီ။ ထို့နောက် အိမ်နောက်သို့လျှောက်လာပြီး မျက်နှာကိုရေဖြင့်နှစ်ခါမျှပွတ်သပ်ကာ မျက်နှာသစ်ခြင်းကို ၀တ်ကျေတမ်းကျေပင် လုပ်လိုက်၏။

ပြီးလျှင် အဖေ့ပုဆိုးစုတ်ဖြင့် မျက်နှာကိုဖြစ်သလိုသုတ်လိုက်သည်။ “ ကိုဘချိန် .. ရှင်လည်းထတော့ ၊ တကတည်းတော် .. ညကျရင်သောက်စားမူးရူး၊ မနက်ဆိုရင် အရက်နာကျ၊ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာကို နေ့တိုင်းသတိပေးနေရတယ် ” အမေ့အသံအကျယ်ကြီးကြောင့် အိပ်ပျော်နေသည့်အဖေက ခေါင်းကို တဗျင်းဗျင်းကုပ်ကာ ထလာ၏။ မနက် ရောက်တိုင်း အေးကြည်မတို့၏တန်းလျားလေးက ဆဲသံဆူသံများနှင့်သာအသက်၀င်လျှက်ရှိသည်။ “ ဟဲ့ ဘာတွေငေးနေတာလဲ အေးကြည်မ၊ ညည်းနော် အပျင်းကြီးမနေနဲ့ ၊ ဟိုဘက်တန်းလျားက မိစုတို့ ထွက်သွားတာကြာပေါ့၊ ဒီနေ့ ဘူးခွံတွေများများရအောင်ကောက်ခဲ့၊ ပြီးရင် မပုဆိုင်မှာ ဆန်၀ယ်လာ ” အမေပြောတော့ အေးကြည်မ ခေါင်းညိတ်ပြလိုက်၏။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ပြီးလျှင် ဂုံနီအိတ်ကိုဆွဲယူပြီး ထွက်လာခဲ့လိုက်သည်။ တစ်လမ်း၀င် တစ်လမ်းထွက် ဘူးခွံတွေလိုက်ကောက်ရသည်ကို အေးကြည်မ မုန်းသည်။ နံစော်နေသည့် အမှိုက်ပုံ များကိုလည်း ထိုးဆွကာရှာရသေး၏။ အရင်ကတော့ အမေလည်း အေးကြည်မနှင့်အတူ ဘူးခွံတွေလိုက်ကောက် သည်။ မောင်လေးဂျစ်တူးကိုမွေးပြီးသည့်အချိန်ကစပြီး အေးကြည်မတစ်ယောက်တည်းသာ ဘူးခွံကောက်ထွက်ရ တော့၏။ “ ညည်းကို ပညာလေးတတ်အောင် ကျောင်းထားပေးချင်သား၊ ဒါပေမဲ့ ပိုက်ဆံမရှိတာကခက်တယ် ” အေးကြည်မ ခြောက်နှစ်ပြည့်တုန်းက အမေ ပြောခဲ့ခြင်းဖြစ်သည်။ အခုဆို ရှစ်နှစ်ပြည့်တော့မည်။ အမေ ပြောသလို အေးကြည်မလည်း ကျောင်းနေချင်သည်။ ဘူးခွံလေးတွေကောက်ရင်း ကျောင်းစိမ်း၀တ်စုံဆင်တူ၀တ် ထားသည့်သူတွေမြင်လျှင် အေးကြည်မ အမြဲငေးကြည့်မိသည်။ ကျောင်းစိမ်း၀တ်စုံလေးလည်း အေးကြည်မ ၀တ်ချင် သည်။

ကျောင်းတက်လျှင် ၀တ်ရမည်ဟုတွေးမိတော့ ကျောင်းနေချင်စိတ်က တားမရအောင်ဖြစ်လာလေသည်။ “ အေးကြည်မလည်း ကျောင်းတက်ချင်တယ် အမေရဲ့” “ နောက်တော့ထားပေးမှာပေါ့အေ၊ ညည်းသာ နေ့တိုင်းဘူးခွံတွေများများရအောင်ကြိုးစား ” အမေ့အသံကိုပြန်ကြားယောင်မိတော့ အမှိုက်ပုံကြီးကို တုတ်တစ်ချောင်းနှင့် ထိုးဆွပစ်လိုက်သည်။ ထိုအခါ အထဲမှ ဘူးခွံလေးတွေကိုမြင်ရ၏။ ဘူးခွံကိုယူပြီး ကိုင်ထားသည့်အိတ်ထဲထည့်လိုက်သည်။ နောက်ထပ် ဘူးခွံတွေ ရှိနိုးနိုးနှင့် အမှိုက်ပုံကို စိတ်တိုင်းကျ ထိုးဆွနေမိသည်။ “ ဟေ့ ကလေးမ၊ အမှိုက်ပုံကို ဘာလို့ဆွနေတာလဲကွ၊ အမှိုက်ပုံလေးကနေ အမှိုက်ပုံကြီးဖြစ်လာတော့မှာပဲ၊ သွား .. သွား ” လူကြီးတစ်ယောက်ကအော်ပြောတော့ အေးကြည်မ လန့်သွား၏။ ထို့ကြောင့် ဘူးခွံအိတ်ကိုဆွဲက စိတ်တိုင်းကျ ထိုးဆွမွှေနှောက်ထားသည့်အမှိုက်ပုံကြီးအနားမှ ပြေးထွက်လာခဲ့တော့သည်။ *** (၂) “ တစ်နေ့လုံးမှ ဒီလောက်ပဲရလားဟဲ့၊ အသုံးကိုမကျဘူး .. ကဲဟယ် ” မေကြည့်လက်ကမြန်၏။ ဒေါက်ခနဲခေါက်လိုက်သည်မို့ ဖိုးတာခေါင်းက ထူပူကာသွားသည်။

မျက်ရည်က ချက်ချင်းဝေ့လာ၏။ နာသွားသည့်ခေါင်းကိုပွတ်ရင်း အမေ့ကို ဖိုးတာ သတိရသွားသည်။ အမေဆိုလျှင် ဖိုးတာကို မရိုက်တတ်ပေ။ ဟိုတစ်ခါတုန်းက အမေသေသွား၏။ အမေ့ကို မြေကြီးထဲထည့်လိုက်ပြီး သိပ်မကြာပေ။ မေကြည်က ဖိုးတာ အမေဖြစ်လာခဲ့သည်။ “ ဟယ် .. ဒီသေနာကျလေးကလည်း အားတိုင်း အင်္ကျီကိုလှန်နေတာပဲ၊ မြိုဖို့ဆို့ဖို့ကျတော့ သိတယ် ” မေကြည့်ကိုယ်ပေါ်မှ ချက်စူက နို့ဆာ၍ထင်၏။ မေကြည့် အင်္ကျီကိုအတင်းဆွဲနေရှာသည်။ သို့သော် ချက်စူ ကံမကောင်းရှာ။ မေကြည့်လက်ဝါးစာမိပြီး ဝါးကနဲအော်ငိုရလေသည်။ “ နောက်နေ့ကျရင် ပိုက်ဆံလိုက်တောင်းရင်းနဲ့ ဘူးခွံတွေလည်းရသလောက်ကောက်လာခဲ့၊ အဲဒါလည်း ထမင်းဖြစ်တယ်ဟဲ့ .. သိလား ” ဖိုးတာ ခေါင်းညိတ်ပြလိုက်၏။ ခေါင်းမညိတ်၍လည်းမဖြစ်ပေ။ မေကြည့်လက်စွမ်းက ထက်သည်မို့ ဖိုးတာ ကြောက်သည်။ ဖိုးတာက မနက်တိုင်း ရပ်ကွက်တကာလှည့်ပြီး ပိုက်ဆံလိုက်တောင်းရ၏။

တစ်ချို့ကျတော့ ပိုက်ဆံ အကြွေလေးတွေပေးတတ်သော်လည်း တစ်ချို့ကျတော့ အော်ဟစ်မောင်းထုတ်တတ်သည်။ ထို့ကြောင့် ပိုက်ဆံ လိုက်တောင်းရသည်ကို ဖိုးတာ မုန်းလှ၏။ “ ဟေ့ မကြည် .. ပိုက်ဆံပေးစမ်း၊ ငါမနေနိုင်တော့ဘူးကွ .. အေ့ ” “ ရှင်လည်း အဲဒီအရည်တွေသောက်ပြီးမြန်မြန်သေမှအေးမှာ၊ ထမင်းနပ်မှန်အောင်ရှာကျွေးမယ်မကြံဘူး၊ လိုတိုင်းလက်ဖြန့်တောင်းနေရအောင် ကျွန်မမှာပိုက်ဆံတွေတောင်းနဲ့ထည့်ထားတယ်များမှတ်နေလား ” “ ဟေ့ စကားများနဲ့ကွာ .. ပေးစမ်း အဲဒီပိုက်ဆံတွေ ” “ ရှင်နော် .. ဒီပိုက်ဆံနဲ့ဆန်၀ယ်ရမှာ၊ ပြန်ပေးစမ်း ” “ ဟာ .. ဒီမိန်းမတော့ .. ကဲကွာ .. ” “ အမယ်လေး .. သေနာကျကြီး .. လက်ကြောတင်းအောင်လုပ်မယ်မကြံဘူး၊ မိန်းမထမီနားခိုစားတဲ့ သေချင်းဆိုးကြီး၊ အန်ဖတ်ဆို့ပြီးသေပါစေတော် ” “ ဟေ့ ပါးစပ်ပိတ်စမ်း မကြည်၊ ရော့ .. ဖိုးတာ၊ ဒေါ်တုတ်ဆိုင်မှာ အရက်တစ်လုံးသွား၀ယ်ခဲ့၊ မြန်မြန်သွား ” အော်ဟစ်သံ ဆဲဆိုသံတွေဖြင့် ဆူညံနေသည့် နေရာကလေးမှ ဖိုးတာ အမြန်ပြေးထွက်လာခဲ့၏။ ဖိုးတာ လက်ထဲတွင် တစ်နေ့လုံးတောင်းထားသည့်ပိုက်ဆံလေးပါလာသည်။

ထိုပိုက်ဆံဖြင့် ဒေါ်တုတ်ဆိုင်တွင် အရက် တစ်လုံး၀ယ်လိုက်ရ၏။ အရက်၀ယ်ပြီးအပြန်တွင်တော့ ဖိုးတာ၏ဗိုက်လေးကအသံမျိုးစုံပေးကာ ဆန္ဒပြနေလေသည်။ (၃) “ ဟဲ့ .. နင်ဘာလုပ်နေတာလဲ ” အေးကြည်မမေးတော့ ကောင်လေးက ပြူးကြောင်ကြောင်ဖြင့်ကြည့်နေ၏။ အေးကြည်မလည်း ထိုကောင်လေး လက်ထဲက ဘူးခွံကို မမှိတ်မသုန်ကြည့်နေမိသည်။ သည်အမှိုက်ပုံက အေးကြည်မ ကောက်နေကျနေရာလေ။ အခု ဒီကောင်လေးက အေးကြည်မ အမှိုက်ပုံကိုနယ်ကျော်လာသည်မို့ မကျေမနပ်ဖြစ်သွား၏။ “ ဘူး .. ဘူးခွံကောက်နေတာ ” အသံက တိုးလျလျ။ အေးကြည်မ အသံနှင့်များကွာ၏။ အေးကြည်မဆိုလျှင် အမေ့ခြေရာနင်းနိုင်သည်ဆိုရ မည်။ အမေ့အရှေ့တွင်သာ အခေါက်ခံရမည်စိုး၍ ငြိမ်နေ၏။ ရပ်ကွက်ထဲတွင်ဆို အေးကြည်မကို အနိုင်ကျင့်ရဲသူ မရှိ။ အေးကြည်မက လက်ရဲ ပါးစပ်ရဲ။ ပါးစပ်ကပြောလျှင် လက်ကပါပြီးသားပင်။ “ အဲဒါ ငါကောက်နေကျနေရာဟဲ့၊ အဲဒီဘူးခွံပြန်ပေး ” ထိုကောင်လေးက ကြောက်နေသည့်ဟန်လေးမို့ အေးကြည်မ အော်ပစ်လိုက်သည်။ ပုံစံက စုတ်တိစုတ်ချာ။

အကျီကလည်း ဟိုနားတစ်ကွက် သည်နားတစ်ကွက်စုတ်လို့။ အဲ အေးကြည်မလည်းဘာထူးလဲ။ စုတ်နေသည့်အင်္ကျီ ကို တွယ်ချိတ်နဲ့ဖာထားရသည်ပင်။ သူများကို အပြည့်အ၀ကဲ့ရဲ့ပြီးမှ ကိုယ့်ကိုယ်ကိုတွေးပြီးရယ်ချင်သွားရသည်။ “ ရော့ ” အေးကြည်မ အံ့သြသွားသည်။ ကိုင်ထားသည့်ဘူးခွံလေးကိုယူပြီး အေးကြည်မကိုလာပေး၏။ အေးကြည်မ စိတ်ထဲဘယ်လိုဖြစ်သွားလဲမသိချေ။ ထိုကောင်လေးပေးသည့်ဘူးခွံကိုမယူမိတော့။ “ တော်ပြီ၊ နင်ကောက်ထားတာနင်ပဲယူတော့၊ နင့်နာမည်ဘယ်လိုခေါ်လဲ ” “ ဖိုးတာ ” “ ငါ့နာမည်က အေးကြည်မ၊ နင်ကဘာဖြစ်လို့ ဘူးခွံကောက်ရတာလဲ၊ အရင်ကမမြင်ဖူးဘူး ” “ မေကြည် ကောက်ခိုင်းလို့၊ မေကြည်က ပိုက်ဆံမရရင် ငါ့ကိုရိုက်တယ် ” ဖိုးတာစကားကိုကြားပြီး အမေ့ကိုမြင်ယောင်မိသွားသည်။ အေးကြည်မ ပိုက်ဆံမရပဲအိမ်ပြန်လျှင်လည်း အမေက ရိုက်သည်။ ဖိုးတာက အေးကြည်မနှင့်ဘ၀တူမို့ ခင်မိသွား၏။ “ ငါလည်းအတူတူပဲဟဲ့၊ အမေတွေက မကောင်းပါဘူးဟယ် ” “ ငါ့အမေကကောင်းပါတယ် ” “ နင်ပြောတော့ နင့်အမေက ရိုက်တယ်ဆို ” “ ရိုက်တာက ငါ့အမေမှမဟုတ်တာ ” “ ဒါဆိုနင့်အမေကဘယ်မှာလဲ ” “ မြေကြီးထဲမှာ ” “ နင့်အမေက မြေကြီးထဲဘာ၀င်လုပ်တာလဲ၊ ရှုပ်နေတာပဲဟယ်၊ တော်ပြီ ဘူးခွံလိုက်ကောက်ရအောင်၊ နင်လည်း ငါနဲ့အတူလိုက်ကောက်လေ၊ အမှိုက်ပုံတွေအများကြီးရှိတဲ့နေရာငါသိတယ် ” သို့နှင့် အေးကြည်မ ဘူးခွံကောက်သည့်နေရာသို့ ဖိုးတာ ပါလာတော့သည်။

အဖော်တစ်ယောက် တိုးလာတော့ အေးကြည်မလည်းအရင်လိုမပျင်းရတော့ချေ။ အမှိုက်ပုံအနားရောက်လျှင် ဖိုးတာက အမှိုက်ပုံကိုထိုးဆွ အေးကြည်မက ဘူးခွံကောက်။ အဆင်ကိုပြေနေတော့၏။ အေးကြည်မတစ်ယောက်တည်းဘူးခွံကောက်တုန်းက အဝေးကြီးသို့မသွားပေ။ ဖိုးတာပါလာတော့ မရောက် ဖူးသည့်ရပ်ကွက်တွေကိုပင်လျှောက်သွားလိုက်သေး၏။ ထို့ကြောင့်လည်း ညနေရောက်တော့ ဘူးခွံတွေအများကြီးရ လာသည်။ ဦးဝြကီးဆိုင်တွင် ဘူးခွံတွေရောင်းလိုက်တော့ လေးထောင်ရလေရာ အေးကြည်မ ပျော်သွားသည်။ “ ရော့ နင်က နှစ်ထောင်ယူ၊ တစ်ယောက်တစ်၀က်ယူတာနော်၊ ငါပိုမယူဘူး ” အေးကြည်မပြောတော့ ဖိုးတာက ပိုက်ဆံလှမ်းယူရင်း ပြုံးဖြီးဖြီးနှင့်ခေါင်းညိတ်ပြသည်။ “ မနက်ဖြန်လည်းလာကောက်ဦးမယ်နော် အေးကြည်မ၊ ရပ်ကွက်ထိပ်ကအမှိုက်ပုံနားမှာစောင့်နေမယ်၊ မနက်စောစောလာခဲ့နော် ” အေးကြည်မ ခေါင်းညိတ်ပြလိုက်တော့ ဖိုးတာက ငွေကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြေးထွက်သွားသည်။ အေးကြည်မလည်းအိမ်ပြန်လာခဲ့တော့သည်။

*** (၄) “ ဟေး.. ပြေးထားကြကွ၊ ပြေး .. ပြေး .. ” ဘူးခွံအိတ်ကိုကိုင်လာရင်း ဆူညံအော်ဟစ်သံတွေကို အေးကြည်မတို့ကြားလိုက်ရသည်။ လူတွေလည်း တိုးဝှေ့ နေကြသည်ကိုမြင်ရ၏။ အေးကြည်မ စိတ်၀င်စားသွားသည်။ ဖိုးတာကိုကြည့်လိုက်တော့လည်း ခေါင်းခါပြ၏။ စပ်စုချင်စိတ်ဖြင့် အေးကြည်မတို့ လူအုပ်အကြားသို့တိုး၀င်လာခဲ့သည်။ “ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလေးပါ၊ ပြိုင်ချင်တဲ့သူတွေ ဒီမှာ စာရင်းလာပေးနိုင်ပါတယ်၊ နောက်ထပ် ပြိုင်ပွဲတွေလည်းရှိပါသေးတယ်၊ မိန်းကလေးတွေလည်း ပြိုင်လို့ရပါတယ်၊ ပြိုင်ပွဲအားလုံးပြိုင်ပြီးရင် ဆု တွေကိုချီးမြှင့်ပေးမှာဖြစ်ပါတယ် ” မဏ္ဍပ်ထဲမှ လူကြီး၏အော်သံကိုကြားရ၏။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတဲ့။ အေးကြည်မဖြင့် အခုမှကြားဖူး၏။ လွတ်လပ်ရေးနေ့ကို အေးကြည်မ မသိ။ မနက်ဖြန်တိုင်းကို ဘူးခွံကောက်ရသည့်နေ့ဟုသာ အေးကြည်မ သိလေသည်။ မဏ္ဍပ်အနားတွင်တော့ ကလေးတွေ တရုန်းရုန်းဖြစ်နေကြသည်။ ခဏနေကျတော့ ကလေးတွေအုပ်စုလိုက်ပြေးကြ၏။ တစ်ခါမှမမြင်ဖူးသည့်မြင်ကွင်းမို့ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။ “ ပထမက နီတွတ် .. ဒုတိယက အောင်မိုး .. တတိယက အောင်ဘုပါ၊ ပြိုင်ပွဲပြီးရင် ဆုပေးမှာ ဖြစ်ပါတယ် ” လူကြီးတစ်ယောက်က မိုက်ကိုကိုင်ကာအော်နေ၏။ မဏ္ဍပ်ထဲမှ စားပွဲပေါ်တွင် ဆုပေးမည့်ပစ္စည်းတွေ အများကြီးတင်ထားသည်ကိုတွေ့ရသည်။ “ ငါတို့လည်း၀င်ပြိုင်ရအောင် ဖိုးတာ၊ ဆုတွေကအများကြီးဟဲ့ ” “ ငါလည်း၀င်ပြိုင်မယ် အေးကြည်မ ” အေးကြည်မနှင့် ဖိုးတာ လူအုပ်အကြားမှပြေးထွက်လာပြီး ဘူးခွံအိတ်ကို မဏ္ဍပ်အနောက်တွင်သေချာထား လိုက်၏။

ထို့နောက် မဏ္ဍပ်ထဲက လူကြီးဆီပြေးကာ နာမည်စာရင်းပေးရသည်။ “ ဟေ့ .. ကလေးတွေ မတိုးကြနဲ့၊ အကုန်လုံးကို ပြိုင်ခိုင်းမှာပါကွ၊ ဟိုတစ်ယောက်က မိလုံးနော်၊ ဒီက ဂျစ်မ ” “ အေးကြည်မ ပါ .. သမီးက အေးကြည်မ ” အသံအကျယ်ကြီးနှင့် အေးကြည်မ အော်လိုက်၏။ နာမည်စာရင်းပေးရသည်ကလည်းမလွယ်ချေ။ အေးကြည်မ လိုပင် ပြိုင်ချင်သည့်သူတွေက တိုးဝှေ့နေကြ၏။ “ ဟိုတစ်ယောက်က အေးကြည်မ နော် .. ဒီတစ်ယောက်က မိစု .. ဒါက အေးစိန် .. ဟုတ်ပြီ ” အေးကြည်မ နာမည်ကိုခေါ်သံကြားလိုက်သည်မို့ ၀မ်းသာအားရဖြင့် မြန်မြန်ခေါင်းညိတ်ပြလိုက်၏။ အိမ်ဘေး တန်းလျားမှ မိစုလည်း ပါသည်ကိုတွေ့ရ၏။ မိစုက အေးကြည်မကို လှမ်းကြည့်သဖြင့် မျက်စောင်းထိုးပေးလိုက်၏။ အေးကြည်မနှင့် မိစုကတည့်သည်မဟုတ်။ ထို့အတူ အေးကြည်မ၏အမေနှင့် မိစု၏အမေကလည်း မတည့်ကြချေ။ တန်းလျားချင်းကပ်လျက်နေကြသော်လည်း အမြဲရန်ဖြစ်နေကြသည်။ “ ဒီတစ်ခါ မိန်းကလေးအပြေးပြိုင်ပွဲပါခင်ဗျာ၊ မိလုံး ၊ ဂျစ်မ ၊ အေးကြည်မ ၊ မိစု ၊ အေးစိန် ၊ ခင်ကြည် ၊ နှင်းနှင်း .. အားလုံးနေရာယူကြပါ ” ခေါ်သံကြားသည်နှင့် အေးကြည်မတို့နေရာယူရ၏။ တစ်နှစ်သုံးအော်သည်နှင့် စပြေးရမည်။ “ တစ် .. နှစ် .. သုံး .. ပြေးထား ” လူကြီး၏အော်သံဆုံးသည်နှင့် အေးကြည်မတို့တစ်သိုက် ဝုန်းခနဲပြေးကြတော့သည်။

ဘယ်သူ့ကိုမှ မကြည့်ပဲ အေးကြည်မ ပြေး၏။ အေးကြည်မအရှေ့တွင် ဘယ်သူမှမရှိသေး။ အေးကြည်မနှင့်တန်းတူပြေးလိုက်နေသည်က မိစု ဖြစ်၏။ အေးကြည်မ မြန်မြန်ပြေးသည်။ ဘကြီးမြ ခြံထဲတွင် မာလကာသီး၀င်ခိုးစားစဉ်က ဘကြီးမြ၏ခွေးလိုက်၍ ပြေးရသလို သုတ်ချေတင်၍ပြေးနေမိသည်။ ထိုအခါ အေးကြည်မက ပထမဆုံးပန်း၀င်သွားတော့သည်။ “ ပထမက အေးကြည်မ ၊ ဒုတိယ မိစု ၊ တတိယ ဂျစ်မ ၊ ပြီးရင် ယောက်ျားလေးတွေပြိုင်ပွဲစမယ် ” အေးကြည်မ ပထမရတော့ပျော်သွား၏။ ထို့နောက် ဖိုးတာတို့ယောက်ျားလေးတွေ အပြေးပြိုင်ကြသည်။ အေးကြည်မမှာ လက်ခုပ်လက်ဝါးလေးတီးပြီး ဖိုးတာကိုအားပေးရသည်။ အပြေးပြိုင်ပွဲတွင် ဖိုးတာ ပထမရတော့ အေးကြည်မ ထခုန်မိတော့သည်။ ထို့နောက် မုန့်ကိုက်ပြိုင်ပွဲ၀င်ရ၏။ ထိုပြိုင်ပွဲက ယောကျာ်းလေး မိန်းကလေး မခွဲခြားပေ၊ ထို့ကြောင့် အေးကြည်မ နှင့် ဖိုးတာ လည်းအတူပြိုင်ရသည်။

ဘီစကွပ်မုန့်လေးများကို အပ်ချည်ကြိုးဖြင့်ချည်ထားကာ လူကြီးနှစ်ယောက်က ကိုင်ထား၏။ အေးကြည်မတို့ကိုတော့ လက်နောက်ပြန်ထားကာ အ၀တ်စဖြင့်ချည်ထားလေသည်။ ထိုပြိုင်ပွဲတွင် တော့ အေးကြည်မက ပထမရပြီး ဖိုးတာက ဆုမရပေ။ သည်လိုပြိုင်ပွဲတွေလောက်က အေးကြည်မအတွက် လွယ်လွန်းလှ၏။ အေးကြည်မက အပြေးသန်သည်။ အမေ ရိုက်လျှင်လည်း လွတ်အောင်ပြေးသည်။ ဘကြီးမြ၏ခွေးလက်မှလည်း လွတ်အောင်ပြေးဖူးသည်။ ဦးရွှေကြီး ခြံထဲက သရက်သီးတွေပစ်ချတုန်းကလည်း သည်လိုပင်။ အပြေးမြန်လှပါသည်ဆိုသော ဦးရွှေကြီးပင် လက်မြှောက် အရှုံးပေးရလေသည်။ ထို့နောက် ဖယောင်းတိုင်ကို မီးမငြိမ်းအောင်ပြေးပြိုင်ရသည်။ အပ်နှင့် အပ်ချည်ကိုထိုးကာ အပြေးပြိုင်ရသည်။ စကောကို ခေါင်းပေါ်မှမကျအောင်ရွက်ပြီးပြေးပြိုင်ရသည်။ ပြိုင်ပွဲတိုင်းတွင် အေးကြည်မက ပထမ ဒုတိယ ချိတ်၏။ လူကြီးတွေသာ၀င်ပြိုင်သည့် အိုးရိုက်ပြိုင်ပွဲလည်း၀င်ပြိုင်လိုက်သေးသည်။ ထိုပြိုင်ပွဲတွင်တော့ အေးကြည်မ ဆုမရ လိုက်ပေ။ ဖိုးတာသည်လည်း ပထမမဟုတ်လျှင် ဒုတိယလောက်တော့ရ၏။ အေးကြည်မလိုတော့ ပွဲတိုင်းမနိုင်ပေ။ နေ့လည်တစ်နာရီကျော်ခဲ့ချေပြီ။ ထမင်းဆာရမှန်းလည်းမသိ။ အိမ်ကိုလည်း သတိမရ။

ပြိုင်ပွဲပြီးလျှင် ဆုယူရမည်ကို တွေးပြီးပျော်နေမိကြလေသည်။ ညနေသုံးနာရီတွင် ဆုပေးပွဲကျင်းပလေသည်။ ဆုပေးပွဲပြီးတော့ အေးကြည်မထံတွင် ဆုငွေငါးထောင်ရလေ ၏။ ဆုလက်ဆောင်အဖြစ် လွတ်လပ်ရေးနေ့ဟုရေးထားသည့် အင်္ကျီလေးတစ်ထည်၊ ကြွေပန်းကန်ပြားကနှစ်ချပ်၊ ဟင်းချက်သည့်ဒယ်အိုးငယ်လေးကတစ်လုံးရခဲ့လေရာ အေးကြည်မ ပျော်၍မဆုံးတော့ပေ။ ဖိုးတာကျတော့ ဆုငွေသုံးထောင်နှင့် စက်ရုပ်လေးရ၏။ အရုပ်လေးကို တစိမ့်စိမ့်ကြည့်ရင်း ဖိုးတာ ပျော်နေ၏။ ဦးတရုတ်ဆိုင်တွင် အရုပ်လေးတွေမြင်တိုင်း ဖိုးတာလိုချင်မိသည်။ အခုတော့ ဖိုးတာလိုချင်သည့်အရုပ်လေးရချေပြီ။ “ ပြန်ကြရအောင် ဖိုးတာ၊ ငါတော့ အိမ်ရောက်ရင်အမေ့ကို ကြက်ဥချဉ်ဟင်းလေးချက်ခိုင်းမှာ၊ ဒီမှာကြည့် .. ဆုငွေတွေအများကြီးရတယ်သိလား ” “ ငါတော့ ထမင်းမစားဘူး၊ ဒီစက်ရုပ်လေးနဲ့ကစားမှာ ” အေးကြည်မတို့ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေကြသည်။ ထို့နောက် ဘူးခွံထည့်ထားသည့်အိတ်ကို လွှင့်ပစ်လိုက်တော့၏။ အေးကြည်မတို့ ဘူးခွံကောက်စရာမလိုတော့။ *** (၅) အပြန်လမ်းတွင် မြေကြီးနှင့်ခြေထောက်က မထိသလိုဖြစ်နေသည်။ ဆုရထားသည့်ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဆုလက်ဆောင်ပစ္စည်းကိုလည်း သူများမြင်အောင် တမင်ခေါင်းပေါ်တွင်ရွက်လာခဲ့သည်။ သည်နေ့တော့ အမေ့ကို ကြက်ဥချဉ်ရည်ဟင်းလေးချက်ခိုင်းရမည်။ နေ့တိုင်း ငပိရည်နှင့်နှစ်ပါးသွားနေရသည်မို့ ကြက်ဥဟင်းဟု တွေးလိုက်သည်နှင့် ဗိုက်က တဂွီဂွီအော်လာတော့၏။ ထို့ကြောင့် အိမ်သို့အမြန်ရောက်အောင် ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်။ “ အမေရေ .. အမေ ” အိမ်ရှေ့သို့ရောက်သည်နှင့် အမေ့ကို အသံကျယ်ကျယ်နှင့်အော်ခေါ်မိ၏။

“ ဟဲ့ .. ဘယ်တွေလျှောက်သွားနေလို့ အခုမှပြန်လာရတာလဲ၊ ဟင် .. အဲဒါကဘာတွေလဲ ” အိမ်ထဲကထွက်လာသည့်အမေ့၏ဒေါသသံက အေးကြည်မ လက်ထဲမှပစ္စည်းများကိုမြင်လျှင် ပျော့ပျောင်း သွားလေသည်။ အေးကြည်မကိုလည်း အံ့သြသလိုကြည့်လို့နေ၏။ ထိုအခါ အေးကြည်မကလည်း အမေ့ကို ခပ်ကြွား ကြွားပင်လှမ်းပြောလိုက်လေသည်။ “ ဒါ သမီးဆုရလာတာအမေရဲ့၊ ဟိုဘက်ရပ်ကွက်မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုပြီးပြိုင်ပွဲလုပ်နေ တာနဲ့၀င်ပြိုင်ခဲ့တာ၊ ဒီမှာ ဆုငွေက ငါးထောင်တောင်ရတယ်အမေ ” “ အတော်ပဲဟယ်၊ ပေး ပေး အဲဒီပိုက်ဆံ ” အေးကြည်မလက်ထဲက ပိုက်ဆံကို အမေကဆွဲယူလိုက်၏။ ပိုက်ဆံကငါးထောင်တောင်မို့ အမေ့မျက်နှာ၀င်းပ နေလေသည်။ ဘူးခွံကောက်လျှင်ပင် သည်လောက်မရတတ်ပေ။ “ ဒီနေ့တော့ ကြက်ဥဟင်းလေးချက်ရအောင်နော်အမေ ” “ အမယ်လေးတော်၊ ဘာကြက်ဥဟင်းလဲ၊ ရှိတာနဲ့စား၊ ငါ့မှာ အကြွေးတွေဆပ်ရဦးမှာဟဲ့ ” အမေပြောတော့ အေးကြည်မ၏နှုတ်ခမ်းထော်ကြီးက ပို၍ကော့လန်သွား၏။

တစ်နေ့လုံးအပြေးပြိုင်ပွဲ၀င် ထားသမျှ အခုမှပို၍မောလာသလိုဖြစ်လာသည်။ အိမ်ထဲ၀င်ပြီး ထမင်းစားပွဲကိုကြည့်လိုက်တော့ ထမင်းကြမ်းခဲလေး တစ်ခဲနှင့် ငပိရည်ကျဲကျဲတစ်ခွက်မြင်ရ၏။ ကြက်ဥဟင်းကိုအေးကြည်မ သတိမရတော့ပေ။ လက်ပင်မဆေးတော့ပဲ ထမင်းခဲနှင့် ငပိရည်ကို အားရပါးရနယ်စားလိုက်တော့သည်။ *** (၆) ဖိုးတာ အပျော်ကြီးပျော်လေပြီ။ ပြိုင်ပွဲတွင်အနိုင်ရသည်မို့ ဆုငွေသုံးထောင်နှင့် စက်ရုပ်လေးရလာသည်။ အပြန်လမ်းတစ်လျှောက်လုံး စက်ရုပ်လေးကို အရိပ်တကြည့်ကြည့်နှင့်ဖြစ်နေ၏။ သည်လိုစက်ရုပ်လေး ဖိုးတာ လိုချင်တာကြာခဲ့ချေပြီ။ အိမ်ရောက်လျှင် စက်ရုပ်လေးကို ညီလေးချက်စူ တောင်းမည်ကိုလည်းကြောက်ရသေး သည်။ “ ဟယ်ကြည့်စမ်း .. ဒီအရုပ်ကြီး၀ယ်လာတယ်၊ ကုန်ပါပြီဟယ်၊ အိမ်မှာဆန်၀ယ်ရမှာဟဲ့၊ ညည်းတို့မြိုဆို့ဖို့ ဆန်၀ယ်ရမှာ ” မေကြည့်အသံနှင့် လက်က တစ်ထပ်တည်းကျ၏။ ဖိုးတာ ဘာမှမပြောလိုက်ခင်မှာပင် ခေါင်းကပူခနဲဖြစ်သွား သည်။ “ ဒီအရုပ်က၀ယ်လာတာမဟုတ်ပါဘူး မေကြည်ရဲ့၊ လွတ်လပ်ရေးနေ့ပြိုင်ပွဲမှာ သား၀င်ပြိုင်လို့ရလာတာ၊ ငွေကသုံးထောင်ရသေးတယ် ” လက်ထဲကငွေသုံးထောင်ကိုပြလိုက်တော့ မေကြည့်မျက်နှာကြီး၀င်းပသွားသည်။ မေကြည့်လက်ထဲပိုက်ဆံ ထည့်ပေးလိုက်ပြီး စက်ရုပ်လေးကိုပွေ့ဖက်ထားမိ၏။ စက်ရုပ်လေးနှင့် ဖိုးတာ ဆော့ချင်လှပြီ။ “ ဒီအရုပ်က အသစ်ကြီးရှိသေးပါလား၊ ပေးစမ်း ဖိုးတာ၊ အရုပ်အသစ်တွေဆို ဦးတရုတ်ဆိုင်မှာပြန်ရောင်း လို့ရတယ်၊ အထဲမှာချက်စူလေးအိပ်နေတယ်၊ သေချာကြည့်ထား၊ ဆန်၀ယ်ပြီးပြန်ခဲ့မယ် ” မေကြည်က ဖိုးတာလက်ထဲမှအရုပ်လေးကိုဆွေ့ခနဲယူကာထွက်သွား၏။ နှမျောစိတ်ဖြင့် ဖိုးတာ တဆတ်ဆတ် တုန်လာသည်။

၀မ်းနည်းစိတ်ဖြင့် မျက်ရည်တွေကျလာသည်။ မျက်ရည်တွေအကြားပြတ်ပြတ်သားသားမြင်နေရ သည်က ဖိုးတာ မဆော့လိုက်ရသည့်အသစ်စက်စက် စက်ရုပ်ကလေး ။ *** (၇) “ ဟဲ့ .. ကြားသားမိုးကြိုးတော်၊ ဒီနေ့စောစောထလို့ပါလား၊ နေတော့ အနောက်ကထွက်တော့မှာပဲ ” အေးကြည်မကိုမြင်တော့ အမေက အံ့သြဟန်နှင့်လှမ်းပြောသည်။ သို့သော် အမေကို အေးကြည်မ ပြန်မဖြေ အားချေ။ ရေအိုးထဲမှရေတစ်ခွက်ခပ်ကာ မျက်နှာကိုခပ်မြန်မြန်သစ်လိုက်၏။ ပြီးနောက် အိမ်ထဲမှပြေးထွက်လာခဲ့ တော့သည်။ “ ဘယ်သွားမလို့လဲဟဲ့၊ ဘူးခွံထည့်ဖို့အိတ်လည်းမယူပါလား ” သည်အတိုင်းထွက်လာသည့်အေးကြည်မကို အမေကလှမ်းအော်၏။ သို့သော် အမေ့စကားမဆုံးခင်မှာပင် အေးကြည်မက အဝေးသို့ရောက်နေချေပြီ။ အေးကြည်မ စိတ်တွေလောနေ၏။ နောက်များနောက်ကျနေပြီလားဟု တွေးမိပြီး အားကုန်ပြေးလာမိသည်။ ရပ်ကွက်ထိပ်ကအမှိုက်ပုံအနားရောက်တော့ ဖိုးတာကိုတွေ့ရ၏။

“ နောက်ကျလိုက်တာအေးကြည်မရာ၊ ငါစောင့်နေတာကြာလှပြီ၊ တော်ကြာနောက်ကျသွားဦးမယ် ” “ ငါလည်းမြန်မြန်ပြေးလာတာပဲ ဖိုးတာရဲ့၊ နောက်မကျလောက်ပါဘူးဟယ် ” ဖိုးတာကိုပြောရင်း နှစ်ယောက်သား ခပ်သွက်သွက်လေးပြေးလာခဲ့သည်။ စိတ်ကလောနေသဖြင့် အရှိန်ဖြင့် ပြေးနေသည်ကိုပင်နှေးသည်ထင်၏။ ဟိုဘက်ရပ်ကွက်သို့ရောက်လေလျှင် အေးကြည်မတို့ မျက်လုံးကိုပင်မယုံနိုင် အောင်ဖြစ်သွားသည်။ သည်နေ့ကျတော့ မနေ့ကလို မဏ္ဍပ်လည်းမရှိ။ လူတွေလည်းတစ်ယောက်မှမရှိပါချေ။ “ တစ်ယောက်မှလည်းမလာသေးဘူး အေးကြည်မရဲ့ ” “ စောသေးလို့နေမှာပေါ့ ဖိုးတာရယ်၊ ခဏစောင့်ဦး၊ သူတို့ရောက်လာလိမ့်မယ် ” စောနေသေးသည်ထင်၍ အေးကြည်မတို့ ငုတ်တုတ်လေးထိုင်စောင့်နေမိသည်။ အချိန်တွေသာ ကြာလာ၏။ လူတွေလည်းမလာကြချေ။ စိတ်ကိုရှည်ရှည်ထားကာ ထိုင်စောင့်သည်။ သို့သော် တစ်ယောက်မှပေါ်မလာကြပါ။ အေးကြည်မ စိတ်ထဲတွင်မကျေမနပ်ဖြစ်နေ၏။ သည်နေ့လည်း ပြိုင်ပွဲ၀င်ပြီး မနေ့ကလို ဆုရအောင်ပြိုင်မည်ဟု အားခဲထားသည်။ ညကလည်း ထိုအကြောင်းတွေးပြီး အိပ်မပျော်ချေ။ အခုတော့ ပြိုင်မည့်သူတွေလည်းမရှိသလို မဏ္ဍပ်လည်း မတွေ့တော့ပေ။

“ တစ်ယောက်မှလည်းမလာကြဘူး အေးကြည်မရဲ့၊ ငါ ဒီနေ့ပြိုင်ပွဲမှာအနိုင်ရအောင်လုပ်ပြီး စက်ရုပ်လေးယူ မလို့ ” “ ငါလည်း ဆုရရင် အမေမသိအောင် ဒေါ်ကြီးမြဆိုင်မှာ ကြက်ဥဟင်းနဲ့ထမင်း၀ယ်စားမလို့လုပ်ထားတာ ” အေးကြည်မတို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သည်နေ့အစောကြီးလာပြီးပြိုင်မည်ဟု အားတင်းထား ကာမှ ပြိုင်ပွဲကမရှိဖြစ်နေ၏။ “ ဟေ့ ကလေးတွေ၊ ဘာလုပ်နေကြတာလဲကွ ” မနေ့ကပြိုင်ပွဲတွင်ဒိုင်လုပ်သည့်ဦးလေးကြီးကိုတွေ့ရတော့ အေးကြည်မတို့ပျော်သွား၏။ နှစ်ယောက်သား ဦးလေးကြီးဆီ အတင်းပြေးသွားမိကြသည်။ “ ဒီနေ့လည်းပြိုင်ပွဲ၀င်မလို့ဦးလေးရဲ့၊ အေးကြည်မတို့စောင့်နေတာကြာပြီ၊ ဦးလေးကအခုမှလာတယ် ” အေးကြည်မပြောလိုက်တော့ ဦးလေးကြီးက သဘောကျသလို တဟားဟားအော်ရယ်လေ၏။

“ လွတ်လပ်ရေးနေ့က တစ်နှစ်မှတစ်ခါလုပ်တာကွ၊ ဒီနေ့က ပြိုင်ပွဲမရှိတော့ဘူး ” ဦးလေးကြီး၏စကားကိုကြားတော့ နှစ်ယောက်သားခြေကုန်လက်ပန်းကျကာ ပစ်လဲကျချင်သလိုဖြစ်သွား လေသည်။ “ ဒါဆို မပြိုင်ရတော့ဘူးပေါ့နော် ဦးလေး ” “ ပြိုင်ချင်ရင် နောက်နှစ်ကျမှထပ်လာခဲ့ပေါ့ကွာ ဟား ဟား ” ဦးလေးကြီးက အေးကြည်မတို့ကိုကြည့်ကာ သဘောကျစွာရယ်ပြီးထွက်သွားတော့သည်။ အေးကြည်မနှင့် ဖိုးတာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။ အေးကြည်မ မျက်၀န်းထဲတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်တို့ပြည့်နှက်နေကာ ဖိုးတာ၏မျက်နှာသည်လည်း ပြိုတော့မည့်မိုးလိုအုံ့ဆိုင်းကာနေလေသည်။ “ ဟိုမှာကြည့်စမ်း အေးကြည်မ၊ ငါတို့ဘူးခွံတွေထည့်ထားတဲ့အိတ်ကြီး ” ဖိုးတာ၏မျက်လုံးတွေ၀င်းပသွားကာ အမှိုက်ပုံကြီးဆီလက်ညှိုးထိုးပြ၏။ ကြည့်လိုက်တော့ မနေ့က ပြိုင်ပွဲတွင် ဆုရသဖြင့် အေးကြည်မတို့လွှင့်ပစ်ခဲ့သည့်ဘူးခွံအိတ်တွေဖြစ်နေ၏။ အေးကြည်မတို့၏မျက်နှာတွေချက်ချင်း၀င်းပ သွားကာ အမှိုက်ပုံဆီ အပြေးလှမ်းမိကြလေတော့သည်။ ငွေတာရီမဂ္ဂဇင်း မေလ၊ ၂၀၁၆ခုနှစ်။ ရသများဖြင့်ပြည့်စုံကြပါစေ နတ်ရဲ (ရူပဗေဒ) ဆရာနတ်ရဲ page မှကူးယူပါသည်ါ

Leave a Reply

Your email address will not be published. Required fields are marked *