Home / Ghost Stoey / ဆိုက်ကားပေါ်က ခေါင်းပြတ်ကြီး (စ-ဆုံး)

ဆိုက်ကားပေါ်က ခေါင်းပြတ်ကြီး (စ-ဆုံး)

ဆိုက်ကားပေါ်က ခေါင်းပြတ်ကြီး (စ-ဆုံး)

ဦးသန်းထွန်းတစ်ယောက် သူများတွေဆိုက်ကားသိမ်းပြီးပြန်တဲ့အချိန် မပြန်ဖြစ်ပဲ သူတစ်ဦးတည်း ကျန်ခဲ့သည်။ ဒီနေ့ဆိုက်ကားနင်းရတာ အရင်နေ့ကလောက်မနင်းရတော့ နေ့တွက်မကိုက်သေး လို့ ခရီးသည်ရလို့ငြား ဆက်စောင့်နေတာပါ…။ ” ဦးသန်းထွန်း မသိမ်းသေးဘူးလားဗျ ညဉ့်နက်နေပြီ ” ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် စက်ဘီးနင်းရင်း လှမ်းမေးသွားခြင်းဖြစ်သည်။

” အေး မသိမ်းသေးဘူးကွ တွက်ချေမကိုက်သေးလို့ ” ” အာ့ဆိုလည်းဦးသန်းထွန်းရေ မြသိန်းတန်စေတီဘက်က ဥစ္စာစောင့်မလေးတွေက သန်းခေါင်ချိန်ဆို ထွက်လာတတ်တယ်ဆိုပဲ တွေ့ရင် ဥစ္စာစောင့်မချောချောလေးကို ခေါ်လာခဲ့ပါအုံး RSချိတ်ချင်လို့ ” ” ဟာ …… ဒီကောင်လေး ပေါက်ပေါက်ရှာရှာ လျှောက်ပြောနေပြန်ပြီ ” ကောင်လေးကတော့ ရယ်မောပြီး ထွက်သွားလေသည်။ မြသိန်းတန်စေတီမှာ ဥစ္စာစောင့်တွေရှိတယ်လို့ လူတွေပြောကြပေမဲ့ ဦးသန်းထွန်းမယုံကြည်ပါ ။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကောလဟာလတွေလို့ပဲ သတ်မှတ်ထားပါသည်။ လက်တွေ့ တွေ့ဖူးသူမရှိလို့လည်း ပြောတာတွေကို မယုံကြည်တာပါ ။ ညဘက်တွေတောင် သူဆို အမြဲတမ်းသွာပြီး ဘုရားရှိခိုးပူဇော်နေကျပါ။ ဘုရားရင်ပြင်က အေးချမ်းတည်ငြိမ်နေပါတယ် ။ ဘုရားထီးတော်မှ ခေါင်းလောင်းသံချိုချိုလေးတွေနဲ့ ဘုရားမှာ ပူဇော်ထားတဲ့ ပန်းရနံ့လေးတွေကြောင့် စိတ်ကို ကြည်နူးအေးချမ်းစေပါတယ်…။ ” ဦး ဆိုက်ကားအားလား ” လူတစ်ယောက်ရဲ့အမေးကြောင့် ဦးသန်းထွန်းရဲ့အတွေးတွေ ရပ်တန့်သွားတော့သည်။ ကြည့်လိုက်တော့ ခပ်ချောချော မိန်းကလေးတစ်ယောက် ကို တွေ့လိုက်ရသည်။ ” အားပါတယ် သမီးက ဘယ်ကိုသွားမလို့လဲ ” ” ဒီရပ်ကွက်ထိပ်က မြသိန်းတန်ဘုရားဘက်ပါ ” ” ဟင် ” ကောင်မလေးပြောတဲ့နေရာကြောင့် ဦးသန်းထွန်း အံ့အားသင့်သွားသည်။

ပြီးတော့ ညကြီးအချိန်မတော် မိန်းကလေးတစ်ယောက်က ဆိုက်ကားလာငှား၍ သံသယဝင်မိသည်။ ကောင်မလေးကို သေချာကြည့်တော့လည်း လူမှ လူအစစ်ပါ။ သေချာအောင် မေးစမ်းကြည့်မယ် စိတ်ကူးပြီး – ” သမီးကို အရင်က ဦးမတွေ့ဖူးပါဘူး… သမီးက လူမှဟုတ်ရဲ့လား။ ဥစ္စာစောင့်မလား သမီးက ချောလို့မေးကြည့်တာ စိတ်မဆိုးနဲ့နော် ” ” ဦးရယ် ဖြစ်မှဖြစ်ရလေ သမီးက ဥစ္စာစောင့်မ မဟုတ်ပါဘူး… အာ့စေတီနားက အိမ်မှာနေတာ ။ အရင်က မတွေ့ဆို သမီးတို့ ပြောင်းလာတာ မကြာသေးဘူး သမီးတို့က အိမ်ငှားနေတာ ” ” အော် ဆောရီးပါသမီး… ဦးက ဘာရယ်မဟုတ်ဖူး မေးကြည့်တာပါ တက်တက်သမီး ” ဦးသန်းထွန်းလည်း စေတီဘက်ကို ဆိုက်ကားနင်းထွက်ခဲ့သည်။

” မြန်မြန်လေး နင်းပေးပါနော်ဦး ညဉ့်နက်နေတော့ အမေ စိတ်ပူနေမှာစိုးလို့ပါ ” ” အေးအေး သမီး ! ဦးမြန်မြန်နင်းနေပါတယ် ” ” ဦးကို တစ်ခုတောင်းဆိုပါရစေ… သမီးဘက်ကို လှည့်လှည့်မကြည့်နဲ့နော် ” ဦးသန်းထွန်း နားလည်ပါသည်။ ညကြီးအချိန်မတော် မိန်းကလေးတစ်ဦးတည်း ဆိုက်ကားပေါ်လိုက်လာရတာ ဆိုတော့ သူ့ကို ကြည့်ကြည့်နေရင် ဘယ်ကောင်းမလဲ ။ အဆင်မသင့်ရင် ကိုယ့်ကို နှာဘူးလို့ ထင်ရင်ထင်သွားမှာ. မကြည့်တာပဲ ကောင်းပါတယ်။ အဲ့ဒီနောက် ကောင်မလေးကလည်း ဘာစကားမှမပြောပဲ ငြိမ်သက်စွာ လိုက်ပါလာလေသည်။ ဘုရားနားရောက်ခါနီး ဘယ်အိမ်ဘက်ကို နင်းပို့ရမလဲမသိလို့ မေးလိုက်တယ်။ ” သမီး ဘုရားနားရောက်ပြီ ဘယ်ကို ဆက်နင်းပေးရမလဲ” ကောင်မလေးက ပြန်မဖြေပါ ။

ဦးသန်းထွန်း ထပ်မေးတော့လည်း ပြန်မဖြေပါ။ ဒါကြောင့် ကောင်မလေးကို ကြည့်လိုက်မိတော့………… မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဦးသန်းထွန်းတစ်ယောက် နေရာမှာတင် မူးမေ့သွားမတတ်လန့်သွားပါသည်။ ကောင်မလေးမှာ လည်ပင်းပြတ်နေပါသည်။ ကောင်မလေးလက်နှစ်ဖက်ထဲ မှာလည်း သူ့ခေါင်းပြတ်ကြီးကို ကိုင်ထားပါတယ်။ ဦးသန်းထွန်းလည်း ဘေးပတ်ဝန်းကျင်ကို မကြည့်ရဲတော့ပဲ ဆိုက်ကားကို အသားကုန် နင်းပြန်လာခဲ့သည်။ နောက်ဖက်မှာ ကောင်မလေးက ရယ်မောပြီးကျန်ခဲ့သည်။ အသံနက်ကြီးဖြင့်ရယ်သောကြောင့် ပို၍ စိတ်ချောက်ခြားစရာ ကောင်းလှပါတယ်။

ဦးသန်းထွန်း အိမ်ရောက်တော့ မိန်းမဖြစ်သူက လှမ်းမေးသည်။ ” ကိုသန်းထွန်း ဘာဖြစ်လာတာလဲ… တော့်ကြည့်ရတာ မထိတ်သာမလန့်သာရှိလိုက်တာ။ တော်ပြန်မလာသေးလို့ ကျုပ်က စောင့်နေတာ ” ဦးသန်းထွန်းမှာ မိန်းမဖြစ်သူမေးတာမဖြေနိုင်ပဲ အမောဆို့အောင် နင်းလာတာရယ် ! အကြောက်လွန်လာတာရယ်ကြောင့် ဆိုက်ကားပေါ်ကအဆင်း အိမ်ရှေ့မှာ မေ့လဲကျသွားတော့သည်။ မနက်မိုးလင်း သတိပြန်ရလာတော့ သူ့အိမ်ရှေ့မှာ လူတွေစုရော်နေကြသည်။ ” ဦးလေး ညက တစ်ခုခုဖြစ်လာတာလား ” ” ဟုတ်တယ် ရှင့်မိန်းမလည်း ရှင့်အဖြစ်ကိုကြည့်ပြီး စိုးရိမ်နေတာ ” တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြ၍ ဦးသန်းထွန်းလည်း ညက အဖြစ်အပျက်ကို ပြောပြလိုက်သည်။ ” ဟာ တိုက်ဆိုင်တယ်ဗျာ ။

မနေ့ညကပဲ ဘုရားနားက လမ်းထဲ အိမ်ငှားတွေထဲက ကောင်မလေးတစ်ယောက် သူ့ကောင်လေးနဲ့ အဆက်ပြတ်လို့ဆိုလား ! ကောင်လေးက သစ္စာမရှိလို့ဆိုလား သေချာတော့ မသိပါဘူး သူ့လည်ပင်းသူ ဓါးနဲ့ လှီးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် ” ” ဟင် ဟုတ်လား ” ” ဟုတ်တယ် ကိုသန်းထွန်း ။ အဲ့ကောင်မလေးကလည်း စိတ်ကြွဆေးတွေ သုံးနေတဲ့ပုံပဲ ။ ပစ္စည်းကို လက်ပူးလက်ကြပ်မမိသေးလို့ ရဲက စောင့်ကြည့်နေတာ ။ ကောင်မလေးက တစ်အိမ်လုံး စားဝတ်နေရေးအတွက် ရုန်းကန်နေရတာ… သူအိမ်မှာက မောင်လေးတွေက ကလေးလေးတွေပဲရှိနေသေးတော့ အိမ်အတွက် သူပဲ ဒိုင်ခံဖြေရှင်းပေးနေရတာ… အဆင်မပြေတာတွေများလာတော့ စိတ်ဓာတ်ကျပြီး ထွက်ပေါက်အဖြစ် စိတ်ကြွဆေးတွေ သုံးနေတယ်နဲ့ တူပါတယ်။

” သူက ဒီရပ်ကွက်မှာ အိမ်ငှားနေတာမကြာသေးပေမဲ့ ကျနော်က သူတို့မိသားစုနဲ့ ဟိုဘက်ရပ်ကွက်ကတည်းက ခင်နေလို့ အကြောင်းစုံသိနေတာ ” ဦးသန်းထွန်း ကြားရတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်မိသည်။ ကောင်မလေးမရှိတော့ ကျန်ခဲ့တဲ့ လူမမာကလေးတွေနဲ့ မိခင်အိုကြီး စားဝတ်နေရေးအတွက် ဘယ်လိုများ ဒုက္ခပင်လယ်ဝေနေရှာမလဲ။ ဦးသန်းထွန်း ဆက်ပြီး မတွေးရက်တော့ပေ။ ညက သူကြုံခဲ့ရတဲ့ ချောက်ခြားဖွယ်ရာ အဖြစ်ကြီးလည်း ဒီတစ်သက်မမေ့နိုင်တော့ပေ…။ ။

မူရင်းစာရေးသူ ( လေးစားမှုဖြင့် ခရက်ဒစ် )

Leave a Reply

Your email address will not be published. Required fields are marked *