Home / Ghost Stoey / အလတ်မရဲ့ရင်ထဲမှာ(စ/ဆုံး)

အလတ်မရဲ့ရင်ထဲမှာ(စ/ဆုံး)

အလတ်မရဲ့ရင်ထဲမှာ(စ/ဆုံး)
———————

မိဘတွေရဲ့အချစ်က..ဘယ်အရာပေါ်မူတည်ပြီး..အနည်းအများကွဲပြားသွားတာလဲဟင်..သားသမီးတွေ..ဘယ်နှစ်ယောက်ရှိရှိ..မျှမျှတတ..ညီညီညာညာလေး..အချစ်မျှဝေပေးကြပါလား..လိမ္မာလို့..စာတော်ထက်မြက်လို့..ပိုချစ်ပါသလား..အကြီးဆုံးသားသမီးမို့ပိုချစ်ကြပါသလား..သားဦးမို့ရူးလောက်အောင်ချစ်ကြသတဲ့လား..အငယ်ဆုံးလေး..နောက်ဆုံးပိတ်ကလေးမို့ဖူးဖူးမှုတ်အသနားပို..အချစ်ပိုကြပါသလား..အလတ်မရဲ့ရင်ထဲမှာတော့လေ..ကွက်လပ်ကြီးကိုဖြစ်လို့…အလတ်မအတွက် အချစ်သစ်ပင်ကြီးဖွံ့ထွားဝေစည်ဖို့..ကံကြမ္မာမြေသြဇာမလုံလောက်ဘူးထင်ပါရဲ့😥😥😥🙄🙄🙄

❤(အလတ်မရဲ့ ရင်ထဲမှာ)❤

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

မနက်ငါးနာရီထ၊ မီးဖိုထဲမှာ အိပ်မှုန်စုံ မွှားနဲ့ ထမင်းဟင်းချက်နေဆဲ မီးဖိုတံခါးဝမှာ အဖေ ရပ်ကြည့်နေတာ မြင်လိုက်ရတော့ ကျွန်မ ရင်ထဲ ဒိုင်းခနဲ ဆောင့်ခုန် သွားပါတယ်။
“အဖေ••• ဘာလို့ထလာတာလဲ၊ အစောကြီး ရှိသေးတယ်လေ” အဖေက ကလေးတစ်ယောက်လို ပူဆာပါတယ်။ “အဖေ ဗိုက်ဆာပြီ” “ဟာ•••မဆာနဲ့ဦးလေ အဖေ၊ မိုးမှ မလင်းသေးတာ” အဖေက
သူသဘောမကျရင် လုပ်နေကျ ဟန်ပန်အတိုင်း မျက်ခုံးရှုံ့လိုက်ပါတယ်။
“ညဦးကတည်းက ဆာနေတာ” “ဟာ ဒါဆို သော်သော် ကြက်ဥ ကြော်ပေးမယ် အဖေ၊ ကော်ဖီလည်း ဖျော်ပေးမယ်၊ အဖေ ထမင်းစား..စားပွဲမှာ ခဏလေးထိုင်နေနော်၊ မကြာစေရဘူး အဖေ” ကျွန်မ ကြက်ဥကြော်ဖို့ ကမန်းကတန်းပြင်ဆင်ရင်း အဖေ့ကို စိတ်မချနိုင်တာနဲ့ ထမင်းစားခန်းဘက်ကို မကြာခဏ ထွက်ကြည့်နေရပါတယ်။ ဒီလိုပုံနဲ့ မဖြစ်သေးပါဘူးလေ၊ သားလတ်ကို နှိုးလိုက်မှပါ။ သားကြီးက သူ့ဆရာ အိမ်မှာ သွားအိပ်တာမို့ အလတ်ကောင်ပဲ အားကိုးရာရှိပါတယ်။
“သား ကြယ်စင်…….ထစမ်း”
သားက အိပ်ချင်မူးတူးနဲ့ ပြန်မေးပါတယ်။
“ဟင်…ဘာ..ဘာလို့လဲ မေမေ”
“ဘိုးဘိုး အစောကြီး နိုးလာလို့ သားရေ၊ ဗိုက်ဆာလို့တဲ့၊ မေမေ ကြက်ဥ ကြော်ပေးနေတယ်၊ သားဘိုးဘိုးကို စောင့် ကြည့်လိုက်ဦးနော်”
သားက ဘိုးဘိုးဆိုတဲ့ အသံကြားရုံနဲ့ အိပ်ရာက လူးလဲထလာရှာပါတယ်။ ကိုအောင်သူလည်း ကျွန်မတို့သားအမိ . . အချီအချပြောသံ ကြားရုံနဲ့ နိုးသွားပြီး ။ ထမင်းစားခန်းထဲ ဝင်လာပါတယ်။
“အဖေ ဘာဖြစ်လို့လဲ သော်သော်”
ကျွန်မတို့မိသားစုဟာ ကျွန်မရဲ့ အဖေ သားတို့ရဲ့ဘိုးဘိုးနဲ့ ပတ်သက်လာရင် အားလုံး စက္ကန့်တိုင်း စက္ကန့်တိုင်း နိုးနိုးကြားကြား ဖြစ်နေ ကြပါတယ်။ မိုးမလင်းသေးဘူးရယ်လို့ မျက်စိ မှိတ် နားပိတ်ပြီး ဆက်အိပ်နေဝံ့တဲ့သူ မရှိပါ ဘူး။ တစ်နေကုန် တစ်နေခန်း အလုပ်မှာ ပင်ပန်းလှတဲ့ ကိုအောင်သူလည်း အိပ်ရေးဝဝ မအိပ်ရရှာပါဘူး။ အဖေ့နားက ကုလားထိုင်ပေါ် မှာ ထိုင်စောင့်ရင်း တဝါးဝါး သမ်းဝေနေပါတယ်။ မကြာလိုက်ပါဘူး၊ သမီးငယ်ကလေးကလည်း နိုးလာပြီး သူ့အဘိုးပေါင်ပေါ်မှာ ရဲရဲဝံ့ဝံ့ ကျကျနန ဝင်ထိုင်လိုက်ပါတယ်။ သမီးငယ် လေးက အဘိုးအချစ်တော်ပါ။ သားလတ်ကို မကြည်မလင်နဲ့ မြင်မြင်လေရာ လိုက်ပြောဆို နေပေမယ့် သမီးလေးကိုဖြင့် အဘိုးက အလို လိုက်ပါတယ်။ အဖေစိတ်တိုစိတ်ဆိုးနေပြီဆိုရင် အငယ်မလေးနဲ့ မပြေပြေအောင် ချော့ရပါတယ်။
သူတို့တွေ နိုးလာပြီဆိုတော့ ဒယ်အိုး မှောက်မတတ် ကမန်းကတန်း ကြက်ဥကြော် နေဖို့ မလိုတော့ပါဘူး။ အဖေ့နားမှာ ကင်းစောင့် တွေ ဝိုင်းဝိုင်းလည်နေပါပြီ။အဖေက အသက်၈ဝ ကျော်လို့ သုံးနှစ်အစွန်းမှာ နေ့စဉ် လုပ်ငန်း ဆောင်တာတွေကို အမေ့မေ့ အလျော့လျော့ ဖြစ်လာပါတယ်။ တစ်နှစ်ပြီးတစ်နှစ် မေ့လျော့ မှုတွေ များလာပါတယ်။ ထမင်းစားပြီးလည်း ထပ်စားနေတတ်ပါတယ်။ ရေချိုးပြီးလည်း ထပ်ချိုးနေတတ်ပါတယ်။ သူ့ဘဝရဲ့ နောက်ကြောင်း အချို့ကို အပိုင်းလိုက် မေ့သွားပေမယ့် သူသတိရချင်တာကိုတော့ ကွက်ပြီး သတိရနေ တတ်ပါတယ်။ သူအသက်(၂ဝ)အရွယ်က သူငယ်ချင်းတွေကို နာမည်တွေပြန်ခေါ်ပြီး သူတို့ နဲ့ ပျော်ပါးသွားလာခဲ့ပုံတွေကို သတိရနေတတ်ပါတယ်။
မေ့တယ် လျော့တယ် ဆိုပေမယ့်လည်း ဒီနေ့ကိစ္စတွေကိုသာ အထူးမေ့လျော့နေတတ် တာပါ။ အဖေဟာ ဒီအတိုင်းကြည့်ရင် ဟန်နဲ့ ပန်နဲ့ စမတ်ကျကျ နေနေပေမယ့် သူငယ်ပြန်စ ပြုနေပါပြီ။ မထင်ရင် မထင်သလို ခြံထဲက သစ်ပင်တွေပေါ် တက်သွားတတ်ပါတယ်။ အိမ် က ထွက်သွားတတ်ပါတယ်။ မေ့တတ်ပေမယ့် အိမ်သော့ကို ဘယ်လိုဖွက်ဖွက် သူရအောင် ရှာဖွေတတ်ပါတယ်။ ဒီလိုရှာယူပြီး အိမ်က ထွက်သွားတာ နှစ်ကြိမ်ရှိပါပြီ။ ကံသီလို့ ပြန် တွေ့ရပေမယ့် ကျွန်မအတွက်တော့ ရင်ထဲမှာ မီးဖိုကြီး ဖိုထားသလို ပူလောင်ခဲ့ပါတယ်။ မေ့မပျောက်နိုင်ဘဲ အကြိမ်ကြိမ်အခါခါ အိပ်မက် ပြန်မက်နေသည်အထိ စွဲလမ်းကြောက်ရွံ့နေဆဲပါ။
ကိုအောင်သူက ရုံးသွားခါနီးတော့ ခြံတံခါးသော့ပျောက်လို့ ဟိုစမ်းဒီစမ်း ဖြစ်နေပါတယ်။ သူ ဒီလိုနဲ့ ရုံးနောက်ကျခဲ့ပေါင်းများပါပြီ။
“သော်သော် ခြံတံခါးသော့ ဘယ်မလဲ”
သူ ကျွန်မနား ကပ်လာပြီး တိုးတိုးမေးပါတယ်။
“အင်း • • • ဘယ်နားမှာပါလိမ့်၊ သော် သော်တောင် မေ့တေ့တေ့၊ အဖေပဲ သိမှာပဲ”
“ဟာ.မင့်ကွာ”
ကိုအောင်သူ စိတ်ဆိုးသွားပါတယ်။ ကျွန်မပြောတာ အမှန်ပါ။ ခြံသော့ကို ကျွန်မတို့ အဖေမသိနိုင်တဲ့ နေရာအနှံ့မှာ ဖွက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့အဖေဦးတင့်မောင်ကတော့ အေးအေးဆေးဆေးပါပဲ။ ပက်လက် ကုလားထိုင်ပေါ်မှာထိုင်၊ သတင်းစာကို ဟန်နဲ့ ပန်နဲ့ ဖတ်နေပါတယ်။ ပြီးမှ ကျွန်မ မီးဖိုခန်း ထဲဝင်ချိန် အဝတ်လျှော်ချိန်မှာ ခြံသော့ကို အေးအေးဆေးဆေးယူပြီး တိတ်တိတ်ကလေး
အပြင်ထွက်သွားတာပါ။ ဒါကြောင့် ကျွန်မတို့ ဘယ်လိုပဲဖွက်ဖွက် တိတ်တခိုး လေ့လာမှတ်သားနေတဲ့ အဖေ့အတွက်ကတော့ ခြံသော့ ဘယ်နေရာမှာရှိသလဲ သိနေမှာပါ။
“ကွာ……ပြတင်းပေါက် မှန်လည်အောက် မှာလည်း မရှိဘူး။ ဇီးကွက်ရုပ်အောက်မှာလည်း မရှိဘူး၊ ပြီး မင်းတို့ ဟိုတစ်ခေါက်ကလို သရက်ပင် သစ်ခေါင်းထဲ သွားမထည့်နဲ့နော်၊ တစ်ခါတည်း မြွေပွေးနဲ့တွေ့သွားမယ်၊ တောက်တဲ့ချေး တွေလည်း ကိုင်မိမယ်၊ စဉ်းစားစမ်းပါဦးကွာ၊ သော့ ဘယ်မှာထားလဲ၊ မောင်ကြည်ဖြူကော သူသိမ်းထားတာလား၊ ကြယ်စင်……မင်းသိလား”
ကိုအောင်သူ ပျာယာခတ်နေချိန်မှာ သား လတ် ကြယ်စင်က သူ့အနားကပ်လာပြီး တိုးတိုးကလေး.. ပြောပါတယ်။ ပိန္နဲပင်ခြေရင်းက အုန်းမှုတ်ခွက်အောက်မှာ ဖေဖေတဲ့။
“ဟာ .. ပေါက်ပေါက်ရှာရှာကွာ၊ ငါတော့ ရူးမှာပဲ၊ကိုင်း••သွားပြီဟေ့၊ ၇ မိနစ်တောင် နောက်ကျနေပြီ”
ကိုအောင်သူ ကပျာကယာ ရုံးတက်သွား တာကိုကြည့်ရင်း ကျွန်မ စိတ်မောမိပါတယ်။ သူလည်း အဖေ့အနွံအတာကို အတော်သည်းခံနိုင်တဲ့ သမက်ပါ။ အဖေ့စိတ်ကြိုက် မဟုတ်မယ့် သူ့ခမျာ အဖေနဲ့အနီးကပ်နေရသူမို့ ပြဿနာအားလုံးကို ခေါင်းခံဖြေရှင်းနေပါတယ် အမှန်တော့ ကိုအောင်သူသာ အဖေ့စိတ်ကြိုက် သမက် မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ကျွန်မက လည်း အဖေ့စိတ်ကြိုက် မဖြစ်ခဲ့တဲ့ သမီးတစ်ယောက်ပါ။
ကျွန်မတို့ငယ်စဉ်က အဖေဟာ မီးရထား ဂတ်ဗိုလ်ကြီးပါ။ ယူနီဖောင်းကြီးများ၀တ်ထားရင် အလွန်စမတ်ကျပါတယ်။ အဖေဟာ အချိန် နာရီနဲ့ ဇယားနဲ့ စနစ်တကျ အလုပ်လုပ်တတ် သူပါ။ မီးရထားကြီးလိုပဲပေါ့။
ကျွန်မကတော့ ဒီကမ္ဘာကြီးမှာ လုပ်ချင် တာတွေများပြီး ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ အဖတ်မတင်သူပါ။ အဖေက ဒီလိုစရိုက်ကို မကြိုက်ပါဘူး။ ကျောင်းကပွဲလည်းပါ၊ သီချင်း တိုက်လည်းပါ၊ အားကစားလည်းပါ။ ရေရေရာရာ တော့ မရှိလှပါဘူး။ ကျောင်းစာမှာ စိတ်ဝင်စား မှုနည်းတဲ့ ကျွန်မကို အဖေ သဘောမတွေ့ပါ ဘူး။ ကျွန်မရဲ့ ပညာရည်တိုးတက်မှုမှတ်တမ်းကို နှစ်ကြိမ်တိုင်တိုင် အဖေ လွှင့်ပစ်ခဲ့ဖူးပါတယ်။ အစ်မမော်မော်နဲ့ ကျွန်မကတော့ အဖေ နှိုင်းယှဉ်ပြောသလို ပြောရရင် ဆီနဲ့ရေ ပါပဲ။ အစ်မ က စာတော်ပါတယ်။ အတန်းတိုင်းမှာ စံပြ ကျောင်းသူပါ။ အိမ်တွင်းမှုပညာမှာလည်း တော်ပါတယ်။ ၇ တန်းအရွယ်ကတည်းက အမေ စက်ချုပ်ရာမှာ ကူညီချုပ်ပေးနေပါပြီ။
အစ်မရုပ်ရည်ကလည်း အသားဖြူဖြူ ခြေတံလက်တံရှည်ရှည်၊ နှာတံစင်းစင်း၊ မျက်နှာကျ အတော်လှတာမို့ အဖေနဲ့ဆင်ပါတယ်။ ကျွန်မကတော့အမျိုးအဆွေတွေရဲ့ ညံ့ဖျင်းမှု ဗီဇအားလုံး စုစည်းထားတဲ့အလား အမေ့အစ်မ မည်းသလို ကျွန်မ အသားအတော်ညိုပါတယ်။ အရပ်ကလည်း ခပ်ပျပ်ပျပ်မို့ ရွက်ကြမ်းရေချို ပါပဲ။ မောင်ငယ်လေးကလည်း အစ်မရုပ်ရည်နဲ့ အတော်ဆင်ပါတယ်။ မောင်ငယ်ကိုလည်း အထွေးလေးလည်းဖြစ်၊ သားကလေးလည်း ဖြစ် ပြန်တာမို့ အဖေ အချစ်ပိုပါတယ်။
ကျွန်မကလည်း အချစ်ပိုသည်၊ အချစ် လျော့သည်တွေ ဂရုမစိုက်၊ ကိုယ်လုပ်ချင်ရာ တဇွတ်ထိုးလုပ်ဖို့ပဲ စဉ်းစားနေပါတယ်။ အရာရာ ကို အလေးအနက်မထားသူတို့ရဲ့ ထုံးစံအတိုင်း ဆယ်တန်းအောင်ပြီးတာနဲ့ အိမ်ထောင်ရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အစ်မက ဆရာဝန်ဖြစ်နေပါပြီ ကျွန်မ အိမ် ထောင်ကျပြီး ကလေး(၂)နှစ်အရွယ်ရောက်မှအစ်မ အိမ်ထောင်ပြုပါတယ်။ အဖေတို့ သဘောတူ ကြည်ဖြူတဲ့ ဆရာဝန်တစ်ယောက်နဲ့ပါပဲ။ အစ်မမော်မော် ဘဝတစ်လျှောက်လုံး တင့်တင့် တယ်တယ် ပုံစံကျကျနဲ့ အဆင်ပြေချောမွေ့ သလောက် ကျွန်မကတော့ အိုးနင်းခွက်နင်းပါပဲ။
လင်မယားနှစ်ယောက်လုံး ဆက်သွယ်ရေးရုံးမှာ အလုပ်ရနေပေမယ့် တစ်အိုးတစ်အိမ် မထူထောင်နိုင်ပါဘူး။ ကျွန်မတို့လခက ကလေး(၃)ယောက်နဲ့ စားလောက်ရုံပါပဲ။ ဒါကြောင့်မိဘအိမ်မှာပဲ ကပ်နေရပါတယ်။ အမေဆုံးသွားတော့ အဖေ့ကိုစောင့်ရှောက်ရင်း အိမ်မှာ ပိုမြဲ သွားပါတယ်။ အစ်မကတော့ အလုပ်တာဝန်ကျ ရာ ဆေးရုံရှိတဲ့ မြို့တွေမှာပဲ နေဖြစ်သွားပါတယ်။ မောင်ငယ်လေးကလည်း အိမ်ထောင်ပြုပြီး တစ်မြို့တစ်ရွာကို ပြောင်းရွေ့သွားပါပြီ။
အစ်မကတော့ အဖေ့နားမှာ နင်ရှိနေလို့ ငါစိတ်အေးရတာလို့ ပြောရှာပါတယ်။ အစ်မက အိမ်ကို လိုလေသေးမရှိအောင် ထောက်ပံ့ပါ တယ်။ အဖေ နေမကောင်းရင်လည်း အမြန် ပြေးလာရှာပါတယ်။ အဖေ့အတွက် ငွေကြေး၊ ဆေးဝါး၊ အစားအသောက်၊ အဝတ်အစားက အစ ပြည့်စုံအောင် ဖြည့်ဆည်းပေးပါတယ်။ အစ်မက အဖေချစ်မြတ်နိုး ..အားကိုးသလိုပဲ အဖေ့သမီးအလိမ္မာ ပီသပါပေတယ်။ ကျွန်မ အဖေ့နားမှာ ကပ်တွယ်နေရင်း အဖေ့ကို အနီးကပ် စောင့်ရှောက်နိုင်တာ အစ်မရဲ့ကျေးဇူး၊ အစ်မရဲ့ထောက်ပံ့မှုကြောင့်ပါ။ ဒါတွေကို သိသိကြီးနဲ့ပဲ အဖေနဲ့အနီးကပ် ကာလရှည်ကြာနေ လာမိပြန်တော့ အဖေ့ရဲ့ အလတ်မုန်းဝါဒကို သတိထားမိလာပြန်ပါတယ်။
အဖေက ကျွန်မကို အမြင်မကြည်ရုံမက ကျွန်မမွေးထားတဲ့ သားသမီးတွေအပေါ်မှာလည်း တုံ့ပြန်မှုအတူတူပါပဲ။ အဖေ သားကြီးကို ချစ် ပါတယ်။ မြေးနဲ့အဘိုး ငယ်စဉ်က တတွဲတွဲ ပေမယ့် မြေး ၁၅ နှစ်အရွယ် ရောက်လာတော့ ဒီကောင် အဖေ့နား မကပ်တော့ပါဘူး။ သူ့ အတွက် အဖေ့ထက် ဆံပင်ဂျယ်လ်ထောင်ဖို့ ဂျင်းဘောင်းဘီဒူးပြဲတွေ ဝယ်ဖို့က ပိုအရေးကြီး လာပါတယ်။ အငယ်ဆုံးသမီးလေးကတော့ အဘိုးကို တွတ်တီးတွတ်တာ ပြောလေ့ရှိပါ တယ်။ အဘိုး ပျောက်သွားတတ်တာ မှတ်ထား ပြီး အဘိုးပေါင်ပေါ် တက်ထိုင်နေလေ့ရှိပါတယ်။
အလတ်သားကလေးကတော့ ကျွန်မနဲ့ တူလေသလား မသိ၊ စာလည်း သိပ်စိတ်မဝင်စားပါဘူး။ ဂစ်တာခေါက်လိုက်၊ လက်ဝှေ့လေ့ ကျင့်ရုံသွားလိုက်နဲ့ သူ့ဝါသနာကိုခန့်မှန်းရခက် ပါတယ်။ ထုံးစံအတိုင်းပါပဲ၊ သူနဲ့အဖေ မကြာ ခဏ ထိပ်တိုက်တွေ့ ကြပါတယ်။ သူကတော့ အဘိုးကို ချစ်ရှာပါတယ်။ အဘိုး နေမကောင်း ရင် သူပဲပြုစုတာပါ။ အဘိုး သူ့ကို မြည်တွန် တောက်တီးလည်း ခပ်အေးအေးပါပဲ။ သူ့ကို ပန်းနဲ့ပေါက်သလိုပဲ ထင်နေပုံရပါတယ်။ အပြုံး မပျက်ပါဘဲ။
ကျွန်မ တစ်ခါတလေ တွေးမိပါတယ်။ အလတ်ဆိုတာ ဘဝမှာ မေတ္တာရဖို့ မေတ္တာကို ပိုင်ဆိုင်ဖို့ လစ်လပ်နေသူများလေလား။ အဘိုး အပြင်ထွက်သွားရင် အဘိုးကိုပြန်တွေ့သည် အထိ ကြိုးစားပမ်းစား ရှာတတ်တာလည်း အလတ်ကောင် ကြယ်စင်ပါပဲ။
တစ်ခါမှာတော့ အဖေ ညနေစောင်းကြီး ပျောက်သွားခဲ့ပါတယ်။ အဖေက ငါးခူကြော် စားချင်တယ်ဆိုလို့ အဖေ့အကြိုက် ကြွပ်ကြွပ် ကလေးကြော်ရင်း ကျွန်မ အဖေ့ကို လှည့် ကြည့်ဖို့ မေ့သွားတာပါ။
အဖေမရှိတော့ဘူးဆိုတော့ ကိုအောင်သူ ကလည်း ကျွန်မကိုပဲ အပြစ်တင်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်မက အဖေ့ကိုစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ အလုပ်တောင် ထွက်ထားပြီး ပါပြီ၊ ကြယ်စင်ကလည်း ကျွန်မကိုပဲ အပြစ်တင် သလို ပြောပါတယ်။ အမေက ငါးကြော်ပဲ ဂရုစိုက်နေတာကိုးတဲ့။
အလို… ငါ့ပဲ အပြစ်တင်ကြသေး၊ နင့် အဘိုးက ငါ့ကိုထောင်ချောက်ဆင်ပြီးမှ ဒေါက် ဖြုတ်သွားတာ။ ငါးကြော်ခိုင်းတာလည်း သူပဲ၊ ငါးကြော်နေတုန်း. တိတ်တိတ်ကလေး ထွက် သွားတာလည်း သူပဲလို့ ပြန်အော်ပြောရင်း ကျွန်မ စိတ်ရှုပ်ရှုပ်နဲ့ ထိုင်ငိုနေမိပါတယ်။
ခြံသော့ကို ပေါင်ဒါဘူးခွံထဲမှာထည့်ပြီး ခုတင်အောက်မှာ ဖွက်ထားတာကို အဖေ သိနေ တာလည်း အံ့ဩမိပါတယ်။ အဖေ့ထီးအနက် ကြီး ဝှက်ထားတဲ့ နေရာကိုလည်း အဖေ သိနေ ပါတယ်။ အဲဒီထီးကြီး ဆောင်းပြီးမှ အဖေထွက် သွားတာပါ။
ညနေစောင်းပြီဆိုတော့ နေဝင်သွားမှာ ကြောက်လို့ အပူတပြင်း တစ်လမ်းဝင် တစ်လမ်း ထွက် လိုက်ရှာရပါတယ်။ ဆက်သွယ်ရေးရုံးက လူတွေလည်း ကူရှာပေးပါတယ်။ နောက်ဆုံး မိုးကြီးစုပ်စုပ်ချုပ်လေမှ လွတ်လပ်ရေးကွင်းကြီး အနောက်ထောင့်က ကုက္ကိုပင်ကြီးအောက်မှာ ငုတ်တုတ်ကလေး ထိုင်မှိုင်နေရှာတဲ့ အဖေ့ကို အလတ်ကောင် ကြယ်စင်တို့အဖွဲ့ကပဲ တွေ့ခဲ့ ပါတယ်။
တကယ်တော့ အဖေက သူ့သူငယ်ချင်း အိမ်ကို သွားလည်တာပါ။ အဲဒီအိမ်ကို သူ ချောင်းပေါက်အောင် သွားနေကျ။ အဲဒီလမ်းကို လည်း တစ်နေ့သုံးကြိမ်လောက် ဝင်ထွက်နေကျ။ ခု အိမ်ရှာမတွေ့တော့ဘူးတဲ့။ အမှန်တော့ အဖေ သူငယ်ငယ်က အကြောင်းတွေကို ပြောနေတာ ပါ။ သူ့သူငယ်ချင်းကဖြင့် လောကကြီးက ထွက်ခွာသွားတာ ဆယ်နှစ်လောက်ရှိပါပြီ။ နေတဲ့ လမ်းကိုလည်း အဖေက စောစောပိုင်းမှာ မှတ်မိ နေပေမယ့် သွားရင်းလာရင်း မေ့သွားပါတယ်။လမ်းပုံစံ အိမ်ပုံစံတွေကလည်း နှစ်ပေါင်းများစွာအတွင်း အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီလို ထီးတစ်ချောင်းနဲ့ တစ်လမ်းဝင် တစ်လမ်း ထွက် သူငယ်ချင်းအိမ်ရှာရင်း မိုးကလည်းချုပ်၊ ဗိုက်ကလည်း ဆာလာပါတယ်။ အဲဒီမှာ အိမ် ပြန်လမ်းကိုစဉ်းစားတော့ မမှတ်မိတော့ပါဘူး။ ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ ကုက္ကိုပင်ကြီးအောက်ထိုင်ရင်း မှိုင်နေတာပါ။
ကျွန်မကတော့ မမှောင်ခင် ပြန်တွေ့တာကိုပဲ ဝမ်းသာလှပါတယ်။ မတွေ့ခဲ့ရင် အဖေ ရင်ဆိုင်ရမယ့် ဒုက္ခတွေကိုတွေးမိပြီး ရှိုက်ကြီး တငင် ငိုမိပါတယ်။
အဖေက အိမ်ပြန်ရောက်တော့ မေးပါ သေးတယ်။ ငါးကြော်ပြီးပြီလားတဲ့။ ဒီငါးကြော် ကိစ္စတော့ သတိရသားပါလား။ ကျွန်မက အဖေ့ကို ကော်ဖီ၊ မုန့်တွေ ပြင်ဆင်ကျွေးရင်း ငါးကြော်ပါ ချပေးလိုက်တော့ အဖေ ကျေနပ် သွားပုံပါပဲ။ ငါးကြော်ကို အားရပါးရထိုင်စားနေ တဲ့ အဖေ့ကိုကြည့်ရင်း ကျွန်မ ဖြေမဆည်နိုင် အောင် ခံစားရပါတယ်။ အဲဒီညက အဖေ ပျောက်သွားရင် ကျွန်မ ရူးမယ်ထင်ပါရဲ့။

ကျွန်မကအဖေ့ထီးကြီးကိုဝှက်ထားတော့
“ဟဲ့ ……. အလတ်မ၊ ငါ့ထီးကို မသိမ်းနဲ့၊ အလကားနေ အလကား ပစ္စည်းတွေ လျှောက် သိမ်း၊ ဟော• • • • • အရေးနဲ့ အကြောင်းနဲ့ ပြန်ရှာ တော့ အချိန်တွေဖြုန်းသလို ဖြစ်မနေဘူးလား”
သူ အပြင်ထွက်ခါနီး ထီးပျောက်လို့ ရှာ နေရတာနဲ့ အချိန်အတော်ကုန်သွားဟန် တူပါ တယ်။ သူ့ထီးမသိမ်းဖို့ တားမြစ်နေပုံထောက် တော့ သူ သူ့သူငယ်ချင်းကို အင်အားပြည့်တာ နဲ့ ထပ်သွားရှာဖို့ ဆန္ဒရှိနေပုံပါပဲ။
အဲဒီနေ့ကစပြီး အဖေ့ကို ကျွန်မတို့ မိသားစု တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကြ ပါတယ်။ ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီး သော့ တွေလည်း ဝှက်ရပါတယ်။ အဖေကလည်း သတင်းစာ ဖတ်ချင်ယောင်ဆောင်ပြီး ကျွန်မတို့ အုပ်စုကို တန်ပြန်ထောက်လှမ်းပါတယ်။
ဒါပေမဲ့ မျက်စိအောက်က အပျောက် မခံကြလေတော့ အဖေ အပြင်ထွက်လို့မရတော့ ပါဘူး။ အဲဒီအခါမှာ အဖေ ပျင်းပျင်းနဲ့ ခြံထဲမှာ ပဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ တယ်။ စိတ်မထင်ရင် မထင်သလို သစ်ပင်ပေါ်တက်ပါတယ်။
အဖေငယ်ငယ်က သစ်ပင်တက် အလွန် ကျွမ်းကျင်တယ်လို့ ပြောကြပါတယ်။ ဒီအသက် ဒီအရွယ်မှာလည်း ဟိုစမ်းဒီစမ်းနဲ့ သစ်ပင်ပေါ် ရောက်အောင် တက်နိုင်တာပါပဲ။
တစ်နေ့မှာတော့ အဖေလေ ခြံအနောက် ဘက်က မန်ကျည်းပင်ကြီးပေါ် တက်သွားလိုက်တာ ခွဆုံနှစ်ဆုံ ကျော်သွားပါလေရော။ မန်ကျည်းရွက်တွေကလည်း နုတော့ အဖေ့ စိတ်ထဲ ထိန်းမနိုင်သိမ်းမရ ဖြစ်လာဟန်တူပါ တယ်။ လည်ပင်းမှာလည်း အလတ်ကောင် ကြယ်စင်ရဲ့ လွယ်အိတ်ကို တန်းလန်းဆွဲလို့၊ မန်ကျည်းရွက်ခူးပြီး ထည့်မယ်ပေါ့လေ။
ကျွန်မကတော့ အဖေ့ကို မန်ကျည်းကိုင်း ပေါ် ခွထိုင်နေတာ တွေ့ကတည်းက မျက်စိပြာ သွားပါတယ်။ အသံကုန်အော်ပြီး အိမ်သားတွေ ကို အကူအညီတောင်းပါတယ်။ အိမ်သားအားလုံး အပြေးအလွှားရောက်လာပြီး .. အဖေ့ကို ဆင်းခဲ့ဖို့ တောင်းပန်ကြပါတယ်။
ဆံပင်သွားညှပ်နေတဲ့ အကြီးကောင် မောင်ကြည်ဖြူလည်း ပြန်ရောက်လာပြီး ဝိုင်းအော်ပါတယ်။
ကြယ်စင်က မန်ကျည်းပင်ပေါ် လိုက်တက်မယ်ပြုတော့-
“ဟေ့ကောင်…… မတက်လာနဲ့၊ ငါ မင်း
ထက် ပိုတက်နိုင်တယ်၊ လက်တွေ့ ပြလိုက်ရမလား” တဲ့။
“အောင်မယ်လေး • • • ထပ်မတက်ပါနဲ့ အဖေရယ်၊ ချော်ပြုနေပါ့မယ်၊ အဖေ ငြိမ်ငြိမ် လေးနေနော်၊ စိတ်အေးအေးထားပြီးမှ တစ်လှမ်း ချင်း ဖြည်းဖြည်းဆင်း၊ ဟုတ်ပြီလား”
အဲဒီလိုသာ ကျွန်မက တောင်းပန်တိုး လျှိုးနေပေမယ့် အဖေက တုတ်တုတ်မှမလှုပ် ပါဘူး။ မန်ကျည်းကိုင်းပေါ် ခွထိုင်ရင်း အဝေးက မန်ကျည်းရွက်နုကို မမီမကမ်းနဲ့ ဆိတ်မယ် ဆွမယ်လက်လှမ်းနေပါတယ်။
တကယ့်ကို အသည်းယားစရာကြီးပါ။ ကျွန်မက အသည်းတုန် နှလုံးတုန် ကတုန် ကယင် မျက်ရည်လည်ရွဲနဲ့ အဖေ့ကို ပြန်ဆင်းခဲ့ဖို့ တောင်းပန်ပါတယ်။ ကိုအောင်သူနဲ့ ကလေး တွေကလည်း အော်ဟစ်တောင်းပန်ကြပါတယ်။ အဖေကတော့ သူ့ပြောတာ မဟုတ်သလို အေး အေးဆေးဆေးပါပဲ။
ကျွန်မက နောက်ဆုံး ကြံမိကြံရာ အဖေ….. လူကြီးတွေ သစ်ပင်ပေါ်တက်ရင် ရပ်ကွက်လူကြီးက ဖမ်းပြီး ရဲလက်အပ်မယ်တဲ့ နော်၊ ဟိုမှာ လူကြီးတွေလာနေပြီလို့ ခြိမ်း ခြောက်တော့ အဖေက-
.”ဟဲ့ ငါက အမြင့်က ကြည့်နေတာ၊ နင့် လူကြီးတွေ ရုံးထဲကတောင် ထွက်မလာဘူး၊ လိမ်မနေနဲ့” တဲ့။
ကျွန်မက ညာလို့လည်းမရ၊ ခြောက်လို့ လည်းမရ၊ အဖေခေါင်းမာနေပုံကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ငိုနေမိပါတယ်။ ဒီ အဖေကို ဘယ်လိုထိန်းရပါ့လို့တွေးရင်း မျက် ရည်တွေ တားမနိုင် ဆီးမရ ပါးပြင်ပေါ် တလိမ့် လိမ့် ကျဆင်းလာပါတယ်။
အဲဒီအချိန်မှာ ကျွန်မနောက်က အသံ ဩဩလေးကို ကြားလိုက်ရပါတယ်။
“အဖေ • • • ဘာလုပ်နေတာလဲ၊ အမြန် ဆင်းခဲ့လေ၊ မော်မော် ရောက်လာပြီ” တဲ့။
နောက်လှည့်ကြည့်လိုက်တော့ အစ်မ မော်မော်ပါ။ လက်ထဲမှာ ခရီးဆောင်အိတ်ကြီး နဲ့၊ နောက်လက်တစ်ဖက်မှာလည်း ငါးချဉ်ထုပ် ကြီး ဆွဲလျက်သား။ သူလည်း ခရီးရောက် မဆိုက် ထင်ပါရဲ့။
အဖေက မော်မော်ဆိုတဲ့ အသံကြားရုံ နဲ့ ငိုင်သွားပါတယ်။ သစ်ပင်အောက်က အသံ လာရာကို အတင်းစူးစိုက်ကြည့်နေပါတယ်။ ပြီး အစ်မမော်မော် ရောက်နေပြီဆိုတာ သေချာ တွေ့သွားတာနဲ့တစ်ပြိုင်နက် ကျွန်မတို့မိသားစု အခါခါအော်ဟစ်တောင်းပန်နေတုန်း တုတ်တုတ်မှ မလှုပ်တဲ့ အဖေဟာ “ဟေ•• အေး၊ ငါ့သမီး ကြီး ရောက်နေပြီလား” ဆိုပြီး သစ်ပင်ပေါ်က ဆင်းချလာပါတယ်။ သစ်ပင်အောက်ရောက်တော့ ခါးတောင်းကျိုက်ဖြုတ်၊ လည်ပင်းမှာ ဆွဲထားတဲ့ လွယ်အိတ်ကိုလည်း ကြယ်စင့်ဆီ ပစ်ပေးလိုက်ပြီး ပုဆိုးကို သပ်သပ်ရပ်ရပ် ပြင်ဝတ်လိုက်ပါတယ်။
“လာ•••သမီး အိမ်ထဲဝင်” တဲ့။ အစ်မမော်မော် လက်ထဲက ငါးချဉ်ထုပ်ကြီးကိုဆွဲယူ၊ သူကပဲ ဦးဆောင်ပြီး အိမ်ထဲဝင် သွားပါတယ်။
အဲဒီညက ဧည့်ခန်းမှာထိုင်ပြီး အစ်မနဲ့ ထိုင်စကားပြောနေလိုက်တာ အ​ဖေလေ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဟန်နဲ့ ပန်နဲ့ပါ။ အကျိုးအကြောင်း အဆက်အစပ်မိမိ နိုင်ငံရေး၊ စီးပွားရေး အခြေ အနေတွေကိုတောင် ဝေဖန်ပိုင်းခြားလို့။
ဪ • …အဖေ..အဖေ၊ ခုတော့ ခြံသော့ကို ရအောင်ယူ၊ ထီးကောက်ကြီးဆွဲပြီး အိမ်ကထွက်သွားတတ်တာ သူ မဟုတ်သလိုပါပဲ။ မန်ကျည်းကိုင်းပေါ် ခွထိုင်ပြီး ရွက်နုဆွတ်နေတာ သူ မဟုတ်သလိုပါပဲ။
ဟန်ဆောင်ကောင်းလိုက်တဲ့ အဖေ။ကျွန်မ စိတ်မောလူမော ဖြစ်နေတဲ့ကြားကပဲ တအံ့တဩလည်း ဖြစ်မိပါတယ်။
ဖြစ်နိုင်ရင်လေ အဖေ ချစ်ခင်မြတ်နိုး အလေးထားတဲ့ အစ်မမော်မော်ကို အိမ်မှာ အမြဲရှိစေချင်ပါတယ်။ ဒါပေမဲ့ အစ်မက ဒီအိမ် မှာ နေနိုင်လှ အလွန်ဆုံး နှစ်ရက်ပါ။ သူ့နောက် မှာ ဆေးရုံ၊ ဆေးခန်း အလုပ်တွေ တန်းလန်းနဲ့ ပြန်ရဦးမှာပါ။
နောက်ဆုံးတော့ ဒီအသုံးမကျတဲ့ အလတ်မ၊ အဖေ အထင်မကြီးတဲ့ အလတ်မပဲ အဖေနဲ့ ရုန်းကန်လှုပ်ရှား ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲရင်း ကျန်ရစ်ခဲ့ရဦးမှာပါ။
အဖေ့စိတ်ထဲမှာ ဘာမှအရေးမပါတဲ့ ဒီ အလတ်မရဲ့ရင်ထဲမှာ အဖေ့အတွက် စိုးရိမ်ပူပန် မူတွေနဲ့ သောကမီးပုံကြီး အလျှံညီးညီး တောက် လောင်ပြီး အလတ်မ နှလုံးသားကို ဝါးမျိုမတတ် ဖြစ်နေပြီဆိုတာ အဖေ သိစေချင်လိုက်တာ။

ညို နှင်း အိမ်

Leave a Reply

Your email address will not be published. Required fields are marked *