မင်္ဂလာပါ(စ/ဆုံး)
မြိုင်သာရွာသို့ နေ့စဉ်ထွက်သော ဘတ်စ်ကားက တစ်စီးတည်းသာရှိသည်။ ဒုတိယကမ္ဘာစစ်ကျန်ဘတ်စ်ကားက နောက်မြီးအား လူစီးခုံများထည့်ကာ ခရီးသည်တင်ကားအဖြစ် လုပ်ထားခြင်းဖြစ်သည်။ ကားကြီးက အိုမင်းလှပြီ။ ဆေးတွေကလည်း ကွက်တိကွက်ကြားဖြစ်နေသည်။ ဘော်ဒီ၏ သစ်သားတန်းတွေပင် လူတွေ ခေါင်မိုးပေါ်တက်လွန်းသောကြောင့် ပြောင်ချောနေသည်။ ကားဒရိုင်ဘာက မျက်နှာထားဆိုးသည်။ ဘိုတဲတွင် ဝန်ထောက်မင်း၏ မယားငယ်မွေးထားသော ခွေးဘီလူး ရုပ်အတိုင်း ပါးစုန့်တွေအိတွဲကာနေပြီ၊ ကျောက်ပေါက်မာတွေကြောင့် ကားဒရိုင်ဘာဆိုသည်ထက် ဓားပြပုံ ပေါက်နေသည်။ စပယ်ယာကတော့ ကားပိုင်ရှင် ကိုချက်ကြီး၏ ယောက်ဖဖြစ်ပြီး မိုက်ရိုင်းမှုအစုံကို ဘယ်ကျောင်းက သင်ပေးလိုက်မှန်မသိ။ ပါးစပ်ကလည်း ပွစိပွစိပြောတတ်သည်။ “ဆွဲဆရာရေ” ဟု စပယ်ယာက အော်လိုက်ချိန်တွင် ကားအိုကြီးမ မထွက်ချင် ထွက်ချင်နှင့် ဆောင့်ရုန်းလိုက် သည်။
“ဟိုးထား … ဟိုးထား” ပန်းနုရောင်ခေါင်းပေါင်း၊ သျှောင်တစောင်းနှင့် လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားသည့် ပိန်ပိန်ရှည်ရှည်၊ ဖြူဖြူနုနု လူတစ်ယောက်က ပြေးလာသည်။ သူ့ တိုက်ပုံက အနက်ရောင်၊ ပုဆိုးက ကြက်သွေးရောင်နှင့် မည်သို့မျှ မလိုက်ဖက်။ လက်ထဲတွင်လည်း ကြက်ဆင်ဖဲထီးနက်ကြီးကို ကိုင်ထားသေးသည်။ ကားက ဘရိတ်ဆွဲသံထွက်လာသော်လည်း သုံးပေခန့်ဒယဉ့်တိုက်ဆွဲပြီးမှ ရပ်သွားသည်။ စပယ်ယာက “လိုက်မယ်ဆိုလည်း စောစောစီးစီး မလာဘူး …တကတဲ” ဟု ဆိုသည်။ ကားပေါ်တွင် ဈေးသည်၊ လက်လုပ်လက်စား၊ တံငါ၊ ပန်းပဲ၊ ကြက်သမား၊ ဝက်ထိုး လူမျိုးစုံပါလာသည်။ ထိုသူတွေက ဖြစ်သလိုဝတ်ထားကြသည်။ အချို့က ညအိပ်ရာဝင်ကတည်းက ဝတ်ထားသည့် အဝတ်အစားများ ဖြစ်မည်။ တွန့်ကျေနေသည်။
အင်္ကျီတွင် ကြယ်သီးမတပ်ဘဲ ရင်ဟောင်းလောင်းသမားတွေရှိသည်။ မိန်းမ တစ်ယောက်က ဒူးကိုကားပြီး ရင်ဘတ်ကို ဖွင့်ကာ ကလေးကို နို့တိုက်နေသည်။ နောက်ဆုံးမှ ကားပေါ် ပြေးတက်လာသူကား အားလုံးနှင့် ခြားနားနေသည်။ သူ့ပုံက မင်းသားလိုဖြစ်နေ သောကြောင့် ငါးသည်အဖွားအိုက တိုးတိုးလေးပြောလိုက်သည်။ “ဖိုးစိန်ကြီးနဲ့ တူသလိုလိုပဲ” ဒရိုင်ဘာနှင့် ဘေးချင်းယှဉ် တံခါးပေါက်မှ တက်လာသော ထိုသူက ခြေနင်းခုံတွင် ဟန်ချက်ကိုထိန်းပြီး ရပ်လိုက်ကာ “မင်္ဂလာပါ ဒရိုင်ဘာကြီး” “မင်္ဂလာပါ စပယ်ယာလေး” ဟု ထိုသူက နှုတ်ဆက်သည်။ ကားပေါ်လိုက်လာသူတွေ အားလုံး အံအားသင့်နေကြသည်။ ဒရိုင်ဘာက သူနှုတ်ဆက်သည်ကို အသိအမှတ် မပြုသည့်အလား ရှေ့ကိုကြည့်ရင်းက ဂီယာကို ဆောင့်ထိုးပြီး ခြေနင်းကို ဖိနင်းသည်။ ကားက ဝူး ဝူးအော်ကာ ဆက်ထွက်သည်။ သံဃာတော်များအတွက် ကားရှေ့ခန်းထိုင်ခုံကို ဖယ်ထားသော်လည်း သံဃာမရှိသဖြင့် ထိုသူက ထိုင်လိုက် သည်။ ထို့နောက် တိုးတိုးလေး “အားလုံး မင်္ဂလာပါ … ကျန်းမာချမ်းသာကြပါစေ … ဘေးရန်ကင်းပါကြပါစေ … စိတ်ဆင်းရဲခြင်း ကင်းကြပါစေ” ဟုဆိုကာ အဝေးကို ငေးကြည့်ရင်း လိုက်ပါလာသည်။
တစ်ယောက်က ပြောသည် “ဆေးရောင်းမလို့လား မသိဘူး” သို့သော် သူတို့ထင်သလို ထိုသူက ဆေးမရောင်း။ ခေါင်းခန်းတွင် ပြုံးကာထိုင်နေသည်။ နောက်မှ ထိုသူသည် မြိုင်သာမူလတန်းကျောင်းလေးကို ရောက်လာသော ကျောင်းအုပ်ဆရာကြီးမှန်း သိကြ သည်။ သူ့အမည်ကာ ဦးပန်းအေးဖြစ်သည်။ ဆရာကြီးသည် နေ့တိုင်း ကားနှင့်လာသည်။ ကားနှင့်ပြန်သည်။ ကားပေါ်တက်တိုင်းလည်း “မင်္ဂလာပါ” ဟု ပြုံးရွှင်စွာ တွေ့သူတိုင်းကို နှုတ်ဆက်သည်။ ပန်းသည် မပြုံးက “ကျုပ်တို့ ဒီကားစီးလာတာ အိုသေတော့မယ် … ဘယ်သူမှ သူ့လို နှုတ်မဆက်ပါဘူး” ဆရာကြီး ဦးပန်းအေးသည် ကားပေါ်တက်လာတိုင်း မျက်နှာပေါက်ဆိုးလွန်းသော ဒရိုင်ဘာကို နှုတ်ဆက်သည်။ အပေါက်ဆိုးသော စပယ်ယာကိုလည်း မင်္ဂလာပါဟု ပြောပြီးမှ ကားခ ငါးမူးကိုပေးသည်။ သူက ကျပ်စေ့ကို ပေး၍ စပယ်ယာက ငါးမူးပြန်အမ်းလျှင်လည်း “ကျေးဇူးပါခင်ဗျာ” ဟုဆိုသည်။
တစ်ပတ်ခန့်အကြာတွင် ကားပေါ်ကလူတွေ အနေအထိုင်ပြောင်းလာသည်။ ပေါင်ကားပြီး နို့လှန်တိုက် သူတွေကကလည်း သိုသိုသိပ်သိပ် ဖုံးဖုံဖိဖိလေး လုပ်လာသည်။ စကားပြောလျှင် “ငါ …” ရှေ့ကထားပြီး ပြော တတ်သော ဝက်ထိုးသမားလှဘော်ပင် စပယ်ယာကို ပိုက်ဆံပေးပါက လက်နှစ်ဖက်နှင့် ဆရာကြီးအတိုင်း ပေး တတ်လာသည်။ စပယ်ယာကလည်း အငေါက်အငမ်း သိပ်မရှိတော့။ ဆရာကြီးက ခေါင်းခန်းမှထိုင်ကာ “နောင်ကြီး ဒရိုင်ဘာ ဟိုမှာ အဘွားအိုတစ်ယောက် လယ်ကွင်းထဲမှာ လက်ပြနေတယ် … ရပ်ပေးလိုက်ပါလား ဗျာ” ဟု ရိုသေစွာ ပြောသည်။ ခါတိုင်းဆိုလျှင် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးတတ်သော ဒရိုင်ဘာမှာ ဆရာကြီးစကားကို ကြားပြီး နောက် ကားကို ရပ်ပေးသည်။ “နောင်ကြီးရယ် နောက်လေးများဆုတ်ပြီး သစ်ပင်အောက်မှာ ရပ်စောင့်ရင် ကားပေါ်ကလူတွေ အပူသက်သာမှာနော့” ဟု ပြုံးရွှင်စွာပြောလျှင် ဒရိုင်ဘာက ကားကို နောက်ပြန်ဆုတ်ပြီး သစ်ပင်အောက်ရပ်ကာ စောင့်တတ်သည်။ နေ့စဉ် ဆရာကြီး ဦးပန်းအေးသည် ကားဒရိုင်ဘေးပေါက်က တက်လာတိုင်း “မင်္ဂလာပါ” ဆိုကာ နှုတ်ဆက်သည်။
ထို့နောက် မေတ္တာပို့သည် သို့သော် ဒရိုင်ဘာက မျက်နှာကို စူပုပ်ထားပြီး သူ့ကားကိုသူမောင်းသည်။ ဆရာကြီးကတစ်နေ့တွင် သူလွယ်အိတ်ထဲမှ ကွမ်းယာပစ္စည်းများထည့်ထားသည့် ထန်းခေါက်ဖာအသေး လေးကိုထုတ်ကာ ကွမ်းယာသည်။ ကွမ်းယာပြီးနောက် ဒရိုင်ဘာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာပေးကာ “ဒီကနောင်ကြီး စားပါအုံးခင်ဗျာ” ဟုဆိုသည်။ ဒရိုင်ဘာကလည်း ယောင်တောင်တောင်ဖြင့် ကွမ်းကိုယူကာဝါးသည်။ ဒရိုင်ဘာပါးစပ်က အမှတ်မထင် ထွက်သွားသည့်စကားမှာ “ကျေးဇူး” ဆိုသည့် စကားလေးဖြစ်သည်။ ဆရာကြီးက ပြုံးလိုက်သည်။ ဆရာကြီးသည် ကားပေါ်တက်တိုင်း မင်္ဂလာပါကစကာ ပြုံးရွှင်စွာဖြင့် ခရီးကိုစတင်စေသည်။ ဆရာကြီး နောက်ကျ၍ မလာမချင်း ကားစပယ်ယာရော ဒရိုင်ဘာရော စောင့်နေတတ်သည်။ “ဆရာကြီး မလာသေးဘူး ခဏစောင့်ပါဦး” ဟု စပယ်ယာက ပြောလာသည်။ နှစ်ပေါက်လုနီးဖြစ်လာသည့်အခါတွင် ကားပေါ်ရှိ ခရီးသည်များမှာ အပြုအမူ အနေအထိုင်တွေ ဆင်ခြင်လာ သည်။ စပယ်ယာသည်ပင် အပြော အဆိုတွေ ယဉ်ကျေးလာသည်။
“ကားမထွက်သေးဘူးလား” “နောက်ကျနေပြီ” တစ်နေ့တွင် ကားထွက်ချိန်ရောက်သော်လည်း မထွက်သေးသောကြောင့် ခရီးသည်တွေက အော်ကြသည်။ ဒရိုင်ဘာက စပယ်ယာကို မေးသည် “ကျောင်းဖွင့်တဲ့နေ့ မဟုတ်လား” “ဟုတ်တယ်” “ဟို ဆရာကြီး ဒီနေ့ နောက်ကျလှပါလား” “နာရီဝက်ကျော်နေပြီ … ထွက်မှတော်မယ်” “ဆရာကြီးရောက်လာရင် ဒုက္ခပဲ” “နေမကောင်းလို့လား မသိဘူး” နောက်တစ်နေ့တွင် သတင်းကြားရတော့သည်။ ဆရာကြီး ဦးပန်းအေး ဆေးရုံတွင် ကွယ်လွန်သွားပြီ ဆိုသည့် သတင်းဖြစ်သည်။ “ဘာဖြစ်လို့လဲ” “သွေးအံပြီးဆုံးသွားတာ” “ဟာ ဒုက္ခပဲ မြိုင်သာကို နောက်ဆရာတစ်ယောက် ဘယ်တော့မှ ရောက်မယ်မသိဘူး” ကားကထွက်လာသည် သို့သော် သူတို့ တစ်ခုခုလိုနေသလို ခံစားရသည် “မင်္ဂလာပါ” ဆိုသည့် အသံလေး လိုနေသည်။ ထို့ကြောင့် ကားက ထွက်သာလာရသည် မပြည့်စုံသလို ဖြစ်နေသည်။
ထိုစဉ် “မင်္ဂလာပါ” ဆိုသည့် အသံလေးကို ကြားလိုက်ရသဖြင့် ဒရိုင်ဘာက နောက်လှည့်ကြည့်သည်။ စပယ်ယာ ကိုပေါက်ဆိုးက “မင်္ဂလာပါခင်ဗျာ … ကားခလေးတွေ ထုတ်ထားကြပါခင်ဗျာ” ဟု ပြောသည်။ ငါးသည်အဒေါ်ကြီးက “ကျားသားမိုးကြိုး” ဟုအော်သည်။ ထိုစဉ်ကားက ဘရိတ်ကို အတင်းဖမ်းသည်။ ဒရိုင်ဘာခွေးဘီလူးကြီးက “ပေါက်ဆိုးရေ … ဟိုမှာ အဖွားအို ပြေးလာတယ် … ဈေးတောင်းကြီးက လေးသနဲ့ … သွားပြေးယူ ပေး လိုက်ပါကွာ” ဟုဆိုသည်။ အဖွားအိုက ကားပေါ်တက်လာပြီး “ကျေးဇူးပါတော်” ဟုဆိုသည်။ ထိုနေ့ကစပြီး မြိုင်သာကားပေါ်တွင် “မင်္ဂလာ” နှင့် “ကျေးဇူး” စကားကို တွင်တွင်ကြီးကြားရတော့သည်။ ထိုမျှမက ကားအတွင်းပိုင်း ခေါင်းခန်း မှန်ပေါ်တွင် သင်္ဘောဆေးနှင့် ကျကျနနရေးထားသော “မင်္ဂလာပါ” ဆိုသည့် စာတန်းလေးကိုလည်း လူတိုင်းတွေ့ရတော့သည်။
တင်ညွန့် ၂၁.၁.၂၀၂၂





