မိအေးပုံ အိမ်ပြန်လမ်း(စ/ဆုံး)

မိအေးပုံ အိမ်ပြန်လမ်း(စ/ဆုံး)

သီတင်းကျွတ်ကျောင်းပိတ်ရက်နီးလို့ လာပါသည်။လမ်းဘေးတဖက်တချက်ရှိ စပါးခင်းများက၊မိအေးပုံ ကျပုမ၏၊ နှစ်ရပ်စာလောက်မြင့်နေပါပြီ။ လေတိုက်တိုင်း၊ရှဲရှဲမြည်တဲ့လေတိုးသံကြားပြီး၊စပါးခင်းများအပေါ် လှိုင်းလုံးကြီးများရွေ့လျှားသလို၊ ဖြတ်သမ်းသွားသည်ကို၊တခါတရံ အထက်စီးကကြည့်မိတိုင်းတွေ့မြင်ရသည်။ပီတိဖြစ်ဖွယ်ရာပါ။ တခါတော့၊မိအေးပုံရဲ့ခမောက်ကလေး လေထဲသို့လွင့်ပါသွားသည်။ဘယ်နေရာ ကျသညမလည်းမသိ။အဖိုးလိုက်ပြီး ရှာပေးသော်လည်းမတွေ့တော့။ မိအေးပုံအများကြီးငိုခဲ့ရသည်။ အဖိုးကအသစ်တရှပ်အစားဝယ်ပေး သော်လည်း၊မိအေးပုံက၊ခမောက် အဟောင်းကလေးလောက်လှတယ်လို့မထင်ခဲ့ပါ။ ပြောပြချင်ပါသေးသည်။ မိအေးပုံ အသက်ခြောက်နှစ်ပြည့်တော့မည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သည်အချိန်မှကျောင်းအပ်ရပါမည်။ မိအေးပုံတို့သာလိကာရွာတွင်မူလတန်းကျောင်းမရှိသေးပါ။ ရွာသေးပြီးကျောင်းသားအရေအတွက်မပြည့်လို့ကျောင်းချမပေးတာလို့ပြောပါသည်။ ရွာသေးတော့လည်း၊ကျောင်းတက်ချင်လှတဲ့မိအေးပုံ၊အရွယ်ရောက်အောင် စောင့်ရသည်။ အသက်ငါးနှစ်တွင်ကျောင်းအပ်ခွင့်ရှိ သော်လည်း၊မိအေးပုံအသက်ခြောက်နှစ်ရှိပြီ၊ကျောင်းအပ်ရပါသည်။ အဖိုးကပြောပြသည်။မြန်မာဘုရင်များလက်ထက်မှသည်၊ခေတ်အဆက်ဆက်၊စစ်တွေဘဲဖြစ်နေတော့၊တိုးတက်ရေးလမ်းစဖြစ်တဲ့၊ပညာကို လူအများစုမသင်ယူရဖူးတဲ့။ ရွာတရွာမှာစာတတ်သူလိုက်ရှာယင် ရွာဦးကျောင်းကဘုန်းတော်ကြီးတပါးဘဲရှိခဲ့တယ်တဲ့။ အတော်ဒုက္ခပေးသောစစ်ပါလား။ လွတ်လပ်ရေးရပြီးတော့၊ ပြည်သူ တွေစာသင်ယူ ဖို့လူထုပညာရေး စနစ်ပေါ်လာတော့လည်း၊စာအုပ်တွေရှိ ပေမဲ့သင်ပေးမဲ့ဆရာရှာမရလို့၊ဘုန်တော် ကြီးတွေကဘဲ သင်ပေးပါတယ်။

တချိုမြန်မာစာတတ်ပြီး၊သခ်ျာပညာမတတ်ကြဖူး၊အဂ်လိပ်ဘာသာကတော့ဝေးခဲ့ပါတယ်။ ရုံးစာတွေဖတ်ပေးမဲ့လူမရှိလို့၊တရွာလုံး ပတ်ပြီးစာဖတ်ပေးမဲ့သူရှာခဲ့ရတယ်၊ ဟုတ်သလားမဟုတ်သလားမသိ၊စာဖတ်ပြတဲ့သူပြောသမျှ၊ခေါင်းညိမ့်ခဲ့ရပါတယ်။ အဖိုးတို့စာမတတ်ခဲ့လို့၊အောက်ကျခဲ့တယ်။ သမီးစာတတ်အောင်ကြိုးစားပါတဲ့၊ အဖိုးကပြောတယ်။ ပြီးတော့စာမတတ်တဲ့တို့ရွာသားတွေရှိ နေယင်လဲသမီးလေးကစာတတ်အောင်သင်ပေးပါတဲ့။ ********* အခုတော့ မိအေးပုံ ကျောင်းတက်ခွင့်ရပါပြီ။ သာလိကာရွာမှာအစိုးရမူလတန်းကျောင်းမရှိလို့၊တစ်မိုင်ခွဲဝေးတဲ့၊ကွေ့ချောင်းရွာမှာ၊ကျောင်းသွားပြီးတက်ရသည်။ အဖိုးကလွယ်အိပ်ကိုလွယ်ပြီး၊ကျောင်းသွားကျောင်းကြိုအလုပ်ကိုမှန်မှန်လုပ် ပေးသည်။ မိုးရွာသောနေများတွင်အဖိုးက၊ပခုံးပေါ်ထမ်းပြီးကျောင်းပို့ပေသည်။ နေရက်တော်တော်များများတွင်၊မိအေးပုံ ကိုယ်တိုင်လမ်းလျှောက်ပြီးသွားရသည်။

မိအေးပုံခြေတောက်တွင်၊ထိကရုန်းဆူး များခြစ်မိသဖြင့်ပေါက်ပြဲခါ၊အနာစက် များပင်ဖြစ်လို့လာသည်။ အဖိုးကမိအေးပုံအားသနားလို့ထင်ပါတယ်၊ ကွေ့့ချောင်းရွာကအဖိုးအဖွားတို့အိမ်တွင် ညအိပ်ခိုင်းသဖြင့်၊မိအေးပုံနေ့တိုင်းအိမ် ပြန်စရာမလိုတော့ပါ။ မိအေးဘုံ ထိုအရွယ်က၊အဖိုးနှင့်ခွဲပြီးမနေချင်ခဲ့ပေမဲ့နေခဲ့ရပါသည်။ အဖိုးကတော့နေ့စဉ်ကျောင်းပို့ကျောင်း ကြိုအလုပ်အား၊ရွာမှလာရောက်လုပ်ပေးပါသည်။ မိအေးပုံလေးတန်းအောင်သည်အထိပါ။ အစိုးရမူလတန်းကျောင်းဆိုသော်လည်း၊ သီးခြားကျောင်းတစ်ဆောင်အဖြစ်မတည်ရှိခဲ့သေးပါ။ဘုန်တော်ကြီးကျောင်း ဇရပ်နှင့်ဓမ္မာရုံအားဘုန်းဘုန်းကြီးကခွင်ု့ပြုပေးထားသဖြင့်စာသင်ခွင့်ရခဲ့ခြင်းဖြစ် ပါသည်။ ကျောင်းသားကျောင်းသူသုံးဆယ်လောက်အားဆရာတစ်ယောက်ထည်းလှည့် ပတ်ပြီးသင်နေခဲ့ရပါသည်။

ကျောက်သင်ပုန်းကြီးများက၊ ပျဉ်ချပ်ကြီးများအားဆေးသုတ်ထားသည်။အချို့လည်းမညီညာသော၊သွတ်ပြားပေါ်တွင်ဆေးနက်သုတ်ပြီး၊သင်ပုန်း လုပ်ထားပါသည်။လူတိုင်းမှာ ဖတ်စာအုပ်မယ်မယ်ရရမရှိပါ။ ထိုသင်ပုန်းပေါ်တွင်ဆရာများကမြေဖြူ နှင့်ကူးရေးပေးထားသည်ကို၊စုပေါင်း ပြီးစာဖတ်ကြရသည်။ ပညာကိုတကယ်လိုချင်သူတို့သာပညာတတ်သောခေတ်ဖြစ်ပါသည်။စတုတ္ထတန်းမှပင်အစိုးရစစ်ဖြစ်ပါသည်။ ငါးတန်းမှရှစ်တန်းအထိ၊သုံးမိုင်ကျော်ဝေးသောအလယ်တန်းကျောင်းသို့လမ်း လျှောက်ပြီး၊ကျောင်းတက်ခဲ့ရသည်။ ကန်စင်းရိုးလမ်းမကြီးပေါ်၊သူငယ်ချင်း များအပြေးတပိုင်းသွားရောက်ကျောင်းတက်ခဲ့ရသည်မှာပျော်တော့ပျော်စရာပါ။ စပါးခင်းပေါ်တွင်လေအဝှေ့လိမ့်လူးနေသောစပါးပင်လှိုင်းလုံးများမှာမြင်ရသူတို့ရင်သပ်ရှုမောစရာပါ။

သည်အရွယ်အထိကျောင်းထားနိုင်သူ၊သည်အဆင့်ထိရောက်လာသူပင်အတော် နည်းပါသည်။ တရွာတွင်နှစ်ယောက်သုံးယောက်မျှသာပါ။ ထိုမှကျော်ပြီးအထက်တန်းရောက်သူ တက္ကသိုလ်ရောက်သူအတော်ပင်ရှားပါသည်။ ရှစ်တန်းအစိုးရစစ်အောင်တော့၊မိအေးပုံ အထက်တန်းကျောင်းသို့ပြောင်းပြီးတက်ရသည်။အလွန်စိတ်တိုတတ်သောဘကြီးအိမ်တွင်နေရသည်။ မြို့လယ်ခေါင်တွင်နေပြီးလျပ်စစ်မီးမသွယ်ထားပါ။ ရေနံဆီတစ်ပုလင်းတစ်ကျပ်ဖြင့်ဝယ်ပြီး၊ ရေနံဆီမီးအိမ်ဖြင့်စာဖတ်ခဲ့ရပါသည်။ ဘကြီးနှင့်ကြီးတော်ကြီးတို့မှာသားထောက်သမီးခဖံမရှိသဖြင့်ကျောင်းဆင်းချိန်တွင်သူတို့၊အလုပ်အားဝိုင်းကူလုပ်ပေးရသည်။ သူတို့အလုပ်မှာကောင်းညှင်းထုပ်လုပ်ငန်းဖြစ်သည်။ကြိတ်ထိုး၍စပါးခွဲခြင်း၊မောင်းထောင်းဆံဖွတ်လုပ်ငန်းများဖြစ်ပါသည်။ သို့သော်လည်းကံကောင်းသည့်မိအေးပုံ၊ ဆယ်တန်းအစိုးရစစ်နှစ်ချင်းပေါက်အောင်ခဲ့သည်။ သည်သတင်းအားအရင်ဦးဆုံးအဖိုးထံ ပြေးပြီးပြောပြတော့၊မြေးအဖိုးနှစ်ယောက်၊ပျော်လိုက်ကြတာ။အဖိုးကပြောသည်၊ တို့ရွာကကလေးတွေစာတတ်တော့မယ်တဲ့။

ဆရာဖြစ်သင်တန်းတက်တော့၊ပြည်မြို့ တွင်တက်ခဲ့ရသည်။ ကျောင်းစိမ်းထမိန် လေးနှင့်ဆရာမဝတ်စုံကိုဝတ်ပြီး၊အဖိုး ရှေ့တွင်အရင်ဆုံးလမ်းလျှောက်ပြီး၊ ပြချင်ပေမဲ့၊မိအေးပုံဆရာမဖြစ်သည်အထိ၊အဖိုးကအသက်မရှည်တော့၊ ဆရာမအဖြစ်ခန့်စာကြီးအားကိုင်ပြီး၊ မိအေးပုံ ငိုခဲ့ရပါသေးသည်။ သည်လိုပါဘဲ၊ မိအေးပုံငယ်ငယ်ကတက်ခဲ့တဲ့ကျောင်း မှာဆရာမပြန်လုပ်ခဲ့ရပါတယ်။ အခုတော့ကျောင်းဆရာ၊သုံးယောက် တောင်ခန့်ထားပါပြီ။ မိအေးဘုံတို့ငယ်ငယ်တုံးကလို၊သင်ပုန်း လေးငါးချပ်ရှေ့၊ဆရာတစ်ယောက် ထည်း၊ချာလပတ်လယ်အောင်သင်ပေး ရတဲ့အခါမျိုးမဟုတ်လို့၊တော်ပါသေးသည်။ဖတ်စာအုပ်များလည်း၊ပြည့်စုံ အောင်၊ရှိလာပါပြီ။ ကိုယ်ထက်ကြီးသောဆရာဆရာကြီး ဆရာမကြီးများပါရှိနေလေတော့၊တာဝန်ပေါ့ပါသည်။ ကိုယ်တိုင်မူအုပ်ဖြစ်လာတော့၊တာဝန်က မချောင်တော့ပါ။ ကျေးရွာများတွင်၊မူအုပ်ဘဝဖြေရှင်းပေးရတဲ့ပြသ၁နာကများပါဘိ။ . ဆရာမကြီး ဝင်နိုင် နှင့်ဝင်းကြိုင် ညီအကိုနှစ်ယောက်၊ကျောင်းပြေးပြီး၊ မကျည်းပင်ပေါ်တက်ပြီး၊ဆားတထုပ်နှင့်မကျည်းသီးတွေခူးစားနေကြတယ်။ ဒါမျို ုးကရိုးလှပေါ့။ ဆရာမကြီး ကျောင်းရှေ့မှာ ထွေးခင် နှင်ညိုလှတို့ တစ်ယောက်ဆံပင်တစ်ယောက်ဆွဲ ပြီး နပန်းလုံးနေကြတယ်။

ဆရာမဘဝသည်လိုကိစ္စများကအသေးအမွှားပါ။ နောက်ထပ် သည်လိုကိစ္စမျိုးပေါ်လာယင်ဖြင့်၊မိဘ များပါခေါ်ရပါပြီ။ ဆရာမကြီးမြမောင်ကိုကြင်သိန်းက ဒါးနှင့်ထိုးမလို့တဲ့အိမ်ကဒါးယူလာတယ်။ သည်ထက်မက ကျေးရွာလူကြီးတွေပါခေါ် ပြီး အပြေးတပိုင်းဆောင်ရွက်ရတဲ့ ကိစ္စမျိုးတွေလည်းရှိပါသေးသည်။ သိန်းမောင်တို့တစ်စု ကျောင်းပြေးပြီး ချောင်းထဲ ရေသွားကူနေပါတယ် ဆရာမကြီး။ မတော်ရေနစ်ယင်အခက်၊အပြေးတပိုင်းသွားရသည်။ နောက်တစ်မျိုးက၊ကလေးပညာကလေးလုံးကွဲအောင်မတတ်သေး။အရွယ်ရောက်ထာနဲ့ကျောင်းထုတ်ပြီး၊အလုပ်ခိုင်းချင်တဲ့ကိစ္စ။ ကလေးကိုမပြောရ၊မိဘများအားအ တော်ပင်ဖြောင်းဖျယူရသည်။ ပွင့်သောပန်းတိုင်းအား၊လှစေလိုသူ မဟုတ်ပေလား။ နောက်တစ်မျိုးက၊ကလေးကစာတော်သည်။မိဘကကျောင်းထားနိုင်စွမ်းရှိပါရဲ့။ သေစာရှင်စာတတ်ယင်တော်ပါပြီဆိုတဲ့ကိစ္စအတွက်၊ပြောရခက်သောမိဘများအားအတော်ရှင်းပြပြီး၊ကျောင်းဆက်ပြီးထားခိုင်းရသည်။အခုတော့သူတို့သား သမီးများက၊အရာရှိအရာခံတွေဖြစ်သွားကြပြီဘဲ။ ပြောရကျိုးနပ်ပါပေတယ်။ သည်လိုဘာဘဲပညာရေးဌာနလက် အောက်မှာနေပြီး၊ပညာရေးအလုပ်တွေလုပ်ပေးရတာမို့၊ ဒေါ်အေးပုံပင်ပမ်းလှတယ်လို့မတွေးခဲ့ပါဖူး။ ဒါပေမဲ့ကျောင်းလခတစ်မျိုးထည်းစားရ ပြီး၊ကျောင်းနှင့်မဆိုင်တဲ့ဌာနတွေရဲ့အလုပ်တွေလုပ်ပေးရတာကိုတော့၊မှန်တာ ပြောရယင်၊မိအေးပုံ မပျော်ခဲ့ပါဖူး။ အရိုးခံပရဟိတအလုပ်ဆိုရင်တော့ လုပ်ပေးဖို့ဝန်မလေးပါဖူး။ လမ်းပြင်မယ်၊ကထိန်ပွဲလှည့်မယ်ဆိုတာမျိုးပေါ့။

တခါတရံလည်း၊ကျေးရွာအလုပ်တွေ၊ကူညီလုပ်ကိုင်ပေးရတာလည်းရှိပါတယ်။ စာရေးစာချီရုံးကိစ္စများအား၊ မလုပ်တတ်လို့၊စာမစီတတ်လို့အကူအညီ တောင်းခဲ့ရင်တော့၊လုပ်ပေးခဲ့ပါတယ်။ အခုတော့၊သည်ကျောင်းမှထွက်ပြီး၊ တရပ်တရွာတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့်ဝန်ထမ်းများလည်းများပါ ပြီ။ မိမိသာဤကျောင်းပေါ်မှမရွေ့။သွေးထားသောဓားများသာတန်ဖိုးတက်လာသော်လည်း၊ ဓားသွေးကျောက်ကြီးမှာ၊သည်အတိုင်းထီးထီး ရှိနေသည်။ ဘယ်လိုပင်တွယ်တာမှုရှိလှပါသော်လည်း၊အခုတော့သည်ကျောင်းနှင့်ကျောင်း သားကျောင်းသူများထားခဲ့ရတော့မည်။ မနက်လင်းလျှင်အခန်းအနားပွဲဖြင့်နှတ် ဆက်ကြတော့မည်။ ညကတစ်ညလုံးအိပ်လို့မပျော်ပါ။ မနက်လင်းတော့၊သယ်ယူနေကျ၊ ကျောင်းလွယ်အိပ်ကလေးအားစက်ဘီး ကလေးပေါ်မှ၊အသာချထားစဉ်၊ မျက်ရည်များတောက်တောက်နှင့်ကျ လာသည်။ပါးစပ်မှလည်း၊ရောက်တတ် ရာရာများပြောနေမိ၏။ ကျောင်းသုံးပစ္စည်းများနှင့်ထမင်းဗူး ကလေးများအား၊ဝမ်းနည်းစွာအနား ပေးလိုက်ပြီ။ တွန့်ကျေနေလို့၊ညထဲကမီးပူတိုက်ထားတဲ့၊ကျောင်းဝတ်စုံလေးအားလဲပြီး၊ စက်ဘီးကလေးစီးခါ၊ပညာရေး လမ်းအစမှဆုံးခန်းတိုင်၊မိမိနှင့်မကင်း ကွာခဲ့သော၊ကျောင်းကလေးအား၊ နှတ်ဆက်ရန်ထွက်ခွာခဲ့ပါသည်။ သက်ပြည့်ပင်စင်…တဲ့။ နှတ်ဆက်ပွဲ ကျင်းပပေးပါသည်။ ခန်းမကြီးတစ်ခုလုံး၊လူတွေပြည့်နေပါသည်။

မိမိအားကြည့်နေကြပါလျက်၊ အားလုံးတိတ်ဆိတ်နေပါ၏။ အချို့ကလေးများ၊ကြိတ်ပြီးငိုနေကြသည်။ မိမိလည်းဝဲနေသောမျက်ရည်များ ကြောင့်သူတို့မျက်နှာများအားစေ့စေ့ မကြည့်ရဲပါ။တော်တော်ကြာသူတို့လိုဘဲ ငိုမိပါလိမ့်မည်။ အခန်းအနားမှာဘယ်သူတွေဘာပြောသွားမှန်းမသိ။ မိမိလည်းဘာပြောခဲ့မှန်းမသိ။ တခန်းလုံးတိတ်ဆိတ်ပြီး၊တပည့်လေးတချို့မျက်ရည်သုတ်နေကြသည်။အခန်းအနားတက်လာသူအားလုံးမျက်နှာများ မကောင်းကြပါ။ ထိုအချိန်တွင်ရွာထဲမှ၊အိုးစည်ဝိုင်းလှည့်လာသံကိုကြားရ၏။သံချပ်တွေထိုး၊ တေးချင်းတွေဆိုကြလို့၊အလှူခံတွေလားမသိ။ ကျောင်းနားရောက်တော့မှအလှူခံမဟုတ်ပါ။ ဆရာမကြီးဒေါ်အေးပုံကိုအိမ်ပြန်ပို့မယ့်၊ တပည့်ဟောင်းတွေတဲ့။ ကသူက က ဆိုသူက ဆို၊ ဆရာမကြီး၏ ဝမ်းနည်းမှုကို၊ဖြိုခွင်းပေးမဲ့အသံတွေ၊ သူတို့အပျော်ကြောင့်၊တဒဂ်တော့၊ မိမိ၏ ဝမ်းနည်းမှုအား၊ဒေါ်အေးပုံ မေ့သွားခဲ့ပါသည်။ ပန်းခက်တွေအပြည့်ဆင်ထားတဲ့နွားလှည်းယာဉ်ပေါ်၊ဆရာမကြီးအားတင်ပြီး၊လူတန်းကြီးစီလို့၊ဆရာမကြီးအားသူ့မရဲရွာအရောက်လိုက်ပို့ကြသည်။

လမ်းတ လျှောက်တွင်၊ကသူက၊ ခုန်သူခုံပျော်ရွှင်နေပုံများဖြင့်၊သူတို့မိခင် ဆရာမကြီအားဂုဏ်ပြုကြသည်။ အားတက်စရာမြင်ကွင်းတစ်ခုတော့ဖြစ်ခဲ့ပါသည်။ အိမ်ရောက်တော့၊ဒေါ်အေးပုံလည်းအားရဝမ်းသာအိမ်တွင်ရှိသမျှမုံ့များအား၊ တပည့်များအားချလို့ကြွေးသည်။ ပလုပ်ပလောင်းစားနေကြသည်မှာ၊ဝမ်းသာစရာပါ။တပည့်ဟောင်း၊ သူတို့ကလေးများကလည်း၊ထိုင်ပြီးကန်တော့၊ကြသည်။ ညနေစောင်းတော့၊လက်ပြနုတ်ဆက် ပြီး၊တပည့်တွေပြန်သွားကြတော့သည်။ ထိုအချိန် တစ်ယာက်ထည်းကျန်ခဲ့သူ၊ဒေါ်အေးပုံရင်ထဲမှာ၊ဟာတာတာ။လိုအပ်ချက်အား၊သိရှိပေမဲ့ဖြည့်ပေးလို့မရခဲ့ပါ။ တညလုံးအိပ်လို့မပျော်ခဲ့။ အတွေးထဲမှာတော့၊ မနက်ဖြန်…ငါဘယ်ကျောင်းကိုသွားရမလဲ…၊ငါဘာလုပ်ရမလဲ။

ဘယ်ကလေးတွေကိုစာသင်ရမလဲ…။ နံနက်လင်းနေမှန်းသိတာတောင်၊အိပ်ယာထဲကနေမထချင်တော့။ ဆက်ပြီးလှဲနေလိုက်သည်။ မနက်စောစောကလည်းဘုရားဝတ်မတက်ဖြစ်။ နေ့စဉ်လောင်းနေကျတန်းဆွမ်းများလည်း၊ အိမ်ရှေ့မှ ကျော်ပြီးသွားပါပြီ။ ထိုအချိန်မနက်စောစော၊တခါးခေါက်သံ ကြားလို့သာ၊အိပ်ယာမှ ထခဲ့ရတယ်၊တကယ်တော့မထချင်။ တခါးအပြင်ကဘယ်သူလည်း…။ ဟာ…မောင်သာလိ..တို့ လင်မယား၊မောင်သာလိ က ကျောင်းခုံကြီးကိုထမ်းလို့ပါလား။ သားနှစ်ယောက်အားလက်တွေဆွဲလာ ကြသည်။ ဘွားအေးပုံ ထံ ကျောင်းအပ်မလို့တဲ့…။

ဝမ်းသာလိုက်တာ၊မောင်သာလိရယ်။ သိတတ်လိုက်တာမောင်သာလိရယ်၊ ဘွားအေးပုံဘယ်လိုပြောရမလဲ…မသိ။ စိတ်တွင်းက၊ဖြေဖျောက်ဖို့ခက်လွန်း သောဝေဒနာအား၊ဆေးကုပေးလိုက်သလိုခံစားခဲ့ရသည်။ အခုတော့ ဘွားအေးပုံ စာသင်ဖို့ကျောင်းနှင့်ကျောင်းမှာ ကျောင်းသားများလက်ခံရရှိပါပြီ။ နောက်ထပ်ပညာရေးလိုအပ်ချက်များ ရှိနေသောကလေးများအား၊ခေါ်ယူ၍ ပညာသင်ပေးမယ်ဆိုပါလျှင်၊ မိမိအတွက်ကွက်လပ်ဖြစ်နေသောဘဝကလေး၊စိုပြေလာမည်။ ကလေးနှစ်ယောက်၏လက်ကိုဆွဲပြီး ဘွားအေးပုံစာသင်ခန်းထဲသို့တဖန်ပြန်ပြီးဝင်သွားရပါတော့သည်။ ဘွားအေးပုံ၏၊ တွန့်လိပ်စပြုနေပြီဖြစ်သော၊ ပါးပြင်ပေါ်တွင်အပြုံးမျက်ရည်များ စီးကျလျက်ရှိနေပါတော့သည်။ အေးမြသော၊မျက်ရည်စက်များပါ။

(ကျွန်တော်လိုမိမိ၏တပည့်များအပေါ်တွင် သံယောဇဉ်ထားတတ်သောဆရာ၊ဆရာမကြီး များအား၊ဂုဏ်ယူလေးစားစွာဖြင့်။) မောင်သာလိ ၂.၁.၂၄

Leave a Reply

Your email address will not be published. Required fields are marked *