*ကြွေးဟောင်းနွေးနွေးဆပ်ခဲ့ပြီ*(စ/ဆုံး)

*ကြွေးဟောင်းနွေးနွေးဆပ်ခဲ့ပြီ*(စ/ဆုံး)

လမင်းက ဝင်းပစွာထိန်လင်းနေ၏။ လေနှင်ရာလွင့်နေသည့် တိမ်စိုင်တိမ်ခဲတို့သည်လည်း မခိုင့်တခိုင်ပြတင်းဝမြင်ကွင်းထဲ၌ တရွေ့ရွေ့။ ကောင်းကင်တစ်ခွင်ရှိ ကြယ်များကလည်း ဟိုတစ်စုသည်တစ်စု။ ညနေကပင် မိုးသည်းထန်စွာရွာထား၍ ယခုမူကား မိုးသားကင်းစင်သွားကာ ညင်ညင်သာသာတိုးဝှေ့တိုက်ခတ်လာသည့် မုတ်သုံလေအကြွင်းအကျန်များက အေးစက်စက်နှင့်။ အိပ်မောကျနေသည့် အဖေနှင့်အမေမှာတော့ တုပ်တုပ်မျှမလှုပ်။ လေအေးတစိမ့်စိမ့်နှင့် အိပ်ကောင်းနေကြလေခြင်း။ ဘယ်သူတွေဘယ်လိုပင် အိပ်ကောင်းစေဦးတော့ တစ်နေ့ဝမ်းစာတစ်နေ့ရှာနေရသူအဖို့တော့ ကောင်းစွာအိပ်၍မပျော်နိုင်။ အလုပ်မဖြစ် မကိုင်မဖြစ်သည့် မိုးရာသီကိုလည်းမုန်းလှပြီ။ ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုသည့်စကားကိုပင် ပြောင်းပစ်ချင်လိုက်တော့သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဝါဆိုဝါခေါင် အိမ်မှာပြောင်။ ဤသို့သာဆိုလိုက်ချင်သော်လည်း အိမ်မှာပြောင်သည်က ဝါဆိုဝါခေါင်ရယ်လို့မှမဟုတ်။ နွေရောဆောင်းပါ ပြောင်တလင်းခါနေခြင်း။ နွေဆိုလျှင် ငွေရနိုင်မည့်အလုပ်ကလေးကတော့ မကြာမကြာပေါ်လာတတ်သည််။ သို့သော်လည်းစားရရုံသာ။ မိုးရာသီဆိုလျှင် အလုပ်ကမဖြစ်။ သည်မိုးကြောင့်ပင် ခက်ချေပြီ။ ရွာလိုက်သည့်မိုး။ ယိုလိုက်တဲ့ခေါင်။ စိုလိုက်သည့်ထင်းတွေ။ မရှိမဲ့ရှိမဲ့အင်္ကျီလေးလည်း စိုလိမ့်ဦးမည်။ သည်လိုတွေကြောင့် မိုးရာသီကိုလုံးဝမနှစ်သက်။ ဘဝကဆင်းရဲမွဲတေသည်မို့ မရှိခိုးနိုး မလှစုန်းယိုးဆိုသည့်စကားအတိုင်း ဆင်းရဲချို့တဲ့၍ မည်သူကမျှအဖက်မလုပ်ချင်။ ရုပ်ခံကလေး ကြည့်ပျော်ရှုပျော်ရှိ၍သာတော်တော့သည်။ သို့သော်လည်း ဆင်းရဲမွဲတေသောကြောင့် အရပ်က မျက်လုံးပေါင်းစုံ လက်ညိုးပေါင်းစုံဖြင့် ပြောလာကြည့်လာလျှင်လည်း အကြည့်ခံအပြောခံရုံသာ။ ” အိမ်ကို ကြာဥလာရင် သေချာကြည့်ထား၊ တော်ကြာ အလစ်သုတ်သွားဦးမယ် ” ယခုကဲ့သို့သောစကားမျိုးဖြင့် ပြောခံရပါများလာ၍ ကြာဥအဖို့ ထူးဆန်းမနေတော့ပါလေ။

ကြာဥကိုယ်ကျင့်တရားကို ဘယ်သူယုံယုံ မယုံယုံ ကြာဥကိုယ်တိုင်ယုံသည်။ သမ္မာအာဇီဝကျစွာဖြင့် ဒုက္ခိတဖခင်နှင့် ရောဂါသည်မိခင်ကိုပြုစုလုပ်ကျွေး၏။ ဆယ်ကျော်သက်အပျိုဖျန်းလေးဖြစ်သော်ငြား မရှက်မရွံ့ပဲ အရပ်တကာရွာတကာလှည့်၍ ၄င်းတို့ခိုင်းသည့်အလုပ်များကိုလုပ်ကာ ရသာသောငွေဖြင့် ဆန်၊ ဆီ၊ ဆေး တို့ကိုဝယ်ခြမ်းရ၏။ ရွယ်တူမိန်းခလေးများ သနပ်ခါးအဖွေးသားနှင့်လှနေကြချိန် ကြာဥခမျာ မျက်နှာမှာဆီတဝင်းဝင်း။ အဝတ်စားဆိုတော့လည်း လက်နှီးစုတ်သာသာ။ ကြာဥဘယ်လိုပင် စုတ်ပြတ်နေစေဦးတော့ အဖေနှင့်အမေကိုတော့ ထမင်းနှပ်မှန်အောင်ရှာကျွေးမည်။ ကြာဥအသက်ရှင်နေသရွေ့ အဖေနှင့်အမေ ထမင်းမငတ်စေရ။ အဖေအမေဘက်မှဆွေမျိုးများသည်လည်း ကြာဥတို့မျက်နှာမွဲသားမိသားဖသုံးယောက်ကို ကျဥ်ထားကြ၏။ သမ္မာအာဇီဝကျသည့် အလုပ်မှန်သမျှ မည်သည့်အလုပ်မဆို တုံးတိုက်တိုက်ကျားကိုက်ကိုက် ကြာဥလုပ်နိုင်သည်။

ကာလအနေအထားအရ အစစအရာရာ သွားသတိလာသတိနှင့်နေရမည်ဖြစ်သော်လည်း ကြာဥအဖို့ အရေးကြီးသည််က အဖေနှင့်အဖေ စားရသောက်ရရန်သာ။ ထိုအတွက် တစ်နေဝင်၍ တစ်မိုးချုပ်လျှင် မနက်ဖြန်အတွက်တာ တွေးပူရပြန်သေးသည်။ အများတကာအဖို့တော့ ညသည်အိပ်စက်အနားယူဖို့ရာ။ ကြာဥအဖို့တော့ ညသည်လဲလျောင်းတွေးပူရာ။ (၂) “ကြာဥမ နင်လည်းသတိနဲ့သွားလာနော် ၊ နင်ကမိန်းခလေး၊ အင်တာနက်ပေါ်မှာလည်း သတင်းတွေကအမျိုးမျိုးကြားနေရတာ ” ခေတ်နှင့်အညီ ဖုန်းသုံးနိုင်သောသူများက ကြာဥကိုမကြာခဏသတိပေးလေ့ရှိကြသည်။ သူတို့ပြောစကား ဟုတ်၏မဟုတ်၏ကို ကြာဥမသိနိုင်။ ကြာဥတွင် သူတို့လိုဖုန်းမရှိ။ ဖုန်းတစ်လုံး၏အနည်းဆုံးတန်ဖိုးသည်ပင် ကြာဥတို့သားမိသားဖသုံးယောက်အတွက် အိပ်မက်ပင်ထည့်မမက်ရဲပေ။ ဤအရပ်တွင် ကြာဥတို့လောက်ဆင်းရဲမွဲတေသည့်လူ ရှိဦးမည်မထင်။ မိုးရာသီဆိုလျှင်တော့ အလုပ်မဖြစ်သော်လည်း ရာသီစာ အသီးအရွက်များရှာဖွေကာ စျေးဗန်းခေါင်းရွက်ရောင်းလိုက်လျင် ဆန်တစ်ပြည် ဆေးတစ်ခွက်တော့ရသည်။

ရွာအနောက်ဘက်တွင်တောတန်းငယ်ကလေးရှိ၍ မှိုရှာ၊မျှစ်ချိုးရောင်းသူများအတွက်အဆင်ပြေ၏။ ထိုတောတန်းတွင်လည်း ကြာဥခြေရာက ခပ်များများ။ နွေဆို၍ ထင်းရှာ၊ ထင်းရောင်း၊ကောက်သင်းကောက်၊ ရေသယ် စသည်များကိုလုပ်ခဲ့ပြီးလေပြီ။ မိုးဆိုလျှင်လည်း မျှစ်ရှာ၊ မျှစ်ရောင်း ၊ ဖားရှာငါးရှာ လုပ်မည်။ ဆောင်းကာလတွင်မူ နွားရှိသည့်အိမ်များအတွက် နွားစာအဖြစ် မြတ်ရိတ်ရောင်းသည်။ မိုးကုန်လျှင် ဆောင်းလာဦးမည်။ ဆောင်းကိုလည်း ကြာဥမရောက်ချင်။ အေးလွန်းသောဆောင်းရာသီအတွက် ကြာဥတို့အိမ်တွင် စောင်လုံလုံလောက်မရှိ။ အသက်ကြီးပြီဖြစ်သည့် အဖေနှင့်အမေအတွက် အနွေးဓာတ်လုံလုံလောက်ဖြင့်အိပ်စက်နိုင်ရန် ကြာဥ ဂွမ်းစောင်ထူထူဝယ်ပေးချင်မိသည်။ သို့သော် တစ်နေ့စားဖို့တစ်နေ့ပူရသည့်ဘဝမို့ ထိုဂွမ်းစောင်မှာလည်း စိတ်ကူးမျှသာ။ ယနေ့ ကြာဥမျှစ်ရောင်းထွက်စဥ် ရွာထဲသို့ဇာတ်ပွဲ အဖွဲ့ ပွဲလာကမည့်သတင်းကိုကြားခဲ့သည်။

” မနက်ဖြန်မနက် ရွာကိုဇာတ်အဖွဲ့လာမယ်တဲ့ ၊ညရောက်တာပွဲစတော့မယ်ပြောတယ်၊ ရွာမှာပွဲငတ်နေတာကြာပေါ့ ၊ အခုတော့ ပွဲလာကမယ်ဆိုတော့ တို့တွေပွဲကြည့်ရတော့မယ် ” ဇာတ်ပွဲလာမည့်သတင်းကိုကြား၍ ကြာဥပျော်၏။ ပွဲကြည့်ချင်၍တော့မဟုတ်။ ညဘက်ပွဲစျေးထဲတွင် မျှစ်ပြုတ်ရောင်းရမည်ဟုတွေးကာပျော်ရခြင်းသာ။ ထို့ကြောင့်ပွဲညအမီ မျှစ်များများရအောင်ရှာပြုတ်ထား၏။ မျှစ်ရှာရသည်မှာလည်းမလွယ်လှ။ ခြင်ကိုက်ဖြုတ်ကိုက်ခံကာ ဝါးတောတိုးရသည်။ ခြင်တစ်ပြုံ ဖြုတ်တစ်ပြုံကြားထဲမှ ကြာဥ မျှစ်များများရအောင်ရှာ၏။ အတော်များများရသော် မျှစ်ထုတ်ကိုခေါင်းရွက်ပြန်ခဲ့သည်။ အိမ်ရောက်လျှင်ရောက်ချင်း အမေကပြတင်းဝဆီမှစိုးရိမ်တကြီး လှမ်းပြော၏။ ” ကြာလိုက်တာကြာဥတယ် အမေဖြင့်စိတ်ပူလိုက်တာ ” ” သမီးမျှစ်များများရအောင်ရှာနေတာအမေရဲ့၊ ရွာမှာ ဇာတ်ပွဲလာမယ်တဲ့၊ အဲ့တာကြောင့် ပွဲစျေးမှာရောင်းရအောင်များများရှာနေလို့ ကြာနေတာ ” ” ကြာမယ်ဆိုလည်း ကြိုပြောပေါ့ကွယ် ၊ အခုတော့စိတ်ပူလိုက်ရတာတကယ်ပါပဲ ” ” ဘာမှမပူနဲ့တော့ သမီးပြန်ရောက်နေပြီပဲ ” ကြာဥက မျက်နှာပြုံးပြုံးဖြင့်ပြောသော်လည်း အမေ့မျက်ဝန်းထဲတွင်မူ ကြာဥအတွက်စိုးရိမ်တွေးပူမှုများက အထင်းသား။

(၃) ” မျှစ်ပြုတ်ချိုချိုလေးတွေနော် ချိုးပြီးချက်ချင်းပြုတ်ထားလို့ လက်ဆက်ပြီးချိုတယ်နော် ” ဇာတ်ပွဲ၏သီချင်းသံများနှင့် အခြားစျေးသည်များ၏ အသံများကြားထဲက ကြာဥ၏ လည်ချောင်းကွဲမတတ်စျေးအော်ရောင်းနေသည့်အသံ။ စျေးတန်းမီးရောင်နှင့် ဇာတ်စင်မှမီးရောင်များကြောင့် အောက်လင်းမီးမပါသော ကြာဥ၏ မျှစ်ပြုတ်ဒန်ဇလားကြီးကို အထင်းသားမြင်နေရ၏။ ဒန်ဇလားအောက်တွင် မီးဖိုဖိုထား၍ မျှစ်ပြုတ်နွေးနွေးတို့၏ အငွေ့များမှာလည်းတလှိုင်လှိုင်။ ရောင်းသာရောင်းနေရသော်လည်း အိမ်တွင်ကျန်ခဲ့သည့် အဖေနှင့်အမေကိုတော့ စိတ်မချ။ မိုးလင်းမှပြန်ခဲ့မည်ဟုပြောထားခဲ့သော်လည်း အဖေနှင့်အမေစိတ်ပူနေမည်ကို သိနေသည်။ ဝယ်သူကလည်းမရှိ၍ အဖေနှင့်အမေဆီသို့သာ စိတ်ရောက်နေတော့သည်။ ညကတဖြည်းဖြည်းနက်လာ၏။ ကနဦးပိုင်းတွင် ဝယ်သူမရှိ၍ စိတ်ပျက်သွားမိသော်လည်း ညည့်နက်လာသောအခါ ရွာအသီးသီးမှ ပွဲကြည့်ပရိတ်များက တစ်ဦးစ နှစ်ဦးစ ဝယ်စပြုလာကြသည်။ ဤသို့နှင့်ပြဇာတ်အပိုင်း၏ ဇာတ်အလယ်ခန့်သို့ရောက်သောအချိန်တွင် ဒန်ဇလားထဲမှမျှစ်များ ကုန်သွားလေပြီ။ ကြာဥ ဝမ်းသာစွာဖြင့် လက်ထဲမှ ကျစ်ကျစ်ပါအောက်ဆုပ်ထားသော ပိုက်ဆံလိပ်ကိုဖြန့်ကာ ရေကြည့်သည်။

အားလုံးရေကြည့်သော် ရောင်းရသည့်ငွေပမာဏကြောင့် ကြာဥ အပျော်ကြီးပျော်ရလေပြီ။ “အမေရေ့ သမီးတော့ ငါးသောင်းနဲ့ ရှစ်ထောင်ရတယ်၊ ဒီပိုက်ဆံလောက်နဲ့ဆိုရင် အဖေနဲ့အမေအတွက်ဆောင်းတွင်းမှာခြုံဖို့ ဂွမ်းစောင်တစ်ထည်တော့ဝယ်လို့ရမှာပဲ ” မျှစ်ရောင်းလာသမျှကာလပတ်လုံး ယခုကဲ့သို့ငွေများများမရဖူး၍ ဤဇာတ်ပွဲကိုပင် ကြာဥကျေးဇူးတင်နေမိတော့သည်။ (၄) ညက တစ်ညလုံးမအိပ်ရ၍ ကြာဥမျက်ကွင်းနှစ်ဖက်မှာ ချောင်၍နေလေ၏။ လူကလည်း ငိုက်မြည်းစပြုလာပြီ။ အရှေ့တစ်ရွာကျော်ကိုဖြတ်ရဦးမည်မို့ ငိုက်မြည်းစိတ်ကိုဖျောက်ကာ ထဘီကိုတိုတိုနှင့်မြဲအောင်ပြင်ဝတ်ပြီး ဇလားကြီးတကားကားဖြင့် ဆက်လျှောက်ခဲ့သည်။ တစ်ရွာလွန်ပြီး ညာဘက်လမ်းခွဲဘက်သို့ဦးတည်ခဲ့ရာ ကြာဥသွားလိုသည့်ဆိုင်ရောက်၏။ နံနက်စောစောပေမို့ ဆိုင်မှာ ယခုမှဖွင့်မည်ပြုနေဆဲ။ ” ဘာဝယ်မလို့လဲကလေးမ ” ဆိုင်တံခါးများလိုက်လံဖွင့်နေသော ဆိုင်ရှင်ဦးလေးကြီးမှမေးသည်။ ” ဦးကြီး သမီးကိုလေ ဂွမ်းစောင်ငါးသောင်းတန်ဝန်းကျင်ထဲကပြပေးပါလား ” ” အေအေ ပြပေးမယ်၊ ခဏစောင့်နော် ” ” ဟုတ်ကဲ့ ဦးကြီး ” တံခါးများဖွင့်ပြီးလျှင်ပဲ ဆိုင်ရှင်ဦးလေးကြီးမှ ဂွမ်းစောင်ခပ်ထူထူတစ်ထည်ထုတ်ယူလာ၏။ ” ရော့ကလေးမ ဒါလေးသောင်းငါးထောင်” ကြာဥ ဂွမ်းစောင်အနားစကိုကိုင်ကာ အထူအပါးကို စမ်းကြည့်သည်။ “ဒါလေးယူမယ်ဦးကြီး ဒါလောက်ဆိုနွေးမှာပါ၊ ရော့ လေးသောင်းငါးထောင် ” ကုန်သည့်ငွေပမာဏကို ကြာဥမမြင်။

ကြာဥမြင်သည်ကား အေးလွန်းလှသည့်ဆောင်းရာသီတွင် ဂွမ်းစောင်ခြုံ၍ နွေးထွေးစွာအိပ်ပျော်နေသော အဖေနှင့်အမေ။ ကြာဥ စောင်ခေါက်ထူထူကြီးကို ဒန်ဇလားထဲထည့်ကာ ခေါင်းပေါ်ရွက်၍ ပြန်ခဲ့သည်။ လျှောက်ရင်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်လွှမ်းစပြုလာ၏။ ကြာဥ ကောင်းကင်သို့မော့ကြည့်လိုက်သည်။ အနောက်ဘက်မှမိုးရိပ်များ တလိပ်လိပ်တက်လာသည်ကိုမြင်ရ၏။ နံနက်စောစော မင်္ဂလာမရှိလိုက်လေခြင်း။ ကြာဥ လမ်းခုလတ်တွင်မိုးမိမှာစိုး၍ ခြေလှမ်းကိုအရှိန်တင်လျှောက်သည်။ ပတ်ဝန်းကျင်ကလည်း တစ်စထက်တစ်စမှောင်လာလေပြီ။ နံနက်စောစောဖြစ်သည်ကတစ်ကြောင်းမို့ မိုးရိပ်များအုပ်မိုးလိုက်သောအခါ မိုးသားမှာပို၍မှောင်လာသည်ဟုထင်ရ၏။ ရွာတော့မရွာသေး။ နှစ်ရွာအစပ် ကိုင်းတောအနီးသို့သော် လူသုံးဦးနှင့် ဆုံသည်။ “ဟဲ့ကောင်မလေး ငါတို့ကို ပိုက်ဆံနည်းနည်းလောက်ပေးခဲ့စမ်း ” ထိုလူသုံးဦးထဲမှတစ်ဦး၏ မပီမသ ဝူးဝူးဝဲဝဲပြောဆိုသံကိုထောက်ကြည့်ရာ အမူးသမားမှန်းသိရ၏။ “သမီးမှာပိုက်ဆံမပါပါဘူး ဦးတို့ရယ်၊ ပါတဲ့ပိုက်ဆံက စောင်ဝယ်လိုက်လို့ကုန်ပါပြီ ” ကြာဥ အင်္ကျီဘေးအိတ်ကတ်ထဲမှ ဟ၍ပေါ်နေသော ပိုက်ဆံလက်ကျန်ကိုမသိမသာငုံ့ကြည့်ကာ ပိုက်ဆံမရှိတော့ကြောင်းလိမ်ညာလိုက်ရ၏။

မလိမ်၍လည်းမဖြစ်။ အမေ့ဆေးဖိုးအတွက်တာ ချန်ထားသောဤငွေ။ မသမာသူလက်ထဲကိုတော့ အရောက်မခံနိုင်။ ” မရှိရင် ငါတို့ကရှိတာယူကြမယ်ဟေ့ကောင်တွေရေ ၊ ကောင်မလေးက အလှလေးပဲကွ ဟားဟား ဟား” ပြောရင်းနှင့်ပင် အမူးသမားတစ်ယောက်က ကြာဥကိုကိုင်းတောထဲသို့ အတင်းဆွဲသွင်းကာ ရှေ့တည့်တည့်မှ ဆောင့်တွန်းပစ်သည်။ ထိုအခါကြာဥရွက်ထားသော ဒန်ဇလားနှင့်စောင်ခေါက်မှာ ပြုတ်ကျတော့၏။ တစ်ပြိုင်နက်ထဲတွင် ဒုတ်ခနဲမြည်သံနှင့်အတူ အင့်ခနဲနှုတ်ထွက်သံက ပြတ်သားစွာပင်။ ကြာဥသိလိုက်ပြီ ။ ကြာဥ၏ ဦးခေါင်းသည် မာကြောနေသည့်အရာတစ်ခုနှင့်ဆောင့်မိလေခြင်း။ မြင်နေရသောကောင်းကင်တစ်ခွင်သည်လည်း မှောင်ရိပ်သန်းနေရာမှ ချာချာလည်ကာ တဖြည်းဖြည်းဝေဝါးစပြုလာသည်။ ပြီးနောက် မြင်ကွင်းမှတရိပ်ရိပ်ပျောက်ကွယ်သွားကာ အမှောင်အတိဖုံးလွှမ်းကုန်လျက်။ (၅) မကြာခင်အချိန်တွင် မိုးရေးစက်များကိုသယ်ဆောင်လာတော့မည့် မုတ်သုံလေတဖြူးဖြူးက ကိုင်းပင်အကျိုအကြားကိုတိုးကာ ကြာဥနှာသီးဝကို လာရောက်လှုပ်နှိုးနေကြသည်။

အေးစိမ့်စိမ့်လေကို ကြာဥဖြည်းညှင်းစွာရှူသွင်း၏။ ဦးခေါင်းမှာတော့လှုပ်ရှား၍မရ။ လှုပ်လိုက်သည်နှင့် လူမှာ ချာချာလည်သယောင်ဖြစ်တော့သည်။ ထိုအခိုက်တွင် နှာဝသို့ဖြတ်တိုးသွားသည့် လေနှင့်အတူ မလှမ်းမကမ်းမှ အသံသဲ့သဲ့ကိုကြားလိုက်ရသောအခါ မျက်လုံးအစုံကို အားယူဖွင့်ကြည့်သည်။ သို့ပါသော်လည်း မျက်လုံးမှာ ပွင့်သည်ဟုမဆိုသာ၊ လှုပ်ခတ်ရုံမျှသာ တက်နိုင်၏။ ” ဟယ် ! ဟိုမှာ လူ …… လူခြေထောက်ထွက်နေပါလား ၊ လာ လာ ! သွားကြည့်ရအောင် ” ပွဲပြန်များဟုထင်ရ၏။ ယောက်ျားအသံ မိန်းမအသံတို့ကိုကြားနေရသည်။ ” အမလေး ဗုဒ္ဓေါ !! ” ” ဘုရား ဘုရား ! မိန်ခလေးတစ်ယောက်ပါလား ” ” တောက် !! ဘယ်လိုကောင်တွေကယုတ်မာသွားကြတာလဲကွာ ” ” ဟေ့ မအုန်းကြည်တို့ ! သူ့ကိုယ်ကို သူ့အဝတ်နဲ့ပြန်ဖုံးပေးလိုက်ကြဦး ” လူစုထဲမှ မိန်းမကြီးတစ်ဦးက ၄င်း၏ ခြုံထည်ကို ကြာဥ၏ ကိုယ်ပေါ်သို့ခြုံပေးလေ၏။ ထို့နောက် ကြာဥမျက်နှာကိုစေ့စေ့ကြည့်ကာ ” အရီးပုသမီး ……ကြာဥ မဟုတ်လား ” ဟုဆိုလေရာ အားလုံးက ဟင်ခနဲ ဟမ်ခနဲဖြင့် မျက်နှာကို ဝိုင်းအုံကြည့်တော့သည်။

“ဟုတ်တယ်ဟ အရီးပုသမီး ကြာဥပဲ ၊သူအသက်ရှူနေသေးတယ်၊ ကြာဥ စိတ်ကိုတင်းထားနော် ငါတို့ဆေးရုံပို့ပေးမယ် ” ပြောရင်းဆိုရင်း ယောက်ျားကြီးတစ်ဦးက ကြာဥကိုဆွဲထူရန် ခေါင်းကိုမလိုက်သောအခါ ပျစ်ချွဲချွဲအရည်များက ဦးခေါင်းနောက်တွင် ချွဲအိုင်၍နေလေပြီ။ ” ဟာ ! သွေးတွေ ” ထိုယောက်ျားကြီးကိုင်မ, လိုက်ရာ ဦးခေါင်းမှာလှုပ်ရမ်းသွားသဖြင့် ကြာဥနှုတ်မှ မပွင့်တပွင့်စကားသံတစ်ချို့ ပြတ်တောက်ပြတ်တောက်ထွက်လာ၏။ ” စောင်……စောင် ….အိမ်ကို …….ပို့ ………ပို့ ….. ” လုံးထွေးနေသော စကားသံများဖြင့်ပြောနေစဥ်မှာပင် ကြာဥချက်ချင်းငြိမ်သက်သွားသည်။ ” ဟာ ! ကြာဥ ဟေ့ ကြာဥ ” အားလုံးကဝိုင်းလှုပ်နှိုးကြသော်လည်း ကြာဥမကြားနိုင်တော့ ။ ကနဦးက မုတ်သုံလေအေးများသည်လည်း ယခုတွင် သူစိမ်းကဲ့သို့ပင် ကြာဥနှာသီးဝသို့ လာရောက်မိတ်ဆက်ခြင်းမပြုကြတော့။ မမြင်ချင်ယောင်ဆောင်သွားသည့်အလား မျက်နှာပေါ်သို့ ခတ်ထန်ကြမ်းကြုတ်စွာဖြတ်ပြေး သွားကြ၏။ မုန်းသည်။ ကြာဥ မိုးရာသီကိုမုန်းသည်။ ယခုလည်း ပြန်မနွေးလာတော့မည့် ကြာဥကိုယ်ပေါ်သို့ ထပ်မံရွာချပြန်လေပြီ။ ရွာလိုက်သည့်မိုး။ယိုလိုက်သည့်ခေါင်။ စိုလိုက်သည့်ထင်းတွေ ၊ မရှိမဲ့ရှိမဲ့ အင်္ကျီကလေးလည်း အမှန်တကယ်စိုခဲ့ရပြန်ပြီကော။

နန်းမို့မို့ဦး(တောင်ငူ) #နန်းမို့မို့ဦးတောင်ငူ #ဝတ္ထုတို #ဝတ္ထုတိုများ

Leave a Reply

Your email address will not be published. Required fields are marked *