အမေ့သတ္တိ

အမေ့သတ္တိ

ခေါင်းတွင် အညာတဘက်ပုဝါကြမ်းကို ပတ်ထားသည့်အမေသည် ဆိုက်ကားပေါ်ကဆင်းလိုက်သည်။ ဆိုက်ကားဆရာကို သူ့ဘော်လီအင်္ကျီထဲမှ ရှုံ့ကြိုးလေးဖြင့် ချည်ထားသည့် ပိတ်အိတ်ထဲက ပိုက်ဆံထုတ်ပေး လိုက်သည်။ ကျွန်တော်က အမေ့ဆီကိုပြေးသွားပြီး “အမေကလည်း နောက်ကျလိုက်တာ … ကျောင်းတက်နေပြီ” “အေးကွယ် … ဈေးဗန်းကို စောင့်ကြည့်ပေးမယ့်သူမရှိလို့” “လာအမေ … ဆရာမကြီးရုံးခန်းကို သွားရမှာ။ ဟိုရောက်ရင် ဘာမှအထွေအထူးတွေ မပြောနဲ့နော်။ သူတို့ ပြောတာ အသာလေးပဲ နားထောင်နေလိုက်” “အေးပါကွယ် … အမေလည်း သူတို့နဲ့စကားပြောရမှာ ကြောက်ပါတယ်” ကျွန်တော်တို့ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲကို ရောက်လာကြသည်။ ကျွန်တော်က “ဆရာမကြီး … ကျွန်တော့်အမေပါ” ဟု ပြောလိုက်သည်။ ဆရာမကြီးက မော့ကြည့်ပြီး “ထိုင်ပါအဒေါ်” ဟုပြောလိုက်သဖြင့် အမေလည်း ခုံတွင်ထိုင်လိုက်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဆရာမကြီးက “အဒေါ့်ကို ဘာဖြစ်လို့ အခေါ်ခိုင်းလိုက်ရသလဲဆိုတာ သိပါသလား” ဟု အမေ့ကို မေးလိုက်သည်။ “မသိပါဘူးရှင်” “သားက ဘာမှမပြောဘူးလား” “မပြောပါဘူးရှင် … အမေ့ကို ကျောင်းအုပ်ဆရာမကြီးကတွေ့ချင်လို့ ခေါ်ခိုင်းတယ်ဆိုတာပဲ ပြောပါတယ်” “သူ့ကို ခေါ်ခိုင်းရတာ စာညံ့လို့ရှင့်။ စာမေးပွဲတိုင်းကျနေတာကြောင့် ခေါ်ခိုင်းရတာ” ကျောင်းအုပ်ဆရာမကြီးက စာရေးကို ကျွန်တော့်အတန်းပိုင်အား သွားခေါ်ခိုင်းလိုက်သည်။ “စာမေးပွဲတိုင်းကျတယ်။ လပတ်တွေလည်းမအောင်ဘူး။ နှစ်ဝက်စာမေးပွဲ၊ ကိုးလပတ်စာမေးပွဲလည်း အားလုံးကျတယ်။ ဘယ်လိုလဲအဒေါ် ကိုယ့်သားကို အိမ်မှာ ဂရုမစိုက်ဘူးလား။ အဒေါ့်သားကတော့ ကျောင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်နေတာပဲ။

ဒီနှစ် ၁၀ တန်းမှာ ဒီလိုဆိုရင် အောင်မှာကို မဟုတ်ဘူး။ အောင်ချက်ကျရင် ကျောင်းလည်းသိက္ခာကျတာပဲ၊ ဒါကြောင့် အဒေါ့်ကိုခေါ်တွေ့တာ” “ဒီလိုရှိပါတယ် …” ကျွန်တော်က အမေ့ကို ဘာမျှ ပြန်မပြောရန် မျက်ရိပ်မျက်ကဲပြသည်။ သို့သော် အမေက အသက်ကို ပြင်းပြင်း ရှူကာ မှုတ်ထုတ်လိုက်ပြီးမှ “ဆရာမကြီးရှင့် … ကျွန်မတစ်ခုလောက်ပြောလို့ရမလား” ဟု ဆိုလိုက်သည်။ “ပြောပါ” အမေက ဆက်ပြောသည် “ကျွန်မ ကျွန်မသားကို ဘာဖြစ်လို့ ဒီကျောင်းကိုလွှတ်တယ်ထင်ပါသလဲရှင်” ဟု မေးခွန်းထုတ်လိုက်လေသည်။ ဆရာမကြီးလည်း မထင်မှတ်ထားသည့် စကားကြောင့် ကျွန်တော့်အမေကို မျက်မှန်ကြီးပေါ်ကျော်ကာ ကြည့် လိုက်သည်။ ဆရာမကြီးက “ဘာဖြစ်လို့လဲ …” ဟု ထိတ်လန့်တကြား ပြန်မေးသည်။ “ပညာတတ်ကြီး ဖြစ်စေချင်လို့ပေါ့ရှင်။ ကျွန်မရော ကျွန်မယောက်ျားပါ တစ်နေကုန် တစ်နေခန်း ပင်ပန်း ဆင်းရဲစွာ ရှာဖွေရပါတယ်။

ကျွန်မတို့က ဈေးသည်တွေပါ။ တစ်နေ့လုပ် တစ်နေ့စားတွေပါ။ မိုးလင်းမိုးချုပ် နေပူထဲမှာ ဈေးရောင်းပြီး သားသမီးတွေကို ကျောင်းထားရပါတယ်။ ကျွန်မတို့လို ပင်ပန်းဆင်းရဲစွာ ဒုက္ခ မရောက်စေချင်လို့ပေါ့” အမေကတော့ ထိန်း၍မရတော့ပြီ။ စကားမပြောလျှင် လုံးဝမပြောသောအမေ။ ပြောမိပြီဆိုတော့လည်း ဘုန်းကြီးကျောင်းထွက်အမေ့ကို ထိန်း၍ ရတော့မည်မဟုတ်မှန်းကျွန်တော်သိသည်။ ကျွန်တော့်အတန်းပိုင် ဆရာမကလည်း ရောက်လာပြီး ဆရာမကြီးဘေးတွင် ရပ်နေသည်။ “ကျွန်မတို့က သားကို ပညာတတ်ကြီးဖြစ်စေချင်တာပါ။ ကျွန်မတို့လို ပင်ပန်းဆင်းရဲစွာ ရှာဖွေမစားသောက်ရ အောင်ပေါ့။ သူ့ကို ပန်ကာအောက်မှာ ဖောင်တိန်လေးကိုင်ပြီး တိုက်ပုံလေးနဲ့ကျကျနနဖြစ်စေချင်တာ။ ကျွန်မ ယောက်ျားလို နေပူထဲမှာ ဈေးအော်ရောင်းစေချင်တာမဟုတ်ဘူး။ ဒါကြောင့် ကျောင်းကိုလာထားတာ။ သူက ကျောင်းမနေချင်တော့ပါဘူးဆိုတာကို ချော့တစ်ချီ၊ ချောက်တစ်လှည့်နဲ့ ၁၀ တန်းရောက်အောင် ထားခဲ့တာ။

၁၀ တန်းအောင်ရင်လည်း တက္ကသိုလ်ကို ဆက်ထားဦးမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အမျိုးထဲမှာ ဘွဲ့ရ ပညာတတ်ဆိုတာမရှိခဲ့လို့ပေါ့ရှင်” ဆရာမကြီးက ဘာမျှ ပြန်မပြောနိုင်လောက်အောင် ဖြစ်နေသည်။ “ဆရာမကြီးရှင့် … ကျွန်မတို့က ပညာမတတ်တော့ သားကို ပညာတတ်ကြီးဖြစ်အောင် ပံ့ပိုးမှုတွေလုပ်ပေး နေတာပါပဲရှင်။ သူ့ကို စာတော့ မသင်ပေးတတ်ဘူးပေါ့။ သူက ကျွန်မတို့ထက် စာတတ်တယ်လေ။ သူ့ကို စာကျက်လို့ပဲ ပြောနိုင်တယ်။ ကျောင်းတက်လို့ပဲ ပြောနိုင်တယ်။ ကျန်တဲ့အပိုင်းက သူကိုယ်တိုင်ကြိုးစားမှ ဖြစ်မှာလေ။ ကျွန်မတစ်ခုမေးချင်ပါတယ်ရှင်” “ဘာများလဲ” “ကျွန်မတို့က မိဘတွေအနေနဲ့ သူ့ကို လိုလေသေးမရှိ ထောက်ပံ့ပေးဖို့ တာဝန်ကျေပါတယ်။ ဆရာမကြီးတို့ ကျောင်းကရော တာဝန်ကျပါသလားရှင်” “အို အဒေါ် ဘယ်လိုစကားမျိုး ပြောလိုက်တာပါလဲ” “ကျွန်မနားလည်သလို ပြောပါရစေရှင်။

ကျောင်းသားတစ်ယောက် စာမေးပွဲကျတယ်ဆိုတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲရှင်။ ကျွန်မတို့ မိဘတွေမှာ တာဝန်ရှိပါသလား” အတန်းပိုင်ဆရာမက ဝင်ပြောသည်။ “သူ့ကို မသိရင်၊ မတတ်ရင်၊ နားမလည်ရင်မေးလို့ ပြောပါတယ်” “ကျွန်မနားလည်ပါတယ်ဆရာမရှင်။ ကျွန်မသားက ဆရာမကို မေးရဲမယ် မထင်ပါဘူး။ သူက လူကြောက်ရှင့်။ ပြီးတော့ သူက သူများကျောင်းသားတွေလို ကျူရှင်လည်း မတက်နိုင်ဘူး‌လေ။ ကျွန်မတစ်ခု မေးပါရစေရှင့်။ ကျွန်မသား ကျူရှင်ယူမှ စာမေးပွဲအောင်မယ်ဆိုရင် ကျွန်မကျူရှင်ထားဖို့ ကြိုးစားပါ့မယ်” အတန်းပိုင်ဆရာမရော၊ ကျောင်းအုပ်ဆရာမကြီးပါ နှုတ်ပိတ်နေပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ ကျွန်တော်လည်း ရှက်လွန်းသဖြင့် ဘာလုပ်ရမှန်းမသိ။ မျက်နှာတွေလည်း ထူပူနေတော့သည်။ “ကျွန်မတို့ကဆင်းရဲသားတွေပါ ဆရာမကြီးရှင်။ ကျူရှင်မထားနိုင်တာ အမှန်ပါ။

သားအတွက် လိုအပ်တယ် ဆိုရင် ထားပေးပါ့မယ်။ သူ့ကို ညံ့တယ်ဆိုပြီးတော့ ကျောင်းမထုတ်လိုက်ပါနဲ့နော်။ ကျွန်မတို့အတွက် ကျွန်မတို့ သားလေးက အနာဂတ်ပါရှင်” “ကျောင်းမထုတ်ပါဘူး … စိတ်ချပါ။ ကျွန်မတို့က မိဘတွေကို ခေါ်ပြီး အကြောင်းကြားတာပါ။ အဒေါ့် တစ်ယောက်တည်း မဟုတ်ပါဘူး။ စာမေးပွဲကျတဲ့ ကလေးတိုင်းရဲ့ မိဘတိုင်းကို ခေါ်တွေ့တာပါ။ သူ့အပေါ် မူတည်ပါတယ်။ သူကြိုးစားရင်တော်ပါပြီ” ကျွန်တော်က ဝင်ပြောလိုက်သည် “ကျွန်တော်ကြိုးစားပါ့မယ်ဆရာမကြီး” “အေး … သွားတော့။ နောက်မိဘတစ်ယောက်ကိုခေါ်လိုက်” ကျွန်တော်နှင့်အမေ ရုံးခန်းထဲက ပြန်ထွက်လာကြသည်။

ကျောင်းဝကိုရောက်သည့်အခါတွင် ကျွန်တော်က “အမေ” “ဘာလဲသား” “အမေက မပြောတော့လည်း မပြောဘူး … ပြောတော့လည်း တကယ်ပဲ” “ဘာဖြစ်လို့လဲသား” “အမေပြောတာတွေကို ကျွန်တော် အားရကျေနပ်လိုက်တာအမေရာ” “အမေလည်း ဘယ်လိုတွေပြောမိမှန်းတောင် မသိပါဘူးကွယ်” “အမေ” “ဘာလဲကွယ်” “သားဒီနှစ် ၁၀ တန်း အောင်ကိုအောင်ရမယ် … စိတ်ချပါအမေ” “သား ကျူရှင်တက်ဖို့လိုသလားဟင်” “မလိုဘူးအမေ … ဘာကျူရှင်မှ မယူဘဲကို အောင်အောင်လုပ်ပြမှာ” “ဒါမှ ငါ့သားကွ” “ဒါမှ ကျွန်တော့်အမေ” အညာတဘက်လေးကို ခေါင်းပေါ်ပြန်တင်ကာ အမေက ဆိုက်ကားတစ်စီးကို ခေါ်လိုက်သည်။ ဆိုက်ကားပေါ် အမေတက်ပြီး ကျွန်တော့်ကို ပြန်လှည့်ကြည့်ကာ ပြုံးပြသည်။ အမေ့အပြုံးတွေက ကျွန်တော့်အတွက် ခွန်အားတွေဖြစ်စေခဲ့သည်။ ကျွန်တော်ထိုနှစ် ၁၀ တန်းကို နှစ်ချင်းပေါက်အောင်သည်။

တင်ညွန့် ၂၅.၁၂.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *