မလောင်ကျွမ်းသောနှလုံးသားများ

မလောင်ကျွမ်းသောနှလုံးသားများ

“ဆရာ ဘာသာရေးခေါင်းဆောင်တွေဟာ ဓမ္မဘက်က မရပ်တည်ဘဲ၊ အဓမ္မဘက်ကနေ ရပ်တည်ရင် ဘာဖြစ်လာနိုင်သလဲဆရာ” ခရစ်စမတ်နေ့ အလုပ်ပိတ်ရက်တွင် ကျွန်တော့်အိမ်၌ အင်တာနက်လာသုံးနေသော မောင်ကျော်စွာက မေးလိုက် ခြင်းဖြစ်သည်။ “မောင်ကျော်စွာ … မင်းဘာကြောင့် ဒီမေးခွန်းကို မေးရတာလဲကွ” “လူတွေ ကိုးကွယ်အားထားပြီး လေးစားနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဓမ္မဘက်ကမရပ်ဘဲ၊ အဓမ္မဘက်ကရပ်နေတာကို စိတ်မကောင်းလို့ မေးကြည့်တာပါဆရာ” “အေး မင်းမေးခွန်းကို ဖြေရရင်တော့ ဘာသာရေးခေါင်းဆောင်တွေဆိုတာ ပြည်သူအတွက် … ငါပြောတဲ့ ပြည်သူဆိုတာ အများအတွက်လို့ပြောတာနော်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သူတို့ဟာ ကိုယ်ကျင့်တရားဆိုင်ရာ စံပြပုဂ္ဂိုလ်တွေ ဖြစ်နေ ရမှာကွ။ သူတို့ကိုယ်တိုင်က ပြည်သူတွေ မတရားဘူးလို့ သတ်မှတ်ထားတဲ့ဘက်ကို ရပ်တည်သွားရင် ဖြစ်လာ နိုင်တဲ့ဆိုးကျိုးတွေကတော့ ပြည်သူတွေဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားရဲ့ အနှစ်သာရအပေါ် သံသယ ဝင်လာနိုင်တယ်။ သံသယက ဘာသာမဲ့တွေလည်း ဖြစ်သွားနိုင်တယ်။ အမှားအမှန်ကို ခွဲခြားတတ်တဲ့ မျိုးဆက်သစ် လူငယ်တွေဟာ အကျင့်ပျက်ဘာသာရေးခေါင်းဆောင်တွေကိုမြင်ပြီး ဘာသာရေးဆိုတာ နိုင်ငံရေးရဲ့ လက်နက်တစ်ခုလို့ ထင်မြင်သွားရင် အန္တရာယ်ရှိနိုင်တယ်။

ပြောရရင်ကွယ် ဘာသာတရားကို စိတ်ပျက်ပြီး ကျောခိုင်းသွားနိုင်တယ်” “ဆရာပြောတာ ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချတာမျိုးလားဆရာ” “မှန်တာပေါ့ … ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချရင် “ငါနဲ့မတူ ငါ့ရန်သူ” ဆိုတဲ့ သွေးခွဲမှုမျိုးတွေကို ဖြစ်လာစေနိုင်တယ်။ အုပ်ချုပ်သူအလိုကျ ဘာသာရေးခေါင်းဆောင်တွေက အခြားဘာသာဝင်တွေ ဒါမှမဟုတ် အမြင်မတူသူတွေကို ရန်သူတွေလို့ သတ်မှတ်ဟောပြောတာတွေ လုပ်လာရင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်လာပြီး တိုင်းပြည်မတည်ငြိမ်ဖြစ်လာနိုင်တာပေါ့” “ဘာသာတရားတိုင်းလိုလိုက မေတ္တာနဲ့ ငြိမ်ချမ်းရေးအတွက် မဟုတ်ဘူးလားဆရာ” “မှန်တယ် … လူတွေကို အချင်းချင်းမေတ္တာထားဖို့နဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင်တည်ဆောက်ပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးဟာ အဓိကကျတယ်။

ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက စစ်မှန်တဲ့ တရားဓမ္မကို ကျင့်ကြံ ရမယ့်အစား၊ အာဏာနဲ့ လာဘ်လာဘကို မက်မောပြီး အဲဒီပုဂ္ဂိုလ်တွေ နေရာရလာရင် သာသနာရဲ့ အနှစ်သာရ တွေလည်း ပျောက်ကွယ်သွားတတ်တယ်” “သမိုင်းကြောင်းမှာရော အဲဒီလိုအဖြစ်အပျက်တွေရှိခဲ့သလားဆရာ” “ရှိခဲ့တာပေါ့ကွ။ ဥရောပ အလယ်ခေတ်မှာ ကက်သလစ်ခရစ်ယာန်အသင်းတော်နဲ့ ဘုရင်တို့ ပူးပေါင်းပြီး ပြည်သူတွေကိုဒုက္ခပေးခဲ့တာရှိခဲ့တာပေါ့။ အဲဒီခေတ်က အာဏာဆိုတာ ဘုရားသခင်ဆီကနေ တိုက်ရိုက် ဆင်းသက်လာတာဖြစ်တယ်၊ ဒါကြောင့် သူတို့ကို ဘယ်သူမှ မဝေဖန်ရဘူး၊ မဆန့်ကျင်ရဘူးဆိုပြီးတော့ ဘုရင် တွေက ကြေညာခဲ့တယ်လေ။

အဲဒါကို ဘာသာရေးခေါင်းဆောင်တွေကလည်း ထောက်ခံပေးကြတယ်” “အဲဒီတော့ ဘာတွေဖြစ်ကုန်သလဲဆရာ” “ရလဒ်ကတော့ ဘုရင်က ပြည်သူတွေကို ဘယ်လောက်ပဲနှိပ်စက်သည်ဖြစ်စေ ဘုရားသခင်အလိုတော်အတိုင်း ဆိုပြီးတော့ အဲဒီခေါင်းစဉ်အောက်မှာ ငြိမ်ခံစေသတည်းပေါ့ကွာ” “ဂျင်းထည့်တာပေါ့နော်ဆရာ” “ဆိုပါတော့ … ၁၅ ရာစုနှောင်းပိုင်း စပိန်နိုင်ငံမှာ ဘုရင်ဖာဒီနန်နဲ့ ဘုရင်မ အစ္စဘယ်လာတို့ကလည်း သူတို့ အာဏာခိုင်မြဲဖို့နဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားဖို့ အဲဒီ ဂျင်းကိုပဲ သုံးသွားကြတာ။ အသင်းတော်က ခေါင်းဆောင်တွေက “ဘာသာတရားသန့်ရှင်းရေး” ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့သူ မှန်သမျှကို “ဘာသာမဲ့” “မိစ္ဆာဒိဋ္ဌိ” လို့ သတ်မှတ်ပြီး နှိပ်စက်ညှင်းပန်းခဲ့တာတွေ၊ အရှင်လတ်လတ် မီးရှို့သတ် တာတွေ လုပ်ခဲ့ကြတယ်” “ဆိုးလိုက်တာဆရာရယ် ခုမှပဲကြားဖူးတော့တယ်” “သမိုင်းရှိပါတယ်ကွာ။

သမိုင်းဆိုတာ ဖျောက်ဖျက်ပစ်လို့ရနိုင်တာမှ မဟုတ်တာ။ ထောင်ပေါင်း များစွာသော ပြည်သူတွေ မတရားစွပ်စွဲခံရပြီး အသက်ဆုံးရှုံးခဲ့ကြရတယ်။ တစ်နိုင်ငံလုံးက ဘုရင်နဲ့ ဘုန်းကြီး တွေကို ကြောက်ရွံ့ပြီးနေခဲ့ကြရတဲ့ ခေတ်တွေရှိခဲ့ဖူးတယ်” “ပြည်သူတွေက မတော်လှန်ကြဘူးလားဆရာ” “တော်လှန်ကြတာပေါ့။ ပြည်သူတွေက ဘာသာရေးခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားတာတွေကို မြင်လာကြပြီး အသင်းတော်အပေါ် ယုံကြည်မှုတွေ လုံးဝကျဆင်းသွားတယ်။ မာတင်လူသာဆိုတဲ့ ဘာသာရေး သမားတစ်ယောက်ကပဲ အကျင့်ပျက်အသင်းတော်ကို တော်လှန်ခဲ့တာ။ ခရစ်ယာန်ဘာသာလည်း အုပ်စုတွေ ကွဲပြီး အသင်းတော်ရဲ့ ဩဇာအာဏာလည်း အကြီးအကျယ် ကျဆင်းခဲ့ရတယ်” “တခြားတော်လှန်သူတွေရော မရှိဘူးလားဆရာ” “ဒုတိယကမ္ဘာစစ်အတွင်းကလည်း နာဇီတွေစိုးမိုးနေချိန်မှာ ဂျာမနီက ဘာသာရေးခေါင်းဆောင်တွေလည်း ဟစ်တလာကို ကြောက်လို့ ဖားခဲ့ကြတာမျိုးတွေ ရှိခဲ့ဖူးတာပဲ။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘွန်ဟိုဖာကတော့ ဟစ်တလာကို အပြင်းအထန် ကန့်ကွက်တာပဲ။

သူက နာဇီအစိုးရကို ဆန့်ကျင်တဲ့ ဘုရား ကျောင်းအဖွဲ့အစည်းကို ထူထောင်တယ်။ သူ့အပြောလေးတစ်ခုက မှတ်သားစရာကောင်းတယ်” “ပြောပြပါဆရာ … စိတ်ဝင်စားလို့ပါ” “အရူးတစ်ယောက်က ကားကိုမောင်းပြီး လမ်းသွားလမ်းလာတွေကို လိုက်တိုက်နေရင်၊ ငါတို့တာဝန်က ဒဏ်ရာရသူတွေကို ဆေးထည့်ပေးရုံသာမဟုတ်ဘူးတဲ့ … ကားကို ရပ်တန့်သွားအောင် ကားဘီးကြားထဲ သံတိုင်ကိုထိုးထည့်ဖို့လည်း တာဝန် ရှိတယ်တဲ့ကွာ” “ကောင်းလိုက်တဲ့စကားဆရာရေ။ အဲဒီ ဘွန်ဟိုဖာကိုရော ဟစ်တလာက အရေးမယူဘူးလားဆရာ” “ယူတာပေါ့ကွာ ဘယ်နေပါ့မလဲ။ သူ့ကို ဟစ်တလာကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းလိုက်ကြတယ်။ စစ်မပြီးခင်လေးမှာပဲ ကွပ်မျက်ခံလိုက်ရတယ်။

သူ့ရဲ့ကိုယ်ကျင့်တရားနဲ့သတ္တိကတော့ ခုထိ ပြောစမှတ်ပြုနေကြရတာပေါ့ကွာ” “ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာရော အဲဒီလိုအဖြစ်အပျက်တွေ မရှိဘူးလားဆရာ” “တို့မြန်မာနိုင်ငံမှာ နယ်ချဲ့အင်္ဂလိပ်တွေ စိုးမိုးနေချိန်က အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို မကြောက်မရွံ့နဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး “ဓမ္မ” အတွက် အသက်ပေးသွားတဲ့ ဆရာတော်နှစ်ပါး ရှိတယ်လေ။ ဦးဥတ္တမနဲ့ ဦးဝိစာရတို့ပေါ့ကွ။ ဦးဥတ္တမဆိုရင် ဝံသာနုရက္ခိတစိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့သူပေါ့။ “ကျွန်ဘဝနဲ့ နေရတာဟာ ငရဲကျနေတာနဲ့ အတူတူပဲ” လို့ ဟောခဲ့တယ်။ အကြိမ်ကြိမ် အဖမ်းခံခဲ့ရပေမယ့် မတရားမှုကို ဒူးမထောက်ခဲ့ဘူး။

ဆရာတော်ဦးဝိစာရလည်း ထောင်ထဲမှာ ရဟန်းဝတ်နဲ့ နေခွင့်မရလို့ အစာအငတ်ခံဆန္ဒပြရင်း ၁၆၆ ရက်အကြာမှာ ပျံလွန်တော်မူသွားရတယ်” “ဆရာ ဗီယက်နမ်မှာ ကိုယ့်ကိုယ်ကိုယ်မီးရှို့သွားတဲ့ရဟန်းတစ်ပါးလည်း ရှိသေးတယ်လေ။ ဆရာမကြာခင် တုန်းကမှ ကျွန်တော့်ကိုပြောတာ။ ဘယ်သူပါလိမ့်” “သစ်ကွမ်ဒတ်တဲ့ကွ။ တောင်ဗီယက်နမ်မှာ ဗုဒ္ဓဘာသာဝင်တွေကို ဖိနှိပ်ညှင်းပန်းနေတဲ့ ငိုဒင်းယမ်းအစိုးရကို ဆန့်ကျင်ဖို့အတွက် ဆရာတော်က ဆိုင်ဂုံမြို့လယ်မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြခဲ့တာ။ ဆရာတော်ဟာ မီးလောင်နေချိန်မှာ လှုပ်ရှားခြင်း၊ အော်ဟစ်ခြင်း မရှိဘဲ တည်ငြိမ်စွာနဲ့ တရားထိုင်ရင်း ပျံလွန်တော်မူသွားတာ။

အဲဒီပုံတွေကို တစ်ကမ္ဘာလုံးကတွေ့ပြီး အမြင်တွေ ပြောင်းလဲကုန်တယ်။ “မလောင်ကျွမ်းတဲ့နှလုံးသား” လို့ တင်စားပြီး ယနေ့အထိပြောစမှတ်ဖြစ်နေတယ်” “ဆရာရယ် ဒီနေ့ဆရာနဲ့ဆွေးနွေးရတာကောင်းလိုက်တာ” “ကောင်းတာနောက်ထား … ခု ၂ နာရီထိုးနေပြီ။ ငါထမင်းစားချိန်ရောက်ပြီ။ မင်းလည်း စားသွားဦး” “မစားတော့ပါဘူးဆရာရယ် … ဆရာကချက်တာမှ တစ်ယောက်စာ၊ ကျွန်တော်ဝင်စားရင် ကုန်သွားမှာပေါ့” “ဟင်းကရှိတယ်ကွ။ ဝက်သားကို နှစ်ရက်စာချက်ထားတာ။ မင်းစားရင် ထမင်းထပ်တည်လိုက်ရုံပဲ။ ထမင်း တစ်အိုးချက်တာ ကြာတာမှတ်လို့” “မစားတော့ပါဘူးဆရာရယ်။ ဆရာက စနစ်နဲ့တိုင်းထွာပြီးနေတာ။ ကျွန်တော်ဝင်လိုက်ရင်ဆရာ့စနစ် ပျက်သွား ပါ့မယ်” “အေးကွာ ဒါဆိုလည်း ငါထမင်းစားတော့မယ်” “ကျွန်တော်ခူးပေးမယ်လေဆရာ” “ငါ့စနစ်မှာ ထမင်းခူးတယ်ဆိုတာ မပါဘူးကွ။ ဒီလိုပဲ ပန်းကန်ထဲပုံစားလိုက်တာ” “ဆရာကတော့လေ”

တင်ညွန့် ၂၆.၁၂.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *