ကျွန်မနေသောရပ်ကွက်

ကျွန်မနေသောရပ်ကွက်

ကျွန်မတို့ ဤရပ်ကွက်ကို ပြောင်းလာသည်မှာ မကြာသေးပါ။ ဖေဖေဆုံးပြီးနောက် ကျွန်မတို့ နေထိုင်ခဲ့သည့် လိုင်းခန်းကို ပြန်အပ်လိုက်ရသည်။ ကျွန်မတစ်သက်နေခဲ့သည့် နေရာလေးဖြစ်သောကြောင့် သံယောဇဉ်ဖြစ်မိသော်လည်း ဘာတတ်နိုင်မည်နည်း။ ဤနေရာလေးသည် ကျွန်မကို တက္ကသိုလ်ရောက်သည်အထိ တာဝန်ကျေခဲ့သည်။ ယခု အလုပ်အကိုင်ရချိန်တွင် ဖေဖေက ကျွန်မတို့ကို ထားသွားသည်။ ကျွန်မနှင့်မေမေ ရပ်ကွက်လေးတစ်ခုကို ပြောင်းလာကာ ဘဝသစ်တစ်ခုကို စတင်ခဲ့ကြသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကျွန်မသည် ဆရာဝန်တစ်ယောက်ဖြစ်ပါသည်။ ဤဆင်းရဲသားရပ်ကွက်လေးတွင် ဆေးခန်းလေးနှင့် အိမ်လေး တွဲကာ နေထိုင်နိုင်မည့်နေရာလေးတစ်ခုကို ရသောကြောင့် အဆင်ပြေလှသည်။ နေအိမ်လေးကလည်း ကျွန်မတို့ သားအမိအတွက် ကျယ်ဝန်းလုံလောက်သည့် အနေအထားတစ်ခုဖြစ်သည်။ ဆေးခန်းကတော့ ယခင် အိမ်ရှင်တွေ ကားထားသည့် ကားဂိုဒေါင်ကို ဆေးခန်းပုံစံပြောင်းလိုက်ခြင်း ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်လေးဖြစ်သောကြောင့် ဆေးခန်းကို ရောက်လာကြသော လူနာတွေမှာ ပြည့်စုံကြသူတွေ မဟုတ်ပါ။ ကျွန်မကလည်း ရှိလျှင်ပေး၊ မရှိလျှင်မပေးနဲ့သဘောဖြင့် မယူသင့်သူကို မယူ။

အချို့ကိုလည်း ဆေးဖိုး လောက်သာယူသည်။ ဤသို့ဖြင့် ကျွန်မဆေးခန်းတွင် လူနာတွေတန်းစီနေတော့သည်။ ဆေးခန်းတွင် လူနာတန်းစီနေသည်ဆိုခြင်းမှာ ပျော်စရာကောင်းသည့် အလုပ်မဟုတ်ပါ။ ကျွန်မက ညနေအချိန် ပိုင်းလောက်သာ ဆေးခန်းထိုင်နိုင်သည်။ တစ်နေ့လုံး အပြင်ဆေးရုံတစ်ခုတွင် အလုပ်ဆင်းနေရသည်။ ထိုဆေးရုံကရသည့် လခလေးနှင့် သားအမိနှစ်ယောက် ရပ်တည်နေရသည်။ ဆေးခန်းကတော့ ဝါသနာအရ ဖွင့်ထားသည့် သဘောပင်ဖြစ်သည်။ တစ်မနက် ကျွန်မ အလုပ်မသွားမီ “မေမေ … မေမေရေ … သမီး အလုပ်သွားတော့မယ်” မေမေ့အသံမကြားရသဖြင့် ကျွန်မက ခြံထဲဆင်းပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။

မေမေက ခြေရင်းအိမ်ကို ဝင်သွားသည်။ ကျွန်မကလည်း သစ်ပင်တွေကြားက မေမေ့ကို ကြည့်နေမိသည်။ မေမေက အိမ်နီးချင်းအိမ်မှ အမျိုးသမီးကို ခေါ်နေသည် “ဒီကညီမရေ … အိမ်ရှင်တို့” အိမ်ထဲက အမျိုးသမီးတစ်ယောက် ကလေးချီပြီးထွက်လာသည်။ “အစ်မကြီး … ဘာကိစ္စများလဲရှင်” “ဟိုလေ … ဆားလေးနည်းနည်းလောက် လိုချင်လို့ပါ။ အိမ်မှာ ဟင်းချက်ရင်း ဆားကုန်သွားလို့” “ဟုတ်လား … ရှိပါတယ်ရှင် … ခဏလေးနော်” အမျိုးသမီးကြီးက အိမ်ထဲဝင်သွားပြီး မကြာမီ ဆားပန်ကန်လေးနှင့် ပြန်ထွက်လာကာ မေမေ့ကို ပေးလိုက်သည်။ “ကျေးဇူးပဲနော် ညီမရေ … ပန်းကန်နောက်မှ လာပြန်ပို့မယ်။ နောက်လည်း အစ်မဆီကို ကိစ္စရှိရင် လာနော်” “ဟုတ်ကဲ့ပါ အစ်မကြီး” ကျွန်မက အိမ်ပေါ်ပြန်တက်ကာ မေမေ့ကို စောင့်နေသည်။

မေမေအိမ်ပေါ်ကို တက်လာသည့် အခါတွင် “မေမေ” “ဘာလဲသမီးလေး” “အိမ်ကဆားခွက်ထဲမှာ ဆားတွေအပြည့်ရှိနေသားနဲ့ ဘာဖြစ်လို့ သူများအိမ်က ဆားတွေသွားယူရတာလဲ” မေမေကရယ်သည် “ဒီလိုရှိတယ်သမီး … အိမ်မှာဆားတွေရှိတာ မေမေလည်း သိတာပေါ့။ ဒါပေမဲ့ အိမ်နီးချင်းတွေဆိုတာ ဒီလိုပဲ အပေးအယူလေးတွေနဲ့ မိတ်ဖွဲ့ရတယ်။ မေမေတို့အိမ်က ဆရာဝန်မကြီးအိမ်ဆိုတော့ တော်ရုံဘယ်ဝင်ထွက်ရဲ မှာလည်းနော်။ ဒီလိုပဲ ဝင်ထွက် ပြောဆိုရဲအောင် လမ်းခင်းပေးတဲ့သဘောပါကွယ်” “မေမေ သတိလည်းထားဦးနော်။ အိမ်ထဲကို သူများတွေဝင်ထွက်တိုင်း ကောင်းတာမဟုတ်ဘူးမေမေ။

ဆေးခန်းကို လူနာလာပြတာက တစ်မျိုးပေါ့။ ဒါပေမဲ့ အကြောင်းမရှိ အကြောင်းရှာ အိမ်ပေါ်ကို ရောက်လာ တာတွေကတော့ မေမေစိတ်ညစ်ရလိမ့်မယ်” “အေးပါကွယ် … မေမေနားလည်ပါတယ်” တစ်ည ကျွန်မဆေးခန်းတွင် အလုပ်ရှုပ်နေစဉ် ခြေရင်းအိမ်မှ အမျိုးသမီးသည် အိမ်ပေါ်တက်သွားသည်ကို တွေ့လိုက်ရသည်။ မကြာမီ သူပြန်ထွက်သွားသည်။ ကျွန်မလည်း ၉ နာရီကျော်ပြီဖြစ်သဖြင့် ဆေးခန်းပိတ်ပြီး အိမ်ပေါ်ကို တက်ကာ မေမေ့ကို မေးလိုက်မိသည်။ “မေမေ … စောစောက ခြေရင်းအိမ်က အမျိုးသမီး မေမေ့ဆီလာသွားတာတွေ့လိုက်ရတယ်။ ဘာလာလုပ် တာလဲ မေမေ” “မေမေ့ဆီက ပိုက်ဆံလာချေးတာ” “ဘယ်လောက်တောင်လဲမေမေ” “တစ်သိန်းတဲ့” “ပေးလိုက်လားမေမေ” “ဘယ်ပေးရမှာလဲသမီးရယ် … မေမေက တစ်သောင်းတော့ ပေးလိုက်တယ်။

ချေးတာမဟုတ်ဘူး။ ဆန်ဝယ်စရာ မရှိဘူးဆိုလို့ ဆန်ဖိုးဆိုပြီး ပေးလိုက်တာ” “ဆန်ဝယ်ဖို့ တစ်သိန်းတောင်မှလား” “ဘယ်ကသာ ဆန်ဝယ်ရမှာလဲ သမီးရယ် … ချဲဖိုးပေးမလို့နေမှာပေါ့။ သူ့ယောက်ျား ပြန်မလာခင် ချဲကြွေး လာတောင်းတဲ့သူက အိမ်ပေါ်မှာ ရောက်နေပြီလေ” “မေမေရယ် အဲဒါကိုသိသိနဲ့များ ဘာဖြစ်လို့ တစ်သောင်းတောင်ပေးလိုက်ရတာလဲ” “သမီး ပတ်ဝန်းကျင်ဆိုတာ ကင်းနိုင်တာမှ မဟုတ်တာကွယ်။ ကူညီသင့်သလောက် ကူညီပြီး ဒီလိုပဲ အတူတူ နေထိုင်သွားနိုင်အောင် ကြိုးစားရမှာပေါ့” “သမီး မေမေ့ကိုပြောတယ်နော် … ဒီပတ်ဝန်းကျင်မျိုးကိုတော့ သတိထားဖို့” “သမီးလေး … မေမေတို့နေတာ ဝင်ဒါမီယာမဟုတ်ဘူးကွယ့်။

ဒီလိုပဲ ဒီပတ်ဝန်းကျင်မှာနေရတာ ပွတ်တိုက်မှု လေးတွေ နည်းနည်းစီတော့ဖြစ်မှာပေါ့။ ကိုယ်လည်း တတ်နိုင်သလောက်လေး ကူညီနိုင်သလောက် ကူညီမှ။ မတတ်နိုင်တဲ့အခါလည်း ဒီလိုပဲကြည့်နေရုံပေါ့။ တဖြည်းဖြည်းတော့ နားလည်လာအောင် ပြောပြ၊ စည်းရုံးပြရင်း ကိုယ့်ပတ်ဝန်းကျင်ကို ပြုပြင်ရမှာပေါ့” “သူတို့က အရိုးစွဲနေတာဆိုရင်ရောမေမေ” “မကောင်းမှုဆိုတာ ဘယ်သူမှ မနှစ်သက်ပါဘူးသမီး။ မကောင်းမှန်း သိပေမယ့် ဘာကြောင့်လုပ်နေကြသလဲ ဆိုတော့ တခြားရွေးချယ်စရာ မရှိလို့ နေမှာပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်း သီးသန့်ကြီး ကောင်းနေလို့မဖြစ်ဘူးသမီး။

ကိုယ်တတ်နိုင်တဲ့နည်းလေးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြုပြင်ရမှာပဲ။ ပတ်ဝန်းကျင်ကောင်းဖို့အရေးကြီးတယ်။ ခုလိုအချိန်မှာ ပတ်ဝန်းကျင်ကို အလျဉ်း သင့်အောင်ပေါင်းထားဖို့လိုတယ်။ မေမေတို့က သားအမိနှစ်ယောက်တည်းရှိတာလေ” ကျွန်မမေမေသည် အလွန်တော်ပါသည်။ မကြာမီ ပတ်ဝန်းကျင်နှင့် သူအလျဉ်းသင့်သလို နေထိုင်နိုင်ရုံမက ပတ်ဝန်းကျင်က လေးစားချစ်ခင်ခြင်းကိုလည်း ခံရသူဖြစ်လာသည်။ ရလဒ်မှာ မည်သည့် မူးယစ်ရမ်းကားသူမျှ ကျွန်မတို့အိမ်ရှေ့တွင် အော်ဟစ်သောင်းကျန်းခြင်းအမှု လာမပြုခြင်းဖြစ်သည်။ မေမေ့စကားကို ကျွန်မအမြဲသတိရနေသည်။ “မေမေတို့က သားအမိနှစ်ယောက်တည်းရှိတာလေ”

တင်ညွန့် ၂၄.၁၂.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *