ရင်မခုန်သောပြန်ဆုံခြင်း
တက္ကသိုလ်ကျောင်းသားဘဝတွင် ပညာရော၊ ကြင်ယာပါရှာကြသူတွေထဲ၌ မောင်မောင်လတ်တစ်ယောက် ပညာကိုသာ ကြိုးစားရှာနေသူဖြစ်သည်။ သူကရည်မှန်းချက်ကြီးသည်။ “ငါက ကျူတာပြန်လုပ်ချင်တာ။ နိုင်ငံခြားပညာတော်သင်သွားချင်တာ၊ ပါရဂူဘွဲ့ကို နိုင်ငံခြားကသွားယူမှာ” အားလုံးက မောင်မောင်လတ်ကို “အရူး” ဟုဝိုင်းပြီးလှောင်ပြောင်ကြသည်။ တစ်နေ့ မောင်မောင်လတ်နှင့် တစ်ခန်းတည်းအတူနေ မြင့်ဆန်းက “မောင်မောင်လတ် ဒီနေ့ဘယ်သွားဖို့ရှိသလဲ” “မရှိဘူးကွ။ စာကြည့်တိုက်ကိုတော့ နေ့လယ်မှာ သွားဖို့ရှိတယ်” “ကျောင်းပိတ်တာပဲကွာ နားပါဦး” “ငါကစာဖတ်နေရရင် အနားယူနေသလိုပါပဲကွာ” “ဒီနေ့ ငါနဲ့လိုက်ခဲ့စမ်းပါ” “ဘယ်ကိုလဲ” “ဦးချစ်ဆိုင်ကို” “ငါပိုက်ဆံမရှိဘူးကွ ဘိုင်ပြတ်နေပြီ” “လက်ဖက်ရည် ငါတိုက်မယ်ကွာ။
ပေါက်ဆီလည်းကျွေးဦးမယ်။ လိုက်ခဲ့ပေးပါ” “အကြောင်းတစ်ခုခုတော့ ရှိမယ်ထင်တယ်” “ရှိတယ် … ငါနဲ့ ငါ့စော်ချိန်းထားတယ်ကွ။ အဲဒါ မင်းလိုက်ခဲ့ပေးပါလား” “မင်းကောင်မလေးနဲ့မင်းချိန်းတွေ့တာ ငါက ဘာဖြစ်လို့ လိုက်ရမှာလဲ။ ရှုပ်ရှုပ်ရှက်ရှက်” “ဒီလိုကွ … ငါ့ကောင်မလေးက သူနဲ့အတူ သူ့သူငယ်ချင်းကိုပါ ခေါ်လာမယ်တဲ့။ အဲဒါ ဟိုကောင်မလေး ကြောင်တောင်တောင်ဖြစ်နေမှာစိုးလို့ မင်းလိုက်ခဲ့ပေးဖို့ပြောတာ။ ဘယ်လိုလဲ လိုက်မယ်မဟုတ်လား” “အေးပါ လိုက်ခဲ့ပါ့မယ် … ဟိုကောင်မလေးကြောင့်တော့ မဟုတ်ဘူး” “ဘာဖြစ်ဖြစ်လိုက်ခဲ့ကွာ … အဝတ်အစားလဲ” ဤသို့ဖြင့် မောင်မောင်လတ်တစ်ယောက် မြင့်ဆန်းနှင့်အတူ လိုက်ခဲ့သည်။ ထိုစဉ်က ဦးချစ်ဆိုင်သည် ပြည်လမ်းဘေး လျှပ်စစ်ရုံးနောက်တွင်ရှိသည်။
ကျွန်းပင်ကြီးတွေအောက်၌ ဖွင့်ထားသည့် ဝါးတဲဆိုင်လေးဖြစ် သည်။ သူတို့ ဆိုင်ထဲကို ဝင်လိုက်ကြသည်။ “ဟိုမှာ သူတို့ရောက်နေကြပြီ အပြင်ဝိုင်းမှာ ထိုင်နေကြတယ်” ကောင်မလေးနှစ်ယောက် ခုံနိမ့်တွင်ထိုင်နေကြသည်။ မြင့်ဆန်း ကောင်မလေးက လှမ်းပြီးလက်ပြသည်။ သူနှင့် ပါလာသည့် ကောင်မလေးမှာ အတော်လေးချောသည်။ “သူဇာ … ဒါကိုယ့်သူငယ်ချင်း မောင်မောင်လတ်” “ဪ အစ်ကို ပြောပြောနေတဲ့ အစ်ကို့ အခန်းပါတနာပေါ့” “ဟုတ်တယ်” “သူဇာ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးဦးလေ” “ဟုတ်သားပဲ။ ကျော့ကေခိုင်တဲ့။ သူဇာနဲ့ တစ်မြို့တည်း။ မှာလေ ဘာစားကြမလဲ … ဘာသောက်မလဲ” စားပွဲထိုးလေးကရောက်လာသဖြင့် “လက်ဖက်ရည်နှစ်ခွက် … ပေါ့ကျနဲ့ ချိုစိမ့်” “ကိုယ့်သူငယ်ချင်း မောင်မောင်လတ်က စာသမား။
သူ့မှာ ရည်းစားတောင် မရှိသေးဘူး” “ဟုတ်လား … ကျော့မှာလည်း ရည်းစားမရှိသေးဘူး” ကျော့ဆိုသည့် မိန်းကလေးက “အို … သူဇာ ဘာတွေလျှောက်ပြောနေတာလဲ” ဟု ရှက်စနိုးနှင့်ပြောလိုက်သည်။ သူဇာက “ကိုမောင်မောင်လတ် … စိတ်ဝင်စားရင် ဘွတ်ကင်လုပ်ထားနော် … ကျွန်မသူငယ်ချင်းက မလှဘူးလား” မောင်မောင်လတ်တစ်ယောက် အဝေးကိုမျက်နှာလွှဲကာကြည့်နေသည်။ သူလည်း မျက်နှာကြီး နီရဲနေသည်။ ကျော့ကေခိုင်က တိုးတိုးလေး ပြောလိုက်သည် “သူဇာ … ငါဘယ်ယောက်ျားကိုမှ စိတ်မဝင်စားပါဘူး” မောင်မောင်လတ်က သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ချက်တည်းမော့လိုက်ပြီး “မြင့်ဆန်း ငါသွားတော့မယ်။
ကိစ္စရှိသေးတယ်” ဟုပြောကာ လက်ဖက်ရည်ဆိုင်မှထွက်သွားသည်။ ထိုအချိန်မှ နောက် နှစ် ၂၀ အကြာတွင် သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ သူတို့အားလုံး စားသောက်ဆိုင်ကြီး တစ်ခုတွင် ပြန်လည်ဆုံကြခြင်းဖြစ်သည်။ စားပွဲဝိုင်းကြီးတစ်ခုတွင် သူငယ်ချင်း ငါးယောက်ထိုင်နေကြသည်။ ယခုမှဝင်လာသော တစ်ယောက်ကို “ဟေ့ … မောင်မောင်လတ်ကြီး … ငါတို့ဒီမှာ” ဟု တစ်ယောက်က အော်လိုက်သည်။ “ဟာ … မြင့်ဆန်း …” ထိုသူက မြင့်ဆန်းဘေးရပ်လိုက်သည်။
“ဪ မင်းတို့က” “ငါနဲ့ သူဇာနဲ့ ယူလိုက်ကြတယ်လေကွာ။ မင်းနိုင်ငံခြားရောက်နေလို့ မသိတာ” “ကောင်းတာပေါ့” “လာလေကွာ ဒီဝိုင်းမှာပဲထိုင်ပေါ့ … ဒါနဲ့ မင်းသူ့ကို မှတ်မိလား” “ဘယ်သူများလဲ” “မင်းနဲ့ ဦးချစ်ဆိုင်မှာ မိတ်ဆက်ပေးခဲတဲ့တစ်ယောက်လေကွာ … ကျော့ကေခိုင်လေ မမှတ်မိဘူးလား။ သူလည်း ဌာနမှာ ဆရာမပြန်လုပ်နေတယ်။ မင်းလိုတော့ ဒေါက်တာဘွဲ့ရကြီး မဟုတ်သေးဘူးပေါ့ကွာ” “မြင့်ဆန်း … ငါသွားဦးမယ်” “ဒီမှာထိုင်ပါကိုမောင်မောင်လတ်ရဲ့ … ကျော့လည်း ခုထိ အိမ်ထောင်မကျသေးပါဘူး” သူဇာကပြောခြင်းဖြစ် သည်။ ကျော့ကေခိုင်ကလည်း “ကိုမောင်မောင်လတ် ထိုင်လေ” ဟုဆိုကာ သူ့ဘေးနားမှထိုင်ခုံကို ရွေ့ပေးလိုက်သည်။ မောင်မောင်လတ်က ပြုံးလိုက်သည်။ “ဆောရီးနော် … ဟိုမှာ တွေ့ရမယ့်တစ်ယောက်ရှိနေလို့” သူတို့အားလုံး မောင်မောင်လတ်ညွှန်ပြသည့် နေရာကို ကြည့်လိုက်သည်။ အမျိုးသမီးတစ်ဦးက မောင်မောင်လတ်ကို လက်ပြနေသည်။
တင်ညွန့် ၂၃.၁၂.၂၀၂၅





